Cytomegalovirus infection and Pregnancy (ကိုယ်ဝန်ဆောင်ချိန်တွင် CMV ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်း)

Cytomegalovirus infection and Pregnancy (ကိုယ်ဝန်ဆောင်ချိန်တွင် CMV ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်း)

ဆိုက်တိုမက်ဂလိုဗိုင်းရပ်စ် (Cytomegalovirus – CMV) သည် ရေယုန်ဗိုင်းရပ်စ်မျိုးနွယ်စု (Herpesvirus family) တွင် ပါဝင်ပြီး ကမ္ဘာတစ်ဝှမ်း အလွန်အဖြစ်များသည့် ဗိုင်းရပ်စ်ပိုးတစ်မျိုး ဖြစ်သည်။ လူအများစုသည် ဘဝတစ်လျှောက် တစ်ချိန်ချိန်တွင် CMV ဗိုင်းရပ်စ်ပိုးကူးစက်ခံရနိုင်ပြီး ကျန်းမာသောအရွယ်ရောက်သူများတွင် အများအားဖြင့် ရောဂါလက္ခဏာမပြခြင်း သို့မဟုတ် အပျော့စားလက္ခဏာများသာ ဖြစ်ပေါ်တတ်သည်။ ပထမအကြိမ် ပိုးဝင်ပြီးနောက် CMV ဗိုင်းရပ်စ်သည် ခန္ဓာကိုယ်အတွင်း ငြိမ်သက်စွာ ဆက်လက်တည်ရှိနိုင်ပြီး နောက်ပိုင်းတွင် ပြန်လည်ထကြွလာနိုင်သည်။

ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်၌ CMV ဗိုင်းရပ်စ် ပထမဆုံးအကြိမ် ကူးစက်ခံရခြင်း၊ နဂိုရှိရင်းစွဲပိုး ပြန်လည်ထကြွလာခြင်း သို့မဟုတ် CMV ဗိုင်းရပ်စ်မျိုးကွဲအသစ်တစ်မျိုး ထပ်မံကူးစက်ခံရခြင်းတို့ ဖြစ်ပေါ်ပါက ဗိုင်းရပ်စ်သည် အချင်းမှတစ်ဆင့် သန္ဓေသားထံ ကူးစက်နိုင်သည်။ ထိုသို့ မမွေးဖွားမီကတည်းက CMV ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းကို မွေးရာပါ CMV ဗိုင်းရပ်စ်ပိုးကူးစက်ခြင်း (Congenital CMV infection – CMV) ဟုခေါ်သည်။

မွေးရာပါ CMV ဗိုင်းရပ်စ်ပိုးကူးစက်ခံရသော ကလေးအများစုတွင် မွေးဖွားချိန်၌ ရောဂါလက္ခဏာ မပြနိုင်သော်လည်း အချို့ကလေးများတွင် အကြားအာရုံချို့ယွင်းခြင်း၊ အမြင်အာရုံပြဿနာများ၊ ဦးနှောက်နှင့် အာရုံကြောဖွံ့ဖြိုးမှု ထိခိုက်ခြင်းနှင့် ဖွံ့ဖြိုးမှုနောက်ကျခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ CMV ဗိုင်းရပ်စ်သည် ကလေးများတွင် မွေးရာပါ ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်သော အကြားအာရုံဆုံးရှုံးမှု၏ အရေးကြီးသော အကြောင်းရင်းတစ်ခုဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများနှင့် ကူးစက်ပုံ

CMV ဗိုင်းရပ်စ်သည် ပိုးရှိသူ၏ တံတွေး၊ ဆီး၊ မျက်ရည်၊ သွေး၊ မိခင်နို့နှင့် မျိုးပွားအင်္ဂါများမှ ထွက်သော အရည်များမှတစ်ဆင့် ကူးစက်နိုင်သည်။ ကိုယ်ဝန်ဆောင်မိခင်များအတွက် အရေးကြီးသော ကူးစက်ရာအရင်းအမြစ်တစ်ခုမှာ ကလေးငယ်များ၊ အထူးသဖြင့် မူကြိုအရွယ်ကလေးများ၏ တံတွေးနှင့် ဆီးတို့ဖြစ်သည်။ ကလေးကို နမ်းခြင်း၊ ကလေး၏သွားရည် သို့မဟုတ် ဆီးပေကျံနေသော အနှီး၊ ကစားစရာနှင့် အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ပြီး လက်သေချာမဆေးခြင်းတို့မှ ပိုးကူးစက်နိုင်သည်။

ကိုယ်ဝန်ဆောင်မိခင်တွင် CMV ဗိုင်းရပ်စ်ပိုးကူးစက်မှုကို အဓိကအားဖြင့် အောက်ပါနှစ်မျိုး ခွဲခြားနိုင်သည်။

  • ပထမအကြိမ် ပိုးဝင်ခြင်း (Primary infection) – ယခင်က CMV ဗိုင်းရပ်စ်ပိုးမကူးစက်ဖူးသော မိခင်တွင် ကိုယ်ဝန်ဆောင်ချိန်၌ ပထမဆုံးအကြိမ် ပိုးကူးစက်ခံရခြင်းဖြစ်သည်
  • နဂိုရှိရင်းစွဲပိုး ပြန်လည်ထကြွခြင်း သို့မဟုတ် ပိုးမျိုးကွဲအသစ် ထပ်မံကူးစက်ခြင်း (Non-primary infection) – ခန္ဓာကိုယ်အတွင်း ငြိမ်သက်စွာ တည်ရှိနေသော CMV ဗိုင်းရပ်စ်ပိုး ပြန်လည်ထကြွလာခြင်း သို့မဟုတ် CMV ဗိုင်းရပ်စ်မျိုးကွဲအသစ်တစ်မျိုး ထပ်မံကူးစက်ခံရခြင်းဖြစ်သည်

ကိုယ်ဝန်ဆောင်မိခင်တွင် ပိုးကူးစက်ပြီးနောက် CMV ဗိုင်းရပ်စ်သည် အချင်းမှတစ်ဆင့် သန္ဓေသားထံ ကူးစက်နိုင်သည်။ ယေဘုယျအားဖြင့် ကိုယ်ဝန်သက်တမ်း ရင့်လာသည်နှင့်အမျှ သန္ဓေသားထံ ပိုးကူးစက်နိုင်ခြေ ပိုမိုမြင့်တက်လာသော်လည်း ကိုယ်ဝန်အစောပိုင်း၊ အထူးသဖြင့် ပထမသုံးလပတ်အတွင်း ပထမဆုံးအကြိမ် ပိုးဝင်ပါက သန္ဓေသား၏ ဦးနှောက်နှင့်အာရုံကြောဖွံ့ဖြိုးမှု ထိခိုက်ခြင်းအပါအဝင် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်ခြေ ပိုမိုမြင့်မားသည်။

ရောဂါလက္ခဏာများ
မိခင်တွင်တွေ့ရနိုင်သော လက္ခဏာများ

ကိုယ်ဝန်ဆောင်ချိန်တွင် CMV ဗိုင်းရပ်စ်ပိုးကူးစက်ခံရသော မိခင်အများစု၌ ထင်ရှားသော ရောဂါလက္ခဏာများ မတွေ့ရတတ်ပါ။ လက္ခဏာပြသည့်အခါတွင်လည်း အများအားဖြင့် အပျော့စားဖြစ်ပြီး တုပ်ကွေး သို့မဟုတ် အခြားဗိုင်းရပ်စ်ပိုးကူးစက်မှုများနှင့် ဆင်တူသော အောက်ပါလက္ခဏာများသာ ဖြစ်ပေါ်နိုင်သည်။

  • ဖျားခြင်းနှင့် လည်ချောင်းနာခြင်း
  • ပြန်ရည်ကျိတ်များ ရောင်ရမ်းကြီးထွားခြင်း
  • ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
  • နုံးချည့်ပင်ပန်းခြင်း
  • အရေပြားတွင် အနီကွက်၊ အဖုအပိမ့်များ ထွက်ခြင်း
သန္ဓေသားနှင့် မွေးကင်းစကလေးတွင် တွေ့ရနိုင်သော လက္ခဏာများ

မွေးရာပါ CMV ဗိုင်းရပ်စ်ပိုးကူးစက်ခံရသော ကလေးအများစုသည် မွေးဖွားချိန်တွင် ထင်ရှားသော ရောဂါလက္ခဏာ မပြတတ်ပါ။ သို့သော် မွေးစတွင် လက္ခဏာပြသော ကလေးများ၌ အောက်ပါအခြေအနေများ တွေ့ရနိုင်သည်။

  • ဦးခေါင်းအရွယ်အစား ပုံမှန်ထက်သေးငယ်ခြင်း (Microcephaly)
  • ဦးနှောက်အတွင်း ကယ်လ်စီယမ်ဓာတ် စုပုံခြင်း (Intracranial calcifications)
  • အကြားအာရုံ လျော့နည်းခြင်း သို့မဟုတ် နားမကြားခြင်း (Sensorineural hearing loss)
  • အသားဝါခြင်း (Jaundice)
  • အသည်းနှင့် ဘေလုံး ကြီးလာခြင်း (Hepatosplenomegaly)
  • အရေပြားပေါ်တွင် သွေးခြည်ဥကဲ့သို့ အနီရောင် သို့မဟုတ် ခရမ်းရောင်အစက်များ ထွက်ခြင်း (Petechiae/Purpura)
  • မွေးဖွားချိန်တွင် ကိုယ်အလေးချိန်နည်းခြင်း သို့မဟုတ် သန္ဓေသားကြီးထွားမှု ထိခိုက်ခြင်း
  • လမစေ့ဘဲ မွေးဖွားခြင်း
  • အချို့ပြင်းထန်သောအခြေအနေများတွင် တက်ခြင်း၊ မျက်စိနှင့် အမြင်အာရုံဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခြင်း
နောက်ဆက်တွဲပြဿနာများ

ကိုယ်ဝန်ဆောင်မိခင်အများစုတွင် CMV ဗိုင်းရပ်စ်ပိုးကူးစက်မှုကြောင့် ပြင်းထန်သော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လေ့မရှိပါ။ သို့သော် ကိုယ်ခံအား အလွန်နည်းပါးနေသူများတွင် ရှားရှားပါးပါး အသည်းရောင်ခြင်း၊ အဆုတ်ရောင်ခြင်း သို့မဟုတ် မျက်စိမြင်လွှာရောင်ခြင်းကဲ့သို့ ပြင်းထန်သော CMV ဗိုင်းရပ်စ်ရောဂါများ ဖြစ်ပေါ်နိုင်သည်။

မွေးရာပါ CMV ဗိုင်းရပ်စ်ပိုးကူးစက်မှု၏ အရေးကြီးဆုံးသက်ရောက်မှုမှာ သန္ဓေသားနှင့် ကလေး၏ ရေရှည်ဖွံ့ဖြိုးမှုအပေါ် ထိခိုက်နိုင်ခြင်းဖြစ်သည်။ ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_

  • ကိုယ်ဝန်ဆိုင်ရာ နောက်ဆက်တွဲပြဿနာများ – ပြင်းထန်သော သန္ဓေသားပိုးကူးစက်မှုတွင် ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် ကလေးအသေမွေးခြင်းတို့ ရှားရှားပါးပါး ဖြစ်ပေါ်နိုင်သည်
  • အကြားအာရုံချို့ယွင်းခြင်း – မွေးရာပါ CMV ဗိုင်းရပ်စ်၏ အရေးကြီးဆုံး ရေရှည်နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်သည်၊ မွေးစတွင် အကြားအာရုံ ပုံမှန်ဖြစ်သော ကလေးအချို့တွင်ပင် နောက်ပိုင်း၌ အကြားအာရုံ တဖြည်းဖြည်း လျော့နည်းလာနိုင်သောကြောင့် ရေရှည်စောင့်ကြည့်စစ်ဆေးရန် လိုအပ်နိုင်သည်
  • ဦးနှောက်နှင့် အာရုံကြောဖွံ့ဖြိုးမှု ထိခိုက်ခြင်း – ဖွံ့ဖြိုးမှု နောက်ကျခြင်း၊ ဉာဏ်ရည်နှင့် သင်ယူမှုဆိုင်ရာ အခက်အခဲများ၊ လှုပ်ရှားသွားလာမှုဆိုင်ရာ မသန်စွမ်းခြင်းနှင့် Cerebral palsy တို့ ဖြစ်ပေါ်နိုင်သည်
  • တက်ခြင်း (Seizures) – ဦးနှောက်ထိခိုက်မှုရှိသော ကလေးအချို့တွင် တက်ခြင်း ဖြစ်ပေါ်နိုင်သည်
  • အမြင်အာရုံ ထိခိုက်ခြင်း – မျက်စိမြင်လွှာနှင့် အခြားမျက်စိအစိတ်အပိုင်းများ ထိခိုက်မှုကြောင့် အမြင်အာရုံ လျော့နည်းနိုင်သည်

မွေးစတွင် ရောဂါလက္ခဏာမပြသော ကလေးအချို့တွင်လည်း အကြားအာရုံချို့ယွင်းခြင်းကဲ့သို့သော ပြဿနာများသည် နောက်ပိုင်းမှ ပေါ်ပေါက်လာနိုင်သဖြင့် မွေးရာပါ CMV ဗိုင်းရပ်စ်ပိုးကူးစက်မှုရှိကြောင်း အတည်ပြုထားသော ကလေးများကို ရေရှည်စောင့်ကြည့်စစ်ဆေးရန် အရေးကြီးသည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအနေဖြင့် အောက်ပါအခြေအနေများရှိပါက မိမိ၏ သားဖွားမီးယပ်ဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။

  • ကိုယ်ဝန်ဆောင်နေစဉ် အကြောင်းရင်းမသိဘဲ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ နုံးချည့်ခြင်းနှင့် ပြန်ရည်ကျိတ်များ ကြီးလာခြင်းကဲ့သို့ CMV ဗိုင်းရပ်စ်ပိုးကူးစက်မှု ဖြစ်နိုင်သော လက္ခဏာများ ရှိလာခြင်း
  • CMV ဗိုင်းရပ်စ်ပိုးကူးစက်နိုင်ခြေများသော ကလေးငယ်များ၏ တံတွေး၊ ဆီးနှင့် မကြာခဏ ထိတွေ့ရသူဖြစ်ပြီး ပိုးကူးစက်မှု ဖြစ်နိုင်သော လက္ခဏာများ ရှိလာခြင်း
  • ကိုယ်ဝန်ဆောင်စဉ် သွေးစစ်ဆေးမှုတစ်ခုခုတွင် CMV ဗိုင်းရပ်စ်ပိုး မကြာသေးမီက ကူးစက်ထားနိုင်ကြောင်း သံသယရှိခြင်း
  • ကိုယ်ဝန်ဆောင်စဉ် အာထရာဆောင်းစစ်ဆေးမှုတွင် သန္ဓေသား၏ ဦးနှောက်၊ ကိုယ်တွင်းအင်္ဂါများ သို့မဟုတ် ကြီးထွားဖွံ့ဖြိုးမှုတွင် ပုံမှန်မဟုတ်သော အခြေအနေများ တွေ့ရှိခြင်း
ရောဂါရှာဖွေခြင်း

ကိုယ်ဝန်ဆောင်မိခင်တွင် CMV ဗိုင်းရပ်စ်ပိုးကူးစက်မှု သံသယရှိပါက မိခင်တွင် ပိုးကူးစက်ထားခြင်း ရှိမရှိ၊ မည်သည့်အချိန်ခန့်တွင် ပိုးကူးစက်ခဲ့နိုင်သည်နှင့် သန္ဓေသားထံသို့ ပိုးကူးစက်ထားခြင်း ရှိမရှိတို့ကို သိရှိနိုင်ရန် အောက်ပါစစ်ဆေးမှုများကို လိုအပ်သလို ပြုလုပ်နိုင်သည်။

  • မိခင်အား သွေးစစ်ဆေးခြင်း (Maternal serology)
    • သွေးအတွင်းရှိ CMV ဗိုင်းရပ်စ်နှင့်ဆိုင်သော ပဋိပစ္စည်းများ (IgG နှင့် IgM) ကို စစ်ဆေးနိုင်သည်
    • လိုအပ်ပါက မကြာသေးမီက ပထမဆုံးအကြိမ် ပိုးကူးစက်မှု ဖြစ်နိုင်ခြေကို ပိုမိုတိကျစွာ ခန့်မှန်းနိုင်ရန် CMV ဗိုင်းရပ်စ် IgG avidity test ကိုပါ တွဲဖက်စစ်ဆေးနိုင်သည်
    • သွေးစစ်ဆေးမှုတစ်မျိုးတည်းဖြင့် သန္ဓေသားထံ ပိုးကူးစက်ထားခြင်းရှိမရှိကို အတည်မပြုနိုင်ပါ
  • သန္ဓေသားအား အာထရာဆောင်းဖြင့် စစ်ဆေးခြင်း (Fetal ultrasound)
    • သန္ဓေသား၏ ကြီးထွားဖွံ့ဖြိုးမှုနှင့် ဦးနှောက်၊ အသည်း၊ အူလမ်းကြောင်းနှင့် အခြားကိုယ်တွင်းအင်္ဂါများတွင် CMV ဗိုင်းရပ်စ်ပိုးကူးစက်မှုနှင့် ဆက်စပ်နိုင်သော ပုံမှန်မဟုတ်သည့် အခြေအနေများ ရှိမရှိ အသေးစိတ်စစ်ဆေးသည်
    • လိုအပ်သောအခြေအနေများတွင် သန္ဓေသား၏ ဦးနှောက်ကို ပိုမိုအသေးစိတ် စစ်ဆေးရန် သံလိုက်ဓာတ်မှန် (Fetal MRI) ကို ထပ်မံပြုလုပ်နိုင်သည်
  • ရေမြွှာရည် စစ်ဆေးခြင်း (Amniocentesis with CMV PCR)
    • သန္ဓေသားထံ CMV ဗိုင်းရပ်စ်ပိုးကူးစက်ထားခြင်းရှိမရှိကို စစ်ဆေးရန် ရေမြွှာရည်နမူနာယူ၍ ဗိုင်းရပ်စ်၏ DNA ကို PCR နည်းဖြင့် စစ်ဆေးနိုင်သည်
    • စစ်ဆေးမှု၏ တိကျမှုကောင်းမွန်စေရန် ယေဘုယျအားဖြင့် ကိုယ်ဝန် ၂၁ ပတ်ကျော်ပြီး မိခင်တွင် ပိုးကူးစက်ခဲ့သည့်အချိန်မှ အနည်းဆုံး ၆ ပတ်ခန့် ကြာပြီးနောက် စစ်ဆေးရန် အကြံပြုထားသည်

ရေမြွှာရည်တွင် CMV ဗိုင်းရပ်စ်ပိုးတွေ့ရှိခြင်းသည် သန္ဓေသားထံ ပိုးကူးစက်ထားကြောင်း အတည်ပြုနိုင်သော်လည်း ကလေးတွင် ရောဂါမည်မျှပြင်းထန်မည် သို့မဟုတ် ရေရှည်နောက်ဆက်တွဲပြဿနာ မည်မျှရှိမည်ကို တိတိကျကျ မခန့်မှန်းနိုင်ပါ။ ထို့ကြောင့် အာထရာဆောင်းနှင့် လိုအပ်ပါက Fetal MRI ဖြင့် ဆက်လက်စောင့်ကြည့်စစ်ဆေးရန် အရေးကြီးသည်။

ကုသခြင်း

ကိုယ်ဝန်ဆောင်ချိန်တွင် CMV ဗိုင်းရပ်စ်ပိုးကူးစက်မှုကို ကုသခြင်းနှင့် စောင့်ကြည့်ခြင်းသည် မိခင်တွင် ပိုးကူးစက်သည့်အချိန်၊ သန္ဓေသားထံ ပိုးကူးစက်ထားခြင်းရှိမရှိနှင့် သန္ဓေသားတွင် ထိခိုက်မှုရှိမရှိတို့အပေါ် မူတည်သည်။

  • ကိုယ်ဝန်ဆောင်မိခင်အား ကုသခြင်း (Maternal antiviral treatment)
    • ကိုယ်ဝန်အစောပိုင်းတွင် CMV ဗိုင်းရပ်စ်ပိုး ပထမဆုံးအကြိမ် ကူးစက်ခံရခြင်း (Primary infection) အတည်ပြုထားသော အချို့ကိုယ်ဝန်ဆောင်မိခင်များတွင် သန္ဓေသားထံ ပိုးကူးစက်နိုင်ခြေကို လျှော့ချရန် Valaciclovir (Valacyclovir) ဆေးကို အသုံးပြုနိုင်သော်လည်း ကိုယ်ဝန်ဆောင်မိခင်တိုင်းအတွက် ပုံမှန်ပေးရမည့် ကုသမှုမဟုတ်ပါ
    • မိခင်နှင့်သန္ဓေသားဆိုင်ရာ အထူးကုဆရာဝန်၏ ကြီးကြပ်မှုအောက်တွင် အကျိုးကျေးဇူးနှင့် ဖြစ်နိုင်သောအန္တရာယ်များကို ချိန်ဆ၍ ဆုံးဖြတ်ရန် လိုအပ်သည်
  • သန္ဓေသားအား စောင့်ကြည့်ခြင်း (Fetal surveillance)
    • ရေမြွှာရည် PCR စစ်ဆေးမှုဖြင့် သန္ဓေသားထံ CMV ဗိုင်းရပ်စ်ပိုးကူးစက်ထားကြောင်း အတည်ပြုပါက သန္ဓေသား၏ ကြီးထွားမှုနှင့် ဦးနှောက်အပါအဝင် ကိုယ်တွင်းအင်္ဂါများ ဖွံ့ဖြိုးမှုကို အာထရာဆောင်းဖြင့် ပုံမှန်စောင့်ကြည့်စစ်ဆေးရမည်
    • လိုအပ်ပါက Fetal MRI ဖြင့် ဦးနှောက်ကို ပိုမိုအသေးစိတ် စစ်ဆေးနိုင်သည်
  • မွေးကင်းစကလေးအား ကုသခြင်း (Neonatal treatment)
    • မွေးရာပါ CMV ဗိုင်းရပ်စ်ကူးစက်ခြင်း (Congenital CMV) ရှိပြီး အထူးသဖြင့် ဦးနှောက်နှင့် အာရုံကြောစနစ်အပါအဝင် သိသာသော လက္ခဏာများရှိသည့် မွေးကင်းစကလေးများတွင် Valganciclovir သို့မဟုတ် Ganciclovir ဖြင့် ကုသမှုကို စောစီးစွာ စတင်ရန် စဉ်းစားနိုင်သည်
    • ကုသမှုသည် အကြားအာရုံနှင့် ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ ရေရှည်ရလဒ်များကို ပိုမိုကောင်းမွန်စေနိုင်သည်
    • ဆေး၏ ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သဖြင့် ကလေးအထူးကုဆရာဝန်၏ ကြီးကြပ်မှုဖြင့် သွေးစစ်ဆေးမှုများအပါအဝင် ပုံမှန်စောင့်ကြည့်ရန် လိုအပ်သည်
ကာကွယ်ခြင်း

လက်ရှိအချိန်အထိ ပုံမှန်အသုံးပြုနိုင်ရန် အတည်ပြုထားသော CMV ဗိုင်းရပ်စ်ကာကွယ်ဆေး မရှိသေးသောကြောင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကလေးငယ်များ၏ တံတွေးနှင့် ဆီးတို့မှ CMV ဗိုင်းရပ်စ်ပိုးကူးစက်မှုကို လျှော့ချနိုင်သော တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများသည် အရေးကြီးသည်။

  • အစားအသောက်နှင့် အသုံးအဆောင်များ မျှဝေခြင်းကို ရှောင်ကြဉ်ခြင်း
    • ကလေးငယ်များနှင့် အစားအစာ၊ အဖျော်ယမကာ၊ ဇွန်း၊ ခက်ရင်း၊ ခွက်နှင့် သွားပွတ်တံများကို မျှဝေသုံးစွဲခြင်း မပြုသင့်ပါ
  • ကလေး၏ တံတွေးနှင့် တိုက်ရိုက်ထိတွေ့မှုကို လျှော့ချခြင်း
    • ကလေးငယ်ကို နမ်းသည့်အခါ နှုတ်ခမ်းကို တိုက်ရိုက်နမ်းခြင်းထက် နဖူး သို့မဟုတ် ခေါင်းကို နမ်းနိုင်သည်
    • ကလေးအသုံးပြုထားသော ချိုလိမ် (Dummy/Pacifier) ကို မိမိပါးစပ်အတွင်း ထည့်ခြင်းကိုလည်း ရှောင်ကြဉ်သင့်သည်
  • လက်ကို စနစ်တကျဆေးကြောခြင်း
    • ကလေး၏ အနှီးလဲပေးခြင်း၊ နှာရည် သို့မဟုတ် သွားရည်သုတ်ပေးခြင်း၊ အိမ်သာအသုံးပြုရန် ကူညီပေးခြင်း သို့မဟုတ် ဆီးနှင့် တံတွေးတို့ကို ထိတွေ့ပြီးနောက် လက်ကို ဆပ်ပြာနှင့်ရေဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာ သေချာစွာ ဆေးကြောသင့်သည်
  • ပစ္စည်းများကို သန့်ရှင်းစွာထားခြင်း
    • ကလေး၏ တံတွေး သို့မဟုတ် ဆီးနှင့် ထိတွေ့နိုင်သော ကစားစရာများ၊ အသုံးအဆောင်များနှင့် မျက်နှာပြင်များကို ပုံမှန်သန့်ရှင်းပေးသင့်သည်

References:

  1. American College of Obstetricians and Gynecologists. (2015). Cytomegalovirus, parvovirus B19, varicella zoster, and toxoplasmosis in pregnancy. Retrieved August 10, 2026, from https://www.acog.org/clinical/clinical-guidance/practice-bulletin/articles/2015/06/cytomegalovirus-parvovirus-b19-varicella-zoster-and-toxoplasmosis-in-pregnancy
  2. Cleveland Clinic. (n.d.). Cytomegalovirus (CMV). Retrieved August 10, 2026, from https://my.clevelandclinic.org/health/diseases/21166-cytomegalovirus
  3. Mayo Clinic. (n.d.). Cytomegalovirus (CMV): Diagnosis and treatment. Retrieved August 10, 2026, from https://www.mayoclinic.org/diseases-conditions/cmv/diagnosis-treatment/drc-20355364
  4. Royal College of Obstetricians and Gynaecologists. (2024). Congenital cytomegalovirus infection: Update on screening, diagnosis and treatment (Scientific Impact Paper No. 56). Retrieved August 10, 2026, from https://www.rcog.org.uk/guidance/browse-all-guidance/scientific-impact-papers/congenital-cytomegalovirus-infection-update-on-screening-diagnosis-and-treatment-scientific-impact-paper-no-56/
  5. Suhag, A., & Nava, S. (2024). Cytomegalovirus in pregnancy. The Obstetrician & Gynaecologist, 26(4), 327–335. https://doi.org/10.1111/tog.12987

Published: 24 September 2026

Share

10 August 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.