ခြေဖဝါးရှေ့ပိုင်းနာကျင်ခြင်း (Metatarsalgia) ဆိုသည်မှာ ခြေချောင်းများ၏ အောက်ခြေရှိ ခြေဖဝါးအသားဖုနေရာ (Ball of the foot) တွင် ဖြစ်ပေါ်သော နာကျင်မှုကိုခေါ်သည်။ နာကျင်မှုသည် ပုံမှန်အားဖြင့် ခြေချောင်းများ၏ အခြေရှိ ခြေဆစ်ရိုးခေါင်းများ (Metatarsal heads) ငါးခုအနက် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အရိုးများ၏ အောက်ဘက်တွင် ဖြစ်ပေါ်လေ့ရှိသည်။ ဤဝေဒနာသည် ပြေးခြင်း၊ ခုန်ခြင်း၊ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်းကဲ့သို့သော လှုပ်ရှားမှုများကြောင့် ဖြစ်ပွားနိုင်သကဲ့သို့ ပုံမှန်မဟုတ်သော ခြေဖဝါးတည်ဆောက်ပုံ၊ သင့်တော်မှုမရှိသော ဖိနပ်များ စီးခြင်း သို့မဟုတ် အောက်ခံပျက်စီးနေသော ဖိနပ်များကို အချိန်ကြာမြင့်စွာ စီးခြင်းတို့ကြောင့်လည်း ဖြစ်ပွားနိုင်သည်။ နာကျင်မှုသည် ပြင်းထန်နိုင်သော်လည်း လူနာအများစုတွင် အနားယူခြင်း၊ ရေခဲကပ်ခြင်း၊ သင့်တော်သော ဖိနပ်ပြောင်းလဲစီးခြင်းနှင့် အခြားရိုးရှင်းသော ကုသနည်းများဖြင့် သက်သာကောင်းမွန်လာနိုင်သည်။
ခြေထောက်သည် ခန္ဓာကိုယ်၏ လှုပ်ရှားသွားလာမှု၊ ဟန်ချက်ညီမှုနှင့် တည်ငြိမ်မှုတို့အတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ လမ်းလျှောက်ခြင်း၊ ပြေးခြင်း သို့မဟုတ် ခုန်ခြင်းတို့ ပြုလုပ်သည့်အခါ ခန္ဓာကိုယ်အလေးချိန်၏ အဆများစွာသော ဖိအားကို စုပ်ယူဖြန့်ဝေပေးပြီး လှုပ်ရှားမှုများကို ချောမွေ့စွာ ဆောင်ရွက်နိုင်စေရန် အထောက်အကူပြုသည်။ ခြေထောက်တွင် အရိုး ၂၆ ခု၊ အဆစ် ၃၃ ဆစ်နှင့် ကြွက်သား၊ အရွတ်၊ အကြောများ အပါအဝင် ဖွဲ့စည်းပုံ ၁၀၀ ကျော်တို့ ပါဝင်ဖွဲ့စည်းထားပြီး ၎င်းတို့သည် ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်ကာ ခြေဖဝါးခုံးလိုင်းများ၏ တည်ငြိမ်မှုကို ထိန်းသိမ်းပေးသည်။
ခြေထောက်၏ ဖွဲ့စည်းပုံမှာ ရှုပ်ထွေးသဖြင့် ခြေထောက် သို့မဟုတ် ခြေမျက်စိ၏ တစ်နေရာရာတွင် ထိခိုက်ဒဏ်ရာရရှိခြင်း သို့မဟုတ် ရောဂါတစ်ခုခု ဖြစ်ပွားခြင်းသည် အနီးအနားရှိ အရိုးများ၊ အဆစ်များ၊ အရွတ်များနှင့် အကြောများကိုပါ သက်ရောက်မှုရှိစေနိုင်သည်။ ခြေဖဝါးနာကျင်ခြင်းသည် အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပြီး တစ်ခါတစ်ရံတွင် ပြဿနာတစ်ခုထက်ပို၍လည်း တွဲဖက်ဖြစ်ပွားနိုင်သည်။ ခြေဖဝါးရှေ့ပိုင်းနာကျင်ခြင်းသည် အရွယ်ရောက်ပြီးသူများတွင် အဖြစ်များသော ခြေထောက်ပြဿနာတစ်ခုဖြစ်ပြီး အားကစားသမားများ၊ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်၍ အလုပ်လုပ်ရသူများနှင့် သင့်တော်မှုမရှိသော ဖိနပ်များ စီးလေ့ရှိသူများတွင် ပိုမိုတွေ့ရလေ့ရှိသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ခြေဖဝါးရှေ့ပိုင်းနာကျင်ခြင်းသည် အောက်ပါအကြောင်းရင်းများကြောင့် ဖြစ်ပွားနိုင်သည်။
- ပြင်းထန်သော လေ့ကျင့်ခန်း သို့မဟုတ် လှုပ်ရှားမှုများ ပြုလုပ်ခြင်း
အပြေး၊ ခုန်ခြင်းနှင့် ဦးတည်ချက်အမြန်ပြောင်း၍ လှုပ်ရှားရသော အားကစားများတွင် ခြေဖဝါးရှေ့ပိုင်းအပေါ် ဖိအားများစွာ ကျရောက်သောကြောင့် အားကစားသမားများတွင် ဤဝေဒနာကို ပိုမိုတွေ့ရလေ့ရှိသည်။ - ခြေဖဝါးနှင့် ခြေချောင်းများ၏ ပုံသဏ္ဌာန် ပြောင်းလဲခြင်း
ခြေမစောင်းခြင်း (Bunion / Hallux valgus)၊ ခြေချောင်းကွေးခြင်း (Hammertoe)၊ အသားမာတက်ခြင်း (Callus)၊ ခြေဖဝါးခုံးမြင့်ခြင်း (High arch / Pes cavus) သို့မဟုတ် ဒုတိယခြေချောင်းသည် ခြေမထက် ပိုရှည်နေခြင်းတို့သည် ခြေဆစ်ရိုးခေါင်းများပေါ်သို့ ဖိအား ပိုမိုကျရောက်စေသောကြောင့် နာကျင်မှုဖြစ်ပေါ်နိုင်သည်။ - ကိုယ်အလေးချိန် လွန်ကဲခြင်း
လမ်းလျှောက်ခြင်းနှင့် မတ်တပ်ရပ်ခြင်းတို့ ပြုလုပ်သည့်အခါ ခန္ဓာကိုယ်အလေးချိန်၏ အများစုသည် ခြေဖဝါးရှေ့ပိုင်းပေါ်သို့ သက်ရောက်သောကြောင့် ကိုယ်အလေးချိန်များခြင်းသည် ခြေဆစ်ရိုးခေါင်းများအပေါ် ဖိအားပိုမိုများပြားစေသည်။ ကိုယ်အလေးချိန်လျှော့ချခြင်းဖြင့် ရောဂါလက္ခဏာများ သက်သာလာနိုင်သည်။ - ဒေါက်မြင့်ဖိနပ်များ သို့မဟုတ် သင့်တော်မှုမရှိသော ဖိနပ်များ စီးခြင်း
ဒေါက်မြင့်ဖိနပ်များသည် ခြေဖဝါးရှေ့ပိုင်းပေါ်သို့ ဖိအား အလွန်အမင်း ကျရောက်စေသောကြောင့် အဓိကဖြစ်ပွားစေသော အကြောင်းရင်းတစ်ခုဖြစ်သည်။ ထို့အပြင် ရှေ့ပိုင်းကျဉ်းလွန်းသော ဖိနပ်များ၊ အောက်ခံမကောင်းသော သို့မဟုတ် ခြေဖဝါးကို လုံလောက်စွာ မထောက်ပံ့နိုင်သော ဖိနပ်များ စီးခြင်းကြောင့်လည်း ဖြစ်ပွားနိုင်သည်။ - ဖိအားကြောင့် အရိုးအက်ခြင်း (Stress fracture)
ခြေဆစ်ရိုးများတွင် သေးငယ်သော အက်ကြောင်းများ ဖြစ်ပေါ်ခြင်းသည် နာကျင်မှုကို ဖြစ်စေပြီး၊ လမ်းလျှောက်သည့်အခါ ကိုယ်အလေးချိန် သက်ရောက်ပုံကို ပြောင်းလဲစေကာ ခြေဖဝါးရှေ့ပိုင်းပေါ်သို့ ဖိအား ပိုမိုကျရောက်စေနိုင်သည်။ - မော်တွန် အာရုံကြောထူလာခြင်း (Morton’s neuroma)
တတိယနှင့် စတုတ္ထခြေချောင်းရိုးကြားရှိ အာရုံကြောတစ်ဝိုက်မှ တစ်ရှူးများ ထူလာခြင်းဖြစ်သည်။ ၎င်းသည် ခြေဖဝါးရှေ့ပိုင်းနာကျင်ခြင်း၊ ပူလောင်သကဲ့သို့ ခံစားရခြင်း၊ ထုံကျင်ခြင်း သို့မဟုတ် ဖိနပ်ထဲတွင် ခဲလုံးတစ်လုံး ခံနေသကဲ့သို့ ခံစားရခြင်းတို့ကို ဖြစ်စေနိုင်သည်။
ရောဂါဖြစ်ပွားနိုင်ခြေများသူများ
မည်သူမဆို ခြေဖဝါးရှေ့ပိုင်းနာကျင်ခြင်း ဖြစ်ပွားနိုင်သော်လည်း အောက်ပါအခြေအနေများရှိသူများတွင် ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားသည်။
- ပြင်းထန်သည့် အားကစားများကို ပုံမှန်ပြုလုပ်သူများ
- အဝလွန်သူများ
- လေးဘက်နာ အဆစ်ရောင်ရောဂါ (Rheumatoid arthritis)၊ ဂေါက်ရောဂါ (Gout)၊ စီဆမွိုက်အဆစ်ရောင်ခြင်း (Sesamoiditis) နှင့် မော်တွန် အာရုံကြောထူလာခြင်း (Morton’s neuroma) ကဲ့သို့သော ခြေဖဝါးရှေ့ပိုင်းကို ထိခိုက်စေသော ရောဂါများရှိသူများ
- မျိုးရိုးလိုက် အာရုံကြောနှင့် ကြွက်သားရောဂါ (Charcot-Marie-Tooth disease) နှင့် ခြေဆစ်ရိုးခေါင်း ထိခိုက်ပျက်စီးသော ရောဂါ (Freiberg disease) ကဲ့သို့သော ခြေဖဝါးဖွဲ့စည်းပုံနှင့် လုပ်ဆောင်မှုကို ထိခိုက်စေသော ရောဂါများရှိသူများ
- ဆီးချိုရောဂါရှိသူများ
ရောဂါလက္ခဏာများ
ခြေဖဝါးရှေ့ပိုင်းနာကျင်ခြင်း၏ အဓိကလက္ခဏာမှာ ခြေချောင်းများ၏ အောက်ခြေရှိ ခြေဆစ်ရိုးခေါင်းများ (Metatarsal heads) အောက်ဘက်၊ ခြေဖဝါးအသားဖု (Ball of the foot) နေရာတွင် နာကျင်ခြင်းဖြစ်သည်။ အချို့လူနာများတွင် ရောင်ရမ်းခြင်း တွဲဖက်ဖြစ်ပေါ်နိုင်သော်လည်း မဖြစ်ပေါ်ဘဲလည်း ရှိနိုင်သည်။ ရောဂါလက္ခဏာများသည် ရုတ်တရက် ပေါ်ပေါက်လာနိုင်သကဲ့သို့ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ဖြစ်ပေါ်လာနိုင်သည်။ အတွေ့ရများသော လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ခြေဖဝါးရှေ့ပိုင်း၊ ခြေချောင်းများ၏ အောက်ခြေရှိ ခြေဖဝါးအသားဖုနေရာတွင် စူးစူးရှရှ နာကျင်ခြင်း၊ ကိုက်ခဲခြင်း သို့မဟုတ် ပူစပ်ပူလောင် ခံစားရခြင်း
- မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်း သို့မဟုတ် ခြေဖဝါးကို ကွေးခြင်း၊ ဆန့်ခြင်းတို့ ပြုလုပ်သည့်အခါ နာကျင်မှု ပိုမိုဆိုးရွားလာခြင်း၊ အထူးသဖြင့် မာကျောသော ကြမ်းပြင်ပေါ်တွင် ခြေဗလာဖြင့် သွားလာပါက ပို၍နာကျင်တတ်ပြီး အနားယူပါက သက်သာလာခြင်း
- ခြေချောင်းများတွင် စူးခနဲနာကျင်ခြင်း၊ ထုံကျင်ခြင်း သို့မဟုတ် ကျင်စက်စက် ခံစားရခြင်း
- ဖိနပ်ထဲတွင် ခဲလုံးလေးတစ်လုံး သို့မဟုတ် အတွန့်တစ်ခု ခံနေသကဲ့သို့ ခံစားရခြင်း
နောက်ဆက်တွဲပြဿနာများ
ဤဝေဒနာကို ကုသမှုမပြုဘဲထားရှိပါက ၎င်းခြေထောက်၏ အခြားနေရာများ သို့မဟုတ် အခြားခြေထောက် တစ်ဖက်တွင်ပါ နာကျင်မှုများ ဖြစ်ပွားလာနိုင်သည်။ ထို့အပြင် ခန္ဓာကိုယ်ဟန်ချက်ကို မညီမညာ ညှိယူလျှောက်လှမ်းရသဖြင့် ခါးအောက်ပိုင်းနှင့် တင်ပါးဆုံအပါအဝင် အခြားအစိတ်အပိုင်းများတွင်ပါ နာကျင်မှုဖြစ်ပေါ် နိုင်ပြီး နေ့စဉ် လှုပ်ရှားသွားလာမှုကို ထိခိုက်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ခြေဖဝါးအရှေ့ပိုင်းတွင် နာကျင်ခြင်းဝေဒနာသည် ရက်အနည်းငယ်ထက်ကျော်လွန်၍ မသက်သာပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ ဆက်လက်၍ အရိုးအထူးကုဆရာဝန်နှင့် လွှဲပြောင်းကုသပေးနိုင်သည်။
အရေးပေါ်ပြသရန်
အောက်ပါလက္ခဏာများ တွေ့ရှိပါက အရိုးကျိုးခြင်းကဲ့သို့သော ပိုမိုဆိုးရွားသည့် ထိခိုက်ဒဏ်ရာ ရရှိထားနိုင်သဖြင့် အရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက်သင့်သည်။
- ခြေဖဝါးရှေ့ပိုင်းတွင် ပြင်းထန်စွာ နာကျင်ခြင်း
- လမ်းမလျှောက်နိုင်ခြင်း
- ခြေဖဝါး ပုံသဏ္ဌာန် ပြောင်းလဲသွားခြင်း
- ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြည်သံတစ်ခုခု ကြားလိုက်ရခြင်း
ရောဂါရှာဖွေခြင်း
ခြေဖဝါးရှေ့ပိုင်းနာကျင်ခြင်းနှင့် ဆင်တူသော ရောဂါလက္ခဏာများကို ဖြစ်စေနိုင်သည့် ခြေထောက်ပြဿနာများစွာ ရှိသောကြောင့် နာကျင်မှုဖြစ်ရသည့် အကြောင်းရင်းကို တိကျစွာ ရှာဖွေဖော်ထုတ်ရန် လိုအပ်သည်။
သက်ဆိုင်ရာဆရာဝန်သည် ကျန်းမာရေးရာဇဝင်၊ နာကျင်မှု၏ တည်နေရာ၊ ပြင်းထန်မှု၊ ဖြစ်ပေါ်သည့်အချိန်နှင့် ပိုမိုဆိုးရွားစေသော အကြောင်းအချက်များကို မေးမြန်းမည်ဖြစ်သည်။ ထို့နောက် ခြေထောက်ကို အသေးစိတ်စမ်းသပ်စစ်ဆေးပြီး နာကျင်သည့်နေရာ၊ ခြေဖဝါး၏ ဖွဲ့စည်းပုံ၊ ခြေချောင်းများ၏ ပုံသဏ္ဌာန်နှင့် လမ်းလျှောက်ပုံတို့ကို အကဲဖြတ်မည်ဖြစ်သည်။
အရိုးအက်ခြင်း (Stress fracture) သို့မဟုတ် အခြားအရိုးနှင့် အဆစ်ဆိုင်ရာ ပြဿနာများကို စစ်ဆေးရန် ဓာတ်မှန် (X-ray) ရိုက်ရန် လိုအပ်နိုင်သည်။ ဓာတ်မှန်တွင် မတွေ့ရှိသော်လည်း ရောဂါလက္ခဏာများ ဆက်လက်ရှိနေပါက သို့မဟုတ် အာရုံကြော၊ အရွတ် သို့မဟုတ် အခြားပျော့ပျောင်းသော တစ်ရှူးများ၏ ပြဿနာကို သံသယရှိပါက အာထရာဆောင်း (USG) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ဖြင့် ထပ်မံစစ်ဆေးနိုင်သည်။
ထို့အပြင် ရောဂါဖြစ်စေသော အကြောင်းရင်း သို့မဟုတ် ဆက်စပ်ရောဂါများကို ရှာဖွေရန် လိုအပ်ပါက သွေးစစ်ဆေးမှုများလည်း ပြုလုပ်နိုင်သည်။ ဥပမာ_
- သွေးတွင်း ယူရစ်အက်ဆစ်ဓာတ် (Uric acid)
- သွေးတွင်း သကြားဓာတ် (Blood glucose)
- လေးဘက်နာ အဆစ်ရောင်ရောဂါ စစ်ဆေးမှုများ (ဥပမာ Rheumatoid factor [RF] နှင့် Anti-CCP antibody)
- ရောင်ရမ်းမှုကို အကဲဖြတ်ရန် သွေးစစ်ဆေးမှုများ (ဥပမာ – ESR နှင့် CRP)
ကုသခြင်း
ရောဂါလက္ခဏာ မပြင်းထန်သော အခြေအနေများတွင် ခြေဖဝါးရှေ့ပိုင်းပေါ် ကျရောက်နေသော ဖိအားကို လျှော့ချရန်နှင့် နာကျင်မှုကို သက်သာစေရန် ရည်ရွယ်သော အောက်ပါ နေအိမ်တွင် မိမိဘာသာပြုစုကုသနည်းများဖြင့် လူနာအများစုသည် ရောဂါလက္ခဏာများ သက်သာကောင်းမွန်လာနိုင်သည်။
- အနားယူခြင်း (Rest)
- ကြာရှည်စွာ မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်းနှင့် ပြင်းထန်သော အားကစားလေ့ကျင့်ခန်းများ ခေတ္တရှောင်ကြဉ်ပါ
- ယင်းအစား ရေကူးခြင်း သို့မဟုတ် စက်ဘီးစီးခြင်းကဲ့သို့ ခြေဖဝါးပေါ် ဖိအားနည်းသော လေ့ကျင့်ခန်းများကို ယာယီပြောင်းလဲ လုပ်ဆောင်နိုင်သည်
- ရေခဲကပ်ခြင်း (Ice application)
- ပါးလွှာသော အဝတ်ဖြင့် ပတ်ထားသည့် ရေခဲအိတ်ကို နာကျင်နေသော နေရာပေါ်တွင် တစ်ကြိမ်လျှင် ၁၅ မိနစ် မှ ၂၀ မိနစ်ခန့်၊ တစ်နေ့လျှင် ၃ ကြိမ် မှ ၄ ကြိမ်အထိ ကပ်ပေးနိုင်သည်
- အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်း
- နာကျင်မှု သက်သာစေရန် ပါရာစီတမော (Paracetamol) သို့မဟုတ် အိုင်ဗျူပရိုဖင် (Ibuprofen)၊ နာပရောက်ဆင် (Naproxen) ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများကို ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူ၏ အကြံပြုချက်နှင့်အညီ သောက်သုံးနိုင်သည်
- ဖိနပ်ပြောင်းလဲစီးခြင်း (Footwear adjustment)
- ခြေဖနောင့်ပိုင်းကို ကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်ပြီး ခြေချောင်းများ လွတ်လပ်စွာ လှုပ်ရှားနိုင်ရန် ရှေ့ပိုင်းကျယ်ဝန်းကာ အောက်ခံပျော့ပျောင်းသည့် ဖိနပ်များကို ရွေးချယ်စီးသင့်သည်
- ခြေဖဝါးအထောက်အကူပစ္စည်းများ အသုံးပြုခြင်း (Orthotics and supports)
- ခြေဖဝါးရှေ့ပိုင်း အခံပြား (Metatarsal pad) သို့မဟုတ် မိမိခြေဖဝါးပုံစံနှင့် ကိုက်ညီအောင် ပြုလုပ်ထားသော ခြေဖဝါးခုံးအထိန်း (Orthotic) များကို အသုံးပြုခြင်းဖြင့် နာကျင်နေသော ခြေဆစ်ရိုးခေါင်းများပေါ်ရှိ ဖိအားကို အခြားနေရာများသို့ ခွဲဝေလျှော့ချပေးနိုင်သည်။
အထက်ဖော်ပြပါ ကုသနည်းများဖြင့် မသက်သာဘဲ နာကျင်မှု ဆက်လက်ပြင်းထန်နေပါက သို့မဟုတ် နေ့စဉ်သွားလာလှုပ်ရှားမှုများကို သိသိသာသာ အနှောင့်အယှက်ဖြစ်စေပါက အရိုးအကြောအဆစ် အထူးကုဆရာဝန် သို့မဟုတ် ခြေထောက်နှင့် ခြေမျက်စိ အထူးကုဆရာဝန်နှင့် ပြသ၍ တိကျသော အကြောင်းရင်းကို ရှာဖွေစစ်ဆေးပြီး သင့်လျော်သော ကုသမှုကို ခံယူသင့်သည်။
ရှားပါးသော အခြေအနေများတွင် အခြားကုသမှုများဖြင့် မသက်သာဘဲ ခြေချောင်းကွေးခြင်း (Hammertoe) သို့မဟုတ် အခြားဖွဲ့စည်းပုံဆိုင်ရာ ပြဿနာများ တွဲဖက်ရှိပါက ခွဲစိတ်ကုသမှုကို စဉ်းစားနိုင်သည်။
ကာကွယ်ခြင်း
ခြေဖဝါးရှေ့ပိုင်းနာကျင်ခြင်းကို အမြဲတမ်း ကာကွယ်နိုင်မည် မဟုတ်သော်လည်း အောက်ပါနည်းလမ်းများဖြင့် ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်သည်။
- အောက်ခံကောင်းမွန်ပြီး ခြေချောင်းများ လွတ်လပ်စွာ လှုပ်ရှားနိုင်ရန် ရှေ့ပိုင်းကျယ်ဝန်းသော ဒေါက်နိမ့်ဖိနပ်များကို ရွေးချယ်စီးခြင်း
- သင့်လျော်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
- လေ့ကျင့်ခန်း သို့မဟုတ် အားကစားပြုလုပ်သည့် အချိန်နှင့် ပြင်းအားကို တဖြည်းဖြည်း တိုးမြှင့်ခြင်းနှင့် ပြင်းထန်သော လှုပ်ရှားမှုပြီးနောက် ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်ရန် လုံလောက်သော အနားယူချိန်ပေးခြင်း
- ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း၊ အလွန်အမင်း လမ်းလျှောက်ခြင်းနှင့် မာကျောသော ကြမ်းပြင်ပေါ်တွင် ခြေဗလာဖြင့် သွားလာခြင်းတို့ကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း
- အသားမာများရှိပါက ခြေထောက်ကို ရေစိမ်ပြီး တွင်းထွက်ကျောက် (Pumice stone) ဖြင့် ညင်သာစွာ တိုက်ချွတ်ခြင်းဖြင့် ဖိအားကို လျှော့ချပေးနိုင်သည်၊ ဆီးချိုရောဂါ သို့မဟုတ် သွေးလည်ပတ်မှု မကောင်းသူများသည် မိမိဘာသာ မဖယ်ရှားဘဲ ကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်သင့်သည်
References:
- Cleveland Clinic. (n.d.). Metatarsalgia. Retrieved July 15, 2026, from https://my.clevelandclinic.org/health/diseases/15890-metatarsalgia
- Hospital for Special Surgery. (n.d.). Foot pain: Causes and treatments. Retrieved July 15, 2026, from https://www.hss.edu/health-library/conditions-and-treatments/list/foot-pain-causes
- Mayo Clinic. (n.d.). Metatarsalgia: Diagnosis and treatment. Retrieved July 15, 2026, from https://www.mayoclinic.org/diseases-conditions/metatarsalgia/diagnosis-treatment/drc-20354795
- Mayo Clinic. (n.d.). Metatarsalgia: Symptoms and causes. Retrieved July 15, 2026, from https://www.mayoclinic.org/diseases-conditions/metatarsalgia/symptoms-causes/syc-20354790
Published: 29 July 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.