ပေါင်ထိပ်ရိုးခေါင်း သွေးပြတ်တောက်၍ အရိုးပျက်စီးခြင်း (Avascular Necrosis/Osteonecrosis of the Femoral Head) ဆိုသည်မှာ ပေါင်ထိပ်ရိုးခေါင်း (Femoral head) သို့ သွေးထောက်ပံ့မှု လျော့နည်းသွားခြင်း သို့မဟုတ် ပြတ်တောက်သွားခြင်းကြောင့် အရိုးတစ်ရှူးများ တဖြည်းဖြည်း ပျက်စီးသေဆုံးသွားသည့် ရောဂါအခြေအနေဖြစ်သည်။ သွေးထောက်ပံ့မှု မလုံလောက်သည့်အခါ အရိုးသည် အားနည်းလာပြီး အက်ကြောင်းငယ်များ ဖြစ်ပေါ်လာကာ နောက်ဆုံးတွင် ပေါင်ထိပ်ရိုးခေါင်း ပြားသွားခြင်း (Collapse) နှင့် တင်ပါးဆုံအဆစ် ပျက်စီးခြင်းတို့အထိ ဖြစ်ပွားနိုင်သည်။ ဤရောဂါသည် အများအားဖြင့် အချိန်နှင့်အမျှ တဖြည်းဖြည်း ပိုမိုဆိုးရွားလာပြီး စောစီးစွာ မကုသပါက လအနည်းငယ်မှ နှစ်အနည်းငယ်အတွင်း အမြဲတမ်း အဆစ်ပျက်စီးခြင်းနှင့် လှုပ်ရှားသွားလာနိုင်စွမ်း ကျဆင်းခြင်းတို့ကို ဖြစ်စေနိုင်သည်။
ဤရောဂါသည် ပေါင်ထိပ်ရိုးကျိုးခြင်း သို့မဟုတ် တင်ပါးဆုံအဆစ်လွဲခြင်းကဲ့သို့ ထိခိုက်ဒဏ်ရာများကြောင့် ဖြစ်နိုင်သလို၊ စတီးရွိုက် (Steroid) ဆေးဝါးများကို ပမာဏမြင့်မားစွာ သို့မဟုတ် ရေရှည်သုံးစွဲခြင်းနှင့် အရက်အလွန်အကျွံ သောက်သုံးခြင်းတို့သည်လည်း အဖြစ်များသော အကြောင်းရင်းများဖြစ်သည်။ ထို့အပြင် အချို့သော သွေးရောဂါများ၊ ကိုယ်ခံအားဆိုင်ရာရောဂါများနှင့် အခြားကျန်းမာရေးအခြေအနေများကြောင့်လည်း ဖြစ်ပွားနိုင်သည်။ အစောပိုင်းအဆင့်များတွင် ရောဂါလက္ခဏာ မရှိသေးဘဲ အခြားအကြောင်းရင်းတစ်ခုအတွက် ဓာတ်မှန် သို့မဟုတ် MRI ရိုက်စစ်ဆေးရင်း မတော်တဆ တွေ့ရှိရတတ်သည်။
အမေရိကန်ပြည်ထောင်စု၌ နှစ်စဉ် လူနာအသစ် ၂၀,၀၀၀ မှ ၃၀,၀၀၀ ခန့်တွင် ဤရောဂါစစ်ဆေးတွေ့ရှိရကြောင်း ခန့်မှန်းထားပြီး တင်ပါးဆုံအဆစ် အစားထိုးခွဲစိတ်မှု (Total Hip Replacement) ပြုလုပ်ရသည့် အဖြစ်များသော အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ပေါင်ထိပ်ရိုးခေါင်းသို့ စီးဆင်းသော သွေးလည်ပတ်မှု အဟန့်အတားဖြစ်ခြင်း သို့မဟုတ် လျော့နည်းသွားခြင်းကြောင့် ဤရောဂါ ဖြစ်ပွားရခြင်းဖြစ်ပြီး အောက်ပါအချက်များနှင့် ဆက်စပ်နေသည်။
- ထိခိုက်ဒဏ်ရာရခြင်း – တင်ပါးဆုံအဆစ်လွဲခြင်း သို့မဟုတ် ပေါင်ရိုးလည်ပင်းနေရာ ကျိုးခြင်းတို့ကြောင့် အနီးနားရှိ သွေးကြောများ ပျက်စီးကာ သွေးစီးဆင်းမှု ပြတ်တောက်သွားနိုင်သည်
- စတီးရွိုက်ဆေးဝါးများ သုံးစွဲခြင်း
- Prednisone ကဲ့သို့သော စတီးရွိုက်ဆေးဝါးများကို ပမာဏမြင့်မားစွာ ရေရှည်သုံးစွဲခြင်းသည် သွေးတွင်းအဆီဓာတ် (Lipids) ကို မြင့်တက်စေပြီး သွေးကြောငယ်များကို ပိတ်ဆို့စေနိုင်သည်ဟု ယူဆကြသည်
- မြန်မာနိုင်ငံတွင် အဖြစ်အများဆုံး အကြောင်းရင်းတစ်ခုဖြစ်သည်
- အကိုက်အခဲပျောက်ဆေး၊ လေးဖက်နာဆေး၊ ပန်းနာရင်ကြပ်ဆေး သို့မဟုတ် အားဆေးဟုဆိုကာ ရောင်းချနေသော တရားမဝင် တိုင်းရင်းဆေးများနှင့်စပ်ဆေးများတွင် စတီးရွိုက်ဆေးများ ရောစပ်ထားတတ်သဖြင့် သောက်သုံးသူများအတွက် အန္တရာယ်ရှိသည်
- အရက်အလွန်အကျွံသောက်ခြင်း – နှစ်ရှည်လများ အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့် သွေးကြောထဲတွင် အဆီဓာတ်များ ပိတ်ဆို့စေပြီး အရိုးဆီသို့ သွေးစီးဆင်းမှုကို နှောင့်နှေးစေသည်
- အချို့လူနာများတွင်မူ ဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရှိနိုင်ဘဲ ပေါင်ထိပ်ရိုးခေါင်းသို့ သွေးမရောက်ခြင်းရောဂါ( Idiopathic avascular necrosis of femoral head) ကို ခံစားရနိုင်သည်။
ဖြစ်ပွားနိုင်ခြေများသူများ
- ကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်ဖြင့်ကုသမှု ခံယူထားသူများ
- ဆစ်ကယ်ဆဲလ် သွေးအားနည်းရောဂါ (Sickle Cell Anemia)၊ SLE ရောဂါ (Systemic Lupus Erythematosus)၊ HIV/AIDS၊ ပန်ကရိယရောင်ရောဂါ (Pancreatitis)၊ သွေးကင်ဆာရောဂါ (Leukemia) စသည့်အခြားရောဂါအခံများ
- ကိုယ်ခန္ဓာအစိတ်အပိုင်း (အထူးသဖြင့် ကျောက်ကပ်) အစားထိုးကုသမှု ခံယူထားသူများ
- ရေငုပ်သမားများတွင် ဖြစ်ပွားတတ်သော ရေဖိအားကြောင့်ဖြစ်သည့် ရောဂါ (Decompression Sickness သို့မဟုတ် Diver’s Disease)
- ဆေးလိပ်သောက်သူများ
- သွေးတွင်းအဆီဓာတ် မြင့်မားသူများ
- အသက် ၃၀ မှ ၅၀ နှစ်အတွင်း လူလတ်ပိုင်းများတွင် ပိုမိုအဖြစ်များသော်လည်း အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။
ရောဂါလက္ခဏာများ
ရောဂါအစောပိုင်းအဆင့်တွင် လက္ခဏာမရှိဘဲ ဖြစ်နေနိုင်သည်။ ရောဂါပိုမိုဆိုးရွားလာပြီး ပေါင်ထိပ်ရိုးခေါင်း စတင်ပျက်စီးလာသည်နှင့်အမျှ အောက်ပါလက္ခဏာများ ပေါ်လာနိုင်သည်။
- တင်ပါးဆုံနာကျင်ခြင်း (Hip pain)
အစပိုင်းတွင် လမ်းလျှောက်ခြင်း၊ မတ်တပ်ရပ်ခြင်း သို့မဟုတ် ကိုယ်အလေးချိန် သက်ရောက်သော လှုပ်ရှားမှုများ ပြုလုပ်သည့်အခါသာ နာကျင်တတ်သည်။ ရောဂါပိုမိုဆိုးရွားလာပါက အနားယူနေချိန် သို့မဟုတ် ညအိပ်နေချိန်တွင်ပင် နာကျင်နိုင်သည်။ နာကျင်မှုကို ပေါင်ခြံတွင် အများဆုံးခံစားရပြီး တင်ပါးရှေ့၊ ဘေး သို့မဟုတ် နောက်ဘက်သို့ ပျံ့နှံ့နိုင်သလို ပေါင် သို့မဟုတ် ဒူးအထိလည်း ရောက်ရှိနိုင်သည်။ - လှုပ်ရှားနိုင်စွမ်း လျော့နည်းလာခြင်း (Reduced hip movement)
တင်ပါးဆုံအဆစ် တောင့်တင်းလာခြင်း၊ လမ်းလျှောက်ခြင်း၊ လှေကားတက်ခြင်း၊ ထိုင်ရာမှထခြင်းနှင့် ဖိနပ်စီးခြင်းကဲ့သို့ နေ့စဉ်လုပ်ငန်းဆောင်တာများ ခက်ခဲလာနိုင်သည်။ နောက်ပိုင်းတွင် ထော့နဲ့ထော့နဲ့ လမ်းလျှောက်ခြင်း (Limping) ကို သတိပြုမိနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
စောစီးစွာ မကုသပါက ပေါင်ထိပ်ရိုးခေါင်း ပျက်စီးမှုသည် တဖြည်းဖြည်း ဆိုးရွားလာပြီး တင်ပါးဆုံအဆစ်၏ လုပ်ဆောင်နိုင်စွမ်းကို အမြဲတမ်း ထိခိုက်စေနိုင်သည်။
- ပေါင်ထိပ်ရိုးခေါင်း ပိပြားပျက်စီးခြင်း (Femoral Head Collapse)
သွေးထောက်ပံ့မှု မရရှိသော အရိုးတစ်ရှူးများ ပျက်စီးလာပြီး ပေါင်ထိပ်ရိုးခေါင်း၏ ပုံသဏ္ဌာန် ပိပြားကျသွားနိုင်သည်။ ဤသည်မှာ ရောဂါ၏ အရေးကြီးဆုံး နောက်ဆက်တွဲပြဿနာဖြစ်သည်။ - တင်ပါးဆုံအဆစ် ကျီးပေါင်းတက်ခြင်း (Secondary Osteoarthritis)
ပေါင်ထိပ်ရိုးခေါင်း ပုံပျက်သွားခြင်းကြောင့် အဆစ်အရိုးနုများ တဖြည်းဖြည်း ပျက်စီးလာကာ တင်ပါးဆုံအဆစ် ကျီးပေါင်းတက်ခြင်း ဖြစ်ပေါ်နိုင်သည်။ - လှုပ်ရှားနိုင်စွမ်း လျော့နည်းခြင်းနှင့် မသန်စွမ်းဖြစ်ခြင်း (Disability)
အဆစ်တောင့်တင်းခြင်းနှင့် နာကျင်မှုကြောင့် လမ်းလျှောက်ခြင်း၊ လှေကားတက်ခြင်း၊ ဖိနပ်စီးခြင်းနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ ခက်ခဲလာနိုင်သည်။ အသုံးပြုမှုနည်းလာသဖြင့် ပေါင်နှင့် တင်ပါးကြွက်သားများ အားနည်းလာနိုင်သည်။ - ခြေထောက်အတိုအရှည် မညီခြင်း (Leg Length Discrepancy)
ပေါင်ထိပ်ရိုးခေါင်း ပိပြားကျသွားပါက ထိခိုက်သည့်ဘက် ခြေထောက်သည် အနည်းငယ်တိုလာနိုင်ပြီး ထော့နဲ့ထော့နဲ့ လမ်းလျှောက်ခြင်းနှင့် ကိုယ်ဟန်ချက် မညီခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ - တင်ပါးဆုံအဆစ် နှစ်ဘက်စလုံးတွင် ဖြစ်ပွားခြင်း (Bilateral Disease)
အထူးသဖြင့် စတီးရွိုက်ဆေးများကို ရေရှည်သုံးစွဲခြင်း၊ အရက်အလွန်အကျွံ သောက်သုံးခြင်း သို့မဟုတ် သွေးရောဂါအချို့ကြောင့် ဖြစ်သော ရောဂါများတွင် တင်ပါးဆုံအဆစ် နှစ်ဘက်စလုံး ထိခိုက်နိုင်ပြီး လှုပ်ရှားနိုင်စွမ်းကို ပိုမိုဆိုးရွားစွာ ထိခိုက်စေနိုင်သည်။ - တင်ပါးဆုံအဆစ် အစားထိုးခွဲစိတ်ကုသမှု လိုအပ်လာခြင်း (Need for Total Hip Replacement)
ရောဂါအဆင့်နောက်ကျ၍ ပေါင်ထိပ်ရိုးခေါင်း ပြိုကျပြီး အဆစ်ပျက်စီးသွားပါက နာကျင်မှုကို သက်သာစေရန်နှင့် လှုပ်ရှားနိုင်စွမ်း ပြန်လည်ကောင်းမွန်စေရန် တင်ပါးဆုံအဆစ် အစားထိုးခွဲစိတ်ကုသမှု (Total Hip Replacement) ပြုလုပ်ရန် လိုအပ်လာနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါလက္ခဏာများ ရှိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ ဆက်လက်၍ အရိုးအထူးကုဆရာဝန်နှင့် လွှဲပြောင်းကုသပေးနိုင်သည်။ စောစီးစွာ ရောဂါရှာဖွေတွေ့ရှိခြင်းသည် မသန်စွမ်းမှု မဖြစ်ပွားစေရန် အလွန်အရေးကြီးသည်။
အရေးပေါ်ပြသရန်
အောက်ပါအခြေအနေများရှိပါက အရေးပေါ်ပြသရန် လိုအပ်သည်။
- ရုတ်တရက် ပြင်းထန်စွာ နာကျင်လာခြင်း
- လမ်းမလျှောက်နိုင်တော့ခြင်း
- ဖျားနာ၍ တင်ပါးဆုံ ပြင်းထန်စွာ နာကျင်ခြင်း
- ထိခိုက်ဒဏ်ရာရပြီးနောက် နာကျင်မှုဖြစ်ပေါ်လာခြင်း
- ကိုယ်အလေးချိန် မထောက်နိုင်တော့ခြင်း
ရောဂါရှာဖွေခြင်း
ဆရာဝန်သည် ကျန်းမာရေးရာဇဝင်နှင့် ရောဂါလက္ခဏာများ မေးမြန်းခြင်း၊ ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးခြင်းတို့ဖြင့် ရောဂါရှာဖွေသည်။ ထို့အပြင်ရောဂါကိုအတည်ပြုရန်နှင့် ရောဂါအဆင့်ကို အတိအကျသိနိုင်ရန် အောက်ပါပုံရိပ်ဖော်စစ်ဆေးခြင်း (Imaging) တို့ကိုလည်း ပြုလုပ်သည်။
- ဓာတ်မှန်ရိုက်ခြင်း (X-ray)
- ရောဂါနောက်ကျသောအဆင့်မှသာ အရိုးပြောင်းလဲမှုကို ပြသနိုင်ပြီး စောစောပိုင်းတွင် မသိသာနိုင်ပါ
- သံလိုက်ဓာတ်မှန် (MRI)
- ရောဂါအစောပိုင်းအဆင့်ရှိ အရိုးပြောင်းလဲမှုများကို အသေးစိတ် တိကျစွာ ဖော်ပြပေးနိုင်သည်
- ရောဂါ၏ အဆင့်နှင့် တင်ပါးဆုံ နှစ်ဖက်လုံးတွင် ဖြစ်ပွားခြင်းရှိမရှိကိုလည်း အကဲဖြတ်နိုင်သည်
- ကွန်ပျူတာဓာတ်မှန် (CT Scan)
- ပေါင်ထိပ်ရိုးခေါင်း ပိပြားမှုနှင့် အရိုးပျက်စီးမှုအတိုင်းအတာကို အသေးစိတ် အကဲဖြတ်ရန် အသုံးပြုနိုင်သည်
- ခွဲစိတ်ကုသမှု စီစဉ်ရာတွင်လည်း အထောက်အကူပြုသည်
- ဆေးသွင်းအရိုးဓာတ်မှန်ရိုက်ခြင်း (Bone scan)
- သွေးကြောအတွင်း ရေဒီယိုသတ္တိကြွ ပစ္စည်းအနည်းငယ် ထည့်သွင်း၍ ဒဏ်ရာရနေသော သို့မဟုတ် ပြန်လည်ကောင်းမွန်လာနေသော အရိုးနေရာများကို ရှာဖွေခြင်းဖြစ်သည်
- သံလိုက်ဓာတ်မှန်မရသော အခြေအနေများတွင် အသုံးပြုနိုင်သည်
- သွေးစစ်ဆေးမှုများ (Blood Tests)
- ပေါင်ထိပ်ရိုးခေါင်းသို့ သွေးမရောက်ခြင်းကို တိုက်ရိုက်အတည်ပြုနိုင်သော သွေးစစ်ဆေးမှု မရှိပါ
- သို့သော် ရောဂါဖြစ်စေနိုင်သော အကြောင်းရင်းများ သို့မဟုတ် အခြားရောဂါများကို ရှာဖွေရန် သွေးစစ်ဆေးမှုများ ပြုလုပ်နိုင်သည်။ ဥပမာ_
- သွေးတွင်းအဆီဓာတ် (Lipid profile)
- သွေးတွင်းသကြားဓာတ် (Blood glucose)
- SLE ရောဂါစစ်ဆေးမှုများ (ဥပမာ ANA)
- သွေးခဲခြင်းဆိုင်ရာ စစ်ဆေးမှုများ (Coagulation profile)
- ဆစ်ကယ်ဆဲလ် သွေးအားနည်းရောဂါ(Sickle Cell Anemia) စစ်ဆေးမှု
ပေါင်ထိပ်ရိုးခေါင်းသို့ သွေးမရောက်ခြင်းရောဂါ၏ အဆင့် ၄ ဆင့် (The Four Stages of AVN)
ပေါင်ထိပ်ရိုးခေါင်း သွေးပြတ်တောက်၍ အရိုးပျက်စီးခြင်းရောဂါကို ပေါင်ထိပ်ရိုးခေါင်းနှင့် တင်ပါးဆုံအဆစ် ပျက်စီးမှုအဆင့်အပေါ် မူတည်၍ အဆင့် (၄) ဆင့် ခွဲခြားနိုင်သည်။ ရောဂါ၏ အစောပိုင်းအဆင့်များတွင် ရိုးရိုးဓာတ်မှန် (X-ray) ဖြင့် မတွေ့ရှိနိုင်သေးသဖြင့် သံလိုက်ဓာတ်မှန် (MRI) သည် ရောဂါကို စောစီးစွာ ဖော်ထုတ်နိုင်ရန် အထိရောက်ဆုံး စစ်ဆေးနည်းဖြစ်သည်။
- အဆင့် ၁ (အစောပိုင်းအဆင့်)
ပေါင်ထိပ်ရိုးခေါင်းသို့ သွေးထောက်ပံ့မှု ပြတ်တောက်နေပြီဖြစ်သော်လည်း ရိုးရိုးဓာတ်မှန်တွင် ပုံမှန်အတိုင်းသာ တွေ့ရသေးသည်။ MRI ဖြင့်သာ ပုံမှန်မဟုတ်သော ပြောင်းလဲမှုများကို တွေ့ရှိနိုင်ပြီး လူနာအချို့တွင် လက္ခဏာမရှိသေးသလို အချို့တွင် အနာအနည်းငယ်သာ ခံစားရနိုင်သည်။ - အဆင့် ၂
အရိုးတစ်ရှူးများ စတင်ပျက်စီးလာပြီး ရိုးရိုးဓာတ်မှန်တွင် အရိုးမာလာခြင်း (Sclerosis)၊ အရိုးတွင်း ရေအိတ်ငယ်များ (Cysts) သို့မဟုတ် အရိုးဖွဲ့စည်းပုံ ပြောင်းလဲမှုများကို စတင်တွေ့ရှိနိုင်သည်။ သို့သော် ပေါင်ထိပ်ရိုးခေါင်း၏ ပုံသဏ္ဌာန်မှာ မပြောင်းလဲသေးပါ။ နာကျင်မှုနှင့် အဆစ်တောင့်တင်းမှုများ စတင်ဖြစ်ပေါ်လာနိုင်သည်။ - အဆင့် ၃
အရိုး၏ ကြံ့ခိုင်မှု လျော့နည်းလာပြီး အရိုးနုအောက်တွင် အက်ကြောင်းငယ် (Subchondral fracture သို့မဟုတ် Crescent sign) ပေါ်လာကာ ပေါင်ထိပ်ရိုးခေါင်း စတင်ပိပြားလာသည်။ ဤအဆင့်တွင် နာကျင်မှု ပိုမိုပြင်းထန်လာပြီး လမ်းလျှောက်ခြင်း၊ မတ်တပ်ရပ်ခြင်းနှင့် ကိုယ်အလေးချိန် ခံနိုင်ရည်တို့ သိသိသာသာ ကျဆင်းလာသည်။ - အဆင့် ၄ (နောက်ဆုံးအဆင့်)
ပေါင်ထိပ်ရိုးခေါင်း ပိပြားပျက်စီးသွားပြီး တင်ပါးဆုံအဆစ်၏ အရိုးနုများပါ ပျက်စီးလာကာ ဒုတိယအဆင့် တင်ပါးဆုံအဆစ် ကျီးပေါင်းတက်ခြင်း (Secondary Osteoarthritis) ဖြစ်ပေါ်လာသည်။ နာကျင်မှု ဆက်တိုက်ရှိလာပြီး အဆစ်လှုပ်ရှားနိုင်စွမ်း အလွန်ကျဆင်းသွားကာ အများအားဖြင့် တင်ပါးဆုံအဆစ် အစားထိုးခွဲစိတ်ကုသမှု (Total Hip Replacement) လိုအပ်လာနိုင်သည်။
အရေးကြီးသောအချက်
ပေါင်ထိပ်ရိုးခေါင်း သွေးပြတ်တောက်၍ အရိုးပျက်စီးခြင်းရောဂါသည် အချိန်နှင့်အမျှ ပေါင်ထိပ်ရိုးခေါင်း ပိပြားပျက်စီးကာ တင်ပါးဆုံအဆစ်တစ်ခုလုံး ထိခိုက်စေနိုင်သောကြောင့် ရောဂါကို အစောပိုင်းအဆင့်တွင် MRI ဖြင့် စောစီးစွာ ရှာဖွေဖော်ထုတ်ပြီး ကုသမှုစတင်နိုင်ခြင်းသည် အဆစ်ကို ထိန်းသိမ်းနိုင်ရန်နှင့် တင်ပါးဆုံအဆစ် အစားထိုးခွဲစိတ်ကုသမှု (Total Hip Replacement) လိုအပ်မှုကို လျှော့ချနိုင်ရန်အတွက် အလွန်အရေးကြီးသည်။
ကုသခြင်း
ရောဂါ၏ ပြင်းထန်မှုအဆင့်နှင့် အရိုးပျက်စီးမှုပေါ်မူတည်၍ ကုသမှုကွာခြားသည်။ ကုသမှု၏ အဓိကရည်ရွယ်ချက်မှာ အရိုးထပ်မံပျက်စီးခြင်းကို တားဆီးရန်နှင့် ပေါင်ထိပ်ရိုးခေါင်း ပိပြားမှုကို ကာကွယ်ရန်ဖြစ်သည်။
- မခွဲစိတ်ဘဲ ကုသသည့် နည်းလမ်း
ကနဦးအဆင့်တွင် မခွဲစိတ်ဘဲ ကုသသည့်နည်းလမ်းကို စတင်အသုံးပြုနိုင်သည်။- ဆေးဝါးဖြင့် ကုသခြင်း
- နာကျင်မှုနှင့် ရောင်ရမ်းမှု သက်သာစေသော အကိုက်အခဲပျောက်ဆေးများ (NSAIDs – ဥပမာ Ibuprofen, Naproxen)
- အရိုးပွရောဂါကုသဆေးများ (Osteoporosis drugs) – အချို့လူနာများတွင် ဆရာဝန် ညွှန်ကြားချက်အရ အရိုးပွရောဂါကုသဆေးများကို အသုံးပြုနိုင်သော်လည်း လူနာတိုင်းအတွက် မလိုအပ်ပါ
- သွေးတွင်း အဆီချဆေးများ – သွေးတွင်းအဆီဓာတ် မြင့်မားသော လူနာများတွင် အဆီချဆေးများကို အသုံးပြုနိုင်သည်
- သွေးကြောကျယ်စေသော ဆေးဝါးများ – ဤဆေးဝါးများသည် ပျက်စီးနေသော အရိုးသို့ သွေးစီးဆင်းမှုကို တိုးတက်ကောင်းမွန်စေနိုင်သည်ဟု ယူဆထားသည်၊ သို့သော် ဆေးဝါး၏ ထိရောက်မှုကို အတည်ပြုနိုင်ရန် သုတေသနများ ဆက်လက်ပြုလုပ်ရန် လိုအပ်နေသေးသည်
- သွေးခဲခြင်းဆိုင်ရာရောဂါ ရှိသူများအတွက် သွေးကျဲဆေးများ (ဥပမာ – Warfarin) အသုံးပြုနိုင်သည်
- နေထိုင်မှုပုံစံ ပြုပြင်ခြင်းနှင့် ပြန်လည်သန်စွမ်းရေးကုထုံး
- လှုပ်ရှားမှုကို ကန့်သတ်၍ အနားယူခြင်း သို့မဟုတ် ချိုင်းထောက်၊ တုတ်ကောက်များ အသုံးပြုခြင်း
- အဆစ်များ လှုပ်ရှားမှုကောင်းမွန်စေရန် ကာယကုထုံး (Physical Therapy) လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
- အရိုးအသစ်ဖြစ်ပေါ်မှုကို လှုံ့ဆော်ရန် လျှပ်စစ်စီးကြောင်းဖြင့် ကုသခြင်း (Electrical Stimulation)
- ဆေးဝါးဖြင့် ကုသခြင်း
- ခွဲစိတ်ကုသသည့် နည်းလမ်း
ပေါင်ထိပ်ရိုးခေါင်းသို့ သွေးမရောက်ခြင်းသည် ရောဂါအဆင့်ပေါ်မူတည်၍ ခွဲစိတ်ကုသရမည့် ရောဂါအမျိုးအစားဖြစ်သည်။- အရိုးထဲသို့ အပေါက်ငယ်များဖောက်ခြင်း(Core Decompression)
အရိုးခေါင်းအတွင်းပိုင်း ဖိအားလျော့သွားစေရန်နှင့် သွေးကြောအသစ်များ ပြန်လည်ပေါက်ဖွားလာစေရန် အရိုးထဲသို့ အပေါက်ငယ်ဖောက်ပေးသည့် ခွဲစိတ်မှုသည် အစောပိုင်းအဆင့်များတွင် ထိရောက်သည်။ - အရိုးအစားထိုးခြင်း (Bone Graft)
ပျက်စီးသွားသော အရိုးနေရာတွင် မိမိခန္ဓာကိုယ်၏ အခြားနေရာမှ သို့မဟုတ် အလှူရှင်ထံမှ ရရှိသော ကျန်းမာသည့် အရိုးတစ်ရှူးဖြင့် အစားထိုးနိုင်သည်။ - အရိုးတည့်အောင်ခွဲစိတ်ကုသခြင်း (Osteotomy)
အဆစ်ပေါ်သို့ သက်ရောက်သည့်အားကို လျော့နည်းစေရန် အရိုးကို ဖြတ်တောက် ပုံဖော်ခြင်းဖြစ်သည်။ - အဆစ်အစားထိုးခြင်း (Joint Replacement)
ပေါင်ထိပ်ရိုးခေါင်း လုံးဝပျက်စီးသွားသည့် နောက်ဆုံးအဆင့်တွင် ပေါင်ထိပ်ရိုးခေါင်းကို ဖြတ်ထုတ်ကာအစားထိုး လဲလှယ်ပေးရသည့် ကုသမှုဖြစ်သည်။ အဆစ်တစ်ခုလုံး အစားထိုးသည့်နည်းလမ်း (Total hip replacement) ကို အများဆုံး အသုံးပြုသည်။ - ဆဲလ်ကုထုံး (Regenerative Medicine Treatment)
ရိုးတွင်းခြင်ဆီမှ ပင်မဆဲလ် (Stem Cells) များကို အပေါက်ငယ်များ (Core decompression) မှတဆင့် ပျက်စီးနေသော ပေါင်ထိပ်ရိုးခေါင်းထဲသို့ ထည့်သွင်း၍ အရိုးအသစ် ပြန်လည်ရှင်သန်စေသည်။ လက်ရှိအချိန်တွင် ရလဒ်ကောင်းများ ရရှိထားသော်လည်း သုတေသနများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး ပုံမှန်ကုသမှု (Standard Treatment) အဖြစ် မသတ်မှတ်ရသေးပါ။
- အရိုးထဲသို့ အပေါက်ငယ်များဖောက်ခြင်း(Core Decompression)
ကာကွယ်ခြင်း
ပေါင်ထိပ်ရိုးခေါင်း သွေးပြတ်တောက်၍ အရိုးပျက်စီးခြင်း (Avascular Necrosis of the Femoral Head) ကို အပြည့်အဝ ကာကွယ်နိုင်ခြင်း မရှိသေးသော်လည်း ဖြစ်ပွားနိုင်ခြေ မြင့်တက်စေသောအကြောင်းရင်းများကို လျှော့ချခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်သည်။
- စတီးရွိုက် (Steroid) ဆေးဝါးများကို လိုအပ်သည့်အခါမှသာ သုံးစွဲပါ
စတီးရွိုက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း အနည်းဆုံးလိုအပ်သော ပမာဏနှင့် အတိုဆုံး အချိန်ကာလသာ သုံးစွဲသင့်ပြီး မိမိသဘောဖြင့် ရေရှည်မသောက်သုံးသင့်ပါ။ - အရက်သောက်သုံးမှုကို လျှော့ချ သို့မဟုတ် ရှောင်ကြဉ်ပါ
အရက် အလွန်အကျွံသောက်သုံးခြင်းသည် သွေးတွင်းအဆီဓာတ် မြင့်တက်စေပြီး အရိုးသို့ သွေးပို့ဆောင်သော သွေးကြောငယ်များကို ပိတ်ဆို့စေနိုင်သောကြောင့် ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေသည်။ - ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်ခြင်းသည် သွေးကြောများကို ကျဉ်းစေပြီး အရိုးသို့ သွေးထောက်ပံ့မှုကို လျော့နည်းစေသဖြင့် ရောဂါဖြစ်နိုင်ခြေကို တိုးစေသည်။ - သွေးတွင်းအဆီဓာတ်နှင့် နာတာရှည်ရောဂါများကို ကောင်းစွာ ထိန်းချုပ်ပါ
သွေးတွင်း ကိုလက်စထရောနှင့် Triglyceride များ မြင့်တက်နေခြင်းသည် သွေးကြောငယ်များကို ပိတ်ဆို့စေနိုင်သည်။ ထို့ကြောင့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်စားခြင်း၊ ပုံမှန်ကိုယ်လက်လှုပ်ရှားခြင်း၊ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းနှင့် လိုအပ်ပါက ဆေးကုသမှုခံယူခြင်းတို့ဖြင့် သွေးတွင်းအဆီဓာတ်ကို ထိန်းညှိသင့်သည်။ ထို့အပြင် SLE၊ Sickle Cell Disease နှင့် အခြားဖြစ်နိုင်ခြေမြင့်သော ရောဂါအခံများရှိပါကလည်း စနစ်တကျ ကုသမှုခံယူသင့်သည်။ - တင်ပါးဆုံရိုး ထိခိုက်ဒဏ်ရာရပါက အမြန်ကုသမှုခံယူပါ
ချော်လဲခြင်း၊ ယာဉ်မတော်တဆမှု သို့မဟုတ် အခြားထိခိုက်ဒဏ်ရာများကြောင့် တင်ပါးဆုံအဆစ်လွဲခြင်း သို့မဟုတ် ပေါင်ရိုးကျိုးခြင်း ဖြစ်ပါက သွေးထောက်ပံ့မှုကို အမြန်ဆုံး ပြန်လည်ရရှိစေရန် အရိုးအထူးကုဆရာဝန်နှင့် ချက်ချင်းပြသ၍ စနစ်တကျ ကုသမှုခံယူသင့်သည်။ - ဖြစ်နိုင်ခြေမြင့်သူများတွင် စောစီးစွာ စစ်ဆေးမှုခံယူပါ
စတီးရွိုက်ဆေးများကို ရေရှည်သုံးစွဲနေသူများ၊ အရက်အလွန်အကျွံ သောက်သုံးသူများ သို့မဟုတ် ဖြစ်နိုင်ခြေမြင့်သော ရောဂါအခံရှိသူများတွင် တင်ပါးဆုံနာကျင်မှု စတင်ဖြစ်ပေါ်လာပါက အစောပိုင်းအဆင့်တွင် ရောဂါဖော်ထုတ်နိုင်ရန် အရိုးအထူးကုဆရာဝန်နှင့် ပြသ၍ လိုအပ်ပါက MRI စစ်ဆေးမှု ခံယူသင့်သည်။
References:
- Cleveland Clinic. (n.d.). Avascular necrosis (osteonecrosis). Retrieved July 10, 2026, from https://my.clevelandclinic.org/health/diseases/14205-avascular-necrosis-osteonecrosis
- Hospital for Special Surgery. (n.d.). Avascular necrosis. Retrieved July 10, 2026, from https://www.hss.edu/health-library/conditions-and-treatments/list/avascular-necrosis
- Mayo Clinic. (n.d.). Avascular necrosis (osteonecrosis): Symptoms and causes. Retrieved July 10, 2026, from https://www.mayoclinic.org/diseases-conditions/avascular-necrosis/symptoms-causes/syc-20369859
- Mont, M. A., Jones, L. C., & Hungerford, D. S. (2019). Nontraumatic osteonecrosis of the femoral head: Where do we stand today? Cleveland Clinic Journal of Medicine, 86(8), 511–520. https://www.ccjm.org/content/86/8/511
Published: 29 July 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.