မြင်လွှာ (Retina) သည် မျက်လုံးအတွင်းပိုင်း အနောက်ဘက်ဆုံးတွင်ရှိသော အလွန်နုနယ်သည့် တစ်ရှူးအလွှာတစ်ခုဖြစ်ပြီး ၎င်းတွင် အမြင်အာရုံခံဆဲလ်များ (Photoreceptors) ဟုခေါ်သော အထူးဆဲလ်များ ပါဝင်သည်။ ၎င်းဆဲလ်များသည် မျက်လုံးထဲသို့ ဝင်ရောက်လာသော အလင်းတန်းများကို လျှပ်စစ်အချက်ပြမှု (Electrical signals) များအဖြစ်သို့ ပြောင်းလဲပေးသည်။ ထိုမှတစ်ဆင့် အမြင်အာရုံကြောမကြီး (Optic nerve) ကို အသုံးပြု၍ ဦးနှောက်သို့ သတင်းအချက်အလက်များ ပေးပို့ကာ ပုံရိပ်များ မြင်တွေ့နိုင်စေရန် ဖော်ဆောင်ပေးသည်။
မြင်လွှာရှိ သွေးလွှတ်ကြောများသည် မြင်လွှာကို သွေးထောက်ပံ့ပေးပြီး သွေးပြန်ကြောများသည် မြင်လွှာမှသွေးများကို ပြန်လည်သယ်ဆောင်ပေးသည်။ တစ်ခါတစ်ရံတွင် အကြောင်းရင်းတစ်ခုခုကြောင့် သွေးကြောများပိတ်ခြင်း ဖြစ်ပေါ်နိုင်သည်။ သွေးလွှတ်ကြောနှင့် သွေးပြန်ကြောများအနက် သွေးပြန်ကြော ပိတ်ခြင်းသည် ပို၍အဖြစ်များသည်။
သွေးပြန်ကြောများသည် တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝပိတ်သွားပါက ထိုအခြေအနေကို မြင်လွှာသွေးပြန်ကြောပိတ်ခြင်း ဟုခေါ်သည်။ ထိုအခြေအနေသည် တစ်ကမ္ဘာလုံးရှိ လူဦးရေ၏ (၁) ရာခိုင်နှုန်းခန့်တွင် တွေ့ရသည်။ မြင်လွှာကို ထိခိုက်စေသည့် ရောဂါအခြေအနေများအနက် မြင်လွှာ သွေးပြန်ကြောပိတ်သည့် အခြေအနေသည် ဆီးချိုရောဂါကြောင့်ဖြစ်သော မြင်လွှာရောဂါ ပြီးလျှင် ဒုတိယအဖြစ်အများဆုံးဖြစ်သည်။
မြင်လွှာသွေးပြန်ကြော ပိတ်ခြင်း အမျိုးအစားများကို သွေးကြောပိတ်သည့် တည်နေရာပေါ် မူတည်၍ အောက်ပါအတိုင်း နှစ်မျိုးခွဲခြားထားနိုင်သည်။
- မြင်လွှာ ပင်မသွေးပြန်ကြော ပိတ်ခြင်း
- မြင်လွှာ သွေးပြန်ကြောအခွဲများ ပိတ်ခြင်း
- မြင်လွှာ ပင်မသွေးပြန်ကြော ပိတ်ခြင်း (Central Retinal Vein Occlusion – CRVO)
- မြင်လွှာတွင် ပင်မသွေးပြန်ကြောမ တစ်ချောင်းနှင့် သွေးပြန်ကြောအခွဲများစွာရှိသည်
- မြင်လွှာ၏ ပင်မသွေးပြန်ကြောပိတ်ခြင်း အမျိုးအစားသည် လျင်မြန်စွာဖြစ်နိုင်ပြီး ရုတ်တရက် အမြင်အာရုံဆုံးရှုံးခြင်းကို ဖြစ်စေသည်၊ သို့သော် တစ်ခါတစ်ရံ နာရီပေါင်းများစွာ သို့မဟုတ် ရက်ပေါင်းများစွာ ကြာပြီးမှလည်း ဖြစ်နိုင်သည်
- ပထမဆုံးတွေ့နိုင်သည့် လက္ခဏာသည် မျက်စိအမြင်အာရုံတွင် အမှုန်အမွှား၊ အစင်းကြောင်း၊ စက်ဝိုင်း၊ အပ်ချည်မျှင် သို့မဟုတ် ပင့်ကူအိမ်စသည့် ပုံသဏ္ဌာန်အမျိုးမျိုး လွင့်မျောနေသကဲ့သို့ မြင်ကွင်းအား မြင်တွေ့ရခြင်းဖြစ်သည်
- မြင်လွှာသွေးပြန်ကြောပိတ်ခြင်းသည် ပြင်းထန်ပါက မျက်လုံးတွင်းဖိအား မြင့်တက်ခြင်းကြောင့် နာကျင်ခြင်းကို ခံစားရနိုင်သည်
- မြင်လွှာ သွေးပြန်ကြောအခွဲများ ပိတ်ခြင်း (Branch Retinal Vein Occlusion – BRVO)
- မြင်လွှာ ပင်မသွေးပြန်ကြောမှ ခွဲထွက်နေသော သွေးပြန်ကြောအခွဲလေးများတွင် ပိတ်ဆို့မှုဖြစ်ပါက မြင်လွှာ သွေးပြန်ကြောအခွဲများ ပိတ်ခြင်း အမျိုးအစားဖြစ်ပေါ်သည်
- မြင်လွှာ ပင်မသွေးပြန်ကြော ပိတ်ခြင်းကဲ့သို့ပင် ရုတ်တရက်ဖြစ်ပေါ်နိုင်သကဲ့သို့ ရက်ပေါင်းများစွာ ကြာပြီးမှလည်း ဖြစ်နိုင်သည်၊ မြင်လွှာ ပင်မသွေးပြန်ကြော ပိတ်ခြင်းကဲ့သို့ပင် ရုတ်တရက်အမြင်အာရုံဆုံးရှုံးခြင်းကိုလည်း ဖြစ်စေသည်
- အတွေ့ရများသော လက္ခဏာသည် အမြင်အာရုံဝေဝါးခြင်း သို့မဟုတ် မျက်စိတစ်စိတ်တစ်ပိုင်း အမြင်အာရုံ ဆုံးရှုံးခြင်းဖြစ်သည်။
ဖြစ်ပေါ်ရသော အကြောင်းရင်းများ
မြင်လွှာသွေးပြန်ကြော ပိတ်ခြင်းသည် အဓိကအားဖြင့် သွေးပြန်ကြောအတွင်း သွေးခဲပိတ်ခြင်းကြောင့် ဖြစ်ပေါ်သည်။ သို့သော် တစ်ခါတစ်ရံတွင် အနီးနားရှိ သွေးလွှတ်ကြောပြဿနာကြောင့်လည်း ဖြစ်ပေါ်နိုင်သည်။ မြင်လွှာတွင် သွေးပြန်ကြောနှင့် သွေးလွှတ်ကြောများသည် တစ်ခုနှင့်တစ်ခု ဖြတ်ကျော်၍ တည်ရှိသည်။ ထို့သို့တည်ရှိနေသည့်အတွက် သွေးကြောကျဥ်းရောဂါကြောင့် သွေးလွှတ်ကြောနံရံသည် ထူ၍မာလာပါက သွေးပြန်ကြောကို ဖိမိပြီး သွေးပြန်ကြောကို ကျဥ်းမြောင်းသွားစေသည်။ ထိုသို့ဖြစ်ပါက သွေးစီးဆင်းမှုတွင် အနှောင့်အယှက်ဖြစ်ပြီး သွေးခဲပိတ်ခြင်းကို ဖြစ်ပေါ်စေသည်။
ဖြစ်နိုင်ခြေများသော အခြေအနေရှိသူများ
- ဆေးလိပ်သောက်ခြင်း
- အဝလွန်ခြင်း
- အသက် ၄၀ နှစ်အထက် ဖြစ်ခြင်း
- ဆီးချိုရောဂါရှိခြင်း
- သွေးတိုးရောဂါရှိခြင်း
- ကင်ဆာရောဂါများ (သွေးကင်ဆာ၊ ပြန်ရည်ကျိတ်ကင်ဆာ၊ ပလပ်စ်စမာဆဲလ် ကင်ဆာ)
- မျက်လုံး ထိခိုက်ဒဏ်ရာရခြင်း
- ရေတိမ်ဖြစ်ခြင်း
အထက်ပါအခြေအနေရှိသူများတွင် မြင်လွှာ သွေးပြန်ကြောပိတ်ခြင်း ဖြစ်နိုင်ခြေ ပို၍များသည်။ သို့ရာတွင် အထက်ပါအခြေအနေများ မရှိသော်လည်း အချို့သူများတွင် သွေးပြန်ကြောပိတ်ခြင်း ဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါက အကြောင်းရင်းမရှိဘဲ မြင်လွှာသွေးပြန်ကြော ပိတ်ခြင်း (idiopathic retinal vein occlusion) ဟုခေါ်သည်။
ရောဂါလက္ခဏာများ
အချို့သောအခြေအနေများတွင် အထူးသဖြင့် သွေးကြောငယ်လေးများတွင်သာ ပိတ်ဆို့မှုဖြစ်ပါက လက္ခဏာပြလေ့ မရှိပါ။ ထိုသို့ဖြစ်ပါက မျက်စိ ပုံမှန်စစ်ဆေးမှုပြုလုပ်သည့်အချိန်တွင်သာ ရှာဖွေတွေ့ရှိလေ့ရှိသည်။ ဖြစ်နိုင်သောလက္ခဏာများမှာ_
- အမြင်အာရုံဝေဝါးခြင်း (မျက်လုံးတစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းဖြစ်နိုင်သည်)
- မျက်စိမြင်ကွင်းတွင် တွေ့လေ့ရှိသော အစက်အပျောက်များဖြစ်ခြင်း (Eye floaters)
- အမြင်အာရုံထဲတွင် အစက်အပြောက်များ၊ အမျှင်တန်းများ၊ အမည်းစက်များနှင့် တွန့်လိမ်နေသော လိုင်းများ ရွေ့လျားနေသကဲ့သို့ မြင်ရခြင်း
- မျက်လုံးတွင် ဖိအားတက်လာပြီး နာကျင်ခြင်း တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
မြင်လွှာ သွေးပြန်ကြောပိတ်ခြင်းကြောင့် အောက်ပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။
- မြင်လွှာအလယ်ဗဟို ရောင်ရမ်းခြင်း (Macular edema) – မြင်လွှာ၏ အလယ်ဗဟိုတွင်ရှိသော အစိတ်အပိုင်း (macula) ကို ရောင်ရမ်းလာစေခြင်း သို့မဟုတ် ထူလာစေပြီး ရာသက်ပန် မြင်လွှာပျက်စီးခြင်းနှင့် အမြင်အာရုံဆုံးရှုံးခြင်းကို ဖြစ်စေသည်
- ပုံမမှန်သော သွေးကြောသစ်များဖြစ်ပေါ်ခြင်း (Neovascularization of the eye) – ပုံမမှန်သော သွေးကြောသစ်များသည် မျက်လုံး၏နေရာမျိုးစုံတွင် (အထူးသဖြင့် မျက်နက်ဝန်းတွင်) ဖြစ်ပေါ်နိုင်သည်
- သွေးကြောသစ်များကြောင့်ဖြစ်သော ရေတိမ် (Neovascular glaucoma) – မျက်လုံးတွင် ပုံမှန်မဟုတ်သော သွေးကြောသစ်များ ဖြစ်ပေါ်လာနိုင်ပြီး ထိုသို့ဖြစ်ခြင်းကြောင့် မျက်လုံးအတွင်း ဖိအားများတက်လာပြီး သွေးကြောသစ်များကြောင့်ဖြစ်သော ရေတိမ်ကို ဖြစ်စေသည်
- မျက်လုံးအတွင်း သွေးယိုစိမ့်ခြင်း (Vitreous hemorrhage)
- မျက်လုံးအနောက်ဘက်အခန်း၌ရှိသော ဂျယ်လီကဲ့သို့ ပျစ်၍ သိပ်သည်းဆရှိသော Vitreous Humor အရည်ကြည်များအတွင်း သွေးယိုစိမ့်ခြင်းဖြစ်သည်
- ၎င်းအခြေအနေသည် ပေါက်ထွက်၍ သွေးယိုစိမ့်လွယ်သော ပုံမှန်မဟုတ်သည့် သွေးကြောသစ်များ ဖြစ်ပေါ်ခြင်းကြောင့်ဖြစ်သည်
- မြင်လွှာကွာကျခြင်း (Retinal detachment) – မြင်လွှာပေါ်တွင် ပုံမမှန်သွေးကြောသစ်များ ဖြစ်ပေါ်ခြင်းကြောင့် မြင်လွှာကွာကျခြင်းကို ဖြစ်စေသည်
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်တွင် ဖော်ပြထားသော ရောဂါလက္ခဏာများအား သံသယရှိပါက သို့မဟုတ် ဖြစ်ပေါ်ပါက အရေးပေါ်အခြေအနေဖြစ်သဖြင့် မျက်စိအထူးကုဆရာဝန် သို့မဟုတ် ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက်၍ ကုသမှုခံယူရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
မြင်လွှာသွေးပြန်ကြော ပိတ်ခြင်း ရှိမရှိ ရောဂါရှာဖွေရန်အတွက် မျက်စိ အသေးစိတ်စစ်ဆေးမှု ခံယူရန် လိုအပ်သည်။ မျက်စိအထူးကုဆရာဝန်မှ မြင်လွှာနေရာအထိ စစ်ဆေးနိုင်ရန် မျက်စိသူငယ်အိမ် ချဲ့ပေးသော မျက်စဥ်းဆေးကို အသုံးပြုမည်ဖြစ်သည်။ မျက်စဥ်းဆေးထည့်ပြီး မိနစ်အနည်းငယ် ကြာပြီးနောက် မျက်စိအထူးကုဆရာဝန်သည် မြင်လွှာကို အနီးကပ်သေချာစွာ ကြည့်ရှုစစ်ဆေးမည်ဖြစ်သည်။ ထိုကဲ့သို့ မျက်စိသူငယ်အိမ်ချဲ့ စစ်ဆေးပြီးနောက် မြင်လွှာကို ပိုမိုရှင်းလင်းပြတ်သားပြီး အသေးစိတ် မြင်တွေ့နိုင်ရန် အခြားသော စစ်ဆေးမှုများကိုပါ ထပ်မံပြုလုပ်နိုင်သည်။
- မြင်လွှာဖြတ်ပိုင်းပုံရိပ်ဖမ်းခြင်း (Optical coherence tomography – OCT)
- အများအားဖြင့် ဤပုံရိပ်ဖမ်းစစ်ဆေးမှုအတွက်လည်း သူငယ်အိမ်ချဲ့မျက်စဉ်းဆေး ထည့်ရန်လိုသည်
- ဆေးထည့်ပြီးနောက် ပုံရိပ်ဖမ်းစစ်ဆေးစက်အရှေ့တွင် ထိုင်ကာ ခေါင်းကို ငြိမ်သက်စွာထားပြီး မျက်လုံးကို မထိစေရှိဘဲ စကင်ဖတ်၍ ပုံရိပ်ဖမ်းယူနိုင်မည်ဖြစ်သည်
- မြင်လွှာအလယ်ဗဟိုရောင်ရမ်းခြင်း ရှိမရှိ သိနိုင်သည့်အပြင် မြင်လွှာ၏အထူကိုလည်း တိုင်းတာနိုင်သည်
- မျက်စိအတွင်း အသေးစိတ် ဓာတ်မှန်ရိုက်ခြင်း (Fundus photography)
- ဤစစ်ဆေးမှုသည်လည်း များသောအားဖြင့် မျက်စိသူငယ်အိမ်ချဲ့မျက်စဉ်းဆေး ထည့်ရန်လိုသည်
- ၎င်းစစ်ဆေးမှုမှ ပုံမမှန်သွေးကြောသစ်ဖြစ်ပေါ်ခြင်းနှင့် မျက်လုံးအတွင်း သွေးထွက်သည့် ပမာဏကို သိရှိနိုင်သည်
- မြင်လွှာသွေးကြော ဆေးသွင်းဓာတ်မှန်ရိုက်ခြင်း (Fluorescein angiography)
- ၎င်းစစ်ဆေးမှုတွင် မြင်လွှာအတွင်းရှိ သွေးကြောများကို ပိုမိုရှင်းလင်းစွာ မြင်နိုင်စေရန် ကူညီပေးသည်
- Fluorescein ဟုခေါ်သော ပုံရိပ်ပေါ်လွင်စေသော ဆေးရည် (Dye) ကို သွေးကြောထဲသို့ ထိုးသွင်းပြီး သွေးလည်ပတ်မှုမှတစ်ဆင့် မြင်လွှာဆီသို့ ရောက်ရှိသည်
- ထို့နောက် အထူးကင်မရာဖြင့် ရိုက်၍ မျက်စိအတွင်းရှိ ပုံရိပ်များကို စစ်ဆေးသည်
- ထိုစစ်ဆေးမှုမှတစ်ဆင့် မြင်လွှာရှိ သွေးပြန်ကြော ပိတ်ဆို့မှု မည်မျှရှိကြောင်းကို သိနိုင်သကဲ့သို့ မြင်လွှာ၏ မည်သည့်အစိတ်အပိုင်းများတွင် သွေးဆင်းစီးမှု မလုံလောက်ကြောင်းကိုလည်း သိရှိနိုင်သည်
ကုသခြင်း
မြင်လွှာသွေးပြန်ကြော ပိတ်ခြင်းအတွက် အလျင်းပျောက်ကင်းအောင် ကုသနိုင်သည့် နည်းလမ်းမရှိပါ။ ကုသမှု၏ ရည်ရွယ်ချက်သည် အမြင်အာရုံတိုးတက်စေရန်၊ ပိုမိုဆိုးရွားလာခြင်းမှ ကာကွယ်ရန်၊ အမြင်အာရုံနှင့် မျက်စိကျန်းမာရေးကို ထိခိုက်စေနိုင်သော နောက်ဆက်တွဲပြဿနာများကို ရှာဖွေ၍ ကုသမှုပေးရန်၊ ဖြစ်နိုင်ခြေများသော အခြေအနေများကို စီမံရန်တို့ဖြစ်သည်။ ပေးနိုင်သည့်ကုသမှုများမှာအောက်ပါတို့ဖြစ်သည်။
- Anti-VEGF ဆေးထိုးခြင်း
- မျက်စိသွေးပြန်ကြောပိတ်ခြင်းအတွက် ကုသရာတွင် ပထမဦးစားပေး ကုသမှုဖြစ်သည်
- VEGF (Vascular Endothelial Growth Factor) သည် သွေးကြောအသစ်များဖြစ်ပေါ်လာစေရန် (angiogenesis) လှုံ့ဆော်ပေးသော ပရိုတင်းတစ်မျိုးဖြစ်သည်၊ VEGF များလွန်းပါက ပုံမှန်မဟုတ်သော သွေးကြောအသစ်များ ဖြစ်ပေါ်လာပြီး ထိုသွေးကြောများမှ အရည်စိမ့်နိုင်သဖြင့် မြင်လွှာရောင်ရမ်းခြင်းကို ဖြစ်စေသည်
- Anti-VEGF ထိုးဆေးသည် မျက်စိအတွင်းရှိ VEGF ၏ လုပ်ဆောင်မှုကို တားဆီးပေးခြင်းဖြင့် မြင်လွှာရောင်ရမ်းခြင်းကို လျော့နည်းစေသည်
- ထိုးဆေးမထိုးမီ မျက်စိနာကျင်မှုကို လျော့နည်းစေရန်နှင့် မျက်စိကို ထုံသွားစေရန် ဦးစွာ မျက်စဥ်းခပ်ထားမည်ဖြစ်သည်၊ ထို့နောက်ဆေးကို vitreous humor အတွင်းသို့ ထိုးပေးမည်ဖြစ်သည်
- ရောဂါအခြေအနေပေါ်မူတည်၍ တစ်နှစ် မှ နှစ်နှစ်ခန့်အထိ ပုံမှန်အချိန်ကာလအလိုက် ထိုးဆေးထိုးရန် လိုအပ်သည်
- ပေးနိုင်သည့်ဆေးများမှာ Aflibercept, Bevacizumab, Ranibizumab တို့ဖြစ်သည်။
- စတီးရွိုက်ဆေးထိုးခြင်း
- မျက်စိအတွင်းသို့ စတီးရွိုက်ဆေးထိုးပေးခြင်းဖြင့်လည်း မြင်လွှာရောင်ရမ်းခြင်းကို လျှော့ကျစေသည်
- သို့သော် အချို့သောသူများတွင် မျက်စိတွင်းဖိအား တက်ခြင်းနှင့် အတွင်းတိမ်ဖြစ်ခြင်း စသည့် နောက်ဆက်တွဲပြဿနာများလည်း ရှိနိုင်သည်
- Anti-VEGF ထိုးဆေးဖြင့် ကုသရာတွင် ထိရောက်မှု မလုံလောက်သောအခါ သို့မဟုတ် Anti-VEGF ထိုးဆေးကို မသုံးနိုင်သောအခါတွင် စတီးရွိုက်ထိုးဆေးကို ဒုတိယဦးစားပေး (second-line) အဖြစ် အသုံးပြုလေ့ရှိသည်
- လေဆာဖြင့်ကုသခြင်း (Panretinal photocoagulation – PRP)
- ၎င်းကုသမှုတွင် သွေးလည်ပတ်မှု မလုံလောက်သော မြင်လွှာအစိတ်အပိုင်းများကို လေဆာဖြင့် လောင်ကျွမ်းစေသည်၊ ထိုသို့ပြုလုပ်ခြင်းဖြင့် VEGF ပရိုတင်းပမာဏကို လျော့နည်းစေသည်
- VEGF ပမာဏကို လျှော့ချခြင်းကြောင့် ပုံမမှန်သွေးကြောသစ်များ ဖြစ်ပေါ်ခြင်းကို ကာကွယ်နိုင်ပြီး ၎င်းသွေးကြောများကြောင့်ဖြစ်သော မျက်စိအတွင်း သွေးယိုခြင်းကိုလည်း လျော့နည်းစေသည်၊ ထို့အပြင် မျက်စိအတွင်းဖိအား (intraocular pressure) ကို တည်ငြိမ်စေရန်လည်း အထောက်အကူပြုသည်
- ခွဲစိတ်ကုသခြင်း (Vitrectomy surgery)
- Posterior Pars Plana Vitrectomy (PPV) ကို မြင်လွှာသွေးပြန်ကြော ပိတ်သည့်လူနာများတွင် အောက်ပါအခြေအနေများရှိပါက ပြုလုပ်လေ့ရှိသည်
- မျက်စိအတွင်း သွေးယိုစီးမှု ပြင်းထန်ခြင်း
- သွေးယိုစီးခြင်းသည် (၄) ပတ်ထက်ပို၍ ကြာနေခြင်း
- သွေးယိုစီးခြင်းသည် အလျင်းမပျောက်ဘဲ ပြန်ဖြစ်နေခြင်း
- မြင်လွှာကွာကျခြင်း
- ဤခွဲစိတ်မှုတွင် မျက်လုံးအတွင်းရှိ ဂျယ်လီကဲ့သို့သော အရည် (vitreous humor) ကို ဖယ်ရှားပြီး ပျက်စီးနေသော မြင်လွှာ (retina) အစိတ်အပိုင်းများကို ပြုပြင်ကုသပေးသည်
- Posterior Pars Plana Vitrectomy (PPV) ကို မြင်လွှာသွေးပြန်ကြော ပိတ်သည့်လူနာများတွင် အောက်ပါအခြေအနေများရှိပါက ပြုလုပ်လေ့ရှိသည်
- ဆေးဝါးများဖြင့် ရောဂါအခံများအား ကုသခြင်း
မြင်လွှာသွေးပြန်ကြောပိတ်ခြင်း ဖြစ်ပွားသူအများစုတွင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတွင်းအဆီဓာတ်များခြင်း ကဲ့သို့သော နောက်ခံရောဂါများ ရှိနေတတ်သည့်အတွက် ၎င်းရောဂါများကို ထိန်းချုပ်နိုင်ရန်အတွက် သွေးတိုးကျဆေးများ၊ ဆီးချိုရောဂါဆေးများနှင့် ကိုလက်စထရောကျစေသော စတက်တင်ဆေးများကို လုံလောက်စွာပေးထားရန် လိုအပ်သည်။
ကာကွယ်ခြင်း
ဖြစ်နိုင်ခြေများသော အခြေအနေများ ရှိပါက မြင်လွှာသွေးပြန်ကြော ပိတ်ခြင်း ဖြစ်နိုင်ခြေ လျော့ကျစေရန် အောက်ပါအချက်များ ပြုလုပ်နိုင်သည်။
- ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ စားခြင်း
- လေ့ကျင့်ခန်းကို နေ့စဥ် ပုံမှန်ပြုလုပ်ခြင်း (တစ်ရက်လျှင် မိနစ် ၃၀ နှင့် တစ်ပတ်လျှင် ငါးရက်ခန့်)
- ဆေးလိပ်ဖြတ်ခြင်း
- ကိုယ်အလေးချိန်ထိန်းခြင်း
- သွေးတိုးရှိလျှင် စနစ်တကျကုသမှု ခံယူခြင်း
- ဆီးချိုရှိလျှင် စနစ်တကျကုသမှု ခံယူခြင်း
- သွေးတွင်း ကိုလက်စထရောများခြင်းကို ကုသမှုခံယူခြင်း
- မျက်စိထိခိုက်မှုများမှ ကာကွယ်ရန် လိုအပ်သည့် မျက်စိအကာအကွယ်ပစ္စည်းများကို တပ်ဆင်ခြင်း
- ဆရာဝန်ညွှန်ကြားသည့် ဆေးများကို ပုံမှန်သောက်သုံး၍ ရက်ချိန်းပုံမှန်ပြခြင်း
- မိသားစုဆရာဝန်နှင့် တစ်နှစ်လျှင် တစ်ကြိမ် ကျန်းမာရေးစစ်ဆေးခြင်းဖြင့် ဖြစ်နိုင်ခြေများသောရောဂါများ ကြိုတင်ရှာဖွေ၍ စောစီးစွာကုသခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် မြင်လွှာသွေးပြန်ကြော ပိတ်ခြင်း ဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။
References:
- American Academy of Ophthalmology. (n.d.). Retinal vein occlusion. Retrieved June 29, 2026, from https://www.aao.org/salud-ocular/consejos/retinal-vein-occlusion-3
- Cambridge University Hospitals NHS Foundation Trust. (n.d.). Retinal vein occlusion. Retrieved June 29, 2026, from https://www.cuh.nhs.uk/patient-information/retinal-vein-occlusion/
- Cleveland Clinic. (n.d.). Retinal vein occlusion (RVO). Retrieved June 29, 2026, from https://my.clevelandclinic.org/health/diseases/14206-retinal-vein-occlusion-rvo
- EyeWiki. (n.d.). Retinal vein occlusion. Retrieved June 29, 2026, from https://eyewiki.org/Retinal_Vein_Occlusion
- WebMD. (n.d.). Retinal vein occlusion. Retrieved June 29, 2026, from https://www.webmd.com/eye-health/retinal-vein-occlusion
Published: 22 July 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.