Brucellosis (ဘရူဆယ်လိုဆစ် ကူးစက်ရောဂါ)

Brucellosis (ဘရူဆယ်လိုဆစ် ကူးစက်ရောဂါ)

ဘရူဆယ်လိုဆစ် ကူးစက်ရောဂါ (Brucellosis) ဆိုသည်မှာ ဘက်တီးရီးယားကြောင့် ဖြစ်ပွားပြီး၊ တိရစ္ဆာန်မှ လူသို့ ကူးစက်တတ်သော ကူးစက်ရောဂါ (Zoonotic disease) တစ်မျိုးဖြစ်သည်။ တိရစ္ဆာန်များမှ ဘက်တီးရီးယားပိုးများသည် လူတို့၏ ပါးစပ်၊ နှာခေါင်း၊ မျက်စိ သို့မဟုတ် အရေပြားပေါ်ရှိ အနာများမှတစ်ဆင့် ဝင်ရောက်ကူးစက်သည်။ ဘက်တီးရီးယားများသည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် ပြန်ရည်ကျိတ်များ (lymph nodes) သို့မဟုတ် တစ်ရှူးများထဲသို့ ရောက်ရှိသွားပြီး၊ ထိုနေရာများတွင် တဖြည်းဖြည်း ပွားများလာသည်။ ထိုမှတစ်ဆင့် နှလုံး၊ အသည်း၊ ဦးနှောက်နှင့် အရိုးများအပါအဝင် ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းနီးပါးကို ကူးစက်ဝင်ရောက်နိုင်ပြီး ရောင်ရမ်းခြင်းနှင့် ပျက်စီးခြင်းများကို ဖြစ်ပေါ်စေနိုင်သည်။

ဘရူဆယ်လိုဆစ်ရောဂါသည် လက်ရှိတွင် ကမ္ဘာတစ်ဝှမ်းရှိ လူနှင့်တိရစ္ဆာန်အမြောက်အမြားတွင် ကူးစက် ဖြစ်ပွားလျက်ရှိသည်။ စာရင်းများအရ နှစ်စဉ် ကမ္ဘာတစ်ဝှမ်း၌ ဘရူဆယ်လိုဆစ် ကူးစက်ခံရသူဦးရေ (၅၀၀,၀၀၀) ခန့် ရှိနေသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

Brucellosis ရောဂါသည် B. abortus၊ B. canis၊ B. melitensis နှင့် B. suis စသည့် ဘရူဆယ်လာ ဘက်တီးရီးယား မျိုးစိတ်များကြောင့် အဓိကဖြစ်ပွားသည်။ ထိုဘက်တီးရီးယားများကို တိရစ္ဆာန်များစွာ၏ ကိုယ်ခန္ဓာပေါ်၌ လက်ခံသယ်ဆောင်ထားသည်ကို တွေ့နိုင်သည်။ ထိုပိုးများသည် တိရစ္ဆာန်များကို ဖျားနာစေနိုင်သကဲ့သို့ တစ်ခါတစ်ရံ မည်သည့်လက္ခဏာမျှ မပြဘဲလည်း နေနိုင်သည်။ Brucella ပိုးများကို သယ်ဆောင်ထားတတ်သည့် တိရစ္ဆာန်အချို့မှာ_

  • နွား၊ ဆိတ်နှင့် သိုး
  • ဝက်နှင့် တောဝက်
  • ခွေး (အထူးသဖြင့် အမဲလိုက်ရာတွင် အသုံးပြုသောခွေးများ)
  • သမင်၊ အယ်လ်ခ်သမင် (Elk) နှင့် သမင်ကြီးမျိုး (Moose)
  • အမေရိကန်ကျွဲရိုင်း (Bison)
  • ကုလားအုတ်တို့ဖြစ်သည်။
ကူးစက်နိုင်သော နည်းလမ်းများ

တိရစ္ဆာန်များမှတစ်ဆင့် လူတို့ထံသို့ ဘက်တီးရီးယားပိုး ကူးစက်ပြန့်ပွားနိုင်သည့် နည်းလမ်းများမှာ_

  • တိရစ္ဆာန်ထွက် အသားစိမ်း၊ နို့စိမ်းများကို စားသုံးခြင်း
    • ရောဂါပိုးရှိသော တိရစ္ဆာန်များ၏ နို့ထဲတွင်ပါဝင်သည့် ဘက်တီးရီးယားများသည် ပိုးသတ်မထားသော (unpasteurized) နို့နှင့် နို့ဖြင့်ပြုလုပ်သော ရေခဲမုန့်၊ ထောပတ်နှင့် ဒိန်ခဲများကို စားသောက်ခြင်းမှတစ်ဆင့် လူများထံသို့ ကူးစက်နိုင်သည်
    • ထို့အပြင် ရောဂါပိုးရှိသော တိရစ္ဆာန်များ၏ အသားစိမ်း သို့မဟုတ် မကျက်တကျက် ချက်ပြုတ်ထားသော အသားများကို စားသုံးခြင်းမှလည်း ကူးစက်နိုင်သည်
  • ဘက်တီးရီးယားပိုးကို ရှူမိခြင်း
    • ဘက်တီးရီးယားပိုးများသည် လေထုထဲတွင် လွယ်ကူစွာ ပျံ့နှံ့နိုင်သဖြင့် လယ်သမားများ၊ တောတွင်းမုဆိုးများ၊ ဓာတ်ခွဲခန်းဝန်ထမ်းများနှင့် သားသတ်ရုံ လုပ်သားများသည် ထိုပိုးများကို ရှူမိနိုင်ခြေရှိသည်
  • ရောဂါပိုးရှိသော တိရစ္ဆာန်၏ တစ်ရှူး သို့မဟုတ် ခန္ဓာကိုယ်မှထွက်သော သွေး၊ အရည်များနှင့် ထိတွေ့မိခြင်း
    • တိရစ္ဆာန်များ၏ အသားများကို အမဲဖျက်ခြင်း၊ ကိုင်တွယ်ခုတ်ထစ်ခြင်းတို့ ပြုလုပ်ချိန်တွင် သွေးနှင့် အခြားအရည်များ၊ အသားများတွင် ပါရှိနေသော ဘရူဆယ်လာပိုးများသည် အရေပြားပေါ်ရှိ ဒဏ်ရာအနာများ သို့မဟုတ် မျက်စိ၊ နှာခေါင်း သို့မဟုတ် ပါးစပ်တို့မှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နိုင်သည်
    • သို့သော်လည်း တိရစ္ဆာန်များကို ကိုင်တွယ်ခြင်း၊ အမွှေးအမျှင် ဖီးသင်ပေးခြင်း သို့မဟုတ် အတူဆော့ကစားခြင်းကဲ့သို့ သာမန်ထိတွေ့မှုများမှ မကူးစက်နိုင်ပါ
    • ထို့ကြောင့် များသောအားဖြင့် မွေးမြူထားသော အိမ်မွေးတိရစ္ဆာန်များထံမှ ရောဂါကူးစက်ခံရခဲသည်
    • သို့ရာတွင် ကိုယ်ခံအားစနစ် အားနည်းသူများသည် ရောဂါရှိနိုင်သော အိမ်မွေးတိရစ္ဆာန်များကို ကိုင်တွယ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်သင့်သည်
  • လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ခြင်း
    • ထိုရောဂါသည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်ခြေ အလွန်နည်းပါးသည်
    • သို့သော် အလွန်ရှားပါးစွာဖြင့် ရောဂါရှိသူမိခင်မှ ကလေးသို့ မီးဖွားနေစဉ်အတွင်း သို့မဟုတ် မိခင်နို့တိုက်ကျွေးခြင်းမှတစ်ဆင့် ရောဂါလက်ဆင့်ကမ်း ကူးစက်နိုင်သည်
    • ထို့အပြင် လိင်ဆက်ဆံခြင်း သို့မဟုတ် ရောဂါပိုးရှိသောသွေးကို သွင်းမိခြင်းတို့မှတစ်ဆင့်လည်း ဖြစ်တောင့်ဖြစ်ခဲ ရောဂါကူးစက်နိုင်သည်
ရောဂါဖြစ်နိုင်ခြေများစေသော အချက်များ

အောက်ပါအခြေအနေများသည် Brucellosis ရောဂါ ကူးစက်ခံရနိုင်ခြေ ပိုမိုမြင့်မားစေနိုင်သည်။

  • တိရစ္ဆာန်ဆေးကုဆရာဝန်ဖြစ်ခြင်း သို့မဟုတ် တိရစ္ဆာန်များနှင့် ထိတွေ့လုပ်ကိုင်ရသူဖြစ်ခြင်း
  • နို့စားနွားမွေးမြူရေးခြံ သို့မဟုတ် တိရစ္ဆာန်မွေးမြူရေးခြံများတွင် လုပ်ကိုင်ခြင်း
  • သားသတ်သမားဖြစ်ခြင်း၊ သားသတ်ရုံတွင် လုပ်ကိုင်ရခြင်း သို့မဟုတ် အသားစိမ်းများကို ခုတ်ထစ် ကိုင်တွယ်ရခြင်း
  • အမဲလိုက်ခြင်း သို့မဟုတ် တောကောင်များကို ခုတ်ထစ်အသားဖျက်ခြင်း
  • ဘရူဆယ်လာ ဘက်တီးရီးယားများကို ကိုင်တွယ်စမ်းသပ်သည့် ဓာတ်ခွဲခန်းတွင် လုပ်ကိုင်ခြင်း
  • မကျက်တကျက် ချက်ထားသော အသားများကို စားသုံးခြင်း သို့မဟုတ် ပိုးသတ်မထားသော (unpasteurized) နို့နှင့် နို့ထွက်ပစ္စည်းများကို စားသုံးခြင်း
ရောဂါလက္ခဏာများ

Brucellosis ရောဂါလက္ခဏာများသည် ဘက်တီးရီးယားပိုးနှင့် ထိတွေ့မိပြီးနောက် ရက်အနည်းငယ်မှ လအနည်းငယ်အကြာတွင် ပေါ်လာတတ်သည်။ ရှေ့ ဦးလက္ခဏာများသည် တုပ်ကွေးမိခြင်းနှင့် ဆင်တူပြီး အောက်ပါတို့ပါဝင်သည်။

  • ဖျားခြင်း
  • ချမ်းတုန်ခြင်း
  • အစာစားချင်စိတ်မရှိခြင်း
  • ကိုယ်အလေးချိန်ကျခြင်း
  • ချွေးအလွန်အကျွံထွက်ခြင်း
  • နုံးခွေခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • အဆစ်အမြစ်များ၊ ကြွက်သားများ ကိုက်ခဲခြင်း၊ ခါးနာခြင်း
  • ခေါင်းကိုက်ခြင်း
  • ပြန်ရည်ကျိတ် (lymph nodes) များ ကြီးလာပြီး နာကျင်ခြင်း

သတိပြုရမည့်အချက်မှာ ရောဂါလက္ခဏာများသည် ရက်သတ္တပတ်အနည်းငယ် သို့မဟုတ် လအနည်းငယ်ကြာ ပျောက်ကွယ်သွားပြီးမှ နောက်တစ်ကြိမ် ပြန်လည်ပေါ်ပေါက်လာတတ်သည်။ အချို့သူများတွင် ရောဂါပိုးသည် နာတာရှည်ရောဂါပုံစံ ဖြစ်သွားတတ်ပြီး ဆေးဝါးကုသမှု ခံယူပြီးနောက်တွင်ပင် နှစ်ပေါင်းများစွာအထိ လက္ခဏာများ ဆက်လက်ခံစားရနိုင်သည်။ ရေရှည်ခံစားရနိုင်သော ရောဂါလက္ခဏာများမှာ_

  • မောပန်းနွမ်းနယ်ခြင်း
  • အဖျားခဏခဏပြန်တက်ခြင်း
  • နှလုံးအတွင်း ပိုးဝင်ရောင်ရမ်းခြင်း (Endocarditis)
  • အဆစ်အမြစ်များ ရောင်ရမ်းခြင်း (Arthritis)
  • ကျောရိုးဆစ်များ ရောင်ရမ်းခြင်း (Spondylitis)
  • တင်ပါးဆုံအရိုးကွင်းနှင့် ခါးရိုးဆက်အဆစ် အဆစ်ရောင်ခြင်း (Sacroiliitis)
  • အမျိုးသားများတွင် ဝှေးစေ့နှင့် ကပ္ပာယ်အိတ်များရောင်ခြင်း
  • စိတ်ဓာတ်ကျခြင်း၊ မှတ်ဥာဏ်ကျဆင်းခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

Brucellosis ရောဂါသည် နှလုံး၊ အသည်း၊ အရိုးအဆစ်များ၊ ဗဟိုအာရုံကြောစနစ်နှင့် မျိုးပွားအင်္ဂါအဖွဲ့အစည်း အပါအဝင် ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းကိုမဆို ထိခိုက်စေနိုင်သည်။ နာတာရှည်ရောဂါပုံစံသည် ခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်းတစ်ခု သို့မဟုတ် တစ်ကိုယ်လုံးတွင် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။ ဖြစ်ပွားနိုင်သော နောက်ဆက်တွဲဆိုးကျိုးများမှာ အောက်ပါအတိုင်း ဖြစ်ကြသည်။

  • နှလုံးအတွင်း ပိုးဝင်ရောင်ရမ်းခြင်း (Endocarditis)
    • နှလုံးအခန်းများ၏ အတွင်းဘက်နံရံ ရောင်ရမ်းခြင်းဖြစ်ပြီး အပြင်းထန်ဆုံး နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်သည်
    • ဆေးဝါးကုသမှု မခံယူပါက နှလုံးအဆို့ရှင်များ ပျက်စီးခြင်း သို့မဟုတ် ပုံစံပျက်သွားခြင်း ဖြစ်စေနိုင်သည်
    • ရောဂါကြောင့် သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းလည်းဖြစ်သည်
  • အဆစ်အမြစ်ရောင်ရမ်းခြင်း (Arthritis)
    • အရိုးအဆစ်များ (အထူးသဖြင့် ဒူး၊ တင်ပါးဆုံ၊ ခြေကျင်းဝတ်၊ လက်ကောက်ဝတ်နှင့် ကျောရိုးဆစ်များ) တွင် နာကျင်ခြင်း၊ တောင့်တင်းခြင်းနှင့် ရောင်ရမ်းခြင်းတို့ကို ဖြစ်စေသည်
    • ကျောရိုးဆစ်များ ရောင်ရမ်းခြင်း (Spondylitis)၊ တင်ပါးဆုံအရိုးကွင်းနှင့် ခါးရိုးဆက်အဆစ် အဆစ်ရောင်ခြင်း (Sacroiliitis) တို့သည် ကုသရန် ခက်ခဲနိုင်ပြီး ရေရှည်တွင် အဆစ်ပျက်စီးမှုများကို ဖြစ်ပေါ်စေနိုင်သည်
  • ဝှေးစေ့နှင့် သုက်ပိုးသိုလှောင်ပြွန် ရောင်ရမ်းခြင်း (Epididymo-orchitis)
    • ပိုးဝင်ခြင်းကြောင့် ဝှေးစေ့ နှင့် သုက်ပိုးသိုလှောင်ပြွန် (Epididymis) ကို ပြင်းထန်စွာ ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်း (Orchitis) တို့ကို ဖြစ်ပွားစေသည်
  • အသည်းနှင့် ဘေလုံးပိုးဝင်ခြင်း
    • ပိုးဝင်ခြင်းကြောင့် အသည်းနှင့် ‌ဘေလုံးများ ပုံမှန်အရွယ်အစားထက် ပိုကြီးလာတတ်ပြီး ပြည်တည်နာများအထိ ဖြစ်ပေါ်စေနိုင်သည်
  • ဗဟိုအာရုံကြောစနစ် ပိုးဝင်ခြင်း
    • ဦးနှောက်နှင့် အာရုံကြောမကြီးကို ဖုံးအုပ်ထားသော အမြှေးပါးများ ရောင်ရမ်းခြင်း (Meningitis) သို့မဟုတ် ဦးနှောက်တစ်ရှူးများ ရောင်ရမ်းခြင်း (Encephalitis) ကဲ့သို့ အသက်အန္တရာယ်ကို စိုးရိမ်ရသည့် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်စေနိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

Brucellosis ရောဂါသည် တုပ်ကွေးကဲ့သို့ အခြားရောဂါများ၏ လက္ခဏာများနှင့် ဆင်တူသဖြင့် ခွဲခြားရ ခက်ခဲတတ်သည်။ အကယ်၍ အဖျားတက်ခြင်း (အထူးသဖြင့် နေ့လယ်ပိုင်း သို့မဟုတ် ညနေပိုင်းတွင် ပိုဖျားသော)၊ အလွန်အမင်း ချွေးထွက်ခြင်း၊ အဆစ်အမြစ်နှင့် ကြွက်သားများ ပြင်းထန်စွာ နာကျင်ခြင်း၊ နုံးခွေပြီး မောပန်းနေခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ဗိုက်နာခြင်းတို့ ခံစားနေရပြီး ကူးစက်နိုင်ခြေရှိသော အလုပ်အကိုင် လုပ်ကိုင်သူများ ဖြစ်ပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။ Brucellosis သည် ရောဂါလက္ခဏာများ ပျောက်ကင်းသွားပြီးမှ ပြန်လည်ပေါ်ပေါက်လာတတ်သည်။ အကယ်၍ ကုသမှုခံယူပြီးနောက် သို့မဟုတ် ပျောက်ကင်းသွားပြီးမှ ထပ်မံ၍ ဖျားခြင်း၊ အဆစ်နာခြင်းများ ပြန်ဖြစ်လာပါက ဆရာဝန်ထံ ချက်ချင်း ပြန်လည်ပြသရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

Brucellosis ရောဂါ၏ လက္ခဏာများသည် အခြားဖျားနာရောဂါများနှင့် ဆင်တူနိုင်သဖြင့် ရောဂါရှာဖွေရာ၌ ရောဂါပိုးကို တိကျစွာအတည်ပြုနိုင်ရန်နှင့် လက္ခဏာဆင်တူရောဂါများ မဟုတ်ကြောင်း သက်သေပြရန် အဓိကရည်ရွယ်သည်။ ဆရာဝန်မှ လူနာခံစားရသည့် လက္ခဏာများ၊ ရောဂါရာဇဝင်နှင့် ကူးစက်နိုင်ခြေများသော အချက်များ ရှိ မရှိကို မေးမြန်းခြင်း၊ ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးခြင်းတို့ကို ပြုလုပ်မည်ဖြစ်သည်။ ထို့နောက် ရောဂါကို စစ်ဆေးအတည်ပြုနိုင်ရန်အတွက် ခန္ဓာကိုယ်မှထွက်သော အရည်နမူနာများကို ရယူခြင်း၊ ပုံရိပ်ဖော်စစ်ဆေးမှုများ သို့မဟုတ် အခြားသော စစ်ဆေးမှုများကို ပြုလုပ်ရန် ညွှန်ကြားမည်ဖြစ်သည်။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်သည်။

  • သွေးစစ်ဆေးခြင်း (Blood tests)
    • သွေးထဲ၌ ဘရူဆဲလ်လာ ဘက်တီးရီးယား၏ ပဋိပစ္စည်း (antibodies)၊ ပဋိလှုံ့ပစ္စည်း (antigens) သို့မဟုတ် မျိုးဗီဇဒီအန်အေ (DNA) ရှိ မရှိ ရှာဖွေစစ်ဆေးခြင်း သို့မဟုတ် ဘက်တီးရီးယားပိုးမွေးမြူခြင်းတို့ကို ပြုလုပ်နိုင်သည်
    • တစ်ခါတစ်ရံ လိုအပ်ပါက သွေးစစ်ဆေးမှုကို ရက်သတ္တပတ်အနည်းငယ်အတွင်း တစ်ကြိမ်ထက်မက ပြုလုပ်ရန် လိုအပ်နိုင်သည်
  • ပိုးမွေးမြူ၍ စစ်ဆေးခြင်း (Culture)
    • ဘရူဆယ်လာ ဘက်တီးရီးယား ကူးစက်ခံရခြင်းကို အတည်ပြုရန် အကောင်းဆုံးနည်းလမ်းမှာ ခန္ဓာကိုယ်မှထွက်သော အရည် သို့မဟုတ် တစ်ရှူးနမူနာများမှ ဘက်တီးရီးယားပိုးကို မွေးမြူစစ်ဆေးခြင်း (culture ပြုလုပ်ခြင်း) ဖြစ်သည်
    • ဘက်တီးရီးယားပိုးသည် ကြီးထွားမှုနှေးကွေးသောကြောင့် တိကျသော အဖြေထွက်ရန် ရက်သတ္တပတ်အနည်းငယ် ကြာနိုင်သည်
    • ပိုးမွေးမြူရန်အတွက် ဦးနှောက်နှင့် အာရုံကြောမကြီးတစ်လျှောက် လှည့်ပတ်နေသောအရည် (Cerebrospinal fluid)၊ အရိုးအဆစ်ကြား အရည် (Synovial fluid) သို့မဟုတ် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများမှ အရည်နမူနာများကို ရယူနိုင်သည်
  • တစ်ရှူးစနမူနာယူ၍ စစ်ဆေးခြင်း (Tissue biopsy)
    • လိုအပ်ပါက ရိုးတွင်းခြင်ဆီ သို့မဟုတ် အခြားတစ်ရှူးများကို အသားစ နမူနာယူ၍ စစ်ဆေးနိုင်သည်
    • ထိုသို့စစ်ဆေးမှုတွင် ဘရူဆဲလ်လာ ဘက်တီးရီးယား၏ လက္ခဏာဖြစ်သော ရောင်ရမ်းသောအကျိတ်ငယ်များ (non-caseating granulomas) ကို အဓိကရှာဖွေစစ်ဆေးသည်
  • ပုံရိပ်ဖော်စစ်ဆေးခြင်း (Imaging)
    • ပိုးကူးစက်ဝင်ရောက်သည့် ခန္ဓာကိုယ်၏ အစိတ်အပိုင်းများပေါ် မူတည်၍ ဓာတ်မှန်ရိုက်ခြင်း (X-rays)၊ ကွန်ပျူတာ ဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန် (MRI)၊ ဆေးသွင်းအရိုးဓာတ်မှန်ရိုက်ခြင်း (bone scans)၊ အာထရာဆောင်း (ultrasounds) သို့မဟုတ် အသံလှိုင်းသုံး နှလုံးပုံရိပ်​ဖော်စက်ဖြင့် စစ်​ဆေးခြင်း (echocardiogram) တို့ကို ညွှန်ကြားနိုင်သည်
    • ထိုသို့စစ်ဆေးခြင်းဖြင့် အရိုးအဆစ်များနှင့် ကိုယ်တွင်းအင်္ဂါများတွင် နာတာရှည်ပိုးကူးစက်ခြင်းကြောင့် ဖြစ်ပေါ်သော ပြောင်းလဲမှုများကို သိရှိနိုင်သည်
ကုသခြင်း

Brucellosis ရောဂါကို ကုသရာတွင် ရောဂါလက္ခဏာများ သက်သာစေရန်၊ ရောဂါပြန်လည်မဖြစ်ပွားစေရန်နှင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန် ရည်ရွယ်သည်။ ဘက်တီးရီးယားပိုးများကို အမြစ်ပြတ် ဖယ်ရှားနိုင်ရန် အနည်းဆုံး ပဋိဇီဝပိုးသတ်ဆေး (Antibiotics) နှစ်မျိုးကို တွဲဖက်ပေးခြင်းဖြင့် ကုသလေ့ရှိသည်။ ပိုးသတ်ဆေးများကို အနည်းဆုံး (၆)ပတ် မှ (၈)ပတ်အထိ သောက်သုံးရန် လိုအပ်သည်။ ပိုးသတ်ဆေးများအပြင် ရောဂါအခြေအနေအပေါ် မူတည်၍ လိုအပ်သော အခြားကုသမှုများ (ဥပမာ – ပိုးဝင်နေသောနေရာမှ ပြည်များကို ဖောက်ထုတ်ခြင်း) လည်း လိုအပ်နိုင်သည်။

ကုသရာတွင် အသုံးပြုလေ့ရှိသော ပဋိဇီဝပိုးသတ်ဆေးများ

အများဆုံး အသုံးပြုသော ပဋိဇီဝပိုးသတ်ဆေးများမှာ_

  • Doxycycline or tetracycline (အဓိကအသုံးပြုသည်၊ အသက် ၈ နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်များတွင် လုံးဝမသုံးရပါ)
  • Rifampin (Doxycycline နှင့် တွဲ၍အသုံးပြုသည်)
  • Trimethoprim/sulfamethoxazole – TMP/SMX (Doxycycline မတည့်သူများတွင် သုံးသည်)
  • Streptomycin, Gentamicin (အထက်ပါဆေးများ မတည့်ပါက သုံးသည်)
  • Ciprofloxacin တို့ဖြစ်သည်။

ပဋိဇီဝဆေးများအပြင် အဖျားတက်ခြင်းနှင့် အရိုးအဆစ်များ နာကျင်ခြင်းကဲ့သို့ လက္ခဏာအချို့ကို ကုသရန် ဘေးကင်းစိတ်ချရသည့် ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဝယ်ယူနိုင်သည့် ပါရာစီတမောနှင့် အကိုက်အခဲ ပျောက်ဆေးဝါးများ (Over the counter drugs) ကို သောက်သုံးနိုင်သည်။

လူနာအများစုသည် ပဋိဇီဝဆေးဝါးဖြင့် စနစ်တကျ ကုသမှုခံယူပါက ရောဂါ လုံးဝပျောက်ကင်းသက်သာ နိုင်သော်လည်း ခန္ဓာကိုယ်အတွင်းရှိ ပိုးများအားလုံး အမြစ်ပြတ်ပျောက်ကွယ်သွားစေရန်အတွက် ပဋိဇီဝဆေးများကို ရက်သတ္တပတ်အနည်းငယ် သို့မဟုတ် လအနည်းငယ်ကြာအောင် ဆက်တိုက်သောက်သုံးရန် လိုအပ်သည်။ ပဋိဇီဝပိုးသတ်ဆေးများကို သတ်မှတ်ထားသောကာလအထိ သောက်သုံးခြင်းမရှိပါက ရောဂါပြန်ကြွလာတတ်သည်။

အချို့လူနာများတွင် ညွှန်ကြားသည့်အတိုင်း ဆေးဝါးများကို စနစ်တကျ သောက်သုံးပြီးသွားသည့်တိုင်အောင် ရောဂါပြန်လည်ဖြစ်ပွားတတ်သည်။ အထူးသဖြင့် အဆစ်အမြစ်ရောင်ရမ်းခြင်းကဲ့သို့ လက္ခဏာအချို့သည် ပိုးများကို အမြစ်ဖြတ်ကုသပြီးသည့်တိုင် ဆက်လက်ရှိနေနိုင်သည်။

ကာကွယ်ခြင်း

တိရစ္ဆာန်များမှ လူသို့ Brucellosis ရောဂါကူးစက်ခံရနိုင်ခြေကို လျှော့ချရန်အတွက် အောက်ပါနည်းလမ်းများကို လိုက်နာသင့်သည်။

  • ပိုးသတ်မထားသော နို့စိမ်းနှင့် နို့ထွက်ပစ္စည်းများကို ရှောင်ပါ – ပိုးသတ်မထားသော (unpasteurized) နို့နှင့် နို့ထွက်ပစ္စည်းများဖြင့် ပြုလုပ်ထားသော ဒိန်ခဲ၊ ထောပတ်တို့ကို စားသုံးခြင်းမှ ရှောင်ကြဥ်ရန်
  • အသားကို သေချာစွာ ကျက်အောင်ချက်ပါ – အသားတုံးကြီးများကို ချက်ပြုတ်ရာတွင် အသား၏ အတွင်းပိုင်းအပူချိန်သည် ၁၄၅ ဒီဂရီ ဖာရင်ဟိုက် (၆၃ ဒီဂရီ စင်တီဂရိတ်) သို့ ရောက်ရှိသည်အထိ ကျက်အောင်ချက်ပါ၊ နုပ်နုပ်စင်းထားသော ကြိတ်သားများကို ၁၆၀ ဒီဂရီ ဖာရင်ဟိုက် (၇၁ ဒီဂရီ စင်တီဂရိတ်) အထိရောက်အောင် ချက်ပြုတ်ပါ၊ ကြက်၊ ဘဲ၊ ငှက်အသားများနှင့် ကြိတ်သားများကို ၁၆၅ ဒီဂရီ ဖာရင်ဟိုက် (၇၄ ဒီဂရီ စင်တီဂရိတ်) အထိ ရောက်အောင် ချက်ပြုတ်ပါ၊ မကျက်တကျက် အသားများကို မစားပါနှင့်၊ အစားအစာ ပြင်ဆင်ချက်ပြုတ်ပြီးတိုင်း လက်များ၊ အသုံးပြုခဲ့သော မျက်နှာပြင်များ(ဥပမာ – စဥ်းတီတုံး)နှင့် အခြားမီးဖိုချောင်သုံးပစ္စည်းများကို အမြဲတမ်း စင်ကြယ်စွာ ဆေးကြောပါ
  • လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးဝတ်စုံများကို ဝတ်ဆင်ပါ – တိရစ္ဆာန်များကို ကိုင်တွယ်ထိတွေ့မှု များသည့် တိရစ္ဆာန်ဆေးကုဆရာဝန်၊ လယ်သမား/မွေးမြူရေးသမား၊ သားသတ်ရုံလုပ်သား သို့မဟုတ် တောလိုက်မုဆိုးဖြစ်ပါက ဖျားနာနေသော သို့မဟုတ် သေဆုံးပြီး တိရစ္ဆာန်များ၏ အသားများကို ကိုင်တွယ်သည့်အခါ ရာဘာလက်အိတ်၊ အေပရွန် (apron) သို့မဟုတ် မျက်လုံးအကာကွယ် (goggles) များကို ဝတ်ဆင်ပါ။ တိရစ္ဆာန်များ သားဖွားရာတွင် ကူညီပေးသည့်အခါ၌လည်း လက်အိတ်ကို အမြဲဝတ်ဆင်ပါ
  • အန္တရာယ်ရှိနိုင်သော လုပ်ငန်းခွင်များတွင် သတိပြုပါ – ဓာတ်ခွဲခန်းတွင် လုပ်ကိုင်သူများအနေဖြင့် ဇီဝဘေးကင်းလုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်များ (biosafety conditions) အားလုံးနှင့် ကိုက်ညီမှုရှိစေရန် သေချာစွာ ဆောင်ရွက်ပါ
  • မွေးမြူရေးတိရစ္ဆာန်များကို ကာကွယ်ဆေးထိုးပါ – ခြံမွေးတိရစ္ဆာန်များကိုလည်း သတ်မှတ်ထားသော ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေးပါ

References:

  1. Cleveland Clinic. (n.d.). Brucellosis. Retrieved June 17, 2026, from https://my.clevelandclinic.org/health/diseases/17886-brucellosis
  2. Mayo Clinic. (n.d.). Brucellosis: Symptoms and causes. Retrieved June 17, 2026, from https://www.mayoclinic.org/diseases-conditions/brucellosis/symptoms-causes/syc-20351738
  3. Centers for Disease Control and Prevention. (n.d.). About brucellosis. Retrieved June 17, 2026, from https://www.cdc.gov/brucellosis/about/index.html
  4. MedlinePlus. (n.d.). Brucellosis. Retrieved June 17, 2026, from https://medlineplus.gov/ency/article/000597.htm

Published: 27 June 2026

Share

27 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.