Medial Collateral Ligament Injury (ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ် ထိခိုက်ဒဏ်ရာရခြင်း)

Medial Collateral Ligament Injury (ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ် ထိခိုက်ဒဏ်ရာရခြင်း)

ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ် (Medial Collateral Ligament – MCL) ထိခိုက်ဒဏ်ရာရခြင်း ဆိုသည်မှာ ဒူး၏အတွင်းဘက်တွင်ရှိသော အရွတ်သည် လွန်ကဲစွာ ဆန့်ထွက်သွား၍ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝ စုတ်ပြဲပြတ်တောက်သွားခြင်းကို ဆိုလိုသည်။ ၎င်းသည် အားကစားနှင့် နေ့စဉ်လှုပ်ရှားမှုများတွင် အဖြစ်များသော ဒူးဒဏ်ရာတစ်မျိုးဖြစ်ပြီး၊ ဒူး၏တည်ငြိမ်မှုနှင့် လှုပ်ရှားနိုင်စွမ်းကို ထိခိုက်စေနိုင်သည့် အရေးကြီးသော ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်သည်။

ဒူးဆစ်ကို အရိုးများ၊ အရွတ်များ၊ အကြောများနှင့် အရိုးနုများဖြင့် ဖွဲ့စည်းထားသည်။ အရွတ် (Ligament) ဆိုသည်မှာ အရိုးတစ်ခုနှင့်တစ်ခုကို ဆက်သွယ်ပေးထားသော သို့မဟုတ် ခန္ဓာကိုယ်တွင်းအင်္ဂါများကို ပုံသေသတ်မှတ်ထားသည့်နေရာတွင် ရှိနေစေရန် ထိန်းထားပေးသော သန်မာသည့် တစ်ရှူးမျှင်စုတစ်မျိုးဖြစ်သည်။ ဒူးဆစ်အတွင်းဘက်ဘေးတိုက်အရွတ်သည် ဒူး၏အတွင်းဘက်ခြမ်းတွင် တည်ရှိပြီး (၈)စင်တီမီတာ မှ (၁၀)စင်တီမီတာခန့် ရှည်လျားသည်။ ၎င်းသည် ပေါင်ရိုး (Femur) နှင့် ခြေသလုံးရိုး (Tibia) တို့ကို ချက်ဆက်ပေးထားပြီး ဒူးဆစ်ကို ခိုင်ခံ့စေရန်နှင့် တည်ငြိမ်မှုရှိအောင် ကူညီပေးသော အဓိကအရွတ် လေးခုအနက်တစ်ခုဖြစ်သည်။ ဤအရွတ်သည် ဒူးဆစ်ကို အပြင်ဘက်မှ အတွင်းဘက်သို့ တွန်းကန်သည့် ဖိအားများဒဏ်မှ အဓိကကာကွယ်ပေးသည့် အစိတ်အပိုင်းလည်းဖြစ်သည်။

ဒူးဆစ်အတွင်းဘက်ဘေးတိုက်အရွတ် စုတ်ပြဲခြင်း သို့မဟုတ် ဒဏ်ရာရခြင်းသည် ဒူးဆစ်တွင် အဖြစ်များသော ဒဏ်ရာတစ်ခုဖြစ်သည်။ ဒူးဆစ်ရှိ အရွတ်ဒဏ်ရာများထဲတွင် အဖြစ်အများဆုံးဖြစ်ပြီး ဒူးဒဏ်ရာအားလုံး၏ (၄၀) ရာခိုင်နှုန်းခန့်သည် ဤအရွတ်နှင့် သက်ဆိုင်သည်။ များသောအားဖြင့် ဒူးကို အပြင်ဘက်မှ အတွင်းဘက်သို့ တွန်းကန်မိသောဒဏ်ရာ (Valgus trauma) သို့မဟုတ် ခြေသလုံးရိုး အပြင်ဘက်သို့ လည်ထွက်သွားခြင်း (External tibial rotation) တို့ကြောင့် ဤဒဏ်ရာဖြစ်ပွါးလေ့ရှိသည်။ ဤဒဏ်ရာသည် ဘောလုံး၊ ဘတ်စကတ်ဘောနှင့် နှင်းလျှောစီးခြင်းကဲ့သို့သော အားကစားလုပ်သူများတွင် အများဆုံး ဖြစ်ပွါးလေ့ရှိသည်။

ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ်သည် တစ်ခုတည်း သီးသန့်ပြတ်တောက်နိုင်သော်လည်း များသောအားဖြင့် ရှေ့ဘက်ကြက်ခြေခတ်အရွတ် (Anterior Cruciate Ligament – ACL) သို့မဟုတ် ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ်နှင့် တိုက်ရိုက်ဆက်နေသော ဒူးဆစ်အတွင်းဘက်ရှိ ကြားခံအရွတ်ပြား (Medial meniscus) ဒဏ်ရာများနှင့် တွဲဖက်၍ ဖြစ်ပွါးလေ့ရှိသည်။ ဤကဲ့သို့ အရွတ်သုံးမျိုးစလုံး တွဲဖက်ထိခိုက်ခြင်းကို ဆေးပညာအရ “Unhappy Triad” သို့မဟုတ် “O’Donoghue’s Triad” ဟုလည်း ခေါ်ဆိုကြသည်။ ဤဒဏ်ရာများအတွက် များသောအားဖြင့် ခွဲစိတ်စရာမလိုဘဲ ကုသလေ့ရှိသော်လည်း အရွတ်ပြဲမှုပြင်းထန်ပါက သို့မဟုတ် အခြားအရွတ်များပါ တွဲဖက်ထိခိုက်နေပါက ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်။

ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ် ဒဏ်ရာရခြင်း အမျိုးအစားများ

အရွတ်ပျက်စီးမှု အတိုင်းအတာအပေါ် မူတည်၍ အဆင့် (Grade) သုံးမျိုး ခွဲခြားထားသည်။

  • ပထမအဆင့် (Grade 1) (အနည်းငယ်စုတ်ပြဲခြင်း)
    ဤအဆင့်သည် အရွတ်မျှင်စုစုပေါင်း၏ (၁၀) ရာခိုင်နှုန်းအောက်သာ စုတ်ပြဲသွားသည့် အပျော့စားဒဏ်ရာဖြစ်သည်။ ဒူးဆစ်တည်ငြိမ်မှု (Stability) ရှိနေဆဲ ဖြစ်သော်လည်း အနည်းငယ် နာကျင်ခြင်း သို့မဟုတ် ထိမိပါက နာကျင်ခြင်းမျိုး ခံစားရနိုင်သည်။
  • ဒုတိယအဆင့် (Grade 2) (အလတ်စားစုတ်ပြဲခြင်း)
    ဤအဆင့်သည် ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ် တစ်စိတ်တစ်ပိုင်း စုတ်ပြဲသွားသည့် အလတ်စားဒဏ်ရာဖြစ်သည်။ များသောအားဖြင့် အရွတ်၏ အပေါ်ယံပိုင်း စုတ်ပြဲခြင်းဖြစ်သည်။ ဒူးဆစ်ကိုစမ်းသပ်ကြည့်ပါက ဒူးဆစ်မတည်ငြိမ်မှုကို ခံစားသိရှိနိုင်ပြီး၊ ဒူးအတွင်းဘက်တွင် ပြင်းထန်သော နာကျင်မှုနှင့် ထိခိုက်လွယ်မှုများ ဖြစ်ပေါ်နိုင်သည်။
  • တတိယအဆင့် (Grade 3) (ပြင်းထန်စွာစုတ်ပြဲခြင်း)
    ဤအဆင့်သည် ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ် တစ်ခုလုံး (အပေါ်ယံပိုင်းနှင့် အတွင်းဘက်အလွှာ နှစ်ခုလုံး) ပြတ်ထွက်သွားသည့် ပြင်းထန်သောဒဏ်ရာဖြစ်သည်။ ဒူးသည် လုံးဝတည်ငြိမ်မှုမရှိဘဲ ချောင်နေမည်ဖြစ်ပြီး အလွန်အမင်း နာကျင်မှုကို ခံစားရလိမ့်မည်။ အဆင့် ၃ ဒဏ်ရာရရှိသူများတွင် ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ် စုတ်ပြဲခြင်းအပြင် အခြားသောဒူးအရွတ်များ (အထူးသဖြင့် ရှေ့ဘက်ကြက်ခြေခတ်အရွတ်) ပါ တွဲဖက်ထိခိုက်ခြင်းမျိုးလည်း အဖြစ်များလေ့ရှိသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အောက်ပါအခြေအနေများသည် ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ် ထိခိုက်ဒဏ်ရာရခြင်းကို ဖြစ်စေနိုင်သည်။

  • အားကစားလှုပ်ရှားမှုများတွင် ခြေထောက် ရုတ်တရက် အားပြင်းစွာ လှည့်ခြင်း၊ လိမ်ခြင်းနှင့် လမ်းကြောင်းပြောင်းခြင်း
  • ဘောလုံးအားကစားတွင် လူချင်းတိုက်မိခြင်း (Tackle) ကဲ့သို့ ဒူး၏အပြင်ဘက်ကို တိုက်ရိုက်အရှိန်ဖြင့် ပြင်းထန်စွာ ရိုက်မိခြင်း
  • ထိုင်လျက်အနေအထားမှ လေးလံသော ပစ္စည်းများကို မ၍ ထခြင်း
  • ခုန်ချပြီးနောက် ဒူးကို ပုံစံမကျဘဲ မြေပြင်ပေါ်သို့ ဆင်းမိခြင်း
  • ဒူးကို အလွန်အမင်း ဆန့်ထုတ်မိခြင်း (Hyperextending) _ ဤအခြေအနေသည် နှင်းလျှောစီးခြင်းတွင် အဖြစ်များသည်
  • ဒူးအပေါ်သို့ ဖိအားနှင့် ဒဏ်များ ထပ်ခါတလဲလဲ သက်ရောက်ခြင်း
  • ၎င်းသည် ဒူးဆစ်အတွင်းဘက်ဘေးတိုက် အရွတ်၏ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို လျော့နည်းစေပြီး ဟောင်းနွမ်းနေသော သားရေကွင်းတစ်ခုကဲ့သို့ ဖြစ်သွားစေသည်။
ဖြစ်ပွါးနိုင်ခြေများသူများ

မည်သူမဆို အသက်အရွယ်မရွေး ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ် ထိခိုက်ဒဏ်ရာရခြင်းကို ကြုံတွေ့ရနိုင်သည်။

  • အမျိုးသမီးများထက် အမျိုးသားများတွင် ပို၍ဖြစ်ပွါးသည်
  • နှင်းလျှောစီးခြင်း (Skiing)၊ ဘောလုံး၊ ရေခဲပြင်ဟော်ကီ၊ ဘတ်စကတ်ဘောနှင့် ဘော်လီဘော ကဲ့သို့သော အားကစားသမားများတွင် အဖြစ်အများဆုံးဖြစ်သည်
  • ယခင်က ဒူးဆစ်အတွင်းဘက်ဘေးတိုက်အရွတ် အရွတ်စုတ်ပြဲဖူးသည့် ရာဇဝင်ရှိလျှင် အရွတ်ပြဲခြင်းကို ထပ်မံကြုံတွေ့ရနိုင်ခြေ ပိုများသည်။
ရောဂါလက္ခဏာများ

အကယ်၍ ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ် (Medial Collateral Ligament) စုတ်ပြဲသွားပါက အောက်ပါလက္ခဏာများကို ခံစားရနိုင်သည်။ အရွတ်စုတ်ပြဲသည့်အခြေအနေ ပြင်းထန်မှုအပေါ် မူတည်၍ လက္ခဏာများ ကွဲပြားနိုင်သည်။

  • ဒဏ်ရာရသည့်အချိန်တွင် “ဖောက်” ခနဲ အသံတစ်ခု ကြားရခြင်း
  • ဒူးတွင် နာကျင်မှု ခံစားရခြင်း
  • ဒူး၏ အတွင်းဘက်တစ်လျှောက် ကိုင်ကြည့်လျှင် နာကျင်နေခြင်း
  • ဒူးဆစ် တောင့်တင်းခြင်းနှင့် ရောင်ရမ်းခြင်း
  • လမ်းလျှောက်သည့်အခါ ဒူးဆစ်သည် တည်ငြိမ်မှုမရှိဘဲ ခွေကျတော့မည့်သကဲ့သို့ ခံစားရခြင်း
  • ဒူးကို အသုံးပြုသည့်အခါ ဒူးဆစ်သည် တစ်ဆို့နေခြင်း သို့မဟုတ် ချိတ်နေခြင်း (Locking or Catching)
နောက်ဆက်တွဲပြဿနာများ

စောစီးစွာ သိရှိပြီး ကုသမှုခံယူပါက နောက်ဆက်တွဲ ပြဿနာများ ဖြစ်ခဲသည်။ သို့သော် ကုသမှု မခံယူခြင်း သို့မဟုတ် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို စနစ်တကျ မလုပ်ဆောင်ခြင်းတို့ကြောင့်_

  • ထိခိုက်မိသည့်နေရာတွင် အရွတ်မာလာခြင်း (ossification)
  • ခြေထောက်ကြွက်သား အားနည်းခြင်း
  • ဒူးဆစ်မတည်ငြိမ်မှုနှင့် အရိုးနု ပျက်စီးမှုများ ဖြစ်လာနိုင်ပြီး နောက်ပိုင်းတွင် ဒူးဆစ်ကျီးပေါင်းတက် ရောဂါ (Osteoarthritis of Knee) ဖြစ်ပွါးလာခြင်း
  • လှုပ်ရှားသွားလာမှု လျော့နည်းလာခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့် လူမှုဘဝ အရည်အသွေးကျဆင်းမှုတို့ ဖြစ်ပွါးနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

ဒူးဒဏ်ရာရရှိပါက လမ်းလျှောက်နိုင်သည့်တိုင်အောင် နီးစပ်ရာ ဆေးရုံ သို့မဟုတ် မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ စမ်းသပ်စစ်ဆေးပြီး လိုအပ်ပါက အရိုးအထူးကုဆရာဝန်နှင့် လွှဲပြောင်းကုသစေမည်။

အရေးပေါ်ပြသရန်

မတ်တပ်မရပ်နိုင်ခြင်း၊
ဒူးဆစ်တည်ငြိမ်မှု မရှိသည်ကို ခံစားရခြင်း သို့မဟုတ် ဒူးဆစ်တောင့်တင်းနေခြင်း၊ သိသိသာသာ ညိုမည်းစွဲခြင်း သို့မဟုတ် အလျင်အမြန် ရောင်ရမ်းလာခြင်း၊
 အနားယူခြင်းနှင့် ရေခဲကပ်ခြင်းများ ပြုလုပ်သော်လည်း နာကျင်မှုမှာ မသက်သာခြင်းတို့ဖြစ်ပါက အရေးပေါ်ပြသရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

ဆရာဝန်သည် ကျန်းမာရေးရာဇဝင်နှင့် ရောဂါလက္ခဏာများ မေးမြန်းခြင်း၊ ဒူးနှင့် ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးခြင်းတို့ဖြင့် ရောဂါရှာဖွေသည်။ လူနာအား ကိုယ်ကာယစစ်ဆေးမှု ပြုလုပ်ရာတွင် ဒူးကို (၃၀) ဒီဂရီခန့် ကွေးထားစဉ် သို့မဟုတ် အပြည့်ဆန့်ထားစဉ် အပြင်ဘက်မှ အတွင်းဘက်သို့ ဖိအားပေးကြည့်သောစမ်းသပ်မှု (Valgus stress test) ကို အသုံးပြုသည်။ ၎င်းစမ်းသပ်မှုပြုလုပ်စဉ် ဒူး၏အတွင်းဘက်တွင် လျော့ရဲမှု (Medial laxity) ရှိနေပါက ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ် ထိခိုက်ဒဏ်ရာရှိကြောင်း ညွှန်ပြနေခြင်းဖြစ်သည်။ ထို့အပြင် အခြားဒဏ်ရာများ ရှိမရှိနှင့် အရွတ်ပြဲသည့်အခြေအနေ မည်မျှပြင်းထန်သည်ကို အတည်ပြုရန် အောက်ပါ ပုံရိပ်ဖော်စစ်ဆေးခြင်း (Imaging) တို့ကိုလည်း ပြုလုပ်သည်။

  • ဓာတ်မှန်ရိုက်ခြင်း (X-ray)
    • ဒူးတွင် အရိုးကျိုးခြင်း သို့မဟုတ် အခြားဒဏ်ရာများ ရှိမရှိ သိရှိနိုင်ရန်အတွက်ဓာတ်မှန်ရိုက်၍ စစ်ဆေးသည်
  • အာထရာဆောင်း (USG)
    • အာထရာဆောင်းသည် အသံလှိုင်းများကို အသုံးပြု၍ ခန္ဓာကိုယ်အတွင်းပိုင်း ပုံရိပ်များကို ရိုက်ကူးခြင်း ဖြစ်သည်
    • ၎င်းသည် အရွတ်စုတ်ပြဲသည့်အခြေအနေ ပြင်းထန်မှုနှင့် အခြားဒဏ်ရာများ ရှိမရှိကို သိရှိရန် ကူညီပေးသည်
  • သံလိုက်ဓာတ်မှန် (MRI)
    • ဒူးဆစ်ကို ထောက်ပံ့ထားသည့် အရွတ်များ (Ligaments)၊ ကြွက်သားများနှင့် အရိုးနု (Cartilage) များ၏ ထိခိုက်ပျက်စီးမှုကို ပိုမိုရှင်းလင်းစွာ သိရှိနိုင်သည်
ကုသခြင်း

ကနဦးအရေးပေါ်ကုသခြင်း _ RICE နည်းလမ်းဖြင့် ကုသသည်။ ဤနည်းလမ်းသည် နာကျင်မှုနှင့် ရောင်ရမ်းမှုကို လျော့ကျစေရန် ကူညီပေးသည်။

  • အနားယူခြင်း (Rest)
    • နာကျင်မှုကို ဖြစ်စေသော ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကို ရပ်တန့်ရန် အရေးကြီးဆုံးဖြစ်သည်
    • အနားယူနေစဉ်အတွင်း အရွတ်သည် ပြန်လည်ကောင်းမွန်လာရန် အချိန်ရရှိသည်
  • ရေခဲကပ်ခြင်း (Ice)
    • ရေခဲအိတ် သို့မဟုတ် ရေအေးဆွတ်ထားသော အဝတ်ကပ်ပေးခြင်းကို တစ်ကြိမ်လျှင် ၁၅မိနစ် မှ ၂၀မိနစ်ခန့်ဖြင့် တစ်နေ့လျှင် (၃-၄) ကြိမ် ပြုလုပ်နိုင်သည်
  • ဖိအားပေးခြင်း (Compression)
    • ဖိအားပေးခြင်းသည် ဒူးသို့ သွေးစီးဆင်းမှုကို လျှော့ချပေးပြီး ရောင်ရမ်းမှုကို လျော့ကျစေသည်
    • ဆွဲဆန့်နိုင်သော မျှော့ပတ်တီးဖြင့် ဒူးတစ်ဝိုက်ကို ပတ်ရသည်
  • အမြင့်တင်ထားခြင်း (Elevation)
    • ခေါင်းအုံး၊ စောင် သို့မဟုတ် ကူရှင်များဖြင့် ဒူးကို မြှင့်ထားနိုင်သည်
မခွဲစိတ်ဘဲကုသသည့်နည်းလမ်း

အခြားထိခိုက်ဒဏ်ရာများ ပါဝင်ခြင်းမရှိဘဲ သီးသန့် ဖြစ်ပွါးသော ဒူးအတွင်းဘက် ဘေးတွဲအရွတ်ထိခိုက်ဒဏ်ရာ အများစုကို ခွဲစိတ်ရန်မလိုသည့် နည်းလမ်းများဖြင့် အောင်မြင်စွာ ကုသနိုင်သည်။ အကြောင်းမှာ ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ်အရွတ်သည် သွေးထောက်ပံ့မှု ကောင်းမွန်သောကြောင့် ဒဏ်ရာအနာကျက်ရန် ပိုမိုလွယ်ကူသောကြောင့်ဖြစ်သည်။ မခွဲစိတ်ဘဲကုသမှုများတွင် အောက်ပါတို့ ပါဝင်နိုင်သည်။

  • အကိုက်အခဲပျောက်ဆေးများ သောက်ခြင်း
    • နာကျင်မှုနှင့် ရောင်ရမ်းမှုကို လျော့နည်းစေရန် အရောင်ကျ အကိုက်အခဲပျောက်ဆေးများ (NSAIDs) ကို ဆရာဝန်က ညွှန်ကြားနိုင်သည်
  • ဒူးစွပ် သို့မဟုတ် ဒူးထိန်းကိရိယာ (Knee Brace) ဝတ်ဆင်ခြင်း
    • အရွတ်အနာကျက်စေရန် ဒူးကို ဘေးဘယ်ညာသို့ မလှုပ်ရှားနိုင်အောင် ထိန်းထားပေးသည့် ဒူးစွပ်များ ဝတ်ဆင်ရန် လိုအပ်နိုင်သည်
  • ချိုင်းထောက်အသုံးပြုခြင်း
    • ဒဏ်ရာရထားသော ဒူးအပေါ် ကိုယ်အလေးချိန် သက်ရောက်မှု လျော့နည်းစေရန် လမ်းလျှောက်သည့်အခါ ချိုင်းထောက် အသုံးပြုရနိုင်သည်
  • ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများဖြင့် ကုသမှုပေးခြင်း (Physical Therapy and Rehabilitation)
    • ဒူးခေါင်းတစ်ဝိုက်ရှိ ကြွက်သားများ သန်မာစေရန်နှင့် လှုပ်ရှားနိုင်စွမ်း ပြန်လည်ကောင်းမွန်လာစေရန် လေ့ကျင့်ခန်းများ ပြုလုပ်ရမည်
    • အားကစားသမားဖြစ်ပါက ကစားသော အားကစားအမျိုးအစားနှင့် လိုက်ဖက်မည့် လေ့ကျင့်ခန်းများကို အကြောအဆစ် ပြန်လည်သန်စွမ်းရေးပညာရှင်မှ စနစ်တကျပြသပေးမည်

ရိုးရှင်းသော ကုသမှုအဆင့်ဆင့်နှင့်အတူ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကိုစနစ်တကျ ပေါင်းစပ်လုပ်ဆောင်ခြင်းဖြင့် လူနာများသည် ၎င်းတို့၏ မူလလှုပ်ရှားမှု အဆင့်အတန်းသို့ ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်သည်

ခွဲစိတ်ကုသသည့်နည်းလမ်း

ဒူးဆစ်အတွင်းဘက်ဘေးတိုက် အရွတ်ပြဲခြင်း အများစုသည် ခွဲစိတ်စရာမလိုဘဲ ကောင်းမွန်စွာ ပြန်လည်သက်သာလာလေ့ရှိသည်။ သို့သော်လည်း အောက်ပါအခြေအနေများတွင် ခွဲစိတ်မှုခံယူရန် လိုအပ်နိုင်သည်။

  • ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ်ပြဲခြင်းနှင့်အတူ အခြားသော ဒူးဒဏ်ရာများပါ တွဲဖက် ဖြစ်ပွါးနေခြင်း
  • မခွဲစိတ်ဘဲကုသသည့် နည်းလမ်းများဖြင့် စနစ်တကျကုသမှုခံယူပြီးနောက်တွင်ပင် အရွတ်သည် ပြန်လည်မကောင်းမွန်ဘဲ ဒူးအတွင်းပိုင်း တည်ငြိမ်မှုမရှိတော့ခြင်း
  • အရွတ်သည် ခြေသလုံးရိုးနှင့် ဆက်ထားသောနေရာမှ လုံးဝပြတ်ထွက်သွားခြင်း
  • ပရော်ဖက်ရှင်နယ် အားကစားသမားများ
ခွဲစိတ်ကုသမှု

ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်သောအခါတွင် ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ် ပြန်လည်ပြုပြင်ခြင်း (Repair) သို့မဟုတ် ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ် အစားထိုး တည်ဆောက်ခြင်း (Reconstruction) စသည့် ရွေးချယ်စရာ နည်းလမ်းအချို့ရှိသည်။

  • အရွတ်အစားထိုး တည်ဆောက်ခြင်း (Reconstruction)
    • အကယ်၍ အရွတ်ကို အသစ်ပြန်လည် တည်ဆောက်မည်ဆိုပါက လူနာ၏ ကိုယ်ပိုင်တစ်ရှူး သို့မဟုတ် အလှူရှင်ထံမှရရှိသော တစ်ရှူးကို အသုံးပြု၍ အရွတ်အသစ်ကို တည်ဆောက်သည်
  • အရွတ်ပြန်လည်ပြုပြင်ခြင်း (Repair)
    • ဒဏ်ရာရရှိပြီး (၆) ပတ်အတွင်း ခွဲစိတ်မှု ပြုလုပ်ပါက ပိုမိုကောင်းမွန်သော ရလဒ်များ ရရှိနိုင်သည်

ခွဲစိတ်မှု အမျိုးအစားနှင့် အစားထိုးအသုံးပြုမည့် တစ်ရှူးအမျိုးအစားကို ရွေးချယ်ရာတွင် ဒဏ်ရာ၏ အခြေအနေ၊ ခွဲစိတ်ဆရာဝန်၏ အကြံပြုချက်နှင့် လူနာ၏ ဆန္ဒတို့အပေါ် မူတည်၍ ဆုံးဖြတ်သည်။

ရောဂါရလဒ် ခန့်မှန်းချက် (prognosis)

ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ် အရွတ်ပြဲခြင်းကို စနစ်တကျ ကုသမှုခံယူပါက ပုံမှန်အားဖြင့် ပြန်လည်သက်သာလာလေ့ရှိသည်။ ၎င်းဒဏ်ရာမှ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပွါးနိုင်ခြေ နည်းသည်။ အားကစားသမားအများစုသည် ဒဏ်ရာအနာကျက်သွားပြီးနောက် ၎င်းတို့၏ အားကစားလောကသို့ ပြန်လည်ဝင်ရောက်နိုင်ကြသည်။

အပြည့်အဝ ပြန်လည်ကောင်းမွန်လာရန် ကြာမြင့်ချိန်သည် အရွတ်ပြဲသည့်အခြေအနေ ပြင်းထန်မှုအပေါ်တွင် မူတည်သည်။

  • ပထမအဆင့် (Grade 1) (အနည်းငယ်စုတ်ပြဲခြင်း) _ ပုံမှန်အားဖြင့် (၁)ပတ် မှ (၃)ပတ်အတွင်း ပြန်လည်ကောင်းမွန်လာသည်
  • ဒုတိယအဆင့် (Grade 2) (အလတ်စားစုတ်ပြဲခြင်း) _ ကုသမှုခံယူပါက ယေဘုယျအားဖြင့် (၄)ပတ် မှ (၆)ပတ်အထိ ကြာမြင့်နိုင်သည်
  • တတိယအဆင့် (Grade 3) (ပြင်းထန်စွာစုတ်ပြဲခြင်း) _ ကုသမှုခံယူလျှင်ပင် (၆)ပတ် သို့မဟုတ် ၎င်းထက်မက ကြာမြင့်နိုင်သည်

အကယ်၍ ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ်အတွက် ခွဲစိတ်မှု ခံယူခဲ့ရပါက ပြန်လည်သက်သာရန် အချိန်ပို၍ကြာမြင့်နိုင်သည်။

ကာကွယ်ခြင်း

ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ်ပြဲခြင်းအားလုံးကို မကာကွယ်နိုင်သော်လည်း ဒဏ်ရာရရှိနိုင်ခြေကို လျှော့ချရန် အောက်ပါနည်းလမ်းများဖြင့် ကာကွယ်နိုင်သည်။

  • ကြွက်သားသန်မာမှု လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
    • ပေါင်နှင့် တင်ပါးဆုံကြွက်သားများကို အဓိကထားသည့် ခန္ဓာကိုယ်ထိန်းညှိမှု (Balance)၊ သန်မာမှု (Strength) နှင့် အားစိုက်ထုတ်မှု (Power) လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ရမည်
    • အထူးသဖြင့် ပေါင်နောက်ကြွက်သား (Hamstrings) နှင့် ပေါင်ရှေ့ကြွက်သား (Quadriceps) များ သန်မာခြင်းသည် ဒူးဆစ်ကို ပိုမိုတည်ငြိမ်စေသည်
  • အာရုံကြောနှင့် ကြွက်သားညှိနှိုင်းမှု လေ့ကျင့်ခြင်း
    • အာရုံကြောနှင့် ကြွက်သားများ ဟန်ချက်ညီညီ ညှိနှိုင်းဆောင်ရွက်နိုင်သည့် လေ့ကျင့်ခန်းများ (Neuromuscular training) သည် ဒဏ်ရာရရှိမှုကို သိသိသာသာ လျှော့ချပေးနိုင်သည်
  • မှန်ကန်သော နည်းစနစ်ကို အသုံးပြုခြင်း
    • အားကစားပြုလုပ်ရာတွင် ခုန်ချခြင်း၊ လမ်းကြောင်းပြောင်းခြင်းနှင့် လှည့်ခြင်းများကို ပြုလုပ်ပါက မှန်ကန်သော ကိုယ်နေဟန်ထားနှင့် နည်းစနစ်များကို လေ့ကျင့်သင်ယူထားရမည်
  • သင့်တော်သော အသုံးအဆောင်များ ဝတ်ဆင်ခြင်း
    • အားကစား သို့မဟုတ် အခြားရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများအတွင်း မိမိနှင့်သင့်တော်သော ဒူးထိန်းကိရိယာများ (Braces) နှင့် ဖိနပ်များကို စနစ်တကျ ဝတ်ဆင်ရမည်
  • သွေးပူလေ့ကျင့်ခန်း ပြုလုပ်ခြင်း
    • လေ့ကျင့်ခန်း သို့မဟုတ် အားကစားမလုပ်မီ သွေးပူလေ့ကျင့်ခန်းနှင့် အကြောလျှော့ခြင်းများကို မဖြစ်မနေ ပြုလုပ်ရမည်
  • လုံလောက်စွာ အနားယူခြင်း
    • ပြင်းထန်သော လှုပ်ရှားမှုများ ပြုလုပ်ပြီးနောက် ခန္ဓာကိုယ်ကို အနားယူရန်နှင့် ပျက်စီးသွားသော တစ်ရှူးများ ပြန်လည်ကောင်းမွန်လာစေရန် လုံလောက်သော အချိန်ပေးရမည်

Reference:

  1. Cleveland Clinic. (2021). MCL tear (medial collateral ligament tear). Retrieved April 13, 2026, from https://my.clevelandclinic.org/health/diseases/21979-mcl-tear
  2. Hospital for Special Surgery. (n.d.). MCL tear (medial collateral ligament injury). Retrieved April 13, 2026, from https://www.hss.edu/health-library/conditions-and-treatments/list/mcl-tear-mcl-injury

Published: 24 April 2026

Share

24 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.