Sever’s Disease / Calcaneal Apophysitis (စီဗာရောဂါ)

Sever’s Disease / Calcaneal Apophysitis (စီဗာရောဂါ)

စီဗာရောဂါ (Sever’s Disease) သည် ကြီးထွားဖွံ့ဖြိုးဆဲ ကလေးများနှင့် ဆယ်ကျော်သက်များတွင် တွေ့ရလေ့ရှိသော ဖနောင့်ရိုးအနောက်ပိုင်းရှိ ကြီးထွားဆဲအရိုးအစိတ်အပိုင်း (calcaneal apophysis) ရောင်ရမ်းနာကျင်ခြင်းဖြစ်သည်။

အထူးသဖြင့် ပြေးခြင်း၊ ခုန်ခြင်းနှင့် အားကစားလှုပ်ရှားမှုများ များစွာပြုလုပ်သော ကလေးများတွင် အဖြစ်များပြီး ကလေးများဖနောင့်နာခြင်း၏ အဖြစ်များဆုံး အကြောင်းရင်းတစ်ခုဖြစ်သည်။

ခြေဖနောင့်၏ ဖွဲ့စည်းလှုပ်ရှားပုံ
  • ခြေသလုံးနောက်ဘက်ကြွက်သားများ (Calf Muscles)
    ခြေသလုံးနောက်ဘက်ရှိ ကြွက်သားများ (gastrocnemius နှင့် soleus muscles) သည် လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ခုန်ခြင်းနှင့် ခြေဖျားထောက်ခြင်းများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။
  • ဖနောင့်အရွတ် (Achilles Tendon)
    ဖနောင့်အရွတ်သည် ခြေသလုံးနောက်ဘက် ကြွက်သားများကို ဖနောင့်ရိုး (calcaneus) နှင့် ဆက်သွယ်ပေးသော သန်မာသည့်အရွတ်ဖြစ်ပြီး၊ ခြေဖျားထောက်နိုင်စေရန်နှင့် ပြေးခြင်း၊ ခုန်ခြင်းများ ပြုလုပ်နိုင်စေရန် ကူညီပေးသည်။
  • ဖနောင့်ရိုး (Calcaneus)
    ဖနောင့်ရိုးသည် ခြေဖဝါး၏ အကြီးဆုံးအရိုးဖြစ်ပြီး ခန္ဓာကိုယ်အလေးချိန်ကို ထောက်ပံ့ပေးသည်။
  • ဖနောင့်ရိုးကြီးထွားဆဲအပိုင်း (Calcaneal Apophysis)
    ကလေးများတွင် ဖနောင့်ရိုး၏ နောက်ဘက်တွင် ကြီးထွားဆဲ အရိုးပြား (growth plate) တစ်ခုရှိနေပြီး ဖနောင့်အရွတ်၏ ဆွဲအားများ ထပ်ခါထပ်ခါ သက်ရောက်သောကြောင့် ရောင်ရမ်းနာကျင်မှု ဖြစ်ပေါ်လာနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

စီဗာရောဂါသည် တစ်ကြိမ်တည်းရရှိသည့် ဒဏ်ရာကြောင့် ဖြစ်ပွားခြင်းမဟုတ်ဘဲ ဖနောင့်အရွတ်၏ ထပ်ခါထပ်ခါ ဆွဲအားများကြောင့် ဖနောင့်ရိုးရှိ ကြီးထွားဆဲအပိုင်း (calcaneal apophysis) ရောင်ရမ်းလာခြင်းဖြစ်သည်။

ကြီးထွားနှုန်းမြန်ဆန်သော (growth spurt) ကာလတွင် အရိုးများ လျင်မြန်စွာ ကြီးထွားလာသဖြင့် ကြွက်သားများနှင့် အရွတ်များ တင်းကျပ်လာကာ ဖနောင့်ရိုးပေါ်သို့ ဆွဲအားများ ပိုမိုသက်ရောက်ပြီး စီဗာရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားသည်။

ဖြစ်ပွါးနိုင်ခြေများသူများ
  • အသက် ၈နှစ် မှ ၁၄နှစ်အတွင်းရှိ ကလေးများ
  • ယောက်ျားလေးများတွင် ပိုမိုအဖြစ်များသော်လည်း မိန်းကလေးများတွင်လည်း ဖြစ်ပွားနိုင်သည်
  • ဘောလုံး၊ ဘတ်စကက်ဘော၊ ဘော်လီဘော၊ အပြေး၊ ကျွမ်းဘားစသည့် အားကစားများတွင် ပါဝင်သူများ
  • ခြေသလုံးနောက်ဘက်ကြွက်သားများ တင်းကျပ်နေသူများ
  • အဝလွန်သောကလေးများ
  • ခြေဖဝါးပြားခြင်း (Flat foot) သို့မဟုတ် ခြေဖဝါးအလွန်ခုံးခြင်း (High arch foot) ရှိသူများ
ရောဂါလက္ခဏာများ

စီဗာရောဂါတွင် အများဆုံးတွေ့ရသော လက္ခဏာများမှာ_

  • ဖနောင့်အနောက်ပိုင်း နာကျင်ခြင်း
  • ပြေးခြင်း၊ ခုန်ခြင်း၊ အားကစားပြုလုပ်ပြီးနောက် နာကျင်မှု ပိုဆိုးလာခြင်း
  • ဖနောင့်နေရာကို ဖိမိလျှင် နာကျင်ခြင်း
  • ခြေဖျားထောက်လမ်းလျှောက်သောအခါ နာကျင်ခြင်း
  • ခြေသလုံးနောက်ဘက်ကြွက်သားများ တင်းကျပ်နေခြင်း
  • ဖနောင့်တစ်ဖက်တည်း သို့မဟုတ် နှစ်ဖက်လုံးတွင် ဖြစ်ပွားနိုင်ခြင်း
  • အနားယူလျှင် သက်သာလာပြီး လှုပ်ရှားမှုများ ပြန်လည်ပြုလုပ်သောအခါ နာကျင်မှု ပြန်ဖြစ်လာခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

စီဗာရောဂါသည် အများအားဖြင့် အလိုအလျောက် သက်သာပျောက်ကင်းသွားသော ရောဂါဖြစ်ပြီး ရေရှည်နောက်ဆက်တွဲပြဿနာများ မဖြစ်တတ်ပါ။

သို့သော်

  • နာကျင်မှုကြောင့် အားကစားလှုပ်ရှားမှုများ လျော့နည်းသွားခြင်း
  • လမ်းလျှောက်ပုံပြောင်းလဲခြင်း
  • အချိန်ကြာမြင့်စွာ နာကျင်ခြင်းများ ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါလက္ခဏာများ ရှိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ လိုအပ်ပါက အရိုးအထူးကုဆရာဝန်နှင့် လွှဲပြောင်းကုသပေးနိုင်သည်။

အရေးပေါ်ပြသရန်

အောက်ပါအခြေအနေများရှိပါက အရေးပေါ်ပြသရန် လိုအပ်သည်။

  • ရုတ်တရက် ပြင်းထန်စွာ နာကျင်လာခြင်း
  • လမ်းမလျှောက်နိုင်တော့ခြင်း
  • ဖနောင့်နေရာ အလွန်ရောင်ရမ်းနီရဲလာခြင်း
  • အထက်ပါလက္ခဏာများနှင့်အတူတွဲ၍ ဖျားနာခြင်း
  • ထိခိုက်ဒဏ်ရာရပြီးနောက် နာကျင်မှု ဖြစ်ပေါ်လာခြင်း
  • ကိုယ်အလေးချိန်ကို ခြေဖနောင့်ပိုင်းပေါ်တွင် အားပြု၍မရတော့ခြင်း
ရောဂါရှာဖွေခြင်း

လူနာ၏ ရောဂါရာဇဝင်နှင့် ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေနိုင်သည်။ ဖနောင့်နှစ်ဖက်ကို ဖိညှစ်သောအခါ (Calcaneal squeeze test) နာကျင်မှု ဖြစ်ပေါ်နိုင်သည်။ ပုံမှန်အားဖြင့် ဓာတ်မှန်ရိုက်ရန် မလိုအပ်သော်လည်း အရိုးကျိုးခြင်း၊ အရိုးရောင်ရမ်းခြင်းနှင့် အခြားရောဂါများကို ခွဲခြားရန် ဖနောင့်ဓာတ်မှန်ရိုက်ရန် လိုအပ်နိုင်သည်။

ကုသခြင်း

စီဗာရောဂါသည် ကလေး၏ အရိုးကြီးထွားမှုပြီးဆုံးသည်နှင့် အလိုအလျောက် သက်သာပျောက်ကင်းလေ့ရှိသည်။ စီဗာရောဂါအတွက် ခွဲစိတ်ကုသမှု မလိုအပ်ပါ။

  1. လှုပ်ရှားမှုပမာဏ လျှော့ချခြင်း (Activity Modification)
    • ပြေးခြင်း၊ ခုန်ခြင်းနှင့် နာကျင်မှုဖြစ်စေသော အားကစားများကို ခေတ္တလျှော့ချရန် လိုအပ်သည်
    • နာကျင်မှုသက်သာလာပါက တဖြည်းဖြည်း ပြန်လည်စတင်နိုင်သည်
  2. ရေခဲကပ်ခြင်း (Ice Therapy)
    • တစ်ကြိမ်လျှင် ၁၅-၂၀ မိနစ်ခန့် တစ်နေ့ ၃-၄ ကြိမ်ခန့် ရေခဲကပ်နိုင်သည်
    • အားကစားပြုလုပ်ပြီးနောက် ရေခဲကပ်ပေးခြင်းဖြင့် နာကျင်မှုနှင့် ရောင်ရမ်းမှု သက်သာစေသည်
  3. ဆေးဝါးဖြင့်ကုသခြင်း (Medications)
    Paracetamol, Ibuprofen, Naproxen စသည့် အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးနိုင်သည်။
  4. ကာယကုထုံး (Physical Therapy)
    • ခြေသလုံးနောက်ဘက်ကြွက်သားများအတွက် အကြောလျှော့လေ့ကျင့်ခန်းများ
    • ဖနောင့်အရွတ်နှင့် ပေါင်နောက်ဘက် ကြွက်သားများ ပျော့ပျောင်းစေရန် လေ့ကျင့်ခန်းများ
    • ကြွက်သားသန်မာရေး လေ့ကျင့်ခန်းများ ပြုလုပ်ရမည်
  5. ဖနောင့်အောက်ခံ (Heel Cup / Heel Pad) အသုံးပြုခြင်း
    ဖနောင့်အောက်ခံအပျော့ (heel cup, heel pad) အသုံးပြုခြင်းဖြင့် ဖနောင့်အရွတ်၏ဆွဲအားကို လျော့နည်းစေပြီး နာကျင်မှု သက်သာစေသည်။သင့်တော်သော အားကစားဖိနပ်များ ဝတ်ဆင်ခြင်းဖြင့် ဖနောင့်အပေါ် ဖိအားလျော့နည်းစေသည်။ နာကျင်မှု ကြာရှည်စွာ ဆက်လက်ရှိနေသော လူနာများတွင် ခြေထောက်ကို ဒူးအောက်ပိုင်းအထိ ကျောက်ပတ်တီး(short leg cast) ဖြင့် ယာယီမလှုပ်ရှားနိုင်အောင် ထိန်းထားခြင်းဖြင့် နာကျင်မှုသက်သာစေသည်။
ကာကွယ်ခြင်း

စီဗာရောဂါကို အပြည့်အဝ ကာကွယ်နိုင်မည် မဟုတ်သော်လည်း အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်သည်။

  • အားကစားမပြုလုပ်မီ သွေးပူလေ့ကျင့်ခန်းများ ပြုလုပ်ပါ
  • လေ့ကျင့်ခန်းပြီးနောက် အကြောလျှော့လေ့ကျင့်ခန်းများ ပြုလုပ်ပါ
  • လေ့ကျင့်ခန်းပမာဏကို တဖြည်းဖြည်း တိုးမြှင့်ပါ
  • နာကျင်မှုရှိနေစဉ် “ဆက်ကစားခြင်း” မပြုလုပ်ပါနှင့်
  • လုံလောက်သော အနားယူချိန် ပေးပါ
  • သင့်တော်သော အားကစားဖိနပ်များ ဝတ်ဆင်ပါ
  • ကြီးထွားမြန်ဆန်သည့် အသက် ၈–၁၄ နှစ်အတွင်း ဖနောင့်နာခြင်းဖြစ်ပေါ်လာပါက စောစီးစွာ ဆရာဝန်နှင့် တိုင်ပင်ပါ

References:

  1. Cleveland Clinic. (n.d.). Sever’s disease (calcaneal apophysitis). Retrieved June 23, 2026, from https://my.clevelandclinic.org/health/diseases/21176-severs-disease-calcaneal-apophysitis
  2. American Academy of Orthopaedic Surgeons. (n.d.). Sever’s disease (heel pain). Retrieved June 23, 2026, from https://orthoinfo.aaos.org/en/diseases–conditions/severs-disease/
  3. Orthobullets. (n.d.). Sever’s disease. Retrieved June 23, 2026, from https://www.orthobullets.com/pediatrics/4074/severs-disease

Published: 27 June 2026

Share

27 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.