Retinal detachment (မြင်လွှာကွာကျခြင်း)

Retinal detachment (မြင်လွှာကွာကျခြင်း)

မြင်လွှာကွာကျခြင်း (Retinal Detachment) ဆိုသည်မှာ မျက်လုံး၏ နောက်ဘက်ရှိ အလင်းအာရုံခံနိုင်သည့် ပါးလွှာသော တစ်ရှူးအလွှာ မြင်လွှာ (Retina) သည် ပုံမှန်တည်ရှိရာ မူလနေရာမှ ကွာထွက်သွားခြင်းဖြစ်သည်။ မြင်လွှာသည် အလင်းကို အာရုံခံပြီး ဦးနှောက်သို့ အာရုံကြောအချက်ပြမှုများကို ပေးပို့ခြင်းဖြင့် မြင်နိုင်စွမ်းကို ကူညီပေးရုံသာမက ၎င်း၏အောက်ခြေရှိ သွေးကြောအလွှာ (Choroid) မှတစ်ဆင့် မျက်လုံးအတွက် လိုအပ်သော အာဟာရနှင့် အောက်ဆီဂျင်ကိုပါ ရယူပေးသည်။ ထို့ကြောင့် မြင်လွှာသည် ၎င်းကို ထောက်ပံ့ထားသော တစ်ရှူးများမှ ကွာထွက်သွားသောအခါ မြင်လွှာဆဲလ်များနှင့် သွေးကြောအလွှာများ သီးခြားစီဖြစ်သွားပြီး သွေးစီးဆင်းမှုနှင့် အောက်ဆီဂျင်ရရှိမှု ပြတ်တောက်သွားသည်။ သွေးထောက်ပံ့မှု ချက်ချင်းမရရှိပါက ၎င်းနေရာရှိ အမြင်အာရုံခံဆဲလ်များ (Photoreceptors) တဖြည်းဖြည်း ပျက်စီးကာ အလုပ်မလုပ်နိုင်တော့ဘဲ ကုသ၍မရနိုင်သည့်အမြင်အာရုံချို့ယွင်းမှုကို ဖြစ်စေသည်။ မြင်လွှာကွာကျခြင်းသည် များသောအားဖြင့် နာကျင်မှု တစ်စုံတစ်ရာ မခံစားရသော်လည်း အချိန်မီမကုသပါက အပြီးတိုင် မျက်စိကွယ်သည်အထိ ဖြစ်စေနိုင်သောကြောင့် အလွန်ပြင်းထန်သည့် အရေးပေါ် မျက်စိရောဂါအခြေအနေ တစ်ခုဖြစ်သည်။

သို့ဖြစ်၍ လူတစ်ဦးတွင် မျက်စိထဲ၌ အလင်းတန်းများ လျှပ်စီးလက်သကဲ့သို့ ရုတ်တရက် မြင်ရခြင်း၊ အမည်းစက် သို့မဟုတ် အမျှင်တန်းများ အများအပြား ရုတ်တရက် ပေါ်လာခြင်းနှင့် မြင်ကွင်းအချို့ အရိပ်ကျကာ ကွယ်သွားခြင်း စသည့် အမြင်အာရုံ ပြောင်းလဲမှုလက္ခဏာများ ဖြစ်ပေါ်ခံစားရပါက နာကျင်မှုခံစားရခြင်း မရှိသော်လည်း အချိန်မဆိုင်းဘဲ မျက်စိအထူးကုဆရာဝန် သို့မဟုတ် ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်း သွားရောက်ပြသ၍ အမြန်ဆုံး ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်သည်။

မြင်လွှာကွာကျခြင်း အမျိုးအစားများ

မြင်လွှာကွာကျခြင်း အမျိုးအစား (၃) မျိုး ရှိသည်။ ၎င်းတို့မှာ_

  1. မြင်လွှာစုတ်ပြဲခြင်းကြောင့် မြင်လွှာကွာကျခြင်း (Rhegmatogenous Retinal Detachment)
    အဖြစ်အများဆုံး အမျိုးအစားဖြစ်ပြီး အသက်အရွယ်ကြီးခြင်းကြောင့် အဓိကဖြစ်ပွါးနိုင်သည်။ မြင်လွှာတွင် အပေါက်ဖြစ်ခြင်း သို့မဟုတ် မြင်လွှာစုတ်ပြဲခြင်း (hole or tear in retina) ကြောင့် အဓိကဖြစ်သည်။ အသက်အရွယ်ကြီးသူများတွင် မျက်လုံးအနောက်ဘက်အခန်း၌ရှိသော ဂျယ်လီကဲ့သို့ ပျစ်၍ သိပ်သည်းဆရှိသော Vitreous Humor အရည်ကြည်များသည် တဖြည်းဖြည်းခန်းခြောက်၍ ကျုံ့လာပြီး အရည်လည်းပိုကျဲလာသည်။ ထိုသို့ကျုံ့ခြင်းသည် အများအားဖြင့် ထိစပ်နေသော မြင်လွှာကို မထိခိုက်စေဘဲ ကျုံ့သော ပုံမှန်ဖြစ်စဥ်ဖြစ်ပြီး Posterior vitreous detachment (PVD) ဟုခေါ်သည်။ သို့သော် တစ်ခါတစ်ရံ ထို Vitreous Humor ကျုံ့လာခြင်းကြောင့် ထိစပ်နေသော မြင်လွှာကို ဆွဲခွာသကဲ့သို့ဖြစ်ကာ စုတ်ပြဲစေသည်။ ထို့ပြင် စုတ်ပြဲသည့် မြင်လွှာနေရာမှတစ်ဆင့် ကျဲလာသော Vitreous Humor အရည်ကြည်များ စီးဝင်လာပြီး မြင်လွှာ၏ အောက်ဘက်တွင် စုပုံလာသည်။ ထိုသို့စုပုံလာခြင်းကြောင့် မြင်လွှာကို ၎င်း၏အောက်ခြေရှိတစ်ရှူးများမှ ကွာထွက်လာစေပြီး ထိုကွာကျသွားသည့် နေရာများတွင် သွေးထောက်ပံ့မှု ပြတ်တောက်သွားကာ မြင်လွှာဆဲလ်များ အလုပ်မလုပ်နိုင်တော့သဖြင့် အမြင်အာရုံ ဆုံးရှုံးခြင်းကို ဖြစ်စေသည်။
  2. မြင်လွှာအမာရွတ်တစ်ရှူးကြောင့် မြင်လွှာကွာကျခြင်း (Tractional Retinal Detachment)
    ဤအမျိုးအစားသည် မြင်လွှာ၏မျက်နှာပြင်တွင် ဖြစ်ပေါ်လာသော အမာရွတ်တစ်ရှူးများကြောင့် အဓိကဖြစ်သည်။ ဆီးချိုရောဂါရှိသူများတွင် အများဆုံးဖြစ်သော မြင်လွှာကွာကျခြင်း အမျိုးအစားဖြစ်သည်။ ဆီးချိုရောဂါကို စနစ်တကျ မထိန်းချုပ်နိုင်သည့် အခြေအနေတွင် အချိန်ကြာလာပါက သွေးတွင်းသကြားဓာတ် မြင့်မားခြင်းကြောင့် မျက်စိအတွင်းရှိ သွေးကြောများကို ပျက်စီးစေပြီး မြင်လွှာမျက်နှာပြင်တွင် အမာရွတ်များ ဖြစ်ပေါ်စေသည်။ အမာရွတ်တစ်ရှူးများ တဖြည်းဖြည်းများပြားလာပြီး ဆွဲအားများ ကြီးလာသောအခါ မြင်လွှာကို မျက်လုံးအနောက်ဘက် မျက်နှာပြင်မှ ကွာထွက်လာအောင် ဆွဲခွာခြင်းကြောင့် မြင်လွှာကွာကျခြင်း ဖြစ်စေသည်။
  3. အရည်များစုခြင်းကြောင့် မြင်လွှာကွာကျခြင်း (Exudative Retinal Detachment)
    ဤအမျိုးအစားတွင် မြင်လွှာ၏ အောက်ဘက်၌ အရည်များ စုပုံလာခြင်းကြောင့် မြင်လွှာကွာကျခြင်း ဖြစ်သော်လည်း Rhegmatogenous အမျိုးအစားကဲ့သို့ မြင်လွှာတွင် အပေါက်ဖြစ်ခြင်း သို့မဟုတ် စုတ်ပြဲခြင်းများ လုံးဝမရှိပါ။ ဤအမျိုးအစားသည် အသက်အရွယ်ကြောင့် ဖြစ်တတ်သော မြင်လွှာဗဟိုချက် ပျက်စီးခြင်း (Age-related macular degeneration – AMD)၊ ပိုးဝင်ခြင်း၊ အကျိတ်ဖြစ်ခြင်း၊ ရောင်ရမ်းမှုဖြစ်စေသော အခြေအနေများ [ဥပမာ _ မျက်လုံးအတွင်းသားရောင်ခြင်း (Uveitis)] ကြောင့် ဖြစ်ပွါးတတ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မြင်လွှာကွာကျခြင်းကို ဖြစ်စေနိုင်သော အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • အသက်အရွယ်ကြီးရင့်လာခြင်း [အသက် (၄၀) မှ (၇၀) ကြား သူများတွင် မြင်လွှာကွာကျခြင်း ပိုမိုအဖြစ်များသည်]
  • မျက်စိတွင် ပြင်းထန်သော ဒဏ်ရာရဖူးသည့် ရာဇဝင်ရှိခြင်း
  • မျက်လုံးတစ်ဖက်တွင် မြင်လွှာကွာကျဖူးသည့် ရာဇဝင်ရှိခြင်း
  • မိသားစုမျိုးရိုးထဲတွင် မြင်လွှာကွာကျဖူးသူရှိခြင်း
  • မျက်စိခွဲစိတ်မှု ခံယူဖူးခြင်း (ဥပမာ – အတွင်းတိမ်ခွဲစိတ်ဖူးခြင်း)
  • အဝေးမှုန်ခြင်း

အောက်ပါ မျက်စိဝေဒနာများ ရှိနေပါကလည်း မျက်ကြည်လွှာ ကွာကျနိုင်ခြေ ပိုများစေနိုင်သည်။

  • အလွန်အမင်း ဆိုးရွားသော အနီးမှုန်ခြင်း (High myopia or nearsightedness)
  • Vitreous Humor အရည်ကြည်များသည် ထိစပ်နေသော မြင်လွှာကို မထိခိုက်စေဘဲ ကျုံ့သောဖြစ်စဥ် (Posterior vitreous detachment)
  • မြင်လွှာ သို့မဟုတ် ကော်ရွိုက် (Choroid) ကို ထိခိုက်စေသော အခြားရောဂါများ
  • ဥပမာ – မြင်လွှာပါးခြင်း (Lattice degeneration) သို့မဟုတ် ဆီးချိုကြောင့် မြင်လွှာပျက်စီးခြင်း (Diabetic retinopathy)
  • မျိုးရိုးလိုက်သော မျက်စိရောဂါအချို့ ရှိခြင်း
  • အခြားမျက်လုံးတစ်ဖက်တွင် မြင်လွှာ စုတ်ပြဲခြင်း သို့မဟုတ် ကွာကျခြင်း ဖြစ်ဖူးသည့် ရာဇဝင်ရှိခြင်း
ရောဂါလက္ခဏာများ

မြင်လွှာကွာကျသူအချို့တွင် မည်သည့်လက္ခဏာမျှ မပြတတ်ကြသော်လည်း အချို့သူများတွင် သိသာသော လက္ခဏာများ ခံစားရလေ့ရှိသည်။ လက္ခဏာများသည် ရောဂါအခြေအနေ ပြင်းထန်မှုပေါ်တွင် မူတည်ပြီး မြင်လွှာကွာကျသည့် အစိတ်အပိုင်း ပိုမိုကြီးမားသည်နှင့်အမျှ ‌ရောဂါလက္ခဏာများ ပိုမိုခံစားရလေဖြစ်သည်။

မြင်လွှာကွာကျခြင်း၏ လက္ခဏာများသည် ရုတ်တရက် ဖြစ်ပေါ်လာနိုင်ပြီး အောက်ပါတို့ပါဝင်သည်။

  • မျက်စိထဲတွင် လျှပ်စီးလက်သကဲ့သို့ အလင်းတန်းများ ဖျတ်ခနဲ လက်သည်ကို မြင်ရခြင်း (Photopsia)
  • မျက်စိမြင်ကွင်းတွင် တွေ့လေ့ရှိသော အစက်အပျောက်များဖြစ်ခြင်း (Eye floaters)
    • အမြင်အာရုံထဲတွင် အစက်အပြောက်များ၊ အမျှင်တန်းများ၊ အမည်းစက်များနှင့် တွန့်လိမ်နေသော လိုင်းများ ရွေ့လျားနေသကဲ့သို့ မြင်ရခြင်း (တစ်ခါတစ်ရံ အမည်းစက် အနည်းငယ်ကို ဟိုတစ်စ ဒီတစ်စ မြင်ရခြင်းမှာ သာမန်သာဖြစ်ပြီး စိုးရိမ်စရာ မဟုတ်ပါ)
  • ဘေးဘက်မြင်ကွင်း အမြင်အာရုံ လျော့နည်းလာခြင်း (Peripheral vision)
    • မျက်စိ ဘေးပတ်ပတ်လည်ရှိ အမြင်အာရုံများ မှောင်ကျလာခြင်းဖြစ်သည်
  • မြင်ကွင်းအချို့ အရိပ်ကျခြင်း သို့မဟုတ် မှောင်သွားခြင်း
    • အမြင်အာရုံ အစိတ်အပိုင်း အချို့တွင် အရိပ်တစ်ခုခု သို့မဟုတ် လိုက်ကာတစ်ခုခု ကွယ်ထားသကဲ့သို့ မှောင်သွားခြင်းဖြစ်သည်
နောက်ဆက်တွဲပြဿနာများ

မြင်လွှာကွာကျခြင်းသည် အမြင်အာရုံဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သော ပြင်းထန်သည့် မျက်စိရောဂါ အခြေအနေတစ်ခုဖြစ်သည်။ ထို့ကြောင့် အချိန်မီ ကုသမှုမခံယူပါက အချိန်တိုအတွင်းတွင် အပြီးတိုင် မျက်စိကွယ်သွားသည်အထိ အခြေအနေ ဆိုးရွားသွားနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်တွင် ဖော်ပြထားသော မြင်လွှာကွာကျခြင်း ‌ရောဂါလက္ခဏာများ သံသယရှိပါက သို့မဟုတ် ဖြစ်ပေါ်ပါက အရေးပေါ်အခြေအနေဖြစ်သဖြင့် မျက်စိအထူးကုဆရာဝန် သို့မဟုတ် ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက်၍ ကုသမှုခံယူရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

မြင်လွှာကွာကျခြင်း ရှိမရှိ ရောဂါရှာဖွေရန်အတွက် မျက်စိ အသေးစိတ်စစ်ဆေးမှုခံယူရန် လိုအပ်သည်။ မျက်စိအထူးကုဆရာဝန်မှ မြင်လွှာနေရာအထိ စစ်ဆေးနိုင်ရန် မျက်စိသူငယ်အိမ် ချဲ့ ပေးသော မျက်စဥ်းဆေးကို အသုံးပြုမည်ဖြစ်သည်။ မျက်စဥ်းဆေးထည့်ပြီး မိနစ်အနည်းငယ် ကြာပြီးနောက် မျက်စိအထူးကုဆရာဝန်သည် မြင်လွှာကို အနီးကပ်သေချာစွာ ကြည့်ရှုစစ်ဆေးမည်ဖြစ်သည်။ ထိုကဲ့သို့ မျက်စိသူငယ်အိမ်ချဲ့ စစ်ဆေးပြီးနောက် မြင်လွှာကို ပိုမိုရှင်းလင်းပြတ်သားပြီး အသေးစိတ် မြင်တွေ့နိုင်ရန် အခြားသော စစ်ဆေးမှုများကိုပါ ထပ်မံပြုလုပ်နိုင်သည်။

  • မြင်လွှာဖြတ်ပိုင်းပုံရိပ်ဖမ်းခြင်း (Optical coherence tomography – OCT)
    • အများအားဖြင့် ဤပုံရိပ်ဖမ်းစစ်ဆေးမှုအတွက်လည်း သူငယ်အိမ်ချဲ့မျက်စဉ်းဆေး ထည့်ရန်လိုသည်
    • ဆေးထည့်ပြီးနောက် ပုံရိပ်ဖမ်းစစ်ဆေးစက်အရှေ့တွင် ထိုင်ကာ ခေါင်းကို ငြိမ်သက်စွာထားပြီး မျက်လုံးကို မထိစေရှိဘဲ စကင်ဖတ်၍ ပုံရိပ်ဖမ်းယူနိုင်မည်ဖြစ်သည်
  • မျက်လုံးအတွင်းပိုင်း ပုံရိပ်ဖမ်းခြင်း (Fundus imaging)
    • ဤစစ်ဆေးမှုသည်လည်း များသောအားဖြင့် မျက်စိသူငယ်အိမ်ချဲ့မျက်စဉ်းဆေး ထည့်ရန်လိုသည်
    • မြင်လွှာ၏ ကျယ်ပြန့်သောပုံရိပ်များ (Wide-angle images) ကို ရှုထောင့်မျိုးစုံမှ ရိုက်ကူးပုံဖော်စစ်ဆေးခြင်းဖြစ်သည်
  • မျက်စိ အာထရာဆောင်းရိုက်ခြင်း (Ocular ultrasound)
    • မျက်စိ အာထရာဆောင်းရိုက်ရန်အတွက် မျက်စိသူငယ်အိမ်ချဲ့မျက်စဉ်းဆေး မလိုအပ်သော်လည်း မျက်စိမသက်မသာဖြစ်ခြင်းကို လျော့နည်းစေရန် ထုံဆေးအမျိုးအစား မျက်စဉ်းဆေးကို အသုံးပြုနိုင်သည်
    • မျက်လုံးမှိတ်ထားသည့် အနေအထားထိုင်ရန် လိုပြီး မျက်စိဆရာဝန်မှ မျက်ခွံပေါ်သို့ ဂျယ်လ်သုတ်ပြီးနောက် အာထရာဆောင်း probe ဖြင့်ထောက်ကာ စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်
  • ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan)
    • ဤပုံရိပ်ဖမ်းစစ်ဆေးမှုသည် များသောအားဖြင့် မျက်စိတွင် ပြင်းထန်သော ထိခိုက်ဒဏ်ရာရဖူးသည့် ရာဇဝင်ရှိလျှင် သို့မဟုတ် မျက်လုံးအတွင်း ဖောက်ထွင်းပျက်စီးသွားနိုင်သည့် အခြေအနေမျိုးတွင် အသုံးပြုလေ့ရှိသည်
ကုသခြင်း

မြင်လွှာကွာကျခြင်းကို ကုသရာတွင် အကောင်းဆုံး ရလဒ်ရရှိရန်အတွက် ကုသမှုနည်းလမ်းများကို ပေါင်းစပ်အသုံးပြုရန် လိုအပ်နိုင်သည်။ ကုသမှုနည်းလမ်းများမှာ_

  • လေဆာဖြင့် ကုသခြင်း (Laser therapy) သို့မဟုတ် အအေးပေး၍ ကပ်ခြင်း (Cryopexy)
  • မျက်လုံးအတွင်း လေပူဖောင်းထည့်၍ ကုသခြင်း (Pneumatic retinopexy)
  • မျက်ဖြူသားနှင့် မြင်လွှာကို တွဲပေးခြင်း (Scleral buckle)
  • မျက်လုံးအတွင်းရှိ ဂျယ်လီအလွှာကို ဖယ်ထုတ်ခြင်း (Vitrectomy)
  1. လေဆာဖြင့် ကုသခြင်း သို့မဟုတ် အအေးပေး၍ ကပ်ခြင်း (Laser or Cryopexy)
    • တစ်ခါတစ်ရံတွင် မြင်လွှာတစ်ခုလုံး ကွာမကျမီ မြင်လွှာစုတ်ပြဲခြင်း (Retinal tear) အခြေအနေကို ဦးစွာ ရှာဖွေတွေ့ရှိပါက လေဆာ သို့မဟုတ် အအေးပေးကိရိယာကို အသုံးပြု၍ ပြဲနေသောအပေါက်ကို ပြန်လည်ဖာထေး၍ ပိတ်ပေးနိုင်သည်
    • ထိုကုသခြင်းသည် မြင်လွှာကို ပုံမှန်နေရာတကျ မြဲမြံစွာ ကပ်နေစေရန် သေးငယ်သော အမာရွတ်တစ်ခုဖန်တီး၍ ကုသပေးခြင်းဖြစ်သည်
  2. မျက်လုံးအတွင်း လေပူဖောင်းထည့်၍ ကုသခြင်း (Pneumatic retinopexy)
    မြင်လွှာကွာကျသည့် လူနာအချို့တွင် မျက်စိအထူးကုဆရာဝန်မှ ရွေးချယ်လေ့ရှိသည့် နည်းလမ်းဖြစ်သည်။
    • ပထမဦးစွာ မျက်လုံးအတွင်းသို့ လေ သို့မဟုတ် ဂတ်စ် ပါသော ပူဖောင်းအသေးလေးတစ်ခုကို ထိုးသွင်းမည်
    • ထိုပူဖောင်းသည် မြင်လွှာကို ဖိကပ်ထားပြီး စုတ်ပြဲနေသောနေရာကို ပိတ်သွားစေသည်
    • စုတ်ပြဲနေသောအပေါက် လုံးဝပိတ်သွားစေရန် လေဆာ သို့မဟုတ် အအေးပေးကိရိယာကိုပါ တွဲဖက်သုံးရနိုင်သည်
    • ထို့နောက် မြင်လွှာသည် နောက်ဘက်နံရံနှင့် ပုံမှန်အတိုင်း တဖြည်းဖြည်း ပြန်လည်ကပ်သွားမည်၊ မြင်လွှာအောက်တွင် စုပုံကျန်နေသော အရည်များအပြင် ထိုလေပူဖောင်းကိုလည်း ခန္ဓာကိုယ်မှ နောက်ဆုံးတွင် ပြန်လည်စုပ်ယူသွားမည်ဖြစ်သည်
    • ခွဲစိတ်မှုပြုလုပ်ပြီးနောက် အနာကျက်မြန်စေရန်အတွက် ရက်ပိုင်းမျှ ခေါင်းကို ငြိမ်ငြိမ်ထားရန် ဆရာဝန်မှ ညွှန်ကြားမည်၊ ထို့အပြင် လှဲလျောင်းခြင်း၊ အိပ်စက်ခြင်း ပြုလုပ်လိုသည့်အခါ ထားရှိသင့်သည့် ပုံစံအနေအထားများကိုလည်း ပြောပြမည်ဖြစ်သည်
  3. မျက်လုံးအပြင်ဘက်မှ ဆီလီကွန်ပတ်တီးဖြင့် မြင်လွှာမကွာကျရန် ထိန်းခြင်း (Scleral buckle)
    ဤခွဲစိတ်မှုတွင် မျက်စိအထူးကုဆရာဝန်မှ
    • မျက်လုံး၏ အပြင်ဘေးပတ်ပတ်လည်တွင် ဆီလီကွန်ပတ်တီး သို့မဟုတ် ရေမြှုပ် (Buckle) ကို ခွဲစိတ် တပ်ဆင်ပေးခြင်းဖြစ်သည်
    • ထိုပတ်တီးကို မျက်ဖြူသားနေရာပတ်လည်တွင် တပ်ဆင်မည်ဖြစ်ပြီး အပြင်မှ ကြည့်လျှင် မျက်စိဖြင့် မမြင်နိုင်ပါ
    • ထိုပတ်တီးကြိုးသည် မျက်လုံး၏ ဘေးနံရံများကို တင်းစေရန် ဆွဲထားပေးပြီး မြင်လွှာကိုလည်း ပုံမှန်နေရာတွင် မြဲမြံစွာ ကပ်နေစေရန် ထိန်းပေးထားမည်ဖြစ်သည်
    • ပတ်တီးကြိုးသည် တစ်သက်လုံး တပ်ဆင်ထားရမည်ဖြစ်ပြီး အမြင်အာရုံကို ပိတ်ဆို့ခြင်းမရှိပါ
    • ကြိုးတပ်ဆင်ပြီးနောက် တဆက်တည်း စုတ်ပြဲနေသော မြင်လွှာနေရာများကို လေဆာ သို့မဟုတ် အအေးပေးစနစ်ဖြင့် ပြန်လည်ပြုပြင်ပေးနိုင်သည်
    • မြင်လွှာ ပြန်လည်ကပ်သွားစေရန် လေ သို့မဟုတ် ဂတ်စ်ပါသော ပူဖောင်း ထိုးသွင်းပေးခြင်း သို့မဟုတ် မြင်လွှာအောက်ရှိ အရည်များကို စုပ်ထုတ်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်
  4. မျက်လုံးအတွင်းရှိ ဂျယ်လီကဲ့သို့ အရည်ကြည်အလွှာကို ဖယ်ထုတ်ခြင်း (Vitrectomy)
    ဤခွဲစိတ်မှုတွင် မျက်စိအထူးကုဆရာဝန်မှ
    • မျက်လုံးအတွင်းရှိ Vitreous Humor အရည်ကြည်အလွှာကို ခွဲစိတ်ဖယ်ရှားခြင်းဖြစ်သည်၊ အရည်ကြည်အလွှာအပြင် ၎င်းနှင့် ထိကပ်၍ ပျက်စီးနေသော မြင်လွှာအပိုင်းအစများကိုလည်း ဖယ်ရှားမည်ဖြစ်သည်
    • ထို့နောက် စုတ်ပြဲနေသော မြင်လွှာနေရာများကို လေဆာ သို့မဟုတ် အအေးပေးစနစ်ဖြင့် ပြန်လည်ပြုပြင်ပေးနိုင်သည်
    • ထို့အပြင် မြင်လွှာပိုမိုကပ်စေရန် မြင်လွှာအောက်ရှိ အရည်များကို စုပ်ထုတ်ခြင်းကို ပြုလုပ်နိုင်သည်
    • ထို့နောက် မြင်လွှာကို မူလနေရာသို့ ပြန်၍ တွန်းကပ်ထားနိုင်ရန် မျက်လုံးအတွင်းသို့ လေ၊ ဂတ်စ် သို့မဟုတ် ဆီဖြင့် ပြုလုပ်သော ပူဖောင်းတစ်ခုခုကို ထည့်ပေးမည်ဖြစ်သည်

အကယ်၍ ဆီဖြင့် ပြုလုပ်သော ပူဖောင်း (Oil bubble) အသုံးပြုခဲ့လျှင် လအနည်းငယ်အကြာတွင် အဆိုပါပူဖောင်းကို ပြန်လည်ဖယ်ထုတ်ရန် ခွဲစိတ်မှု ထပ်လုပ်ရနိုင်သည်။ လေ သို့မဟုတ် ဂတ်စ်ဖြင့် ပြုလုပ်သော ပူဖောင်းများကိုမူ ခန္ဓာကိုယ်မှ သဘာဝအတိုင်း ပြန်စုပ်ယူသွားမည် ဖြစ်သောကြောင့် ပြန်ထုတ်ရန် မလိုပါ။

သို့သော် မျက်လုံးထဲတွင် ဂတ်စ်ပူဖောင်းဖြင့် ကုသမှုခံယူထားပါက ကုန်းမြင့်ဒေသများသို့ ခရီးသွားခြင်း သို့မဟုတ် လေကြောင်းခရီးသွားလာခြင်းမျိုးကို လုံးဝရှောင်ကြဉ်ရန် လိုအပ်သည်။ အမြင့်ပေပြောင်းလဲမှုကြောင့် ဂတ်စ်ပူဖောင်းသည် အရွယ်အစား ပိုမိုကြီးမားလာပြီး မျက်လုံးအတွင်းဖိအားကို မြင့်တက်စေနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ထိုသို့လှုပ်ရှားမှုများကို ပြန်လည်လုပ်ဆောင်နိုင်မည့်အချိန်ကို ဆရာဝန်အား မေးမြန်းထားပြီး ညွှန်ကြားသည့်အတိုင်း လိုက်နာရန် အရေးကြီးသည်။

မြင်လွှာကွာကျခြင်းအတွက် ကုသမှုခံယူပြီးနောက် မျက်လုံးထဲတွင် သက်သောင့်သက်သာမရှိဘဲ နေရခက်ခြင်းမျိုးကို ရက်သတ္တပတ် အနည်းငယ်ကြာအောင် ခံစားရနိုင်သည်။ ထို့ကြောင့် အကိုက်အခဲပျောက်ဆေးများနှင့် အခြားသက်သာစေမည့် နည်းလမ်းများကို ဆရာဝန်မှ ညွှန်ကြားပေးမည်။ ထို့အပြင် ရက်သတ္တပတ်အနည်းငယ်ကြာအောင် အနားယူရန် လိုအပ်သည်။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်ခြင်း၊ ကားမောင်းခြင်းနှင့် ပုံမှန်လုပ်ငန်းဆောင်တာများ ပြန်လည်လုပ်ကိုင်ခြင်းစသည့် အခြေအနေများအားလုံးကို ဆရာဝန်မှ ညွှန်ကြားပေးသည့်အတိုင်း လိုက်နာသင့်သည်။

ခွဲစိတ်မှုအပြီးတွင် လိုက်နာရမည့်အခြေအနေများ
  • မျက်လုံးအုပ်ပတ်တီး (Eye patch) – ဆရာဝန် ညွှန်ကြားထားသည့်အချိန်အထိ မျက်လုံးကို မျက်လုံးအုပ်ပတ်တီးဖြင့် စနစ်တကျ အုပ်ထားရမည်
  • ခေါင်းအနေအထား (Head position) – ပူဖောင်းကို အသုံးပြု၍ ကုသမှုယူထားပါက ခေါင်းကိုထားရမည့် အနေအထားများနှင့် ထားရမည့်အချိန်ကို ဆရာဝန်မှ ညွှန်ကြားပြောပြလိမ့်မည်
  • မျက်စဉ်းဆေး – မျက်လုံးအနာကျက်စေရန်အတွက် မျက်စဉ်းဆေးများကို စနစ်တကျ ခတ်ရမည်
  • အမြင်အာရုံ ပြန်လည်ကောင်းမွန်စေရေး – ခွဲစိတ်ပြီးနောက် (၄)ပတ် မှ (၆)ပတ်ခန့်အကြာတွင် အမြင်အာရုံသည် တဖြည်းဖြည်းစတင်၍ ပြန်လည်ကောင်းမွန်လာသည်၊ သို့သော် အပြည့်အဝ ပြန်လည်ကောင်းမွန်နိုင်ရန်မှာ လအနည်းငယ်အထိ ကြာမြင့်နိုင်သည်
မြင်လွှာကွာကျခြင်း ကုသမှု၏ နောက်ဆက်တွဲပြဿနာများနှင့် အန္တရာယ်များ

မြင်လွှာကွာကျခြင်းကို ခွဲစိတ်မှုများသည် အောင်မြင်မှုနှုန်း အလွန်မြင့်မားသော်လည်း ရှားပါးသော နောက်ဆက်တွဲပြဿနာများ ရှိနိုင်သည်။ ၎င်းတို့မှာ_

  • သွေးထွက်ခြင်း
  • ပိုးဝင်ခြင်း
  • မျက်စိအတွင်းဖိအား မြင့်တက်ခြင်း
  • နောက်တစ်ကြိမ် ထပ်မံ၍ ခွဲစိတ်မှု လိုနိုင်ခြင်း
  • ခွဲစိတ်မှု နောက်ပိုင်းမှ မြင်လွှာပေါ်တွင် အမြှေးပါးများ ဖြစ်ပေါ်လာပြီး ထိုအမြှေးပါးကျုံ့လာ၍ တစ်ရှူးများကို ပုံမှန်နေရာမှ ကွာထွက်အောင် ဆွဲခွာခြင်း (Proliferative retinopathy သို့မဟုတ် Epiretinal membrane)
  • အတွင်းတိမ်ရောဂါ (Cataract) လျင်မြန်စွာ ဖြစ်ပေါ်လာတတ်ခြင်းကြောင့် အတွင်းတိမ်ခွဲစိတ်မှုကိုပါ ထပ်မံပြုလုပ်ရန် လိုအပ်လာနိုင်ခြင်း စသည်တို့ဖြစ်သည်။
ကာကွယ်ခြင်း

မြင်လွှာကွာကျခြင်းကို လုံးဝမဖြစ်အောင် ကာကွယ်၍မရနိုင်သော်လည်း ဖြစ်ပွားနိုင်ခြေ လျော့နည်းသွားစေရန် အောက်ပါအတိုင်း ကြိုတင်ပြင်ဆင် ပြုလုပ်နိုင်သည်။

  • မျက်လုံးကို ပုံမှန်စစ်ဆေးမှုခံယူပါ
    • မျက်လုံးကို ပုံမှန်စစ်ဆေးခြင်းဖြင့် မျက်လုံးကျန်းမာရေးကို ကာကွယ်ပေးနိုင်သည်
    • အဝေးမှုန်ခြင်းသည် မြင်လွှာကွာကျခြင်းကို ပိုမိုဖြစ်စေနိုင်သောကြောင့် အဝေးမှုန်ခြင်း (Myopia) ရှိပါက မျက်စိစစ်ဆေးရန် ပိုမိုအရေးကြီးသည်
  • ဘေးအန္တရာယ်ကင်းအောင် နေထိုင်ပါ
    • အားကစားလုပ်သည့်အခါ သို့မဟုတ် ထိခိုက်ဒဏ်ရာရနိုင်ခြေရှိသော အလုပ်များ လုပ်ဆောင်သည့်အခါ မျက်လုံးအကာအကွယ်မျက်မှန် (Safety goggles) သို့မဟုတ် အခြားသော ကာကွယ်ရေးပစ္စည်းများကို စနစ်တကျ ဝတ်ဆင်ပါ
  • အချိန်မီ ကုသမှုခံယူပါ
    • မြင်လွှာကွာကျခြင်း၏ လက္ခဏာများကို သတိပြုမိပါက ချက်ချင်းပင် မျက်စိအထူးကုဆရာဝန်ထံ သွားရောက်ပြသပါ သို့မဟုတ် အရေးပေါ်ဌာနသို့ အမြန်ဆုံး သွားရောက်ပြသပါ
  • ကိုယ်ခန္ဓာကျန်းမာရေးကို ဂရုစိုက်ပါ
    • နာတာရှည်ရောဂါအခံများကို စနစ်တကျ ထိန်းချုပ်ကုသပါ၊ အာဟာရမျှတအောင် စားသုံးပြီး ပုံမှန်ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ပြုလုပ်ပါ

ဆီးချိုရောဂါကြောင့် ဖြစ်ပွါးတတ်သော မြင်လွှာကွာကျခြင်းအတွက် သင့်တင့်မျှတသော သွေးတွင်းသကြားဓာတ်နှင့် သွေးပေါင်ချိန်တို့ကို ကောင်းမွန်အောင် ထိန်းညှိခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်သည်။

References:

  1. American Academy of Ophthalmology. (n.d.). Detached retina (retinal detachment). Retrieved June 5, 2026, from https://www.aao.org/eye-health/diseases/detached-torn-retina
  2. American Optometric Association. (n.d.). Retinal detachment. Retrieved June 5, 2026, from https://www.aoa.org/healthy-eyes/eye-and-vision-conditions/retinal-detachment
  3. Cleveland Clinic. (n.d.). Retinal detachment. Retrieved June 5, 2026, from https://my.clevelandclinic.org/health/diseases/10705-retinal-detachment
  4. Healthdirect Australia. (n.d.). Retinal detachment. Retrieved June 5, 2026, from https://www.healthdirect.gov.au/retinal-detachment
  5. Johns Hopkins Medicine. (n.d.). Retinal detachment. Retrieved June 5, 2026, from https://www.hopkinsmedicine.org/health/conditions-and-diseases/retinal-detachment
  6. Mayo Clinic. (n.d.). Retinal detachment: Symptoms and causes. Retrieved June 5, 2026, from https://www.mayoclinic.org/diseases-conditions/retinal-detachment/symptoms-causes/syc-20351344
  7. National Health Service. (n.d.). Detached retina (retinal detachment). Retrieved June 5, 2026, from https://www.nhs.uk/conditions/detached-retina-retinal-detachment/
  8. Sahu, D. K., & Namperumalsamy, P. (2006). Retinal detachment. Indian Journal of Ophthalmology, 54(4), 269–270. Retrieved June 5, 2026, from https://pmc.ncbi.nlm.nih.gov/articles/PMC1705859/

Published: 23 June 2026

Share

23 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.