အသည်းရောင်အသားဝါ ဘီ ပိုး (HBV) သည် အသည်းဆဲလ်များကို ကူးစက်ထိခိုက်စေနိုင်သော ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပြီး အဓိကအားဖြင့် သွေးနှင့် ခန္ဓာကိုယ်အရည်အချို့မှတစ်ဆင့် ကူးစက်သည်။ HBV ပိုးကူးစက်မှုသည် လတ်တလောကူးစက်မှု (Acute Hepatitis B) အဖြစ် ဖြစ်ပေါ်နိုင်သကဲ့သို့ ပိုးသည် ခန္ဓာကိုယ်အတွင်း အချိန်ကြာမြင့်စွာ ဆက်လက်ရှိနေပါက နာတာရှည် အသည်းရောင်အသားဝါ ဘီ ရောဂါ (Chronic Hepatitis B) ဖြစ်လာနိုင်သည်။
နာတာရှည် HBV ကူးစက်မှုရှိသူအချို့တွင် အသည်းရောင်ရမ်းခြင်း ဆက်လက်ဖြစ်ပေါ်နိုင်ပြီး အချိန်ကြာလာသည်နှင့်အမျှ အသည်းမျှင်တက်ခြင်း (Liver Fibrosis)၊ အသည်းခြောက်ခြင်း (Cirrhosis)၊ အသည်းလုပ်ငန်းဆောင်တာ ကျဆင်းခြင်းနှင့် အသည်းကင်ဆာ (Hepatocellular Carcinoma – HCC) တို့ ဖြစ်ပေါ်နိုင်သည်။ သို့သော် HBV ပိုးရှိသူတိုင်းတွင် အသည်းအင်ဇိုင်းများ မြင့်တက်မည် သို့မဟုတ် အသည်းထိခိုက်မှု တူညီစွာ ဖြစ်ပေါ်မည်မဟုတ်သဖြင့် သွေးစစ်ဆေးမှုနှင့် အသည်းအခြေအနေကို ပုံမှန်အကဲဖြတ်ရန် လိုအပ်သည်။
ကမ္ဘာတစ်ဝှမ်းတွင် နာတာရှည် HBV ကူးစက်မှုသည် အရေးကြီးသော ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး အထူးသဖြင့် အနောက်ပစိဖိတ်နှင့် အာဖရိကဒေသများတွင် ပိုမိုအဖြစ်များသည်။ HBV ပိုးကူးစက်မှုများသော ဒေသများတွင် ကလေးဘဝအစောပိုင်း၊ အထူးသဖြင့် မိခင်မှ မွေးကင်းစကလေးသို့ ကူးစက်ခြင်းသည် နာတာရှည် HBV ဖြစ်ပေါ်စေသည့် အရေးကြီးသော ကူးစက်လမ်းကြောင်းတစ်ခုဖြစ်သည်။
ကိုယ်ဝန်ဆောင်မိခင်တွင် HBV ပိုး ရှိမရှိကို ကိုယ်ဝန်ဆောင်ကာလအတွင်း စစ်ဆေးခြင်းသည် အလွန်အရေးကြီးသည်။ မိခင်တွင် HBV ပိုးရှိကြောင်း ကြိုတင်သိရှိထားပါက မိခင်၏ HBV DNA ပမာဏနှင့် အသည်းကျန်းမာရေးကို အကဲဖြတ်နိုင်ပြီး လိုအပ်ပါက ကိုယ်ဝန်ဆောင်စဉ် ကုသမှုစတင်ခြင်းနှင့် မွေးဖွားပြီးနောက် ကလေးအား ကာကွယ်ဆေးနှင့် Hepatitis B Immunoglobulin (HBIG) ကို အချိန်မီပေးခြင်းတို့ဖြင့် မိခင်မှကလေးသို့ ကူးစက်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်သည်။
ဖြစ်ပေါ်ရသော အကြောင်းရင်းများနှင့် ကူးစက်နိုင်သော နည်းလမ်းများ
နာတာရှည် အသည်းရောင်အသားဝါ ဘီ ပိုးကူးစက်မှုအများစုသည် HBV ပိုးကူးစက်ခံရခြင်းကြောင့် ဖြစ်ပေါ်သည်။ ကူးစက်ခံရသည့်အသက်အရွယ်သည် နာတာရှည်ရောဂါဖြစ်လာနိုင်ခြေအပေါ် အရေးကြီးစွာ သက်ရောက်သည်။ မွေးကင်းစအရွယ်တွင် HBV ပိုးကူးစက်ခံရပါက နာတာရှည်ပိုးသယ်ဆောင်သူဖြစ်လာနိုင်ခြေ အလွန်မြင့်မားသော်လည်း အရွယ်ရောက်ပြီးနောက် ကူးစက်ခံရသူအများစုတွင် ကိုယ်ခံအားစနစ်က ပိုးကို ဖယ်ရှားနိုင်သည်။
HBV ပိုး ကူးစက်နိုင်သော အဓိကနည်းလမ်းများမှာ_
- မိခင်မှ ကလေးသို့ ကူးစက်ခြင်း (Mother-to-Child / Vertical Transmission) – အထူးသဖြင့် မွေးဖွားချိန်တစ်ဝိုက်တွင် မိခင်၏ သွေးနှင့် ခန္ဓာကိုယ်အရည်များနှင့် ထိတွေ့ရာမှ ကူးစက်နိုင်သည်
- သွေးမှတစ်ဆင့် ကူးစက်ခြင်း – ပိုးရှိသောသွေးနှင့် တိုက်ရိုက်ထိတွေ့ခြင်း၊ ဆေးထိုးအပ်များကို မျှဝေသုံးစွဲခြင်း၊ မတော်တဆ ဆေးထိုးအပ်စူးမိခြင်း သို့မဟုတ် ပိုးသတ်သန့်စင်မှု မလုံလောက်သော ကိရိယာများ အသုံးပြုခြင်းတို့မှ ကူးစက်နိုင်သည်
- လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်ခြင်း – HBV ပိုးရှိသူနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းမှ ကူးစက်နိုင်သည်
- သွေးပေကျံနိုင်သော တစ်ကိုယ်ရေသုံးပစ္စည်းများ မျှဝေသုံးစွဲခြင်း – မုတ်ဆိတ်ရိတ်ဓား၊ သွားတိုက်တံကဲ့သို့ ပစ္စည်းများမှတစ်ဆင့် ကူးစက်နိုင်သည်
- အကိုက်ခံရခြင်း – ရောဂါပိုးရှိသူ၏ သွေးနှင့် ထိတွေ့သော နက်ရှိုင်းသည့် ကိုက်ဒဏ်ရာများမှ ကူးစက်နိုင်သော်လည်း ဖြစ်လေ့ဖြစ်ထ နည်းပါးသည်။
HBV ပိုးသည် အစားအသောက်မျှဝေစားခြင်း၊ ဖက်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်းတို့မှ ပုံမှန်အားဖြင့် မကူးစက်ပါ။
မိခင်မှ HBV ပိုးကူးစက်ခံရသော မွေးကင်းစကလေးများတွင် နာတာရှည် HBV ဖြစ်လာနိုင်ခြေသည် ကလေးကြီးများနှင့် လူကြီးများထက် များစွာမြင့်မားသည်။ မွေးဖွားချိန်တွင် ကူးစက်ခံရသော ကလေးများ၏ အများစုသည် အစပိုင်းတွင် ရောဂါလက္ခဏာ မပြနိုင်သော်လည်း နောက်ပိုင်းတွင် နာတာရှည် HBV ကူးစက်မှုအဖြစ် ဆက်လက်ရှိနေနိုင်သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်မိခင်များအား HBV အတွက် စစ်ဆေးခြင်းနှင့် ပိုးရှိသောမိခင်မှ မွေးဖွားလာသော ကလေးများအား မွေးပြီးချက်ချင်း ကာကွယ်ပေးခြင်းသည် အလွန်အရေးကြီးသည်။
HBV ၏ ရောဂါပျိုးချိန် (Incubation Period) သည် ပုံမှန်အားဖြင့် ရက် ၃၀ မှ ၁၈၀ ခန့် ရှိနိုင်ပြီး ပျမ်းမျှအားဖြင့် ၇၅ ရက်ခန့် ဖြစ်သည်။ ရောဂါကူးစက်နိုင်ခြေသည် မိခင်၏ သွေးတွင်း HBV ပိုးပမာဏ၊ HBeAg အခြေအနေ၊ ကုသမှုနှင့် မွေးဖွားပြီးနောက် ကလေးအား ကာကွယ်ကုသမှု ရရှိခြင်းရှိမရှိတို့အပေါ် မူတည်၍ ကွဲပြားနိုင်သည်။
ရောဂါလက္ခဏာများ
ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အသည်းရောင်အသားဝါ ဘီ ပိုး (HBV) ရှိသူအများစုတွင် သိသာထင်ရှားသော ရောဂါလက္ခဏာများ မရှိတတ်ပါ။ အထူးသဖြင့် နာတာရှည် HBV ကူးစက်မှုရှိသူများသည် မိမိတွင် ရောဂါပိုးရှိနေကြောင်း မသိဘဲ ရှိနေနိုင်သည်။
လတ်တလော HBV ကူးစက်မှု (Acute Hepatitis B) ဖြစ်ပေါ်ပါက အောက်ပါလက္ခဏာများကို တွေ့ရနိုင်သည်။
- မောပန်းနွမ်းနယ်ခြင်း
- အစာစားချင်စိတ် လျော့နည်းခြင်း
- ပျို့ခြင်း၊ အန်ခြင်း
- ဝမ်းဗိုက်အပေါ်ပိုင်း၊ အထူးသဖြင့် ညာဘက်အပေါ်ပိုင်း နာကျင်ခြင်း
- အဆစ်အမြစ်များ ကိုက်ခဲခြင်း
- ဆီးအရောင် ရင့်လာခြင်း
- ဝမ်းအရောင် ဖျော့လာခြင်း
- အသားဝါခြင်းနှင့် မျက်လုံးအဖြူသား ဝါလာခြင်းတို့ ဖြစ်သည်။
HBV ပိုး၏ ရောဂါပျိုးချိန်သည် ရက် ၃၀ မှ ၁၈၀ ခန့်အထိ ရှိနိုင်ပြီး လက္ခဏာများသည် ပိုးကူးစက်ခံရပြီးနောက် ရက်သတ္တပတ်များမှ လအနည်းငယ်အကြာတွင် ပေါ်ပေါက်လာနိုင်သည်။ လူအများစုတွင် လတ်တလော HBV ကူးစက်မှုမှ ပြန်လည်သက်သာလာနိုင်သော်လည်း အချို့တွင် ပြင်းထန်သော အသည်းရောင်ခြင်း သို့မဟုတ် ရှားပါးစွာ အသည်းလုပ်ငန်းဆောင်တာ ရုတ်တရက်ကျဆင်းခြင်း ဖြစ်ပေါ်နိုင်သည်။
ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပေါ်နိုင်သော ပြောင်းလဲမှုများနှင့် နောက်ဆက်တွဲပြဿနာများ
နာတာရှည် HBV ပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်အများစုတွင် ကိုယ်ဝန်ဆောင်ခြင်းကြောင့် အသည်းရောဂါ သိသိသာသာ ဆိုးရွားလာလေ့မရှိပါ။ သို့သော် မိခင်၏ အသည်းအခြေအနေ၊ HBV DNA ပမာဏနှင့် ယခင်က အသည်းခြောက်ခြင်း ရှိမရှိတို့ပေါ်မူတည်၍ အန္တရာယ်ကွာခြားနိုင်သဖြင့် ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားပြီးနောက်တွင် ဆက်လက်စောင့်ကြည့်ရန် လိုအပ်သည်။
အသည်းရောင်ခြင်း ပြန်လည်ထကြွလာခြင်း
ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် အထူးသဖြင့် ကလေးမွေးဖွားပြီးနောက် ကာလတွင် ကိုယ်ခံအားစနစ် ပြောင်းလဲလာခြင်းကြောင့် ALT မြင့်တက်ခြင်းနှင့် HBV ရောဂါပြန်လည်ထကြွခြင်း (Hepatitis Flare) ဖြစ်ပေါ်နိုင်သည်။
သို့သော် ကိုယ်ဝန်ဆောင်စဉ် ALT မြင့်တက်နေသည့် အခြေအနေတိုင်းကို HBV ပိုးကြောင့်ဟု မယူဆသင့်ပါ။ ကိုယ်ဝန်ဆောင်ဆိုင်ရာ အသည်းရောဂါများ၊ အထူးသဖြင့် HELLP Syndrome၊ ကိုယ်ဝန်ဆောင်စဉ် သည်းခြေရည်စီးဆင်းမှု ချို့ယွင်းခြင်းနှင့် အခြားအသည်းရောဂါများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ လိုအပ်ပါက ALT၊ bilirubin၊ HBV DNA နှင့် အခြားအသည်းလုပ်ငန်းဆောင်တာများကို စစ်ဆေး၍ အကြောင်းရင်းကို ဆန်းစစ်ရသည်။
အသည်းခြောက်ခြင်းရှိသော ကိုယ်ဝန်ဆောင်မိခင်များ
နာတာရှည် HBV ကြောင့် အသည်းခြောက်ခြင်း (Cirrhosis) အခြေအနေဖြစ်ပွားပြီးသား အမျိုးသမီးများတွင် ကိုယ်ဝန်ဆောင်စဉ် မိခင်နှင့် သန္ဓေသားဆိုင်ရာ အန္တရာယ် ပိုမိုမြင့်မားနိုင်သဖြင့် အန္တရာယ်မြင့်သော ကိုယ်ဝန်အဖြစ် အထူးစောင့်ကြည့်ရန် လိုအပ်သည်။
ဖြစ်ပေါ်နိုင်သော ပြဿနာများတွင်
- အသည်းသွေးကြောဖိအားတက်ခြင်း (Portal Hypertension)
- အစာရေမျိုပြွန် သွေးကြောများဖောင်းထွက်ခြင်း (Esophageal Varices) နှင့် သွေးထွက်ခြင်း
- ဝမ်းဗိုက်အတွင်း ရေဖျဉ်းစွဲခြင်း (Ascites)
- သွေးခဲနိုင်စွမ်း ချို့ယွင်းခြင်း (Coagulopathy)
- အသည်းလုပ်ငန်းဆောင်တာ ကျဆင်းခြင်း
- အသည်းကြောင့် ဦးနှောက်လုပ်ငန်းဆောင်တာ ထိခိုက်ခြင်း (Hepatic Encephalopathy) တို့ ပါဝင်နိုင်သည်။
ထို့ကြောင့် အသည်းခြောက်ခြင်းရှိသော ကိုယ်ဝန်ဆောင်မိခင်များကို အသည်းအထူးကုနှင့် သားဖွားမီးယပ်အထူးကုတို့ ပူးပေါင်း၍ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်နှင့် မွေးဖွားချိန်တွင် အနီးကပ်စောင့်ကြည့်ရန် လိုအပ်သည်။
ကိုယ်ဝန်နှင့် သန္ဓေသားအပေါ် သက်ရောက်နိုင်မှု
နာတာရှည် HBV ပိုးရှိသော မိခင်အများစုသည် ပုံမှန်ကိုယ်ဝန်ဆောင်နိုင်ကြသော်လည်း အချို့လေ့လာမှုများတွင် HBV ရှိသော ကိုယ်ဝန်များ၌ အချို့သော ဆိုးကျိုးများ ဖြစ်နိုင်ခြေ အနည်းငယ်မြင့်တက်နိုင်ကြောင်း ဖော်ပြထားသည်။ အန္တရာယ်သည် မိခင်၏ အသည်းအခြေအနေ၊ HBV ပိုးပမာဏ၊ အခြားကျန်းမာရေးပြဿနာများနှင့် အသည်းခြောက်ခြင်း ရှိမရှိတို့ပေါ် မူတည်၍ ကွာခြားနိုင်သည်။
သန္ဓေသားကြီးထွားမှုကို ထိခိုက်ခြင်း
HBV ရှိသော ကိုယ်ဝန်များတွင် သန္ဓေသားကြီးထွားမှုထိခိုက်ခြင်း (Fetal Growth Restriction – FGR) ဖြစ်နိုင်ခြေ မြင့်တက်နိုင်သည်။ ထိုသို့ဖြစ်ပါက ကိုယ်ဝန်သက်တမ်းနှင့် ကိုက်ညီသင့်သည့် အရွယ်အစားထက် သန္ဓေသားငယ်နေခြင်းကို တွေ့ရှိနိုင်ပြီး လိုအပ်ပါက Ultrasound ဖြင့် သန္ဓေသားကြီးထွားမှုကို စောင့်ကြည့်ရနိုင်သည်။
လမစေ့ဘဲ မွေးဖွားခြင်း
HBV ရှိသော မိခင်များတွင် ကိုယ်ဝန် ၃၇ ပတ်မပြည့်မီ လမစေ့ဘဲ မွေးဖွားခြင်း (Preterm Birth) ဖြစ်နိုင်ခြေ မြင့်တက်နိုင်သည်။ မိခင်တွင် အသည်းခြောက်ရောဂါ၊ ICP၊ HIV ပူးတွဲကူးစက်မှု သို့မဟုတ် အခြားကိုယ်ဝန်ဆောင်ပြဿနာများပါရှိပါက အန္တရာယ် ပိုမိုမြင့်တက်နိုင်သည်။
မွေးကင်းစကိုယ်အလေးချိန် နည်းခြင်း
HBV ရှိသော မိခင်များမှ မွေးဖွားလာသော ကလေးများတွင် မွေးကင်းစကိုယ်အလေးချိန်နည်းခြင်း (Low Birth Weight) ဖြစ်နိုင်ခြေ ပိုများကြောင်း လေ့လာမှုများတွင် တွေ့ရှိထားသည်။ ယင်းသည် သန္ဓေသားကြီးထွားမှု ကန့်သတ်ခြင်း သို့မဟုတ် လမစေ့ဘဲ မွေးဖွားခြင်းတို့နှင့်လည်း ဆက်စပ်နိုင်သည်။
မွေးကင်းစကလေးဆိုင်ရာ ပြုစုကုသမှု ပိုမိုလိုအပ်နိုင်ခြင်း
လမစေ့မွေးဖွားခြင်း သို့မဟုတ် မွေးကင်းစကိုယ်အလေးချိန် နည်းခြင်းတို့ ဖြစ်ပေါ်လာပါက ကလေးတွင် –
- အသက်ရှူရာ၌ အခက်အခဲဖြစ်ခြင်း
- နို့စို့ခြင်းနှင့် နို့တိုက်ကျွေးခြင်း အခက်အခဲရှိခြင်း
- ကိုယ်အပူချိန် ထိန်းသိမ်းရန် အခက်အခဲရှိခြင်း
- မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင် (Neonatal Intensive Care Unit – NICU) တွင် ပြုစုကုသမှု လိုအပ်ခြင်းတို့ ဖြစ်နိုင်သည်။
သို့သော် ဤပြဿနာများအားလုံးကို HBV ပိုးတစ်ခုတည်းက တိုက်ရိုက်ဖြစ်စေသည်ဟု မဆိုနိုင်ပါ။ မိခင်၏ အခြားကျန်းမာရေးအခြေအနေများ၊ ဆေးလိပ်နှင့် အရက်သုံးစွဲမှု၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ HIV သို့မဟုတ် အခြားရောဂါပိုး ပူးတွဲကူးစက်မှုနှင့် လူမှုကျန်းမာရေးဆိုင်ရာ အခြေအနေများကလည်း ကိုယ်ဝန်နှင့် မွေးကင်းစကလေး၏ ရလဒ်များအပေါ် သက်ရောက်နိုင်သည်။
မိခင်မှ ကလေးသို့ HBV ပိုးကူးစက်ခြင်း
HBV ရှိသော ကိုယ်ဝန်တွင် ကလေးအတွက် အရေးအကြီးဆုံးပြဿနာမှာ မိခင်မှ ကလေးထံသို့ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် မွေးဖွားချိန်တစ်ဝိုက်တွင် ရောဂါပိုးကူးစက်ခြင်း (Mother-to-Child Transmission / Vertical Transmission) ဖြစ်သည်။ ကူးစက်မှုအများစုသည် မွေးဖွားချိန်တစ်ဝိုက်တွင် ဖြစ်ပေါ်ပြီး ကလေးထံ ကူးစက်နိုင်ခြေသည် မိခင်၏ HBV ပိုးပွားများမှုအဆင့်နှင့် HBV DNA ပမာဏ မြင့်မားမှုအပေါ်တို့တွင် မူတည်သည်။
ကလေးအား မွေးဖွားပြီးနောက် HBV ကာကွယ်ဆေးနှင့် HBIG မပေးထားသော အခြေအနေတွင် မိခင်မှကလေးသို့ ကူးစက်နိုင်ခြေသည် မိခင်၏ ပိုးပွားများမှုအဆင့်နှင့် အလွန်ဆက်စပ်သည်။
- မိခင်သည် HBeAg positive ဖြစ်ပါက ကလေးသို့ ကူးစက်နိုင်ခြေသည် အလွန်မြင့်မားနိုင်ပြီး ကာကွယ်မှုမရှိပါက ၇၀ မှ ၉၀ ရာခိုင်နှုန်းခန့် အထိ ရှိနိုင်သည်
- မိခင်သည် HBeAg negative ဖြစ်ပါက ကူးစက်နိုင်ခြေ နည်းသွားသော်လည်း လုံးဝမရှိခြင်းမဟုတ်ဘဲ မိခင်၏ HBV DNA ပမာဏအပေါ် မူတည်၍ ကူးစက်နိုင်ခြေ ဆက်လက်ရှိနိုင်သည်
ယနေ့ခေတ်တွင် HBeAg တစ်ခုတည်းထက် မိခင်၏ HBV DNA viral load ကို တိုင်းတာခြင်းသည် ကလေးသို့ ကူးစက်နိုင်ခြေကို ခန့်မှန်းရာတွင် ပိုမိုအသုံးဝင်သည်။ ထို့ကြောင့် Viral load မြင့်မားကြောင်း စစ်ဆေးသိရှိသော ကိုယ်ဝန်ဆောင်မိခင်များတွင် ကိုယ်ဝန်နောက်ပိုင်းကာလ၌ သင့်လျော်သော ဗိုင်းရပ်စ်သတ်ဆေး (antivirals) များဖြင့် ကုသမှုပေးခြင်းနှင့် မွေးဖွားပြီးနောက် ကလေးအား Hepatitis B ကာကွယ်ဆေးနှင့် HBIG ကို အချိန်မီပေးခြင်းဖြင့် မိခင်မှကလေးသို့ HBV ကူးစက်နိုင်ခြေကို အလွန်နည်းပါးသည့်အဆင့်အထိ လျှော့ချနိုင်သည်။
မိခင်မှ HBV ပိုးကူးစက်ခံရသော မွေးကင်းစကလေးများတွင် ရောဂါလက္ခဏာ မပြဘဲ နာတာရှည် HBV ဖြစ်လာနိုင်ခြေ အလွန်မြင့်မားသောပြီး ကလေးဘဝနှင့် အရွယ်ရောက်ချိန်တွင် အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ ဖြစ်ပေါ်နိုင်သော ရေရှည်အန္တရာယ် ရှိလာနိုင်သည်။ ထို့ကြောင့် ကလေးအား မွေးဖွားပြီးနောက်တွင် HBV ကာကွယ်ဆေးနှင့် HBIG ဆေးများ အချိန်မီထိုးပေးရန်မှာ အလွန်အရေးကြီးသော ကာကွယ်ရေးဆိုင်ရာနည်းလမ်းဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု (Antenatal Care) ခံယူရာတွင် အသည်းရောင်အသားဝါ ဘီ ပိုး (Hepatitis B Virus – HBV) အပါအဝင် မိခင်မှကလေးသို့ ကူးစက်နိုင်သော ရောဂါအချို့ကို ပုံမှန်စစ်ဆေးလေ့ရှိသည်။ မိမိတွင် ယခင်ကတည်းက အသည်းရောင်အသားဝါ ဘီ ပိုးရှိကြောင်း သိထားသူဖြစ်စေ၊ ကိုယ်ဝန်ဆောင်စစ်ဆေးမှုမှ ပိုးရှိကြောင်း အသစ်တွေ့ရှိသူဖြစ်စေ ကိုယ်ဝန်စောင့်ရှောက်မှုကို စနစ်တကျ ဆက်လက်ခံယူရန် အရေးကြီးသည်။
အသည်းရောင်အသားဝါ ဘီ ပိုးရှိကြောင်း တွေ့ရှိပါက မိခင်၏ အသည်းကျန်းမာရေး၊ သွေးတွင်းဗိုင်းရပ်စ်ပိုးပမာဏနှင့် ကလေးသို့ ကူးစက်နိုင်ခြေတို့ကို ဆက်လက်အကဲဖြတ်မည်ဖြစ်သည်။ လိုအပ်ပါက သားဖွားမီးယပ်အထူးကု၊ အသည်းအထူးကု သို့မဟုတ် သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် ပူးပေါင်း၍ စောင့်ကြည့်ကုသမှု ခံယူရနိုင်သည်။
ထို့အပြင် အသားဝါခြင်း၊ ဆီးအရောင်အလွန်ရင့်လာခြင်း၊ ဆက်တိုက်အန်ခြင်း၊ ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်း ပြင်းထန်စွာနာကျင်ခြင်း၊ အလွန်အမင်းမောပန်းအားနည်းခြင်း၊ သတိလစ်ခြင်း သို့မဟုတ် စိတ်ရှုပ်ထွေးခြင်းကဲ့သို့သော လက္ခဏာများ ဖြစ်ပေါ်လာပါက ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသသင့်သည်။
ရောဂါရှာဖွေခြင်း
ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းသည် ကိုယ်ဝန်တစ်ကြိမ်စီ၏ အစောပိုင်းကိုယ်ဝန်စောင့်ရှောက်မှုတွင် အသည်းရောင်အသားဝါ ဘီ ပိုးရှိမရှိ စစ်ဆေးမှု ခံယူသင့်သည်။ အဓိကအားဖြင့် သွေးထဲရှိ Hepatitis B Surface Antigen (HBsAg) ကို စစ်ဆေးခြင်းဖြင့် လက်ရှိ HBV ပိုးကူးစက်မှု ရှိမရှိကို သိရှိနိုင်သည်။
လိုအပ်သည့်အခြေအနေတွင် HBsAg တစ်မျိုးတည်းသာမက အခြား Hepatitis B သွေးစစ်ဆေးမှုများဖြစ်သော Anti-HBs နှင့် Anti-HBc တို့ကိုပါ စစ်ဆေးနိုင်သည်။ ယင်းတို့ကို ပေါင်းစပ်အကဲဖြတ်ခြင်းဖြင့် လက်ရှိပိုးကူးစက်မှု ရှိခြင်း၊ ယခင်က ပိုးကူးစက်ခံခဲ့ရပြီး ခုခံအားရရှိထားခြင်း သို့မဟုတ် ကာကွယ်ဆေးထိုးထားခြင်းကြောင့် ခုခံအားရှိနေခြင်းတို့ကို ခွဲခြားသိရှိနိုင်သည်။
ကိုယ်ဝန်ဆောင်မိခင်တွင် HBsAg positive ဖြစ်ကြောင်း တွေ့ရှိပါက အောက်ပါအချက်များကို လိုအပ်သလို ဆက်လက်စစ်ဆေးနိုင်သည်။
- HBV DNA – သွေးတွင်းရှိ ဗိုင်းရပ်စ်ပိုးပမာဏ (Viral Load) ကို တိုင်းတာရန်ဖြစ်ပြီး မိခင်မှကလေးသို့ ပိုးကူးစက်နိုင်ခြေကို အကဲဖြတ်ခြင်းနှင့် ကိုယ်ဝန်ဆောင်စဉ် ဗိုင်းရပ်စ်သတ်ဆေး လိုအပ်ခြင်း ရှိမရှိ ဆုံးဖြတ်ရာတွင် အရေးကြီးသည်
- HBeAg – ဗိုင်းရပ်စ်ပိုးပွားများမှုနှင့် ကူးစက်နိုင်မှုကို အကဲဖြတ်ရာတွင် အထောက်အကူပြုနိုင်သည်
- အသည်းလုပ်ငန်းဆောင်တာ သွေးစစ်ဆေးမှုများ – ALT၊ AST၊ bilirubin စသည်တို့ကို စစ်ဆေး၍ အသည်းရောင်ရမ်းခြင်းနှင့် အသည်းလုပ်ငန်းဆောင်တာကို အကဲဖြတ်နိုင်သည်
- အခြားလိုအပ်သော စစ်ဆေးမှုများ – မိခင်၏ ရောဂါရာဇဝင်နှင့် အသည်းအခြေအနေပေါ်မူတည်၍ platelet count၊ အခြားသွေးစစ်ဆေးမှုများ၊ အသည်းအာထရာဆောင်း (Liver Ultrasound) သို့မဟုတ် အသည်းအမာရွတ်ဖြစ်ပေါ်မှုကို အကဲဖြတ်သည့် စစ်ဆေးမှုများ ပြုလုပ်နိုင်သည်။
ဤစစ်ဆေးမှုများ၏ အဓိကရည်ရွယ်ချက်မှာ မိခင်၏ အသည်းရောဂါအခြေအနေကို သိရှိရန်၊ မိခင်အတွက် ကုသမှုလိုအပ်ခြင်း ရှိမရှိ ဆုံးဖြတ်ရန်နှင့် မွေးဖွားချိန်တွင် ကလေးသို့ HBV ပိုးကူးစက်မှုကို ထိရောက်စွာ ကာကွယ်နိုင်ရန် ကြိုတင်စီစဉ်ရန်ဖြစ်သည်။
ကုသခြင်း
ကိုယ်ဝန်ဆောင်မိခင်တွင် အသည်းရောင်အသားဝါ ဘီ ပိုး (Hepatitis B Virus – HBV) ရှိကြောင်း တွေ့ရှိပါက လူတိုင်း ဗိုင်းရပ်စ်သတ်ဆေး သောက်ရန် မလိုအပ်ပါ။ မိခင်၏ အသည်းရောဂါအခြေအနေ၊ အသည်းအင်ဇိုင်းများ၊ သွေးတွင်း HBV DNA ပမာဏ (Viral Load)၊ အသည်းခြောက်ခြင်း ရှိမရှိနှင့် မိခင်မှကလေးသို့ ပိုးကူးစက်နိုင်ခြေတို့ကို အကဲဖြတ်ပြီး လိုအပ်သည့် ကုသမှုကို ဆုံးဖြတ်ရသည်။
ကိုယ်ဝန်ဆောင်မိခင်များအတွက် ကုသခြင်း
မိခင်တွင် နာတာရှည် အသည်းရောင်အသားဝါ ဘီ ရောဂါအတွက် သီးခြားကုသရန် လိုအပ်သော အခြေအနေရှိပါက ကိုယ်ဝန်ဆောင်နေစဉ်အတွင်း၌ပင် သင့်လျော်သော ဗိုင်းရပ်စ်သတ်ဆေးဖြင့် ကုသမှုခံယူရန် လိုအပ်နိုင်သည်။
ထို့အပြင် မိခင်မှကလေးသို့ HBV ပိုးကူးစက်ခြင်းကို ကာကွယ်ရန်အတွက်လည်း ဗိုင်းရပ်စ်သတ်ဆေး ပေးနိုင်သည်။ အထူးသဖြင့် မိခင်၏ HBV DNA ပမာဏ 200,000 IU/mL နှင့်အထက် မြင့်မားနေပါက Tenofovir Disoproxil Fumarate (TDF) ဖြင့် ကာကွယ်ကုသမှု ပေးနိုင်သည်။ HBV DNA စစ်ဆေးရန် မရနိုင်သောနေရာများတွင် HBeAg positive ဖြစ်ခြင်းကို အစားထိုးညွှန်းကိန်းအဖြစ် အသုံးပြုနိုင်သည်။
TDF ကို ပုံမှန်အားဖြင့် ကိုယ်ဝန်နောက်ပိုင်းကာလတွင် စတင်ပေးနိုင်ပြီး WHO လမ်းညွှန်ချက်အရ ကိုယ်ဝန် ၂၈ ပတ်မှစ၍ အနည်းဆုံး ကလေးမွေးဖွားချိန်အထိ ပေးနိုင်သည်။ ရည်ရွယ်ချက်မှာ မိခင်၏ သွေးတွင်း ဗိုင်းရပ်စ်ပိုးပမာဏကို လျှော့ချပြီး မွေးဖွားချိန်တစ်ဝိုက်တွင် ကလေးသို့ ပိုးကူးစက်နိုင်ခြေကို လျှော့ချရန်ဖြစ်သည်။
ဗိုင်းရပ်စ်သတ်ဆေးကို မည်သည့်အချိန်တွင် စတင်မည်၊ မီးဖွားပြီးနောက် မည်သည့်အချိန်အထိ ဆက်သောက်မည် သို့မဟုတ် ရပ်မည်ဆိုသည်ကို မိခင်၏ အသည်းရောဂါအခြေအနေနှင့် ဆေးပေးရသည့် ရည်ရွယ်ချက်ပေါ်မူတည်၍ ဆရာဝန်က ဆုံးဖြတ်ရမည်။ ဆေးရပ်ပြီးနောက် အသည်းရောင်ခြင်း ပြန်လည်ထကြွလာနိုင်သဖြင့် ALT နှင့် အခြားလိုအပ်သော စစ်ဆေးမှုများဖြင့် ဆက်လက်စောင့်ကြည့်ရန် လိုအပ်နိုင်သည်။
မွေးဖွားသည့်နည်းလမ်း (Mode of Delivery)
အသည်းရောင်အသားဝါ ဘီ ပိုးရှိခြင်းတစ်ခုတည်းကြောင့် ကလေးကို ခွဲစိတ်မွေးဖွားရန် (Caesarean Section) မလိုအပ်ပါ။ ခွဲစိတ်မွေးဖွားရန် အခြားအကြောင်းပြချက်မရှိပါက သဘာဝအတိုင်း မွေးဖွားနိုင်သည်။
မွေးဖွားသည့်နည်းလမ်းကို HBV ပိုးရှိခြင်းထက် မိခင်နှင့်သန္ဓေသား၏ သားဖွားမီးယပ်ဆိုင်ရာ အခြေအနေများပေါ် အဓိကမူတည်၍ ဆုံးဖြတ်ရသည်။
မီးဖွားပြီးနောက် စောင့်ရှောက်မှု
မွေးကင်းစကလေးအား ပိုးကူးစက်မှုမှ ကာကွယ်ခြင်း
HBsAg positive မိခင်မှ မွေးဖွားလာသော ကလေးအတွက် မွေးပြီးချိန်မှစ၍ အသည်းရောင်အသားဝါ ဘီ ပိုးကူးစက်မှုကို ကာကွယ်ပေးရန် အလွန်အရေးကြီးသည်။
ဖြစ်နိုင်ပါက မွေးဖွားပြီး ၁၂ နာရီအတွင်း
- အသည်းရောင်အသားဝါ ဘီ ကာကွယ်ဆေး (Hepatitis B Vaccine) ပထမအကြိမ်နှင့်
- အသည်းရောင်အသားဝါ ဘီ ခုခံအားဆေး (Hepatitis B Immune Globulin – HBIG) တို့ကို မတူညီသော ဆေးထိုးသည့်နေရာများတွင် ထိုးနှံပေးသင့်သည်။
ထို့နောက် အသုံးပြုသည့် ကာကွယ်ဆေးအမျိုးအစားနှင့် သက်ဆိုင်ရာနိုင်ငံ၏ ကလေးကာကွယ်ဆေးထိုးအစီအစဉ်အတိုင်း Hepatitis B ပါဝင်သော ကာကွယ်ဆေးအကြိမ်များကို ဆက်လက်ထိုးနှံ၍ ကာကွယ်ဆေးအကြိမ်ရေ အပြည့်အဝ ပြီးဆုံးအောင် ပြုလုပ်ရမည်။ WHO လမ်းညွှန်ချက်အရ မွေးပြီး (၂၄) နာရီအတွင်း birth dose ပေးပြီးနောက် အနည်းဆုံး နောက်ထပ် (၂) ကြိမ် ဆက်လက်ပေးရန် လိုအပ်သည်။
ကလေးအား နောက်ဆက်တွဲ သွေးစစ်ဆေးခြင်း
HBV ပိုးရှိသော မိခင်မှ မွေးဖွားလာသော ကလေးသည် ကာကွယ်ဆေးအကြိမ်ရေ အပြည့်အဝ ပြီးဆုံးပြီးနောက် ပိုးကူးစက်ခံထားရခြင်း ရှိမရှိနှင့် ကာကွယ်ဆေးကြောင့် လုံလောက်သော ခုခံအား ရရှိခြင်း ရှိမရှိကို စစ်ဆေးသင့်သည်။
ပုံမှန်အားဖြင့် အသက် ၉လ မှ ၁၂လအတွင်း သို့မဟုတ် ကာကွယ်ဆေးနောက်ဆုံးအကြိမ် နောက်ကျမှထိုးခဲ့ပါက နောက်ဆုံးအကြိမ်ထိုးပြီး ၁လ မှ ၂လအကြာတွင်
- HBsAg
- Anti-HBs တို့ကိုစစ်ဆေးသည်။ ဤအချိန်တွင် Anti-HBc ကို ပုံမှန်စစ်ဆေးရန် မလိုအပ်ပါ။
မိခင်နို့တိုက်ကျွေးခြင်း
အသည်းရောင်အသားဝါ ဘီ ပိုးရှိသော မိခင်သည် ကလေးအား မိခင်နို့တိုက်ကျွေးနိုင်သည်။ မွေးကင်းစကလေးအား သတ်မှတ်ထားသည့် Hepatitis B ကာကွယ်မှုများ အချိန်မီပြုလုပ်ထားပါက HBV ရှိခြင်းတစ်ခုတည်းကြောင့် မိခင်နို့တိုက်ကျွေးမှုကို ရှောင်ရန် မလိုအပ်ပါ။
နို့သီးခေါင်း ကွဲအက်၍ သွေးထွက်နေပါက သွေးမှတစ်ဆင့် ကူးစက်နိုင်၍ နို့သီးခေါင်း ပြန်လည်ကောင်းမွန်လာသည်အထိ ထိခိုက်နေသောဘက်မှ နို့တိုက်ခြင်းကို ယာယီရပ်နားရန် အကြံပြုသည်။
TDF သောက်သုံးနေရသော မိခင်များတွင်လည်း ယေဘုယျအားဖြင့် မိခင်နို့တိုက်ကျွေးနိုင်ပြီး ဆေးဆက်လက်သောက်ရန် လိုအပ်ခြင်း ရှိမရှိကို မိခင်၏ ကုသမှုရည်ရွယ်ချက်နှင့် အသည်းအခြေအနေအပေါ်မူတည်၍ ဆရာဝန်နှင့် ဆွေးနွေးဆုံးဖြတ်သင့်သည်။
ကာကွယ်ခြင်း
အသည်းရောင်အသားဝါ ဘီ ပိုး မကူးစက်ရသေးဘဲ HBV ပိုးကို ခုခံနိုင်သော ကိုယ်ခံအားမရှိသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် ပိုးကူးစက်နိုင်ခြေရှိပါက Hepatitis B ကာကွယ်ဆေး ထိုးနှံနိုင်သည်။
HBV ပိုးကူးစက်နိုင်ခြေ ပိုမိုမြင့်မားစေသော အခြေအနေများတွင် HBV ပိုးရှိသူနှင့် လိင်ဆက်ဆံဖော်ဖြစ်ခြင်း၊ ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်း၊ အခြားသူ၏သွေးနှင့် ထိတွေ့နိုင်ခြေရှိခြင်း စသည်တို့ ပါဝင်သည်။
Hepatitis B ကာကွယ်ဆေးသည် အသက်ရှင်သောဗိုင်းရပ်စ်ပါဝင်သည့် ကာကွယ်ဆေး (Live Vaccine) မဟုတ်သောကြောင့် လိုအပ်ပါက ကိုယ်ဝန်ဆောင်ကာလအတွင်း ထိုးနှံနိုင်သည်။
ယခင်က ကာကွယ်ဆေးထိုးထားမှုနှင့် ခုခံအားရှိမရှိ မသေချာပါက သွေးစစ်ဆေးမှုရလဒ်၊ ကာကွယ်ဆေးထိုးမှတ်တမ်းနှင့် ပိုးကူးစက်နိုင်ခြေတို့ကို ပေါင်းစပ်အကဲဖြတ်၍ ကာကွယ်ဆေးလိုအပ်ခြင်း ရှိမရှိ ဆုံးဖြတ်နိုင်သည်။
သို့သော် HBV ပိုးကူးစက်ခံထားရပြီး HBsAg positive ဖြစ်နေသူအား Hepatitis B ကာကွယ်ဆေးထိုးခြင်းသည် လက်ရှိပိုးကူးစက်မှုကို ကုသပေးနိုင်ခြင်းမရှိပါ။ ထိုသူများတွင် အသည်းအခြေအနေကို စောင့်ကြည့်ခြင်းနှင့် လိုအပ်ပါက သင့်လျော်သော ဗိုင်းရပ်စ်သတ်ဆေးကုသမှု ခံယူခြင်းတို့က ပိုမိုအရေးကြီးသည်။
References:
- American College of Obstetricians and Gynecologists. (n.d.). Viral hepatitis in pregnancy. Retrieved August 18, 2026, from https://www.acog.org/womens-health/faqs/viral-hepatitis-in-pregnancy
- British Association for the Study of the Liver. (2021). British Viral Hepatitis Group (BVHG) guidelines for the management of hepatitis B in pregnancy. Retrieved August 18, 2026, from https://www.basl.org.uk/uploads/BVHG%20Perinatal%20HBV%203.3.21.pdf
- Centers for Disease Control and Prevention. (n.d.). Hepatitis B or C infections and breastfeeding. Retrieved August 18, 2026, from https://www.cdc.gov/breastfeeding-special-circumstances/hcp/illnesses-conditions/hepatitis-b-c.html
- Department of Health and Social Care. (2026). Immunisation against infectious disease: Chapter 18—Hepatitis B (The Green Book). Retrieved August 18, 2026, from https://assets.publishing.service.gov.uk/media/699c8d35e1c6bad1576fbc01/Green-book-on-immunisation-hepatitis-B-chapter_-_05022026.pdf
- High Risk Pregnancy Information. (n.d.). Hepatitis B (HBV). Retrieved August 18, 2026, from https://www.highriskpregnancyinfo.org/hbv
- World Health Organization. (n.d.). Prevention of mother-to-child transmission of hepatitis B. Retrieved August 18, 2026, from https://www.who.int/teams/global-hiv-hepatitis-and-stis-programmes/hepatitis/prevention/mother-to-child-transmission-of-hepatitis-b
Published: 24 September 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.