ဒူးခေါင်းအောက်ဘက် အရွတ်နှင့် အရိုးနု ရောင်ရမ်းခြင်းရောဂါ (Osgood-Schlatter Disease) သည် ခုံညှင်းအရွတ် (patellar tendon) တွယ်ဆက်သည့် ခြေသလုံးအရိုးဖုနေရာ ရောင်ရမ်းသော အခြေအနေတစ်ခုကြောင့် ဒူးဆစ်အောက်ပိုင်းတွင် နာကျင်မှုခံစားရခြင်းဖြစ်သည်။ ကြီးထွားဖွံ့ဖြိုးဆဲ (growth spurt) အချိန်ကာလအတွင်း ပြေးခြင်း၊ ခုန်ခြင်း သို့မဟုတ် အားကစားလှုပ်ရှားမှုများ များပြားစွာ ပြုလုပ်သော ဆယ်ကျော်သက်ရွယ်များတွင် အများဆုံးတွေ့ရသည်။ ပုံမှန်အားဖြင့် အနားယူခြင်း၊ ရေခဲကပ်ခြင်းနှင့် ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးနိုင်သော ဆေးများဖြင့် အိမ်တွင်ပင် ကုသနိုင်သည်။
ဒူးခေါင်းရှိ ကြွက်သား၊ အရွတ်နှင့် အရိုးများ ဖွဲ့စည်းပုံ
- ပေါင်အရှေ့ဘက်ရှိ ကြွက်သားစု (Quadriceps muscle)
ပေါင်အရှေ့ဘက်ရှိ ကြွက်သားစုသည် ကြွက်သားလေးခု ပေါင်းစပ်ထားသည့် အုပ်စုဖြစ်ပြီး ခုံညှင်းရိုးပေါ်သို့တွယ်ဆက်နေသည်။ ၎င်း၏ အဓိကလုပ်ဆောင်ချက်မှာ ဒူးကို ဆန့်တန်းစေခြင်း (knee extension) ဖြစ်ပြီး၊ ပြေးခြင်း၊ ခုန်ခြင်း၊ လှေကားတက်ခြင်းနှင့် မတ်တတ်ရပ်ခြင်းတို့တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။ - ခုံညှင်းရိုး (Patella)
ခုံညှင်းရိုး (Patella) သည် ဒူးဆစ်၏ ရှေ့ဘက်တွင် တည်ရှိသော အရိုးသေးတစ်ခုဖြစ်ပြီး ပေါင်အရှေ့ဘက်ရှိ ကြွက်သားစု၏ အားကို ဒူးဆစ်သို့ ထိရောက်စွာ ပို့ဆောင်ပေးရန်နှင့် ဒူးဆစ်ကို ကာကွယ်ပေးရန် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ပေါင်ရှေ့ဘက်ရှိ ကြွက်သားစုနှင့် ခြေသလုံးရိုးတို့အကြား ချိတ်ဆက်ပေးသော အစိတ်အပိုင်းဖြစ်သည်။ - ခုံညှင်းရိုးအရွတ် (Patellar Tendon)
ခုံညှင်းရိုးအရွတ်သည် ခုံညှင်းရိုး (patella) ၏ အောက်ပိုင်းမှ ခြေသလုံးရိုးအပေါ်ပိုင်း အဖု(tibial tuberosity)သို့ ဆက်သွယ်ထားသော သန်မာသည့်အရွတ်ဖြစ်သည်။ ပေါင်အရှေ့ဘက်ရှိ ကြွက်သားစုမှ ထွက်လာသော အားကို ခုံညှင်းရိုးးမှတဆင့် ခြေသလုံးရိုးသို့ ပို့ဆောင်ပေးပြီး ဒူးကို ဆန့်တန်းစေရန် ကူညီပေးသည်။ - ခြေသလုံးရိုးအပေါ်ပိုင်းအဖု (Tibial Tuberosity)
ခြေသလုံးရိုးအပေါ်ပိုင်းအဖုသည် ခြေသလုံးရိုး (tibia) ၏ အပေါ်ပိုင်း ရှေ့မျက်နှာပြင်တွင်ရှိသော အဖုငယ်တစ်ခုဖြစ်ပြီး ခုံညှင်းရိုးအရွတ် လာရောက်ချိတ်ဆက်သည့်နေရာဖြစ်သည်။ လူကြီးများတွင် အရိုးနှင့် တစ်သားတည်းဖြစ်နေသော်လည်း ကလေးနှင့် လူငယ်များတွင် ကြီးထွားဆဲ အရိုးပြား (growth plate) ပါဝင်နေသဖြင့် ထိခိုက်လွယ်သည်။ ဒူးခေါင်းအောက်ဘက် အရွတ်နှင့် အရိုးနု ရောင်ရမ်းခြင်းရောဂါတွင် အရွတ် သို့မဟုတ် ကြွက်သားများ ထပ်ခါထပ်ခါ ဆွဲငင်ခြင်းကြောင့် ကြီးထွားဆဲ ခြေသလုံးရိုးအပေါ်ပိုင်းအဖုတွင် ရောင်ရမ်းနာကျင်မှု ဖြစ်ပွားသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဒူးခေါင်းအောက်ဘက် အရွတ်နှင့် အရိုးနု ရောင်ရမ်းခြင်းရောဂါသည် တစ်ကြိမ်တည်းသော ဒဏ်ရာကြောင့် ဖြစ်ပွားခြင်းမဟုတ်ဘဲ၊ ခုံညှင်းရိုးအရွတ် (Patellar Tendon) မှတစ်ဆင့် ခြေသလုံးရိုးအပေါ်ပိုင်းအဖုရှိ ကြီးထွားဆဲ အရိုးအစိတ်အပိုင်း (apophysis) ကို ထပ်ခါထပ်ခါ ဆွဲအားသက်ရောက်ခြင်း (repetitive traction) ကြောင့် ဖြစ်ပေါ်သော ကြီးထွားဆဲ အရိုးအစိတ်အပိုင်း ရောင်ရမ်းခြင်းတစ်မျိုးဖြစ်သည်။
ဖြစ်ပွားနိုင်ခြေများသူများ
- ယောက်ျားလေးများတွင် ပိုမိုအဖြစ်များသော်လည်း မိန်းကလေးများတွင်လည်း ဖြစ်ပွားနိုင်သည်
- လျင်မြန်စွာ ကြီးထွားသည့်ကာလ (growth spurt) အသက် ၁၁နှစ် မှ ၁၄နှစ်အတွင်းရှိ ကလေးများတွင် ပိုမိုအဖြစ်များသည်
- ယောက်ျားလေးများတွင် အသက် ၁၃နှစ် မှ ၁၄နှစ်ခန့်တွင် အများဆုံး ဖြစ်ပွားတတ်ပြီး၊ မိန်းကလေးများတွင် ပိုမိုငယ်ရွယ်သော အသက် ၁၁နှစ် မှ ၁၂နှစ်ခန့်တွင် ဖြစ်ပွားလေ့ရှိသည်
- ပြေးခြင်း၊ ခုန်ခြင်းများ ပြုလုပ်ရန်လိုအပ်သော ဘတ်စကက်ဘော၊ ဘော်လီဘော၊ ဘောလုံး အားကစားသမားများတွင် ပိုမိုအဖြစ်များသည်
ရောဂါလက္ခဏာများ
ဒူးခေါင်းအောက်ဘက် အရွတ်နှင့် အရိုးနု ရောင်ရမ်းခြင်းရောဂါတွင် အများဆုံးတွေ့ရသော လက္ခဏာများမှာ_
- ဒူးနာခြင်း_ အထူးသဖြင့် ကလေး၏ ဒူးခေါင်းအရိုးအောက်ဘက်၊ ခြေသလုံးရိုး အပေါ်ပိုင်းနေရာတွင် နာတတ်သည်
- ဒူးဆစ်အောက်ပိုင်းတွင် ရောင်ရမ်းခြင်း
- ထိမိလျှင် နာကျင်လွယ်ခြင်း
- ကလေး၏ ခြေထောက်ကြွက်သားများ တင်းကျပ်နေခြင်း
- အများအားဖြင့် ပေါင်ရှေ့ဘက် ကြွက်သားများ (quadriceps) ဖြစ်ပွားသည်
- ကလေး၏ ဒူးခေါင်းအရိုးပေါ် သို့မဟုတ် ဒူးခေါင်းအရိုးအောက်ဘက်တွင် မာပြီး နာကျင်သော အဖုတစ်ခု ဖြစ်ပေါ်ခြင်း
- ဒူးခေါင်းအောက်ဘက် အရွတ်နှင့် အရိုးနု ရောင်ရမ်းခြင်းရောဂါတွင် ဖြစ်ပေါ်သော နာကျင်မှုသည် ပုံမှန်အားဖြင့် တဖြည်းဖြည်းချင်း စတင်လေ့ရှိပြီး အချိန်ကြာလာသည်နှင့် ပိုမိုဆိုးရွားလာတတ်သော်လည်း တစ်ခါတစ်ရံတွင် ရုတ်တရက်လည်း ဖြစ်ပေါ်နိုင်သည်
- ကလေးသည် ဒူးတစ်ဖက်တည်း သို့မဟုတ် ဒူးနှစ်ဖက်လုံးတွင် နာကျင်မှု ခံစားရနိုင်သည်
- နာကျင်မှုသည် ပုံမှန်အားဖြင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နေစဉ်နှင့် ပြုလုပ်ပြီးနောက်တွင် ပိုမိုဆိုးရွားလာတတ်သည်
နောက်ဆက်တွဲပြဿနာများ
ဒူးခေါင်းအောက်ဘက် အရွတ်နှင့် အရိုးနု ရောင်ရမ်းခြင်းရောဂါသည် အများအားဖြင့် အလိုအလျောက် သက်သာပျောက်ကင်းသွားသော ရောဂါဖြစ်ပြီး ရေရှည်နောက်ဆက်တွဲပြဿနာများ မဖြစ်တတ်ပါ။ သို့သော် အချို့လူနာများတွင် အောက်ပါပြဿနာများ ဖြစ်ပေါ်နိုင်သည်။
- ကြာရှည်စွာ ဒူးနာခြင်း (Persistent Pain)
- အထူးသဖြင့် ပြေးခြင်း၊ ခုန်ခြင်း၊ ဒူးထောက်ခြင်းများ ပြုလုပ်သည့်အခါ နာကျင်မှု ဆက်လက်ရှိနေနိုင်သည်
- အများစုတွင် အရိုးကြီးထွားမှု ပြီးဆုံးပြီးနောက် သက်သာသွားတတ်သည်
- ခြေသလုံးရိုးအပေါ်ပိုင်း အဖုကျန်ရှိခြင်း
- ဒူးခေါင်းအောက်ဘက်ရှိ အရိုးဖု (tibial tubercle prominence) သည် အရွယ်ရောက်ပြီးနောက်တွင်လည်း ကျန်ရှိနေနိုင်သည်
- အများအားဖြင့် လုပ်ဆောင်မှုကို မထိခိုက်စေသော်လည်း ဒူးထောက်လျှင် မသက်မသာ ဖြစ်နိုင်သည်
- ဒူးထောက်ရာတွင် နာကျင်ခြင်း
- ခြေသလုံးရိုးအပေါ်ပိုင်းအဖုကြောင့် ကြမ်းပြင်ပေါ် ဒူးထောက်သောအခါ နာကျင်ခြင်း၊ မသက်မသာဖြစ်ခြင်းများ ရှိနိုင်သည်
- အရိုးအပိုင်းအစ (Ossicle) ကျန်ရှိခြင်း
- အရိုးကြီးထွားမှုပြီးဆုံးပြီးနောက် ခြေသလုံးရိုးအပေါ်ပိုင်းအဖုနေရာတွင် အရိုးအပိုင်းအစသေးသေး (ossicle) တစ်ခု ကျန်ရှိနေနိုင်သည်
- အချို့လူနာများတွင် နာကျင်မှု ဆက်လက်ဖြစ်စေပြီး ခွဲစိတ်ဖယ်ရှားရန် လိုအပ်နိုင်သည်
- ခုံညှင်းရိုးအရွတ် ရောင်ရမ်းနာကျင်မှု (Patellar Tendinopathy)
- ခုံညှင်းရိုးအရွတ်တွင် ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်း ဆက်လက်ဖြစ်ပေါ်နိုင်သည်
- ခြေသလုံးရိုးအပေါ်ပိုင်းအဖု ကျိုးထွက်သွားခြင်း (Tibial Tubercle Avulsion Fracture)
- ပြင်းထန်သော ကြွက်သားနှင့်အရွတ် ဆွဲအားကြောင့် ခြေသလုံးရိုးအပေါ်ပိုင်း အဖု(tibial tubercle) အပိုင်း ကျိုးထွက်သွားနိုင်သည်
- ဤသည်မှာ ရှားပါးသော်လည်း ခွဲစိတ်ကုသမှု လိုအပ်နိုင်သော ပြင်းထန်သည့် နောက်ဆက်တွဲပြဿနာဖြစ်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ပြီး ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အရိုးအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အရေးပေါ်ပြသရန်
- ရုတ်တရက် ပြင်းထန်စွာ နာကျင်လာခြင်း
- ဒူးကို မဆန့်နိုင်တော့ခြင်း
- လမ်းမလျှောက်နိုင်ခြင်း
- ဒူးဆစ်ရောင်ရမ်း နီရဲလာခြင်း
- ဖျားခြင်း သို့မဟုတ် အခြားသော ရောဂါလက္ခဏာများ တွဲဖက်ဖြစ်ပေါ်လာခြင်းတို့ရှိပါက အရေးပေါ်ကုသမှု လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
လူနာ၏ရောဂါရာဇဝင် မေးမြန်းပြီး ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် ဒူးခေါင်းအောက်ဘက် အရွတ်နှင့် အရိုးနု ရောင်ရမ်းခြင်းရောဂါကို သိရှိနိုင်သည်။ ရောဂါရှာဖွေရန် ပုံမှန်အားဖြင့် ဓာတ်မှန် သို့မဟုတ် အခြားပုံရိပ်ဖော်စစ်ဆေးမှုများ မလိုအပ်သော်လည်း၊ ကလေး၏ ဒူးဆစ်၊ ကြီးထွားဆဲ အရိုးပြား (growth plate) နှင့် ပတ်ဝန်းကျင်ရှိ အရိုးများကို ကြည့်ရှုရန် ဒူးဆစ်ဓာတ်မှန် (knee X-ray) လိုအပ်နိုင်သည်။
ကုသခြင်း
ဒူးခေါင်းအောက်ဘက် အရွတ်နှင့် အရိုးနု ရောင်ရမ်းခြင်းရောဂါသည် အများအားဖြင့် ကလေး၏ အရိုးကြီးထွားမှု ပြီးဆုံးသည့်အခါ လက္ခဏာများ ပျောက်ကင်းသွားတတ်သည်။ ကုသမှု၏ အဓိကရည်ရွယ်ချက်မှာ နာကျင်မှုနှင့် ရောင်ရမ်းမှုကို လျှော့ချရန်နှင့် လှုပ်ရှားနိုင်စွမ်းကို ထိန်းသိမ်းထားရန်ဖြစ်သည်။
- အနားယူခြင်း (Activity Modification)
- နာကျင်မှုဖြစ်စေသော လှုပ်ရှားမှုများကို လျှော့ချရန်၊ ပြေးခြင်း၊ ခုန်ခြင်း၊ ဘောလုံးကစားခြင်း၊ ကျွမ်းဘားစသည့် အားကစားများကို ခေတ္တရပ်နားရန် လိုအပ်သည်
- နာကျင်မှုသက်သာလာသည်နှင့်အမျှ တဖြည်းဖြည်း ပြန်လည်စတင်နိုင်သည်
- အားကစားကို လုံးဝရပ်နားရန် မလိုအပ်ဘဲ နာကျင်မှုအတိုင်းအတာပေါ် မူတည်၍ ချိန်ညှိနိုင်သည်
- ရေခဲကပ်ခြင်း (Ice Therapy)
- တစ်ကြိမ်လျှင် ၁၀-၁၅ မိနစ်ခန့်ဖြင့် တစ်နေ့ ၃-၅ ကြိမ်ခန့် ရေခဲကပ်နိုင်သည်
- လေ့ကျင့်ခန်း သို့မဟုတ် အားကစားလှုပ်ရှားမှုများ ပြီးနောက် ရေခဲကပ်ပေးခြင်းဖြင့် နာကျင်မှုနှင့် ရောင်ရမ်းမှုကို သက်သာစေသည်
- ဆေးဝါးဖြင့်ကုသခြင်း (Medications)
အကိုက်အခဲပျောက်ဆေးနှင့် အရောင်ကျဆေးများပေးခြင်း _ Paracetamol, Ibuprofen, Naproxen စသည့် နာကျင်မှုသက်သာစေမည့် ဆေးဝါးများ သောက်နိုင်သည်။ ဆရာဝန်၏ အကြံပြုချက်မရှိဘဲ ရေရှည်ဆက်တိုက် သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်သည်။ - ကာယကုထုံး (Physical Therapy)
ပေါင်ရှေ့ဘက်ကြွက်သားများနှင့် ပေါင်နောက်ဘက်ကြွက်သားများကို ပျော့ပျောင်းစေရန်နှင့် သန်မာစေရန် လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ဒူးဆစ်အပေါ် ဖိအားလျော့နည်းစေသည်။ - သင့်တော်သည့်အကာအကွယ်ပစ္စည်းများ ဝတ်ဆင်ခြင်း
- ခုံညှင်းရိုးအရွတ်၏ ဆွဲအားကို လျော့နည်းစေနိုင်သည့် အားကစားသမားသုံးတိတ်ပြား (strapping tape) ကို အသုံးပြုခြင်းဖြင့် အားကစားလုပ်စဉ် နာကျင်မှုကို လျော့ပါးစေသည်
- ဒူးကာ (Protective Padding) ကိုအသုံးပြုခြင်းဖြင့် ဒူးထောက်ရသော လှုပ်ရှားမှုများတွင် ခြေသလုံးရိုးအပေါ်ပိုင်း အဖု (Tibial tubercle ) ကို ကာကွယ်ပေးသည်
- ခွဲစိတ်ကုသခြင်း (Surgery)
ခွဲစိတ်ကုသမှု လိုအပ်ခြင်းမှာ အလွန်ရှားပါးသော်လည်း အောက်ပါအခြေအနေများတွင် ခွဲစိတ်ကုသမှုကို စဉ်းစားနိုင်သည်။- အရိုးကြီးထွားမှု ပြီးဆုံးပြီးနောက်တွင်လည်း နာကျင်မှု ဆက်ရှိနေခြင်း
- အရိုးအပိုင်းအစ (Ossicle) ကျန်ရှိပြီး နာကျင်နေခြင်း
- ခြေသလုံးရိုးအပေါ်ပိုင်းအဖု ကျိုးထွက်သွားခြင်း(Tibial Tubercle Avulsion Fracture)
ကာကွယ်ခြင်း
ဒူးခေါင်းအောက်ဘက် အရွတ်နှင့် အရိုးနု ရောင်ရမ်းခြင်းရောဂါကို အပြည့်အဝ ကာကွယ်နိုင်မည် မဟုတ်သော်လည်း ဒူးခေါင်းအောက်ရှိ ကြီးထွားဆဲအရိုး (tibial tubercle) ပေါ်တွင် သက်ရောက်သော ဖိအားနှင့် ဆွဲအားကို လျှော့ချခြင်းဖြင့် ရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်သည်။
- သင့်တော်သော အကာအကွယ်ပစ္စည်းများကို ဝတ်ဆင်အသုံးပြုပါ
- ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နေစဉ် သို့မဟုတ် ပြုလုပ်ပြီးနောက် ဒူးနာလာပါက နာကျင်မှုကို လျစ်လျူရှုပြီး ဆက်လက်ကစားခြင်း မပြုလုပ်သင့်ပါ
- ပြင်းထန်သော လှုပ်ရှားမှုများ ပြုလုပ်ပြီးနောက် ခန္ဓာကိုယ် ပြန်လည်သက်သာကောင်းမွန်ရန် လုံလောက်သော အနားယူချိန်ပေးပါ၊ လေ့ကျင့်ချိန်နှင့် အနားယူချိန်ကို မျှတစွာ စီမံသင့်သည်
- အားကစားအမျိုးအစားများကို အပြောင်းအလဲလုပ်ခြင်း (Cross-training)
- အမြဲတမ်း ပြေးခြင်းနှင့် ခုန်ခြင်းများသာ မပြုလုပ်ဘဲ ရေကူးခြင်း၊ စက်ဘီးစီးခြင်းကဲ့သို့ ဒူးအပေါ် ဖိအားနည်းသော လေ့ကျင့်ခန်းများကို ပေါင်းစပ်ပြုလုပ်နိုင်သည်
- အားကစားပြုလုပ်သည့် ပမာဏကို တဖြည်းဖြည်း တိုးမြှင့်ခြင်း
- လေ့ကျင့်ခန်း ပြင်းအား၊ အချိန်နှင့် အကြိမ်ရေကို ရုတ်တရက် မတိုးသင့်ပါ
- တစ်ပတ်လျှင် ၁၀% ထက်ပို၍ မတိုးသင့်ကြောင်း ယေဘုယျအားဖြင့် အကြံပြုထားသည်
- ကြွက်သားသန်မာရေး လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပါ
- အားကစားမပြုလုပ်မီ သို့မဟုတ် လေ့ကျင့်ခန်းမစတင်မီ သွေးပူလေ့ကျင့်ခန်းများ စတင်ပြုလုပ်ပါ
- ကိုယ်လက်လှုပ်ရှားမှု ပြီးဆုံးပြီးနောက် ခန္ဓာကိုယ်ကို တဖြည်းဖြည်း အနားယူစေပြီး အကြောလျှော့လေ့ကျင့်ခန်းများ ပြုလုပ်ပါ
- ကြီးထွားဆဲကာလ (Growth Spurt) တွင် အထူးဂရုစိုက်ခြင်း
- အသက် ၈–၁၂ နှစ်ရှိ မိန်းကလေးများနှင့် ၁၀–၁၄ နှစ်ရှိ ယောက်ျားလေးများတွင် အဖြစ်များသောကြောင့် ဤအသက်အပိုင်းအခြားအတွင်း ဒူးနာခြင်းဖြစ်ပေါ်လာပါက စောစီးစွာ အနားယူပြီး ဆရာဝန်နှင့် တိုင်ပင်သင့်သည်
References:
- Cleveland Clinic. (n.d.). Osgood-Schlatter disease. Retrieved June 23, 2026, from https://my.clevelandclinic.org/health/diseases/21171-osgood-schlatter-disease
- WebMD. (n.d.). Osgood-Schlatter disease. Retrieved June 23, 2026, from https://www.webmd.com/teens/osgood-schlatter-disease
- Nottingham University Hospitals NHS Trust. (n.d.). Osgood-Schlatter’s disease. Retrieved June 23, 2026, from https://www.nuh.nhs.uk/osgood-schlatters-disease/
Published: 27 June 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.