Acanthosis Nigricans (လည်ပင်းနှင့်အရေပြားခေါက်ချိုးရာနေရာများတွင် ထူထဲမည်းနက်ခြင်း/ အရေပြားမည်းပြီး ကတ္တီပါကဲ့သို့ ထူလာခြင်း)

Acanthosis Nigricans (လည်ပင်းနှင့်အရေပြားခေါက်ချိုးရာနေရာများတွင် ထူထဲမည်းနက်ခြင်း/ အရေပြားမည်းပြီး ကတ္တီပါကဲ့သို့ ထူလာခြင်း)

Acanthosis nigricans ဆိုသည်မှာ ခန္ဓာကိုယ်၏ အရေပြားခေါက်ချိုးရာနေရာများ (ဥပမာ – ချိုင်း၊ ပေါင်ခြံ) နှင့် လည်ပင်းကဲ့သို့ အရေးအကြောင်းများရှိရာ နေရာများတွင် အရေပြားအရောင် ရင့်မှောင်လာပြီး၊ ကတ္တီပါကဲ့သို့ နူးညံ့ထူထဲလာသည့် အဖြစ်များသော အရေပြားအခြေအနေတစ်ခုဖြစ်သည်။ ဤသို့ဖြစ်ခြင်းသည် သီးခြားရောဂါတစ်ခု မဟုတ်ဘဲ ခန္ဓာကိုယ်တွင်းရှိ ကျန်းမာရေးပြဿနာတစ်ခုခု (ဥပမာ – အင်ဆူလင်တုံ့ပြန်မှု အားနည်းခြင်း သို့မဟုတ် အဝလွန်ခြင်း) ကြောင့် ဖြစ်ပေါ်လာသော လက္ခဏာတစ်ခုဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ရောဂါဖြစ်ပွါးစေသည့် ဖြစ်စဉ်အတိအကျကို သေချာစွာ မသိရှိရသေးသော်လည်း အောက်ပါဖြစ်စဉ်များကြောင့်ဖြစ်သည်ဟု ယေဘုယျ ယူဆကြသည်။

  1. အင်ဆူလင်ကို တုံ့ပြန်မှု
    ခန္ဓာကိုယ်ရှိ ဆဲလ်များက အင်ဆူလင်ကို တုံ့ပြန်မှု အားနည်းခြင်း (Insulin resistance) ဖြစ်လာသောအခါ ခန္ဓာကိုယ်မှ တုံ့ပြန်သည့်အနေဖြင့် အင်ဆူလင်ပမာဏများ အလွန်အကျွံ ထွက်ရှိသည်။ ထိုကဲ့သို့ အင်ဆူလင်ပမာဏ များပြားနေခြင်းက အရေပြားဆဲလ်များကို အဆမတန် ပွားလာစေရန် တိုက်ရိုက်လှုံ့ဆော်ပေးသည်။ အင်ဆူလင်သည် ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်ကြီးထွားမှုနှင့်ဆိုင်သော Insulin-like growth factor (IGF) receptors နှင့် Epidermal growth factor receptors (EGFR) နေရာများကို သွားရောက်နှိုးဆွပေးသောကြောင့်ဖြစ်သည်။
  2. မျိုးဗီဇ
    မျိုးဗီဇကြောင့် ဖြစ်ပွါးသော အမျိုးအစားများသည် အရေပြားဆဲလ်များ ကြီးထွားမှုကို ထိန်းချုပ်သည့် ပရိုတင်း (Fibroblast growth factor) ချို့ယွင်းချက်များနှင့် ဆက်စပ်မှုရှိသည်ကို တွေ့ရသည်။
  3. ကင်ဆာရောဂါနှင့် ဆက်စပ်ခြင်း
    ကင်ဆာရောဂါရှိသူများတွင်မူ ကင်ဆာဆဲလ်များမှ ထွက်ရှိသော ပရိုတင်း (Transforming growth factor – TGF) မြင့်မားလာခြင်းသည် အဓိကအကြောင်းရင်းခံ ဖြစ်နိုင်သည်။ ၎င်းပရိုတင်းများသည် အရေပြားတစ်ရှူးများကို လှုံ့ဆော်ပြီး ဆဲလ်များကို အလျင်အမြန် ပွားများစေသည်။
တွေ့ရှိရသော ရောဂါအခြေအနေများ

Acanthosis nigricans ကိုတွေ့ရှိနိုင်သည့် ရောဂါအခြေအနေများမှာ_

  • အဝလွန်ခြင်း (Obesity) – ခန္ဓာကိုယ်ထုထည် ညွှန်းကိန်း (BMI) မြင့်မားခြင်းနှင့်အတူ အင်ဆူလင်ကို ခန္ဓာကိုယ်က တုံ့ပြန်မှုအားနည်းခြင်း (Insulin resistance) တိုက်ရိုက်ဆက်စပ်နေသည်
  • ဆီးချိုရောဂါ (Diabetes) – သွေးတွင်းသကြားဓာတ်နှင့် အင်ဆူလင်ပမာဏ မညီမျှခြင်းကြောင့်ဖြစ်သည်
    ဇီဝဖြစ်စဉ် ချို့ယွင်းမှု (Metabolic syndrome) – သွေးတိုး၊ ဆီးချိုနှင့် အဆီများခြင်းတို့ စုပေါင်းနေသော အခြေအနေဖြစ်သည်။
  • သားဥအိမ် အရည်အိတ်တည်ခြင်း (PCOS) – အမျိုးသမီးများတွင် ဟော်မုန်းမညီမျှမှုကြောင့်ဖြစ်သည်
  • ဟော်မုန်းဆိုင်ရာရောဂါများ (Endocrine abnormalities) – ဆီးချိုရောဂါအပြင် အခြားသော ဟော်မုန်းထုတ်ဂလင်းဆိုင်ရာ ချို့ယွင်းချက်များကြောင့် ဖြစ်နိုင်သည်
  • ဆေးဝါးများ (Medications) – နီကိုတင်းနစ် အက်ဆစ် (Niacin)၊ ပါးစပ်မှသောက်ရသော စတီးရွိုက်ဆေးများ၊ ကိုယ်ဝန်ဆောင်တားဆေးများနှင့် အချို့သော ဟော်မုန်းဆေးများကြောင့် ဖြစ်နိုင်သည်
  • ကင်ဆာရောဂါ – ရှားပါးသော အခြေအနေများတွင် အစာအိမ်ကင်ဆာ (Gastric adenocarcinoma) သို့မဟုတ် အခြားကိုယ်တွင်းကင်ဆာများ၏ ဘေးထွက်လက္ခဏာ (Paraneoplastic phenomenon) အဖြစ် တွေ့ရတတ်သည်။
  • မျိုးဗီဇ – မျိုးဗီဇပြောင်းလဲမှုကြောင့် မိသားစုအတွင်း မျိုးရိုးလိုက်ခြင်း (Familial trait) လည်း ပါဝင်သည်
ရောဂါလက္ခဏာများ
  • အရေပြား အရောင်ပြောင်းခြင်း – အညို‌ရောင် သို့မဟုတ် အမည်းရောင် အရေပြားအကွက်များ ဖြစ်လာခြင်း
  • အရေပြား ထူပြီးနူးညံ့လာခြင်း – လက်ဖြင့် ကိုင်ကြည့်ပါက ကတ္တီပါသားကဲ့သို့ နူးညံ့ပြီး ထူအန်းအန်း ခံစားရခြင်း
  • အသားပိုများ ထွက်လာခြင်း (Skin tags) – အရေပြားအရောင် ပြောင်းလဲသော နေရာများတွင် သေးငယ်သော အသားပိုများ ထွက်လာတတ်ခြင်း
  • ယားယံခြင်း သို့မဟုတ် အနံ့ဆိုးထွက်ခြင်း – အချို့သူများတွင် ထိုနေရာများ၌ ယားယံပြီး ချွေးထွက်လျှင် အနံ့ဆိုးများထွက်ခြင်း
ဖြစ်ပေါ်လေ့ရှိသည့်နေရာများနှင့် အမျိုးအစားများ
  1. အဖြစ်များသောနေရာများ
    • လည်ပင်းနှင့် ဂုတ်ပိုး – အဖြစ်အများဆုံး နေရာဖြစ်ပြီး တစ်ခါတစ်ရံ “ဆီးချိုကြောင့်ဖြစ်သော လည်ပင်းကွက် (Diabetes neck)” ဟုပင် ခေါ်ဝေါ်ကြသည်
    • ချိုင်းကြား (Axillae) – ကတ္တီပါကဲ့သို့ နူးညံ့ပြီး အရောင်ရင့်နေသော အရေပြားကို အဓိကတွေ့ရတတ်သည့် နေရာဖြစ်သည်
    • ပေါင်ခြံနှင့် ပေါင်အတွင်းသား – အရေပြားခေါက်ချိုးရာများ ရှိသောကြောင့် အဖြစ်များသည်
    • ရင်သားအောက်ခြေ – အထူးသဖြင့် အရေပြားတွန့်ခေါက်မှု များသူများတွင် တွေ့ရတတ်သည်
    • အဆစ်များနှင့် ပွတ်တိုက်မှုများသော နေရာများ – လက်ဆစ်များ၊ တံတောင်ဆစ်များနှင့် ဒူးဆစ်များ
  2. အဖြစ်နည်းသော သို့မဟုတ် ရှားပါးသော နေရာများ
    • မျက်နှာ – အသားညိုသူများ၊ အသားမည်းသူများတွင် တွေ့ရတတ်သည်
    • တစ်ရှူးအလွှာအမြှေးပါး (Mucosa) – ပါးစပ်တွင်း၊ နှာခေါင်းတွင်း၊ လည်ချောင်းတွင်း သို့မဟုတ် အစာရေပြွန် အတွင်းပိုင်းများ
    • အခြားနေရာများ – နို့သီးခေါင်းဘေးတစ်ဝိုက် (Areola)၊ မျက်ခွံနှင့် ချက်တစ်ဝိုက်
  3. သီးသန့်ဖြစ်ပေါ်တတ်သော နေရာများ
    • Acral Acanthotic Anomaly – ဤအမျိုးအစားသည် လက်ဆစ်များ၊ တံတောင်ဆစ်များ၊ ဒူးဆစ်များနှင့် ခြေဖမိုး မျက်နှာပြင်များတွင်သာ သီးသန့်ဖြစ်ပွါးတတ်သည်။
    • Malignant Acanthosis Nigricans (ကင်ဆာကြောင့်ဖြစ်သော AN) – အရေပြားအကွက်များသည် ရုတ်တရက်ပေါက်လာပြီး အလွန်လျင်မြန်စွာ ကျယ်ပြန့်ပျံ့နှံ့သည်၊ မြင်တွေ့နေကျမဟုတ်သော နေရာများတွင် ဖြစ်ပေါ်တတ်သည် [ဥပမာ – လက်ဖဝါးများတွင် အလွန်အမင်း ထူအန်းပြီး အရေးအကြောင်းများ ဖြစ်လာခြင်း (Tripe palms) ကို အစာအိမ်ကင်ဆာရောဂါနှင့် ဆက်စပ်၍ တွေ့ရသည်]
နောက်ဆက်တွဲပြဿနာများ
  1. ရောဂါအခံကြောင့်ဖြစ်သော နောက်ဆက်တွဲများ
    Acanthosis nigricans သည် ခန္ဓာကိုယ်ထဲတွင် အခြားရောဂါတစ်ခုခု ရှိနေကြောင်း ပြသသည့် “သတိပေး အချက်ပြစနစ်” တစ်ခု ဖြစ်သောကြောင့် ကုသမှုမခံယူပါက အောက်ပါပြဿနာများ ဖြစ်နိုင်သည်။
    • ဆီးချိုရောဂါ
      • အဖြစ်အများဆုံး နောက်ဆက်တွဲပြဿနာဖြစ်ပြီး အင်ဆူလင်ကို တုံ့ပြန်မှု ချို့ယွင်းခြင်း (Insulin Resistance) ကြောင့်ဖြစ်သည်
      • တစ်နည်းဆိုသော် ဆီးချိုအကြိုအဆင့်ဖြစ်ပြီး ၎င်းအဆင့်တွင် သေချာမထိန်းချုပ်ပါက ဆီးချိုရောဂါအဆင့်ထိ ဖြစ်နိုင်သည်
  2. ဟော်မုန်းဆိုင်ရာ ပြဿနာများ
    • အမျိုးသမီးများတွင် မျိုးဥအိမ်တွင် အရည်အိတ်တည်ခြင်း (PCOS) ကြောင့် ရာသီမမှန်ခြင်း၊ မျက်နှာတွင် အမွှေးအမျှင်များ ထွက်လာခြင်းနှင့် ကလေးရရန် ခက်ခဲခြင်းတို့ ဖြစ်နိုင်သည်
  3. ကင်ဆာရောဂါ (Malignancy)
    • ရှားပါးသောအခြေအနေဖြစ်ပြီး (အထူးသဖြင့် အသက်ကြီးပိုင်း လူနာများတွင် အမည်းကွက်များ ရုတ်တရက် ဖြစ်ပေါ် ပျံ့နှံ့လာပါက) အစာအိမ်၊ အသည်း သို့မဟုတ် အူမကြီး ကင်ဆာတို့၏ ရှေ့ပြေးလက္ခဏာ ဖြစ်နိုင်သည်
  4. ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲများ
    • အရေပြားယားယံခြင်းနှင့် အနံ့ဆိုးထွက်ခြင်း – အရေပြားခေါက်ချိုးရာနေရာများတွင် အရေပြားထူပြီး ပွတ်တိုက်မှု များသောအခါ ချွေးအောင်းပြီး အနံ့ဆိုးထွက်ခြင်းနှင့် မသက်မသာ ယားယံခြင်းများ ဖြစ်တတ်သည်
    • အရေပြား ပိုးဝင်ခြင်း – အရေပြားအလွန်ထူပြီး အက်ကွဲရာများ ဖြစ်လာသောအခါ ထိုအက်ရာကြားတွင် ဘက်တီးရီးယား သို့မဟုတ် မှိုပိုးများ အလွယ်တကူ စွဲကပ်နိုင်သည်
  5. စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲများ
    • မိမိကိုယ်ကိုယ် ယုံကြည်မှုလျော့နည်းခြင်း – အမည်းကွက်များသည် ကြည့်ရဆိုးပြီး ညစ်ပတ်သယောင် ထင်ရသည့်အတွက် လူအများစုသည် ရှက်ရွံ့ခြင်း၊ စိတ်အားငယ်ခြင်းနှင့် စိတ်ဖိစီးမှု ခံစားရခြင်းတို့ ဖြစ်နိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
  • အရေပြားအကွက်များ ရုတ်တရက် ပေါ်လာပြီး ခန္ဓာကိုယ်အနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားပါက ဆရာဝန်နှင့်ပြသရန် လိုအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်အတွင်းပိုင်း၌ ပြင်းထန်သော ကင်ဆာရောဂါ တစ်ခုခုရှိနေခြင်းကို ရှားရှားပါးပါး ပြသနေတတ်သောကြောင့်ဖြစ်သည်
  • မရည်ရွယ်ဘဲ ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းခြင်း (Unexpected weight loss) – အရေပြားအကွက်များ လျင်မြန်စွာ ပျံ့နှံ့ခြင်းနှင့်အတူ ကိုယ်အလေးချိန်ပါ ကျဆင်းလာပါက အချိန်မဆွဲဘဲ စစ်ဆေးမှု ခံယူရန် လိုအပ်သည်
  • ပုံမှန်မဟုတ်သော နေရာများတွင် ဖြစ်ပွါးခြင်း – အရေပြားအကွက်များသည် ပုံမှန်ဖြစ်လေ့ရှိသောနေရာများတွင် မဟုတ်ဘဲ နှုတ်ခမ်းများ၊ လက်ဖဝါးများ သို့မဟုတ် ခြေဖဝါးများတွင် ပေါ်လာပါက ဂရုတစိုက် စစ်ဆေးသင့်သည်
ရောဂါရှာဖွေခြင်း

Acanthosis nigricans အခြေအနေကို ဖြစ်ပေါ်သော နေရာနှင့် ပုံသဏ္ဌာန်ကို ကြည့်ခြင်းဖြင့် အလွယ်တကူသိနိုင်သည်။ ထို့နောက် ဖြစ်စေသော အကြောင်းရင်းရောဂါများကို ရှာဖွေရန် အောက်ပါ စစ်ဆေးမှုများကို ပြုလုပ်နိုင်သည်။

  • သွေးစစ်ခြင်း – ဆီးချိုရောဂါကဲ့သို့ နောက်ကွယ်မှ ဖြစ်ပွါးနေသည့် အခြားရောဂါအခြေအနေများ ရှိမရှိကို အတည်ပြုရန် သို့မဟုတ် မဟုတ်ကြောင်း သက်သေပြရန် ကူညီပေးနိုင်သည်
  • အရေပြားအသားစယူ စစ်ဆေးခြင်း (Skin biopsy) – ရောဂါရှာဖွေရန် ခက်ခဲပြီး သဲသဲကွဲကွဲ မရှိသော ရှားပါးအခြေအနေများတွင် အရေပြားတစ်ရှူး အသားစအနည်းငယ်ယူ၍ စစ်ဆေးနိုင်သည်။
ကုသခြင်း

Acanthosis nigricans အတွက် သီးသန့်ကုသနည်းဟူ၍ မရှိပါ။ ရောဂါဖြစ်စေသော အကြောင်းရင်းခံများကို ကုသခြင်းသည် ရောဂါလက္ခဏာများကို သက်သာစေနိုင်သည်။ ဥပမာအားဖြင့်_

  • ကိုယ်အလေးချိန် လျှော့ချခြင်း
    • အဝလွန်ခြင်းကြောင့်ဖြစ်ပါက အာဟာရဆိုင်ရာ အကြံဉာဏ်များ ရယူ၍ ကိုယ်အလေးချိန်ချခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းနှင့် အာဟာရပြည့်ဝအောင် စားသောက်ခြင်းတို့သည် ခန္ဓာကိုယ်တွင်း အင်ဆူလင် (Insulin) ပမာဏကို ကျဆင်းစေပြီး အရေပြားအခြေအနေကို သိသိသာသာ တိုးတက်ကောင်းမွန်လာစေသည်
    • အချို့အခြေအနေများတွင် အမည်းကွက်များ လုံးဝပျောက်ကွယ်သွားသည်အထိ တွေ့နိုင်သည်
  • ဆေးဝါးများရပ်ခြင်း
    • အကယ်၍ အသုံးပြုနေသော ဆေးဝါး သို့မဟုတ် ဖြည့်စွက်စာ တစ်ခုခုကြောင့် ဖြစ်ပွါးသည်ဟု ယူဆပါက ဆေးဝါးများကို ရပ်တန့်ရန် လိုအပ်သည်
  • ခွဲစိတ်ကုသခြင်း
    • ကင်ဆာများနှင့် ဆက်စပ်၍ ဖြစ်ပေါ်လာပါက ထိုအကျိတ်ကို ခွဲစိတ်ဖယ်ရှားခြင်းဖြင့် အရေပြားပေါ် ရှိ လက္ခဏာများကို ပျောက်ကင်းစေနိုင်သည်
  • အခြားကုသမှုနည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
    • လိမ်းဆေးများ
      • အမည်းကွက်များကို ပြန်လည်သက်သာစေပြီး အရေပြားအရောင် ညီစေသည်
      • ဆရာဝန်ညွှန်ကြားချက်အတိုင်း သုံးစွဲသင့်သည်
    • လေဆာဖြင့် ကုသခြင်း သို့မဟုတ် အရေပြားအပေါ်ယံလွှာကို ပွတ်တိုက်ဖယ်ရှားခြင်း (Laser therapy or dermabrasion) – ထူနေသော အရေပြားကို ပြန်လည်ပါးလွှာသွားစေသည်
    • ပိုးသတ်ဆေးများ – အရေပြားမှ အနံ့ဆိုးထွက်ခြင်းနှင့် မသက်မသာဖြစ်ခြင်းများကို ပျောက်ကင်းစေသည်
    • Retinoids ဆေးဝါးများ – အရေပြားဆဲလ်အသစ်များ ပြန်လည်ဖြစ်ပေါ်ကာ အသားအရည် ကြည်လင်လာစေရန် ကူညီပေးသည်

အထူးသတိပြုရန်မှာ ဆရာဝန်နှင့်မတိုင်ပင်ဘဲ အမည်းစက်ပျောက် ခရင်မ်များ သို့မဟုတ် အရေပြားထိန်းသိမ်းမှုပစ္စည်းများကို မိမိသဘောဖြင့် ဝယ်ယူအသုံးမပြုပါနှင့်။ ထိုပစ္စည်းများသည် ရောဂါကို သက်သာစေမည် မဟုတ်သည့်အပြင် အရေပြားကို ပိုမိုယားယံစေပြီး အခြေအနေကို ပိုမိုဆိုးရွားသွားစေနိုင်သည်။

ကာကွယ်ခြင်း
  • ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
    • ကိုယ်အလေးချိန် လျှော့ချခြင်းသည် Acanthosis Nigricans ကို သက်သာပျောက်ကင်းစေရန် သို့မဟုတ် ကာကွယ်ရန် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်
    • အဘယ်ကြောင့်ဆိုသော် ပိုလျှံနေသော ကိုယ်အလေးချိန်ကို လျှော့ချလိုက်ခြင်းသည် ခန္ဓာကိုယ်တွင်း အင်ဆူလင်တုံ့ပြန်မှုကို ပုံမှန်ဖြစ်စေသောကြောင့်ဖြစ်သည်
  • စားသောက်နေထိုင်မှုပုံစံကို ပြင်ဆင်ပါ
    • ဂျုံကြမ်း (Whole grains)၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ ကြွယ်ဝစွာပါဝင်သော အစားအစာများကို အဓိကထား စားသုံးပါ
    • သွေးတွင်းအင်ဆူလင်ပမာဏကို ထိန်းချုပ်နိုင်ရန်အတွက် သကြား၊ ကစီဓာတ်နှင့် ပြုပြင်ထားသော အစားအစာများ စားသုံးမှုကို လျှော့ချပါ
  • လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
    • ခန္ဓာကိုယ်မှ အင်ဆူလင်ကို ပိုမိုကောင်းမွန်စွာ အသုံးချနိုင်စေရန်အတွက် တစ်ပတ်လျှင် အနည်းဆုံး (၅) ရက်၊ တစ်ခါလျှင် အနည်းဆုံး မိနစ် (၃၀) ကြာ အသင့်အတင့် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ (ဥပမာ – လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း) ကို ပြုလုပ်ပါ
  • ရောဂါအခံများကို ကုသပါ
    • ဆက်စပ်နေသော ကျန်းမာရေးပြဿနာများ ဖြစ်သည့် ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ မျိုးဥအိမ်တွင် အရည်အိတ်တည်ခြင်း (PCOS) သို့မဟုတ် သိုင်းရွိုက်ပြဿနာများကို စနစ်တကျ ထိန်းချုပ်နိုင်ရန် တိုင်ပင်ဆွေးနွေးပါ
  • သောက်နေသော ဆေးဝါးများကို ပြန်လည်စစ်ဆေးပါ
    • သန္ဓေတားဆေးများ၊ ဗီတာမင် B3 နှင့် စတီးရွိုက်ဆေးများကဲ့သို့သော ဆေးဝါးအချို့သည် အရေပြားအခြေအနေကို ဖြစ်စေနိုင်သဖြင့် လိုအပ်ပါက ဆေးဝါးများကို စစ်ဆေးဖော်ထုတ်ရန်နှင့် ဆေးပြောင်းရန်အတွက် ဆရာဝန်နှင့် ဆွေးနွေးပါ
    • အရေပြားကို စနစ်တကျ ဂရုစိုက်ပါ
    • နေထိုင်မှုပုံစံ ပြောင်းလဲခြင်းအပြင် အရေပြားကျန်းမာရေးကို ဂရုစိုက်ပါ
    • အရေပြားကြား နေရာများကို သန့်ရှင်းအောင် ထားပါ
    • အရေပြား ခပ်ကြမ်းကြမ်း ပွတ်တိုက်မှုများကို ရှောင်ကြဉ်ပါ
    • အရေပြားအပေါ်ယံ ဆဲလ်သေများကို ညင်သာစွာ ဖယ်ရှားပေးနိုင်ရန်အတွက် Urea, Salicylic acid သို့မဟုတ် Glycolic acid တို့ ပါဝင်သော အရေပြားထိန်းသိမ်းမှု ပစ္စည်းများကို အသုံးပြုပါ

References:

  1. American Academy of Dermatology. (n.d.). Acanthosis nigricans: Overview. Retrieved April 7, 2026, from https://www.aad.org/public/diseases/a-z/acanthosis-nigricans-overview
  2. Anand, V., Das, A., Kumar, P., Kumar, R., & Hassan, S. (2014). Acral acanthosis nigricans (acral acanthotic anomaly). Indian Dermatology Online Journal, 5(Suppl 2), S140–S141. https://doi.org/10.4103/2229-5178.146201
  3. Cleveland Clinic. (n.d.). Acanthosis nigricans. Retrieved April 7, 2026, from https://my.clevelandclinic.org/health/diseases/acanthosi-nigricans
  4. Hermanns-Lê, T., Scheen, A., & Piérard, G. E. (2004). Acanthosis nigricans associated with insulin resistance: Pathophysiology and management. American Journal of Clinical Dermatology, 5(3), 199–203. https://doi.org/10.2165/00128071-200405030-00008
  5. Liu, X. K., & Li, J. (2018). Hyperpigmentation in the skin folds. BMJ, 360, j5729. https://doi.org/10.1136/bmj.j5729
  6. Mayo Clinic. (2025). Acanthosis nigricans: Symptoms and causes. Retrieved April 7, 2026, from https://www.mayoclinic.org/diseases-conditions/acanthosis-nigricans/symptoms-causes/syc-20368983

Published: 27 April 2026

Share

27 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.