အမျိုးသားများတွင် ဝှေးစေ့များကို ထိန်းသိမ်းပေးထားသော အရေပြားအိတ်ကို ကပ်ပယ်အိတ်ဟုခေါ်သည်။ ကပ်ပယ်အိတ်အတွင်း သွေးကြောထုံးခြင်း (Varicocele) ဆိုသည်မှာ အဆိုပါ အိတ်အတွင်းရှိ သွေးပြန်ကြောစုများ ပုံမှန်ထက် ပိုမိုဖောင်းကြွလာခြင်းကို ဆိုလိုသည်။ ဤရောဂါသည် ခြေထောက်ရှိ သွေးပြန်ကြောထုံးခြင်း (Varicose veins) နှင့် ဖြစ်စဉ်ချင်း ဆင်တူပြီး အမျိုးသား ၅ ဦးလျှင် ၁ ဦးခန့် (၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်) အထိ အဖြစ်များတတ်သည်။
ကပ်ပယ်အိတ်၏ ဘယ်ဘက်ခြမ်းရှိ သွေးပြန်ကြောများ တည်ဆောက်ပုံနှင့် သွေးစီးဆင်းမှုစနစ် ခြားနားချက်များကြောင့် ရောဂါဖြစ်စဉ်အများစုမှာ ဘယ်ဘက်ကပ်ပယ်အိတ်တွင် ပိုမိုဖြစ်ပွားလေ့ရှိပြီး ညာဘက် သို့မဟုတ် နှစ်ဘက်စလုံးတွင် ဖြစ်ပွားခြင်း နည်းပါးသည်။ များသောအားဖြင့် နာကျင်မှုကို မခံစားရတတ်သော်လည်း အချို့သောသူများတွင် ဝှေးစေ့၌ တခါတရံ နာကျင်မှုကို ခံစားရတတ်သည်။ ထို့အပြင် နောက်ဆက်တွဲပြဿနာအနေဖြင့် ကလေးရရှိရန် ခက်ခဲခြင်း (Infertility) အထိ ဖြစ်ပေါ်လာနိုင်ခြေရှိသည်။
ကပ်ပယ်အိတ်အတွင်း သွေးကြောထုံးခြင်း အဆင့်များ
- အဆင့် ၀ (Grade 0) – အဆိုပါအဆင့်သည် အသေးငယ်ဆုံးသော အခြေအနေဖြစ်သည်၊ ပြင်ပမှ စမ်းသပ်ရုံဖြင့် မသိရှိနိုင်သော်လည်း အာထရာဆောင်း (USG) ရိုက်ကူးကြည့်ရှုပါက တွေ့ရှိနိုင်သည်
- အဆင့် ၁ (Grade I) – သွေးကြောများ ဖောင်းကြွနေခြင်းကို မျက်မြင် မတွေ့ရှိနိုင်သော်လည်း Valsalva maneuverဟုခေါ်သော နည်းလမ်းဖြင့် ညှစ်ကြည့်ချိန်တွင်သာ ဆရာဝန်မှ စမ်းသပ် သိရှိနိုင်သည်
- အဆင့် ၂ (Grade II) – သွေးကြောထုံးများကို ပြင်ပမှ မမြင်နိုင်သေးသော်လည်း ပုံမှန်အတိုင်း စမ်းသပ်စစ်ဆေးကြည့်ရုံဖြင့် သိသာစွာ စမ်းမိနိုင်သော အခြေအနေဖြစ်သည်
- အဆင့် ၃ (Grade III) – အကြီးဆုံးသော သွေးကြောထုံးအဆင့်ဖြစ်သည်။ ကပ်ပယ်အိတ်အတွင်း၌ သွေးကြောများထုံးနေခြင်းကို အပြင်မှ ရှင်းလင်းစွာ မြင်တွေ့နိုင်သကဲ့သို့ စမ်းသပ်ကြည့်ပါကလည်း အလွယ်တကူ သိရှိနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ပုံမှန်အားဖြင့် ကပ်ပယ်အိတ်အတွင်းရှိ သွေးပြန်ကြောများတွင် သွေးစီးဆင်းမှု လမ်းကြောင်းကို စနစ်တကျ ထိန်းညှိပေးသည့် “တစ်လမ်းသွား အဆို့ရှင်များ” (One-way valves) များ ပါရှိသည်။ သွေးလွှတ်ကြောမှနေတဆင့် ဝှေးစေ့ဆီသို့ အောက်စီဂျင်နှင့် အာဟာရဓာတ်များ ပို့ဆောင်ပြီးနောက် အဆိုပါသွေးများကို နှလုံးဆီသို့ ပြန်လည်သယ်ဆောင်ပေးသည့် သွေးပြန်ကြောစု (Pampiniform plexus) အတွင်းရှိ အဆိုပါ သွေးစီးဆင်းမှုထိန်းအဆို့ရှင်များသည် သွေးများ နောက်ပြန်မစီးစေရန် အဓိကလုပ်ဆောင်ပေးသည်။
ကပ်ပယ်အိတ်အတွင်း သွေးကြောထုံးခြင်း ဖြစ်ပွါးစေသည့် တိကျသောအကြောင်းရင်းကို ယနေ့တိုင် အသေအချာ မသိရှိရသေးသော်လည်း အောက်ပါအခြေအနေများတွင် ဖြစ်နိုင်သည်ဟု ယူဆကြသည်။
- သွေးစီးဆင်းမှုထိန်းအဆို့ရှင်များ ချို့ယွင်းခြင်း
- ကယ်ပယ်အိတ်သွေးကြောများရှိ အဆို့ရှင်များ ကောင်းစွာ အလုပ်မလုပ်တော့ပါက သွေးများသည် နှလုံးဆီသို့ ပုံမှန်အတိုင်း ပြန်လည်မစီးဆင်းနိုင်တော့ဘဲ သွေးပြန်ကြောအတွင်း၌ စုပုံလာကာ သွေးကြောထုံးများ ဖြစ်လာသည်
- သွေးဖိအား မြင့်မားခြင်း
- ကပ်ပယ်အိတ်ဆီသို့ သွားသော သွေးပြန်ကြောများအတွင်း သွေးစီးဆင်းမှု ပိတ်ဆို့ခြင်း သို့မဟုတ် သွေးဖိအား ရုတ်တရက် မြင့်တက်လာခြင်းကြောင့်ဖြစ်သည်
- အသက်အရွယ် အပိုင်းအခြား
- အသက် ၁၅ နှစ် မှ ၂၅ နှစ်အတွင်းရှိ အမျိုးသားငယ်များတွင် အဖြစ်အများဆုံး ဖြစ်သော်လည်း မည်သည့်အသက်အရွယ်တွင်မဆို စတင်ဖြစ်ပွားနိုင်ခြေရှိသည်
- ဘယ်ဘက်ခြမ်းတွင် ပိုမိုဖြစ်ပွားခြင်း
- ဘယ်ဘက် ဝှေးစေ့သွေးပြန်ကြော၏ တည်ဆောက်ပုံနှင့် သွေးစီးဆင်းမှု လမ်းကြောင်းအနေအထားကြောင့် ၈၅ ရာခိုင်နှုန်း မှ ၉၀ ရာခိုင်နှုန်းခန့်သော ရောဂါဖြစ်စဉ်များသည် ဘယ်ဘက်ကပ်ပယ်အိတ်တွင် ပိုမိုဖြစ်ပွားလေ့ရှိသည်
ယှဉ်တွဲလာတတ်သော လက္ခဏာများ
အဆိုပါရောဂါအခြေအနေသည် များသောအားဖြင့် သိသာထင်ရှားသော ဝေဒနာခံစားရခြင်း မရှိသည့်အတွက် လူနာအများစုမှာ သတိမထားမိဘဲ ရှိနေတတ်ကြသည်။ သို့သော် အချို့သော သူများတွင် အောက်ပါ ရောဂါလက္ခဏာရပ်များ ခံစားရနိုင်သည်။
- နာကျင်ကိုက်ခဲခြင်း
- ကပ်ပယ်အိတ်အတွင်း၌ စူးရှသော နာကျင်မှု ဝေဒနာကို ခံစားရတတ်သည်။ အဆိုပါ နာကျင်မှုသည် ကြာရှည်စွာ မတ်တပ်ရပ်ခြင်း သို့မဟုတ် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ချိန်တွင် ပိုမိုဆိုးရွားလာတတ်ပြီး ပက်လက်လှဲလျောင်း၍ အနားယူလိုက်ပါက သက်သာသွားလေ့ရှိသည်
- သွေးကြောများ ဖောင်းကြွလာခြင်း
- ကပ်ပယ်အိတ်အတွင်း၌ သွေးပြန်ကြောများ ထုံးနေခြင်းကို စမ်းသပ်မိခြင်း သို့မဟုတ် မြင်တွေ့ရခြင်းများ ရှိနိုင်သည်
- ဝှေးစေ့အရွယ်အစား ပြောင်းလဲခြင်း
- သွေးကြောထုံးဖြစ်ပွားနေသော ဘက်ရှိ ဝှေးစေ့သည် အခြားတစ်ဖက်ရှိ ဝှေးစေ့ထက် သိသိသာသာ သေးငယ်သွားခြင်း (Testicular atrophy) တို့ ဖြစ်ပေါ်လာနိုင်သည်
နောက်ဆက်တွဲပြဿနာများ
ကပ်ပယ်အိတ်အတွင်း သွေးကြောထုံးခြင်းသည် အသက်အန္တရာယ်ကို စိုးရိမ်ရသည့်အခြေအနေမျိုး မဟုတ်သော်လည်း အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားလာနိုင်သည်။
- ကလေးရရှိနိုင်စွမ်း ကျဆင်းခြင်း (Infertility)
- သွေးပြန်ကြောများ ထုံးခြင်းကြောင့် ဝှေးစေ့၏ ပတ်ဝန်းကျင် အပူချိန်ကို မြင့်တက်စေပြီး သုတ်ပိုးထုတ်လုပ်မှုနှင့် သုတ်ပိုးအရည်အသွေး (အရေအတွက်၊ လှုပ်ရှားမှုနှင့် ပုံသဏ္ဍာန်) တို့ကို ထိခိုက်စေနိုင်သောကြောင့် ကလေးရရှိရန် ခက်ခဲခြင်းကို ဖြစ်ပေါ်စေနိုင်သည်
- ကလေးမရရှိနိုင်သော (Infertility) အမျိုးသားများ၏ ၄၀ ရာခိုင်နှုန်းခန့်တွင် ဤကဲ့သို့ ကပ်ပယ်အိတ်အတွင်း သွေးကြောထုံးခြင်းကို တွေ့ရှိရတတ်သည်။
- ဝှေးစေ့ သေးသိမ်သွားခြင်း (Testicular Atrophy)
- သွေးစီးဆင်းမှု လမ်းကြောင်း မမှန်ကန်ခြင်းကြောင့် ဝှေးစေ့ဆီသို့ လိုအပ်သော အာဟာရနှင့်အောက်ဆီဂျင် ပေးပို့မှု လျော့နည်းသွားကာ ဝှေးစေ့သည် ပုံမှန်ထက် ပိုမိုသေးငယ်သွားတတ်သည်
- အထူးသဖြင့် ကလေးများနှင့် လူငယ်များတွင် ဖြစ်ပွားပါက အဆိုပါဘက်ရှိ ဝှေးစေ့၏ ကြီးထွားမှုဖြစ်စဉ်ကို နှောင့်နှေးစေနိုင်သည်
- ဟော်မုန်း ပုံမမှန်ခြင်း
- ကပ်ပယ်အိတ်အတွင်း သွေးကြောထုံးခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ အမျိုးသားဟော်မုန်း (Testosterone) ထုတ်လုပ်ပေးသော အစိတ်အပိုင်းများကို ထိခိုက်စေနိုင်ပြီး ဟော်မုန်းပမာဏ လျော့နည်းကျဆင်းခြင်းများကို ဖြစ်ပေါ်စေနိုင်သည်
- သုတ်ရည်အတွင်း သုတ်ပိုးကောင် လုံးဝမရှိခြင်း (Azoospermia)
- ဤအခြေအနေသည် အမျိုးသားတစ်ဦးမှ ထုတ်လွှတ်လိုက်သော သုတ်ရည်အတွင်း၌ မျိုးအောင်နိုင်စွမ်းရှိသော သုတ်ပိုးဆဲလ်များ လုံးဝပါဝင်ခြင်းမရှိသည့်ဖြစ်စဉ်ကို ဆိုလိုသည်
- သုတ်ပိုးများသည် မ မျိုးဥနှင့် ပေါင်းစပ်ကာ သန္ဓေတည်ခြင်းကို ဖြစ်ပေါ်စေသည့် အဓိကမျိုးပွားဆဲလ်များ ဖြစ်ကြပြီး၊ ၎င်းတို့မရှိခြင်းသည် အမျိုးသားများတွင် ကလေးရရှိရန် ခက်ခဲခြင်း (Infertility) ကို ဖြစ်ပေါ်စေသည့် အခြေခံအကြောင်းရင်းတစ်ရပ်လည်း ဖြစ်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
အောက်ဖော်ပြပါ လက္ခဏာများ တစ်ခုခုဖြစ်ပွါးပါက မိသားစုဆရာ၀န်များနှင့် တိုင်ပင်ဆွေးနွေး၍ အမြန်ဆေးကုသမှု ခံယူသင့်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
- ကပ်ပယ်အိတ်/ဝှေးစေ့ ဆက်တိုက် ပြင်းထန်စွာ နာကျင်လာခြင်း
- နာကျင်ခြင်းနှင့် အတူ ချမ်းတုန်ဖျားခြင်း
- ဆီးမသွားနိုင်ခြင်း သို့မဟုတ် သွေးအရောင်ကဲ့သို့ ဆီးအရောင်ပြောင်းခြင်း
- ကပ်ပယ်အိတ်အရွယ်အစား လျင်မြန်စွာ ကြီးလာ၍ နီရဲရောင်ကိုင်းလာခြင်း
- အိမ်ထောင်ကျပြီး ၁ နှစ်ထက်မက ကလေးရယူရန် ကြိုးစားသော်လည်း ကလေးမရရှိခြင်း
ရောဂါရှာဖွေခြင်း
ကပ်ပယ်အိတ်အတွင်း သွေးကြောထုံးခြင်းအတွက် ဆရာဝန်မှ အောက်ပါများကို စမ်းသပ်စစ်ဆေးလေ့ရှိသည်။
- ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း (Physical Examination)
- ကပ်ပယ်အိတ် အာထရာဆောင်း (Scrotal Ultrasound) နှင့် ဝမ်းဗိုက်အာထရာဆောင်း (Abdominal Ultrasound) ရိုက်ခြင်း
- သုတ်ပိုးစစ်ဆေးခြင်း (Semen Analysis)
- သွေးဓာတ်ခွဲစစ်ဆေးခြင်း
- ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း
ရောဂါရာဇဝင်များကို အသေးစိတ် မေးမြန်းဆွေးနွေးခြင်းအပြင် ဝမ်းဗိုက်၊ ပေါင်ခြံနှင့် ကပ်ပယ်အိတ် တစ်ဝိုက်တို့ကို သေချာစွာ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်လိမ့်မည်။ ထိုသို့စစ်ဆေးရာတွင် လူနာအား မတ်တပ်ရပ်နေစဉ် သို့မဟုတ် ပက်လက်လဲလျောင်းနေစဉ် အနေအထားများဖြင့် ကပ်ပယ်အိတ်ကိုစမ်းသပ်ခြင်းများ ပါဝင်သည်။ ထို့အပြင် “Valsalva maneuver” ဟု ခေါ်ဆိုသော အသက်ကို ပြင်းထန်စွာ ရှူသွင်းစေခြင်း၊ နှာခေါင်းနှင့်ပါးစပ်ကို ပိတ်၍ အပြင်သို့ ပြန်လည်ညှစ်ထုတ်စေခြင်း စသည့်နည်းလမ်းများကို အသုံးပြု၍ ကပ်ပယ်အိတ်အတွင်းရှိ ဖောင်းကြွနေသော သွေးကြောများကို အသေးစိတ် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။ - ကပ်ပယ်အိတ် အာထရာဆောင်းနှင့် ဝမ်းဗိုက်အာထရာဆောင်းရိုက်ခြင်း|
- သွေးပြန်ကြောများ၏ ဖောင်းကြွမှု ပမာဏနှင့် သွေးစီးဆင်းမှု အခြေအနေများကို အသေးစိတ် ကြည့်ရှုနိုင်သည့်အပြင် ဝှေးစေ့၏ အရွယ်အစားကို တိုင်းတာသိရှိနိုင်သည်
- ဝမ်းဗိုက်အာထရာဆောင်းရိုက်ခြင်းဖြင့် ဝမ်းဗိုက် ရေဖျင်းစွဲခြင်းနှင့် ကပ်ပယ်အိတ် သွေးကြောထုံးခြင်းကို ဖြစ်စေနိုင်သည့် ဝမ်းဗိုက် သို့မဟုတ် ကျောက်ကပ်အကျိတ် စသည်တို့ကို စစ်ဆေးသိရှိနိုင်သည်
- သုတ်ပိုးစစ်ဆေးခြင်း (Semen Analysis)
မျိုးအောင်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိမရှိ အကဲဖြတ်နိုင်ရန်အတွက် သုတ်ပိုး၏ အရေအတွက်၊ ပုံသဏ္ဍာန်နှင့် လှုပ်ရှားသွားလာနိုင်စွမ်းတို့ကို ဓာတ်ခွဲခန်း၌ အသေးစိတ် စစ်ဆေးခြင်းဖြစ်သည်။ - သွေးဓာတ်ခွဲစစ်ဆေးခြင်း
အမျိုးသားဟော်မုန်း (Testosterone) နှင့် သုတ်ပိုးထုတ်လုပ်မှုကို အားပေးသော ဟော်မုန်း (FSH) အစရှိသည့် ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းပမာဏများကို အသေးစိတ် တိုင်းတာစစ်ဆေးခြင်းများ ပြုလုပ်မည်ဖြစ်သည်။
ကုသခြင်း
ရောဂါလက္ခဏာ တစ်စုံတစ်ရာ မပြသဘဲ မျိုးအောင်နိုင်စွမ်းကိုလည်း ထိခိုက်မှု မရှိပါက သီးသန့်ကုသမှု ခံယူရန် မလိုအပ်ပါ။ သို့သော် နာကျင်ကိုက်ခဲမှု ဝေဒနာ ခံစားရခြင်း သို့မဟုတ် ကလေးရရှိရန် ခက်ခဲခြင်းများ ရှိနေပါက အောက်ပါနည်းလမ်းများဖြင့် ကုသမှု ခံယူနိုင်သည်။
- လက္ခဏာ သက်သာစေသော ကုသမှုများ (symptomatic/supportive treatment)
- အကိုက်အခဲပျောက်ဆေးများ (paracetamol, NSAIDs) ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သေချာသောက်သုံးခြင်း
- ပက်လက်လှဲအိပ်သောအခါ သက်သောင့်သက်သာဖြစ်စေရန်အတွက် လိပ်ထားသော မျက်နှာသုတ်ပဝါကို ကပ်ပယ်အိတ်အောက်တွင် ထားခြင်း
- နာကျင်မှုအတွက် ရေအေးအိတ် သို့မဟုတ် ရေအေးဆွတ်ထားသော အဝတ်ကပ်ပေးခြင်း – ရေခဲကို အရေပြားပေါ် တိုက်ရိုက်မတင်ရပါ
- ကပ်ပယ်အိတ်ကို ပေါ့ပေါ့ပါးပါးဖြင့် သေချာပင့်တင်ပေးနိုင်သော အတွင်းခံဘောင်းဘီကို ဝတ်ဆင်ခြင်း
- ခွဲစိတ်ကုသခြင်း (Varicocelectomy)
- အဆိုပါနည်းလမ်းသည် မေ့ဆေး သို့မဟုတ် ခါးရိုးထုံဆေး အသုံးပြု၍ ပုံမှန်မဟုတ်သော သွေးပြန်ကြောများကို ဖြတ်တောက်ခြင်း သို့မဟုတ် ပိတ်ဆို့ပြီး သွေးစီးဆင်းမှုလမ်းကြောင်းကို ကျန်းမာသော အခြားသွေးပြန်ကြောများဆီသို့ လမ်းကြောင်းပြောင်းပေးသည့် ခွဲစိတ်မှုဖြစ်သည်
- ၎င်းကို မှန်ပြောင်းသုံးခွဲစိတ်ခြင်း သို့မဟုတ် အသေးစားခွဲစိတ်မှု မိုက်ခရိုစကုပ် အသုံးပြု၍လည်း ပြုလုပ်နိုင်သည်
- သွေးကြောပိတ် ကုသခြင်း (Percutaneous Embolization)
- ခွဲစိတ်မှုပြုလုပ်ရန် မလိုအပ်သော နည်းလမ်းဖြစ်ပြီး ဓာတ်မှန်ရိုက်ကူး၍ သွေးကြောအတွင်းသို့ ပိုက်အသေးစား (Catheter) ထည့်သွင်းကာ ထုံးနေသည့် သွေးပြန်ကြောကို ဆေး သို့မဟုတ် သတ္တုကွိုင် (Coil) ဖြင့် ပိတ်ဆို့လိုက်ခြင်းဖြစ်သည်
ကာကွယ်ခြင်း
ကပ်ပယ်အိတ်အတွင်း သွေးကြောထုံးခြင်းဖြစ်စဉ်သည် ခန္ဓာကိုယ်ရှိ သွေးပြန်ကြော အဆို့ရှင်စနစ်များ ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည့်အတွက် ရာနှုန်းပြည့် ကြိုတင်ကာကွယ်ရန် မဖြစ်နိုင်ပါ။
သို့သော် ကပ်ပယ်အိတ်အတွင်း သွေးကြောထုံးရှိနေသောသူများတွင်မူ ဝှေးစေ့တစ်ဝိုက် အပူချိန်မြင့်တက်လာခြင်းကို ကာကွယ်နိုင်ရန် အမြဲတစေ ကျပ်လွန်းသော ဘောင်းဘီများအား ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ခြင်း၊ သင့်တင့်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းနှင့် ရောဂါလက္ခဏာ တစ်စုံတစ်ရာရှိပါက ဆရာဝန်နှင့် စောစီးစွာ တိုင်ပင်ကုသခြင်းဖြင့် နောက်ဆက်တွဲပြဿနာများ လျှော့ချနိုင်သည်။
References:
- Cleveland Clinic. (n.d.). Varicocele. Retrieved August 4, 2026, from https://my.clevelandclinic.org/health/diseases/15239-varicocele
- Guy’s and St Thomas’ NHS Foundation Trust. (n.d.). Varicocele embolisation. Retrieved August 4, 2026, from https://www.guysandstthomas.nhs.uk/health-information/varicocele-embolisation
- Leslie, S. W., Sajjad, H., Siref, L. E., & Villanueva, C. A. (2024). Varicocele. In StatPearls. StatPearls Publishing. Retrieved August 4, 2026, from https://www.ncbi.nlm.nih.gov/books/NBK448113/
- Mayo Clinic. (n.d.). Varicocele. Retrieved August 4, 2026, from https://www.mayoclinic.org/diseases-conditions/varicocele/symptoms-causes/syc-20378771
Published: 30 August 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.