Temper Tantrums (ကလေးငယ်များတွင် စိတ်ဆိုးဒေါသထွက်၍ အော်ဟစ်ငိုယိုခြင်း)

Temper Tantrums (ကလေးငယ်များတွင် စိတ်ဆိုးဒေါသထွက်၍ အော်ဟစ်ငိုယိုခြင်း)

ကလေးငယ်များတွင် စိတ်ဆိုးဒေါသထွက်၍ အော်ဟစ်ငိုယိုခြင်း (Temper Tantrum) ဆိုသည်မှာ ကလေးတစ်ယောက်သည် စိတ်ဆိုးဒေါသထွက်ခြင်း၊ စိတ်ပျက်ခြင်း သို့မဟုတ် မကျေနပ်ခြင်းကဲ့သို့သော ပြင်းထန်သည့် စိတ်ခံစားချက်များကို အပြုအမူဖြင့် ပေါက်ကွဲဖော်ပြခြင်းဖြစ်သည်။ ထိုအချိန်တွင် ကလေးသည် ငိုယိုခြင်း၊ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ခြေထောက်ဆောင့်ခြင်း၊ လဲချခြင်း၊ ပစ္စည်းများပစ်ပေါက်ခြင်း၊ ရိုက်နှက်ခြင်း သို့မဟုတ် တားမြစ်ချက်များကို ဆန့်ကျင်ခြင်း စသည့်အပြုအမူများ ပြုလုပ်နိုင်သည်။

Temper Tantrum သည် ကလေးငယ်များ၏ ကြီးထွားဖွံ့ဖြိုးမှုတွင် တွေ့ရလေ့ရှိသော ပုံမှန်အပြုအမူတစ်ခုဖြစ်ပြီး အထူးသဖြင့် Toddler အရွယ်တွင် အဖြစ်များသည်။ ဤအရွယ်တွင် ကလေးများသည် ကိုယ်တိုင်ရွေးချယ်လုပ်ဆောင်လိုစိတ်နှင့် လွတ်လပ်လိုစိတ် ပိုမိုရှိလာသော်လည်း မိမိ၏လိုအပ်ချက်၊ စိတ်ပျက်မှုနှင့် ပြင်းထန်သော စိတ်ခံစားချက်များကို စကားလုံးများဖြင့် ရှင်းလင်းစွာ ဖော်ပြနိုင်စွမ်းနှင့် မိမိစိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်းတို့သည် အပြည့်အဝ မဖွံ့ဖြိုးသေးပါ။ ထို့ကြောင့် စိတ်ပျက်မှု သို့မဟုတ် မကျေနပ်မှုကို အော်ဟစ်ငိုယိုခြင်းနှင့် အခြားအပြုအမူများဖြင့် ဖော်ပြတတ်ကြသည်။

Temper Tantrum ကို အများအားဖြင့် အသက် (၁) နှစ်မှ (၄) နှစ်ဝန်းကျင် ကလေးငယ်များတွင် တွေ့ရလေ့ရှိသည်။ ကလေးကြီးပြင်းလာပြီး စကားပြောဆိုဆက်သွယ်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် မိမိစိတ်ခံစားချက်ကို ထိန်းညှိနိုင်စွမ်း (Emotional Regulation) တိုးတက်လာသည်နှင့်အမျှ Temper Tantrum ဖြစ်ပွားမှုသည် တဖြည်းဖြည်း လျော့နည်းလာလေ့ရှိသည်။

ဖြစ်ပေါ်ရသော အကြောင်းရင်းများ

ကလေးငယ်များတွင် စိတ်ဆိုးဒေါသထွက်၍ အော်ဟစ်ငိုယိုခြင်းသည် အများအားဖြင့် ရည်ရွယ်ချက်ရှိရှိ ဆိုးသွမ်းခြင်းကြောင့်မဟုတ်ဘဲ ကလေး၏ အသက်အရွယ်နှင့် ဖွံ့ဖြိုးမှုအဆင့်အရ ပြင်းထန်သော စိတ်ခံစားချက်များကို ကိုင်တွယ်ထိန်းချုပ်နိုင်စွမ်း မပြည့်စုံသေးခြင်းနှင့် ဆက်စပ်နေသည်။

လူကြီးများအတွက် အသေးအဖွဲဟု ထင်ရသော အခြေအနေတစ်ခုသည် ကလေးငယ်အတွက် ပြင်းထန်သော စိတ်ပျက်မှုကို ဖြစ်စေနိုင်သည်။ ဥပမာအားဖြင့် ကစားနေသော အရုပ်ကို ပြန်သိမ်းခိုင်းခြင်း၊ ကစားခြင်းကို ရပ်ခိုင်းခြင်း သို့မဟုတ် လိုချင်သောမုန့်ကို မဝယ်ပေးနိုင်ကြောင်းပြောခြင်းတို့ကြောင့် ကလေးသည် ငိုယိုအော်ဟစ်ခြင်း၊ ခြေထောက်ဆောင့်ခြင်း၊ ပစ္စည်းများလွှင့ပစ်ခြင်း သို့မဟုတ် ရိုက်နှက်ခြင်းတို့ဖြင့် တုံ့ပြန်နိုင်သည်။

ကလေးငယ်များတွင် Temper Tantrum ဖြစ်ပေါ်စေနိုင်သော အခြေအနေများမှာ_

  • ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် အိပ်ရေးမဝခြင်း
  • ဗိုက်ဆာခြင်း
  • စိတ်ပျက်ခြင်း သို့မဟုတ် မကျေနပ်ခြင်း
  • လိုချင်သောအရာကို မရရှိခြင်း
  • “မရဘူး”၊ “မလုပ်ရဘူး” ဟု တားမြစ်ခံရခြင်း
  • မိဘ သို့မဟုတ် စောင့်ရှောက်သူ၏ အာရုံစိုက်မှုကို လိုအပ်ခြင်း
  • လုပ်ဆောင်ချက်တစ်ခုကို မိမိဘာသာ ကိုယ်တိုင်လုပ်လိုသော်လည်း မလုပ်နိုင်သေးခြင်း
  • မိမိမလုပ်ချင်သော လုပ်ဆောင်ချက်တစ်ခုကို ရှောင်ရှားလိုခြင်း
  • ကစားနေသည့်အရာမှ အခြားလုပ်ဆောင်ချက်တစ်ခုသို့ ရုတ်တရက် ပြောင်းရခြင်း
  • နေ့စဉ်လုပ်ရိုးလုပ်စဉ် သို့မဟုတ် ပတ်ဝန်းကျင် ရုတ်တရက် ပြောင်းလဲခြင်း
  • မိမိလိုအပ်ချက်နှင့် ခံစားချက်များကို စကားဖြင့် ထိရောက်စွာ မဖော်ပြနိုင်ခြင်းတို့ ပါဝင်သည်။

အရေးကြီးသည့်အချက်မှာ Temper Tantrum ဖြစ်ခြင်းတစ်ခုတည်းကြောင့် ကလေးသည် “ဆိုးသွမ်းသောကလေး” သို့မဟုတ် “နာခံမှုမရှိသောကလေး” ဖြစ်သည်ဟု မဆိုနိုင်ခြင်းဖြစ်သည်။ အဆိုပါအပြုအမူသည် ကလေး၏ စိတ်ပျက်မှု၊ ဒေါသ သို့မဟုတ် လိုအပ်ချက်များကို မည်သို့ဖော်ပြရမည်၊ မည်သို့ထိန်းချုပ်ရမည်ကို မသိသေးသည့် အခြေအနေကို အပြုအမူဖြင့် ဖော်ပြခြင်းဖြစ်နိုင်သည်။

ထို့ကြောင့် မိဘများနှင့် စောင့်ရှောက်သူများအနေဖြင့် ကလေး၏ အော်ဟစ်ငိုယိုမှုကိုသာ ရပ်တန့်စေရန် အာရုံစိုက်ခြင်းထက် ထိုအပြုအမူကို ဖြစ်ပေါ်စေသော အကြောင်းရင်းကို နားလည်ရန်၊ ကလေး၏ စိတ်ခံစားချက်များကို စကားလုံးများဖြင့် ဖော်ပြတတ်လာစေရန်နှင့် တဖြည်းဖြည်း ကိုယ်တိုင်ထိန်းညှိနိုင်စွမ်း ရရှိလာစေရန် စိတ်ရှည်စွာ သင်ကြားကူညီပေးခြင်းက ပိုမိုအရေးကြီးသည်။

တွေ့ရှိရတတ်သော လက္ခဏာများ

ကလေးငယ်များတွင် Temper Tantrum ဖြစ်ပေါ်ချိန်၌ ကလေးတစ်ဦးနှင့်တစ်ဦး အပြုအမူများ ကွဲပြားနိုင်ပြီး အောက်ပါတို့ကို တွေ့ရှိရတတ်သည်။

  • ဂျီကျညည်းတွားခြင်း
  • ငိုယိုခြင်း၊ အော်ဟစ်ခြင်း
  • ခြေထောက်ဆောင့်ခြင်း သို့မဟုတ် ခြေဖြင့်ကန်ခြင်း
  • ရိုက်နှက်ခြင်း၊ တွန်းထုတ်ခြင်း သို့မဟုတ် ကိုက်ခြင်း
  • ပစ္စည်းများကို ပစ်ပေါက်ခြင်း သို့မဟုတ် တွန်းလှဲခြင်း
  • ကြမ်းပြင်ပေါ် လှဲချခြင်း
  • ခန္ဓာကိုယ်ကို ပျော့ခွေချလိုက်ခြင်း
  • ခန္ဓာကိုယ်ကို တောင့်တင်းထား၍ ရုန်းကန်လှုပ်ရှားခြင်း
  • အငိုကြီး၍ တက်သလိုဖြစ်ခြင်း (Breath-holding attack) စသည်တို့ ဖြစ်သည်။

Temper Tantrum အများစုသည် မိနစ်အနည်းငယ်အတွင်း တဖြည်းဖြည်း သက်သာသွားတတ်ပြီး ကလေး၏ စိတ်ခံစားချက် ပြန်လည်တည်ငြိမ်လာသည်နှင့် ပုံမှန်အပြုအမူသို့ ပြန်ရောက်လာတတ်သည်။

နောက်ဆက်တွဲပြဿနာများ

ပုံမှန် Temper Tantrum သည် ကလေးဖွံ့ဖြိုးမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အများအားဖြင့် အန္တရာယ်ရှိသော နောက်ဆက်တွဲပြဿနာများ မဖြစ်ပေါ်တတ်ပါ။ သို့သော် အပြုအမူ အလွန်ပြင်းထန်ခြင်း၊ မကြာခဏဖြစ်ခြင်း သို့မဟုတ် ကြာမြင့်စွာဖြစ်ခြင်းတို့ရှိပါက အောက်ပါပြဿနာများ ဖြစ်ပေါ်နိုင်သည်။

  • ရိုက်နှက်ခြင်း၊ ကိုက်ခြင်း၊ ခေါင်းနှင့်တိုက်ခြင်း စသည့်အပြုအမူများကြောင့် မိမိကိုယ်ကို သို့မဟုတ် အခြားသူများကို ထိခိုက်ဒဏ်ရာရစေခြင်း
  • ပစ္စည်းများ ပစ်ပေါက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း
  • ပြင်းထန်စွာ ငိုယိုအော်ဟစ်ခြင်းကြောင့် အန်ခြင်း
  • အချို့ကလေးငယ်များတွင် စိတ်ဆိုးခြင်း သို့မဟုတ် ငိုယိုခြင်းနောက်တွင် အသက်အောင့်ထားခြင်း (Breath-holding Spell) ဖြစ်ပေါ်ပြီး ခဏတာ မေ့လဲခြင်း သို့မဟုတ် တက်ခြင်းနှင့် ဆင်တူသော လှုပ်ရှားမှုများ ဖြစ်ပေါ်နိုင်ခြင်း
  • မူကြို သို့မဟုတ် ကျောင်းတွင် နေ့စဉ်လုပ်ဆောင်မှုနှင့် သင်ယူမှုကို ထိခိုက်လာခြင်း
  • သူငယ်ချင်းများ၊ မိသားစုဝင်များနှင့် ဆက်ဆံရေးတွင် အခက်အခဲဖြစ်လာခြင်း
  • မိဘနှင့် စောင့်ရှောက်သူများတွင် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှု များလာခြင်း
  • မိသားစုအတွင်း ပဋိပက္ခများ ပိုမိုဖြစ်ပေါ်လာခြင်းတို့ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ကလေးငယ်များတွင် Temper Tantrum သည် အများအားဖြင့် ကြီးထွားဖွံ့ဖြိုးမှုအဆင့်နှင့် ဆက်စပ်သော ပုံမှန်အပြုအမူတစ်ခုဖြစ်ပြီး အသက်ကြီးလာသည်နှင့်အမျှ တဖြည်းဖြည်း လျော့နည်းသွားတတ်သည်။ သို့သော် Tantrum များသည် အလွန်မကြာခဏဖြစ်ခြင်း၊ ပြင်းထန်ခြင်း၊ အချိန်ကြာမြင့်ခြင်း သို့မဟုတ် ကလေး၏ နေ့စဉ်ဘဝ၊ သင်ယူမှုနှင့် လူမှုဆက်ဆံရေးကို သိသိသာသာ ထိခိုက်လာခြင်းတို့ရှိပါက အခြားဖွံ့ဖြိုးမှု၊ အပြုအမူ သို့မဟုတ် စိတ်ခံစားမှုဆိုင်ရာ အခက်အခဲများ ရှိမရှိ ဆရာဝန်နှင့် တိုင်ပင်အကဲဖြတ်ရန် လိုအပ်သည်။

အထူးသဖြင့် အောက်ပါအခြေအနေများရှိပါက မိသားစုဆရာဝန် သို့မဟုတ် ကလေးအထူးကုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။

  • အသက် (၄) နှစ်ကျော်လာသော်လည်း Tantrum များ မကြာခဏနှင့် ပြင်းထန်စွာ ဆက်လက်ဖြစ်ပေါ်နေခြင်း သို့မဟုတ် ပိုမိုဆိုးရွားလာခြင်း
  • တစ်ကြိမ်ဖြစ်လျှင် (၁၅) မိနစ်ကျော်အထိ မကြာခဏ ကြာမြင့်ခြင်း
  • တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ မကြာခဏ ဖြစ်ပေါ်ခြင်း
  • ရိုက်နှက်ခြင်း၊ ကိုက်ခြင်း၊ ပစ္စည်းပစ်ပေါက်ခြင်းကဲ့သို့ ပြင်းထန်သော ရန်လိုသည့်အပြုအမူများ ပါဝင်ခြင်း
  • မိမိကိုယ်ကို သို့မဟုတ် အခြားသူများကို ထိခိုက်ဒဏ်ရာရစေခြင်း သို့မဟုတ် ပစ္စည်းများကို ဖျက်ဆီးခြင်း
  • ငိုယိုပြီး အသက်အောင့်ထားရာမှ မေ့လဲခြင်း သို့မဟုတ် တက်ခြင်းနှင့် ဆင်တူသော လှုပ်ရှားမှုများ ဖြစ်ပေါ်ခြင်း
  • Tantrum များကြောင့် ကျောင်းတက်ခြင်း၊ သင်ယူခြင်း၊ ကစားခြင်း သို့မဟုတ် အခြားသူများနှင့် ဆက်ဆံခြင်းတို့ ထိခိုက်လာခြင်း
  • စကားပြောဆိုဆက်သွယ်မှု၊ လူမှုဆက်ဆံရေး သို့မဟုတ် ဖွံ့ဖြိုးမှုဆိုင်ရာ အခြားစိုးရိမ်ဖွယ်အချက်များ တွဲဖက်ရှိခြင်း
  • ကလေးတွင် စိုးရိမ်ပူပန်မှု၊ အိပ်စက်မှုပြဿနာ၊ ခေါင်းကိုက်ခြင်း သို့မဟုတ် ဗိုက်အောင့်ခြင်းကဲ့သို့ အခြားလက္ခဏာများ မကြာခဏ တွဲဖက်ဖြစ်ပေါ်ခြင်း
  • မိဘ သို့မဟုတ် စောင့်ရှောက်သူအနေဖြင့် အလွန်စိတ်ဖိစီးလာခြင်း သို့မဟုတ် Tantrum ကို လုံခြုံစိတ်ချစွာ မည်သို့ကိုင်တွယ်ရမည်ကို မသေချာတော့ခြင်း တို့ဖြစ်သည်။
ရောဂါရှာဖွေခြင်း

Temper Tantrum သည် အများအားဖြင့် သီးခြားရောဂါတစ်မျိုးမဟုတ်ဘဲ ကလေး၏ ကြီးထွားဖွံ့ဖြိုးမှုအဆင့်နှင့် ဆက်စပ်သော အပြုအမူတစ်ခုဖြစ်သောကြောင့် Tantrum ကို အတည်ပြုရန် သီးခြားသွေးစစ်ဆေးမှု သို့မဟုတ် ဓာတ်မှန်စစ်ဆေးမှု မရှိပါ။

ဆရာဝန်သည် Tantrum ဖြစ်ပေါ်သည့် အကြိမ်ရေ၊ ကြာချိန်၊ ပြင်းထန်မှု၊ ဖြစ်ပေါ်စေသော အခြေအနေများနှင့် ဖြစ်ပြီးနောက် ကလေးပြန်လည်တည်ငြိမ်လာပုံတို့ကို မေးမြန်းမည်ဖြစ်သည်။ ထို့ပြင် ကလေး၏ အသက်အရွယ်နှင့်ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှု၊ စကားပြောဆိုဆက်သွယ်နိုင်စွမ်း၊ လူမှုဆက်ဆံရေး၊ အိပ်စက်မှုပုံစံနှင့် စိတ်ခံစားချက်ကို ထိန်းညှိနိုင်စွမ်းတို့ကိုလည်း အကဲဖြတ်နိုင်သည်။

အကြားအာရုံ သို့မဟုတ် အမြင်အာရုံပြဿနာကြောင့် ကလေး၏ ဆက်သွယ်ပြောဆိုမှုနှင့် အပြုအမူကို ထိခိုက်နေသည်ဟု သံသယရှိပါက သက်ဆိုင်ရာစစ်ဆေးမှုများ ပြုလုပ်နိုင်သည်။ Breath-holding Spells မကြာခဏဖြစ်ခြင်း သို့မဟုတ် သွေးအားနည်းခြင်းကို သံသယရှိပါက သံဓာတ်ချို့တဲ့မှုအပါအဝင် သက်ဆိုင်ရာအခြေအနေများကို စစ်ဆေးနိုင်ပြီး ခဲဓာတ် (Lead) နှင့် ထိတွေ့နိုင်သည့် အန္တရာယ်ရှိပါကလည်း လိုအပ်သလို စစ်ဆေးနိုင်သည်။

Tantrum များသည် ပုံမှန်ထက် အလွန်ပြင်းထန်ခြင်း၊ မကြာခဏဖြစ်ခြင်း သို့မဟုတ် ကလေး၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်နေပါက အော်တစ်ဇင် (Autism Spectrum Disorder – ASD)၊ အာရုံစူးစိုက်မှုနည်း၍ တက်ကြွမှုလွန်ကဲခြင်း (ADHD)၊ ဘာသာစကားနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ အခက်အခဲများ၊ စိုးရိမ်ပူပန်မှုနှင့် အခြားအပြုအမူ သို့မဟုတ် စိတ်ခံစားမှုဆိုင်ရာ ပြဿနာများလည်းကြောင့်လည်း ဖြစ်နေနိုင်သဖြင့် လိုအပ်သလို ထပ်မံအကဲဖြတ်နိုင်သည်။

ကုသခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း

ကလေးငယ်များတွင် Temper Tantrum သည် အများအားဖြင့် ဆေးဝါးဖြင့် ကုသရန်မလိုအပ်ဘဲ မိဘနှင့် စောင့်ရှောက်သူများ၏ သင့်လျော်ပြီး တသမတ်တည်းရှိသော တုံ့ပြန်မှုဖြင့် တဖြည်းဖြည်း လျော့နည်းလာနိုင်သည်။ အဓိကရည်ရွယ်ချက်မှာ Tantrum ကို ချက်ချင်းရပ်တန့်စေရန်သာ မဟုတ်ဘဲ ကလေးအား မိမိ၏ စိတ်ခံစားချက်များကို နားလည်ဖော်ပြတတ်စေရန်နှင့် တဖြည်းဖြည်း ကိုယ်တိုင်ထိန်းညှိနိုင်စွမ်း ရရှိလာစေရန် ကူညီပေးခြင်းဖြစ်သည်။

Temper Tantrum ဖြစ်နေစဉ်
  1. မိဘ သို့မဟုတ် စောင့်ရှောက်သူသည် တည်ငြိမ်ပြီး တသမတ်တည်း တုံ့ပြန်ပါ
    • မိမိကိုယ်တိုင် တည်ငြိမ်အောင် ထိန်းထားပါ
    • အော်ဟစ်ခြင်း၊ ဆူပူခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် အငြင်းအခုံပြုခြင်းကို ရှောင်ကြဉ်ပါ
    • အလားတူအခြေအနေများတွင် တတ်နိုင်သမျှ တူညီသောနည်းလမ်းဖြင့် တုံ့ပြန်ပါ
    • မိဘက “မရဘူး” ဟု သတ်မှတ်ထားသောအရာကို Tantrum ဖြစ်လာသောကြောင့် ပြန်လည်လိုက်လျောပေးခြင်း မပြုသင့်ပါ
  2. ကလေး၏ စိတ်ခံစားချက်ကို အသိအမှတ်ပြုပါ
    • ကလေး၏ စိတ်ဆိုးခြင်း သို့မဟုတ် စိတ်ပျက်ခြင်းကို နားလည်ကြောင်း ရိုးရှင်းသော စကားဖြင့် ဖော်ပြပါ (ဥပမာ – “သား/သမီး စိတ်ဆိုးနေတာ မေမေ/ဖေဖေ သိတယ်။ ဒါပေမဲ့ အရုပ်ကို ပစ်လို့မရဘူး”)
    • စိတ်ခံစားချက်ကို လက်ခံပေးနိုင်သော်လည်း မသင့်လျော်သော အပြုအမူကို လက်ခံပေးရန် မလိုပါ
  3. လုံခြုံမှုကို ဦးစားပေးပါ
    • အန္တရာယ်ဖြစ်စေနိုင်သော ပစ္စည်းများကို ဖယ်ရှားပါ
    • ကလေးက မိမိကိုယ်ကို သို့မဟုတ် အခြားသူများကို ထိခိုက်ဒဏ်ရာမရစေရန် ကာကွယ်ပါ
    • လိုအပ်ပါက လူရှုပ်ထွေးမှုနည်းပြီး လုံခြုံသောနေရာသို့ ခေါ်ဆောင်၍ စိတ်တည်ငြိမ်လာရန် အချိန်ပေးပါ
  4. မသင့်လျော်သော အပြုအမူကို မလိုအပ်ဘဲ အာရုံစိုက်အားပေးခြင်း မပြုပါနှင့်
    • အာရုံစိုက်ခံလိုခြင်း သို့မဟုတ် လိုချင်သောအရာရရှိရန် Tantrum ပြုလုပ်နေခြင်းဖြစ်ပြီး အန္တရာယ်မရှိပါက အော်ဟစ်ငိုယိုမှုအပေါ် မလိုအပ်ဘဲ အာရုံစိုက်တုံ့ပြန်နေခြင်းကို လျှော့ချနိုင်သည်
    • ရိုက်နှက်ခြင်း၊ ကိုက်ခြင်း၊ ပစ္စည်းပစ်ခြင်း သို့မဟုတ် မိမိကိုယ်ကို ထိခိုက်စေခြင်းကဲ့သို့ အန္တရာယ်ရှိသော အပြုအမူများကို လျစ်လျူမရှုသင့်ပါ
    • ကလေး တည်ငြိမ်လာသောအခါ အာရုံစိုက်ပြီး ကောင်းမွန်သောအပြုအမူကို ချီးကျူးပေးပါ
  5. လိုအပ်ပါက အာရုံလွှဲပေးပါ
    • Tantrum စတင်ဖြစ်ပေါ်မည့် အစောပိုင်းအချိန်တွင် အခြားကစားစရာ၊ စာအုပ် သို့မဟုတ် စိတ်ဝင်စားဖွယ် လှုပ်ရှားမှုတစ်ခုသို့ အာရုံပြောင်းပေးခြင်းက အထောက်အကူဖြစ်နိုင်သည်
  6. ရိုးရှင်းပြီး ရှင်းလင်းသော စကားကို အသုံးပြုပါ
    • ကလေး စိတ်ဆိုးနေချိန်တွင် ရှည်လျားစွာ ရှင်းပြခြင်းထက် တိုတိုရှင်းရှင်း ပြောပါ (ဥပမာ – “အရုပ်ကို မပစ်ရဘူး”၊ “ရိုက်လို့မရဘူး”၊ “စိတ်ဆိုးတယ်လို့ စကားနဲ့ပြောပါ”)
  7. စိတ်တည်ငြိမ်လာရန် ကူညီပေးပါ
    • အသက်အရွယ်နှင့် ဖွံ့ဖြိုးမှုအဆင့်အလိုက် အသက်ရှူဖြည်းဖြည်းလုပ်ခြင်း၊ ယုံကြည်ရသော လူကြီးအနီးတွင် ငြိမ်သက်စွာ နေခြင်း သို့မဟုတ် အေးဆေးသောနေရာတွင် ခဏနားခြင်းတို့ကို အသုံးပြုနိုင်သည်
    • ကလေး အနည်းငယ်တည်ငြိမ်လာပြီး ညွှန်ကြားချက်ကို လက်ခံနိုင်ချိန်တွင် “ဖယောင်းတိုင်မီး မှုတ်သလို ဖြည်းဖြည်းမှုတ်မယ်” ကဲ့သို့ အသက်ရှူလေ့ကျင့်ခန်းကို သင်ပေးနိုင်သည်
Temper Tantrum ဖြစ်ပြီးနောက်
  1. ချစ်ခင်မှုနှင့် စိတ်လုံခြုံမှုကို ပြန်လည်ပေးပါ
    • Tantrum ပြီးသွားသောအခါ ကလေးကို ဆက်လက်အပြစ်တင်နေခြင်းထက် ပုံမှန်ဆက်ဆံရေးသို့ ပြန်လည်ရောက်ရှိရန် ပြုလုပ်ပါ
    • မသင့်လျော်သော အပြုအမူကို လက်မခံသော်လည်း ကလေးကို ချစ်ခင်လက်ခံကြောင်း သိရှိစေပါ
  2. ဖြစ်ပျက်ခဲ့သည့်အကြောင်းကို တိုတိုရှင်းရှင်း ပြန်လည်ပြောဆိုပါ
    • ကလေး လုံးဝတည်ငြိမ်ပြီးမှ ဘာကြောင့် စိတ်ဆိုးခဲ့သည်နှင့် နောက်တစ်ကြိမ် မည်သို့လုပ်နိုင်သည်ကို ပြောဆိုပါ
    • Tantrum ဖြစ်နေစဉ် အကြောင်းပြချက်ရှည်လျားစွာ ရှင်းပြခြင်းထက် တည်ငြိမ်ပြီးနောက် သင်ကြားပေးခြင်းက ပိုမိုထိရောက်သည်
  3. စိတ်ခံစားချက်များကို စကားဖြင့် ဖော်ပြတတ်အောင် သင်ပေးပါ
    • “စိတ်ဆိုးတယ်”၊ “စိတ်ညစ်တယ်”၊ “မကြိုက်ဘူး”၊ “ကူညီပေးပါ” စသည့် ရိုးရှင်းသော စကားလုံးများကို အသုံးပြုတတ်အောင် လေ့ကျင့်ပေးပါ
    • စကားပြောနိုင်စွမ်း အကန့်အသတ်ရှိသော ကလေးများတွင် ပုံများ၊ လက်ဟန်များ သို့မဟုတ် အခြားဆက်သွယ်ရေးနည်းလမ်းများကို အသုံးပြုနိုင်သည်
  4. ကောင်းမွန်သော အပြုအမူကို ချက်ချင်း ချီးကျူးပါ
    • ကလေး စိတ်တည်ငြိမ်လာခြင်း၊ စကားဖြင့် တောင်းဆိုခြင်း သို့မဟုတ် ညွှန်ကြားချက်ကို လိုက်နာနိုင်ခြင်းတို့ကို တိတိကျကျ ချီးကျူးပါ (ဥပမာ – “စိတ်ဆိုးပေမဲ့ အရုပ်မပစ်ဘဲ စကားနဲ့ပြောနိုင်တာ အရမ်းကောင်းတယ်”)
  5. နောက်တစ်ကြိမ်အတွက် ဖြေရှင်းနည်းကို လေ့ကျင့်ပါ
    • “နောက်တစ်ခါ စိတ်ဆိုးရင် ဘာလုပ်မလဲ” ဟု မေးပြီး စကားဖြင့်ပြောခြင်း၊ အကူအညီတောင်းခြင်း၊ ခဏနားခြင်းကဲ့သို့ သင့်လျော်သော နည်းလမ်းများကို အတူတကွ လေ့ကျင့်ပေးပါ
ကာကွယ်ခြင်း

Temper Tantrum သည် ကြီးထွားဖွံ့ဖြိုးမှု၏ ပုံမှန်အစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် လုံးဝမဖြစ်အောင် တားဆီးနိုင်ခြင်း မရှိပါ။ သို့သော် မိဘများနှင့် စောင့်ရှောက်သူများက ကလေး၏ လိုအပ်ချက်နှင့် စိတ်ခံစားချက်များကို နားလည်ပြီး သင့်လျော်သောနည်းလမ်းများ အသုံးပြုခြင်းဖြင့် Tantrum ဖြစ်ပွားသည့် အကြိမ်ရေနှင့် ပြင်းထန်မှုကို လျှော့ချနိုင်သည်။

  1. စည်းကမ်းနှင့် တုံ့ပြန်ပုံကို တသမတ်တည်းထားပါ
    ကလေးအတွက် ရိုးရှင်းရှင်းလင်းလင်း နားလည်နိုင်သော စည်းမျဉ်းများ သတ်မှတ်ထားပြီး မိဘနှင့် စောင့်ရှောက်သူများအားလုံးသည် တတ်နိုင်သမျှ တသမတ်တည်း လိုက်နာပါ။ Tantrum ဖြစ်လာသောကြောင့် ယခင်က ခွင့်မပြုထားသောအရာကို ပြန်လည်လိုက်လျောပေးခြင်းကို ရှောင်ကြဉ်ပါ။
  2. နေ့စဉ်လုပ်ရိုးလုပ်စဉ်ကို ပုံမှန်ထားပါ
    အိပ်ချိန်၊ စားချိန်၊ ကစားချိန်နှင့် နေ့စဉ်လုပ်ဆောင်မှုများကို တတ်နိုင်သမျှ ပုံမှန်ထားခြင်းဖြင့် ကလေးသည် နောက်တစ်ဆင့်တွင် ဘာဖြစ်မည်ကို ကြိုတင်သိရှိနိုင်ပြီး လုပ်ဆောင်ချက်တစ်ခုမှ တစ်ခုသို့ ပြောင်းလဲရာတွင် ပိုမိုလွယ်ကူစေနိုင်သည်။
  3. အိပ်ရေးဝဝအိပ်စေပြီး အာဟာရပြည့်ဝစွာ ကျွေးမွေးပါ
    အိပ်ရေးမဝခြင်း၊ ပင်ပန်းခြင်းနှင့် ဗိုက်ဆာခြင်းတို့သည် Tantrum ဖြစ်ပေါ်စေတတ်သော အကြောင်းရင်းများဖြစ်သည်။ ထို့ကြောင့် အသက်အရွယ်နှင့် သင့်လျော်သော အိပ်ချိန်၊ အနားယူချိန်နှင့် ပုံမှန်စားသောက်ချိန်များ ရရှိစေရန် ဂရုစိုက်ပေးပါ။
  4. သင့်လျော်သော ရွေးချယ်ခွင့်ပေးပါ
    ကလေးအား ရွေးချယ်စရာ (၂) မျိုးခန့်ပေး၍ မိမိကိုယ်တိုင် ရွေးချယ်စေခြင်းသည် ကိုယ်တိုင်ဆုံးဖြတ်နိုင်သည့် ခံစားချက်ကို ရရှိစေပြီး စိတ်ပျက်မှုကို လျှော့ချနိုင်သည်။ ဥပမာ – “စတော်ဘယ်ရီစားမလား၊ ငှက်ပျောသီးစားမလား” ဟု ရွေးချယ်ခွင့်ပေးနိုင်သည်။
  5. အပြုသဘောဆောင်သော စကားအသုံးအနှုန်းများကို အသုံးပြုပါ
    “မလုပ်နဲ့” ဟုသာ အမြဲတားမြစ်နေခြင်းထက် ကလေး ဘာလုပ်သင့်သည်ကို တိုတိုရှင်းရှင်း ပြောပြပေးပါ။ ဥပမာ – “မပြေးနဲ့” ဟု ပြောမည့်အစား “မေမေနဲ့အတူ ဖြည်းဖြည်းလျှောက်မယ်” ဟု ပြောနိုင်သည်။
  6. ကောင်းမွန်သော အပြုအမူများကို ချီးကျူးအားပေးပါ
    ကလေးသည် စကားဖြင့် လိုအပ်ချက်ကို ပြောပြနိုင်ခြင်း၊ စောင့်ဆိုင်းနိုင်ခြင်း၊ ညွှန်ကြားချက်ကို လိုက်နာနိုင်ခြင်း သို့မဟုတ် စိတ်တည်ငြိမ်အောင် ကြိုးစားနိုင်ခြင်းတို့ကို ချက်ချင်း အသိအမှတ်ပြု ချီးကျူးပေးပါ။
  7. မိဘနှင့် စောင့်ရှောက်သူများက စံနမူနာကောင်းဖြစ်ပါစေ
    ကလေးများသည် လူကြီးများ၏ အပြုအမူကို ကြည့်ရှုအတုယူ၍ သင်ယူကြသည်။ မိဘများကိုယ်တိုင် ဒေါသ၊ စိတ်ပျက်မှုနှင့် စိတ်ဖိစီးမှုများကို တည်ငြိမ်စွာ ကိုင်တွယ်ပုံကို ပြသပေးခြင်းဖြင့် ကလေးအတွက် စံနမူနာကောင်း ဖြစ်စေနိုင်သည်။
  8. အရေးမကြီးသော ကိစ္စတိုင်းကို တားမြစ်မနေပါနှင့်
    အသေးအဖွဲကိစ္စတိုင်းတွင် “မရဘူး”၊ “မလုပ်ရဘူး” ဟု တားမြစ်နေခြင်းကို ရှောင်ကြဉ်ပြီး ကလေး၏ လုံခြုံရေး၊ ကျန်းမာရေးနှင့် အရေးကြီးသော မိသားစုစည်းမျဉ်းများကို ဦးစားပေးပါ။ အသက်အရွယ်နှင့် သင့်လျော်သည့် ကိစ္စများတွင် လွတ်လပ်စွာ ရွေးချယ်လုပ်ဆောင်ခွင့် ပေးနိုင်သည်။
  9. Tantrum ဖြစ်စေတတ်သော အခြေအနေများကို ကြိုတင်သတိပြုပါ
    Tantrum မဖြစ်မီ ဖြစ်ပေါ်လေ့ရှိသော အခြေအနေများကို မှတ်သားထားပါ။ ကလေး၏ အသက်အရွယ်နှင့် ဖွံ့ဖြိုးမှုအဆင့်ထက် ကျော်လွန်သော မျှော်လင့်ချက်များထားခြင်းကို ရှောင်ကြဉ်ပြီး ဖြစ်ပေါ်နိုင်သည့် အခက်အခဲများကို ကြိုတင်စီစဉ်ထားပါ။
  10. လုပ်ဆောင်ချက်အပြောင်းအလဲများကို ကြိုတင်အသိပေးပါ
    ကစားခြင်းရပ်ရမည့်အချိန်၊ အပြင်ထွက်ရမည့်အချိန် သို့မဟုတ် အိပ်ရာဝင်ရမည့်အချိန်ကဲ့သို့ လုပ်ဆောင်ချက် ပြောင်းလဲမည့်အချိန်ကို မိနစ်အနည်းငယ်ကြို၍ အသိပေးပါ။ အိမ်ပြောင်းခြင်း၊ ကျောင်းစတက်ခြင်း သို့မဟုတ် မောင်နှမအသစ် ရရှိခြင်းကဲ့သို့ ကြီးမားသော အပြောင်းအလဲများကိုလည်း ကလေးနားလည်နိုင်သည့် စကားလုံးများဖြင့် ကြိုတင်ရှင်းပြပေးပါ။
  11. စိတ်ခံစားချက်နှင့် လိုအပ်ချက်များကို စကားဖြင့် ဖော်ပြတတ်အောင် သင်ပေးပါ
    “စိတ်ဆိုးတယ်”၊ “မကြိုက်ဘူး”၊ “ကူညီပေးပါ”၊ “ခဏနားချင်တယ်” စသည့် ရိုးရှင်းသော စကားလုံးများကို သင်ပေးပါ။ ကလေးသည် မိမိလိုအပ်ချက်နှင့် ခံစားချက်ကို စကား သို့မဟုတ် သင့်လျော်သော ဆက်သွယ်ရေးနည်းလမ်းဖြင့် ဖော်ပြနိုင်လာလေလေ Tantrum ဖြင့် ဖော်ပြရန် လိုအပ်မှု နည်းလာနိုင်သည်။
  12. အရင်းခံအကြောင်းရင်းကို ရှာဖွေဖြေရှင်းပါ
    ကလေးသည် ဗိုက်ဆာခြင်း၊ ပင်ပန်းခြင်း၊ အိပ်ရေးမဝခြင်း၊ စိတ်ပျက်ခြင်း၊ စိတ်ဖိစီးခြင်း၊ အာရုံစိုက်မှုလိုအပ်ခြင်း သို့မဟုတ် မိမိလိုအပ်ချက်ကို မဖော်ပြနိုင်ခြင်းတို့ကြောင့် Tantrum ဖြစ်ပေါ်နိုင်သည်။ အပြုအမူကိုသာ တားမြစ်ခြင်းထက် နောက်ကွယ်ရှိ အကြောင်းရင်းကို ရှာဖွေဖြေရှင်းပေးခြင်းက ပိုမိုထိရောက်သည်။

ကလေးတစ်ဦးနှင့်တစ်ဦး ဖွံ့ဖြိုးမှု၊ စိတ်နေစိတ်ထားနှင့် Temper Tantrum ဖြစ်စေသော အကြောင်းရင်းများ မတူညီကြသောကြောင့် နည်းလမ်းတစ်ခုတည်းသည် ကလေးတိုင်းအတွက် အဆင်ပြေမည်မဟုတ်ပါ။ တသမတ်တည်းရှိသော စည်းမျဉ်းများ၊ ကြိုတင်ပြင်ဆင်ပေးမှု၊ အပြုသဘောဆောင်သော အားပေးမှုနှင့် စိတ်ခံစားချက်များကို သင့်လျော်စွာ ဖော်ပြတတ်အောင် သင်ကြားပေးခြင်းတို့ဖြင့် ကလေး၏ စိတ်ခံစားချက်ထိန်းညှိနိုင်စွမ်း တဖြည်းဖြည်း ဖွံ့ဖြိုးလာစေရန် ကူညီပေးနိုင်သည်။

References:

  1. Cleveland Clinic. (n.d.). Temper tantrums. Retrieved August 6, 2026, from https://my.clevelandclinic.org/health/articles/14406-temper-tantrums
  2. Healthline. (n.d.). Temper tantrums. Retrieved August 6, 2026, from https://www.healthline.com/health/temper-tantrums
  3. KidsHealth. (n.d.). Temper tantrums. Retrieved August 6, 2026, from https://kidshealth.org/en/parents/tantrums.html
  4. Mayo Clinic. (n.d.). Temper tantrums in toddlers: How to keep the peace. Retrieved August 6, 2026, from https://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/in-depth/tantrum/art-20047845
  5. Mukkades, N. M., & Gulati, S. (2024). Temper tantrums. In StatPearls. StatPearls Publishing. Retrieved August 6, 2026, from https://www.ncbi.nlm.nih.gov/books/NBK544286/
  6. Toronto Public Health. (n.d.). Temper tantrums. Retrieved August 6, 2026, from https://www.toronto.ca/community-people/children-parenting/pregnancy-and-parenting/parenting/common-parenting-issues/temper-tantrums/

Published: 30 September 2026

Share

6 August 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.