ဟန်တာဗိုင်းရပ်စ် ကူးစက်ရောဂါ (Hantavirus infection) သည် တွေ့ရခဲသော်လည်း ပြင်းထန်သော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ၎င်းသည် အဓိကအားဖြင့် ရောဂါပိုးရှိသော ကြွက်နှင့် ကိုက်ဖြတ်တတ်သော သတ္တဝါများ (Rodents) မှတစ်ဆင့် လူသို့ ကူးစက်တတ်သည်။ နိုင်ငံအများစုတွင် ဖြစ်ပွါးမှု နည်းပါးသော်လည်း၊ ရောဂါပိုးကူးစက်ခံရပါက အဆုတ် သို့မဟုတ် ကျောက်ကပ်ကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပြီး အသက်ဆုံးရှုံးနိုင်သည်အထိ ဆိုးဝါးနိုင်သည်။ ဟန်တာဗိုင်းရပ်စ်ကို ပျောက်ကင်းအောင်ကုသနိုင်သော ဗိုင်းရပ်စ်ပိုးသတ်ဆေးများ မပေါ်ပေါက်သေးပါ။ ရောဂါကို စောစီးစွာ သံသယရှိခြင်း၊ အဆုတ်၊ နှလုံးနှင့် ကျောက်ကပ်ထိခိုက်မှုများကို ကာကွယ်ကုသခြင်း၊ စနစ်တကျ စောင့်ကြပ်ကြည့်ရှုခြင်း၊ နောက်ထပ်ကူးစက်မှုများ မရှိအောင် ကာကွယ်ခြင်းတို့ဖြင့် ကုသမှုသည် အဓိကအရေးကြီးသည်။
ကမ္ဘာတစ်ဝန်း ရောဂါဖြစ်ပွါးမှုအခြေအနေများ
အာရှတိုက်အတွင်းရှိ လတ်တလောအခြေအနေများ
အရှေ့အာရှဒေသများ (အထူးသဖြင့် တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားသမ္မတနိုင်ငံ) တွင် နှစ်စဉ်ဖြစ်ပွါးလေ့ရှိသော ရောဂါတစ်ခုဖြစ်ပြီး၊ အဓိကအားဖြင့် လယ်ကြွက်မှတစ်ဆင့် လူသို့ ကူးစက်သည့် Hantaan ဗိုင်းရပ်စ်မျိုးကွဲကြောင့် ဖြစ်ပွါးသည်။ ထိုဗိုင်းရပ်စ်မျိုးကွဲကြောင့် သေဆုံးနိုင်ခြေနှုန်းမှာ (၁၅) ရာခိုင်နှုန်းခန့်အထိ ရှိနိုင်သည်။ လက်ရှိတွင် နှစ်စဉ် လူထောင်ပေါင်းများစွာ၌ ဆက်လက်ဖြစ်ပွါးနေဆဲ ဖြစ်သော်လည်း လွန်ခဲ့သော ဆယ်စုနှစ်များစွာနှင့် နှိုင်းယှဉ်ပါက ဖြစ်ပွါးမှုနှုန်းမှာ သိသိသာသာ လျော့နည်းလာနေပြီဖြစ်သည်။
ထိုင်ဝမ်နိုင်ငံတွင် လက်ရှိ ၂၀၂၆ ခုနှစ်၊ မေလအစောပိုင်းအထိ အတည်ပြုလူနာ ၂ ဦး တွေ့ရှိခဲ့သည်။ ပထမလူနာသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ဖြစ်ပွါးခဲ့ပြီး ရောဂါအခံများကြောင့် ကိုယ်တွင်းအင်္ဂါပျက်စီးကာ သေဆုံးခဲ့သည်။ ၎င်းသည် ထိုင်ဝမ်တွင် ၂၆ နှစ်အတွင်း ပထမဆုံးသော ဟန်တာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုဖြစ်သည်။ ဒုတိယလူနာသည် အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး၊ ၂၀၂၆ ခုနှစ်၊ မတ်လလယ်တွင် ရောဂါလက္ခဏာများ ပြသခဲ့သော်လည်း ကုသမှုခံယူပြီးနောက် ပြန်လည်သက်သာလာခဲ့သည်။ ထိုလူနာများသည် လူဦးရေထူထပ်သော မြို့ပြဒေသများတွင် နေထိုင်သူများဖြစ်ပြီး၊ ကြွက်များနှင့် ထိတွေ့နိုင်ခြေရှိသော ဈေးများ သို့မဟုတ် လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်သူများဖြစ်သည်ကို တွေ့ရသည်။
ကမ္ဘာလုံးဆိုင်ရာ သတိပေးချက် (၂၀၂၆ ခုနှစ်၊ မေလ)
လက်ရှိတွင် ကမ္ဘာလှည့်ခရီးသည်တင် သင်္ဘောတစ်စင်း (MV Hondius) ပေါ်၌ ဟန်တာဗိုင်းရပ်စ် ကူးစက်မှုများဖြစ်ပွါးပြီး အသက်သေဆုံးမှုများ ရှိခဲ့ခြင်းကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုင်ငံတကာတွင် စောင့်ကြည့်မှုများ တိုးမြှင့်ရန် ညွှန်ကြားထားသည်။ ရောဂါသံသယရှိသူ (၈) ဦးရှိပြီး၊ (၅) ဦးမှာ ဓာတ်ခွဲခန်းအဖြေ အတည်ပြုပြီးဖြစ်၍ သေဆုံးသူ (၃) ဦးထိရှိပြီဖြစ်သည်။ အဆိုပါဖြစ်စဉ်သည် အာရှတိုက်ပြင်ပတွင် စတင်ခဲ့သော်လည်း၊ နိုင်ငံတကာ ခရီးသွားလာမှုများကြောင့် အာရှနိုင်ငံများအပါအဝင် တစ်ကမ္ဘာလုံးတွင် လက်ရှိ သတိပြုစောင့်ကြည့်နေရသော အခြေအနေဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဟန်တာဗိုင်းရပ်စ် ကူးစက်ရောဂါသည် Hantaviridae မျိုးရင်းဝင် ဗိုင်းရပ်စ်များကြောင့် ဖြစ်ပွါးခြင်းဖြစ်သည်။ ကမ္ဘာ့ဒေသအသီးသီးတွင် ဟန်တာဗိုင်းရပ်စ် အမျိုးအစား ကွဲပြားစွာ တည်ရှိကြသည်။ အချို့သော အမျိုးအစားများသည် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေပြီး၊ အချို့မှာ ကျောက်ကပ်ကို အဓိကထိခိုက်စေသည်။ အဓိကတွေ့ရသော အမျိုးအစားများမှာ_
- အမေရိကတိုက်များတွင် Sin Nombre ဗိုင်းရပ်စ်၊ Andes ဗိုင်းရပ်စ်နှင့် Black Creek Canal ဗိုင်းရပ်စ်မျိုးကွဲများကို တွေ့ရပြီး၊ ထိုဗိုင်းရပ်စ်များသည် အဆုတ်နှင့် အသက်ရှူလမ်းကြောင်းကို ထိခိုက်ရောင်ရမ်းစေသည်
- ဥရောပနှင့် အာရှတိုက်တွင်မူ Hantaan ဗိုင်းရပ်စ်၊ Seoul ဗိုင်းရပ်စ်၊ Puumala ဗိုင်းရပ်စ်နှင့် Dobrava-Belgrade ဗိုင်းရပ်စ်မျိုးကွဲများကို တွေ့ရကာ ၎င်းတို့သည် အဖျားကြီးခြင်း၊ ခန္ဓာကိုယ်အနှံ့ သွေးထွက်ခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းတို့ကို ဖြစ်စေနိုင်သည်
ထိုဗိုင်းရပ်စ်များကို ကြွက်နှင့် ကိုက်ဖြတ်သတ္တဝါများ၏ ကိုယ်ခန္ဓာတွင်း၌ တွေ့ရသော်လည်း ထိုတိရိစ္ဆာန်များသည် ရောဂါပိုး သယ်ဆောင်သူများ (Carrier) အနေဖြင့်သာရှိပြီး ၎င်းတို့တွင် ရောဂါဖြစ်ပွါးခြင်းမရှိပါ။
ရောဂါကူးစက်ပုံနည်းလမ်းများ
ကြွက်နှင့် ကိုက်ဖြတ်သတ္တဝါများ၏ ဆီး၊ မစင် သို့မဟုတ် တံတွေးတို့တွင် ပါဝင်နေသော ဗိုင်းရပ်စ်ပိုးသည် အောက်ပါနည်းလမ်းများနှင့် ထိတွေ့မိရာမှတစ်ဆင့် အဓိကကူးစက်ခံရသည်။
- ဗိုင်းရပ်စ်ပါသော အမှုန်အမွှားများကို ရှူမိခြင်း – အများဆုံးကူးစက်သော နည်းလမ်းဖြစ်သည်
- အိမ်တွင်းရှိ ကြွက်ချေးများကို တံမြက်စည်းဖြင့် လှည်းမိခြင်း
- ဖုန်ထူသော ပစ္စည်းသိုလှောင်ခန်းများကို သန့်ရှင်းရေးလုပ်ခြင်း
- လူမနေဘဲ စွန့်ပစ်ထားသော အဆောက်အအုံများအတွင်းသို့ ဝင်ရောက်ခြင်း
- ကျီများ၊ ဂိုဒေါင်များ သို့မဟုတ် ကောက်ပဲသီးနှံ သိုလှောင်ရုံများကို သန့်ရှင်းရေးလုပ်ခြင်း
- ရောဂါပိုးပါသော ဖုန်မှုန့်များ လေထဲတွင် ပျံ့လွင့်နေစဉ် ရှူမိခြင်း စသည်တို့ကြောင့် ကူးစက်နိုင်သည်
- မသန့်ရှင်းသော အစားအစာများကို စားမိခြင်း – ပိုးပါသော ဆီး၊ မစင်နှင့် တံတွေးများနှင့် ထိတွေ့မိသော အစားအစာများကို စားသုံးမိခြင်း
- လက်မှ ကူးစက်ခြင်း – ကြွက်၏ ဆီး၊ မစင် သို့မဟုတ် တံတွေးတို့ကို ကိုင်တွယ်မိပြီးနောက် နှာခေါင်း၊ ပါးစပ် သို့မဟုတ် မျက်လုံးတို့ကို ပြန်လည်ထိကိုင်မိခြင်း
- ကြွက်ကိုက်ခံရခြင်း – ဖြစ်လေ့ဖြစ်ထနည်းသော်လည်း ကူးစက်နိုင်ခြေရှိသည်
- လူအချင်းချင်း ကူးစက်ခြင်း – အလွန်ပင် တွေ့ရခဲသည်၊ ဟန်တာဗိုင်းရပ်စ် အများစုသည် လူအချင်းချင်း ကူးစက်ခြင်း မရှိသော်လည်း ခြွင်းချက်အနေဖြင့် တောင်အမေရိကရှိ Andes ဗိုင်းရပ်စ်မျိုးကွဲသည် လူအချင်းချင်း ကူးစက်နိုင်ခြေ အနည်းငယ်ရှိသည်ဟုဆိုသည်
ဖြစ်နိုင်ခြေများသော အခြေအနေများ
ကြွက်နှင့် ကိုက်ဖြတ်သတ္တဝါများနှင့် ထိတွေ့နိုင်ခြေများသော အလုပ်အကိုင်များသည် ရောဂါကူးစက်နိုင်ခြေ ပိုများစေသည်။
- လယ်သမားများနှင့် စိုက်ပျိုးရေးလုပ်သားများ
- ကောက်ပဲသီးနှံ သိုလှောင်ရုံနှင့် ဂိုဒေါင်များရှိ လုပ်သားများ
- ဆောက်လုပ်ရေးလုပ်သားများ
- သစ်တောလုပ်သားများ
- တောတွင်းခရီးသွားများနှင့် စခန်းချသူများ၊ တောင်တက်သူများ
- ကာလရှည်ကြာအသုံးမပြုဘဲ ပိတ်ထားသော အဆောက်အအုံများကို သန့်ရှင်းရေးလုပ်သူများ
- ကြွက်များ ထူထပ်စွာ နေထိုင်သော အိမ်များတွင် နေထိုင်သူများ
- ပိုးမွှားနှင့်ကြွက် နှိမ်နင်းရေးလုပ်သားများ
- ရောဂါပိုးရှိသော နမူနာများကို ကိုင်တွယ်ရသည့် ဓာတ်ခွဲခန်းလုပ်သားများ
ရောဂါလက္ခဏာများ
ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ရောဂါလက္ခဏာများသည် များသောအားဖြင့် (၁)ပတ် မှ (၈)ပတ်အတွင်း စတင်ပေါ်လာတတ်သည်။ ကနဦးလက္ခဏာများသည် အခြားဗိုင်းရပ်စ်ရောဂါများနှင့် ဆင်တူနေတတ်သဖြင့် ခွဲရခက်ခဲနိုင်သည်။
ကနဦးလက္ခဏာများ
- ချမ်းတုန်၍ဖျားခြင်း
- ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း (အထူးသဖြင့် ကျောကုန်း၊ ပေါင်နှင့် ပုခုံးများ)
- အလွန်အမင်းနုံးချည့်ခြင်း
- မူးဝေခြင်း
- ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်းတို့ဖြစ်သည်။
ပြင်းထန်သောလက္ခဏာများ
ဟန်တာဗိုင်းရပ်စ်သည် မျိုးကွဲပေါ် မူတည်၍ အောက်ပါ ပြင်းထန်သော ရောဂါပုံစံနှစ်မျိုး ဖြစ်စေနိုင်သည်။
- ဟန်တာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါစု (Hantavirus pulmonary syndrome)
အမေရိကတိုက်များတွင် တွေ့ရသော မျိုးစိတ်များကြောင့် အဓိကဖြစ်ပွါးသည်။ ဗိုင်းရပ်စ်ပိုးများသည် အဆုတ်သို့ ရောက်သောအခါ အဆုတ်သွေးကြောငယ်များတွင်း ထိုးဖောက်ဝင်ရောက်ပြီး သွေးကြောများကို ရောင်ရမ်းစေသည်။ သွေးကြောငယ်များမှ အရည်များကို စိမ့်ထွက်စေသောကြောင့် အဆုတ်တွင်း ရေစုခြင်း (Pulmonary edema) ကို ဖြစ်စေပြီး အဆုတ်နှင့်နှလုံးကို ထိခိုက်စေသည်။- တွေ့နိုင်သော ရောဂါလက္ခဏာများမှာ_
- ချောင်းဆိုးခြင်း
- အသက်ရှူမဝခြင်း၊ အသက်ရှူကျပ်ခြင်း
- အသက်ရှူမြန်ခြင်း
- ရင်ဘတ်အောင့်ခြင်း
- သွေးပေါင်ကျခြင်း
- သွေးလန့်ခြင်း (Shock) စသည်တို့ဖြစ်သည်။
- အဆိုပါလက္ခဏာများသည် အချိန်တိုအတွင်း လျင်မြန်စွာ ဆိုးရွားလာနိုင်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်သည်။
- တွေ့နိုင်သော ရောဂါလက္ခဏာများမှာ_
- အဖျားကြီး၍ ခန္ဓာကိုယ်တွင်း သွေးယိုကာ ကျောက်ကပ်ထိခိုက်စေသည့် ရောဂါစု (Hemorrhagic fever with renal syndrome)
အာရှ၊ အာဖရိကနှင့် ဥရောပတိုက်များတွင် ပိုဖြစ်ပွါးသည်ကို တွေ့ရပြီး ကျောက်ကပ်ကို အဓိကထိခိုက်စေသည်။ ရောဂါလက္ခဏာများမှာ_- အဖျားကြီးခြင်း
- မျက်နှာနီမြန်းခြင်း၊ မျက်လုံးနီခြင်း
- အရေပြားပေါ်တွင် သွေးခြေဥအစက်များ (Petechiae) ပေါ်လာခြင်း
- သွေးလန့်ခြင်း (Shock)
- ဆီးသွားနည်းခြင်း
- ကျောက်ကပ် ပျက်စီးခြင်း
- ကိုယ်ခန္ဓာအတွင်း အရည်များ စုပုံလာခြင်းတို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
ဖြစ်ပွါးစေသော ဗိုင်းရပ်စ်မျိုးကွဲများပေါ် မူတည်ပြီး ပြင်းထန်၍ အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲပြဿနာများ လျင်မြန်စွာ ဖြစ်ပေါ်လာနိုင်သည်။
- အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ – ပြင်းထန်အဆုတ်ရောင်ရောဂါ ဖြစ်ပွါးခြင်း၊ အသက်ရှူလုပ်ငန်း ရုတ်တရက် ပျက်စီးခြင်း (Acute respiratory failure)
- ကျောက်ကပ်ဆိုင်ရာ ပြဿနာများ – ကျောက်ကပ်လုပ်ငန်း ရုတ်တရက်ပျက်စီးခြင်း (Acute kidney injury)
- နှလုံးနှင့် သွေးကြောဆိုင်ရာ ပြဿနာများ – သွေးလန့်ခြင်း (Shock) ရခြင်း၊ နှလုံးလုပ်ငန်း ပျက်စီးခြင်း
- သွေးယိုစိမ့်မှုဆိုင်ရာ ပြဿနာများ – သွေးခဲစနစ် ပျက်စီးမှုကြောင့် ခန္ဓာကိုယ်အနှံ့ သွေးယိုစီးခြင်း (Disseminated intravascular coagulation) (ရှားပါးသော်လည်း ဖြစ်ပွါးနိုင်သည်)
- အခြားပြဿနာများ – ကိုယ်တွင်းအင်္ဂါများ ထိခိုက်ပျက်စီးခြင်း (Multi-organ failure)
ဆေးရုံ၊ ဆေးခန်းပြသရန်
ကြွက်အပါအဝင် ကိုက်ဖြတ်သတ္တဝါများနှင့် ထိတွေ့မှုရှိခဲ့ခြင်း၊ ရောဂါဖြစ်ပွါးမှုရှိသော ဒေသများသို့ ခရီးသွားခြင်းတို့ရှိပါက အောက်ပါလက္ခဏာများ ခံစားရလျှင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းများ၌ ချက်ချင်းပြသသင့်သည်။
- ဖျားခြင်း၊ တစ်ကိုယ်လုံး အပြင်းအထန် ကိုက်ခဲခြင်း
- အသက်ရှူမဝခြင်း
- အဆက်မပြတ် အန်ခြင်း
- ဗိုက် အပြင်းအထန်နာခြင်း
- ဆီးသွားနည်းသွားခြင်း
- ကိုယ်လက်များ ဖောရောင်လာခြင်း
- မူးဝေခြင်း သို့မဟုတ် သတိလစ်ခြင်း
- သွေးယိုစိမ့်ခြင်း (ဥပမာ – သွားဖုံးသွေးယိုခြင်း၊ အရေပြားပေါ် သွေးခြေဥခြင်း)
- စိတ်ရှုပ်ထွေးခြင်း
- ရောဂါအခြေအနေ လျင်မြန်စွာ ဆိုးရွားလာခြင်း
အောက်ပါအရေးပေါ်လက္ခဏာများ ရှိပါက ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက်ရန် လိုအပ်သည်။
- အသက်ရှူရန် အလွန်ခက်ခဲခြင်း
- အလွန်အမင်း အားအင်ကုန်ခမ်းခြင်း
- သတိလစ်ခြင်း၊ မေ့လဲခြင်း
- ရင်ဘတ်အောင့်ခြင်း
- သွေးလန့်ခြင်း (Shock) ၏ လက္ခဏာများ (ဥပမာ – ဂနာမငြိမ်ဖြစ်ခြင်း၊ လက်ဖျားခြေဖျားအေးစက်ခြင်း)
ရောဂါရှာဖွေခြင်း
ဟန်တာဗိုင်းရပ်စ်၏ ကနဦးလက္ခဏာများသည် တုပ်ကွေး၊ ကိုဗစ် ၁၉၊ သွေးလွန်တုပ်ကွေး၊ သွေးဆိပ်တက်ခြင်း စသည့်ရောဂါများနှင့် ဆင်တူသောကြောင့် ရောဂါရှာဖွေရန် ခက်ခဲနိုင်သည်။ ဆရာဝန်များသည် လူနာ၏ရောဂါလက္ခဏာများကို စစ်ဆေး၍ ကြွက်များ သို့မဟုတ် ၎င်းတို့၏ စွန့်ပစ်ပစ္စည်းများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်၊ ရောဂါဖြစ်သောဒေသများသို့ ခရီးသွားထားခြင်းနှင့် ရောဂါဖြစ်နိုင်ခြေများသော လုပ်ငန်းများ လုပ်ကိုင်ခြင်း စသည့်အချက်များပေါ် မူတည်၍ ဟန်တာဗိုင်းရပ်စ် ဖြစ်နိုင်ခြေကို တွက်ဆမည်ဖြစ်သည်။
ဟန်တာဗိုင်းရပ်စ်ပိုး အတည်ပြုစစ်ဆေးခြင်း
- သွေးတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရပြီး တုံ့ပြန်ထွက်လာသော ပဋိပစ္စည်းများစစ်ဆေးခြင်း – IgM, IgG ပဋိပစ္စည်းပမာဏများ မြင့်တက်လာခြင်းကို စစ်ဆေးခြင်းဖြစ်သည်
- ဗိုင်းရပ်စ်မျိုးဗီဇစစ်ဆေးခြင်း – ရောဂါကူးစက်ခါစအချိန်တွင် ဗိုင်းရပ်စ်၏မျိုးဗီဇ (DNA) ကို သွေးထဲ၌ Reverse Transcriptase Polymerase Chain Reaction (RT-PCR) နည်းလမ်းဖြင့် စစ်ဆေးနိုင်သည်
- သွေးနမူနာများသည် ကူးစက်နိုင်ခြေ (Biohazard risk) ရှိသဖြင့် စစ်ဆေးစဥ် ဓာတ်ခွဲခန်းဝန်ထမ်းများ ကူးစက်ခံရမှုကို ကာကွယ်ရန်အတွက် ပြည်တွင်း သို့မဟုတ် နိုင်ငံတကာသို့ စစ်ဆေးရန် ပို့ဆောင်ရာ၌ စနစ်တကျ ထုတ်ပိုး၍ ပို့ဆောင်ရန် လိုအပ်သလို ဓာတ်ခွဲခန်းလုံခြုံရေး အဆင့်များကို မြှင့်တင်ရန် လိုအပ်သည်
ကိုယ်တွင်းအင်္ဂါများ၏ လုပ်ငန်းများ စစ်ဆေးခြင်း
- သွေးဆဲလ် အရေအတွက် စစ်ဆေးခြင်း (Complete Blood Count)
- သွေးမွှားဥ အရေအတွက် စစ်ဆေးခြင်း (Platelet count) – သွေးဥမွှားလျော့နည်းခြင်းကို စစ်ဆေးရန်
- ကျောက်ကပ်လုပ်ငန်း စစ်ဆေးခြင်း (Kidney function tests) – ကျောက်ကပ်လုပ်ငန်း ကျဆင်းခြင်းကို သိရှိရန်
- အသည်းလုပ်ငန်း စစ်ဆေးခြင်း (Liver function tests)
- ကိုယ်တွင်း သက်စောင့်ဓာတ်များ စစ်ဆေးခြင်း (Electrolytes)
- သွေးခဲစနစ် စစ်ဆေးခြင်း (Clotting profile)
- ပုံရိပ်ဖော် စစ်ဆေးခြင်း (Imaging)
- အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ ရှိပါက_
- ရင်ဘတ် ဓာတ်မှန်ရိုက်ခြင်း (Chest X-ray)
- လိုအပ်ပါက ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း (CT scan) – အဆုတ်အတွင်း အရည်ဝင်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်း ရှိမရှိ ကြည့်ရှုရန်
ကုသခြင်း
ဟန်တာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာအများစုအတွက် သီးသန့်ကုသနိုင်သော ဗိုင်းရပ်စ်ပိုးသတ်ဆေးဝါးများ သို့မဟုတ် ပျောက်ကင်းအောင် ကုသနိုင်သည့် နည်းလမ်း တိတိကျကျ မရှိသေးပါ။ ကုသမှုသည် အဓိကအားဖြင့် ရောဂါကို စောစီးစွာ သံသယထား၍ ရှာဖွေကာ ဆေးရုံတွင် လူနာ၏ ဝေဒနာသက်သာစေရန်နှင့် ကိုယ်တွင်းအင်္ဂါများ ပုံမှန် အလုပ်လုပ်နိုင်ရန် ပံ့ပိုးပေးသော ကုသမှုများ (Supportive treatment) ပေးခြင်းသာဖြစ်သည်။
ပံ့ပိုးကူညီကုသမှုများ (Supportive therapy)
- ဆေးရုံတွင် အနီးကပ် စောင့်ကြည့် ကုသခြင်း
- အောက်ဆီဂျင်နည်းသော လူနာများတွင် အောက်ဆီဂျင်ပေးခြင်း
- သွေးကြောထဲသို့ အပ်မှတစ်ဆင့် ဆေးရည်နှင့် ဆေးဝါးများ ထည့်သွင်းခြင်း (စနစ်တကျ တွက်ချက် စီမံရန် လိုအပ်သည်)
- သွေးပေါင်ချိန် တည်ငြိမ်အောင် ထိန်းညှိပေးခြင်း
- ပြင်းထန်လက္ခဏာရှိသူများကို အထူးကြပ်မတ် ကုသဆောင် (ICU) တွင် ချက်ချင်းကုသခြင်း
- အသက်ရှူလမ်းကြောင်း ပျက်စီးပါက အသက်ရှူပိုက်ထည့်၍ အသက်ရှူစက်တပ်ဆင် အသုံးပြုခြင်း
- အဆုတ်နှင့် နှလုံးလုပ်ငန်း ပျက်စီးခြင်းအတွက် ECMO စက်တပ်၍ ထောက်ပံ့ပေးခြင်း
- ကျောက်ကပ်ပျက်စီးပါက ကျောက်ကပ်ဆေးခြင်း (Dialysis)
ကာကွယ်ခြင်း
ရောဂါကာကွယ်ရန်အတွက် အဓိကနည်းလမ်းမှာ ကြွက်အပါအဝင် ကိုက်ဖြတ်သတ္တဝါများနှင့် ထိတွေ့မှုကို ရှောင်ကြဉ်ခြင်းဖြစ်သည်။
- ကြွက်နှိမ်နင်းခြင်းနှင့် ထိန်းချုပ်ခြင်း
- အိမ်ရှိ ဝင်ပေါက်၊ ထွက်ပေါက်များမှ အပေါက်အပြဲများကို ပိတ်ဆို့ခြင်း
- ကြွက်များ အိမ်ထဲသို့ မဝင်နိုင်အောင် ကာကွယ်ခြင်း
- အစားအစာများကို စနစ်တကျ ဖုံးအုပ် သိမ်းဆည်းခြင်း
- အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်း
- ကြွက်သိုက် ပြုလုပ်နိုင်သော ပစ္စည်းများကို ဖယ်ရှားခြင်း
- ဘေးကင်းစွာ သန့်ရှင်းရေး ပြုလုပ်နည်း
- ကြွက်ချေးများကို သိမ်းဆည်းစွန့်ပစ်ရာတွင် ခြောက်သွေ့နေသော ကြက်ချေးများအား တံမြက်စည်းဖြင့် လှည်းခြင်း သို့မဟုတ် ဖုန်စုပ်စက်ဖြင့် စုပ်ခြင်းမျိုး (လုံးဝ) မပြုလုပ်ရပါ
- အစားထိုး ပြုလုပ်ရမည့် နည်းလမ်းများမှာ_
- လက်အိတ်စွပ်ပါ
- သန့်ရှင်းရေး မလုပ်မီ ပြတင်းပေါက်များကို အရင် ဖွင့်ထားပါ
- ညစ်ညမ်းနေသော နေရာများကို အိမ်သုံးသန့်စင်ဆေးရည် သို့မဟုတ် အရက်ပြန်ဖြင့် ဖျန်းပါ
- မိနစ်အနည်းငယ်ကြာအောင် ထားပါ
- တစ်ခါသုံး စက္ကူ သို့မဟုတ် အဝတ်ဖြင့် သုတ်ဖယ်ပါ
- သန့်ရှင်းရေး လုပ်ပြီးနောက် လက်ကို စင်ကြယ်စွာ ဆေးကြောပါ
- တစ်ကိုယ်ရေ ကာကွယ်ရေး
ရောဂါကူးစက်နိုင်ခြေ မြင့်မားသော နေရာများတွင် အလုပ်လုပ်ကိုင်သူများ အနေဖြင့်-- လိုအပ်ပါက နှာခေါင်းစည်း (Mask/Respirator) တပ်ဆင်ပါ
- လက်အိတ်စွပ်ပါ
- ကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်ပါ
- အစားအသောက် ဘေးကင်းရေး
- အစားအစာများကို အမြဲ ဖုံးအုပ်ထားပါ
- ကြွက်များကြောင့် ညစ်ညမ်းစေနိုင်သော အစားအစာများကို ရှောင်ကြဉ်ပါ
- ကောက်ပဲသီးနှံများကို စနစ်တကျ သိုလှောင်ပါ
- ခရီးသွားလာရာတွင် သတိပြုရန်အချက်များ
- ကြွက်သိုက်များ ရှိနိုင်သော နေရာများအနီးတွင် အိပ်စက်ခြင်းကို ရှောင်ကြဉ်ပါ
- ခရီးသွား စခန်းချနားသည့်နေရာများကို သန့်ရှင်းအောင် ထားပါ
- အစားအစာများကို လုံခြုံစွာ သိမ်းဆည်းပါ
အချုပ်အားဖြင့် ဟန်တာဗိုင်းရပ်စ် ကူးစက်ရောဂါသည် ဖြစ်ပွါးမှု အလွန်ရှားပါးသော်လည်း ကူးစက်ပါက ပြင်းထန်သော အခြေအနေသို့ ရောက်ရှိနိုင်သည်။ ရောဂါ၏ ကနဦးလက္ခဏာများသည် သာမန် ဖျားနာခြင်းနှင့် ဆင်တူသဖြင့် မကြာသေးမီကာလအတွင်း ကြွက်များနှင့် ထိတွေ့ခဲ့ဖူးသည့် ရာဇဝင်ရှိခြင်း၊ ရောဂါဖြစ်ပွါးသော ဒေသများသို့ ခရီးလှည့်လည်သွားလာခြင်းတို့သည် ရောဂါရှာဖွေရန် အလွန်အရေးကြီးသော အချက်ဖြစ်သည်။ အသက်ရှူရ ခက်ခဲခြင်း သို့မဟုတ် ဆီးသွားနည်းခြင်းတို့ ဖြစ်ပေါ်လာပါက အချိန်မီဆေးကုသမှု ခံယူခြင်းဖြင့် အသက်သေဆုံးမှုများကို လျော့နည်းစေနိုင်သည်။
References:
- World Health Organization (WHO). (n.d.). Hantavirus. Retrieved May 8, 2026, from https://www.who.int/news-room/fact-sheets/detail/hantavirus
- World Health Organization (WHO). (2026). Disease outbreak news: Hantavirus outbreak — 2026. Retrieved May 8, 2026, from https://www.who.int/emergencies/disease-outbreak-news/item/2026-DON599
- JAMA Network. (2025). Hantavirus pulmonary syndrome. JAMA. Retrieved May 8, 2026, from https://jamanetwork.com/journals/jama/fullarticle/2834395
- Mayo Clinic. (n.d.). Hantavirus pulmonary syndrome. Retrieved May 8, 2026, from https://www.mayoclinic.org/diseases-conditions/hantavirus-pulmonary-syndrome/symptoms-causes/syc-20351838
- NPR. (2026, May 7). Hantavirus likely not the next COVID. Retrieved May 8, 2026, from https://www.npr.org/2026/05/07/nx-s1-5814761/hantavirus-likely-not-the-next-covid
Published: 24 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.