လေဖြန်းခြင်း (Transient Ischemic Attack) ဆိုသည်မှာ ဦးနှောက်သို့ သွေးစီးဆင်းမှု ခေတ္တခဏတာ ပိတ်ဆို့သွားခြင်းကြောင့် လေဖြတ်ခြင်း (stroke) နှင့် ဆင်တူသော လက္ခဏာများ အချိန်တိုအတွင်း ခေတ္တဖြစ်ပေါ်စေသည့် အခြေအနေတစ်ခုဖြစ်သည်။ လေဖြန်းခြင်းသည် ပုံမှန်အားဖြင့် မိနစ်အနည်းငယ်သာ ကြာမြင့်ပြီး ပြန်လည်ကောင်းမွန်သွားတတ်ကာ ရေရှည်ဦးနှောက်ထိခိုက်ပျက်စီးမှု မဖြစ်စေပါ။
သို့သော် လေဖြန်းခြင်းသည် လေဖြတ်ခြင်း ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးချက်တစ်ခု ဖြစ်နိုင်သည်။ လေဖြန်းသူများအနက် ခန့်မှန်းခြေအားဖြင့် (၃) ယောက်လျှင် (၁) ယောက်သည် နောက်ပိုင်းတွင် လေဖြတ်ခြင်း ဖြစ်ပွားနိုင်ပြီး၊ ထိုလေဖြတ်မှုများ၏ တစ်ဝက်ခန့်သည် လေဖြန်းပြီးနောက် တစ်နှစ်အတွင်း ဖြစ်ပေါ်နိုင်သည်။ လေဖြန်းခြင်းကို တစ်ခါတစ်ရံ “Mini stroke” ဟုလည်း ခေါ်ကြပြီး နောင်အချိန်တွင် လေဖြတ်နိုင်ကြောင်း သတိပေးချက်တစ်ခု ဖြစ်သကဲ့သို့ လေဖြတ်ခြင်းကို ကြိုတင်ကာကွယ်နိုင်ရန် အခြေအနေတစ်ခုဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
လေဖြန်းခြင်း (TIA) ကို ဖြစ်စေသော အကြောင်းရင်းများသည် အများဆုံးတွေ့ရသော လေဖြတ်ခြင်း အမျိုးအစား တစ်ခု ဖြစ်သည့် သွေးကြောပိတ်၍ လေဖြတ်ခြင်း (Ischemic Stroke) ဖြစ်စေသော အကြောင်းရင်းများနှင့် ဆင်တူသည်။ Ischemic stroke တွင် သွေးခဲတစ်ခုသည် ဦးနှောက်၏ တစ်စိတ်တစ်ပိုင်းသို့ သွေးထောက်ပံ့မှုကို ပိတ်ဆို့စေသည်။ လေဖြတ်ခြင်းနှင့် အဓိကကွာခြားချက်မှာ လေဖြန်းခြင်းတွင်မူ သွေးကြောပိတ်ဆို့မှုသည် ခေတ္တမျှသာ ဖြစ်ပေါ် ပြီး ဦးနှောက်အတွင်း အမြဲတမ်းပျက်စီးမှု မကျန်ခဲ့ခြင်းဖြစ်သည်။
လေဖြန်းခြင်းကို ဖြစ်စေသော သွေးကြောပိတ်ဆို့မှုသည် သွေးကြောအတွင်း ကိုလက်စထရောပါဝင်သော အဆီခဲအစုအဝေး (plaques) စုပုံလာခြင်းကြောင့် ဖြစ်လေ့ရှိပြီး ၎င်းကို Atherosclerosis (သွေးကြောနံရံ အဆီစု၍ အဆီပိတ်ခြင်း) ဟုခေါ်သည်။ ထိုအဆီအစုအဝေးများသည် ဦးနှောက်သို့ အောက်ဆီဂျင်နှင့် အာဟာရများ ပို့ဆောင်ပေးသော သွေးကြောကြီးများနှင့် သွေးကြောခွဲငယ်များတွင် စုပုံနိုင်သည်။ Plaque များ စုပုံလာခြင်းကြောင့် သွေးကြောအတွင်း သွေးစီးဆင်းမှု လျော့နည်းနိုင်သကဲ့သို့ ထိုအဆီခဲများ၏ အပေါ်မှ သွေးခဲများ ထပ်မံဖြစ်ပေါ်စေနိုင်သည်။ ထို့မျှသာမက ခန္ဓာကိုယ်၏ အခြားနေရာတစ်ခု (ဥပမာ နှလုံး) တွင် ဖြစ်ပေါ်သော သွေးခဲများသည် သွေးနှင့်အတူ ရွေ့လျားလာပြီး ဦးနှောက်သွေးကြောများကို ပိတ်ဆို့ခြင်းဖြစ်စေပြီး လေဖြန်းခြင်း ဖြစ်စေနိုင်သည်။ တစ်ခါတစ်ရံတွင်မူ အကြောင်းရင်း ရှာဖွေမရသော လေဖြန်းခြင်း (Cryptogenic TIA) လည်း ဖြစ်ပွားတတ်သည်။
ရောဂါဖြစ်နိုင်ခြေများစေသော အချက်များ
ရောဂါဖြစ်နိုင်ခြေများစေသော အချက်များတွင် အောက်ပါတို့ပါဝင်သည်။
- ပြောင်းလဲ၍ မရသောအချက်များ
ဤအချက်များကို ပြောင်းလဲ၍ မရသော်လည်း မိမိတွင် ထိုအချက်များ ရှိနေကြောင်း သိရှိထားခြင်းဖြင့် လေဖြန်းခြင်းကို ကြိုတင်သတိရှိနိုင်သည်။- မိသားစုဝင်တစ်ဦးဦးတွင် လေဖြန်းခြင်း သို့မဟုတ် လေဖြတ်ခြင်း ဖြစ်ပွားဖူးခြင်း
- အသက် ၅၅ နှစ်အထက် ဖြစ်ခြင်း
- အမျိုးသားဖြစ်ခြင်း – အမျိုးသားများသည် အမျိုးသမီးများထက် လေဖြန်း၊ လေဖြတ်နိုင်ခြေ အနည်းငယ်ပိုမြင့်သည်
- ယခင် တစ်ကြိမ် သို့မဟုတ် တစ်ကြိမ်ထက်ပို၍ လေဖြတ်၊ လေဖြန်းဖြစ်ပွားဖူးခြင်း
- ဆစ်ကယ်လ်သွေးအားနည်းရောဂါ (Sickle cell disease) ရှိခြင်း – ပုံသဏ္ဌာန်မမှန်သော သွေးနီဥများကြောင့် ဦးနှောက်သွေးကြောပိတ်ခြင်းကို ဖြစ်စေသည်
- ထိန်းချုပ်နိုင်သော အချက်များ
လေဖြန်းနိုင်ခြေကို မြင့်တက်စေသော ကျန်းမာရေးအခြေအနေများနှင့် လူနေမှုပုံစံဆိုင်ရာအချက်များမှာ အောက်ပါအတိုင်းဖြစ်ပြီး (၂) ချက်ထက်ပို၍ ရှိပါက ရောဂါဖြစ်နိုင်ခြေကို ပိုမိုမြင့်တက်စေသည်။- ကျန်းမာရေးအခြေအနေများ
- သွေးတိုးရောဂါ
- ကိုလက်စထရောအဆီ မြင့်မားခြင်း
- နှလုံးသွေးကြောကျဥ်းရောဂါ၊ နှလုံးညှစ်အားကျခြင်း၊ နှလုံးအဆို့ရှင်ရောဂါ သို့မဟုတ် နှလုံးခုန်နှုန်း မမှန်သော ရောဂါများရှိခြင်း
- လည်ပင်းရှိ ဦးနှောက်သို့ သွေးပို့ပေးသော carotid သွေးကြောများ ကျဉ်းမြောင်းခြင်း၊ ပိတ်ဆို့ခြင်း
- လက်နှင့် ခြေထောက်များသို့ သွေးပို့ပေးသော သွေးကြောများ ကျဉ်းမြောင်း သို့မဟုတ် ပိတ်ဆို့ခြင်း
- ဆီးချိုရောဂါရှိခြင်း
- သွေးတွင်း Homocysteine ဓာတ် မြင့်နေခြင်း
- အဝလွန်ခြင်း၊ အထူးသဖြင့် ဝမ်းဗိုက်တွင် အဆီပိုများခြင်း
- ကိုဗစ် (၁၉) ဖြစ်ဖူးခြင်း
- လူနေမှုပုံစံဆိုင်ရာ အချက်များ
- ဆေးလိပ်သောက်ခြင်း
- ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
- ဆားနှင့် အဆီကို အလွန်အကျွံစားသုံးခြင်း
- အရက်အလွန်အကျွံသောက်ခြင်း
- မူးယစ်ဆေးဝါးများ အသုံးပြုခြင်း
- ကျန်းမာရေးအခြေအနေများ
ရောဂါလက္ခဏာများ
လေဖြန်းခြင်း၏ လက္ခဏာများသည် ပုံမှန်အားဖြင့် မိနစ်အနည်းငယ်သာ ကြာမြင့်သည်။ လက္ခဏာအများစုသည် တစ်နာရီအတွင်း ပျောက်ကင်းသက်သာသွားနိုင်သော်လည်း ရှားရှားပါးပါး အခြေအနေများတွင် လက္ခဏာများသည် (၂၄) နာရီအထိ ကြာမြင့်နိုင်သည်။ လက္ခဏာများသည် လေဖြတ်ခြင်း ဖြစ်စအချိန်၏ လက္ခဏာများနှင့် ဆင်တူသည်။ လေဖြန်းခြင်းသည် တစ်ကြိမ်ထက်ပို၍ ဖြစ်နိုင်သည်။ ဦးနှောက်၏ မည်သည့်နေရာတွင် ထိခိုက်သနည်းဆိုသည်ပေါ် မူတည်၍ လက္ခဏာများသည် တစ်ဦးနှင့် တစ်ဦး မတူညီနိုင်ပါ။
လက္ခဏာများသည် ရုတ်တရက် ဖြစ်ပေါ်လေ့ရှိပြီး အောက်ပါတို့ ပါဝင်နိုင်သည်။
- များသောအားဖြင့် ခန္ဓာကိုယ်၏ တစ်ဖက်ခြမ်း၌ လက် သို့မဟုတ် ခြေထောက်တွင် ရုတ်တရက်အားနည်းခြင်း၊ ထုံခြင်း သို့မဟုတ် လှုပ်ရှား၍မရခြင်း
- မျက်နှာတစ်ခြမ်း မလှုပ်ရှားနိုင်ခြင်း၊ မျက်နှာတစ်ခြမ်းရွဲ့ခြင်း
- စကားပြောရာတွင် စကားသံလုံးထွေးခြင်း
- စကားမပြောနိုင်ခြင်း သို့မဟုတ် အခြားသူများ ပြောသော စကားများကို နားလည်ရန်ခက်ခဲခြင်း
- မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံး မမြင်ရခြင်း သို့မဟုတ် ပုံရိပ်နှစ်ထပ်မြင်ခြင်း
- အမြင်၊ အကြား၊ အနံ့ခံ၊ အရသာနှင့် ထိတွေ့မှုအာရုံများ ရုတ်တရက်ပျောက်သွားခြင်း သို့မဟုတ် ရုတ်တရက်ချို့ယွင်းလျော့နည်းခြင်း
- မူးဝေခြင်း သို့မဟုတ် ကိုယ်ဟန်ချက်နှင့် လှုပ်ရှားမှုညှိနှိုင်းနိုင်စွမ်း ထိခိုက်ပြီး ခန္ဓာကိုယ် ယိုင်ထိုးခြင်း
- လည်ပင်းနှင့် ဇက်တောင့်တင်းခြင်း၊ ပျို့အန်ခြင်း
- မှတ်ဥာဏ်ချို့ယွင်း၍ သတိမေ့ခြင်း
- စိတ်ခံစားမှု မထိန်းနိုင်ခြင်း၊ ပြင်းထန်ခြင်း၊ ကိုယ်ရည်ကိုယ်သွေး ပြောင်းလဲခြင်း
- စိတ်အာရုံထွေပြားခြင်း
- ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
- သတိလစ်ခြင်း၊ မေ့လဲခြင်း
နောက်ဆက်တွဲပြဿနာများ
လေဖြန်းခြင်းသည် အရေးပေါ်ကျန်းမာရေး အခြေအနေတစ်ခုဖြစ်ပြီး လေဖြတ်နိုင်ခြင်း၏ ရှေ့ပြေးလက္ခဏာဖြစ်သည်။ လေဖြန်းခြင်း၏ အဓိကဖြစ်ပွားနိုင်သော နောက်ဆက်တွဲပြဿနာမှာ လေဖြတ်ခြင်းပင်ဖြစ်သည်။ လေဖြန်းဖူးသူများ၏ (၂၀) ရာခိုင်နှုန်းသည် လေဖြန်းပြီးနောက် ရက်ပေါင်း (၉၀) အတွင်းတွင် လေဖြတ်နိုင်ပြီး အများစုသည် အစောပိုင်းရက်များတွင် ဖြစ်ပွားလေ့ရှိသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ဖော်ပြပါ လေဖြန်းရောဂါလက္ခဏာများ ဖြစ်ပေါ်ပါက ဆေးရုံ၊ ဆေးခန်းများသို့ သွား၍ ချက်ချင်း ဆေးကုသမှု ခံယူရမည်။ လေဖြန်းခြင်းသည် လုံးဝလေဖြတ်ခြင်း မဖြစ်မီ နာရီပိုင်း သို့မဟုတ် ရက်ပိုင်းအတွင်း ဖြစ်ပေါ်လေ့ရှိသဖြင့် ဆရာဝန်များနှင့် ပြသ၍ အချိန်မီ စစ်ဆေးခြင်းဖြင့် ကုသနိုင်သော အကြောင်းရင်းများကို ရှာဖွေဖော်ထုတ်နိုင်ပြီး ထိုအကြောင်းရင်းများကို ကုသခြင်းဖြင့် နောက်ဆက်တွဲလေဖြတ်ခြင်းကို ကာကွယ်နိုင်သည်။
ရောဂါရှာဖွေခြင်း
ရောဂါလက္ခဏာများ ပေါ်ပေါက်ပြီးနောက် ဆရာဝန်နှင့် အချိန်မီ စစ်ဆေးအကဲဖြတ်ခြင်းသည် အလွန်အရေးကြီးသည်။ ထိုသို့စစ်ဆေးခြင်းဖြင့် သင့်တော်သောကုသမှုကို ရွေးချယ်နိုင်ပြီး လေဖြန်းခြင်းကို ဖြစ်စေသောအကြောင်းရင်းနှင့် နောက်ပိုင်း လေဖြတ်နိုင်ခြေကို ခန့်မှန်းသတ်မှတ်နိုင်သည်။
- ရောဂါရာဇဝင် မေးမြန်းခြင်း
ရောဂါရှာဖွေရန် ရောဂါလက္ခဏာများ ဖြစ်ပွားချိန်၊ ပြန်လည်ပျောက်ကင်းချိန်၊ တွေ့ရသော လက္ခဏာများ၊ ရောဂါအခံများနှင့် မူလကျန်းမာရေးအခြေအနေ စသည့် ရောဂါရာဇဝင်များကို မေးမြန်းမည်ဖြစ်သည်။ - ကိုယ်ခန္ဓာ စမ်းသပ်စစ်ဆေးခြင်း
ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးခြင်းနှင့် ဦးနှောက်အာရုံကြောဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်းတို့ကို ပြုလုပ်သည်။ အမြင်အာရုံ၊ မျက်လုံးလှုပ်ရှားမှု၊ မှတ်ဉာဏ်နှင့် သိမှုအာရုံများ၊ စကားပြောခြင်းနှင့် ဘာသာစကားအသုံးပြုနိုင်မှု၊ ကြွက်သားလှုပ်ရှားမှုစနစ်၊ အာရုံခံစားမှုစနစ်နှင့် အလိုအလျောက် တုံ့ပြန်မှုစနစ် စသည်တို့ကို စစ်ဆေးသည်။ ထို့အပြင် လည်ပင်းသွေးကြောများတွင် အဆီပိတ်ခြင်းကြောင့် ကြားရသော Bruit အသံများကို နားကြပ်ဖြင့် နားထောင်ခြင်း၊ မျက်လုံးတွင်း သွေးကြောများကို fundoscope ဖြင့် စစ်ဆေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ဆီးချိုစစ်ဆေးခြင်းတို့ကိုလည်း ပြုလုပ်မည်ဖြစ်သည်။ - စစ်ဆေးမှုများ
မေးမြန်းစမ်းသပ်မှုများ ပြုလုပ်ပြီးနောက် ရောဂါအတည်ပြုစစ်ဆေးရန်အတွက် သွေးစစ်ဆေးမှုများ၊ ပုံရိပ်ဖော်စစ်ဆေးမှုများ လိုအပ်သလို ဆက်လက်စစ်ဆေးမည်ဖြစ်သည်။ စစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်နိုင်သည်။- သွေးတွင်းအဆီဓာတ် စစ်ဆေးခြင်း၊ ဆီးချိုစစ်ဆေးခြင်း၊ သွေးအားနည်းခြင်းရှိ၊ မရှိနှင့် သွေးခဲဓာတ်များ ပုံမှန်ဖြစ်၊ မဖြစ် စစ်ဆေးခြင်း၊ လိုအပ်ပါက Homocysteine ပမာဏစစ်ဆေးခြင်း တို့ကို ပြုလုပ်သည်
- Carotid ultrasonography – လည်ပင်းသွေးကြော ကျဉ်းမြောင်းခြင်း ရှိမရှိကို စစ်ဆေးရန် ပြုလုပ်သည်
- ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း – ဦးခေါင်းအတွင်းရှိ ဦးနှောက်နှင့်လည်ပင်းရှိ သွေးကြောများကို ပုံရိပ်ဖော် စစ်ဆေးသည်
- သွေးကြောကွန်ပျူတာဓာတ်မှန် (CT angiogram) – သွေးကြောများကို ပိုမိုရှင်းလင်းစွာ မြင်နိုင်ရန် ဆေးရည် (contrast) ကို လက်သွေးကြောတွင်း ထိုးခြင်းဖြင့် လည်ပင်းနှင့် ဦးနှောက်အတွင်းရှိ သွေးကြောများကို အသေးစိတ်ကြည့်ရှုနိုင်သည်
- သံလိုက်ဓာတ်မှန် (MRI) သို့မဟုတ် သွေးကြောပုံဖော် သံလိုက်ဓာတ်မှန် (Magnetic Resonance Angiography) – သွေးကြောများကို ကွန်ပျူတာဓာတ်မှန်ထက်ပို၍ ရှင်းလင်းစွာ ကြည့်ရှုနိုင်ပြီး လေဖြန်း၊ လေဖြတ်ခြင်းကြောင့် ထိခိုက်သော ဦးနှောက်အစိတ်အပိုင်းများကို ပိုမိုအသေးစိတ် စစ်ဆေးနိုင်သည်
- အသံလှိုင်းသုံးနှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiography) – နှလုံးနံရံများကို စစ်ဆေးပြီး နှလုံးတွင်း၌ သွေးခဲများ ရှိမရှိ စစ်ဆေးရာတွင် ပြုလုပ်သည်၊ တစ်ခါတစ်ရံ ရင်ဘတ်မှ ရိုက်ကူးခြင်း (Transthoracic echo – TTE) အပြင် အစာရေမျိုပြွန်တွင်းမှ ရိုက်ကူးခြင်း (Transesophageal echo – TEE) ဖြင့် မရှင်းလင်းသော သွေးခဲငယ်များကို ပိုမိုရှင်းလင်းစွာ အသေးစိတ် မြင်နိုင်သည်။
- သွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း (Arteriography) – ကွန်ပျူတာဓာတ်မှန်နှင့် သံလိုက်ဓာတ်မှန်များဖြင့် မမြင်နိုင်သော ဦးနှောက်တွင်းရှိ ရှုပ်ထွေးသော သွေးကြောထုံးများကို စစ်ဆေးရန်နှင့် သွေးကြောစတန့်ထည့်ခြင်း သို့မဟုတ် ခွဲစိတ်မှု လိုအပ်သော လူနာအချို့တွင် ပြုလုပ်သော စစ်ဆေးမှုဖြစ်သည်၊ Catheter ပြွန်ငယ်ကို အများအားဖြင့် ပေါင်ခြံသွေးကြောမှ ထည့်သွင်း၍ လည်ပင်းရှိ carotid artery သို့မဟုတ် vertebral artery အထိ လမ်းညွှန်ပေးသည်၊ ထို့နောက် Catheter မှ ပုံရိပ်ဖော် ဆေးရည် (contrast) ထိုးသွင်းပြီး သွေးကြောပုံရိပ်များကို ဓာတ်မှန်ရိုက်၍ ပုံဖော်စစ်ဆေးသည်။
ကုသခြင်း
လေဖြန်းခြင်းကို ကုသမှု၏ ရည်ရွယ်ချက်မှာ ဖြစ်စေသောအကြောင်းရင်းကို ရှာဖွေ၍ ပြုပြင်ကုသရန်နှင့် နောက်ဆက်တွဲ လေမဖြတ်အောင် ကာကွယ်ရန် ဖြစ်သည်။ ကုသမှုများတွင်
- ဆေးဝါးများဖြင့် ကုသခြင်း
- ပြွန်ထည့်ကုသသော လုပ်ထုံးလုပ်နည်းများ
- ခွဲစိတ်ကုသမှုများ ပါဝင်နိုင်သည်။
- ဆေးဝါးများဖြင့် ကုသခြင်း
လေဖြန်းခြင်း ဖြစ်ပွားပြီး နောက်ဆက်တွဲ လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်သော ဆေးဝါးများစွာရှိသည်။ ဖြစ်စေသော အကြောင်းရင်း၊ သွေးကြောပိတ်သည့် နေရာနှင့် သွေးကြောပိတ်ဆို့ခြင်း ပြင်းထန်မှုတို့အပေါ် မူတည်၍ ဆရာဝန်မှ သင့်တော်သော ဆေးဝါးများကို ရွေးချယ်ပေးမည်ဖြစ်သည်။- သွေးကျဲဆေးများ (Antiplatelets)
သွေးခဲများပေါ်တွင် သွေးဥမွှားများ (Platelets) များ ထပ်မံ စုဝေးကပ်တွယ်ခြင်းကို လျှော့ချပေးသော ဆေးဝါးများဖြစ်သည်။ သုံးစွဲလေ့ရှိသော ဆေးဝါးများမှာ – Aspirin, Clopidogrel, Ticagrelor, Dipyridamole, Cilostazol စသည်တို့ဖြစ်သည်။ လူနာတစ်ဦးချင်း၏ ရောဂါအခြေအနေအရ ဆေးများကို (၂) မျိုးပေါင်းစပ်၍လည်း ပေးခြင်းဖြင့် လေဖြတ်နိုင်ခြေကို ပိုမိုလျှော့ချပေးနိုင်သည်။ - သွေးမခဲဆေးများ (Anticoagulants)
သွေးခဲစေသောဓာတ်များ ထုတ်လုပ်မှုကို တားဆီးခြင်းဖြင့် သွေးခဲများ ဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးသည်။ ယခင် အသုံးအများဆုံးဖြစ်သော Heparin, Warfarin ဆေးများအပြင် လက်ရှိ အများဆုံးအသုံးပြုနေသော Direct oral anticoagulant (DOAC – Apixaban, Rivaroxaban, Edoxaban, Dabigatran) ဆေးများ ပါဝင်သည်။ နှလုံးခုန်စည်းချက် မမှန်ခြင်း (Atrial fibrillation) ရောဂါတွင် နှလုံးတွင်း၌ ဖြစ်ပေါ်သော သွေးခဲများ ပြုတ်ထွက်၍ ဦးနှောက်သွေးကြောတွင် ပိတ်ဆို့ကာ လေဖြန်းခြင်းကို ကာကွယ်ရန်အတွက် အသုံးပြုလေ့ရှိသည်။ - သွေးပေါင်ထိန်းဆေးများ – သွေးတိုးခြင်းကို ထိန်းချုပ်ပေးပြီး လေဖြတ်နိုင်ခြေကို လျှော့ချပေးသည်။
- စတက်တင်ဆေးများ (Statins) – ကိုလက်စထရောအဆီများကို လျှော့ချပေးခြင်းဖြင့် သွေးကြောတွင်း အဆီစုပုံခြင်းကို လျော့နည်းစေပြီး လေဖြတ်နိုင်ခြေကို ကျဆင်းစေသည်။
- သွေးကျဲဆေးများ (Antiplatelets)
- ဆေးပြွန်ထည့်၍ ကုသနည်းများ
Catheter ပြွန်ငယ်ကို သွေးကြောတွင်းထည့်သွင်း၍ သွေးကြောကျဥ်းသည့်၊ ပိတ်သည့်နေရာများကို ကုသမှုများ ပြုလုပ်ခြင်းဖြစ်သည်။- သွေးကြောတွင်းမှ သွေးခဲကို ဖယ်ထုတ်ခြင်း (Endovascular thrombectomy)
- သွေးကြောကျဥ်းသည့် နေရာကို ဘောလုံးငယ်ဖြင့် ချဲ့ခြင်း (Angioplasty)
- သွေးကြောကျဥ်းနေရာကို စတန့်ထည့်ခြင်း (Stenting)
- ခွဲစိတ်ကုသနည်းများ
လည်ပင်းသွေးကြော အလွန်ကျဥ်းမြောင်းနေပါက Carotid endarterectomy ခွဲစိတ်ကုသမှုကို ပြုလုပ်နိုင်သည်။ သွေးကြောကို ခွဲစိတ်ဖွင့်၍ သွေးကြောတွင်းရှိ အဆီခဲ အစုအဝေးကို ဖယ်ရှားခြင်းဖြစ်ပြီး နောက်တစ်ကြိမ် လေဖြန်း၊ လေဖြတ်ခြင်း မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်သည်။
ကာကွယ်ခြင်း
လေဖြန်းခြင်းကို ကာကွယ်ရန်အတွက် ရောဂါဖြစ်နိုင်ခြေများသော အချက်များကို သိရှိကာကွယ်၍ ကျန်းမာသော လူနေမှုပုံစံကို လိုက်နာခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ အောက်ပါအချက်များ ပါဝင်သည်။
- ဆေးလိပ်ဖြတ်ခြင်းသည် လေဖြန်း၊ လေဖြတ်နိုင်ခြေကို လျှော့ချပေးသည်
- ကျန်းမာရေးထိခိုက်စေသော ပြည့်ဝဆီများ စားသုံးမှုကို လျှော့ချပါ
- ပိုတက်ဆီယမ်နှင့် ဖောလစ်ဓာတ်များ၊ antioxidants ကြွယ်ဝသော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ ကို များများစားသုံးပါ
- ဆားနှင့် အငန်စားသုံးမှုကို လျှော့ချပါ
- ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ
- အရက်အလွန်အကျွံ မသောက်သုံးသင့်ပါ
- ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
- မူးယစ်ဆေးဝါးများ သုံးစွဲခြင်းကို ရှောင်ကြဥ်ပါ
- သွေးတိုးရောဂါနှင့် ဆီးချိုရောဂါကို အစားအသောက်၊ လေ့ကျင့်ခန်း၊ ကိုယ်အလေးချိန် ထိန်းခြင်းနှင့် ဆေးဝါးများအသုံးပြုခြင်းဖြင့် ကောင်းစွာထိန်းချုပ်ပါ
- မိသားစုဆရာဝန်နှင့် တိုင်ပင်၍ ကျန်းမာရေးစစ်ဆေးမှုများကို ပုံမှန်ပြုလုပ်ပါ။
References:
- American Stroke Association. (n.d.). TIA (transient ischemic attack). Retrieved August 13, 2026, from https://www.stroke.org/en/about-stroke/types-of-stroke/tia-transient-ischemic-attack
- Cleveland Clinic. (n.d.). Transient ischemic attack (TIA or mini-stroke). Retrieved August 13, 2026, from https://my.clevelandclinic.org/health/diseases/14173-transient-ischemic-attack-tia-or-mini-stroke
- Mayo Clinic. (n.d.). Transient ischemic attack (TIA): Diagnosis and treatment. Retrieved August 13, 2026, from https://www.mayoclinic.org/diseases-conditions/transient-ischemic-attack/diagnosis-treatment/drc-20355684
- Mayo Clinic. (n.d.). Transient ischemic attack (TIA): Symptoms and causes. Retrieved August 13, 2026, from https://www.mayoclinic.org/diseases-conditions/transient-ischemic-attack/symptoms-causes/syc-20355679
- National Health Service. (n.d.). Transient ischaemic attack (TIA). Retrieved August 13, 2026, from https://www.nhs.uk/conditions/transient-ischaemic-attack-tia
Published: 1 October 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.