နားတွင်း ဟန်ချက်ထိန်း အာရုံကြောရောင်ရမ်းခြင်း (Vestibular neuritis) သည် ဦးနှောက်အာရုံကြော နံပါတ် ၈ (Vestibulocochlear nerve) ၏ နားအတွင်းပိုင်းရှိ ဟန်ချက်ထိန်းအစိတ်အပိုင်း (Vestibular portion) ရောင်ရမ်းခြင်းကြောင့် ဖြစ်ပေါ်သောရောဂါဖြစ်သည်။ ထိုအစိတ်အပိုင်းသည် နားအတွင်းရှိ ခန္ဓာကိုယ်၏ ရွေ့လျားမှု၊ ဦးခေါင်း၏ လှုပ်ရှားမှု၊ ကမ္ဘာ့ဆွဲအား တို့ကို အာရုံခံနိုင်သော Vestibular system ဟု ခေါ်သည့် ဟန်ချက်ထိန်းစနစ်မှ ပေးပို့သော သတင်းအချက်အလက်များကို လက်ခံ၍ ဦးနှောက်သို့ ပို့ဆောင်ပေးသည်။ ပုံမှန်အခြေအနေတွင် ဘယ်ဖက်နှင့် ညာဖက် ညီတူညီမျှ သတင်းပို့နေ၍ ဦးနှောက်သည် ခန္ဓာကိုယ် တည်ငြိမ်နေသည်ဟု သိရှိနေသည်။ နားတွင်း ဟန်ချက်ထိန်း အာရုံကြောရောင်ရမ်းခြင်းတွင် ရောင်ရမ်းသည့်ဘက်မှ သတင်းပို့မှု အားနည်းသွားသည်။ ထိုသို့ ဘက်မညီသော သတင်းပေးပို့မှုကြောင့် ဦးနှောက်သည် ချာချာလည်မူးနေသည် (vertigo) ဟု ခံစားရသည်။ ထိုရောဂါသည် ရုတ်တရက်ဖြစ်တတ်ပြီး အချိန်တစ်ခုကြာလျှင် အလိုအလျောက် သက်သာသွားတတ်သည်။ အများအားဖြင့် နားတစ်ဖက်တွင်သာ ဖြစ်လေ့ရှိပြီး နှစ်ဖက်လုံး ရောင်ရမ်းခြင်းသည် အလွန်ရှားပါးသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဖြစ်ပွားရသည့် အကြောင်းရင်းကို အတိအကျ မသိရှိရသေးသော်လည်း ဗိုင်းရပ်စ်ပိုးများ ကူးစက်ခံရခြင်း သို့မဟုတ် ကူးစက်ခံရဖူးခြင်းနှင့် အဓိကဆက်စပ်နိုင်သည်ဟု ယူဆကြသည်။ ဗိုင်းရပ်စ်ပိုးများသည် နားအတွင်းပိုင်းသို့ တိုက်ရိုက်ကူးစက်နိုင်သလို ခန္ဓာကိုယ်၏ အခြားကိုယ်တွင်းအင်္ဂါ တစ်နေရာမှလည်း နားအတွင်းပိုင်းသို့ ပျံ့နှံ့လာနိုင်ပြီး အကြားအာရုံကြောကို ရောင်ရမ်းစေသည်။ ဖြစ်စေနိုင်သည်ဟု ယူဆသော ဗိုင်းရပ်စ်ပိုးများမှာ_
- တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုး (Flu virus)
- ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး (COVID-19)
- ရေယုန်ဗိုင်းရပ်စ်ပိုး အမျိုးအစား – ၁ (Herpes simplex virus type 1)
- အသည်းရောင် အသားဝါ ဗိုင်းရပ်စ်ပိုး (Hepatitis)
- ပိုလီယိုဗိုင်းရပ်စ်ပိုး (Polio)
- ဝက်သက်ဗိုင်းရပ်စ်ပိုး (Measles)
- ပါးချိတ်ရောင်ဗိုင်းရပ်စ်ပိုး (Mumps) စသည်တို့ဖြစ်သည်။
အာရုံကြောရောင်ရမ်းခြင်းသည် လူတစ်ဦးမှ တစ်ဦးထံ မကူးစက်နိုင်သော်လည်း အာရုံကြောရောင်စေသော ဗိုင်းရပ်စ်ပိုးမှာမူ လူတစ်ဦးမှတစ်ဦးထံ ကူးစက်နိုင်သည်။ ဗိုင်းရပ်စ်ပိုးများအပြင် ကိုယ်ခံအားစနစ်ဆိုင်ရာ သို့မဟုတ် သွေးကြောဆိုင်ရာ ရောင်ရမ်းသည့် ပြဿနာများကြောင့်လည်း အကြားအာရုံကြော ရောင်နိုင်သည်ဟု ဆိုကြသော်လည်း တိကျသော ဆက်စပ်မှု ရှိမရှိကို သုတေသနများဖြင့် ဆက်လက်လေ့လာဆဲ ဖြစ်သည်။
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် လတ်တလောရောင်ရမ်းခြင်းအဆင့် (Acute phase) နှင့် နာတာရှည်ရောင်ရမ်းခြင်း အဆင့် (Chronic phase) ပေါ် မူတည်၍ ကွဲပြားနိုင်သည်။
လတ်တလောရောင်ရမ်းခြင်း အဆင့် (Acute phase)
ဤအဆင့်တွင် ရောဂါလက္ခဏာများသည် ရုတ်တရက် ဖြစ်ပေါ်တတ်ပြီး ပြင်းထန်တတ်သည်။ အထူးသဖြင့် လက္ခဏာများ စတင်ဖြစ်ပေါ်သော ပထမ (၄၈) နာရီအတွင်းတွင် အပြင်းထန်ဆုံးဖြစ်သည်။ ထိုပြင်းထန်သော လက္ခဏာများသည် (၁) ပတ်အထိ ကြာမြင့်နိုင်ပြီး အောက်ပါတို့ ပါဝင်သည်။
- ချာချာလည်မူးခြင်း – ရုတ်တရက် ခေါင်း ချာချာလည်အောင် မူးဝေခြင်း သို့မဟုတ် ပတ်ဝန်းကျင် လည်နေသည်ဟု ခံစားရခြင်း
- ပြင်းထန်စွာ မူးဝေခြင်း – ငြိမ်ငြိမ်ထိုင်နေသည့် အချိန်၌ပင် ခေါင်းမကြည်ခြင်း သို့မဟုတ် တရိပ်ရိပ် မူးနေခြင်း
- ဟန်ချက်ထိန်းရန် အလွန်ခက်ခဲခြင်း၊ လမ်းလျှောက်စဥ် ယိုင်ထိုးယိုင်ထိုးဖြစ်ခြင်း
- ပျို့အန်ခြင်း
- အာရုံစူးစိုက်ရန် ခက်ခဲခြင်း
- လှုပ်ရှားမှုများပြုလုပ်စဥ် မူးဝေမှုပိုဆိုးခြင်း – ကိုယ်ခန္ဓာ လှုပ်ရှားလိုက်ပါက မူးဝေမှု ပိုဆိုးလာခြင်း
- မျက်လုံးအိမ် အလိုအလျောက် တုန်ခါခြင်း (Nystagmus)
နာတာရှည်အဆင့် (Chronic phase)
ဤအဆင့်တွင် ဦးနှောက်မှ ဟန်ချက်မညီမျှခြင်းကို အသားကျအောင် ပြန်လည်ညှိယူလာသဖြင့် လက္ခဏာပြင်းထန်မှု လျော့နည်းလာသည်။ အောက်ပါလက္ခဏာများကို တွေ့နိုင်ပြီး သတင်းပတ်အနည်းငယ်မှ လပေါင်းများစွာအထိ ကြာမြင့်နိုင်သည်။
- ခေါင်းမူးဝေခြင်း၊ ခေါင်းမကြည်ခြင်း
- ခေါင်း သို့မဟုတ် ခန္ဓာကိုယ်ကို လှုပ်ရှားသည့်အခါ မူးဝေခြင်း
- ပျို့အန်ချင်စိတ် ဖြစ်ပေါ်ခြင်း
- လမ်းလျှောက်ရန် ခက်ခဲခြင်း – အထူးသဖြင့် လူစည်ကားသော သို့မဟုတ် ရှုပ်ထွေးသော နေရာများတွင် ပိုမိုခက်ခဲခြင်း
- နားထဲတွင် ပြည့်ကျပ်နေသကဲ့သို့ ခံစားရခြင်း
- ကိုယ်ခန္ဓာလှုပ်ရှားမှုများကို တုံ့ပြန်မှုများခြင်း (ဥပမာ- ကား သို့မဟုတ် လေယာဥ်ကဲ့သို့ ရွေ့လျားနေသော ယာဥ်များစီးနင်းစဥ် မူးဝေခြင်း)
- မကြာခဏ မူးဝေနေသောကြောင့် စိုးရိမ်ပူပန်စိတ်များလာခြင်း
Vestibular neuritis တွင် ဟန်ချက်ထိန်းသည့် အစိတ်အပိုင်းသာ ရောင်ရမ်းခြင်း ဖြစ်သောကြောင့် အကြားအာရုံ ထိခိုက်ခြင်းမရှိပါ။ သို့ဖြစ်၍ လူနာများတွင် နားအကြားအာရုံချို့ယွင်းခြင်း မရှိတတ်ပါ။ သို့ရာတွင် အချို့ဗိုင်းရပ်စ်ပိုးများသည် နားအတွင်းရှိ အကြားအာရုံခံအင်္ဂါ အတွင်းသားရောင်ရမ်းခြင်း (Labyrinthitis) ကို ဖြစ်စေနိုင်သည်။ ထိုအခြေအနေတွင်မူ ချာချာလည် ခေါင်းမူးခြင်းအပြင် နားအူခြင်း (Tinnitus)၊ အကြားအာရုံ ချို့ယွင်းခြင်း (Hearing loss) တို့ ဖြစ်ပေါ်သည်ကို တွေ့နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
နားတွင်း ဟန်ချက်ထိန်းအာရုံကြော ရောင်ရမ်းခြင်းသည် လူနာအများစုတွင် ရက်အနည်းငယ်အတွင်း အလိုအလျောက် သက်သာသွားနိုင်သော်လည်း အချို့လူနာများတွင် ကုသမှုခံယူရန် လိုအပ်သည်။ ကုသမှု မခံယူပါက အောက်ပါ နာတာရှည် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။
- ဦးခေါင်းလှုပ်ရှားမှုကြောင့် ရုတ်တရက် မူးဝေခြင်း (Benign Paroxysmal Positional Vertigo)
နားတွင်း ဟန်ချက်ထိန်း အာရုံကြော ရောင်ရမ်းခြင်းကို ခံစားရသူများ၏ (၁၀-၁၅) ရာခိုင်နှုန်းခန့်သည် ထိုနောက်ဆက်တွဲပြဿနာကို ခံစားရသည်ဟု အချို့သုတေသနများမှ ဖော်ပြထားသည်၊ အာရုံကြောရောင်ရမ်းသည့်ဘက်တွင် ဖြစ်ပွားပြီး ဦးခေါင်းတစ်ဖက်သို့ စောင်းလိုက်လျှင် ချာချာလည် မူးသွားခြင်းဖြစ်သည် - ကိုယ်နေဟန်ထား ပြောင်းချိန်တွင် အမြဲတစ်စေ မူးဝေခြင်း (Persistent postural-perceptual dizziness PPPD) – မူးဝေခြင်း၊ ခန္ဓာကိုယ် ယိုင်ထိုးခြင်း၊ လှုပ်နေသကဲ့သို့ ခံစားရခြင်း စသည်တို့ကို အမြဲတစေ ခံစားနေရပြီး ကြာကြာမတ်တတ်ရပ်ခြင်း၊ လှုပ်ရှားသွားလာခြင်း သို့မဟုတ် အမြင်အာရုံ လှုံ့ဆော်မှုများ (လူစုလူဝေးများ၊ လှုပ်ရှားနေသော အရာဝတ္ထုများ) ကြောင့် မူးဝေမှု ပိုမိုဆိုးရွားခြင်းတို့ ဖြစ်ပေါ်သည်
- အသက်ကြီးသူများတွင် ချော်လဲကျ၍ ထိခိုက်ဒဏ်ရာ ရနိုင်ခြေများခြင်း
- စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်မှုများခြင်း၊ ပတ်ဝန်းကျင်နှင့် ဆက်သွယ်မှုများ မပြုလုပ်တော့ခြင်း
- လုပ်ငန်းခွင်တွင် အာရုံစိုက်နိုင်စွမ်းနှင့် အလုပ်လုပ်နိုင်စွမ်း ထိခိုက်ကျဆင်းခြင်း
- နေ့စဥ်လုပ်ငန်းဆောင်တာများ ဖြစ်သည့် သွားလာလှုပ်ရှားခြင်း၊ လှေကားတက်ဆင်းခြင်း၊ ကားမောင်းခြင်းတို့ ကောင်းစွာ မလုပ်နိုင်ခြင်းကြောင့် ဘဝနေထိုင်မှု အရည်အသွေး ထိခိုက်ခြင်း
- သက်သာသွားပြီးသူများတွင် ရောဂါပြန်ဖြစ်နိုင်ခြင်း စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ ချာချာလည်မူးခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း စသည်တို့ကို ခံစားရပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။ အကြားအာရုံကြော ရောင်ရမ်းခြင်းသည် များသောအားဖြင့် ကြီးမားသောအန္တရာယ် မရှိသော်လည်း ချာချာလည်မူးခြင်း၊ ဟန်ချက်ပျက်ခြင်းတို့ကို ဖြစ်စေသော အခြားအကြောင်းရင်းအမျိုးမျိုး (အထူးသဖြင့် လေဖြတ်ခြင်း၊ ဦးနှောက်အကျိတ်ဖြစ်ခြင်း) ကို အချိန်မှီ ခွဲခြားရှာဖွေ၍ ကုသမှုခံယူရန် အရေးကြီးသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေ ကုသပေးမည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကု ဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေရန်အတွက် ဆရာဝန်သည် ရောဂါလက္ခဏာများကို အသေးစိတ်မေးမြန်းခြင်း၊ ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးခြင်း၊ အာရုံကြောစနစ်ဆိုင်ရာ အသေးစိတ် စမ်းသပ်စစ်ဆေးခြင်းတို့ကို ပြုလုပ်မည်ဖြစ်သည်။ ထိုသို့ စမ်းသပ်ရာတွင် နားတွင်းပြဿနာ သို့မဟုတ် ဦးနှောက်တွင်းပြဿနာ ဟုတ်မဟုတ်ကို အကြမ်းမျဥ်း ခွဲခြားနိုင်ရန် HINTS testing ကို စမ်းသပ်သည်။
HINTS testing တွင် အပိုင်း (၃) ပိုင်းပါဝင်ပြီး ၎င်းတို့တွင်_
- Head impulse testing (HI) – ဦးခေါင်းကိုကိုင်၍ ဘယ်ညာဘေးတိုက် ရွေ့လျားစေပြီး ထိုအချိန်၌ ဖြစ်ပေါ်သော မူမမှန်သည့် မျက်လုံးအိမ်လှုပ်ရှားမှုများကို စစ်ဆေးခြင်း
- Nystagmus (N) – မျက်လုံးကို ဘေးတိုက်ဘယ်ညာ လှုပ်ရှားရန် ညွှန်ကြားပြီး ထိုသို့ လှုပ်ရှားနေစဥ် ဖြစ်ပေါ်သော မျက်လုံးအိမ်တုန်ခါမှုများကို စစ်ဆေးခြင်း
- Test of skew (TS) – မျက်လုံးတစ်ဖက်စီကို ကာ၍ မျက်လုံးအိမ်လှုပ်ရှားမှုကို စစ်ဆေးခြင်းတို့ ပါဝင်သည်။
အထက်ပါ စစ်ဆေးမှုများအရ လေဖြတ်ခြင်း၊ ဦးနှောက်အကျိတ်၊ ဦးခေါင်းထိခိုက်ခြင်း၊ နာတာရှည် ခေါင်းကိုက်ရောဂါ စသည်တို့ကို သံသယရှိပါက ဦးခေါင်းသံလိုက်ဓာတ်မှန် (MRI) ဦးစွာ ရိုက်မည်ဖြစ်သည်။ အကယ်၍ အဆိုပါရောဂါများ ဖြစ်နိုင်ခြေကို ဖယ်ထုတ်ပြီးပါက အကြားအာရုံကြော ရောင်ရမ်းခြင်းရောဂါကို အတည်ပြုစစ်ဆေးရန် နားအကြားအာရုံ စစ်ဆေးခြင်း (Hearing tests) နှင့် ဟန်ချက်ထိန်းစနစ် စစ်ဆေးခြင်း (Vestibular testing) တို့ကို ဆက်လက်ပြုလုပ်မည်ဖြစ်သည်။
အခြားပြုလုပ်နိုင်သော စစ်ဆေးမှုများ
- အကြားအာရုံ စစ်ဆေးခြင်း (Hearing assessment)
အကြားအာရုံနှင့် ပတ်သက်၍ ပြဿနာ (ဥပမာ – နားအူခြင်း၊ နားကောင်းကောင်းမကြားရခြင်း) ရှိလျှင် အကြားအာရုံ စစ်ဆေးရမည်။ - နားတွင်း ဟန်ချက်ထိန်း လုပ်ငန်းဆောင်တာကို စစ်ဆေးခြင်း (Vestibular function test)
HINTS စစ်ဆေးမှုရလဒ်သည် အချို့လူနာများတွင် သိသာစွာမပေါ်လွင်ပါက ဟန်ချက်ထိန်းစနစ် စစ်ဆေးခြင်း (Vestibular testing) ကို ဆက်လက်ပြုလုပ်နိုင်သည်။ စစ်ဆေးခြင်းများစွာရှိသည့်အနက် အောက်ဖော်ပြပါ (၂) မျိုးကို အသုံးပြုများသည်။- Video head Impulse test – ဤစစ်ဆေးမှုတွင် လူနာသည် ကွန်ပျူတာနှင့်ချိတ်ဆက်ထားသော အထူးမျက်မှန် (Goggles) ကို ဝတ်ဆင်ရပြီး ရှေ့ရှိ အမှတ်အသားတစ်ခုခုကို စိုက်ကြည့်ထားရသည်၊ ထို့နောက် စမ်းသပ်သူသည် လူနာ၏ခေါင်းကို ကိုင်လှုပ်မည် ဖြစ်ပြီး အထူးမျက်မှန်က လူနာ၏မျက်လုံးလှုပ်ရှားမှု ရှိမရှိကို ကွန်ပျူတာသို့ သတင်းပို့သည်၊ ကွန်ပျူတာမှတဆင့် ရလဒ်ကို ကြည့်ရသည်
- Videonystagmography – ဤစစ်ဆေးချက်တွင် မျက်လုံးအိမ်တုန်ခါခြင်း (Nystagmus) ကို အသေးစိတ် သိနိုင်သည်၊ လူနာသည် အနီအောက်ရောင်ခြည်ပါ အထူးမျက်မှန် (Goggles) ဝတ်ဆင်ရပြီး မျက်လုံးအပေါ်အောက် ဘေးတိုက် လှုပ်ရှားမှုအတွင်း မျက်လုံးအိမ်တုန်ခါမှု ရှိမရှိ စစ်ဆေးနိုင်သည်၊ ဤ စမ်းသပ်ချက်တွင် နားတွင်းသို့ ရေနွေးတစ်လှည့်၊ ရေအေးတစ်လှည့် လောင်းထည့်ခြင်း (Caloric testing) လည်း ပါဝင်သည်။
ကုသခြင်း
အကြားအာရုံကြောရောင်ရမ်းခြင်းကို ကုသရာတွင် ပြင်းထန်သော ရောဂါလက္ခဏာများကို သက်သာစေရန် ဆေးဝါးများဖြင့် ကုသခြင်းနှင့် ဟန်ချက်ထိန်းစနစ် ပြန်လည်ကောင်းမွန်လာစေရန် စနစ်တကျကုထုံးများဖြင့် လေ့ကျင့်ပေးခြင်းတို့ ပါဝင်သည်။
- ဆေးဝါးများဖြင့် ကုသခြင်း
- ဆေးဝါးများကို ရောဂါလက္ခဏာများ ပြင်းထန်ချိန်တွင် ရေတိုသက်သာစေရန် ရက်အနည်းငယ် ပေးနိုင်ပြီး ရောဂါအစောပိုင်း ၂၄ – ၇၂ နာရီအတွင်းသာ ပေးရန်၊ ရက်ရှည်အချိန်ကြာမြင့်စွာ မပေးရန် ညွှန်ကြားထားသည်
- ကုသရာတွင်ပေးသော ဆေးဝါးအုပ်စုများမှာ အောက်ပါတို့ ပါဝင်သည်
- ဟန်ချက်ထိန်းစနစ်ကြောင့် မူးဝေခြင်းကို သက်သာစေသော ဆေးဝါးများ (Vestibular suppressant)
- ဟစ်စ်တမင်းဆန့်ကျင်ဆေးများ (Anti-histamines) – Meclizine, Diphenhydramine
- Benzodiazepine အုပ်စုဆေးများ – Diazepam, Lorazepam
- အအန်ပျောက်ဆေးများ (Antiemetics) – prochlorperazine, promethazine, metoclopramide, ondansetron
- အထက်ပါဆေးဝါးများသည် ရေရှည်ပေးထားလျှင် ဦးနှောက်၏ ဟန်ချက်ညှိယူနိုင်စွမ်း (Vestibular compensation) ကို လျော့ကျစေနိုင်ပြီး ရောဂါလက္ခဏာများ ပို၍ကြာရှည်စေနိုင်သည်။
- ရောင်ရမ်းခြင်းကို သက်သာစေသော စတီးရွိုက်ဆေးများ (Corticosteroids) – ရောဂါအစပိုင်းတွင် ပေးပါက ရောင်ရမ်းမှုကို ထိန်းချုပ်နိုင်သည်ဟု ဆိုကြသော်လည်း လက္ခဏာသက်သာမှုနှင့် ရေရှည် ပြန်လည်ကောင်းမွန်မှုအပေါ် အကျိုးသက်ရောက်မှု ရှိ မရှိ လေ့လာဆဲဖြစ်သည်။
- အချို့ ဗိုင်းရပ်စ်များ (ဥပမာ_ ရေယုန်ဗိုင်းရပ်စ်) အတွက် ဗိုင်းရပ်စ်သတ်ဆေးများ (Antiviral medications)
- နားအတွင်းရှိ ဟန်ချက်ထိန်းစနစ် ပြန်လည်သန်စွမ်းရေးကုထုံးများ (Vestibular rehabilitation therapy)
- လူတစ်ဦးချင်းစီအတွက် သင့်တော်သော လေ့ကျင့်ခန်းများကို ကျွမ်းကျင်သူများ (physical therapist) မှ သင်ကြားလေ့ကျင့်ပေးမည်ဖြစ်သည်
- ဆေးဝါးများဖြင့် မသက်သာဘဲ လက္ခဏာများ ကြာရှည်ဖြစ်ပေါ်နေပါက လေ့ကျင့်ခန်းကုထုံးများ ပြုလုပ်နိုင်သည်
- လမ်းလျှောက်စဥ် ဟန်ချက်ကို ပြန်လည်ထိန်းချုပ်နိုင်ရန်နှင့် ပိုမိုချောမွေ့စွာ လျှောက်နိုင်ရန် လေ့ကျင့်ခြင်း၊ မျက်လုံးလှုပ်ရှားမှုများကို ထိန်းချုပ်နိုင်ရန် လေ့ကျင့်ခြင်း၊ ကြွက်သားများ အားကောင်းလာစေရန်နှင့် ခန္ဓာကိုယ်လှုပ်ရှားမှုများ ပျော့ပြောင်းစေရန် လေ့ကျင့်ခြင်း စသည့်အချက်များ ပါဝင်သည်။
ကာကွယ်ခြင်း
နားတွင်း ဟန်ချက်ထိန်းအာရုံကြော ရောင်ရမ်းခြင်း (Vestibular neuritis) ဖြစ်ပွားရသည့် အကြောင်းရင်းကို အတိအကျ မသိရှိသေးသောကြောင့် ရောဂါမဖြစ်ပွားအောင် တိကျစွာ ကာကွယ်နိုင်သည့်နည်းလမ်း မရှိသေးပါ။ သို့သော် ပုံမှန်တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ခြင်းနှင့် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သော ကူးစက်ရောဂါများအတွက် သင့်လျော်သည့် ကာကွယ်ဆေးများ ထိုးနှံထားခြင်းကဲ့သို့သော အထွေထွေကျန်းမာရေးဆိုင်ရာ ကာကွယ်ရေးနည်းလမ်းများကို လိုက်နာသင့်သည်။
References:
- Cochrane. (n.d.). Corticosteroids for the treatment of idiopathic acute vestibular dysfunction (vestibular neuritis). Retrieved August 20, 2026, from https://www.cochrane.org/evidence/CD008607_corticosteroids-treatment-idiopathic-acute-vestibular-dysfunction-vestibular-neuritis
- Cleveland Clinic. (n.d.). Vestibular neuritis. Retrieved August 20, 2026, from https://my.clevelandclinic.org/health/diseases/15227-vestibular-neuritis
- Cleveland Clinic. (n.d.). Vestibular test battery. Retrieved August 20, 2026, from https://my.clevelandclinic.org/health/diagnostics/21518-vestibular-test-battery
- Huang, H. H., Chen, C. C., Lee, H. H., Chen, H. C., Lee, T. Y., Tam, K. W., & Kuan, Y. C. (2024). Efficacy of vestibular rehabilitation in vestibular neuritis: A systematic review and meta-analysis. American Journal of Physical Medicine & Rehabilitation, 103(1), 38–46. https://doi.org/10.1097/PHM.0000000000002301
- Leong, K. J., Lau, T., Stewart, V., & Canetti, E. F. D. (2021). Systematic review and meta-analysis: Effectiveness of corticosteroids in treating adults with acute vestibular neuritis. Otolaryngology–Head and Neck Surgery, 165(2), 255–266. https://doi.org/10.1177/0194599820982910
- MSD Manuals. (n.d.). Vestibular neuronitis. Retrieved August 20, 2026, from https://www.msdmanuals.com/professional/ear-nose-and-throat-disorders/inner-ear-disorders/vestibular-neuronitis
- Smith, T., Rider, J., Cen, S., et al. (2023). Vestibular neuronitis. In StatPearls. StatPearls Publishing. Retrieved August 20, 2026, from https://www.ncbi.nlm.nih.gov/books/NBK549866/
- Vestibular Disorders Association. (n.d.). Medications. Retrieved August 20, 2026, from https://vestibular.org/article/diagnosis-treatment/treatments/medication/
- Zero To Finals. (n.d.). Vestibular neuronitis. Retrieved August 20, 2026, from https://zerotofinals.com/surgery/ent/vestibularneuronitis/
Published: 6 October 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.