အစာဟောင်းအိမ်သည် အူမကြီး၏ နောက်ဆုံးအစိတ်အပိုင်းဖြစ်ပြီး အစာဟောင်းအိမ်ကင်ဆာ (Rectal cancer) သည် အစာဟောင်းအိမ် (Rectum) အတွင်းရှိ တစ်ရှူးများတွင် ကင်ဆာဆဲလ်များ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အစာဟောင်းအိမ်အတွင်း ဖြစ်ပွါးသောကင်ဆာနှင့် အူမကြီးအတွင်း ဖြစ်ပွါးသောကင်ဆာတို့ကို စုပေါင်း၍ “အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာ” (Colorectal cancer) ဟုလည်း ခေါ်ဆိုလေ့ရှိသည်။ သို့သော် အစာဟောင်းအိမ်သည် ကျဥ်းမြောင်းသော တင်ပါးဆုံရိုးခွင်ထဲတွင် အခြားအင်္ဂါများနှင့် အလွန်ကပ်လျက် တည်ရှိနေသောကြောင့် အစာဟောင်းအိမ်ကင်ဆာ ခွဲစိတ်ဖယ်ရှားရာတွင် အူမကြီးကင်ဆာခွဲစိတ်မှုထက် ပိုမိုခက်ခဲရှုပ်ထွေးနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အစာဟောင်းအိမ်ကင်ဆာ ဖြစ်ပွါးရသည့် တိကျသောအကြောင်းရင်းကို မသိရသေးသော်လည်း အောက်ပါအချက်များသည် ရောဂါဖြစ်နိုင်ခြေကို မြင့်မားစေသည်။
- အသက်အရွယ် – အသက် ၅၀ ကျော်သူများတွင် အဖြစ်များသော်လည်း၊ လက်ရှိတွင် အသက် ၅၀ အောက် လူငယ်များ၌လည်း ဖြစ်ပွါးမှုနှုန်း တိုးလာနေသည်၊ ရောဂါရှာဖွေတွေ့ရှိရသည့် ပျမ်းမျှအသက်မှာ ၆၃ နှစ်ဖြစ်သည်
- ကျား/မ ကွာခြားချက် – အမျိုးသားများတွင် အမျိုးသမီးများထက် ဖြစ်နိုင်ခြေ အနည်းငယ် ပိုများသည်
- ရောဂါရာဇဝင်ရှိခြင်း – အစာဟောင်းအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ သို့မဟုတ် အကျိတ်ဖြစ်စေနိုင်သော အသားပို (Adenomatous polyps) များ ဖြစ်ဖူးပါက ဖြစ်နိုင်ခြေ ပိုများသည်
- နာတာရှည် အူရောင်ရမ်းခြင်း – Ulcerative colitis နှင့် Crohn’s disease ကဲ့သို့သော အူရောင်ရမ်းသည့် ရောဂါများရှိပါက ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေသည်
- မိသားစုရာဇဝင်နှင့် မျိုးဗီဇ – မိဘ၊ မောင်နှမ သို့မဟုတ် သားသမီးများတွင် ကင်ဆာရှိဖူးပါက ဖြစ်နိုင်ခြေမှာ ပုံမှန်ထက် နှစ်ဆနီးပါး ရှိနိုင်သည်၊ Lynch syndrome နှင့် Familial Adenomatous Polyposis (FAP) အပါအဝင် အခြားသော မျိုးရိုးလိုက် ရောဂါအခြေအနေများကြောင့်လည်း ဖြစ်နိုင်ခြေ တိုးလာနိုင်သည်
- နေထိုင်စားသောက်မှုပုံစံ – အနီရောင်ရှိသော အသားနှင့် ပြုပြင်ထားသော အသားများကို အလွန်အကျွံ စားသုံးခြင်း၊ ဟင်းသီးဟင်းရွက် စားသုံးမှုနည်းခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းနှင့် အဝလွန်ခြင်းတို့သည် ဖြစ်နိုင်ခြေကို တိုးစေသည်
- အရက်နှင့်ဆေးလိပ် – အရက်အလွန်အကျွံ သောက်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းတို့သည် ဖြစ်နိုင်ခြေကို မြင့်မားစေရုံသာမက၊ ဆေးလိပ်သောက်သူများသည် ရောဂါကြောင့် သေဆုံးနိုင်ခြေ ပိုများကြောင်း သိရသည်
- လူမျိုးစု – အမေရိကန်ပြည်ထောင်စုရှိ အမေရိကန် အာဖရိကန် (Black people) များသည် အခြားလူမျိုးများထက် ဖြစ်ပွါးမှုနှုန်း ပို၍မြင့်မားသည် (ဖြစ်ရသည့်အကြောင်းရင်းကို တိကျစွာ မသိရသေးပါ)
- အခြားအချက်များ – အမျိုးအစား (၂) ဆီးချိုရောဂါ ရှိခြင်း သို့မဟုတ် ယခင်က ဖြစ်ပွါးခဲ့သော ကင်ဆာများအတွက် ဝမ်းဗိုက်ပိုင်းကို ဓာတ်ရောင်ခြည်ပေး ကုသဖူးခြင်းတို့သည်လည်း ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည်
ရောဂါလက္ခဏာများ
ရောဂါအစောပိုင်းတွင် မည်သည့်လက္ခဏာမျှ မပြတတ်သော်လည်း နောက်ပိုင်းတွင် အောက်ပါတို့ ခံစားရနိုင်သည်။
- ဝမ်းသွားသည့် အမူအကျင့်များ ပြောင်းလဲခြင်း – ဝမ်းသွားသည့် အကြိမ်ရေ၊ သို့မဟုတ် မစင်အရွယ်အစား ပြောင်းလဲခြင်း
- ဝမ်းအတွင်း သွေးပါခြင်း – ဝမ်းထဲတွင် အနီရောင်ဖျော့ဖျော့ သို့မဟုတ် အမည်းရောင် သွေးစများ ပါလာခြင်း
- ဝမ်းသွားပြီးသော်လည်း ဝမ်းမကုန်သကဲ့သို့ ခံစားရခြင်း
- ဗိုက်အောင့်ခြင်း၊ လေပွခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်း
- အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် ကျဆင်းသွားခြင်း
နောက်ဆက်တွဲပြဿနာများ
အစာဟောင်းအိမ်ကင်ဆာ၏ နောက်ဆက်တွဲပြဿနာများတွင် အောက်ပါတို့ ပါဝင်နိုင်သည်။
- အစာဟောင်းအိမ်မှ သွေးထွက်ခြင်း (Bleeding in the rectum) – အစာဟောင်းအိမ် ကင်ဆာကင်ဆာအကျိတ်မှ သွေးဆက်တိုက်ယိုစီးမှုကြောင့် သွေးအားနည်းခြင်း ဖြစ်နိုင်သည်
- အူလမ်းကြောင်း ပိတ်ဆို့ခြင်း (Intestinal obstruction) နှင့် ပေါက်ထွက်ခြင်း (Intestinal perforation) – အစာဟောင်းအိမ်ကင်ဆာကြောင့် အူလမ်းကြောင်းတွင် ပိတ်ဆို့ခြင်းများနှင့် ပေါက်ထွက်ခြင်းများ ဖြစ်ပွါးနိုင်ပြီး၊ အများအားဖြင့် ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်တတ်သည်
- ကင်ဆာပြန့်ပွါးခြင်း (Metastasis) – စောစီးစွာ မကုသပါက ကင်ဆာဆဲလ်များသည် သွေးကြော သို့မဟုတ် ပြန်ရည်ပြွန်များမှတစ်ဆင့် အနီးအနားရှိ ပြန်ရည်ကျိတ်များ (Lymph Nodes) သို့မဟုတ် အသည်း၊ အဆုတ်စသည့် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်သည်
- ကုသမှု၏ ဘေးထွက်ဆိုးကျိုးများ – ကင်ဆာဆေးသွင်း ကုထုံး (Chemotherapy) နှင့် ဓာတ်ရောင်ခြည်ကုထုံး (Radiation therapy) များကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အရေပြားနီမြန်းခြင်းနှင့် ယားယံခြင်းစသည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
အစာဟောင်းအိမ်ကင်ဆာ ဖြစ်နိုင်ခြေများသည့် အထက်ပါရောဂါအခြေအနေများ ရှိပါက မိသားစုဆရာဝန်နှင့် ချက်ချင်းဆွေးနွေးတိုင်ပင်သင့်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေရန်အတွက် ဆရာဝန်သည် လူနာ၏ ရောဂါရာဇဝင် (အစာဟောင်းအိမ်ကင်ဆာ သံသယလက္ခဏာများနှင့် ကင်ဆာပိုမိုဖြစ်ပွါးနိုင်သော အချက်များစသည်) ကို မေးမြန်းပြီး၊ ဝမ်းဗိုက်စမ်းသပ်ခြင်း၊ လက်ချောင်းဖြင့် စအိုအတွင်း စစ်ဆေးခြင်း (Digital rectal examination) စသည်တို့ကို ပြုလုပ်မည်။
ထို့နောက် အောက်ဖော်ပြပါ စစ်ဆေးမှုများကို လိုအပ်သလို ဆက်လက်ပြုလုပ်မည်ဖြစ်သည်။
- အူမကြီးကြည့်မှန်ပြောင်းဖြင့် စစ်ဆေးခြင်း (Colonoscopy)
ကင်မရာတပ်ဆင်ထားပြီး ပျော့ပြောင်းသည့် ပြွန်ချောင်းအသေးတစ်ခုကို စအိုအတွင်းမှ ထည့်သွင်း၍ အူလမ်းကြောင်းနှင့် အစာဟောင်းအိမ်ကို အသေးစိတ် ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။ - အသားစယူ စစ်ဆေးခြင်း (Biopsy)
သံသယရှိသော တစ်ရှူးနမူနာအနည်းငယ်ကိုယူ၍ ဓာတ်ခွဲခန်းသို့ ပို့၍ ကင်ဆာဆဲလ်များနှင့် ဆဲလ်ကြီးထွားနှုန်းကို စစ်ဆေးနိုင်သည်။ ထို့အပြင် ကင်ဆာဆဲလ်များနှင့်ပတ်သက်သော အခြားစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နိုင်သည်။ ယင်းစစ်ဆေးမှုရလဒ်များအရ ရောဂါအခြေအနေနှင့် ကုသနည်းများကို ဆုံးဖြတ်သည်။ - သွေးစစ်ဆေးမှုများ (Blood tests)
သွေးစစ်ဆေးမှုများသည် အစာဟောင်းအိမ်ကင်ဆာကို တိုက်ရိုက်ရှာဖွေရန် အသုံးမပြုသော်လည်း အစာဟောင်းအိမ်ကင်ဆာ၏ လက္ခဏာများနှင့် ကျောက်ကပ်၊ အသည်းကဲ့သို့သော ကိုယ်တွင်းအင်္ဂါများ၏ လုပ်ဆောင်နိုင်စွမ်းကို သိရှိရန် အထောက်အကူပြုသည်။
ကင်ဆာအဆင့်သတ်မှတ်ခြင်း (Staging)
ကင်ဆာ ပျံ့နှံ့မှုအတိုင်းအတာကို သိရှိရန် ပုံရိပ်ဖော် စစ်ဆေးခြင်း (Imaging scan) များ ပြုလုပ်သည်။ ယင်းလုပ်ငန်းစဉ်ကို ကင်ဆာအဆင့်သတ်မှတ်ခြင်း (Staging) ဟုခေါ်သည်။ ကင်ဆာရောဂါကုထုံးများ ရွေးချယ်ရာတွင်လည်းကောင်း၊ ခွဲစိတ်ကုသရာတွင်လည်းကောင်း၊ ကင်ဆာပျောက်ကင်းနိုင်ခြေ သို့မဟုတ် သက်သာနိုင်ခြေ (remission) နှင့် သက်တမ်းမည်မျှရှည်နိုင်သည် (life expectancy) တို့ ခန့်မှန်းရာတွင် လွန်စွာအထောက်အကူပြုသည်။
ပုံရိပ်ဖော်စစ်ဆေးခြင်း (Imaging scan)
ကင်ဆာအဆင့် သို့မဟုတ် ပျံ့နှံ့မှုကို သိရှိရန်အတွက်
- ကွန်ပျူတာဓာတ်မှန် (CT scan)
- သံလိုက်ဓာတ်မှန် (MRI)
- ပီအီးတီစကင်န် (PET scan) စသည်တို့ကို အလျဥ်းသင့်သလို အသုံးပြု၍ ကင်ဆာအကျိတ်၏ အရွယ်အစား၊ တည်နေရာနှင့် ပျံ့နှံ့မှုများကို ရှာဖွေစစ်ဆေးသည်။
ကင်ဆာအဆင့်များ
အစာဟောင်းအိမ်ကင်ဆာ အဆင့်များကို အောက်ပါအတိုင်း အဆင့် (၁) မှ အဆင့် (၄) အထိ သတ်မှတ်ထားသည်။
- အဆင့် (၁) _ ကင်ဆာဆဲလ်များသည် အစာဟောင်းအိမ်၏ အတွင်းဆုံးနံရံမှ ကြီးထွားလာကာ အစာဟောင်းအိမ်နံရံ ကြွက်သားလွှာအထိ ရောက်ရှိနေသည့်အဆင့်
- အဆင့် (၂) _ ကင်ဆာဆဲလ်များသည် အစာဟောင်းအိမ်နံရံကို ဖောက်ထွက်သွားသော်လည်း အနီးရှိ တစ်ရှူးများ၊ ပြန်ရည်ကြောအကျိတ်များသို့ မရောက်ရှိသေးသည့်အဆင့်
- အဆင့် (၃) _ အကျိတ်သည် အနီးအနားရှိ ကိုယ်တွင်းအင်္ဂါများ သို့မဟုတ် ပြန်ရည်ကျိတ်များဆီသို့ ပျံ့နှံ့သွားသောအဆင့် (ဤအဆင့်တွင် ခန္ဓာကိုယ်၏ အခြားနေရာများသို့ စတင်ပျံ့နှံ့နိုင်ခြေရှိသည်)
- အဆင့် (၄) _ ကင်ဆာဆဲလ်များသည် အသည်း၊ အဆုတ်စသည့် ခန္ဓာကိုယ် အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားသည့်အဆင့်
ကုသခြင်း
အစာဟောင်းအိမ်ကုသမှုသည် အများအားဖြင့် ကင်ဆာ၏ တည်နေရာ၊ အဆင့်၊ လူနာ၏ ကျန်းမာရေးအခြေအနေနှင့် ရွေးချယ်မှုအပေါ် မူတည်၍ လူနာအတွက် အသင့်တော်ဆုံး ကုထုံးများကို ရွေးချယ်သည်။ အဓိကကုသမှုနည်းလမ်းများမှာ_
- ခွဲစိတ်ကုသခြင်း (Surgery)
ခွဲစိတ်ကုသခြင်းကို တစ်မျိုးတည်း သို့မဟုတ် အခြားကုထုံးများနှင့် တွဲဖက်လုပ်ဆောင်နိုင်သည်။- အကျိတ်သေးငယ်ပြီး အစောပိုင်းအဆင့်တွင် ရှိပါက စအိုမှတစ်ဆင့် မှန်ပြောင်းသုံး၍ ကင်ဆာအကျိတ်နှင့် အနီးတစ်ဝိုက်ရှိ ကျန်းမာသော တစ်ရှူးအနည်းငယ်ကို ဖယ်ရှားနိုင်သည်
- အစာဟောင်းအိမ် တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးကို ဖယ်ရှားခြင်း (Low Anterior Resection) – ကင်ဆာသည် စအိုဝနှင့် ဝေးကွာပါက အစာဟောင်းအိမ်ကို ဖယ်ရှားပြီး ကျန်အူမကြီးကို စအိုဝနှင့် ပြန်ဆက်ပေးခြင်းဖြင့် ဝမ်းပုံမှန်သွားနိုင်အောင် ထိန်းသိမ်းပေးသည်
- စအိုနှင့် စအိုလမ်းကြောင်းကို ဖယ်ရှားခြင်း (Abdominoperineal Resection – APR) – ကင်ဆာသည် ကြီးမားနေလျှင် သို့မဟုတ် စအိုဝနှင့်နီးကပ်နေလျှင် စအို၊အူမကြီးအောက်ပိုင်း (rectum) နှင့် အူမကြီး၏ တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားရသည်၊ ထိုသို့ခွဲစိတ်မှုကို ပြုလုပ်ပါက ဝမ်းကို ခန္ဓာကိုယ်အပြင်ဘက်သို့ စွန့်ထုတ်နိုင်ရန် ဝမ်းဗိုက်ပေါ်သို့ အမြဲတမ်း ဝမ်းလမ်းကြောင်းလွှဲခြင်း (permanent colostomy) ကိုပါ ပြုလုပ်ရပြီး၊ ထိုနေရာတွင် ဝမ်းခံအိတ် (bag or pouch) ကို တပ်ဆင်ထားရသည်
- ကင်ဆာဆေးဝါးများဖြင့် ကုသခြင်း (Chemotherapy)
- များသောအားဖြင့် ခွဲစိတ်မှုအပြီးတွင် ပေးလေ့ရှိသည်၊ ခွဲစိတ်မှုအပြီး ကျန်ရှိနေနိုင်သော ကင်ဆာဆဲလ်များကို သေစေပြီး ကင်ဆာပြန်ဖြစ်နိုင်ခြေကို လျှော့ချပေးသည်
- ခွဲစိတ်မှုမတိုင်မီတွင် ကင်ဆာအရွယ်အစားကို သေးငယ်စေရန်အတွက်လည်း အသုံးပြုနိုင်သည်
- ခွဲစိတ်၍မရသော ကင်ဆာများ သို့မဟုတ် ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့နေသော ကင်ဆာများအတွက် လက္ခဏာများကို သက်သာစေရန် အသုံးပြုနိုင်သည်
- တစ်ခါတစ်ရံတွင် ဓာတ်ရောင်ခြည်ကုထုံးနှင့် ပေါင်းစပ်၍ အသုံးပြုသည်
- ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation Therapy)
- ခွဲစိတ်မှုမတိုင်မီတွင် ကင်ဆာအရွယ်အစားကို သေးငယ်စေရန် အသုံးပြုနိုင်သည်
- ခွဲစိတ်မှုမပြုလုပ်နိုင်ပါက ကင်ဆာအကျိတ်ကြောင့်ဖြစ်သော ပြင်းထန်သည့် နာကျင်မှုစသည့် ကင်ဆာလက္ခဏာများကို သက်သာစေရန် အသုံးပြုနိုင်သည်
- တစ်ခါတစ်ရံတွင် ကင်ဆာဆေးဝါးများနှင့်အတူ တစ်ပြိုင်တည်း အသုံးပြုသည်
- ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုသခြင်း (Targeted Therapy)
- အစာဟောင်းအိမ်ကင်ဆာ အဆင့်မြင့်မားသူများနှင့် ကုသပြီးမှ ပြန်ဖြစ်သောသူများတွင် ကင်ဆာဆေးဝါးများနှင့် ပေါင်းစပ်၍ အသုံးပြုသည်
- ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunotherapy)
- အစာဟောင်းအိမ်ကင်ဆာ အဆင့်မြင့်မားသူများနှင့် အခြားအင်္ဂါများသို့ ပျံ့နှံ့နေသူများတွင် အသုံးပြုသည်
- ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို လှုံ့ဆော်ပေးသော ဆေးဝါးများကို အသုံးပြု၍ ကင်ဆာဆဲလ်များကို တိုက်ခိုက်သည်။
- ခံစားနေရသောဝေဒနာများ ညင်သာစေရန် ဘက်စုံပြုစုကုသမှု (Palliative Care)
- ပြင်းထန်သော ကင်ဆာနာကျင်မှုနှင့် အခြားခံစားရသော ဝေဒနာများ သက်သာစေရန် ပြုစုကုသပေးခြင်းဖြင့် ကင်ဆာဝေဒနာရှင်များ၏ ဘဝနေထိုင်မှု အရည်အသွေး ပိုမိုကောင်းမွန်စေသည်
ကာကွယ်ခြင်း
အစာဟောင်းအိမ်ကင်ဆာကို အပြည့်အဝ ကာကွယ်နိုင်မည့် နည်းလမ်းမရှိသေးသော်လည်း အောက်ဖော်ပြပါအချက်များကို လိုက်နာခြင်းဖြင့် ဖြစ်ပွါးနိုင်ခြေကို လျှော့ချနိုင်သည်။
- ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
- ကိုယ်အလေးချိန် မတက်အောင် ဂရုစိုက်သင့်သည်
- လေ့ကျင့်ခန်းလုပ်ခြင်း
- တစ်ပတ်လျှင် အနည်းဆုံး ငါးရက်ခန့်၊ တစ်ကြိမ်လျှင် မိနစ် (၃၀) ကြာ လေ့ကျင့်ခန်းလုပ်ပါ
- အစားအသောက် ဆင်ခြင်ခြင်း
- အနီရောင်ရှိသော အသား၊ ပြုပြင်ထားသော အစားအစာများ၊ အဆီနှင့် ကယ်လိုရီများသော အစားအစာများ စားသောက်မှုကို လျှော့ချပါ
- အရက်သောက်သုံးမှု လျှော့ချခြင်း
- အရက်ကို လျှော့သောက်ခြင်း သို့မဟုတ် ရှောင်ကြဉ်ခြင်း ပြုလုပ်သင့်သည်
- ဆေးလိပ်ဖြတ်ခြင်း
- ဆေးလိပ်သောက်ခြင်းကို ရှောင်ရှားသင့်သည်
- မိသားစုဝင်တစ်ဦးဦးသည် အသက် (၄၅) နှစ်မတိုင်မီ ကင်ဆာဖြစ်ဖူးပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ
အစာဟောင်းအိမ်ကင်ဆာ အကြိုစစ်ဆေးခြင်း (Rectal cancer screening)
ပုံမှန် အကြိုစစ်ဆေးမှု ပြုလုပ်ခြင်းဖြင့် ကင်ဆာမဖြစ်မီ အသားပို (Polyps) များကို ရှာဖွေဖယ်ရှားနိုင်သကဲ့သို့ ကင်ဆာဖြစ်နေပါက စောစီးစွာ သိရှိကုသနိုင်သည်။ ယေဘုယျအားဖြင့် အသက် (၄၅) နှစ်နှင့်အထက်ရှိသူများသည် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်သင့်သည်။
မိမိကျန်းမာရေးအခြေအနေနှင့် မိသားစုရာဇဝင်ပေါ် မူတည်၍ သင့်တော်သော စစ်ဆေးမှုကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကာ ရွေးချယ်ရသည်။ အူမကြီးကင်ဆာ အကြိုစစ်ဆေးမှုအတွက် အသုံးပြုလေ့ရှိသော စစ်ဆေးနည်းများမှာ_
- အူမကြီးကြည့်မှန်ပြောင်း စစ်ဆေးခြင်း (Colonoscopy) – အသုံးအများဆုံး စစ်ဆေးနည်းဖြစ်ပြီး အူမကြီးနှင့် အစာဟောင်းအိမ်လမ်းကြောင်း တစ်ခုလုံးကို ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်
- ဝမ်းအတွင်း သွေးပါမပါ စစ်ဆေးခြင်း (FOBT/gFOBT) – မျက်စိဖြင့် မမြင်နိုင်သော ဝမ်းအတွင်းရှိ သွေးစများကို ဓာတ်ခွဲစမ်းသပ်ခြင်းဖြစ်သည်
- ဝမ်းအတွင်းရှိ DNA စစ်ဆေးခြင်း (Fecal DNA test) – ဝမ်းနမူနာမှတစ်ဆင့် မျိုးရိုးဗီဇ ပြောင်းလဲမှုများနှင့် သွေးထွက်ပစ္စည်းများကို ရှာဖွေခြင်းဖြစ်သည်
- အူမကြီးနှောင်းပိုင်း မှန်ပြောင်းကြည့်ခြင်း (Sigmoidoscopy) – အူမကြီး အောက်ပိုင်းနှင့် အစာဟောင်းအိမ်ကို စစ်ဆေးခြင်းဖြစ်သည်
- ကွန်ပျူတာဓာတ်မှန်ဖြင့် အူမကြီးပုံရိပ်ဖော်ခြင်း (Virtual colonoscopy) – CT scan အသုံးပြု၍ အသားပိုနှင့် အကျိတ်များကို ရှာဖွေခြင်းဖြစ်သည်။
References:
- Cleveland Clinic. (n.d.). Rectal cancer. Retrieved May 9, 2026, from https://my.clevelandclinic.org/health/diseases/21733-rectal-cancer
- Mayo Clinic. (n.d.). Rectal cancer: Symptoms and causes. Retrieved May 9, 2026, from https://www.mayoclinic.org/diseases-conditions/rectal-cancer/symptoms-causes/syc-20352884
- Mayo Clinic. (n.d.). Rectal cancer: Diagnosis and treatment. Retrieved May 9, 2026, from https://www.mayoclinic.org/diseases-conditions/rectal-cancer/diagnosis-treatment/drc-20352889
Published: 24 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.