Cyclic vomiting syndrome (CVS) (အချိန်အပိုင်းအခြားအလိုက် အန်လေ့ရှိသော ရောဂါစု)

Cyclic vomiting syndrome (CVS) (အချိန်အပိုင်းအခြားအလိုက် အန်လေ့ရှိသော ရောဂါစု)

အချိန်အပိုင်းအခြားအလိုက် အန်လေ့ရှိသော ရောဂါစု (Cyclic Vomiting Syndrome or CVS) ဆိုသည်မှာ အကြောင်းရင်း တိတိကျကျ မရှိဘဲ အပြင်းအထန် ပျို့အန်ခြင်းနှင့် အားအင်ကုန်ခမ်းခြင်းတို့ကို ထပ်ခါတလဲလဲ ခံစားရသော ရောဂါအခြေအနေတစ်ခုဖြစ်သည်။ လက္ခဏာပြသည့် အကြိမ်များသည် နာရီအနည်းငယ်မှ ရက်ပေါင်းများစွာအထိ ကြာမြင့်နိုင်ပြီး အဆိုပါလက္ခဏာများ ပြန်လည် သက်သာသွားပြီးနောက် အကောင်းပကတိဖြစ်သည့် ကြားကာလများသည်လည်း ရက်သတ္တပတ်မှ လပေါင်းများစွာအထိ ကြာမြင့်တတ်သည်။ ရောဂါပြန်လည်ထကြွချိန်တိုင်းတွင် ဖြစ်ပျက်ပုံချင်း ဆင်တူကြပြီး များသောအားဖြင့် တစ်ရက်တာ၏ တူညီသောအချိန်များတွင် စတင်ခြင်း၊ ကြာမြင့်ချိန်တူညီခြင်း၊ ရောဂါလက္ခဏာနှင့် ပြင်းထန်မှုအဆင့် တူညီခြင်းတို့ ဖြစ်တတ်သည်။

ဤရောဂါစုသည် ကလေးများတွင် ပိုမိုအဖြစ်များသည်ကိုတွေ့ရသည်။ ကလေးအယောက် (၁၀၀,၀၀၀) တွင် ၃ ယောက်ခန့် ဖြစ်ပွားလေ့ရှိပြီး အသက် (၃)နှစ် မှ (၇)နှစ်ကြားတွင် အဖြစ်များဆုံးဖြစ်သည်။ ယခုအခါ အရွယ်ရောက်ပြီးသူများတွင်လည်း ဖြစ်ပွားမှုနှုန်း မြင့်မားလာနေသည်။

အန်ခြင်းသည် အခြားရောဂါများစွာ၏ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်သောကြောင့် ဤရောဂါစုကို အတည်ပြုရန် စစ်ဆေးရှာဖွေရန် ခက်ခဲနိုင်သည်။ ကုသမှုအပိုင်းတွင် ရောဂါထကြွစေမည့် အချက်များကို ရှောင်ရှားရန် လူမှုဘဝ နေထိုင်မှုပုံစံ ပြောင်းလဲခြင်း၊ ပျို့အန်ခြင်း သက်သာစေသော ဆေးများနှင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ကုထုံးများအပါအဝင် ဆေးဝါးများ အသုံးပြုခြင်းတို့ဖြင့် ရောဂါလက္ခဏာများကို အတန်အသင့် ထိန်းချုပ်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

Cyclic Vomiting Syndrome ဖြစ်ပွားရသည့် အခြေခံအကြောင်းရင်းကို အတိအကျ မသိရသေးပါ။ သို့ရာတွင် မျိုးဗီဇ၊ အစာခြေစနစ်ဆိုင်ရာပြဿနာများ၊ အာရုံကြောစနစ်ဆိုင်ရာ အခြေအနေများနှင့် ဟော်မုန်းမမျှတမှုများနှင့် ဆက်စပ်ပတ်သက်နေနိုင်သည်ကို တွေ့ရသည်။

  • ဦးနှောက်နှင့် အစာအိမ်အူလမ်းကြောင်း ဆက်သွယ်မှုဆိုင်ရာ ပြဿနာများ (Brain-gut axis) – ဦးနှောက်နှင့် အစာအိမ်အူလမ်းကြောင်းရှိ အာရုံကြောများ ဆက်သွယ်မှု ချို့ယွင်းခြင်းကြောင့် ထိန်းချုပ်မရဘဲ အန်ခြင်း ဖြစ်နိုင်သည်
  • အလိုအလျောက်တုံ့ပြန်သော အာရုံကြောစနစ် ချို့ယွင်းခြင်း (Autonomic nervous system dysfunction) – နှလုံးခုန်နှုန်း၊ သွေးဖိအားနှင့် အန်ခြင်းတုံ့ပြန်မှုကို ထိန်းချုပ်သည့် စနစ်တွင် ချို့ယွင်းချက်ရှိခြင်းကြောင့် ဖြစ်နိုင်သည်
  • ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine) – CVS ရှိသော ကလေး ၈၀% နှင့် လူကြီး ၂၅% တွင် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ရှိတတ်ပြီး မိသားစုရာဇဝင်တွင်လည်း ခေါင်းတစ်ခြမ်းကိုက်တတ်သူများ ရှိနိုင်သည်
  • မိုင်တိုကွန်ဒရီးယား ဒီအန်အေ ပုံမှန်မဟုတ်ခြင်း (Abnormal mitochondrial DNA) – ဆဲလ်များ၏ စွမ်းအင်ကို ထုတ်ပေးသော မိုင်တိုကွန်ဒရီးယား အစိတ်အပိုင်း ချို့ယွင်းမှုကြောင့် အစာအိမ် အူလမ်းကြောင်းရှိ အာရုံကြောဆဲလ်များ ကောင်းစွာအလုပ်မလုပ်နိုင်ဘဲ ထိန်းချုပ်မရ၍ အန်ခြင်း ဖြစ်နိုင်သည်။
ရောဂါပြန်လည်ထကြွစေသော အချက်များ (Triggers)
  • ရာသီဥတု ကူးပြောင်းချိန် (ဆောင်းဦးနှင့် ဆောင်းရာသီတွင် ပိုအဖြစ်များသည်)
  • အအေးမိခြင်း၊ ဓာတ်မတည့်ခြင်း သို့မဟုတ် ထိပ်ကပ်နာ ဖြစ်ခြင်း
  • အချို့သော အစားအစာနှင့် အဖျော်ယမကာများ (ဥပမာ – အရက်၊ ချောကလက်၊ ဒိန်ခဲ သို့မဟုတ် ကဖင်းဓာတ် သို့မဟုတ် ဟင်းခတ်မှုန့် (MSG) ပါသော အစားအစာနှင့် သောက်စရာများ) နှင့် ဓာတ်မတည့်ခြင်း
  • စိတ်ဖိစီးမှု သို့မဟုတ် အလွန်အမင်း စိတ်လှုပ်ရှားမှု (အထူးသဖြင့် ကလေးငယ်များတွင် ဖြစ်တတ်သည်)
  • စိုးရိမ်ပူပန်ခြင်း သို့မဟုတ် ထိတ်လန့်တုန်လှုပ်ခြင်း (Panic attacks) (အထူးသဖြင့် အရွယ်ရောက်ပြီးသူများတွင် ဖြစ်တတ်သည်)
  • ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်ရေးပျက်ခြင်း
  • ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ အလွန်အမင်း လုပ်ဆောင်ခြင်း
  • အစားကို အလွန်အကျွံစားခြင်း သို့မဟုတ် အလွန်အကျွံ အစာငတ်ခံခြင်း သို့မဟုတ် အိပ်ရာမဝင်မီ ကပ်၍ အစားစားခြင်း
  • ရာသီဥတု အလွန်အမင်း ပူပြင်းခြင်း သို့မဟုတ် အေးစိမ့်ခြင်း
  • ရာသီသွေးပေါ်ချိန်ဖြစ်ခြင်း
  • ကားမူး၊ လှိုင်းမူးခြင်း
  • ဆေးခြောက်ကို ရေရှည်စွဲမြဲစွာ သုံးစွဲခြင်းစသည့်အချက်များကြောင့် အန်ခြင်းပြန်လည်ထကြွလာနိုင်သည်။
ရောဂါလက္ခဏာများ

Cyclic Vomiting Syndrome (CVS) လက္ခဏာများသည် များသောအားဖြင့် နံနက်ပိုင်းတွင် စတင်လေ့ရှိသည်။ အဖြစ်များသော လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ဖြစ်သည့်အချိန်ကာလကြာမြင့်ချိန် (အကြမ်းဖျင်းအားဖြင့် ၇ ရက်ထက်မကျော်ဘဲ) တူညီပြီး အချိန်မှန်မှန် ပြန်လည်ဖြစ်ပွားတတ်သော အော့အန်ခြင်း ဖြစ်စဉ်သည် တစ်နှစ်အတွင်း အနည်းဆုံး (၃) ကြိမ် သို့မဟုတ် (၃) ကြိမ်ထက်မက ဖြစ်ခြင်း
  • ရောဂါထကြွသည့် ဖြစ်စဉ်တစ်ခုနှင့် တစ်ခုကြားတွင် ပျို့အန်ခြင်းမရှိဘဲ ပုံမှန်အတိုင်း ကျန်းမာစွာ နေထိုင်နိုင်သည့် ကြားကာလများ ရှိခြင်း
  • ရောဂါစတင် မဖြစ်ပေါ်မီအချိန်တွင် ပြင်းထန်စွာ ပျို့ခြင်းနှင့် ချွေးစေးများထွက်ခြင်း စသည်တို့ဖြစ်သည်။

ယေဘုယျအားဖြင့် လက္ခဏာများဖြစ်ပေါ်ပုံကို အဆင့် (၄) ဆင့်ဖြင့် ခွဲခြားနိုင်သည်။

  1. ကြိုတင်လက္ခဏာပြသည့် အဆင့် (Prodrome phase) – မအန်မီ မိနစ်ပိုင်း သို့မဟုတ် နာရီပိုင်းအလိုတွင် ပျို့အန်ချင်စိတ် ဖြစ်လာကာ ချွေးစေးများ ထွက်လာတတ်သည်၊ အများစုမှာ နံနက်အစောပိုင်းတွင် စတင်တတ်သည်
  2. အန်သည့် အဆင့် (Vomiting phase) – အပြင်းအထန် အန်လေ့ရှိပြီး တစ်နာရီလျှင် အကြိမ်ပေါင်းများစွာ အန်တတ်သည်၊ ကလေးများတွင် အရှိန်ပြင်းပြင်းဖြင့် ထိုးအန်တတ်သည်၊ အန်ခြင်းသည် နာရီအနည်းငယ်မှ ရက်အနည်းငယ်အထိ ကြာမြင့်နိုင်ပြီး အခြားသူများနှင့် စကားပင်မပြောနိုင်ဘဲ အိပ်ရာထဲတွင် နားနေရလောက်အောင် ပြင်းထန်နိုင်သည်
  3. ပြန်လည်သက်သာလာသည့် အဆင့် (Recovery phase) – ပျို့အန်ခြင်း လက္ခဏာများ တဖြည်းဖြည်းချင်း သက်သာကောင်းမွန်လာသည့်အဆင့် ဖြစ်သည်
  4. ပုံမှန်အဆင့် (Well phase) – ရောဂါလက္ခဏာ လုံးဝမရှိတော့ဘဲ ပုံမှန်အတိုင်း ပြန်လည်သက်သာပျောက်ကင်းသွားသည့်အဆင့် ဖြစ်သည်။

တွေ့ရနိုင်သော အခြားတွဲဖက်လက္ခဏာများ

  • ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း
  • လေအန်ခြင်း (Retching)
  • ခေါင်းမူးခြင်း သို့မဟုတ် အာရုံချာချာလည်ခြင်း
  • တံတွေးများထွက်ခြင်း သို့မဟုတ် တံတွေးခဏခဏထွေးရခြင်း
  • ရေအလွန်ငတ်ခြင်း
  • အစားအသောက်ပျက်ခြင်း၊ အရေပြားဖျော့တော့ခြင်း
  • ပြင်းထန်စွာ ခေါင်းကိုက်ခြင်းနှင့် နုံးခွေခြင်း
  • အလင်းရောင် သို့မဟုတ် အသံကို မခံနိုင်ခြင်း
  • အဖျားငွေ့ငွေ့ရှိခြင်း (၁၀၁ ဒီဂရီဖာရင်ဟိုက်အထိ)
နောက်ဆက်တွဲပြဿနာများ
  • ရေဓာတ်ခမ်းခြောက်ခြင်း – အန်ခြင်းနှင့် အခြားလက္ခဏာများ (ဥပမာ – ဝမ်းလျှောခြင်း) ကြောင့် ခန္ဓာကိုယ်မှ အရည်များ အလွန်အမင်း ဆုံးရှုံးခြင်း
  • အစာရေမျိုပြွန်ရောင်ခြင်း (Esophagitis) – အန်သည့်အချိန် အစာအိမ်မှ အက်ဆစ်ဓာတ်ပါသည့် အရည်များနှင့် ထိတွေ့မိခြင်းကြောင့် အစာရေမျိုပြွန် ရောင်ရမ်းခြင်း
  • အစာရေမျိုပြွန်နှင့် အစာအိမ်ဆက်ကြား အတွင်းနံရံ စုတ်ပြဲဒဏ်ရာရခြင်း (Mallory-Weiss Tear) – ပြင်းထန်စွာ အန်ခြင်းကြောင့် ကြွက်သားများ ကျုံ့ညှစ်မိပြီး အစာရေမျိုပြွန်နှင့် အစာအိမ်ဆက်ကြား အတွင်းနံရံ စုတ်ပြဲခြင်း
  • သွားပိုးစားခြင်း – အန်ဖတ်တွင်ပါသော အက်ဆစ်များကြောင့် သွားကြွေလွှာများ ပျက်စီးပြီး သွားပိုးစားခြင်းစသည့် နောက်ဆက်တွဲပြဿနာများ ရရှိနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန် ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့်တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ဆက်တိုက်အော့အန်ခြင်းသည် ကလေးများတွင် အသက်အန္တရာယ်စိုးရိမ်ရသည့် ပြင်းထန်သော ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် အောက်ပါ ရေဓာတ်ခမ်းခြောက်သည့် လက္ခဏာများ ရှိလာပါက ဆေးရုံ၊ ဆေးခန်းများ၏ အရေးပေါ်ဌာနသို့ သွားရောက်ကုသမှု ခံယူရန်လိုသည်။

  • အလွန်အမင်း ရေငတ်ခြင်း သို့မဟုတ် ခံတွင်း ခြောက်ခြင်း
  • ဆီးသွားနည်းခြင်း
  • အန်သည့်အရည်တွင် သွေးပါလာခြင်း
  • အရေပြား ခြောက်သွေ့ခြင်း
  • မျက်တွင်းချိုင့်ဝင်ခြင်း သို့မဟုတ် ပါးချောင်ကျခြင်း
  • ငိုသော်လည်း မျက်ရည်မထွက်ခြင်း
  • နုံးခွေခြင်းနှင့် အင်အားကုန်ခမ်းခြင်း စသည်တို့သည် အရေးကြီးလက္ခဏာများဖြစ်သည်။
ရောဂါရှာဖွေခြင်း

Cyclic Vomiting Syndrome (CVS) ကို တိုက်ရိုက်ရောဂါအမည်တပ်ရန် ခက်ခဲနိုင်ပြီး ရောဂါ ဟုတ်မဟုတ် အတည်ပြုရန် သီးသန့်စစ်ဆေးမှုမျိုး မရှိပါ။ ပျို့အန်ခြင်းကို ဖြစ်စေနိုင်သော အခြားအကြောင်းရင်းများ၊ ရောဂါများ မဟုတ်ကြောင်း စိစစ်ဖယ်ရှားခြင်းဖြင့်သာ ရောဂါသတ်မှတ်နိုင်သည်။

သက်ဆိုင်ရာမိသားစုဆရာဝန်မှ က‌လေး၏ ရောဂါရာဇဝင် အသေးစိတ်မေးမြန်းခြင်း၊ ကိုယ်ခန္ဓာအသေးစိတ် စမ်းသပ်စစ်ဆေးပေးခြင်းတို့ကို ပြုလုပ်မည်ဖြစ်ပြီး မှားယွင်းနိုင်သော အခြားရောဂါအခြေအနေများမှ စိစစ်ဖယ်ထုတ်ရန် လိုအပ်ပါက အောက်ပါ စစ်ဆေးမှုများကို ဆက်လက် အကြံပြုမည်ဖြစ်သည်။

  • ဓာတ်ခွဲစစ်ဆေးမှုများ – သွေးနှင့် ဆီးစစ်ခြင်းဖြင့် အခြားကိုယ်တွင်းအင်္ဂါ ပြဿနာများနှင့် ဇီဝကမ္မဖြစ်စဥ်ပြောင်းလဲမှုများကို စစ်ဆေးခြင်း
  • ပုံရိပ်ဖော်စစ်ဆေးမှုများ – ဝမ်းဗိုက် အာထရာဆောင်း (Ultrasound)၊ သံလိုက်ဓာတ်မှန် (MRI) သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း
  • အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း (Upper endoscopy) – အစာရေမျိုပြွန်၊ အစာအိမ်နှင့် အူသိမ်ပိုင်းကို မှန်ပြောင်းဖြင့် စစ်ဆေးခြင်း
  • အစာခြေစနစ် လှုပ်ရှားမှု စစ်ဆေးခြင်းများ (Motility tests) – အစာခြေစနစ်တစ်လျှောက် လှုပ်ရှားမှုများကို ကြည့်ရှုရန်နှင့် အစာခြေစနစ် ဆိုင်ရာ ပြဿနာများကို စစ်ဆေးခြင်း
Cyclic Vomiting Syndrome (CVS) နှင့် မှားယွင်းနိုင်သော အခြားအခြေအနေများ

CVS ရောဂါဟုတ်မဟုတ် အတည်ပြုရန်အတွက် အန်ခြင်းကို ဖြစ်စေတတ်သော သာမန်ရောဂါများ (ဥပမာ – ပိုးဝင်ခြင်းများ၊ အစာအိမ်အက်ဆစ် ပြန်တက်ခြင်း (GERD) နှင့် အစာအိမ်အနာများ) မဟုတ်ကြောင်း ဦးစွာ စိစစ်ဖယ်ရှားရမည်။ မှားယွင်းနိုင်သော ရောဂါအခြေအနေအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

  • ရောင်ရမ်းခြင်းများ (Inflammation) – အစာအိမ်ရောင်ခြင်း (Gastritis)၊ မုန့်ချိုအိတ်ရောင်ခြင်း (Pancreatitis) သို့မဟုတ် အူအတက်ရောင်ခြင်း (Appendicitis) စသည့် ရောင်ရမ်းမှုများ
  • အူလိမ်ခြင်း သို့မဟုတ် အူခေါက်ခြင်း (Volvulus or malrotation) – အူလမ်းကြောင်း လိမ်သွားခြင်း
  • ကျောက်ကပ်နှင့် ဆီးပြွန်ဆက်နေရာ ပိတ်ဆို့ခြင်း (UPJ obstruction) – ကျောက်ကပ်နှင့် ဆီးအိမ်ဆီသို့ ဦးတည်သော ဆီးပြွန်ထိပ်ပိုင်း ဆက်ရာနေရာတွင် ပိတ်ဆို့ခြင်း
  • ဇီဝကမ္မဖြစ်ပျက်မှုဆိုင်ရာ ပုံမှန်မဟုတ်သည့် ရောဂါများ (Metabolic disorders) – ခန္ဓာကိုယ်မှ အစာအာဟာရမှ စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးသည့် စနစ်တွင် ပြဿနာရှိသော ကျန်းမာရေးအခြေအနေများ
ကုသခြင်း

Cyclic Vomiting Syndrome (CVS) ကို အမြစ်ပြတ်ပျောက်ကင်းစေသော ကုသမှု မရှိသေးသော်လည်း ရောဂါထကြွချိန်တွင် အန်ခြင်းကို ရပ်တန့်စေရန်နှင့် နောက်ထပ်ဖြစ်ပွားမှုများကို လျှော့ချရန် ဆေးဝါးများ အသုံးပြုနိုင်သည်။

ရောဂါထကြွချိန်တွင် ပျို့အန်ခြင်းသက်သာစေသော Ondansetron နှင့် အချို့တွင် Sumatriptan ကဲ့သို့ ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine) ဆေးများကို အသုံးပြုနိုင်သည်။ CVS သည် ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine) နှင့် နီးကပ်စွာ ဆက်စပ်နေသောကြောင့် Migraine ဆေးအချို့သည် အန်သည့်ဖြစ်စဉ်ကို ရပ်တန့်ရန် သို့မဟုတ် လျှော့ချရန် ကူညီနိုင်သည်။

ရောဂါမကြာခဏ ပြန်လည်ထကြွသူများတွင် ကြိုတင်ကာကွယ်ရန်_

  • Amitriptyline – စိတ်ကျရောဂါပျောက်ဆေးအမျိုးအစားဖြစ်သော်လည်း CVS တွင် စိတ်ကျရောဂါကို ကုသရန်မဟုတ်ဘဲ ဦးနှောက်နှင့် အစာအိမ်အူလမ်းကြောင်းဆိုင်ရာ အာရုံကြောလုပ်ဆောင်မှုကို ထိန်းညှိ၍ ရောဂါပြန်လည်ဖြစ်ပွားမှု လျှော့ချရန် အသုံးပြုသည်
  • Topiramate – အတက်ရောဂါနှင့် Migraine အတွက် အသုံးပြုသောဆေးဖြစ်သော်လည်း CVS တွင် အတက်ရောဂါကြောင့် ပေးခြင်းမဟုတ်ဘဲ Migraine နှင့်ဆက်စပ်သော အာရုံကြောလုပ်ဆောင်မှုကို ထိန်းညှိ၍ ရောဂါပြန်လည်ထကြွမှုကို ကာကွယ်ရန် အသုံးပြုသည်
  • Cyproheptadine သို့မဟုတ် Propranolol ကဲ့သို့သော ဆေးများကိုလည်း အသက်အရွယ်နှင့် ရောဂါအခြေအနေပေါ် မူတည်၍ ကြိုတင်ကာကွယ်ဆေးအဖြစ် အသုံးပြုနိုင်သည်။

ထို့ကြောင့် CVS တွင် စိတ်ကျရောဂါပျောက်ဆေး သို့မဟုတ် အတက်ရောဂါပျောက်ဆေးကို အသုံးပြုခြင်းသည် လူနာတွင် ထိုရောဂါများရှိသောကြောင့် မဟုတ်ဘဲ CVS နှင့် Migraine တို့တွင် ပါဝင်သော အာရုံကြောစနစ်ဆိုင်ရာ လုပ်ဆောင်မှုများကို ထိန်းညှိ၍ အန်သည့်ဖြစ်စဉ်များကို ကာကွယ်ရန်ဖြစ်သည်။

မိမိကိုယ်ကို ပြုစုစောင့်ရှောက်ခြင်း (Self care)
လူနေမှုဘဝ ပုံစံပြောင်းလဲခြင်းသည် ရောဂါလက္ခဏာများကို ထိန်းချုပ်ရာတွင် ကူညီပေးနိုင်သည်။ CVS ရောဂါရှိသူများသည် အိပ်ရေးဝဝ အိပ်စက်ရန် လိုအပ်သည်။ စအန်သည်နှင့် ကုတင်ပေါ်တွင် အနားယူပြီး မှောင်၍ တိတ်ဆိတ်သော အခန်းထဲတွင် အိပ်စက်ခြင်းဖြင့် သက်သာစေနိုင်သည်။

ဆက်တိုက် အပြင်းအထန်အန်နေသူများတွင် ရေဓာတ်ခန်းခြောက်မှုကို ကာကွယ်ရန် သွေးကြောသွင်းဆေးရည် (IV fluids) သွင်းပေးရန် လိုအပ်နိုင်သည်။ အန်သည့်အဆင့် ပြီးဆုံးသွားပါက ဓာတ်ဆားရည်ကဲ့သို့ အရည်များကို ပြန်လည်သောက်သုံးပေးရန် အလွန်အရေးကြီးသည်။ အချို့သူများသည် အန်ခြင်းရပ်တန့်ပြီးနောက် ပုံမှန်အတိုင်း ပြန်လည် စားသောက်နိုင်ကြသော်လည်း အချို့တွင် ချက်ချင်းမစားနိုင်သေးပါက အရည်ကြည်များဖြင့် စတင်သောက်ကြည့်ပြီးမှ ပုံမှန်အစာများကို ဖြည်းဖြည်းချင်း တိုးမြှင့်ကျွေးမွေးနိုင်သည်။

စိတ်ဖိစီးမှု သို့မဟုတ် စိတ်လှုပ်ရှားမှုတို့ကြောင့် အန်ခြင်းဖြစ်ပေါ်ပါက ရောဂါလက္ခဏာမရှိသည့် အချိန်များတွင် စိတ်ဖိစီးမှုလျှော့ချရန်နှင့် တည်ငြိမ်စွာနေထိုင်ရန် နည်းလမ်းများကို ရှာဖွေနိုင်သည်။ အန်သည့်ဖြစ်စဉ်များ၏ ကြားအချိန်များတွင် အာဟာရပြည့်ဝပြီး မျှတသော အစားအစာများကို စားသုံးခြင်းသည်လည်း အထောက်အကူဖြစ်စေနိုင်သည်။

အခြားဖြည့်စွက်ကုသနည်းများ (Alternative medicine)
အခြားဖြည့်စွက်ကုသနည်းများသည် သိပ္ပံနည်းကျ သေချာစနစ်တကျ စမ်းသပ်လေ့လာထားခြင်း မရှိသည့် ကုသနည်းများ ဖြစ်သော်လည်း အန်သည့်ဖြစ်စဉ်များကိုမူ အတန်အသင့် ကာကွယ်ကူညီပေးနိုင်သည်။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်သည်။

  • Coenzyme Q10 (Ubiquinone ဟုလည်းခေါ်သည်) – ခန္ဓာကိုယ်မှ သဘာဝအတိုင်း ထုတ်လုပ်ပေးသော ဒြပ်ပစ္စည်းဖြစ်ပြီး အာဟာရဖြည့်စွက်စာအဖြစ် ရရှိနိုင်သည်၊ ၎င်းသည် ဆဲလ်များ၏ အခြေခံလုပ်ဆောင်ချက်များကို ကူညီပေးသည်
  • L-carnitine – ခန္ဓာကိုယ်အတွင်းမှ ထုတ်လုပ်ပေးသော သဘာဝဒြပ်ပစ္စည်းဖြစ်ပြီး ဖြည့်စွက်စာအဖြစ် ရရှိနိုင်သည်၊ L-carnitine သည် ခန္ဓာကိုယ်မှ အဆီများကို စွမ်းအင်အဖြစ် ပြောင်းလဲပေးရာတွင် ကူညီပေးသည်
  • Riboflavin (ဗီတာမင် B-2 ဟုလည်းခေါ်သည်) – အချို့အစားအစာများတွင် တွေ့ရသည့် ဗီတာမင်ဖြစ်ပြီး ဖြည့်စွက်စာအဖြစ်လည်း ရရှိနိုင်သည်၊ Riboflavin သည် ခန္ဓာကိုယ်၏ ဆဲလ်စွမ်းအင် ထုတ်လုပ်မှုဖြစ်စဉ်များ (Mitochondrial processes) တွင် ပါဝင်သည်

ဖြည့်စွက်စာတစ်ခုခုကို မစတင်မီ သေချာသော ရောဂါအမည်တပ်နိုင်ရန် မိမိ၏ မိသားစုဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော ပညာရှင်နှင့် စိစစ်တိုင်ပင်ပါ။ ဘေးကင်းသော ပမာဏဖြစ်စေရန်နှင့် လူနာသောက်သုံးနေသည့် အခြားဆေးဝါးများကို မထိခိုက်စေရန်အတွက် ဖြည့်စွက်စာများ မသောက်မီ ဆရာဝန်နှင့် အမြဲတိုင်ပင်ရန် အရေးကြီးသည်။ အချို့သူများတွင် Coenzyme Q10 ကြောင့် ဝမ်းလျှောခြင်း အပါအဝင် ဘေးထွက်ဆိုးကျိုးများ ကြုံတွေ့ရနိုင်သည်။

ကာကွယ်ခြင်း

CVS ရောဂါရှင် အချို့သည် မိမိ၏ရောဂါ ပြန်လည်ထကြွစေသည့် နှိုးဆွချက်များကို သိရှိကြသည်။ ထိုနှိုးဆွချက်များကို ရှောင်ရှားခြင်းဖြင့် ရောဂါထသည့် အကြိမ်ရေကို လျှော့ချနိုင်သည်။ ရောဂါမထသည့် ကြားကာလများတွင် မိမိကိုယ်ကိုယ် နေကောင်းသည်ဟု ခံစားရသော်လည်း သက်ဆိုင်ရာဆရာဝန်မှ ညွှန်ကြားထားသည့်အတိုင်း ဆေးဝါးများကို သောက်သုံးရန် အလွန်အရေးကြီးသည်။

အကယ်၍ ရောဂါပြန်လည်ထကြွခြင်းသည် တစ်လလျှင် တစ်ကြိမ်ထက်မက ဖြစ်ပွားပါက သို့မဟုတ် ဆေးရုံတက်ရန် လိုအပ်လာပါက ဆရာဝန်မှ Amitriptyline, Propranolol, Cyproheptadine သို့မဟုတ် Topiramate ကဲ့သို့သော ရောဂါလက္ခဏာကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆေးဝါးများကို ညွှန်းဆိုပေးနိုင်သည်။

CVS ရောဂါကာကွယ်ရန် အခြေခံနည်းလမ်းများ
  • ရောဂါပြန်လည်ထကြွစေတတ်သော အချက်များကို မှတ်သားပြီး ရှောင်ကြဉ်ပါ
  • ဓာတ်မတည့်ခြင်းနှင့် ထိပ်ကပ်နာများကို ချက်ချင်းကုသပါ
  • လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ၊ သို့သော် အလွန်အမင်း ပင်ပန်းအောင် မလုပ်ပါနှင့်
  • အဆာမခံပါနှင့်
  • အိပ်ရေးဝဝ အိပ်ပါ
  • စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို လျှော့ချပါ

နေထိုင်မှုပုံစံ ပြောင်းလဲခြင်းသည်လည်း လက္ခဏာများ လျှော့ချရေး သို့မဟုတ် ကာကွယ်ရေးအတွက် များစွာ အထောက်အကူပြုနိုင်သဖြင့် ကြိုးစားလုပ်ဆောင်သင့်သည်။

  • အိပ်ရေးဝဝ အိပ်ပါ
  • ကလေးငယ်များတွင် စိတ်လှုပ်ရှားမှုသည် ရောဂါထကြွစေနိုင်သော အချက်ဖြစ်သောကြောင့် ကလေးကြုံတွေ့ရမည့် ပျော်ပွဲရွှင်ပွဲ သို့မဟုတ် အခြားဖြစ်စဉ်များကို အလွန်အမင်း စိတ်မလှုပ်ရှားစေရန် အာရုံပြောင်းပေးပါ
  • ရောဂါပြန်လည်ထကြွစေတတ်သော အစားအစာနှင့် အဖျော်ယမကာများ (ဥပမာ – အရက်၊ ဒိန်ခဲ၊ ချောကလက်နှင့် ကဖင်းဓာတ်ပါသော အစားအစာ/သောက်စရာများ) ကို ရှောင်ကြဉ်ပါ
  • နေ့စဉ် ပုံမှန်အချိန်များတွင် အစာကို နည်းနည်းနှင့် မကြာခဏစားပေးပြီး အဆီနည်းသော သရေစာများကိုသာ ရွေးချယ်စားသုံးပါ။

References:

  1. Cleveland Clinic. (n.d.). Cyclic vomiting syndrome. Retrieved July 15, 2026, from https://my.clevelandclinic.org/health/diseases/14894-cyclic-vomiting-syndrome
  2. Mayo Clinic. (n.d.). Cyclic vomiting syndrome: Diagnosis and treatment. Retrieved July 15, 2026, from https://www.mayoclinic.org/diseases-conditions/cyclic-vomiting-syndrome/diagnosis-treatment/drc-20352167
  3. Mayo Clinic. (n.d.). Cyclic vomiting syndrome: Symptoms and causes. Retrieved July 15, 2026, from https://www.mayoclinic.org/diseases-conditions/cyclic-vomiting-syndrome/symptoms-causes/syc-20352161
  4. National Institute of Diabetes and Digestive and Kidney Diseases. (n.d.). Cyclic vomiting syndrome. Retrieved July 15, 2026, from https://www.niddk.nih.gov/health-information/digestive-diseases/cyclic-vomiting-syndrome
  5. National Health Service. (n.d.). Cyclical vomiting syndrome. Retrieved July 15, 2026, from https://www.nhs.uk/conditions/cyclical-vomiting-syndrome/
  6. Venkatesan, T., Levinthal, D. J., Li, B. U. K., Tarbell, S. E., Adams, K. A., Issenman, R. M., & others. (2025). Guidelines on management of cyclic vomiting syndrome in adults and children. Gastroenterology. https://doi.org/10.1053/j.gastro.2024.05.025

Published: 1 October 2026

Share

15 July 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.