သိုင်းရွိုက်ရောဂါ (Thyroid Disease) ဆိုသည်မှာ လည်ပင်းအောက်ခြေရှိ သိုင်းရွိုက်ဂလင်းမှ အကြောင်းအမျိုးမျိုးကြောင့် သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှု မူမမှန်ခြင်းဖြစ်သည် ။ သိုင်းရွိုက်ဟော်မုန်းသည် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ် (Metabolism) ကို အဓိကထိန်းညှိပေးသည်။ ဤရောဂါသည် မည်သူမဆို ဖြစ်ပွါးနိုင်သော်လည်း အမျိုးသမီးများတွင် ပိုမိုအဖြစ်များလေ့ရှိသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ဟော်မုန်းပြောင်းလဲမှုများ သိသိသာသာ ဖြစ်ပေါ်သောကြောင့် သိုင်းရွိုက်ဂလင်း၏ လုပ်ဆောင်ချက်များသည်လည်း လိုက်ပါပြောင်းလဲရသည်။
ကိုယ်ဝန်ဆောင်စဉ်အတွင်း မိခင်၏ သိုင်းရွိုက်ဟော်မုန်းများသည် သန္ဓေသား၏ ဦးနှောက်နှင့် အာရုံကြောစနစ် ဖွံ့ဖြိုးမှုအတွက် အထူးအရေးကြီးသည်။ ကိုယ်ဝန်ဆောင်အစောပိုင်းကာလ (ပထမ သုံးလပတ်) တွင် သန္ဓေသားသည် မိခင်ထံမှရရှိသော သိုင်းရွိုက်ဟော်မုန်းကိုသာ လုံးဝမှီခိုနေရသည်။
ထို့ကြောင့် သိုင်းရွိုက်ရောဂါကို သေချာစွာ မကုသပါက မိခင်၏ ကိုယ်ခန္ဓာလုပ်ဆောင်ချက်များကို ထိခိုက်စေရုံသာမက ကိုယ်ဝန်ဆောင်စဉ် နောက်ဆက်တွဲပြဿနာများနှင့် သန္ဓေသား ဖွံ့ဖြိုးမှုကိုပါ ကြီးမားစွာ ထိခိုက်စေနိုင်သည်။ သို့ရာတွင် သိုင်းရွိုက်ရောဂါကို စနစ်တကျ ကြိုတင်စစ်ဆေး၍ ကုသမှု ခံယူထားပါက ပုံမှန်အတိုင်း အဆင်ပြေချောမွေ့စွာ ကိုယ်ဝန်ဆောင်နိုင်ပြီး ကျန်းမာသန်စွမ်းသော ကလေးငယ်ကို မွေးဖွားနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
သိုင်းရွိုက်ဂလင်းသည် လည်ပင်းအောက်ခြေတွင်ရှိသည့် လိပ်ပြာပုံသဏ္ဌာန်ရှိသော ဂလင်းဖြစ်သည်။ ထိုဂလင်းမှ အဓိကအားဖြင့် သိုင်းရွိုက်ဟော်မုန်း (၂) မျိုးဖြစ်သော Thyroxine (T4) နှင့် Triiodothyronine (T3) တို့ကို ထုတ်ပေးသည်။ ဦးနှောက်အတွင်းရှိ ပီကျူထရီဂလင်း (Pituitary gland) မှ သိုင်းရွိုက်လှုံ့ဆော်ဟော်မုန်း (TSH – thyroid stimulating hormone) များ ထုတ်လွှတ်ပြီး သိုင်းရွိုက်ဟော်မုန်း ထွက်ရှိမှုကို စနစ်တကျ ထိန်းညှိပေးသည်။ သိုင်းရွိုက်ဟော်မုန်းများ ထုတ်လုပ်မှု လွန်ကဲခြင်း သို့မဟုတ် လျော့နည်းခြင်းကြောင့် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များ ပြောင်းလဲလာရသည်။
သိုင်းရွိုက်ရောဂါသည် အဓိကအားဖြင့် အောက်ပါအချက်များကြောင့် ဖြစ်ပွါးနိုင်သည်။
- ကိုယ်ခံအားမူမမှန် တုံ့ပြန်သည့်ရောဂါများ (Autoimmune diseases)
ဂရေ့ဗ်သိုင်းရွိုက်ရောဂါ (Graves’ disease) နှင့် ဟရှီမိုတိုသိုင်းရွိုက်ရောင်ရောဂါ (Hashimoto’s disease) တို့သည် ကိုယ်ဝန်ဆောင်ချိန်တွင် သိုင်းရွိုက်ပြဿနာဖြစ်စေသည့် အဓိကအကြောင်းရင်းများဖြစ်သည်။ - ကိုယ်ဝန်ဆောင်စဉ် ယာယီ သိုင်းရွိုက်ဟော်မုန်းများပြီး အဆိပ်တက်ခြင်း (Gestational Transient Thyrotoxicosis)
ကိုယ်ဝန်ဆောင်အစောပိုင်းကာလတွင် မြင့်တက်လာသော ကိုယ်ဝန်ဆောင်ဟော်မုန်း (hCG) သည် သိုင်းရွိုက်ဂလင်းကို လှုံ့ဆော်ခြင်းကြောင့် ယာယီအားဖြင့် သိုင်းရွိုက်ဟော်မုန်း လွန်ကဲလာခြင်းဖြစ်သည်။ ဤအခြေအနေသည် ကိုယ်ဝန်ဆောင်စဉ် အလွန်အမင်း ပျို့အန်ခြင်း (Hyperemesis Gravidarum) ခံစားရသူများတွင် ပိုမိုတွဲဖက်ဖြစ်ပေါ်လေ့ရှိသည်။ - အိုင်အိုဒင်းချို့တဲ့ခြင်း
အိုင်အိုဒင်းဓာတ်သည် သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သော ကုန်ကြမ်းဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင် အိုင်အိုဒင်းဓာတ် လိုအပ်ချက် ပိုမိုမြင့်မားလာသောကြောင့် နေ့စဉ်စားသုံးသော အစားအစာများတွင် လုံလောက်စွာ မပါဝင်ပါက ဟော်မုန်းထုတ်လုပ်မှုကို ထိခိုက်စေသည်။ ဟော်မုန်းထုတ်လုပ်မှု ကျဆင်းသွားသောကြောင့် သိုင်းရွိုက်ဂလင်းကို ပိုမိုအလုပ်လုပ်ရန် လှုံ့ဆော်ရာမှ ဂလင်းကြီးလာနိုင်သည်။ ယင်းအခြေအနေကို အိုင်အိုဒင်းဆားနှင့် အိုင်အိုဒင်းဓာတ် ကြွယ်ဝသော အစားအစာများ စားသုံးခြင်းဖြင့် ကာကွယ်နိုင်သည်။ - သိုင်းရွိုက်ဂလင်း ရောင်ရမ်းခြင်း (Thyroiditis)
ဗိုင်းရပ်စ်ပိုးဝင်ခြင်း သို့မဟုတ် ကိုယ်ခံအားစနစ်၏ တုံ့ပြန်မှုကြောင့် သိုင်းရွိုက်ဂလင်း ရောင်ရမ်းကာ ဟော်မုန်းများ သွေးထဲသို့ တစ်ပြိုင်နက် များပြားစွာ ရောက်ရှိခြင်းဖြစ်သည်။ - သိုင်းရွိုက်အကျိတ်များ (Thyroid Nodules)
သိုင်းရွိုက်ဂလင်းတွင် အကျိတ်များ ဖြစ်ပေါ်နေပြီး အချို့သောအကျိတ်များသည် သိုင်းရွိုက်ဟော်မုန်းများကို လိုအပ်သည်ထက် ပိုမိုထုတ်လုပ်ပေးတတ်သည်။ - ယခင်ဆေးကုသမှုများ
ယခင်က သိုင်းရွိုက်ဂလင်းကို ခွဲစိတ်ဖယ်ရှားထားခြင်း သို့မဟုတ် ရေဒီယိုသတ္တိကြွအိုင်အိုဒင်း (Radioactive Iodine) ဖြင့် ကုသမှုခံယူထားခြင်းတို့ကြောင့် ဟော်မုန်းထုတ်လုပ်မှု လျော့နည်းသွားခြင်းဖြစ်သည်။
သိုင်းရွိုက်ရောဂါအမျိုးအစားများ
ဟော်မုန်းထုတ်လုပ်မှုအပေါ် မူတည်၍ သိုင်းရွိုက်ရောဂါကို အောက်ပါအတိုင်း အမျိုးအစား (၂) မျိုး ခွဲခြားနိုင်သည်။
- သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းရောဂါ (Hyperthyroidism)
- အကြောင်းအမျိုးမျိုးကြောင့် သိုင်းရွိုက်ဂလင်း အလုပ်ပိုလုပ်ပြီး သိုင်းရွိုက်ဟော်မုန်း အလွန်များပြားစွာ ထုတ်လုပ်ခြင်းဖြစ်သည်
- သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းကြောင့် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များ (Metabolism) မြန်ဆန်လာပြီး ကျန်းမာရေးကို ထိခိုက်စေသည်
- ကိုယ်ဝန်ဆောင်ချိန်တွင် ဤအခြေအနေကို စောစီးစွာ မထိန်းချုပ်နိုင်ပါက မိခင်ရော သန္ဓေသားပါ ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သောကြောင့် ထိရောက်သော ကုသမှုကို စောစီးစွာခံယူရန် လိုအပ်သည်
- သိုင်းရွိုက်ဟော်မုန်းနည်းခြင်းရောဂါ (Hypothyroidism)
- သိုင်းရွိုက်ဂလင်းသည် ကောင်းစွာအလုပ်မလုပ်သဖြင့် သိုင်းရွိုက်ဟော်မုန်းကို လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်းဖြစ်သည်
- သိုင်းရွိုက်ဟော်မုန်း နည်းသောကြောင့် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များ နှေးကွေးသွားပြီး အချိန်ပြည့် ပင်ပန်းနွမ်းနယ်ခြင်း၊ ဝမ်းချုပ်ခြင်းနှင့် ကိုယ်အလေးချိန်တက်ခြင်းတို့ကို ဖြစ်ပေါ်စေသည်
- သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကို နေ့စဉ် သိုင်းရွိုက်ဟော်မုန်း အစားထိုးဆေးဝါး (Levothyroxine) သောက်သုံးခြင်းဖြင့် အလွယ်တကူ ကုသနိုင်သည်
ကိုယ်ဝန်ဆောင်ချိန်တွင် သိသာထင်ရှားသော ရောဂါလက္ခဏာ မပြသော်လည်း သွေးစစ်ချက်အရ ဟော်မုန်းပမာဏ အနည်းငယ်မူမမှန်သည့် (Subclinical) အခြေအနေများကိုလည်း တွေ့ရှိရတတ်သည်။ ထိုအခြေအနေများသည်လည်း သန္ဓေသား၏ ဖွံ့ဖြိုးမှုကို သက်ရောက်မှုရှိနိုင်သဖြင့် ဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးရန် လိုအပ်သည်။
ရောဂါလက္ခဏာများ
သိုင်းရွိုက်ရောဂါကြောင့်ခံစားရသောလက္ခဏာအချို့မှာ ကိုယ်ဝန်ဆောင်ချိန်တွင် ပုံမှန်ခံစားရသော လက္ခဏာများနှင့် ဆင်တူသောကြောင့် ခွဲခြားသိရှိရန် ခက်ခဲနိုင်သည်။
သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်း ရောဂါလက္ခဏာများ
- နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း
- နှလုံးခုန်စည်းချက် မမှန်ခြင်း
- လက်တုန်ခြင်း
- အပူဒဏ်မခံနိုင်ခြင်း
- လည်ပင်းကြီးခြင်း
- အားအင်ကုန်ခန်းခြင်း
- ကြွက်သားများ အားနည်းခြင်း
- စိုးရိမ်စိတ်လွန်ကဲခြင်း
သိုင်းရွိုက်ဟော်မုန်း နည်းခြင်း ရောဂါလက္ခဏာများ
- ပင်ပန်းနွမ်းနယ်ခြင်း
- အအေးဒဏ်မခံနိုင်ခြင်း
- ဝမ်းချုပ်ခြင်း
- ကိုယ်အလေးချိန် တက်ခြင်း
- မျက်နှာဖောင်းခြင်း
- အသံသြခြင်း၊ အသံဝင်ခြင်း
- ခြေလက်ထုံကျဉ်ခြင်း
- ကြွက်သားအားနည်းခြင်း၊ ကိုက်ခဲခြင်း၊ တောင့်တင်းခြင်း
- နှလုံးခုန်နှေးခြင်း
- စိတ်ဓာတ်ကျခြင်း၊ အာရုံစူးစိုက်မှု ကျဆင်းခြင်း စသည်တို့ ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ကိုယ်ဝန်ဆောင်ခြင်းကြောင့် သိုင်းရွိုက်အပေါ် သက်ရောက်မှုများ
- ကိုယ်ဝန်ဆောင်ကာလအတွင်း သန္ဓေသားဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးရန် မိခင်၏ခန္ဓာကိုယ်တွင် ဟော်မုန်းနှင့် ဇီဝကမ္မဆိုင်ရာ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ရသည်၊ ထိုသို့ပြောင်းလဲမှုများတွင် သိုင်းရွိုက်ဂလင်းသည် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်
- သန္ဓေသားဖွံ့ဖြိုးမှု – သန္ဓေသား၏ ဦးနှောက်နှင့် အာရုံကြောစနစ် ဖွံ့ဖြိုးမှုအတွက် မိခင်၏ သိုင်းရွိုက်ဟော်မုန်းမှာ မရှိမဖြစ်လိုအပ်သဖြင့် သိုင်းရွိုက်ဂလင်းသည် ဟော်မုန်းများကို ပိုမိုထုတ်လုပ်ပေးရသည်
- ကိုယ်ဝန်ဆောင်ဟော်မုန်း (hCG) ၏ အကျိုးသက်ရောက်မှု – ကိုယ်ဝန်ဆောင်အစောပိုင်းတွင် hCG ဟော်မုန်း မြင့်တက်လာခြင်းက သိုင်းရွိုက်ဂလင်းကို တိုက်ရိုက်လှုံ့ဆော်သောကြောင့် သိုင်းရွိုက်ဟော်မုန်းပမာဏ ယာယီမြင့်တက်ခြင်း ဖြစ်ပေါ်နိုင်သည်
- အီစထရိုဂျင်ဟော်မုန်း – အီစထရိုဂျင်ပမာဏ များပြားလာခြင်းကြောင့် သိုင်းရွိုက်ဟော်မုန်းကို သယ်ဆောင်ပေးသည့် ပရိုတိန်းများ မြင့်တက်လာပြီး သွေးတွင်းရှိ ဟော်မုန်းပမာဏ ပြောင်းလဲမှုကို ဖြစ်စေသည်
- အိုင်အိုဒင်းလိုအပ်ချက် – ကိုယ်ဝန်ဆောင်စဉ်တွင် အိုင်အိုဒင်းဓာတ် လိုအပ်ချက် ပိုမိုမြင့်မားလာပြီး အိုင်အိုဒင်း လုံလောက်စွာ မရရှိပါက သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှု နည်းပါးခြင်းကို ဖြစ်ပေါ်စေနိုင်သည်
သိုင်းရွိုက်ရောဂါကြောင့် ကိုယ်ဝန်အပေါ် သက်ရောက်နိုင်သော နောက်ဆက်တွဲပြဿနာများ
သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်း သို့မဟုတ် နည်းခြင်းကို ထိရောက်စွာ ကုသမှုမခံယူပါက အောက်ပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။
မိခင်နှင့်သက်ဆိုင်သော နောက်ဆက်တွဲပြဿနာများ
- ကိုယ်ဝန်ပျက်ကျခြင်း (Miscarriage)
- ကိုယ်ဝန်ဆိပ်တက်ခြင်း (Pre-eclampsia)
- ကိုယ်ဝန်ဆောင်ချိန် ယာယီ သိုင်းရွိုက်ဟော်မုန်းများပြီး အဆိပ်တက်ခြင်း (Thyrotoxicosis)
- သိုင်းရွိုက်ဟော်မုန်း အဆိပ်သင့်ခြင်း (Thyrotoxic crisis/Thyroid storm)
- သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်းကို စနစ်တကျ မကုသပါက ဖြစ်ပွါးနိုင်သည်
- အဖျားကြီးခြင်း၊ နှလုံးခုန် အလွန်မြန်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်းနှင့် သတိလစ်ခြင်းတို့ ခံစားရနိုင်ပြီး အသက်အန္တရာယ် ထိခိုက်သည်အထိ ပြင်းထန်နိုင်သည်
- မွေးဖွားပြီးနောက် သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်း (Postpartum thyroiditis)
- နှလုံးပျက်စီးခြင်း (Heart failure) – သိုင်းရွိုက်ဟော်မုန်း လွန်ကဲမှုကို မထိန်းချုပ်နိုင်ပါက မိခင်တွင် နှလုံးအားနည်းသည့် ဝေဒနာ ဖြစ်ပွါးနိုင်ခြေရှိသည်။
သန္ဓေသားနှင့်သက်ဆိုင်သော နောက်ဆက်တွဲပြဿနာများ
- လမစေ့မီ မွေးဖွားခြင်း (Preterm labour)
- ကလေးအသေမွေးဖွားခြင်း (Stillbirth)
- သန္ဓေသားဖွံ့ဖြိုးမှု နှေးကွေးခြင်း (Intrauterine growth restriction)
- မွေးစကိုယ်အလေးချိန် ပုံမှန်ထက်နည်းခြင်း (Low birthweight)
- ဦးနှောက်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှု နောက်ကျခြင်း (Developmental delay)
- ကလေးတွင် မွေးရာပါသိုင်းရွိုက်ဟော်မုန်း ချို့တဲ့ခြင်း (Congenital hypothyroidism)
ဆေးရုံ၊ ဆေးခန်းပြသရန်
ကိုယ်ဝန်မဆောင်မီ သို့မဟုတ် ကိုယ်ဝန်ဆောင်စဉ် သိုင်းရွိုက်ရောဂါလက္ခဏာများခံစားနေရသည်ဟု သံသယရှိပါက ဟော်မုန်းအထူးကုဆရာဝန်များနှင့်ပြသဆွေးနွေး၍ လိုအပ်သော သွေးစစ်ဆေးမှုများ ပြုလုပ်ရမည်။ သိုင်းရွိုက်ရောဂါရှိသူများသည် ကိုယ်ဝန်မဆောင်မီ သိုင်းရွိုက်ရောဂါကို စနစ်တကျ ကုသထားရန် လိုအပ်ပြီး ကိုယ်ဝန်ရှိကြောင်းသိလျှင် သိခြင်း သားဖွားမီးယပ်အထူးကုဆရာဝန်၊ ဟော်မုန်းအထူးကု ဆရာဝန်များနှင် သေချာစွာ တိုင်ပင်ဆွေးနွေးကုသခြင်းဖြင့် အန္တရာယ်ကင်း၍ ကျန်းမာသော မိခင်နှင့်ကလေးဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
ရောဂါရှာဖွေခြင်း
ကိုယ်ဝန်ဆောင်မိခင်၏ ရောဂါရာဇဝင်ကို အသေးစိတ် မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ခြင်းနှင့်အတူ သွေးတွင်း သိုင်းရွိုက်ဂလင်း စွမ်းဆောင်ရည် စစ်ဆေးခြင်း (Thyroid Function Test – free T3, free T4, TSH) တို့ဖြင့် ရောဂါကို တိကျစွာ ရှာဖွေသိရှိနိုင်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင် သာမန်အချိန်ထက် ဟော်မုန်းပမာဏ ပြောင်းလဲမှုများ ရှိသောကြောင့် ဟော်မုန်းအနည်းအများ သတ်မှတ်ရာတွင် ကိုယ်ဝန်ဆောင်သည်များအတွက် သီးသန့် သတ်မှတ်ထားသည့် ရည်ညွှန်းပမာဏ (Trimester specific reference ranges) ကိုသာ အသုံးပြုရသည်။
အောက်ပါအခြေအနေများရှိသော မိခင်များတွင် သိုင်းရွိုက်ဟော်မုန်းပမာဏကို စောစီးစွာ စစ်ဆေးရန် လိုအပ်သည်။
- သိုင်းရွိုက်ရောဂါ အခံရှိခြင်း – လက်ရှိတွင် ဆေးကုသမှု ခံယူနေရသူများ သို့မဟုတ် ယခင်က ဖြစ်ပွါးခဲ့ဖူးသူများ
- ခွဲစိတ်မှုရာဇဝင်ရှိခြင်း – သိုင်းရွိုက်ဂလင်း၏ အစိတ်အပိုင်း တစ်ခုခုကို ခွဲစိတ်ဖယ်ရှားထားသူများ
- သိုင်းရွိုက်ဂလင်း ကြီးနေခြင်း (Goitre) – လည်ပင်းတွင် အကျိတ် သို့မဟုတ် အလုံးများ တွေ့ရှိရသူများ
- ကိုယ်ခံအားစနစ် မူမမှန်သည့် ရောဂါများ ရှိနေခြင်း – အမျိုးအစား (၁) ဆီးချိုရောဂါ၊ အက်စ်အယ်လ်အီးရောဂါ (SLE)၊ ကိုယ်ခံအားစနစ်ကြောင့် သွေးခဲစေသောရောဂါ (Antiphospholipid syndrome) နှင့် ဗီတီလီဂို (Vitiligo) ခေါ် ခန္ဓာကိုယ်တွင် အဖြူကွက်များ ဖြစ်ပေါ်သည့် ရောဂါရှိသူများ
- သားဖွားဆိုင်ရာ ရာဇဝင် – ယခင်က အကြောင်းရင်း မသိဘဲ ကိုယ်ဝန်ပျက်ကျဖူးခြင်း၊ ကလေးအသေ မွေးဖွားဖူးခြင်း သို့မဟုတ် လမစေ့ဘဲ မွေးဖွားဖူးသည့် ရာဇဝင်ရှိခြင်း
- အခြားအန္တရာယ်ရှိသော အချက်များ – အသက် ၃၀ ကျော်မှ ကိုယ်ဝန်ဆောင်ခြင်း၊ မိသားစုအတွင်း သိုင်းရွိုက်ရောဂါ ရာဇဝင်ရှိခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင်စဉ် အလွန်အမင်း ပျို့အန်ခြင်း (Hyperemesis) ခံစားနေရခြင်း
ထို့အပြင် လိုအပ်ပါက သိုင်းရွိုက်ဂလင်းကို အာထရာဆောင်း ရိုက်ခြင်း (Thyroid ultrasound) နှင့် သိုင်းရွိုက်ဆိုင်ရာ ပဋိပစ္စည်းများ (Anti-thyroid antibodies – TPOAb, TgAb) စစ်ဆေးခြင်းတို့ကို ပြုလုပ်၍ ဖြစ်ပေါ်ရသည့် အကြောင်းရင်းကို ဆက်လက်ရှာဖွေနိုင်သည်။
မိခင်သွေးအတွင်း သိုင်းရွိုက်ဆိုင်ရာ ပဋိပစ္စည်းတစ်မျိုးဖြစ်သော (TSH receptor antibodies – TRAb) ပမာဏ မြင့်မားနေပါက အချင်းမှတစ်ဆင့် သန္ဓေသားထံသို့ ကူးစက်နိုင်ပြီး သန္ဓေသားတွင်လည်း သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်း (Fetal thyrotoxicosis) ဖြစ်စေနိုင်သဖြင့် အထူးဂရုပြု စောင့်ကြည့်ရန် လိုအပ်သည်။
ကုသခြင်း
ကိုယ်ဝန်ဆောင်ရန်၊ ကိုယ်ဝန်ဆောင်ချိန် သို့မဟုတ် နို့တိုက်မိခင်ဖြစ်ပါက တစ်နေ့လျှင် အိုင်အိုဒင်း ၂၀၀ မှ ၂၅၀ မိုင်ခရိုဂရမ် သောက်သုံးသင့်သည်။
- သိုင်းရွိုက်ဟော်မုန်းနည်းခြင်းရောဂါကို ကုသရာတွင် Levothyroxine ဟုခေါ်သော သိုင်းရွိုက်ဟော်မုန်း ဖြည့်စွက်ဆေးဝါးကို နေ့စဥ်ပုံမှန်သောက်သုံးခြင်းဖြင့် ကုသနိုင်သည်။ ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းပြောင်းလဲမှုများကြောင့် ဟော်မုန်းအထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ ဆေးပမာဏ ချိန်ဆရသည်
- သိုင်းရွိုက်ဟော်မုန်းလွန်ကဲခြင်းရောဂါကို ကုသရာတွင် သိုင်းရွိက်ဟော်မုန်းလျော့ချသည့် ဆေးဝါးများ (anti-thyroid drugs- propylthiouracil or carbimazole)၊ ရောဂါလက္ခဏာ သက်သာစေသည့်ဆေးဝါးများ ဖြင့်ကုသနိုင်သည်၊ ဆေးအများစုသည် သန္ဓေသားအတွက် အန္တရာယ်နည်းသော ဆေးများဖြစ်သည်
- သိုင်းရွိုက်ဟော်မုန်းပမာဏနှင့် ရောဂါလက္ခဏာများပေါ် မူတည်၍ လိုအပ်သော ဆေးပမာဏ ကို အတိုးအလျှော့ပြုလုပ်နိုင်ရန် သိုင်းရွိုက်ဟော်မုန်းကို (၄)ပတ် မှ (၆)ပတ် တစ်ကြိမ် ပုံမှန်စစ်ဆေးရန် လိုအပ်သည်
- မမွေးဖွားမီ သန္ဓေသားအား စောင့်ကြပ်ကြည့်ရှုခြင်း
- သန္ဓေသား နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်သော သန္ဓေသားဖွံ့ဖြိုးမှု နှေးကွေးခြင်း ရှိမရှိကို သိရှိရန် အာထရာဆောင်းဖြင့် သန္ဓေသားကြီးထွားမှုပုံမှန်စောင့်ကြည့်ရန် လိုအပ်သည်
- မွေးဖွားခြင်း (Mode of Delivery)
- သိုင်းရွိုက်ရောဂါ ရှိရုံမျှဖြင့် ခွဲစိတ်မွေးဖွားရန် (Caesarean section) မလိုအပ်ပါ၊ သဘာဝအတိုင်း ရိုးရိုးမွေးဖွားနိုင်သည်
- သို့သော် ကလေးအနေအထား မမှန်ခြင်း သို့မဟုတ် ကိုယ်ဝန်ဆိပ်တက်ခြင်းကဲ့သို့သော အခြား ကိုယ်ဝန်ဆောင် နောက်ဆက်တွဲပြဿနာများ ရှိပါက ခွဲစိတ်မွေးဖွားရန် လိုအပ်နိုင်သည်
- မွေးဖွားမည့်အချိန် (Timing of Delivery)
- သိုင်းရွိုက်ရောဂါကို ကောင်းစွာ ထိန်းချုပ်ထားနိုင်လျှင် သဘာဝအတိုင်းမွေးဖွားရန် ဗိုက်နာသည်အထိ စောင့်နိုင်သော်လည်း သိုင်းရွိုက်ဟော်မုန်းရောဂါကို ကောင်းစွာမထိန်းနိုင်ခြင်း သို့မဟုတ် နောက်ဆက်တွဲပြဿနာများ ရှိပါက စောစီးစွာမွေးဖွားရန်အတွက် သားအိမ် ညှစ်အားကို လှုံ့ဆော်ခြင်းဖြင့် ကလေးမွေးဖွားမှုကို စတင်စေနိုင်သည်
- မွေးဖွားစဉ်ကာလ စောင့်ကြည့်ခြင်း
- မွေးဖွားနေစဉ်အတွင်း သန္ဓေသားနှလုံးခုန်နှုန်းပုံစံကို စနစ်တကျစောင့်ကြည့်ရန် (Continuous Monitoring) လိုအပ်သည်
- အထူးသဖြင့် သိုင်းရွိုက်ရောဂါအတွက် ဆေးသောက်သုံးနေရသော မိခင်များတွင် မွေးဖွားစဉ် အားစိုက်ထုတ်ရမှုကြောင့် သိုင်းရွိုက်ဟော်မုန်း အပြောင်းအလဲများ ဖြစ်နိုင်သဖြင့် အထူးဂရုပြုစောင့်ကြည့်ရန် လိုအပ်သည်
- မီးဖွားပြီးနောက် သိုင်းရွိုက်ရောင်ရမ်းခြင်း (Postpartum thyroiditis)
- ကိုယ်ခံအားမူမမှန် တုံ့ပြန်သည့်ရောဂါ (Autoimmune disease) ရှိသူများ သို့မဟုတ် မိသားစုဝင်များထဲတွင် သိုင်းရွိုက်ရောဂါရာဇဝင်ရှိသူများတွင် ပိုမိုဖြစ်ပွါးနိုင်ခြေရှိသည်။
- ကလေးမွေးဖွားပြီးနောက် (၁) နှစ်အတွင်း သိုင်းရွိုက်ဂလင်းရောင်ရမ်းခြင်း ဖြစ်ပွါးတတ်သည်
- ရောဂါလက္ခဏာများပေါ် မူတည်၍ သိုင်းရွိုက်ဟော်မုန်းဆေးသောက်ရန် မလိုအပ်သည်များလည်းရှိသည်
- ပုံမှန်အားဖြင့် အလိုအလျောက် ပြန်လည်ကောင်းမွန်သွားတတ်သော်လည်း နောင်တစ်ချိန်တွင် သိုင်းရွိုက်ဟော်မုန်းနည်းခြင်းရောဂါ (Hypothyroidism) ဖြစ်လာနိုင်ခြေ ရှိသောကြောင့် နှစ်စဉ် တစ်ကြိမ်နှင့် နောက်ကိုယ်ဝန်ဆောင်သည့်အခါတိုင်း သိုင်းရွိုက်ဂလင်းစွမ်းဆောင်ရည်ကို စစ်ဆေးရန် လိုအပ်သည်
ကာကွယ်ခြင်း
- သိုင်းရွိုက်ရောဂါကို ကာကွယ်၍မရနိုင်သော်လည်း ကိုယ်ဝန်မဆောင်မီ သိုက်ရွိုက်ရောဂါကို စနစ်တကျကုသမှုခံယူခြင်း၊ ကိုယ်ဝန်ရှိသည်နှင့်တပြိုင်တည်း သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ သွေးစစ်ဆေးမှု ပုံမှန်လုပ်ဆောင်ခြင်း၊ ဆရာဝန်ညွှန်းကြားသည့်အတိုင်း ဆေးပုံမှန်သောက်ခြင်းဖြင့် မိခင်နှင့်သန္ဓေသားတွင် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများကို လျော့ချနိုင်သည်
- အိုင်အိုဒင်းဓာတ် ချိုတဲ့ခြင်းကြောင့် ဖြစ်ပေါ်သော သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကို ကာကွယ်ရန် အိုင်အိုဒင်းဆားနှင့် အိုင်အိုဒင်းဓာတ် ကြွယ်ဝသော အစားအသောက်များ စားသုံးသင့်သည်
References:
- BJOG: An International Journal of Obstetrics & Gynaecology. (2025). Management of thyroid disorders in pregnancy: Green-top guideline No. 76. BJOG: An International Journal of Obstetrics & Gynaecology, 132(4), e130–e161. https://doi.org/10.1111/1471-0528.18088
- Endocrinologist in Ahmedabad. (n.d.). Thyroid disease and pregnancy. Retrieved May 5, 2026, from https://endocrinologistinahmedabad.com/thyroid-disease-and-pregnancy/
- HealthCentral. (n.d.). Thyroid disorders and fertility. Retrieved May 5, 2026, from https://www.healthcentral.com/condition/thyroid/thyroid-disorders-fertility
- Patient.info. (n.d.). Thyroid disease in pregnancy. Retrieved May 5, 2026, from https://patient.info/doctor/endocrine-disorders/thyroid-disease-in-pregnancy
- Royal College of Obstetricians and Gynaecologists (RCOG). (n.d.). Thyroid problems in pregnancy. Retrieved May 5, 2026, from https://www.rcog.org.uk/for-the-public/browse-our-patient-information/thyroid-problems-in-pregnancy/
Published: 24 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.