Peripheral artery disease (PAD) (ခြေလက် သွေးလွှတ်ကြောကျဥ်းရောဂါ)

Peripheral artery disease (PAD) (ခြေလက် သွေးလွှတ်ကြောကျဥ်းရောဂါ)

ခြေလက် သွေးလွှတ်ကြောကျဉ်းရောဂါ (Peripheral artery disease – PAD) သည် ခြေထောက်များ၊ တင်ပါးဆုံကွင်းနေရာ သို့မဟုတ် လက်မောင်းများရှိ သွေးလွှတ်ကြောများ ကျဉ်းမြောင်းလာခြင်း သို့မဟုတ် ပိတ်ဆို့ခြင်းများ ဖြစ်ပေါ်သည့် သွေးကြောဆိုင်ရာ ရောဂါတစ်ခုဖြစ်ပြီး၊ အများအားဖြင့် သွေးကြောအတွင်း အဆီခဲများ (Plaque) စုပုံလာခြင်းကြောင့်ဖြစ်သည်။ အဆီခဲများ ပိတ်ဆို့ခြင်းကြောင့် သွေးစီးဆင်းမှုပမာဏကို လျော့နည်းစေသဖြင့် လမ်းလျှောက်ရာတွင် ခြေထောက်နာကျင်ခြင်းကဲ့သို့သော လက္ခဏာများကို ခံစားရစေနိုင်သည်။ ထိုရောဂါကို Peripheral arterial disease ဟုလည်း ခေါ်ကြသည်။ ခြေထောက်၊ ခြေဖဝါးနှင့် တင်ပါးတစ်ဝိုက်ရှိ သွေးလွှတ်ကြောများတွင် ပို၍ဖြစ်ပွားသည်ကို တွေ့ရပြီး လက်မောင်းသွေးကြောများတွင် ဖြစ်ခဲသည်။

PAD သည် အဖြစ်များသော ရောဂါတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် လူပေါင်း သန်း (၂၀၀) ကျော်နှင့် အမေရိကန်ပြည်ထောင်စုတွင် အသက် (၄၀) နှင့်အထက် လူကြီးပေါင်း ၁၂ သန်းခန့်သည် ဤရောဂါကို ခံစားနေရသည်။ ခြေထောက်သွေးလွှတ်ကြောကျဉ်းရောဂါသည် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း အသက်ကြီးလာသည်နှင့်အမျှ ဖြစ်နိုင်ခြေ ပိုမိုမြင့်မားလာသည်။ အထူးသဖြင့် အသက် (၅၀) ကျော် အမျိုးသားများနှင့် အသက် (၆၀) ကျော် အမျိုးသမီးများတွင် လူမည်းများသည် လူဖြူများထက် ရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားသည်။ ဤရောဂါသည် အထူးသဖြင့် စောစီစွာ ရောဂါရှာဖွေတွေ့ရှိပါက ထိရောက်စွာ ကုသနိုင်သောရောဂါဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ခြေလက်သွေးလွှတ်ကြောကျဉ်းရောဂါသည် အဓိကအားဖြင့် ခြေထောက်နှင့် လက်များရှိ သွေးလွှတ်ကြောများ၏ အတွင်းနံရံများတွင် ကိုလက်စထရော၊ အခြားအဆီများနှင့် အချို့ဓာတ်ပစ္စည်းများ (ဥပမာ_ သွေးဆဲလ်များ၊ အမျှင်တစ်ရှူးများ၊ ကယ်လ်စီယမ်ဓာတ်) စုပုံလာခြင်းကြောင့် ဖြစ်ပွားသည်။ ထိုသို့စုပုံလာသော အဆီအစုအဝေးကို Plaque ဟုခေါ်ဆိုပြီး၊ ရလဒ်အနေဖြင့် သွေးကြောအတွင်းနံရံများ ကျဥ်းလာခြင်းကို Atherosclerosis ဟုခေါ်သည်။ သွေးကြောကျဥ်းလာ၍ သွေးစီးဆင်းမှုကို တဖြည်းဖြည်း ကျဆင်းစေနိုင်သကဲ့သို့ သွေးကြောနံရံရှိ Plaque များ ပေါက်ထွက်သွားပါက ထိုအဆီစုပေါ်တွင် သွေးဥမွှားများ လာရောက်တွယ်ကပ်ပြီး သွေးခဲငယ်များကို ဖြစ်စေကာ သွေးကြောနံရံကို ပိုမိုကျဥ်းမြောင်းသွားစေသည်။

ထိုကဲ့သို့ သွေးကြောများ ကျဥ်းမြောင်းသွားသောအခါ ၎င်းတို့ သွေးပို့ဆောင်ထောက်ပံ့ပေးနေသည့် ကိုယ်ခန္ဓာ အစိတ်အပိုင်းများသို့ လုံလောက်သော သွေးနှင့် အောက်ဆီဂျင်စသော အာဟာရဓာတ်များ မရောက်ရှိနိုင်တော့သဖြင့် တစ်ရှူးများ ထိခိုက်လာပြီး သေဆုံးပျက်စီးမှုများ ဖြစ်ပေါ်သည်။ အထူးသဖြင့် ခြေချောင်းထိပ်၊ လက်ချောင်းထိပ်များတွင် သွေးကောင်းစွာမလျှောက်သဖြင့် ခြေချောင်း၊ လက်ချောင်းများ ပုပ်ခြင်း ဖြစ်နိုင်သည်။

အဆီခဲများ စုပုံပိတ်ဆို့ခြင်းအပြင် သွေးကြောကျဥ်းခြင်းကို ဖြစ်စေသည့် အခြားအကြောင်းရင်းများမှာ_

  • သွေးကြောနံရံများ ရောင်ရမ်းခြင်း (Vasculitis)
  • ခြေသလုံးကြွက်သားများကြား၌ သွေးကြောညပ်ခြင်း (Popliteal artery entrapment syndrome)
  • ကြွက်သားနှင့် အရွတ်များ ပုံစံပြောင်းလဲခြင်း
  • ခြေထောက်နှင့် လက်များ ထိခိုက်ဒဏ်ရာရခြင်း
  • ဓာတ်ရောင်ခြည်နှင့် ထိတွေ့မိခြင်း စသည်တို့ဖြစ်သည်။
ရောဂါဖြစ်နိုင်ခြေ များစေသော အချက်များ
  • အသက်အရွယ်ကြီးခြင်း (အထူးသဖြင့် ၆၅ နှစ်အထက်)
  • ဆေးလိပ်သောက်ခြင်း (ယခင်ကသောက်ဖူးခြင်း သို့မဟုတ် လက်ရှိသောက်နေခြင်း)
  • ဆီးချို‌ရောဂါရှိခြင်း
  • သွေးတိုးရောဂါရှိခြင်း
  • ကိုလက်စထရောနှင့် အခြားသွေးအဆီများ များနေခြင်း
  • အဝလွန်ခြင်း
  • မိသားစုမျိုးရိုးတွင် နှလုံးသွေးကြောကျဥ်းရောဂါ၊ လေဖြတ်ရောဂါဖြစ်ဖူးခြင်း
  • နှလုံးသွေးကြောကျဥ်းရောဂါရှိခြင်း
  • ကျောက်ကပ် နာတာရှည်အားနည်းခြင်း စသည့် အခြေအနေများသည် ခြေ‌လက်သွေးကြောကျဥ်းရောဂါ ဖြစ်နိုင်ခြေကို များစေသည်။

အထူးသဖြင့် ဆေးလိပ်သောက်ခြင်းနှင့် ဆီးချိုရောဂါရှိခြင်းသည် ရောဂါနှင့် များစွာဆက်စပ်မှုရှိသည်ကို တွေ့ရသည်။ ဆေးလိပ်သောက်သူများနှင့် ဆီးချိုလူနာများတွင် သွေးကြောကျဥ်းရောဂါ ဖြစ်နိုင်ခြေ (၂)ဆ မှ (၄)ဆအထိ မြင့်တက်သည်ကို တွေ့ရသည်။ ထို့အပြင် နှလုံးသွေးကြောကျဥ်းလူနာများသည်လည်း ခြေလက်သွေးကြောကျဥ်းရောဂါ ဖြစ်နိုင်ခြေများသည်ဟုဆိုသည်။

ရောဂါလက္ခဏာများ

သွေးကြောကျဥ်းရောဂါ၏ လက္ခဏာများအနက် ပထမဦးစွာ တွေ့ရလေ့ရှိသော လက္ခဏာမှာ လမ်းလျှောက်ချိန်တွင် ခြေသလုံးကိုက်၍ နာကျင်ခြင်းကို ခံစားရပြီး၊ နားလိုက်ချိန်တွင် ပြန်သက်သာသွားခြင်းဖြစ်သည်။ လမ်းလျှောက်ခြင်းသည် ခြေသလုံးကြွက်သားများကို အသုံးပြုလှုပ်ရှားရန် လိုအပ်ပြီး၊ ထိုကြွက်သားများ လှုပ်ရှားရန် လိုအပ်သော သွေးနှင့်အာဟာရများကို ကျဥ်းနေသော သွေးကြောများမှ လုံလောက်စွာ မထောက်ပံ့နိုင်သောကြောင့်ဖြစ်သည်။ ရောဂါဖြစ်ခါစတွင် လမ်းကြာကြာလျှောက်ချိန်တွင်မှ ခြေထောက်နာခြင်းကို ခံစားရတတ်သော်လည်း သွေးကြော တဖြည်းဖြည်း ပိုကျဥ်းလာသောအခါ နားနေချိန်တွင်၌ပင် ခြေထောက်နာခြင်းကို ခံစားရနိုင်သည်။ သို့ရာတွင် လူနာအများစုသည် ရောဂါလက္ခဏာများကို သတိမထားမိဘဲ ကျန်းမာရေးစစ်ဆေးမှု ခံယူချိန်မှ ရောဂါကို သိရှိကြသည်။

ဖြစ်ပေါ်တတ်သော လက္ခဏာများမှာ_

  • လှုပ်ရှားချိန်တွင် ခြေထောက်နာခြင်း
    • လမ်းလျှောက်ခြင်း သို့မဟုတ် လှေကားတက်ခြင်းစသည့် လှုပ်ရှားမှုများ စတင်ပြီး အချိန်အနည်းငယ်အကြာတွင် ခြေသလုံး၊ ပေါင် သို့မဟုတ် တင်ပါးတို့တွင် ညောင်းညာခြင်း၊ ကြွက်တက်သကဲ့သို့ ကိုက်ခဲခြင်း၊ ဆွဲဆုတ်ထားသကဲ့သို့ နာခြင်း သို့မဟုတ် ထုံကျင်ခြင်း တို့ကို ခံစားရနိုင်သည်
    • လက်လှုပ်ရှားမှုများ (ဥပမာ_ စာရေးခြင်း၊ သိုးမွေးထိုးခြင်း) များ ကြာကြာပြုလုပ်ပါက လက်မောင်းကြွက်သားများ ကိုက်ခဲခြင်း၊ ကြွက်တက်ခြင်းကို ခံစားရနိုင်သည်
    • လှုပ်ရှားမှုများကို ရပ်နားလိုက်ပါက ဆယ်မိနစ်ခန့်အတွင်း ပြန်သက်သာသွားလေ့ရှိသည်
  • နားနေချိန်တွင် ခြေထောက်နာခြင်း
    • သွေးကြောကျဥ်းခြင်း ပိုဆိုးလာသူများတွင် တွေ့ရသည်
    • လမ်းလျှောက်ခြင်းစသည့် လှုပ်ရှားမှုများ မပြုလုပ်ဘဲ ငြိမ်ငြိမ်နားနေသော အချိန်တွင်ပင် ပေါင်၊ ခြေသလုံးနှင့် ခြေချောင်းများတွင် မီးစနှင့်ထိုးထားသကဲ့သို့ ပူ၍ နာကျင်ခြင်းကို ခံစားရသည်
    • ပက်လက်လှဲနေချိန်တွင် ပိုဆိုးတတ်ပြီး‌ ခြေသလုံး သို့မဟုတ် ပေါင်ကို ကုတင်ဘေးတွင် တွဲလောင်းချထားပါက အနာသက်သာစေသည်
    • ညဘက်တွင် ပိုဆိုးတတ်ပြီး အိပ်ပျော်နေရာမှ ကိုက်ခဲနာကျင်မှုကြောင့် လန့်နိုးသော အခြေအနေလည်း ရှိနိုင်သည်
  • ခြေထောက်တွင် သွေးခုန်နှုန်းစမ်းကြည့်ပါက သွေးခုန်နှုန်းအားနည်းခြင်း၊ စမ်းမမိခြင်း
  • ခြေထောက်နှင့် ခြေချောင်းများတွင် ပြောင်းလဲမှုများဖြစ်ခြင်း
    • သွေးကောင်းစွာ မလျှောက်သောကြောင့် ခြေထောက်အရေပြားတွင် အနာများဖြစ်ပေါ်တတ်ပြီး ပိုးဝင်နိုင်ခြေလည်း များသည်
    • အနာကျက်ရန် အချိန်ကြာနိုင်သည်။ အရေပြားအရောင် ပြောင်းလဲတတ်ပြီး ခြေသည်းအရှည်နှေးသည်
    • ခြေသလုံးတွင် ပုံမှန်ပေါက်သော အမွေးအမှင်များ ကျွတ်လာခြင်း၊ အမွေးပေါက်‌နှေးခြင်းတို့ကိုလည်း တွေ့ရသည်
  • ခြေထောက်အရေပြား အရောင်နှင့် အပူချိန် ပြောင်းလဲခြင်း
    • သွေးလွှတ်ကြော ရုတ်တရက်ပိတ်ဆို့သော လူနာများတွင် အရေပြားအရောင် အလွန်ဖြူဖျော့သွားခြင်း၊ ခရမ်းရောင်၊ အနက်ရောင်သို့ ပြောင်းသွားခြင်း၊ အရေပြားကို ကိုင်ကြည့်ပါက အေးစက်နေခြင်း၊ ထိကိုင်ချိန်တွင် အရေပြားစူး၍ ကျိန်းစပ်ခြင်းကို ခံစားရခြင်းတို့ကို တွေ့နိုင်သည်
    • ထိုအဆင့်သည် အရေးပေါ် အခြေအနေ ဖြစ်သောကြောင့် ဆေးကုသမှု အမြန်ခံယူရန် လိုအပ်သည်

ထို့အပြင် သွေးကြောကျဥ်းသည့် နေရာပေါ် မူတည်၍ ရောဂါလက္ခဏာပြသော နေရာလည်း ကွာခြားနိုင်သည်။

  • သွေးလွှတ်ကြောမကြီး ‌အောက်ပိုင်းနှင့် တင်ပါးဆုံတွင်း သွေးကြောများ ကျဥ်းပါက တင်ပါးဘေး၊ တင်ပါးဆုံနှင့်‌ ပေါင်နေရာရှိ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းကို ခံစားရနိုင်သည်၊ အမျိုးသားများတွင် ပန်းသေ ပန်းညှိုးလက္ခဏာများ တွေ့ရတတ်သည်
  • ပေါင်သွေးကြောနှင့် ဒူးခေါင်းခွက်နေရာရှိ သွေးကြောများကျဥ်းပါက ပေါင်ကြွက်သားနှင့် ခြေသလုံးကြွက်သားများတွင် လက္ခဏာများ တွေ့ရသည်
နောက်ဆက်တွဲပြဿနာများ
  • ကုသမှုမခံယူပါက ခြေထောက်နှင့် ခြေချောင်းများ သွေးမလျှောက်တော့ဘဲ ပုပ်သွားနိုင်သဖြင့် ခြေချောင်းနှင့် ခြေထောက်များ ခွဲစိတ်ဖြတ်တောက်ခံရနိုင်သည်
  • သွေးကြောကျဥ်းခြင်း၊ ပိတ်ခြင်းသည် တစ်ကိုယ်လုံးအနှံ့ ဖြစ်နိုင်သောကြောင့် နှလုံးသွေးကြော ကျဥ်းခြင်း၊ ပိတ်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ခြင်းစသည်တို့ တွဲ၍ဖြစ်ပေါ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ ရောဂါလက္ခဏာများဖြစ်သော

  • လှုပ်ရှားစဥ် ခြေထောက်ကိုက်ခဲခြင်း တဖြည်းဖြည်း ပိုဆိုးလာခြင်း
  • နေ့စဥ်ပုံမှန် လှုပ်ရှားသွားလာမှု မလုပ်နိုင်လောက်အောင် ပြင်းထန်ခြင်း
  • လှုပ်ရှားမှုမပြုဘဲ နားနေချိန်တွင်ပင် နာနေခြင်း
  • ခြေထောက်နှင့် ခြေချောင်းများတွင် အနာများဖြစ်ပေါ်ခြင်းတို့ ရှိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။

ထို့အပြင် ရောဂါဖြစ်နိုင်ခြေများသော ဆေးလိပ်သောက်ခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါများရှိခြင်း၊ ကိုလက်စထရောများခြင်း၊ အဝလွန်ခြင်း သို့မဟုတ် မိသားစုထဲတွင် နှလုံးရောဂါမျိုးရိုးရှိခြင်း (ဥပမာ_ နှလုံးသွေးကြောပိတ်ခြင်း၊ နှလုံးကြောင့် ရုတ်တရက်သေဆုံးခြင်း) စသည့်အချက်များရှိပါက ခြေထောက် သွေးကြောကျဉ်းခြင်း ရှိမရှိ စစ်ဆေးရန် စမ်းသပ်စစ်ဆေးမှုများ လိုအပ်နိုင်သည်။ လိုအပ်ပါက နှလုံးနှင့်သွေးကြော အထူးကုဆရာဝန်များထံ လွှဲပြောင်းကုသပေးမည်ဖြစ်သည်။ ရောဂါကို စောစီးစွာသိရှိပြီး ကုသမှုခံယူပါက ခြေထောက်ဆုံးရှုံးရခြင်းကို ကာကွယ်နိုင်မည်ဖြစ်သည်။

အရေးပေါ်ပြသရန်

အကယ်၍ ခြေထောက်သွေးကြော ရုတ်တရက်ပိတ်သည့် လက္ခဏာများဖြစ်သော အရေပြား ရုတ်တရက် ဖြူဖွေးသွားခြင်း၊ အေးလာခြင်း၊ ထုံကျဥ်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ သွေးခုန်နှုန်းစမ်းမရခြင်း၊ လမ်းလျှောက်မရတော့ခြင်း စသည့်တို့ရှိပါက ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းသွား‌ရောက်ပြသရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

ခြေလက်သွေးကြောကျဉ်းရောဂါကို ရှာဖွေဖော်ထုတ်ရန် ဆရာဝန်မှ ရောဂါရာဇဝင်နှင့် ခံစားနေရသော လက္ခဏာများ (အဓိကအားဖြင့် လမ်းလျှောက်စဥ် ခြေထောက်ကိုက်ခြင်း၊ နားလိုက်လျှင် သက်သာခြင်း) ကို မေးမြန်းမည်ဖြစ်သည်။ သွေးတိုးရောဂါ၊ ဆီးချိုရောဂါများ ရှိမရှိကိုလည်း စစ်ဆေးမည်ဖြစ်သည်။ ထို့နောက် လိုအပ်သည့် ခန္ဓာကိုယ်စမ်းသပ်ခြင်း၊ အထူးသဖြင့် ခြေထောက်များကို အသေးစိတ် ကြည့်ရှုစစ်ဆေးခြင်း၊ ခြေထောက်တစ်လျှောက် သွေးခုန်နှုန်းများကို နေရာအသီးသီးတွင် စမ်းသပ်ခြင်းတို့ကို ပြုလုပ်မည်ဖြစ်သည်။ စစ်ဆေးပြီးနောက် ခြေလက်သွေးကြောကျဥ်းရောဂါကို အတည်ပြုရန်နှင့် ပြင်းထန်မှုကို စစ်ဆေးရန် လိုအပ်သော နောက်ထပ်စမ်းသပ်မှုများ ဆက်လက်ပြုလုပ်ရန် ညွှန်ကြားမည်ဖြစ်သည်။

စမ်းသပ်စစ်ဆေးမှုများ
  • သွေးစစ်ခြင်း – သွေးတွင်းသကြားဓာတ်နှင့် သွေးတွင်းအဆီများ စစ်ဆေးခြင်း
  • ခြေထောက်နှင့်လက် သွေးပေါင်ချိန်ကွာခြားချက် (Ankle-brachial index – ABI)
    • ရောဂါဖြစ်နိုင်ခြေ များသောလူနာများတွင် ပဏာမစစ်ဆေးနိုင်သော စစ်‌ဆေးမှုဖြစ်သည်
    • ရောဂါလက္ခဏာပြသော လူနာများတွင်လည်း ပထမဆုံးပြုလုပ်သော စမ်းသပ်မှုဖြစ်သည်
    • တံတောင်ဆစ်များတွင် တိုင်းသော သွေးပေါင်ချိန်နှင့် ခြေကျင်းဝတ်များတွင် တိုင်းတာသော သွေးပေါင်ချိန်များကို နှိုင်းယှဥ်စစ်ဆေးသည်
  • သွေးကြောအာထရာဆောင်းရိုက်ခြင်း (Vascular ultrasound)
    • ခြေထောက်သွေးလွှတ်ကြောများ သွေးစီးဆင်းမှုနှင့် အရှိန်ကို အာထရာဆောင်းရိုက်ခြင်းဖြင့် တိုင်းတာနိုင်သည်
    • ခြေထောက်နှင့် လက် သွေးပေါင်ချိန်ကွာခြားချက် ပုံမှန်ရှိသော လူနာများတွင်လည်း ရောဂါသံသယရှိပါက စစ်ဆေးနိုင်သည်
  • သွေးခုန်နှုန်းပမာဏ တိုင်းတာခြင်း (Pulse volume recording)
    • သွေးပေါင်ချိန်တိုင်းနေစဥ် ကိရိယာတစ်ခုဖြင့် သွေးခုန်နှုန်းပမာဏကို တစ်ပြိုင်နက် တိုင်းတာနိုင်သည်
    • သွေးလှည့်ပတ်မှု လုံလောက်ခြင်းရှိ မရှိ စစ်ဆေးခြင်းဖြစ်သည်
  • သွေးကြောကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT angiogram)
    • သွေးကြောများကို အသေးစိတ်မြင်နိုင်ပြီး သွေးကြောကျဥ်းသည့်နေရာ၊ ပိတ်နေသည့်နေရာများကို ကောင်းစွာမြင်နိုင်သည်
    • သွေးလွှတ်ကြောမကြီးနှင့် တင်ပါးဆုံကွင်းတွင်းရှိ သွေးကြောများကျဥ်းခြင်းကို စစ်ဆေးရာတွင် သုံးနိုင်သည်
  • သွေးကြောသံလိုက်ဓာတ်မှန် (Magnetic resonance angiogram)
    • သွေးကြောကျဥ်းခြင်းကို စတန့်ထည့်ခြင်း၊ ခွဲစိတ်ကုသခြင်း လိုအပ်သည့် လူနာများတွင် မခွဲစိတ်မီ ကြိုတင်စစ်ဆေးခြင်းအဆင့်၌ သွေးကြောများ၏ အနေအထား အသေးစိတ်ကို သိရှိရန် ပြုလုပ်နိုင်သည်
ခြေထောက်သွေးကြောကျဥ်းရောဂါအဆင့်များ
  • အဆင့် (၁) ရောဂါလက္ခဏာ မသိသာသေးသောအဆင့် (Asymptomatic PAD)
    နေ့စဥ်ပုံမှန် သွားလာချိန်တွင် လက္ခဏာများ ဖြစ်ပေါ်ခြင်းမရှိပါ။ ပုံမှန်ထက်ပို၍ လမ်းလျှောက်ချိန်တွင် ခြေထောက်ကိုက်ခြင်း လက္ခဏာပြနိုင်သည်။
  • အဆင့် (၂) နာတာရှည်သွေးကြောကျဥ်းအဆင့် (Chronic symptomatic PAD)
    လမ်းကြာကြာလျှောက်ချိန်တွင် လက္ခဏာများ ပြနိုင်ပြီး အနားယူချိန်တွင် ပြန်လည်သက်သာနိုင်သည်။
  • အဆင့် (၃) နာတာရှည် သွေးကြောပြင်းထန်စွာပိတ်ခြင်း (Chronic limb-threatening ischemia)
    သွေးကြောကျဥ်းခြင်း ပိုမိုပြင်းထန်လာပြီး သွေးကြောပိတ်သည့်အဆင့်ထိ ဖြစ်လာသည်။ နားနေချိန်တွင်၌ပင် ခြေထောက်နာကျင်ကိုက်ခဲခြင်း ဖြစ်ပေါ်ကာ အရေပြားပေါ်တွင် ကျက်ရန်ခက်ခဲသော အနာများနှင့် နောက်ပိုင်းတွင် ခြေ‌ထောက်ပုပ်သွားခြင်း (Gangrene) ထိ ဖြစ်နိုင်သည်။ သွေးကြောကျဥ်းလူနာများ၏ ၂၀ % သည် ထိုအဆင့်ထိ ဖြစ်ပွားနိုင်သည်။
  • အဆင့် (၄) သွေးလွှတ်ကြော ရုတ်တရက်ပိတ်ခြင်း (Acute arterial occlusion)
    ခြေထောက်သွေးလွှတ်ကြောအား သွေးခဲဖြင့် ရုတ်တရက်ပိတ်ဆို့ပြီး သွေးစီးဆင်းမှု ရုတ်ချည်းပြတ်တောက်သွားသော အဆင့်ဖြစ်သည်။ ခြေထောက်နာခြင်း၊ အရေပြားဖြူဖျော့ခြင်း၊ အေးစက်ခြင်း၊ ထိကိုင်လျှင် စူး၍ နာခြင်း၊ ထုံကျဥ်ခြင်းတို့ကို ရုတ်တရက် ခံစားရနိုင်သည်။ အရေးပေါ်အခြေအနေဖြစ်ပြီး သွေးခဲကို အမြန်ဖယ်ရှားရန် ခွဲစိတ်မှုနည်းလမ်းများ အမြန်ဆုံး ခံယူရန်လိုသည်။

ကုသမှု မခံယူသူများတွင် ရောဂါအဆင့်များ တဖြည်းဖြည်းဆိုးလာနိုင်ပြီး ကုသမှုခံယူသူများတွင် လက္ခဏာများ သက်သာလာနိုင်သည်။

ကုသခြင်း

ခြေထောက်သွေးကြောကျဥ်းရောဂါကို ကုသခြင်းသည် ရောဂါပြင်းထန်မှုအဆင့်ပေါ် မူတည်သည်။ သွေးကြောကျဥ်းခြင်းကို စစ်ဆေးမှုများဖြင့် တွေ့ရှိပြီး လက္ခဏာမပြသေးသူများ၊ လက္ခဏာ မပြင်းထန်သူများတွင် ဆေးဝါးများသောက်သုံးခြင်းနှင့် နေ့စဥ်ဘဝနေထိုင်မှုပုံစံ ပြောင်းလဲခြင်းဖြင့် ကုသနိုင်သည်။ ကုသမှုပေးနေစဥ်တွင် သက်ဆိုင်ရာဆရာဝန်များမှ ရောဂါအခြေအနေကို စောင့်ကြည့်ကာ ထပ်မံလိုအပ်သော ကုသမှုများကို လမ်းညွှန်ပေးမည်ဖြစ်သည်။ လက္ခဏာပြင်းထန်သူများနှင့် ခြေထောက်ပုပ်၍ ဖြတ်တောက်ခံရနိုင်ခြေများသော လူနာများအတွက် ခွဲစိတ်ကုသမှု နည်းလမ်းများဖြင့် ကုသရန် လိုအပ်သည်။

ဆေးဝါးများ

ခြေထောက်သွေးကြောကျဥ်းရောဂါ ကုသရာတွင် ‌အောက်ပါဆေးဝါးများဖြင့် ကုသနိုင်သည်။

  • သွေးမခဲဆေးများ (Blood thinners)
    • သွေးခဲများ ဖြစ်ပေါ်မှုကို လျှော့ချနိုင်ရန် သွေးကျဲဆေးများ (Aspirin, Clopidogrel) ပေးနိုင်သည်
    • လိုအပ်ပါက သွေးမခဲဆေး (Rivaroxaban) ပမာဏအနည်းငယ် ပေးနိုင်သည်
  • သွေးကြောကျယ်ဆေးများ (Vasodilators)
    • သွေးကြောကျယ်စေခြင်းဖြင့် သွေးစီးဆင်းမှု တိုးတက်လာစေရန် ကူညီပေးသည်
    • လမ်းလျှောက်ချိန်တွင် ကြွက်သားနာခြင်းကို သက်သာစေသည်။ ထိုဆေးအုပ်စုတွင် အသုံးများသောဆေးမှာ Cilostazol ဖြစ်သည်
  • စတက်တင်ဆေးများ (Statins)
    • ကိုလက်စထရောနှင့် အခြားအဆီများကို ကျစေခြင်းဖြင့် ခြေထောက်သွေးကြောပိတ်ခြင်းနှင့် နှလုံးသွေးကြောပိတ်ခြင်းကို ကာကွယ်ပေးနိုင်သည်
  • သွေးတိုးကျဆေးများ
    • သွေးတိုးရောဂါကို ထိန်းပေးခြင်းအားဖြင့် နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်း၊ နှလုံးညှစ်အားကျခြင်းတို့ကြောင့် သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်သည်
  • ဆေးလိပ်ဖြတ်ရန် ဆေးဝါးများ
    • သွေးကြောကျဥ်းရောဂါလူနာများသည် ဆေးလိပ်သောက်တတ်ပါက ရောဂါကို ပိုမိုပြင်းထန်စွာ ဆိုးရွားစေနိုင်သည်
    • ထို့ကြောင့် သွေးကြောပိတ်၍ ခြေထောက်ဆုံးရှုံးနိုင်ခြေ လျှော့ချနိုင်ရန်အတွက် ‌ဆေးလိပ်လုံးဝဖြတ်ခြင်းသည် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သည်
    • ဆေးလိပ်ဖြတ်ရာတွင် လက္ခဏာများ သက်သာစေရန် လိုအပ်သော ဆေးဝါးများကို ဆရာဝန်များက ညွှန်ကြားပေးမည်ဖြစ်သည်
နေ့စဥ်ပြုလုပ်သည့် အမူအကျင့်များကို ပြောင်းလဲခြင်း
  • လေ့ကျင့်ခန်းပြုလုပ်ခြင်း
    • ခြေထောက်သွေးကြောကျဥ်း‌ရောဂါ ကုသရာတွင် စနစ်တကျ တည်ဆောက်ထားသော လေ့ကျင့်ခန်းကုထုံးများ (Structured exercise therapy) သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်
    • ကျွမ်းကျင်ပညာရှင်များက လူနာတစ်ဦးစီအတွက် လေ့ကျင့်ခန်းများကို တွက်ချက်စီစဥ်ပေးကာ ပုံမှန်လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန် ကူညီပေးသည်
    • ဥပမာအားဖြင့် လမ်းလျှောက်စက်ပေါ်တွင် လမ်းလျှောက်စေပြီး ခြေထောက်နာလာပါက ပြန်လည်အနားယူစေခြင်းဖြစ်သည်
    • လမ်းလျှောက်လေ့ကျင့်ခန်းသည် သွေးကြောကျဥ်းလူနာများ အတွက် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုဖြစ်သည်
  • နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်သော အစားအစာများကို ရွေးချယ်စားသုံးခြင်း
    • အသီးအရွက်၊ အသီးအနှံများနှင့် အစေ့အဆန်များ၊ ဂျုံကြမ်းများနှင့် ပဲအမျိုးမျိုးတို့ အဓိကပါဝင်သော Mediterranean Diet နှင့် DASH diet ပုံစံ စားသောက်ပုံများအတိုင်း စားသောက်ခြင်း၊ အဆီနှင့် အငန်စားသောက်မှုကို လျှော့ချခြင်း၊ အလွန်ပြုပြင်ထားသော အစားအသောက်များကို ရှောင်ခြင်းဖြင့် သွေးကြောအဆီစုခြင်း၊ သွေးကြောကျဥ်းခြင်းကို လျော့နည်းစေနိုင်သည်
  • ဆေးလိပ်ဖြတ်ခြင်း
    • ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲခြင်းကို လုံးဝရှောင်ကြဥ်ခြင်းသည် အလွန် အရေးကြီးသည်
    • လေ့လာချက်များအရ ရောဂါရှိသူများသည် ရောဂါသိချိန်မှစ၍ ဆေးလိပ်ဖြတ်လိုကပါက ဆေးလိပ်မဖြတ်သူများထက် ရောဂါဆိုးရွားပြင်းထန်လာမှု ပိုနှေးပြီး သက်တမ်းပိုကြာကြာ အသက်ရှည်နိုင်ကြောင်း တွေ့ရှိရသည်
ခြေထောက်ကို အထူးဂရုစိုက်ခြင်း

သွေးကြောကျဥ်းလူနာများသည် မိမိခြေထောက်ကို နေ့စဥ် ဂရုတစိုက် စစ်ဆေးရန် အရေးကြီးသည်။

  • ခြေထောက်တွင် အနာများ၊ ပြတ်ရှကွဲကြောင်းများ ရှိမရှိ နေ့စဥ် သေချာစစ်ဆေးခြင်း
  • အရေပြားသန့်ရှင်းရေးအတွက် ခြေ‌ထောက်ကို နေ့စဥ်ဆေးကြောကာ ခြောက်သွေ့အောင် သေချာသုတ်ခြင်း
  • ဖိနပ်မပါဘဲ ခြေဗလာဖြင့် မြေကြီးပေါ်တွင် လမ်းလျှောက်ခြင်းကို ရှောင်ကြဥ်ခြင်း
  • ခြေထောက်နှင့် အနေတော် ဖိနပ်များနှင့် ခြေအိတ်များကို ဝတ်ဆင်ခြင်း (အလွန်ကြပ်သော ဖိနပ်များကို မစီးသင့်ပါ)

ခြေထောက်တွင် အနာဖြစ်ပါက အနာကျက်နှေးကြောင်း သိရှိထားရန် လိုအပ်သည်။ ထို့အပြင် ရောဂါပိုးဝင်ပါက သွေးလှည့်ပတ်မှု မကောင်းသောကြောင့် ပိုးများကို အမြစ်ဖြတ်ကုသရန်လည်း ခက်ခဲနိုင်သည်။

ခွဲစိတ်မှုနည်းလမ်းများ

အထက်ပါ ကုသမှုများ ခံယူသော်လည်း မသက်သာခြင်း သို့မဟုတ် ရောဂါပြင်းထန်လာခြင်းတို့အတွက် ခွဲစိတ်ကုသမှုများ ခံယူရန် လိုအပ်သည်။

  • သွေးကြောချဲ့ခြင်းနှင့် စတန့်ထည့်ခြင်း (Angioplasty)
    • ကျဥ်းနေသော သွေးလွှတ်ကြောအတွင်း ဘောလုံးငယ်ပါသော ပြွန်ငယ်ထည့်ပြီး ထိုဘောလုံးငယ်ဖြင့် သွေးကြောကို ပိတ်ဆို့နေသော အဆီခဲစုကို ဘေးဘက်သို့ ဖိထားကာ သွေးကြောကို ကျယ်စေသည်
    • လိုအပ်ပါက သွေးကြောကို ပွင့်နေစေရန် စတန့်ထည့်ထားခြင်းကို တစ်ပြိုင်နက် ပြုလုပ်နိုင်သည်
  • ပိုက်ထည့်၍ အဆီခဲဖယ်ထုတ်ခြင်း (Atherectomy)
    • ပြွန်ငယ် (Catheter) ကို ပေါင်သွေးကြောမှတစ်ဆင့် ထည့်ပြီး ပိတ်နေသော သွေးကြောမှ အဆီခဲ အစုအဝေးကို ဖယ်ထုတ်ခြင်းဖြစ်သည်
    • အကြီးစားခွဲစိတ်မှု မလိုအပ်သလို နောက်ဆက်တွဲဆိုးကျိုးနည်းသော minimally invasive procedure ဖြစ်သည်
  • ခွဲစိတ်၍ အဆီခဲဖယ်ထုတ်ခြင်း (Endarterectomy)
    • ခွဲစိတ်မှု အကြီးစားဖြစ်ပြီး မေ့ဆေးအသုံးပြုရန် လိုအပ်သည်
    • သွေးကြောကို ခွဲစိတ်ဖွင့်၍ အတွင်းမှ အဆီခဲကို ဖယ်ရှားခြင်းဖြစ်သည်
  • သွေးကြောအစားထိုးခြင်း (Peripheral artery bypass surgery)
    • ကျဥ်းနေသော သို့မဟုတ် ပိတ်ဆို့နေသော သွေးကြောပတ်လည်တွင် အခြားနေရာမှ သွေးကြောကိုယူကာ သွေးကြောသစ် ဖန်တီးပေးခြင်းဖြင့် တစ်ရှူးများထံ သွေးစီးဆင်းမှုကို တိုးတက်စေသော ကုထုံးဖြစ်သည်
ကာကွယ်ခြင်း

ခြေလက်သွေးကြောကျဥ်းရောဂါ မဖြစ်အောင် အကောင်းဆုံး ကာကွယ်နိုင်သည့် နည်းလမ်းမှာ ကျန်းမာသော ဘဝနေထိုင်မှု နည်းလမ်းများကို လိုက်နာခြင်းဖြစ်သည်။ ၎င်းနည်းလမ်းများမှာ_

  • ဆေးလိပ်လုံးဝမသောက်ခြင်း
  • သကြားအပါအဝင် ပြည့်ဝဆီများ၊ ဆီကြော်များ စားသုံးမှုကို လျှော့ချခြင်း
  • မိမိနှင့် သင့်တော်သော လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ခြင်း
  • ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
  • သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် သွေးအဆီများခြင်းကို ထိရောက်စွာ ကုသခြင်း
  • အိပ်ချိန်မှန်မှန်ဖြင့် အိပ်ရေးဝအောင် အိပ်စက်ခြင်း
  • စိတ်ဖိစီးမှုများကို ထိန်းချုပ်ခြင်း

ထို့အပြင် နာတာရှည် သွေးကြောကျဥ်းရောဂါရှိသူများသည်လည်း ရောဂါကို လုံးဝပျောက်ကင်းအောင် ကုသနိုင်သော ဆေးဝါးများ မပေါ်သေးသော်လည်း အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ရောဂါပိုဆိုးမလာ‌စေရန် ကာကွယ်နိုင်သည်။

  • ဆရာဝန်ညွှန်းထားသည့် ဆေးဝါးများကို ပုံမှန်သောက်ခြင်း
  • ကျွမ်းကျင်ပညာရှင်များ လမ်းညွှန်ထားသော လေ့ကျင့်ခန်း အစီအစဥ်များကို လိုက်နာပြီး ပုံမှန်ပြုလုပ်ခြင်း
  • ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဥ်ခြင်း၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူမိခြင်းကို ရှောင်ရန်
  • အာဟာရပြည့်ဝသော အစားအစာများကို စားသုံးရန်
  • သွေးတိုးရောဂါ၊ ဆီးချိုရောဂါ နှင့် ကိုလက်စထရောများခြင်းကို ထိရောက်စွာကုသရန်

References:

  1. Mayo Clinic. (n.d.). Peripheral artery disease (PAD): Symptoms and causes. Retrieved June 4, 2026, from https://www.mayoclinic.org/diseases-conditions/peripheral-artery-disease/symptoms-causes/syc-20350557
  2. Cleveland Clinic. (n.d.). Peripheral artery disease (PAD). Retrieved June 4, 2026, from https://my.clevelandclinic.org/health/diseases/17357-peripheral-artery-disease-pad
  3. American Heart Association. (n.d.). About peripheral artery disease (PAD). Retrieved June 4, 2026, from https://www.heart.org/en/health-topics/peripheral-artery-disease/about-peripheral-artery-disease-pad
  4. MedlinePlus. (n.d.). Peripheral arterial disease. Retrieved June 4, 2026, from https://medlineplus.gov/peripheralarterialdisease.html

Published: 20 June 2026

Share

20 June 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.