ပစ္စည်းမစွန့်ပစ်နိုင်သော ရောဂါ (Hoarding disorder) ဆိုသည်မှာ မိမိပိုင်ဆိုင်သော ပစ္စည်းများကို တန်ဖိုးကြီးသည်ဖြစ်စေ၊ တန်ဖိုးနည်းသည်ဖြစ်စေ သို့မဟုတ် အခြားသူများအမြင်တွင် အသုံးမဝင်တော့သော ပစ္စည်းများဖြစ်စေ စွန့်ပစ်လိုက်ရန် အလွန်ခက်ခဲသဖြင့် အမြောက်အမြား စုဆောင်းသိမ်းဆည်းထားတတ်သော စိတ်ကျန်းမာရေးရောဂါတစ်မျိုး ဖြစ်သည်။ ပစ္စည်းများကို စွန့်ပစ်ရန် သို့မဟုတ် ဖယ်ရှားရန် ကြိုးစားသည့်အခါ ပြင်းထန်သော စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုနှင့် သောကများကို ခံစားရလေ့ရှိသည်။ ထိုသို့ ပစ္စည်းများ အလွန်အကျွံ စုပုံလာခြင်းကြောင့် နေအိမ်အတွင်း နေထိုင်အသုံးပြုရန် နေရာများ ကျဉ်းမြောင်းသွားခြင်း၊ သန့်ရှင်းရေးနှင့် ဘေးကင်းလုံခြုံရေး ထိခိုက်လာခြင်း၊ မိသားစုနှင့် လူမှုဆက်ဆံရေး၊ အလုပ်အကိုင်နှင့် နေ့စဉ်ဘဝတို့ကို သိသိသာသာ ထိခိုက်စေနိုင်သည်။
ပစ္စည်းများ မစွန့်ပစ်ဘဲ အလွန်အကျွံစုဆောင်းခြင်း (Hoarding) နှင့် ဝါသနာအရ ပစ္စည်းများ စုဆောင်းခြင်း (Collecting) တို့အကြား ကွာခြားချက်
ပစ္စည်းများ မစွန့်ပစ်ဘဲ အလွန်အကျွံစုဆောင်းခြင်း (Hoarding) နှင့် ဝါသနာအရ ပစ္စည်းစုဆောင်းခြင်း (Collecting) တို့သည် လုံးဝမတူညီသော အပြုအမူများဖြစ်သည်။
ဝါသနာအရ ပစ္စည်းစုဆောင်းခြင်း (Collecting) ဆိုသည်မှာ ရုပ်ပြစာအုပ်များ၊ ဒင်္ဂါးများ၊ တံဆိပ်ခေါင်းများ၊ အရုပ်များ သို့မဟုတ် အခြားတန်ဖိုးရှိသော ပစ္စည်းများကို စိတ်ဝင်စားမှုနှင့် ဝါသနာအရ ရွေးချယ်စုဆောင်းခြင်းဖြစ်သည်။ ထိုပစ္စည်းများကို စနစ်တကျ စီစဉ်သိမ်းဆည်းထားပြီး လိုအပ်သည့်အချိန်တွင် အလွယ်တကူ အသုံးပြု သို့မဟုတ် ပြသနိုင်သည်။ ယင်းကဲ့သို့ စုဆောင်းခြင်းသည် နေ့စဉ်ဘဝ၊ အလုပ်အကိုင် သို့မဟုတ် လူမှုဆက်ဆံရေးကို ထိခိုက်စေခြင်း မရှိပါ။
ပစ္စည်းများ မစွန့်ပစ်ဘဲအလွန်အကျွံစုဆောင်းခြင်း (Hoarding) တွင်မူ ပစ္စည်းများကို စနစ်တကျ စီစဉ်သိမ်းဆည်းထားခြင်း မဟုတ်ဘဲ စက္ကူအပိုင်းအစများ၊ ဘူးခွံများ၊ အိတ်အဟောင်းများ၊ ကျိုးပဲ့နေသော ပစ္စည်းများ သို့မဟုတ် အခြားသူများအမြင်တွင် အသုံးမဝင်တော့သော ပစ္စည်းများကိုပင် စွန့်ပစ်ရန် ခက်ခဲသဖြင့် အမြောက်အမြား စုဆောင်းထားတတ်သည်။ ထိုသို့ စုပုံလာခြင်းကြောင့် နေအိမ်အတွင်း နေထိုင်အသုံးပြုရန် နေရာများ ကျဉ်းမြောင်းလာခြင်း၊ သန့်ရှင်းရေးနှင့် ဘေးကင်းလုံခြုံရေး ထိခိုက်လာခြင်း၊ မိသားစုနှင့် လူမှုဆက်ဆံရေး၊ အလုပ်အကိုင်နှင့် နေ့စဉ်ဘဝတို့ကို သိသိသာသာ ထိခိုက်စေနိုင်သည်။
ဖြစ်ပေါ်ရသောကြောင်းရင်းများ
ပစ္စည်းမစွန့်ပစ်နိုင်သောရောဂါ (Hoarding disorder) ၏ ဖြစ်ပွားရသည့် အကြောင်းရင်းအတိအကျကို ယနေ့အထိ မသိရှိရသေးပါ။ သို့သော် မျိုးရိုးဗီဇ၊ ဦးနှောက်၏ သိမြင်နားလည်နိုင်စွမ်း (Cognitive function) ပြောင်းလဲမှုများ၊ စိတ်ပိုင်းဆိုင်ရာ အချက်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများ ပေါင်းစပ်၍ ဖြစ်ပေါ်လာသည်ဟု ယူဆထားကြသည်။
ဤရောဂါရှိသူများသည် ပစ္စည်းများကို စွန့်ပစ်ရန် ခက်ခဲရသည့် အကြောင်းရင်းများအဖြစ် အောက်ပါအတွေးအမြင်များ ရှိတတ်သည်။
- ထိုပစ္စည်းများသည် အနာဂတ်တွင် အသုံးဝင်လာမည် သို့မဟုတ် တန်ဖိုးရှိလာမည်ဟု ယုံကြည်ခြင်း
- ပစ္စည်းများသည် အရေးပါသော အမှတ်တရများနှင့် ဆက်စပ်နေသည်ဟု ခံစားရခြင်း
- ပစ္စည်းများကို အစားထိုး၍ မရနိုင်ဟု ထင်မြင်ခြင်း
- ပစ္စည်းများကို စွန့်ပစ်လိုက်ပါက နောင်တရမည်ဟု စိုးရိမ်ခြင်း
- ပစ္စည်းများကို မည်သည့်နေရာတွင် ထားရမည် သို့မဟုတ် မည်သည့်အရာကို စွန့်ပစ်သင့်သည်ကို မဆုံးဖြတ်နိုင်ခြင်း
ထို့အပြင် ဤရောဂါရှိသူများတွင် သိမြင်နားလည်နိုင်စွမ်း (Cognitive functioning) နှင့် သက်ဆိုင်သော အခက်အခဲများကိုလည်း တွေ့ရတတ်သည်။ ဥပမာအားဖြင့်_
- ဆုံးဖြတ်ချက်ချရန် ခက်ခဲခြင်း (Indecisiveness)
- ပြီးပြည့်စုံမှုကို လွန်ကဲစွာ လိုလားခြင်း (Perfectionism)
- အလုပ်များကို အချိန်ဆွဲတတ်ခြင်း (Procrastination)
- စနစ်တကျ စီမံခန့်ခွဲရန် ခက်ခဲခြင်း (Disorganization)
- အာရုံစူးစိုက်မှု အလွယ်တကူ ပြန့်လွင့်တတ်ခြင်း (Distractibility)
- အစီအစဉ်ဆွဲခြင်း၊ ပြဿနာဖြေရှင်းခြင်း၊ လက်တွေ့အသုံးချမှတ်ဉာဏ် (Working memory) နှင့် အာရုံစူးစိုက်မှုကို ရေရှည်ထိန်းသိမ်းနိုင်ခြင်းတို့တွင် အားနည်းချက်များ ရှိခြင်း
ရောဂါခံစားနေရသူ အများစုသည် မိမိ၏ အပြုအမူကို ပြဿနာတစ်ခုအဖြစ် မမြင်သည့်အပြင် ပစ္စည်းများ စုဆောင်းသိမ်းဆည်းထားခြင်းကြောင့် မိမိနှင့် မိသားစုဝင်များ၏ နေ့စဉ်ဘဝ၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအပေါ် မည်မျှ ထိခိုက်နေသည်ကိုလည်း သတိမပြုမိကြပါ။
ဤရောဂါသည် အရွယ်ရောက်ပြီးသူများ၏ ၂% မှ ၆% ခန့်တွင် ဖြစ်ပွားနိုင်ပြီး အမျိုးသားနှင့် အမျိုးသမီးတို့တွင် ဖြစ်ပွားနှုန်း ဆင်တူသည်။ မိသားစုအတွင်း ဤရောဂါရှိသူ ရှိခြင်း၊ တစ်ယောက်တည်း နေထိုင်ခြင်းနှင့် အသက်အရွယ် ကြီးလာခြင်းတို့သည် ဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်မားစေသည်။
ရောဂါလက္ခဏာများကို အများအားဖြင့် ဆယ်ကျော်သက်အရွယ်တွင် စတင်တွေ့ရှိနိုင်သော်လည်း အသက်အရွယ် ကြီးလာသည်နှင့်အမျှ တဖြည်းဖြည်း ပိုမိုဆိုးရွားလာတတ်သည်။ သက်ကြီးရွယ်အိုများတွင် ဖြစ်ပွားမှုနှုန်းသည် ပိုမိုမြင့်မားပြီး ပစ္စည်းများ စုပုံနေခြင်းကြောင့် ချော်လဲနိုင်ခြင်း၊ မီးလောင်မှုအန္တရာယ်နှင့် ဆေးဝါးများ သို့မဟုတ် မျက်မှန်ကဲ့သို့ အရေးကြီးသော ပစ္စည်းများကို ရှာမတွေ့ခြင်း စသည့် ပြဿနာများ ပိုမိုဖြစ်ပွားနိုင်သည်။
ထို့အပြင် ဤရောဂါရှိသူများ၏ ၆၀% ကျော်တွင် အခြားစိတ်ကျန်းမာရေးရောဂါတစ်ခုခုလည်း တွဲဖက်ဖြစ်ပွားလေ့ရှိသည်။ အဖြစ်များသော ရောဂါများမှာ_
- ပြင်းထန်စိတ်ကျရောဂါ (Major depressive disorder)
- အထွေထွေ စိုးရိမ်စိတ်လွန်ကဲရောဂါ (Generalized anxiety disorder)
- လူမှုဆက်ဆံရေး စိုးရိမ်စိတ်လွန်ကဲရောဂါ (Social anxiety disorder)
အချို့သော အခြေအနေများတွင် သတိမေ့ရောဂါ (Dementia)၊ လေဖြတ်ရောဂါ (Stroke) သို့မဟုတ် ဦးနှောက်ထိခိုက်မှုများကြောင့်လည်း ပစ္စည်းများကို အလွန်အကျွံ စုဆောင်းသိမ်းဆည်းသည့် အပြုအမူများ ပေါ်ပေါက်လာနိုင်သည်။
ရောဂါလက္ခဏာများ
ပစ္စည်းမစွန့်ပစ်နိုင်သောရောဂါ (Hoarding disorder) ခံစားနေရသူများသည် မိမိတို့အတွက် အသုံးမဝင်တော့သော သို့မဟုတ် တန်ဖိုးနည်းသော ပစ္စည်းများကိုပင် စွန့်ပစ်ရန် အလွန်ခက်ခဲသဖြင့် အမြောက်အမြား စုဆောင်းသိမ်းဆည်းထားတတ်ကြသည်။ သိမ်းဆည်းထားသော ပစ္စည်းများကို စနစ်တကျ မစီစဉ်ထားသဖြင့် နေအိမ်အတွင်း ပစ္စည်းများ စုပုံရှုပ်ပွနေတတ်သည်။ စုဆောင်းထားသော ပစ္စည်းအမျိုးအစားများမှာ တစ်ဦးနှင့်တစ်ဦး မတူညီသော်လည်း စက္ကူဖာများ၊ မဂ္ဂဇင်းများ၊ ဘူးခွံများ၊ အိတ်များ၊ အဝတ်အစားအဟောင်းများနှင့် အခြားအသုံးမဝင်တော့သော ပစ္စည်းများကို အများဆုံး သိမ်းဆည်းလေ့ရှိသည်။
အခြားတွေ့ရလေ့ရှိသော လက္ခဏာများမှာ_
- စုဆောင်းထားသော ပစ္စည်းများသည် တစ်နေ့နေ့တွင် အသုံးဝင်လာမည် သို့မဟုတ် တန်ဖိုးရှိလာမည်ဟု ယုံကြည်ခြင်း
- ပစ္စည်းများကို စွန့်ပစ်ရန် သို့မဟုတ် ဖယ်ရှားရန် ကြိုးစားသည့်အခါ ပြင်းထန်သော စိုးရိမ်ပူပန်မှုနှင့် စိတ်ဖိစီးမှု ခံစားရခြင်း
- နောင်အနာဂတ်တွင် ထိုပစ္စည်းများ လိုအပ်လာမည်ကို အမြဲစိုးရိမ်နေခြင်း
- ပစ္စည်းများကို မည်သည့်အရာ စွန့်ပစ်ရမည်၊ မည်သည့်နေရာတွင် ထားရမည်ကို ဆုံးဖြတ်ရန် ခက်ခဲခြင်း
- အခြားသူများက မိမိ၏ ပစ္စည်းများကို ကိုင်တွယ်ခြင်း၊ ရွှေ့ပြောင်းခြင်း သို့မဟုတ် စွန့်ပစ်ခြင်းကို လက်မခံနိုင်ခြင်း
- ပစ္စည်းများ စုပုံရှုပ်ပွနေခြင်းကြောင့် မီးဖိုချောင်၊ အိပ်ခန်း သို့မဟုတ် ရေချိုးခန်းကဲ့သို့သော နေထိုင်အသုံးပြုရမည့် နေရာများကို ပုံမှန်အသုံးမပြုနိုင်တော့ခြင်း
- မိသားစုဝင်များ၊ သူငယ်ချင်းများနှင့် အဆက်အသွယ် လျော့နည်းလာခြင်း သို့မဟုတ် အခြားသူများကို အိမ်သို့ မဖိတ်လိုခြင်း
နောက်ဆက်တွဲပြဿနာများ
ပစ္စည်းများ အလွန်အကျွံ စုပုံသိမ်းဆည်းထားခြင်းသည် နေထိုင်မှုပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် လူမှုဘဝကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။ ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_
- နေအိမ်အတွင်း သွားလာရန် ခက်ခဲခြင်းနှင့် ချော်လဲခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း
- မီးလောင်မှုဖြစ်ပွားပါက အလွယ်တကူ မီးကူးစက်နိုင်ခြင်းနှင့် အရေးပေါ်အခြေအနေတွင် ထွက်ပြေးရန် ခက်ခဲခြင်း
- အိမ်သန့်ရှင်းရေး ပြုလုပ်ရန် ခက်ခဲသဖြင့် ပိုးဟပ်၊ ကြွက်နှင့် အခြားပိုးမွှားများ ပေါက်ဖွားလာခြင်း
- တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေး ထိခိုက်လာခြင်း
- မိသားစုအတွင်း ပဋိပက္ခများ၊ လူမှုဆက်ဆံရေး ပြဿနာများနှင့် အလုပ်အကိုင် ထိခိုက်လာခြင်း
- စိုးရိမ်စိတ်၊ စိတ်ကျရောဂါနှင့် အခြားစိတ်ကျန်းမာရေး ပြဿနာများ ပိုမိုဆိုးရွားလာခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
အောက်ပါအခြေအနေများကြောင့် မိမိ၏ နေ့စဉ်ဘဝ၊ မိသားစုဘဝ သို့မဟုတ် အလုပ်အကိုင်ကို ထိခိုက်လာပါက စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ (စိတ်ကျန်းမာရေးဆရာဝန် သို့မဟုတ် စိတ်ပညာရှင်) နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။
- ပစ္စည်းများကို မစွန့်ပစ်နိုင်ခြင်း
- နေအိမ်အတွင်း ပစ္စည်းများ အလွန်အမင်း စုပုံရှုပ်ပွနေခြင်း
- ပစ္စည်းများ စုပုံထားခြင်းကြောင့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အန္တရာယ်များ ဖြစ်ပေါ်လာခြင်း
- မိသားစုဝင်များ၊ အိမ်နီးချင်းများနှင့် အငြင်းပွားမှုများ မကြာခဏ ဖြစ်ပွားခြင်း
- စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု သို့မဟုတ် စိတ်ကျရောဂါ လက္ခဏာများ တွဲဖက်ဖြစ်ပေါ်လာခြင်း
ရောဂါကို စောစီးစွာ သိရှိပြီး ကုသမှုခံယူခြင်းဖြင့် ရောဂါလက္ခဏာများကို ထိန်းချုပ်နိုင်ကာ နေ့စဉ်ဘဝ၏ အရည်အသွေးကို တိုးတက်စေနိုင်သည်။
ရောဂါရှာဖွေခြင်း
ပစ္စည်းမစွန့်ပစ်နိုင်သောရောဂါကို သွေးစစ်ခြင်း သို့မဟုတ် ဓာတ်မှန်ရိုက်ခြင်းဖြင့် အတည်ပြုနိုင်ခြင်း မရှိဘဲ စိတ်ကျန်းမာရေးဆိုင်ရာ အကဲဖြတ်စစ်ဆေးမှုဖြင့်သာ ရောဂါရှာဖွေသတ်မှတ်သည်။ ဆရာဝန် သို့မဟုတ် စိတ်ကျန်းမာရေးကျွမ်းကျင်သူသည် ရောဂါရာဇဝင်ကို အသေးစိတ်မေးမြန်းခြင်း၊ ရောဂါလက္ခဏာများနှင့် နေ့စဉ်ဘဝအပေါ် သက်ရောက်မှုကို အကဲဖြတ်ခြင်း၊ လိုအပ်ပါက မိသားစုဝင်များထံမှ အချက်အလက်များ ရယူခြင်းတို့ကို ပြုလုပ်မည်ဖြစ်သည်။ ထို့အပြင် သတိမေ့ရောဂါ (Dementia)၊ လေဖြတ်ခြင်း (Stroke) သို့မဟုတ် အခြားစိတ်ကျန်းမာရေးရောဂါမျာ းကဲ့သို့ အလားတူလက္ခဏာများ ဖြစ်စေနိုင်သော အခြေအနေများကို ခွဲခြားသိရှိရန် လိုအပ်သော ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများနှင့် အခြားစစ်ဆေးမှုများကိုလည်း ပြုလုပ်နိုင်သည်။
ကုသခြင်း
ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် ပစ္စည်းများ အလွန်အကျွံစုဆောင်းသည့်ရောဂါကို ကုသရန်အတွက် အဓိကကုသမှုနည်းလမ်းနှစ်မျိုးကို အသုံးပြုကြသည်။ ၄င်းတို့မှာ_
- အသိအမြင်-အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံး (Cognitive behavioral therapy)
- စိတ်ကျရောဂါကုသဆေးဝါးများ (Antidepressants) – အများအားဖြင့် Selective Serotonin Reuptake Inhibitors (SSRIs) ဟုခေါ်သော ဆေးဝါးအုပ်စုဝင်များ ဖြစ်ကြသည်။
အသိအမြင်-အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံး (Cognitive behavioral therapy)
ပစ္စည်းများ အလွန်အကျွံစုဆောင်းသည့်ရောဂါအတွက် အအောင်မြင်ဆုံးသော ကုသမှုမှာ အသိအမြင်-အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံး (Cognitive-Behavioural Therapy – CBT) ဖြစ်သည်။ CBTဆိုသည်မှာ စကားပြောအခြေပြုစိတ်ကုထုံး (Talk therapy) တစ်မျိုးဖြစ်ပြီး၊ ကျွမ်းကျင်သော ကုခန်းစိတ်ပညာရှင်(Clinical Psychologist) နှင့် အချိန်ကာလတစ်ခုအတွင်း ပုံမှန်တွေ့ဆုံ၍ ပြဿနာဖြစ်စေသော အပြုအမူများနှင့် ဆက်စပ်နေသည့် စိတ်ခံစားမှုများ၊ အတွေးအမြင်များကို နားလည်ကာ ပြောင်းလဲတိုးတက်စေရန် ပူးပေါင်းဆောင်ရွက်သည့် ကုထုံးဖြစ်သည်။
ပစ္စည်းများ အလွန်အကျွံစုဆောင်းသည့်ရောဂါ ခံစားနေရသူတစ်ဦးအတွက်၊ ဆုံးဖြတ်ချက်ချခြင်း၊ ခွဲခြားခြင်း၊ စွန့်ပစ်ခြင်း၊ စနစ်တကျ စီစဉ်ခြင်းတို့နှင့် ပတ်သက်သည့် လေ့ကျင့်သင်ကြားမှုများကို CBT က ကူညီပေးသည်။ ၎င်းတို့အနေဖြင့် မည်သည့်အတွက်ကြောင့် ပစ္စည်းများကို စုဆောင်းရန် လိုအပ်နေရခြင်း၊ ပစ္စည်းများကို စွန့်လွှတ်ရန် အဘယ်ကြောင့် ခက်ခဲနေရသနည်းဆိုသည်ကို နားလည်လာစေရန် ကူညီပေးနိုင်ပြီး ရှုပ်ထွေးခြင်းကို ရှောင်ရှားနိုင်မည့် နည်းဗျူဟာများကိုလည်း CBTက သင်ကြားပေးနိုင်သည်။ ထိုကုထုံးတွင် ကိုယ်ရောစိတ်ပါ ဖြေလျှော့ချသည့်ကုထုံး (Relaxation therapy) ကိုလည်း ထည့်သွင်းအသုံးပြုနိုင်သည်။
စိတ်ကျရောဂါကုသဆေးဝါးများ (Antidepressants)
ပစ္စည်းများ အလွန်အကျွံစုဆောင်းသည့်ရောဂါကို ကုသရန်အတွက် အသိအမှတ်ပြုထားသော ဆေးဝါးများ မရှိသေးပါ။ သို့သော်လည်း၊ ပစ္စည်းများ အလွန်အကျွံစုဆောင်းသည့်ရောဂါကြောင့် စိုးရိမ်ပူပန်မှုလွန်ကဲခြင်း (Anxiety) သို့မဟုတ် စိတ်ဓာတ်ကျခြင်း (Depression) ခံစားနေရသူများတွင် စိတ်ကျရောဂါကုသဆေးဝါးများ (Antidepressants) ဟုခေါ်သော ဆေးဝါးအုပ်စုကို ဆရာဝန်များက အသုံးပြုလေ့ရှိသည်။
ကာကွယ်ခြင်း
ပစ္စည်းများ အလွန်အကျွံစုဆောင်းသည့်ရောဂါကို ကာကွယ်ရန် တိကျစွာ သိရှိထားသော နည်းလမ်းမရှိသေးပါ။ သို့သော်လည်း၊ ပစ္စည်းများ အလွန်အကျွံစုဆောင်းသည့် အပြုအမူများသည် ဘဝ၏အစောပိုင်းကာလ (အများအားဖြင့် အသက် ၁၅ နှစ် မှ ၁၉ နှစ်အကြား) တွင် စတင်ပေါ်ပေါက်လာတတ်ပြီး၊ ထိုမှတစ်ဆင့် နာတာရှည်အခြေအနေသို့ ကူးပြောင်းသွားလေ့ရှိသည်။
အကယ်၍ သင့်ကလေး သို့မဟုတ် သင်သိကျွမ်းသူ တစ်ဦးဦးတွင် ဤကဲ့သို့ ပစ္စည်းများ အလွန်အကျွံစုဆောင်းသည့် လက္ခဏာများကို သတိပြုမိပါက၊ ရောဂါအခြေအနေကို စောစီးစွာ သိရှိခြင်း၊ ရောဂါရှာဖွေဖော်ထုတ်ခြင်းနှင့် ကုသမှုခံယူခြင်းဖြင့် ရောဂါလက္ခဏာများကို အတိုင်းအတာတခုအထိ သက်သာစေနိုင်သည်။
References:
- Cleveland Clinic. (n.d.). Hoarding disorder. Retrieved July 21, 2026, from https://my.clevelandclinic.org/health/diseases/17682-hoarding-disorder
- Harvard Health Publishing. (n.d.). Hoarding: What to know about this mental health disorder. Retrieved July 21, 2026, from https://www.health.harvard.edu/mind-and-mood/hoarding-what-to-know-about-this-mental-health-disorder
Published: 30 August 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.