နာတာရှည် နားပြည်ယိုခြင်း (Chronic Suppurative Otitis Media – CSOM) သည် နားအလယ်ပိုင်းနှင့် နားနောက်ဘက်ရှိ မက်စ်တွိုက်အရိုးတွင်း၌ရှိသော လေအိတ်ဆဲလ်များ (Mastoid Air Cells) တွင် နာတာရှည် ပိုးဝင်ရောင်ရမ်းခြင်းကြောင့် နားစည်ပေါက်သွားပြီး ထိုအပေါက်မှတစ်ဆင့် နားပြည် သို့မဟုတ် နားရည်များ မကြာခဏ သို့မဟုတ် အမြဲတစေ ထွက်နေသောရောဂါဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏သတ်မှတ်ချက်အရ နားစည်ပေါက်မှတစ်ဆင့် ပြည် သို့မဟုတ် အရည်များ အနည်းဆုံး (၂) ပတ်ကြာ ထွက်နေပါက နာတာရှည် နားပြည်ယိုခြင်းဟု သတ်မှတ်သည်။ နားစည်ပေါက်ခြင်းသည် ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ နားထိခိုက်ဒဏ်ရာရခြင်း၊ နားတွင်းဖိအားပြောင်းလဲခြင်း သို့မဟုတ် နားအလယ်ပိုင်းအရည်များကို ထုတ်ရန် နားစည်တွင် ပြွန်ငယ်ထည့်ခြင်း (Tympanostomy Tube) ကုသမှုတို့ကြောင့်လည်း ဖြစ်နိုင်သည်။
ကမ္ဘာလုံးဆိုင်ရာ သုတေသနများအရ နာတာရှည် နားပြည်ယိုခြင်းသည် ကမ္ဘာတစ်ဝန်း လူသန်းပေါင်းများစွာတွင် ဖြစ်ပွားနေဆဲဖြစ်ပြီး၊ အကြားအာရုံဆုံးရှုံးခြင်း၏ အရေးကြီးသော ကာကွယ်နိုင်သည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။ အသက်အရွယ်အားဖြင့် အစောပိုင်းကလေးဘဝ၊ အထူးသဖြင့် အသက် ၂ နှစ် မှ ၅ နှစ်အတွင်း အဖြစ်အများဆုံး ဖြစ်ပွားပြီး၊ ရောဂါဖြစ်သူအများစုသည် ဝင်ငွေနည်းနှင့် ဝင်ငွေအလတ်စား နိုင်ငံများတွင် နေထိုင်ကြသည်။ အဖြစ်များသော ဒေသများတွင် အရှေ့တောင်အာရှဒေသ၊ အနောက်ပစိဖိတ်ဒေသနှင့် ဆာဟာရသဲကန္တာရတောင်ဘက် အာဖရိကဒေသတို့ ပါဝင်သည်။
နာတာရှည် နားပြည်ယိုခြင်းကို အချိန်မီမကုသပါက အကြားအာရုံဆုံးရှုံးခြင်းအပြင် ရှားပါးသော်လည်း ပြင်းထန်သည့် ဦးနှောက်နှင့် အရိုးဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သောကြောင့် လူမှုဘဝနေထိုင်မှုကို ထိခိုက်စေနိုင်သည်။ ထို့အပြင် ပဋိဇီဝပိုးသတ်ဆေးယဉ်ပါးမှု (Antimicrobial Resistance) သည်လည်း ကုသမှုကို ပိုမိုခက်ခဲစေသည့် အရေးကြီးသော စိန်ခေါ်မှုတစ်ခု ဖြစ်လာသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
- လတ်တလော နားအလယ်ပိုင်း ရောင်ရမ်းမှု (Acute otitis media) မပျောက်ကင်းခြင်း
အစောပိုင်း ကလေးဘဝတွင် ဖြစ်သော ရုတ်တရက် နားအလယ်ပိုင်း ပြင်းထန်စွာရောင်ရမ်းခြင်းကို လုံလောက်သောကုသမှု မခံယူခဲ့ခြင်းသည် နာတာရှည် နားပြည်ယိုရောဂါကို အများဆုံးဖြစ်စေသော အချက်ဖြစ်သည်။ - နားနှင့် နှာခေါင်းနောက် လည်ချောင်း ဆက်သွယ်သော ပြွန်ငယရောင်ရမ်းပိတ်ဆို့ခြင်း (Eustachian Tube Dysfunction)
နားအလယ်ပိုင်းနှင့် နှာခေါင်းအနောက်ဘက်ရှိ လည်ချောင်းအပေါ်ပိုင်း (Nasopharynx) ကို ဆက်သွယ်ထားသော ပြွန်ငယ် (Eustachian Tube) သည် နားအလယ်ပိုင်းတွင်းရှိ လေဖိအားကို ထိန်းညှိပေးခြင်း၊ လေဝင်လေထွက် ကောင်းမွန်စေခြင်းနှင့် နားအတွင်းရှိ အရည်များကို ပုံမှန်စီးဆင်းစေခြင်း စသည်တို့ကို ကူညီထိန်းညှိပေးသည်။ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း သို့မဟုတ် ဓာတ်မတည့်ခြင်းကြောင့် အဆိုပါပြွန် ရောင်ရမ်းပိတ်ဆို့သွားပါက နားအလယ်ပိုင်းတွင် လေဖိအားကျဆင်းခြင်း (Negative Pressure) နှင့် အရည်များ ကောင်းစွာမစီးဆင်းဘဲ စုဝေးလာခြင်းတို့ ဖြစ်ပေါ်လာသည်။ ထိုအခြေအနေသည် ဘက်တီးရီးယားများ ပေါက်ဖွားရန် အားပေးသဖြင့် နာတာရှည် နားပြည်ယိုခြင်း ဖြစ်ပွားနိုင်ခြေ မြင့်မားစေသည်။ - ရောဂါပိုးဝင်ခြင်း
ရုတ်တရက် နားအလယ်ပိုင်းရောင်ရမ်းခြင်းသည် ဗိုင်းရပ်စ်များကြောင့် အဖြစ်များသော်လည်း နာတာရှည် နားပြည်ယိုခြင်းမှာမူ တစ်မျိုးထက်ပိုသော ဘက်တီးရီးယားများ စုပေါင်း၍ ဖြစ်ပွားလေ့ရှိသည်။ အများဆုံးဖြစ်စေသော ဘက်တီးရီးယားများမှာ Pseudomonas aeruginosa နှင့် Staphylococcus aureus တို့ဖြစ်သည်။
ရောဂါဖြစ်နိုင်ခြေများသည့် အခြေအနေများ
အောက်ပါအခြေအနေများရှိသူများတွင် နာတာရှည် နားပြည်ယိုခြင်း ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားသည်။
- ကိုယ်ခံအားစနစ် ကောင်းစွာ မဖွံ့ဖြိုးသေးသော ကလေးငယ်များ
- အာဟာရချို့တဲ့သူများ
- လူဦးရေထူထပ်ပြီး လေကောင်းလေသန့် မရသော ပတ်ဝန်းကျင်တွင် နေထိုင်သူများ
- အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို အချိန်မီမရရှိသူများ
- လတ်တလော နားအလယ်ပိုင်းရောင်ရမ်းခြင်း (Acute Otitis Media) မကြာခဏ ဖြစ်ပွားသူများ
- နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ (Cleft Lip and/or Cleft Palate) ရှိသော ကလေးငယ်များ
- မွေးရာပါ နှာခေါင်းအတွင်းလမ်းကြောင်း ပိတ်နေသောရောဂါ (Choanal Atresia) ရှိသူများ
- မျက်နှာနှင့် ဦးခေါင်းခွံ ဖွံ့ဖြိုးမှုမမှန်သော မျိုးဗီဇရောဂါလက္ခဏာစုများ (ဥပမာ – Down Syndrome၊ Cri du Chat Syndrome နှင့် DiGeorge Syndrome) ရှိသူများ
- မွေးရာပါ ဦးခေါင်းခွံသေးသော ရောဂါ (Microcephaly) ရှိသူများ
- မကြာခဏ ရေကူးလေ့ရှိသူများ သို့မဟုတ် နားထဲသို့ ရေဝင်လေ့ရှိသူများ
- လေထုညစ်ညမ်းမှု၊ ဆေးလိပ်ငွေ့နှင့် အိမ်တွင်းမီးခိုးငွေ့များကို မကြာခဏ ထိတွေ့နေရသူများ
ရောဂါလက္ခဏာများ
- နားမှ နာတာရှည် အရည်ယိုစီးခြင်း (Otorrhoea)
အဖြစ်အများဆုံး ရောဂါလက္ခဏာမှာ နားတွင်းမှ ပြည် သို့မဟုတ် အရည်ကြည်များ မကြာခဏ သို့မဟုတ် အမြဲတစေ စီးကျနေခြင်းဖြစ်သည်။ နားအရည်၏ အရောင်မှာ အကြည်၊ အဝါ၊ အစိမ်း သို့မဟုတ် သွေးရောနေနိုင်ပြီး တစ်ခါတစ်ရံ အနံ့ဆိုးထွက်နိုင်သည်။ - နားအတွင်း အသံဝင်ရောက်မှုလမ်းကြောင်း ပြဿနာကြောင့် အကြားအာရုံဆုံးရှုံးခြင်း (Conductive Hearing Loss)
နားစည်ပေါက်ခြင်း၊ နားစည်တောင့်တင်းခြင်း (Tympanosclerosis)၊ နာတာရှည် ရောင်ရမ်းခြင်းကြောင့် နားအလယ်ပိုင်းရှိ အရိုးငယ်များ (Ossicles) ပျက်စီးခြင်း သို့မဟုတ် လှုပ်ရှားနိုင်စွမ်း လျော့နည်းသွားခြင်း တို့ကြောင့် အသံလှိုင်းများကို ကောင်းစွာမပို့ဆောင်နိုင်တော့ဘဲ အကြားအာရုံ ချို့ယွင်းလာနိုင်သည်။ ရောဂါကြာမြင့်လာသည်နှင့်အမျှ အကြားအာရုံဆုံးရှုံးမှုသည် ပိုမိုဆိုးရွားလာနိုင်သည်။ - နားကိုက်ခြင်း၊ ဖျားခြင်း
နာတာရှည် နားပြည်ယိုခြင်းသည် နောက်ဆက်တွဲပြဿနာ မရှိသေးချိန်တွင် အများအားဖြင့် အဖျားတက်ခြင်း သို့မဟုတ် နားကိုက်ခြင်း မဖြစ်တတ်ပါ။ သို့သော် အဖျားတက်ခြင်း၊ နားကိုက်ခြင်း သို့မဟုတ် နားပြည်ယိုခြင်း ရုတ်တရက် ပိုဆိုးလာခြင်းတို့ ဖြစ်ပေါ်လာပါက ရုတ်တရက် ရောဂါပိုဆိုးရွားလာခြင်း (Acute Exacerbation) သို့မဟုတ် နောက်ဆက်တွဲပြဿနာတစ်ခုခု ဖြစ်ပေါ်ခြင်းကို ညွှန်ပြခြင်းဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
နာတာရှည်နားပြည်ယိုခြင်းကို အချိန်မီမကုသပါက နားအတွင်းပိုင်းနှင့် ဦးခေါင်းခွံအတွင်းအထိ ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
- အကြားအာရုံဆုံးရှုံးခြင်း
- အဖြစ်အများဆုံး နောက်ဆက်တွဲပြဿနာဖြစ်သည်
- နားစည်ပေါက်ခြင်း၊ နားအလယ်ပိုင်းရှိ အရိုးငယ်များ ပျက်စီးခြင်းတို့ကြောင့် အကြားအာရုံ ဆုံးရှုံးခြင်းဖြစ်ပြီး၊ အထူးသဖြင့် ကလေးငယ်များတွင် နားမကြားသောကြောင့် စကားပြောဖွံ့ဖြိုးမှုနှင့် လေ့လာသင်ယူနိုင်စွမ်းတို့ကို ထိခိုက်စေနိုင်သည်
- နားအလယ်ပိုင်းတွင်ဖြစ်သော အလုံးအကျိတ်ဖြစ်ခြင်း (Cholesteatoma)
- နားနှင့် နှာခေါင်းနောက် လည်ချောင်း ဆက်သွယ်ပြွန် နာတာရှည်ရောင်ရမ်းခြင်းနှင့် နားတွင်းပိုးဝင်ခြင်း မကြာခဏဖြစ်ခြင်းတို့ကြောင့် နားအလယ်ပိုင်းရှိ အရိုးငယ်များနှင့် အနီးပတ်ဝန်းကျင်ရှိ အရိုးများကို တစ်ရှူးတိုက်စား အင်ဇိုင်းများ (Lytic Enzymes) တိုက်စားဖျက်ဆီးသည်
- ရလဒ်အနေဖြင့် ပျက်စီးသွားသော အရေပြားဆဲလ်များ စုဝေးလာပြီး အလုံးအကျိတ်ဖြစ်လာသည်
- ကင်ဆာအကျိတ် မဟုတ်သော်လည်း ကြီးထွားလာသည်နှင့်အမျှ ခန္ဓာကိုယ်၏ ကိုယ်ခံအားတုံ့ပြန်မှုကြောင့် ရောင်ရမ်းမှု ပိုဆိုးလာနိုင်သည်
- နားတွင်းအသားပိုအကျိတ်ဖြစ်ခြင်း (Aural Polyp)
- နားအလယ်ပိုင်း နာတာရှည်ရောင်ရမ်းမှုနှင့် နားအလယ်ပိုင်းအကျိတ် (Cholesteatoma) ရှိနေခြင်းကြောင့် နားအလယ်ပိုင်းအမြှေးပါး (mucosa) မှ အသားနုများ ထူထဲလာပြီး နောက်ပိုင်းတွင် အသားပိုအဖြစ် ကြီးထွားလာနိုင်သည်
- ထိုအသားပိုသည် နားစည်ပေါက်မှတစ်ဆင့် နားအပြင်သို့ ထွက်လာနိုင်ပြီး နားပြည်ယိုခြင်းကို ပိုမိုဆိုးရွားစေသည်
- နားနောက်ဘက်အရိုး ရောင်ရမ်းခြင်း (Mastoiditis)
- ရောဂါပိုးများသည် နားနောက်ဘက်ရှိ မက်စ်တွိုက်အရိုး (Mastoid Bone) အတွင်းသို့ ပျံ့နှံ့ဝင်ရောက်ကာ ရောင်ရမ်းခြင်း ဖြစ်စေသည်
- ကုသမှုမရရှိပါက အရိုးပျက်စီးခြင်းနှင့် ပြည်တည်ခြင်းအထိ ဖြစ်စေနိုင်သည်
- နားအတွင်းပိုင်း ရောင်ရမ်းခြင်း (Labyrinthitis)
- ရောဂါပိုးသည် နားအလယ်ပိုင်းမှ နားအတွင်းပိုင်းသို့ ပျံ့နှံ့သွားပါက နားအတွင်းပိုင်း (Labyrinth) ရောင်ရမ်းနိုင်သည်
- ထိုအခါ ပြင်းထန်သော မူးဝေခြင်း၊ ခန္ဓာကိုယ်ထိန်းမတ်နိုင်စွမ်း ကျဆင်းခြင်း၊ ပတ်ဝန်းကျင်လည်နေသည်ဟု ခံစားရခြင်း (Vertigo)၊ ပျို့အန်ခြင်းနှင့် အကြားအာရုံ ပိုမိုဆိုးရွားလာခြင်းတို့ ဖြစ်နိုင်သည်
- မျက်နှာအာရုံကြော ထိခိုက်ခြင်း (Facial Nerve Palsy)
- မျက်နှာကြွက်သားများကို ထိန်းချုပ်ပေးသော အာရုံကြော (Facial Nerve) သည် နားအလယ်ပိုင်းကို ဖြတ်သန်းသွားသဖြင့် နာတာရှည် ရောင်ရမ်းမှုနှင့် အရိုးတိုက်စားမှုတို့ကြောင့် ထိခိုက်နိုင်သည်
- ထိုအခါ မျက်နှာတစ်ခြမ်း မလှုပ်နိုင်ခြင်း၊ ပါးစပ်ရွဲ့ခြင်း၊ မျက်လုံးမှိတ်မရခြင်းနှင့် မျက်နှာအမူအရာ ထိန်းချုပ်ရန် ခက်ခဲခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်
- ဦးခေါင်းခွံတွင်းသို့ ရောဂါပိုးပျံ့နှံ့ခြင်း (Intracranial Infection)
ရှားပါးသော်လည်း အသက်အန္တရာယ်ရှိသည့် နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်သည်။- ဦးနှောက်အမြှေးပါးရောင်ခြင်း (Meningitis)
- ဦးနှောက် ပြည်တည်နာများဖြစ်ခြင်း (Brain Abscess)
- ဦးနှောက်အမြှေးပါးအပြင်ဘက် ပြည်တည်ခြင်း (Epidural Abscess)
- ဦးနှောက်သွေးပြန်ကြော သွေးခဲပိတ်ခြင်း (Lateral Sinus Thrombosis)
- ပိုးဆိပ်ပြန့်ပွားခြင်း (Sepsis) စသည့် အရေးပေါ်ကုသမှု လိုအပ်သော ပြင်းထန်သည့် နောက်ဆက်တွဲပြဿနာများအထိ ဖြစ်တတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
နာတာရှည် နားပြည်ယိုခြင်းကို စောစီးစွာရှာဖွေပြီး သင့်လျော်သော ကုသမှုခံယူမှသာ အကြားအာရုံ ဆုံးရှုံးခြင်းနှင့် အခြားပြင်းထန်သော နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်မည်ဖြစ်သည်။ အောက်ပါအခြေအနေများရှိပါက နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်နှင့် အမြန်ဆုံး ပြသတိုင်ပင်သင့်သည်။
- နားမှ ပြည် သို့မဟုတ် အရည်များ (၂) ပတ်ကျော်အထိ ဆက်တိုက်ထွက်နေခြင်း
- နားစည်ပေါက်နေသည်ဟု သံသယရှိခြင်း
- အကြားအာရုံ ထိခိုက်ကျဆင်းသည်ကို သတိပြုမိခြင်း
- နားပြည်ယိုခြင်း မကြာခဏ ပြန်ဖြစ်နေခြင်း သို့မဟုတ် ကုသမှုခံယူသော်လည်း မသက်သာခြင်း
အောက်ပါ အရေးပေါ်သတိပြုရမည့်လက္ခဏာများ (Red Flags) ပေါ်ပေါက်လာပါက ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနေခြင်း ဖြစ်နိုင်သဖြင့် ဆေးရုံသို့ အမြန်ဆုံးသွားရောက်၍ ကုသမှု ခံယူသင့်သည်။
- နားကိုက်ခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်း ရုတ်တရက် ပိုမိုပြင်းထန်လာခြင်း
- အဖျားကြီးခြင်း၊ ချမ်းတုန်ခြင်း၊ လည်ပင်းတောင့်တင်း၍ ခေါင်းငုံ့မရခြင်း (Neck Stiffness)
- ပြင်းထန်စွာ မူးဝေခြင်း၊ ပတ်ဝန်းကျင် ချာချာလည်နေသည်ဟု ခံစားရခြင်း (Vertigo) သို့မဟုတ် ဒယိမ်းဒယိုင်ဖြစ်ခြင်း
- မျက်နှာရွဲ့ခြင်း၊ မျက်နှာတစ်ခြမ်း မလှုပ်ရှားနိုင်ခြင်း သို့မဟုတ် မျက်လုံးတစ်ဖက် မှိတ်မရခြင်း
- မှိန်းနေခြင်း၊ စိတ်အာရုံထွေပြားခြင်း၊ သတိလစ်ခြင်း သို့မဟုတ် တက်ခြင်း
- နားနောက်ဘက်တွင် နီရဲခြင်း၊ ဖောင်း၍ နာကျင်ခြင်း သို့မဟုတ် နားရွက်နောက်မှ အလုံးအကျိတ်များ ဖြစ်ပေါ်လာခြင်း
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေရန် ဆရာဝန်သည် ရောဂါလက္ခဏာများကို မေးမြန်းခြင်း၊ ရောဂါဖြစ်ပွားသည့် ကြာချိန်၊ နားရောဂါ ယခင်ဖြစ်ပွားဖူးခြင်း ရှိမရှိနှင့် ယခင်ကုသမှုမှတ်တမ်းများကို အသေးစိတ်မေးမြန်းပြီး နား၊ နှာခေါင်းနှင့် လည်ချောင်းကို စနစ်တကျ စမ်းသပ်စစ်ဆေးမည်ဖြစ်သည်။ ထို့နောက် နားအတွင်းကြည့်မှန်ပြောင်း (Otoscope) သို့မဟုတ် အဏုကြည့်မှန်ပြောင်း (Otomicroscope) ကို အသုံးပြု၍ နားစည်ပေါက်ခြင်း၊ နားပြည်ယိုခြင်း၊ နားအလယ်ပိုင်းရောင်ရမ်းမှုနှင့် နားအလယ်ပိုင်းရှိ အကျိတ် (Cholesteatoma) ရှိမရှိ စစ်ဆေးမည်ဖြစ်သည်။ မေးမြန်းစမ်းသပ်မှုများ ပြုလုပ်ပြီးနောက်တွင် ရောဂါရှာဖွေမှုကို အထောက်အကူ ဖြစ်စေရန် လိုအပ်သော ဓာတ်ခွဲစစ်ဆေးမှုများ၊ ပုံရိပ်ဖော်စစ်ဆေးမှုများ ဆက်လက်ပြုလုပ်မည်ဖြစ်သည်။
စစ်ဆေးမှုများ
- နားပြည်ကို နမူနာယူ စစ်ဆေးခြင်း – ဘက်တီးရီးယားပိုး ခွဲခြားစစ်ဆေးခြင်း၊ ပိုးမွေးခြင်းတို့အပြင် ကုသမှုကို မတုံ့ပြန်ခြင်း၊ မကြာခဏ ပြန်ဖြစ်ခြင်းနှင့် ပြင်းထန်သော ပိုးဝင်ခြင်းတို့အတွက် ပဋိဇီဝပိုးသတ်ဆေးယဉ်ပါးမှု စမ်းသပ်ခြင်း (Culture and Antibiotic Susceptibility Testing) ကို ဆက်လက်စစ်ဆေးခြင်း
- ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း – နားတွင်း အရိုးနုများနှင့် ပတ်ဝန်းကျင်အရိုးများ ပျက်စီးခြင်း၊ နားအလယ်ပိုင်း အကျိတ် (Cholesteatoma) ဖြစ်ပေါ်ခြင်းကို စစ်ဆေးရန်
- သံလိုက်ဓာတ်မှန် (MRI) – ဦးနှောက်အတွင်းသို့ ရောဂါပိုးပျံ့နှံ့မှုများနှင့် နောက်ဆက်တွဲပြဿနာများကို စစ်ဆေးရန်
- အကြားအာရုံ အသေးစိတ်စစ်ဆေးခြင်း (Pure Tone Audiometry) – အကြားအာရုံ ထိခိုက်ဆုံးရှုံးမှု အမျိုးအစားနှင့် ပြင်းထန်မှုကို အကဲဖြတ်စစ်ဆေးရန်
- နားစည်လုပ်ဆောင်ချက် တိုင်းတာစစ်ဆေးခြင်း (Tympanometry) – နားအလယ်ပိုင်း၏ လုပ်ဆောင်ချက်များကို ဆန်းစစ်ရန် ပြုလုပ်နိုင်သော်လည်း နားစည်ပေါက်နေစဉ်တွင် ရလဒ်များသည် မသေမချာထွက်နိုင်သည်၊ အချို့အခြေအနေများတွင် အသံရောင်ပြန် တိုင်းတာစစ်ဆေးခြင်း (Acoustic Reflectometry) ကိုသုံး၍ နားအလယ်ပိုင်းတွင် အရည်စုနေခြင်း ရှိမရှိကို စစ်ဆေးနိုင်သည်
ကုသခြင်း
နာတာရှည် နားပြည်ယိုခြင်းကို ကုသရာတွင် ရောဂါပိုးကို ထိန်းချုပ်ဖယ်ရှားခြင်း၊ နားပြည်ယိုခြင်း ရပ်တန့်စေ၍ နားကို ခြောက်သွေ့စေခြင်း၊ နားစည်ပေါက်ကို ပြုပြင်ပိတ်နိုင်ခြင်း၊ အကြားအာရုံ ထိန်းသိမ်းခြင်း သို့မဟုတ် ပြန်လည်ကောင်းမွန်စေခြင်းနှင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ခြင်းတို့ကို အဓိကရည်ရွယ်သည်။
- နားအပြင်လမ်းကြောင်း သန့်ရှင်းပေးခြင်း (Aural Toilet)
နားအပြင်လမ်းကြောင်းအတွင်းရှိ ပြည်နှင့် အရည်အညစ်အကြေးများကို ဖယ်ရှားခြင်းသည် ကုသမှု၏ အရေးကြီးဆုံးအဆင့်များအနက် တစ်ခုဖြစ်သည်။ နားအဝတွင် အညစ်အကြေးများ ရှိနေပါက နားတွင်းထည့်သော ဆေးရည်များသည် နားအလယ်ပိုင်းသို့ ကောင်းစွာမရောက်ရှိနိုင်ဘဲ ကုသမှု၏ ထိရောက်မှု လျော့နည်းနိုင်သည်။ များသောအားဖြင့် နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်မှ အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်ရှု၍ သန့်ရှင်းပေးမည်ဖြစ်သည်။ - ပဋိဇီဝပိုးသတ်ဆေး နားအစက်ချဆေးများ (Topical Antibiotic Ear Drops)
နောက်ဆက်တွဲပြဿနာမရှိသော နာတာရှည် နားပြည်ယိုခြင်းအတွက် နားအတွင်းသို့ ပဋိဇီဝပိုးသတ်ဆေးရည် အစက်ချ၍ တိုက်ရိုက်ထည့်ခြင်းသည် ပထမဦးစားပေး ကုသနည်းဖြစ်သည်။ ပိုးသတ်ဆေးရည်များသည် နားအလယ်ပိုင်းအထိ ရောက်ရှိကာ ရောဂါပိုးများကို တိုက်ဖျက်ပေးနိုင်သည်။ နားစည်ပေါက်ရှိသူများတွင် နားအဆိပ်သင့်မှု (Ototoxicity) ဖြစ်နိုင်ခြေနည်းသော Ciprofloxacin, Ofloxacin ဆေးများကို အများဆုံး အသုံးပြုကြသည်။ ရောဂါပိုးသည် နားအပြင်ဘက်သို့ ပျံ့နှံ့ခြင်း၊ ပြင်းထန်သော ပိုးဝင်ခြင်း သို့မဟုတ် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ခြင်းတို့ ရှိပါက ပဋိဇီဝပိုးသတ်ဆေး (သောက်ဆေး သို့မဟုတ် အကြောသွင်းဆေး) များ ပေးရန် လိုအပ်နိုင်သည်။ - စတီးရွိုက် နားအစက်ချဆေးများ (Topical Steroid Ear Drops)
နားအတွင်းရောင်ရမ်းမှု ပြင်းထန်ခြင်း သို့မဟုတ် နားတွင်းအသားပို (Aural Polyp) ရှိသော အချို့လူနာများတွင် ပဋိဇီဝပိုးသတ်ဆေးအပြင် စတီးရွိုက်ဆေး ပါဝင်သော နားအစက်ချဆေးရည်များကို ရက်အနည်းငယ်မျှ ပေးနိုင်သည်။ စတီးရွိုက်ဆေးများသည် ရောင်ရမ်းခြင်း၊ ဖောင်းတင်းခြင်းနှင့် နားပြည်ယိုခြင်းကို လျော့နည်းစေသော်လည်း ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။ - နားကို ခြောက်သွေ့အောင် ထားခြင်း
ကုသမှု ခံယူနေစဥ်တစ်လျှောက် နားထဲသို့ ရေမဝင်စေရန် ဂရုစိုက်ခြင်းသည် မရှိမဖြစ် အရေးကြီးသည်။ အထူးသဖြင့် နားစည်ပေါက်ရှိပါက ရေချိုးခေါင်းလျှော်ခြင်းနှင့် ရေကူးခြင်းအချိန်၌ နားအတွင်းသို့ ရေမဝင်စေရန် သေချာကာကွယ်ရမည်။ - ခွဲစိတ်ကုသခြင်း
ဆေးဝါးကုသမှုဖြင့် မသက်သာခြင်း၊ နားစည်ပေါက် ပြန်မပိတ်ခြင်း၊ အကြားအာရုံ ဆက်လက်ကျဆင်းခြင်း သို့မဟုတ် အရေပြားအကျိတ် (Cholesteatoma) ရှိခြင်း စသည့်အခြေအနေများတွင် ခွဲစိတ်ကုသရန် လိုအပ်နိုင်သည်။- နားစည် ပြုပြင်တည်ဆောက်ခြင်း (Tympanoplasty)
- နားစည်ပေါက်ကို ပိတ်ပေးရန်နှင့် နားအလယ်ပိုင်း၏ ပုံမှန်လုပ်ဆောင်ချက်ကို ပြန်လည်ကောင်းမွန်စေရန် ပြုလုပ်သော ခွဲစိတ်မှုဖြစ်သည်
- နားအလယ်ပိုင်း အရိုးငယ် ပြုပြင်တည်ဆောက်ခြင်း (Ossiculoplasty)
- နာတာရှည်ရောင်ရမ်းမှုကြောင့် နားအလယ်ပိုင်းရှိ အရိုးငယ်များ ပျက်စီးပြီး အကြားအာရုံထိခိုက်ခြင်း ပြန်လည်ကောင်းမွန်စေရန် ပြုပြင်တည်ဆောက်သော ခွဲစိတ်မှုဖြစ်သည်
- နားနောက်ဘက်အရိုး ခွဲစိတ်ခြင်း (Mastoidectomy)
နားအလယ်ရှိ အကျိတ်နှင့် Mastoid အရိုး ရောင်ရမ်းခြင်းရှိပါက ရောင်ရမ်းပျက်စီးနေသော အရိုးတစ်စိတ်တစ်ပိုင်းကို ဖယ်ရှားသော ခွဲစိတ်မှု ဖြစ်သည်။ ခွဲစိတ်ပြီးနောက် ပိုးသတ်ဆေးပါသော ပတ်တီး သို့မဟုတ် ရေမြှုပ် (Medicated Surgical Packing) ကို ယာယီ ထည့်ထားနိုင်သည်။
- နားစည် ပြုပြင်တည်ဆောက်ခြင်း (Tympanoplasty)
ကာကွယ်ခြင်း
- ကလေးဘဝတွင် ဖြစ်တတ်သော ရုတ်တရက် နားအလယ်ပိုင်းရောင်ရမ်းခြင်းကို လုံးဝပျောက်ကင်းသည်အထိ ထိရောက်စွာ ကုသရမည်၊ နားစည်ပုံမှန် ပြန်ဖြစ်လာသည်အထိ ဆရာဝန်ရက်ချိန်းအတိုင်း သေချာပြသသင့်သည်
- နားစည်ပေါက်နေပါက နားအတွင်းသို့ ရေလုံးဝမဝင်စေရန် ဂရုစိုက်ရမည်၊ ရေချိုးခြင်း သို့မဟုတ် ရေကူးခြင်း ပြုလုပ်မည်ဆိုပါက နားထဲရေမဝင်စေရန် Vaseline စွတ်ထားသော ဂွမ်းလုံး သို့မဟုတ် မိမိနားနှင့် ကိုက်ညီစွာ ပြုလုပ်ထားသော နားဆို့ (Custom Ear Plug) ကို အသုံးပြုနိုင်သည်
- နားကလော်တံ၊ ပင်အပ်၊ ဆံထိုး သို့မဟုတ် အခြားမာသော အရာဝတ္ထုများကို နားအတွင်းသို့ ထိုးသွင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို ရှောင်ကြဉ်ရမည်
- လက်ကို ပုံမှန်ဆေးကြောသန့်ရှင်းထားခြင်း၊ ဓာတ်မတည့်ခြင်းနှင့် နှာခေါင်းပိတ်ခြင်းတို့ကို ထိရောက်စွာကုသခြင်း၊ ဆေးလိပ်ငွေ့နှင့် လေထုညစ်ညမ်းမှုများကို ရှောင်ရှားခြင်းနှင့် အဆုတ်ရောင် ကာကွယ်ဆေး (Pneumococcal Vaccine) နှင့် တုပ်ကွေး ကာကွယ်ဆေး (Influenza Vaccine) ကို အသက်အရွယ်နှင့် ကိုက်ညီသည့် လမ်းညွှန်ချက်များအတိုင်း ထိုးနှံခြင်းတို့သည် နားအလယ်ပိုင်းပိုးဝင်မှု ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေနိုင်သည်။
References:
- Jeyakumar, A., & Sutton, A. E. (2026). Chronic suppurative otitis. In StatPearls. StatPearls Publishing. Retrieved July 20, 2026, from https://www.ncbi.nlm.nih.gov/books/NBK554592/
- Khairkar, M., Deshmukh, P., Maity, H., & Deotale, V. (2023). Chronic suppurative otitis media: A comprehensive review of epidemiology, pathogenesis, microbiology, and complications. Cureus, 15(8), e43729. https://doi.org/10.7759/cureus.43729
- MSD Manuals Professional Edition. (n.d.). Otitis media (chronic suppurative). Retrieved July 20, 2026, from https://www.msdmanuals.com/professional/ear-nose-and-throat-disorders/middle-ear-and-tympanic-membrane-disorders/otitis-media-chronic-suppurative
- Onifade, A., Katolo, H. W., Mookerjee, S., & Bhutta, M. F. (2025). Epidemiology of chronic suppurative otitis media: Systematic review to estimate global prevalence. Journal of Epidemiology and Global Health, 15(1), 55. https://doi.org/10.1007/s44197-025-00396-9
- Patient.info. (n.d.). Chronic suppurative otitis media. Retrieved July 20, 2026, from https://patient.info/doctor/history-examination/chronic-suppurative-otitis-media
- World Health Organization. (2004). Chronic suppurative otitis media: Burden of illness and management options. Retrieved July 20, 2026, from https://iris.who.int/items/6a24642e-2748-4107-8fda-640
Published: 28 July 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.