ဆယ်ကျော်သက်အရွယ်သည် ခန္ဓာကိုယ်အလျင်အမြန် ကြီးထွားဖွံ့ဖြိုးသည့် အချိန်ကာလဖြစ်ပြီး ဤသို့ပြောင်းလဲချိန်တွင် ကျန်းမာရေးပြဿနာအချို့နှင့် ကြုံတွေ့ရတတ်သည်။ ရှားပါးသော်လည်း ခက်ခဲရှုပ်ထွေးသည့် ပြဿနာတစ်ခုမှာ ပေါင်ထိပ်အရိုးနုခေါင်း ချော်ထွက်ခြင်း (Slipped Capital Femoral Epiphysis – SCFE) ဟုခေါ်သော တင်ပါးဆုံဆစ်ဆိုင်ရာ ရောဂါတစ်ခုဖြစ်သည်။
ပေါင်ရိုးကဲ့သို့သော အရိုးရှည်များသည် ၎င်းတို့၏ လုံးဝန်းသော ထိပ်ပိုင်းများတွင်ရှိသည့် အရိုးကြီးထွားမှုဇုန် (Growth Plate) မှတစ်ဆင့် တစ်ရှူးအသစ်များကို ဖြစ်ပေါ်စေသည်။ ဤအရိုးတစ်ရှူးအသစ်များသည် ကနဦးတွင် အရိုးနု (Cartilage) အဖြစ် စတင်ဖြစ်ပေါ်သောကြောင့် အခြားရင့်သန်ပြီးသား အရိုးတစ်ရှူးများထက် ပိုမိုနုနယ်ကာ အားနည်းသည်။ ဤရောဂါသည် အရိုးကြီးထွားမှု မပြီးပြည့်စုံသေး၍ နုနယ်အားနည်းနေသေးသော အရိုးကြီးထွားမှုဇုန်နေရာမှတစ်ဆင့် ပေါင်ရိုးအစွန်းပိုင်းရှိ ပေါင်ရိုးထိပ်ပိုင်းအလုံး (Epiphysis) သည် အရိုးတံမှ အောက်ဘက်နှင့် နောက်ဘက်သို့ ချော်ထွက်သွားခြင်းကြောင့် ဖြစ်ပွါးခြင်းဖြစ်သည်။ ဤသို့ဖြစ်ပွါးပါက ထပ်မံချော်မထွက်သွားစေရန်နှင့် မူလနေရာသို့ ပြန်လည်ပြုပြင်ရန်အတွက် ခွဲစိတ်ကုသမှုခံယူရန် လိုအပ်မည်ဖြစ်သည်။ ဤရောဂါကို စောစီးစွာ ရှာဖွေတွေ့ရှိပြီး စနစ်တကျ ကုသမှုခံယူပါက နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်သည်။
တင်ပါးဆုံအဆစ်သည် အရပ်မျက်နှာဖက်ပေါင်းစုံ လှုပ်ရှားမှု ပြုလုပ်နိုင်သော ဆုံလည်အဆစ် (Ball and Socket Joint) တစ်ခုဖြစ်သည်။
အရိုးခွက် (Socket) ပိုင်းကို တင်ပါးဆုံရိုးကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော တင်ပါးဆုံအဆစ်ခွက် (Acetabulum) ဖြင့် ဖွဲ့စည်းထားသည်။
အလုံး (Ball) ပိုင်းမှာ ပေါင်ရိုး၏ အပေါ်ဘက်အဆုံးပိုင်းဖြစ်သော ပေါင်ထိပ်ရိုးခေါင်း (Femoral head) ဖြစ်သည်။ ကလေးငယ်များတွင် အရိုး၏ကြီးထွားမှုသည် ကြီးထွားမှုအလွှာ (Growth plate/Physis) ဟုခေါ်သော အရိုးနုများဖြစ်ထွန်းရာ အရိုး၏ထိပ်စွန်းတစ်ဖက်စီတွင် ဖြစ်ပေါ်သည်။ ကြီးထွားမှုအလွှာများသည် အရိုးတံ၏ ကျယ်ပြန့်သောအပိုင်း (Metaphysis) နှင့် အရိုး၏အစွန်းပိုင်း (Epiphysis) တို့အကြားတွင် တည်ရှိသည်။ ပေါင်ရိုးအပေါ်ဘက်အစွန်းပိုင်း(Epiphysis) သည် နောင်တွင် ပေါင်ရိုးထိပ်ပိုင်းအလုံး (Femoral head) ဖြစ်လာမည့် ကြီးထွားမှုဗဟိုချက်ဖြစ်သည်။
ပေါင်ထိပ်အရိုးနုခေါင်း ချော်ထွက်ခြင်း အမျိုးအစားများ
ဝေဒနာဖြစ်ပွါးနေသော တင်ပါးဆုံသည် ကိုယ်အလေးချိန်ကိုခံနိုင်ခြင်း ရှိမရှိနှင့် ၎င်း၏တည်ငြိမ်မှုအပေါ် မူတည်၍ ပေါင်ထိပ်အရိုးနုခေါင်း ချော်ထွက်ခြင်းကို အောက်ပါအတိုင်း အမျိုးအစား နှစ်မျိုး ခွဲခြားထားသည်။
- တည်ငြိမ်သော အဆင့် (Stable SCFE)
ဤအဆင့်တွင် လူနာသည် ချိုင်းထောက်ဖြင့်ဖြစ်စေ၊ ချိုင်းထောက်မပါဘဲဖြစ်စေ ဝေဒနာဖြစ်ပွါးနေသော တင်ပါးဆုံပေါ်သို့ ကိုယ်အလေးချိန်အားပြုပြီး လမ်းလျှောက်နိုင်သေးသည်။ ၎င်းမှာ ကလေးအများစုတွင် ဖြစ်ပွါးလေ့ရှိသော အမျိုးအစားဖြစ်ပြီး ရောဂါလက္ခဏာများ တဖြည်းဖြည်းချင်း ပေါ်ပေါက်လာတတ်သည်။ - မတည်ငြိမ်သော အဆင့် (Unstable SCFE)
ဤအဆင့်မှာ ပေါင်ထိပ်အရိုးနုခေါင်းသည် မူလနေရာမှ အလွန်အမင်း လွဲချော်သွားသည့် အခြေအနေဖြစ်သည်။ ၎င်းသည် ပြင်းထန်သော နာကျင်မှုကို ဖြစ်စေပြီး ကလေးငယ်သည် လမ်းလျှောက်ရန် သို့မဟုတ် ၎င်းတင်ပါးဆုံပေါ်သို့ အလေးချိန်အားပြုရန် လုံးဝ မခံနိုင်တော့သည့် အခြေအနေဖြစ်သည်။ ဤအမျိုးအစားသည် အရေးပေါ် ကုသမှုခံယူရန် လိုအပ်ပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်ခြေလည်း ပိုမိုမြင့်မားသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဖြစ်ပွါးရသည့်အကြောင်းရင်းကို တိတိကျကျ မသိရှိပါ။ ပေါင်ထိပ်အရိုးနုခေါင်း ချော်ထွက်ခြင်း (SCFE) ဖြစ်ပွါးရခြင်းမှာ များသောအားဖြင့် အကြောင်းရင်းတစ်ခုတည်းကြောင့် မဟုတ်ကြောင်း တွေ့ရသည်။ အရိုးများ အလျင်အမြန် ကြီးထွားလာခြင်းနှင့် အရိုးကြီးထွားမှုဇုန် (Growth Plate) အားနည်းခြင်းတို့သည် အဓိကအခြေခံအကြောင်းရင်းများ ဖြစ်သော်လည်း အောက်ပါအချက်များက ဤအခြေအနေကို ပိုမိုဖြစ်ပွါးစေနိုင်သည်။
- ကလေးဘဝ အဝလွန်ခြင်း (Childhood obesity)
ပေါင်ထိပ်အရိုးနုခေါင်း ပြုတ်ထွက်ခြင်း (SCFE) ဖြစ်ပွါးသော ဆယ်ကျော်သက် အများစုတွင် ၎င်းတို့၏ အသက်အရွယ်အလိုက် ရှိသင့်သော ခန္ဓာကိုယ်အလေးချိန်ညွှန်းကိန်း (BMI) မှာ ၉၅ ရာခိုင်နှုန်းထက် ကျော်လွန်နေသည်ကို တွေ့ရသည်။ - ရုတ်တရက် အလျင်အမြန် ကြီးထွားခြင်း (Growth spurts)
အရိုးများ အလျင်အမြန် ရှည်ထွက်လာသော အချိန်များတွင် ဤဝေဒနာ ဖြစ်ပွါးလေ့ရှိသည်။ - ဟော်မုန်းပြောင်းလဲမှုများ (Hormones)
လူပျို၊ အပျိုဖော်ဝင်ခြင်းနှင့် အဝလွန်ခြင်းတို့သည် ကလေး၏ ဟော်မုန်းပမာဏကို ပြောင်းလဲစေနိုင်သည်။ ၎င်းသည် အရိုးများ၏ ကြီးထွားမှုနှင့် သန်စွမ်းမှုကို သက်ရောက်မှုရှိစေသည်။ ထို့အပြင် အချို့သော ပြန်ရည်ကျိတ် (Endocrine) ရောဂါများနှင့်လည်း ဆက်စပ်မှု ရှိနိုင်သည်။ [ဥပမာ – သိုင်းရွိုက်ဟော်မုန်း နည်းပါးခြင်း (hypothyroidism) သို့မဟုတ် သိုင်းရွိုက်ဟော်မုန်း လွန်ကဲခြင်း (hyperthyroidism)] - ထိခိုက်ဒဏ်ရာရခြင်း (Injuries)
ချော်လဲခြင်း သို့မဟုတ် တင်ပါးဆုံကို ပြင်းထန်စွာ ရိုက်မိခြင်းတို့သည် ပေါင်ထိပ်အရိုးနုခေါင်း ပြုတ်ထွက်ခြင်းကို စတင်ဖြစ်ပေါ်စေနိုင်သလို ပိုမိုဆိုးရွားသွားစေနိုင်သည်။ - ပုံမှန်မဟုတ်သော တင်ပါးဆုံ တည်ဆောက်ပုံများ
တင်ပါးဆုံအဆစ် မမှန်ကန်ခြင်း (Hip dysplasia) ကဲ့သို့သော ပြဿနာများသည် အဆစ်များပေါ်တွင် ဝန်ပိစေသည်။ - မျိုးဗီဇ (Genes)
မိသားစုဝင်များအတွင်း ရောဂါဖြစ်ဖူးသော ရာဇဝင်ရှိပါက ကလေးတွင်လည်း ဖြစ်နိုင်ခြေ ပိုများသည်။
ဖြစ်ပွါးနိုင်ခြေများသူများ
ပေါင်ထိပ်အရိုးနုခေါင်း ချော်ထွက်ခြင်း (SCFE) ရောဂါသည် ဖြစ်ပွါးမှုနှုန်း နည်းပါးသော်လည်း စိုးရိမ်ရသော အခြေအနေတစ်ရပ်ဖြစ်သည်။ ကလေးအယောက် ၁၀၀,၀၀၀ လျှင် ၁ ဦး မှ ၃ဦးခန့်သာ ဖြစ်ပွါးလေ့ရှိသည်။ ဤရောဂါသည် အများအားဖြင့် လူပျို၊ အပျိုဖော်ဝင်စ အရွယ်ရောက်ချိန်၌ ခန္ဓာကိုယ်ကြီးထွားနှုန်း အလွန်မြန်ဆန်သော ကလေးငယ်များတွင်သာ အဓိကဖြစ်ပွါးလေ့ရှိကြောင်း တွေ့ရှိရသည်။ မိန်းကလေးများထက် ယောကျ်ားလေးများတွင် ပိုမိုဖြစ်ပွါးလေ့ရှိသည်။ ယေဘုယျအားဖြင့် ယောကျ်ားလေးများတွင် အသက် ၁၂နှစ် မှ ၁၆နှစ်အတွင်းနှင့် မိန်းကလေးများတွင် အသက် ၁၀နှစ် မှ ၁၄နှစ်အတွင်း၌ အဖြစ်အများဆုံးဖြစ်သည်။ ၎င်းအပြင် ညာဘက်တင်ပါးဆုံထက်စာလျှင် ဘယ်ဘက်တင်ပါးဆုံတွင် ပိုမိုဖြစ်ပွါးလေ့ရှိသည်။
အကယ်၍ တစ်ဖက်တွင် ပေါင်ရိုးထိပ်ပိုင်း အဆစ်ချော်မှု ဖြစ်ပွါးခဲ့ပါက အခြားတစ်ဖက်တွင်လည်း ထပ်မံလွဲချော်နိုင်ခြေ (၂၅ – ၄၀) ရာခိုင်နှုန်းအထိ ရှိနိုင်သည်။
ရောဂါလက္ခဏာများ
ပေါင်ထိပ်အရိုးနုခေါင်း ချော်ထွက်ခြင်းရောဂါ၏ လက္ခဏာများသည် ရောဂါအခြေအနေ ပြင်းထန်မှုအပေါ် မူတည်၍ ကွဲပြားနိုင်သည်။ များသောအားဖြင့် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းချင်း ပိုမိုဆိုးရွားလာတတ်သည်။ ရောဂါသည် တင်ပါးဆုံတစ်ဖက်တွင် စတင်ဖြစ်ပွါးပြီးနောက် နောက်ပိုင်းတွင် အခြားတစ်ဖက်သို့ ကူးစက်ထိခိုက်နိုင်သည်။ အချိန်မီ မကုသပါက ပိုမိုဆိုးရွားလာနိုင်ပြီး အခြားသော နောက်ဆက်တွဲ ပြဿနာများလည်း ဖြစ်ပေါ်လာနိုင်သည်။ ရောဂါစတင်သည့် အချိန်အတိအကျကို မိဘနှင့် ကလေးကိုယ်တိုင်ပင် သတိမပြုမိဘဲ ရှိတတ်သည်။
တည်ငြိမ်သော အဆင့် (Stable SCFE) ကို ခံစားနေရသော လူနာတွင်တွေ့ရှိရတတ်သော လက္ခဏာအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။
- တင်ပါးဆုံ နာကျင်ခြင်း
- ပေါင်ခြံ နာကျင်ခြင်း
- ခြေထောက် နာကျင်ခြင်း
- ဒူးဆစ် နာကျင်ခြင်း
- ခြေထောက် ထော့နဲ့ခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော ပုံစံဖြင့် လမ်းလျှောက်ခြင်း
- လမ်းလျှောက်နေစဉ်အတွင်း တောင့်တင်းမှု ပိုမိုဆိုးရွားလာခြင်း
- ခြေထောက်တစ်ဖက်ဖြင့် ခန္ဓာကိုယ်အလေးချိန်ကိုအားပြုရန် ခက်ခဲခြင်း
- အပြေးရခက်ခြင်း သို့မဟုတ် တင်ပါးဆုံမှ ကွေးညွှတ်ရန် ခက်ခဲခြင်း
- တင်ပါးဆုံနှင့် ခြေထောက်တစ်ဖက်သည် အပြင်ဘက်သို့ လည်ထွက်နေခြင်း
- ခြေထောက်တစ်ဖက်သည် အခြားတစ်ဖက်ထက် ပိုတိုနေသကဲ့သို့ မြင်တွေ့ရခြင်း
ပိုမိုပြင်းထန်သည့် မတည်ငြိမ်သော အဆင့် (Unstable SCFE) တွင် ပေါင်ရိုးထိပ်ပိုင်းသည် ရုတ်တရက် ချော်ထွက်သွားခြင်းဖြစ်ပြီး အောက်ပါလက္ခဏာများ ပါဝင်နိုင်သည်။
- များသောအားဖြင့် ချော်လဲခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရပြီးနောက် ရုတ်တရက် ပြင်းထန်စွာ နာကျင်ခြင်း
- ဝေဒနာဖြစ်ပွါးနေသော ခြေထောက်သည် ကိုယ်အလေးချိန်ကို လုံးဝမခံနိုင်ခြင်း (လမ်းမလျှောက်နိုင်ခြင်း)
- ထိခိုက်မိသော ခြေထောက်သည် အပြင်ဘက်သို့ လည်ထွက်နေခြင်း (External rotation)
- ခြေထောက်အရှည် မညီခြင်း _ထိခိုက်မိသော ခြေထောက်သည် ကျန်းမာသော အခြားတစ်ဖက်ထက် ပို၍တိုနေသကဲ့သို့ ဖြစ်နေခြင်း
နောက်ဆက်တွဲပြဿနာများ
ပေါင်ထိပ်အရိုးနုခေါင်း ချော်ထွက်ခြင်းသည် ကလေး၏ ခန္ဓာကိုယ်လှုပ်ရှားပုံကို ပြောင်းလဲစေသည်။ ၎င်းသည် တင်ပါးဆုံအဆစ်၏ မထိခိုက်သင့်သော နေရာများအပေါ်တွင် အလေးချိန်နှင့် ဖိအားများကို ပိုမိုသက်ရောက်စေသဖြင့် အချိန်ကြာလာသည်နှင့်အမျှ အောက်ပါပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။
- တင်ပါးဆုံအဆစ်အတွင်း ထိခိုက်ပွတ်တိုက်ခြင်း (Hip Impingement)
တင်ပါးဆုံရှိ အရိုးများသည် စနစ်တကျ အံမဝင်တော့သည့်အခါ အဆစ်အတွင်း၌ ညပ်ခြင်း သို့မဟုတ် ပွတ်တိုက်ခြင်းများ ဖြစ်ပေါ်လာပြီး နာကျင်မှု ခံစားလာရသည်။ ၎င်းသည် ရေရှည်တွင် အရိုးအဆစ်ရောင်ရမ်းခြင်း (Osteoarthritis) ကို စောစီးစွာ ဖြစ်ပွါးစေနိုင်သည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ - ပေါင်ထိပ်ရိုးခေါင်းသို့ သွေးမရောက်ခြင်း (Avascular Necrosis)
လွဲချော်နေသော ပေါင်ထိပ်ရိုးပေါ်တွင် ဖိအား သို့မဟုတ် ဝန်ပိမှု များလွန်းပါက အရိုးဆီသို့သွားသော သွေးကြောများကို ပိတ်သွားစေနိုင်သည်။ ၎င်းသည် သွေးထောက်ပံ့မှု မရရှိတော့ဘဲ အရိုးတစ်ရှူးများ သေဆုံးသွားနိုင်ပြီး ပေါင်ရိုးခေါင်း ပုံသဏ္ဌာန် ပျက်စီးကာ တင်ပါးဆုံဆစ်ကို ပြင်းထန်စွာ ပျက်စီးစေနိုင်သည်။ - အရိုးနုများ ပျက်စီးခြင်း (Chondrolysis)
တင်ပါးဆုံဆစ်၏ မျက်နှာပြင်ပေါ်ရှိ အဆစ်နုများ (Articular Cartilage) သည် အလွန်လျင်မြန်စွာ ပျက်စီးသွားပြီး နာကျင်ခြင်း၊ အဆစ်တောင့်တင်းခြင်းနှင့် တင်ပါးဆုံဆစ်ကို အမြဲတမ်း လှုပ်ရှားမရတော့ခြင်းတို့ကို ဖြစ်စေနိုင်သည်။
အဆိုပါ နောက်ဆက်တွဲပြဿနာများသည် အထူးသဖြင့် မတည်ငြိမ်သော အဆင့် (Unstable SCFE) ဖြစ်ပွါးသူများတွင် ပိုမိုတွေ့ရှိရလေ့ရှိသည်။ ထို့ကြောင့် ရောဂါလက္ခဏာများကို စောစီးစွာ ရှာဖွေတွေ့ရှိပြီး ထိရောက်သော ကုသမှုခံယူရန်မှာ အလွန်အရေးကြီးသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို ခံစားရပြီး၊ ပေါင်ထိပ်အရိုးနုခေါင်း ပြုတ်ထွက်ခြင်းဟု သံသယရှိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ စမ်းသပ်စစ်ဆေးပြီး လိုအပ်ပါက အရိုးအထူးကုဆရာဝန်နှင့် လွှဲပြောင်းကုသစေမည်။
အရေးပေါ်ပြသရန်
ချော်လဲခြင်းသို့မဟုတ်ထိခိုက်ဒဏ်ရာရပြီးနောက် ပေါင်ထိပ်ရုတ်တရက်ပြင်းထန်စွာနာကျင်ခြင်း၊ ဝေဒနာဖြစ်ပွါးနေသောခြေထောက်ပေါ်သို့ ကိုယ်အလေးချိန် လုံးဝအားမပြုနိုင်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်း တို့ဖြစ်ပါက အရေးပေါ်ပြသရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
ကောင်းမွန်သော ကုသမှုရလဒ် ရရှိစေရန်အတွက် အချိန်မီ ရောဂါရှာဖွေ အတည်ပြုရန်မှာ အလွန်အရေးကြီးသည်။ ဆရာဝန်သည် ကျန်းမာရေး ရာဇဝင်နှင့် ရောဂါလက္ခဏာများ မေးမြန်းခြင်း၊ ခန္ဓာကိုယ် စမ်းသပ်ခြင်းတို့ဖြင့် ရောဂါရှာဖွေနိုင်သည်။ ဆရာဝန်သည် ဖြစ်ပေါ်နေသော အခြေအနေကို သိရှိနိုင်ရန် ကလေး၏ တင်ပါးဆုံကို ပုံစံအမျိုးမျိုးဖြင့် ညင်သာစွာ လှုပ်ရှားကြည့်ခြင်းနှင့် လမ်းလျှောက်ပုံ (Gait) ကို စစ်ဆေးခြင်းတို့ ပြုလုပ်မည်ဖြစ်သည်။ ၎င်းနောက်တွင် အမှန်တကယ် အရိုးချော်ခြင်း ရှိမရှိ အတည်ပြုရန် ပုံရိပ်ဖော် စစ်ဆေးခြင်း (Imaging) နည်းလမ်းများဖြင့် ဆက်လက် စစ်ဆေးမည်ဖြစ်သည်။
- ဓာတ်မှန်ရိုက်ခြင်း (X-ray)
- ပေါင်ထိပ်ရိုးခေါင်း (Femoral Head) ၏ ပုံသဏ္ဌာန်၊ တည်နေရာနှင့် တည်ဆောက်ပုံတို့ကို စစ်ဆေးရာတွင် ဓာတ်မှန်ရိုက်ခြင်းသည် အလွန်အသုံးဝင်သည်
- ပုံမှန်အားဖြင့် တင်ပါးဆုံ ဓာတ်မှန်ကို ရှေ့တည့်တည့် (AP View) နှင့် ဖားခြေထောက်ကဲ့သို့ ကွေး၍ရိုက်သော ပုံစံ (Frog-leg Lateral View) ဟူ၍ နှစ်မျိုး ရိုက်လေ့ရှိသည်
- အနည်းငယ်မျှ ချော်ထွက်ခြင်း (Slipping) ရှိလျှင်ပင် ကြီးထွားမှုအလွှာ (Physis) ကျယ်လာခြင်းနှင့် ပေါင်ရိုးခေါင်း နောက်သို့ စောင်းသွားခြင်း စသည့်လက္ခဏာများကို ဓာတ်မှန်တွင် တွေ့ရှိရသည်
- ဓာတ်မှန်တွင် ပေါင်ထိပ်အရိုးနုခေါင်းသည် ပေါင်ရိုးလည်တိုင် (Femoral Neck) နှင့် နှိုင်းယှဉ်ပါက မည်မျှအထိ ချော်ထွက်သွားသည် (Percentage of Slip) အပေါ် မူတည်၍ ရောဂါအခြေအနေကို အနည်းငယ်၊ အသင့်အတင့်နှင့် ပြင်းထန်ဟူ၍ အဆင့်သုံးဆင့် ခွဲခြားနိုင်သည်
- အာထရာဆောင်း (USG)
- အာထရာဆောင်း (Ultrasonography) ရိုက်ခြင်းဖြင့် ရုတ်တရက် ချော်ထွက်မှုကြောင့် တင်ပါးဆုံဆစ်အတွင်း အရည်စုခြင်း (Hip Effusion) ရှိမရှိကို သိရှိနိုင်သည်
- သံလိုက်ဓာတ်မှန် (MRI)
- သံလိုက်ဓာတ်မှန် (MRI) သည် ရိုးတွင်းခြင်ဆီအတွင်း ပြောင်းလဲမှုများကို စစ်ဆေးရန် အသင့်တော်ဆုံးဖြစ်သည်
- ၎င်းသည် ဓာတ်မှန်တွင် မပေါ်သေးသော အစောပိုင်းအဆင့် ချော်ထွက်မှုများ (Pre-slip) နှင့် သွေးမလျှောက်ခြင်းကြောင့် ပေါင်ရိုးခေါင်း ပျက်စီးခြင်း (Avascular Necrosis) တို့ကို အသေအချာ သိရှိနိုင်သော နည်းလမ်းဖြစ်သည်
- ကွန်ပျူတာဓာတ်မှန် (CT scan)
- ကွန်ပျူတာဓာတ်မှန်သည် ရှုပ်ထွေးသော ပေါင်ရိုးပုံသဏ္ဌာန်မမှန်မှုများကို ခွဲစိတ်ပြုပြင်ရန်အတွက် ကြိုတင်စီမံရာတွင် အသုံးဝင်သည်
ကုသခြင်း
ကုသမှု၏ ရည်ရွယ်ချက်များမှာ_
- အရိုးထိပ်ပိုင်း (Epiphysis) သို့ သွေးထောက်ပံ့မှု ပုံမှန်ရှိနေစေရန်
- အရိုးကြီးထွားမှုဇုန် (Physis) ကို တည်ငြိမ်မှုရှိစေရန် နှင့်
- ကြွင်းကျန်နေသော ပုံစံပျက်ယွင်းမှုများကို ပြန်လည်ပြုပြင်ရန်ဖြစ်သည်။
အဓိကအချက်မှာ အနည်းငယ်ရွေ့လျားသွားသော ပေါင်ရိုးထိပ်ပိုင်းအလုံးကို ထပ်မံ၍ချော်မထွက်သွားစေရန် တားဆီးရန်ဖြစ်သည်။ ဤကုသမှုကိုခွဲစိတ်ကုသမှုဖြင့်သာ အမြဲတစေဆောင်ရွက်သည်။ ကုသမှုနည်းလမ်းကို ရွေးချယ်ရာတွင် အရိုးမည်မျှအထိ ချော်ထွက်သွားသည်ဆိုသည့် အချက်အပေါ် မူတည်၍ ဆုံးဖြတ်ရသည်။ ခွဲစိတ်ကုသမှု၏ ပထမဆုံးနှင့် အရေးကြီးဆုံးစည်းမျဉ်းမှာ “လူနာအား မည်သည့် ထိခိုက်နစ်နာမှုမျှ ထပ်မံမဖြစ်စေရ” (Thou shalt do no harm) ဟူသောအချက်ပင်ဖြစ်သည်။
ပေါင်ထိပ်အရိုးနုခေါင်း ပြုတ်ထွက်ခြင်း (SCFE) ရောဂါရှိကြောင်းအတည်ပြုပြီးသည်နှင့် ကလေးတွင် တင်ပါးဆုံပေါ်သို့ အားပြုခြင်း (လမ်းလျှောက်ခြင်း) ကို ခွင့်ပြုတော့မည်မဟုတ်ဘဲ ဆေးရုံတက်ရန် လိုအပ်မည်ဖြစ်သည်။ အခြေအနေအများစုတွင် ရောဂါသိရှိပြီး ၂၄နာရီ မှ ၄၈နာရီအတွင်း ခွဲစိတ်ကုသမှုကို လုပ်ဆောင်လေ့ရှိသည်။
ခွဲစိတ်မှုနည်းလမ်းများ
ပေါင်ထိပ်အရိုးနုခေါင်း ပြုတ်ထွက်ခြင်းကို ခွဲစိတ်ကုသရာတွင် အသုံးပြုသော နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
- မူလနေရာတွင် ထိန်းချုပ်ခြင်း (In situ fixation)
ဤလုပ်ငန်းစဉ်သည် တည်ငြိမ်သော အဆင့် (Stable SCFE) သို့မဟုတ် အနည်းငယ်သာ ချော်ထွက်သည့် လူနာများအတွက် အသုံးအများဆုံး နည်းလမ်းဖြစ်သည်။ ပေါင်ရိုးထိပ်ပိုင်းအလုံး၏ တည်နေရာကို ထိန်းထားနိုင်ရန်နှင့် ထပ်မံချော်ထွက်ခြင်းမှ ကာကွယ်ရန်အတွက် ကြီးထွားမှုအလွှာ (growth plate) ကို ဖြတ်၍ သတ္တုဝက်အူ (metal screw) ကို ခွဲစိတ်ထည့်သွင်းပေးသည်။
အချိန်ကြာလာသည်နှင့်အမျှ ကြီးထွားမှုအလွှာသည် ပိတ်သွားမည် သို့မဟုတ် အရိုးနှင့်တစ်သားတည်း ဖြစ်သွားလိမ့်မည်။ ကြီးထွားမှုအလွှာ ပိတ်သွားပြီးသည်နှင့် ထပ်မံချော်ထွက်ခြင်း မဖြစ်နိုင်တော့ပါ။ - တင်ပါးဆုံဆစ်ကို ဖွင့်၍ ခွဲစိတ်ကုသခြင်း (Open reduction)
ပိုမိုပြင်းထန်သည့် မတည်ငြိမ်သော အဆင့် (Unstable SCFE) ရှိသော လူနာများတွင် ချော်ထွက်နေသော ပေါင်ရိုးထိပ်ပိုင်းကို ၎င်း၏ ပုံမှန်ခန္ဓာဗေဒတည်နေရာအတိုင်း ဖြစ်စေရန်အတွက် ညင်သာစွာ ပြန်လည်တည့်မတ်ပေးကာ ၎င်းကို ထိန်းထားရန် ဝက်အူများ ထည့်သွင်းထားရသည်။ ဤလုပ်ငန်းစဉ်သည် ပိုမိုကျယ်ပြန့်သော ခွဲစိတ်မှုမျိုးဖြစ်သောကြောင့် နာလန်ထူရန် အချိန်ပိုမိုကြာမြင့်နိုင်သည်။ - အခြားတစ်ဖက်ရှိ တင်ပါးဆုံဆစ်ကို မူလနေရာ၌ ထိန်းချုပ်ခြင်း (In situ fixation in the opposite hip)
အချို့သော လူနာများတွင် အခြားတစ်ဖက်ရှိ တင်ပါးဆုံဆစ်၌လည်း ရောဂါထပ်၍ဖြစ်ပွါးနိုင်ခြေ ပိုမိုမြင့်မားတတ်သည်။ အကယ်၍ ကလေးသည် ထိုသို့သော အခြေအနေမျိုး ရှိနေပါက ရောဂါမဖြစ်ပွါးသေးသော အခြားတစ်ဖက်ရှိ တင်ပါးဆုံဆစ်သို့ပါ ဝက်အူတစ်ချောင်း ထည့်သွင်းထားရန် ဆရာဝန်မှ အကြံပြုနိုင်သည်။ ၎င်းကို ရောဂါဖြစ်ပွါးနေသော တင်ပါးဆုံဆစ်အား ခွဲစိတ်ကုသမှု ပြုလုပ်နေစဉ်အတွင်းမှာပင် တစ်ပါတည်း ဆောင်ရွက်ခြင်းဖြင့် ပေါင်ထိပ်အရိုးနုခေါင်း ပြုတ်ထွက်ခြင်း ရောဂါထပ်မံဖြစ်ပွါးနိုင်ခြေကို လျှော့ချနိုင်မည်ဖြစ်သည်။
ပြန်လည်ကျန်းမာလာစေရန် ပြုစုခြင်း
- ကိုယ်အလေးချိန် သက်ရောက်မှုကို ထိန်းခြင်း (Weight Bearing)
- ခွဲစိတ်မှုပြုလုပ်ပြီးနောက် ကလေးသည် ရက်သတ္တပတ်ပေါင်းများစွာကြာအောင် ချိုင်းထောက် (crutches) ကို အသုံးပြုရလိမ့်မည်
- ကလေးအနေဖြင့် တင်ပါးဆုံပေါ်သို့ ကိုယ်အလေးချိန် အပြည့်အဝ မည်သည့်အချိန်တွင် စတင်အားပြုနိုင်မည် (လမ်းစလျှောက်နိုင်မည်) ဆိုသည်နှင့် ပတ်သက်၍ ဆရာဝန်မှ တိကျသော ညွှန်ကြားချက်များ ပေးလိမ့်မည်
- ထပ်မံ၍ ထိခိုက်ဒဏ်ရာ မရရှိစေရန်အတွက် ဆရာဝန်၏ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာရန် အလွန်အရေးကြီးသည်
- ကိုယ်လက်ပြန်လည်သန်စွမ်းရေးဆိုင်ရာ ကာယကုထုံး (Physical Therapy)
- ကာယကုထုံးပညာရှင်သည် တင်ပါးဆုံနှင့် ခြေထောက်ကြွက်သားများ သန်မာစေရန်နှင့် သင့်လျော်သောအချိန်တွင် အဆစ်လှုပ်ရှားနိုင်စွမ်း ပြန်လည်ကောင်းမွန်လာစေရန်အတွက် သီးသန့်လေ့ကျင့်ခန်းများကို သင်ကြားပေးနိုင်သည်
- အားကစားနှင့် အခြားလှုပ်ရှားမှုများ (Sports and Other Activities)
- ခွဲစိတ်ပြီးနောက် ကာလတစ်ခုအထိ ကလေးအား ပြင်းထန်သော အားကစားနှင့် ကိုယ်လက်လှုပ်ရှားမှုများတွင် ပါဝင်ခြင်းကို ကန့်သတ်ထားလိမ့်မည်
- ဤသို့ကန့်သတ်ထားပေးခြင်းဖြင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်ခြေကို လျှော့ချပေးနိုင်ပြီး ဒဏ်ရာကို လျင်မြန်စွာ အကျက်မြန်စေသည်
ကာကွယ်ခြင်း
ပေါင်ထိပ်အရိုးနုခေါင်း ချော်ထွက်ခြင်းကို လုံးဝကာကွယ်နိုင်သည့် နည်းလမ်းမရှိသော်လည်း ဖြစ်ပွါးနိုင်ခြေကို လျှော့ချရန်နှင့် ရောဂါပိုမိုဆိုးရွားမသွားစေရန် အောက်ပါအချက်များကို လုပ်ဆောင်နိုင်သည်။
- ကိုယ်အလေးချိန် ထိန်းညှိခြင်း
အဝလွန်ခြင်းသည် ပေါင်ရိုးကြီးထွားမှုဇုန် (Growth Plate) ပေါ်သို့ ဝန်ပိစေသည့် အဓိကအကြောင်းရင်းဖြစ်သည်။ ထို့ကြောင့် ကလေးငယ်များ၏ ကိုယ်အလေးချိန်ကို ကျန်းမာသောအဆင့်တွင် ထိန်းသိမ်းထားခြင်းသည် အထိရောက်ဆုံးသော ကာကွယ်ခြင်းဖြစ်သည်။ - ဟော်မုန်းနှင့် ဇီဝကမ္မဖြစ်စဉ်များကို စောင့်ကြည့်ခြင်း
သိုင်းရွိုက်ဟော်မုန်း မမှန်ခြင်း သို့မဟုတ် ဆီးချိုရောဂါကဲ့သို့သော ပြန်ရည်ကျိတ်ရောဂါအခံရှိသည့် ကလေးငယ်များတွင် တင်ပါးဆုံဆစ်ဆိုင်ရာ ဝေဒနာများ ခံစားရပါက နှောင့်နှေးကြန့်ကြာမှုမရှိဘဲ စစ်ဆေးမှု ခံယူရမည်။ - ရောဂါလက္ခဏာများကို စောစီးစွာ ရှာဖွေအတည်ပြုခြင်း
တင်ပါးဆုံဆစ်ကို ပြန်လည်ခိုင်ခံ့စေရန်နှင့် နောက်ဆက်တွဲပြဿနာများကို ရှောင်ရှားနိုင်ရန် အကောင်းဆုံးအခွင့်အရေးမှာ ရောဂါကို စောစီးစွာ သိရှိခြင်းပင်ဖြစ်သည်။ ခြေထောက်နာခြင်း သို့မဟုတ် ထော့နဲ့ခြင်း စသည့် လက္ခဏာများကို သတိပြုမိသည်နှင့် ပြသရန် လိုအပ်သည်။ - အခြားတစ်ဖက်ရှိ တင်ပါးဆုံကို စောင့်ကြည့်ခြင်း
တစ်ဖက်တွင် ချော်ထွက်ခြင်း ဖြစ်ပွါးဖူးပါက အခြားတစ်ဖက်တွင်လည်း ဖြစ်နိုင်ခြေ မြင့်မားသဖြင့် ပုံမှန်စစ်ဆေးမှုများ (Follow-up) ပြုလုပ်ရန် အရေးကြီးသည်။ - စနစ်တကျ ကုသမှုခံယူခြင်း
စောစီးစွာနှင့် မှန်ကန်သော ခွဲစိတ်ကုသမှု ခံယူပါက ရေရှည်တွင် တင်ပါးဆုံဆစ်၏ လုပ်ဆောင်ချက်များမှာ ပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။
Reference:
- Cleveland Clinic. (n.d.). Slipped capital femoral epiphysis (SCFE). Retrieved April 24, 2026, from https://my.clevelandclinic.org/health/diseases/17485-slipped-capital-femoral-epiphysis-scfe
- Boston Children’s Hospital. (n.d.). Slipped capital femoral epiphysis. Retrieved April 24, 2026, from https://www.childrenshospital.org/conditions-treatments/slipped-capital-femoral-epiphysis
Published: 21 May 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.