Epilepsy and Pregnancy (အတက်ရောဂါနှင့် ကိုယ်ဝန်ဆောင်ခြင်း)

Epilepsy and Pregnancy (အတက်ရောဂါနှင့် ကိုယ်ဝန်ဆောင်ခြင်း)

အတက်ရောဂါ (Epilepsy) ဆိုသည်မှာ ဦးနှောက်၏ Cerebral Cortex ဟုခေါ်သော အပြင်ဘက်တစ်ရှူးအလွှာတွင် လျှပ်စစ်စီးကြောင်း လှုပ်ရှားမှုများ မမှန်မကန်ဖြစ်ပေါ်ခြင်းကြောင့် အတက်လက္ခဏာ (Seizures) များ ဖြစ်ပေါ်စေသော ရောဂါတစ်မျိုးဖြစ်သည်။ အတက်ရောဂါသည် အမျိုးသမီးများအတွက် အထူးဂရုပြုရမည့် ကျန်းမာရေးပြဿနာဖြစ်ပြီး၊ ခန္ဓာကိုယ်တွင်း ဟော်မုန်းအပြောင်းအလဲ၊ ဓမ္မတာစက်ဝန်း၊ ကိုယ်ဝန်ဆောင်ချိန်နှင့် သွေးဆုံးချိန်များအပေါ် မူတည်၍ ရောဂါအခြေအနေ ကွဲပြားနိုင်သည်။

ကိုယ်ဝန်ဆောင်ချိန်တွင် အတက်ရောဂါရှိနေပါက မိခင်နှင့်သန္ဓေသား၏ ကျန်းမာရေးအပေါ် သက်ရောက်မှုများ ရှိနိုင်သော်လည်း ဆရာဝန်နှင့် စနစ်တကျ တိုင်ပင်ဆွေးနွေးခြင်း၊ ဆေးဝါးများ မှန်ကန်စွာ ချိန်ညှိခြင်းတို့ဖြင့် ကျန်းမာသော ကိုယ်ဝန်ဆောင်ကာလနှင့် ကျန်းမာသည့် ကလေးငယ်ကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အတက်ရောဂါခံစားနေရသူ အများစုတွင် တိကျသော အကြောင်းရင်းကို ရှာမတွေ့တတ်သော်လည်း အောက်ပါအချက်များသည် ရောဂါဖြစ်ပွါးစေသည့် အခြေခံအကြောင်းရင်းများဖြစ်သည်။

  • မျိုးဗီဇ – မိသားစုဝင်များအတွင်း အတက်ရောဂါ မျိုးရိုးရှိခြင်း
  • ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ထိခိုက်မှု – ကလေးဘဝတွင် မွေးရာပါ ဦးနှောက်ဖွံ့ဖြိုးမှု ပုံမမှန်ခြင်း၊ ဦးနှောက်အတွင်း ပိုးဝင်ခြင်း သို့မဟုတ် ငယ်စဉ်က ဦးခေါင်းကို ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရဖူးခြင်း
  • ဦးနှောက်ဆိုင်ရာရောဂါများ – ဦးနှောက်အမြှေးရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ ဦးနှောက်အတွင်း ကင်ဆာအကျိတ်ရှိခြင်း၊ လေဖြတ်ဖူးခြင်း သို့မဟုတ် ဦးနှောက်သွေးကြောဆိုင်ရာ ပြဿနာများရှိခြင်း
  • ဦးခေါင်းထိခိုက်ခြင်း
  • ဇီဝဖြစ်စဉ် ချို့ယွင်းမှုများ – ခန္ဓာကိုယ်တွင်း ဓာတ်ဆားဓာတ် သို့မဟုတ် ဇီဝဖြစ်စဉ် အပြောင်းအလဲများကြောင့် ဦးနှောက်လုပ်ဆောင်ချက် ထိခိုက်ခြင်း
ကိုယ်ဝန်ဆောင်ချိန်တွင် အတက်ရောဂါကြွစေသည့် လှုံ့ဆော်မှုများ

ကိုယ်ဝန်ဆောင်ခြင်းသည် အတက်ရောဂါကို ပိုမိုဆိုးရွားစေသည့် တိုက်ရိုက်အကြောင်းရင်း မဟုတ်သော်လည်း အောက်ပါအချက်များသည် ကိုယ်ဝန်ဆောင်စဉ်အတွင်း အတက်လက္ခဏာများကို လှုံ့ဆော်ပေးတတ်သောကြောင့် အထူးဂရုပြုရမည်ဖြစ်သည်။

  • အိပ်ရေးပျက်ခြင်း – ကိုယ်ဝန်ဆောင်ချိန်တွင် အိပ်စက်မှုပုံစံ မမှန်ခြင်း သို့မဟုတ် အိပ်ရေးမဝခြင်းသည် အတက်ကြွစေသော အဓိကအချက်ဖြစ်သည်
  • စိတ်ဖိစီးမှု – ကိုယ်ဝန်ဆောင်ခြင်းနှင့် ဆက်စပ်သော စိုးရိမ်ပူပန်မှုများနှင့် စိတ်ဖိစီးမှု များပြားခြင်း
  • ဆေးဝါးသောက်သုံးမှု မမှန်ခြင်း – အတက်ကျဆေးများကို ပုံမှန်မသောက်ခြင်း သို့မဟုတ် ဆေးပမာဏ လွဲမှားခြင်း
  • ဟော်မုန်းအပြောင်းအလဲ – ကိုယ်ဝန်ဆောင်ချိန်အတွင်း အီစထရိုဂျင် (Estrogen) နှင့် ပရိုဂျက်စတီရုန်း (Progesterone) ဟော်မုန်းပြောင်းလဲမှုများ ဖြစ်ခြင်း
  • ပျို့အန်ခြင်း (Morning Sickness) – ပြင်းထန်စွာ ပျို့အန်ခြင်းကြောင့် သောက်ထားသော အတက်ကျဆေးများ ပြန်ထွက်သွားခြင်း သို့မဟုတ် ဆေးစုပ်ယူမှု အားနည်းသွားခြင်း
  • ဇီဝဖြစ်စဉ် ပြောင်းလဲခြင်း – ကိုယ်ဝန်ဆောင်ချိန်တွင် ခန္ဓာကိုယ်တွင်း သွေးပမာဏ များလာခြင်းကြောင့် သွေးထဲရှိ အတက်ကျဆေးပမာဏ ကျဆင်းသွားခြင်း
ရောဂါလက္ခဏာများ

အတက်ရောဂါ၏လက္ခဏာများသည် ဦးနှောက်၏ အတက်စတင်ရာ အစိတ်အပိုင်းပေါ်မူတည်၍ ခန္ဓာကိုယ်တစ်ခုလုံးတက်နိုင်သကဲ့သို့ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်နေရာသာတက်သော အတက်လက္ခဏာမျိုးလည်းဖြစ်နိုင်သည်။ တစ်ဦးနှင့်တစ်ဦး မတူညီသော်လည်း ယေဘုယျအားဖြင့် အောက်ပါလက္ခဏာများ ဖော်ပြလေ့ရှိသည်။

  • တောင့်၍တက်ခြင်း
  • တုန်၍တက်ခြင်း
  • တောင့်-တုန်ပြီးတက်ခြင်း
  • ပျော့ခွေကျခြင်း
  • ရုတ်တရက် ဆတ်ကနဲတုန်သွားခြင်း
  • ငေးစိုက်ကြည့်ပြီးတက်ခြင်း
  • မျက်လုံးအပေါ်သို့ လန်သွားပြီး မျက်ဖြူလန်၍ တက်ခြင်း
  • မူးဝေခြင်း၊ ခေတ္တသတိလစ်သွားခြင်း၊ မေ့လျော့သွားခြင်း
  • မျက်နှာနှင့် အချို့ ခန္ဓာကိုယ်အစိတ်အပိုင်းများ ထိန်းချုပ်မရနိုင်အောင်ဖြစ်ခြင်းစသည့် အတက်အမျိုးအစား များစွာရှိသည်။
နောက်ဆက်တွဲပြဿနာများ
ကိုယ်ဝန်မဆောင်မီပြဿနာများ

အတက်ရောဂါရှိခြင်းတစ်ခုတည်းကြောင့် မျိုးအောင်နိုင်ခြေ၊ သားသမီးမွေးဖွားနိုင်ခြေကို ကြီးမားစွာ မပြောင်းလဲစေနိုင်ပါ။ သို့သော် အတက်ရောဂါရှိသော အမျိုးသမီးများသည် ပုံမှန်အမျိုးသမီးများထက် အောက်ပါအခြေအနေတို့တွင် မျိုးအောင်နိုင်ခြေ (၂၅)ရာခိုင်နှုန်း မှ (၃၀)ရာခိုင်နှုန်း လျော့နည်းနိုင်သည်။

  • အတက်ရောဂါနှင့်အတူ မျိုးအောင်နိုင်ခြေနည်းသော တခြားရောဂါများဖြစ်သည့် မမျိုးဥအိမ်တွင် ‌ရေအိတ်ငယ်လေးများရှိသော ရောဂါစု (Polycystic ovary syndrome) ကိုလည်း ယှဉ်တွဲတွေ့ရနိုင်ခြင်း
  • ဓမ္မတာစက်ဝန်းမမှန်ခြင်း၊ မမျိုးဥထုတ်လုပ်မှုနည်းခြင်းတို့ကြောင့် သားသမီးရနိုင်ခြေ နည်းခြင်း
  • အတက်ရောဂါအတွက် သောက်ရသောဆေးများကြောင့် မမျိုးဥအိမ်၏ဟော်မုန်းပမာဏ အပြောင်းအလဲဖြစ်ခြင်းနှင့် ကိုယ်ဝန်ဆောင်နိုင်ရန် လိုအပ်သော ကိုယ်တွင်းဟော်မုန်း မမျှတခြင်းကြောင့် သားသမီးရရန် ခက်ခဲခြင်း
  • အတက်ကျဆေးအချို့ (Enzyme-inducing AEDs) သည် အသည်းရှိ အင်ဇိုင်းများကို ပိုမိုအလုပ်လုပ်ရန် လှုံ့ဆော်ပေးသောကြောင့် ခန္ဓာကိုယ်ထဲရှိ ကိုယ်ဝန်တားဆေးဟော်မုန်းများကို ပုံမှန်ထက် ပိုမိုလျင်မြန်စွာ ချေဖျက်ပစ်လိုက်ခြင်းဖြင့် တားဆေးအာနိသင် လုံလောက်စွာမရှိတော့ဘဲ ကိုယ်ဝန်ရရှိသွားနိုင်ခြင်း
ကိုယ်ဝန်ဆောင်စဉ် မိခင်တွင် ဖြစ်ပေါ်နိုင်သော ပြဿနာများ
  • ယေဘုယျအားဖြင့် ကိုယ်ဝန်ဆောင်ခြင်းကြောင့် အတက်ရောဂါကို ပို၍ဆိုးဝါးလာခြင်း မရှိပါ၊ တချို့သောအခြေအနေများတွင် အတက်ကြိမ်ရေ နည်းသွားခြင်းကိုပင် တွေ့ရနိုင်သည်၊ သို့ရာတွင် ဆေးကုသမှု ကောင်းစွာမခံယူခြင်း၊ အိပ်ရေးမဝခြင်းတို့ကြောင့် အတက်ရောဂါ ပို၍ဖြစ်ပေါ်တတ်သည်
  • ဟော်မုန်းအပြောင်းအလဲနှင့် ဇီဝဖြစ်စဉ်အပြောင်းအလဲတို့ကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် သွေးပေါင်ချိန်တက်လာခြင်း၊ ကိုယ်ဝန်ဆိပ်တက်နိုင်ခြေ များခြင်း
  • အတက်ရောဂါကြောင့် လဲကျခြင်း၊ ဒဏ်ရာရခြင်းများနှင့် ၎င်းကြောင့်လမစေ့မီ အချင်းစောကွာခြင်း ဖြစ်နိုင်ပြီး သန္ဓေသားအသက်ဆုံးရှုံးသည်အထိ ဖြစ်တတ်ခြင်း
  • သတိလစ်ပြီး အသက်ရှုရခက်ခဲခြင်း
  • ကိုယ်ဝန်ဆောင်မိခင် ရုတ်တရက် အသက်ဆုံးရှုံးခြင်း
  • လမစေ့မီ မီးဖွားခြင်း
  • အတက်ကျဆေးများကို သောက်သုံးရခြင်းကြောင့် သန္ဓေသားတွင့် အချို့သော မွေးရာပါချို့ယွင်းချက်များ ပါရှိနိုင်သည်ထက် အတက်ကျဆေးကို ဖြတ်လိုက်ခြင်းကြောင့် ရရှိသော နောက်ဆက်တွဲရလဒ်များသည် မိခင်ကို ပို၍အန္တရာယ်များစေခြင်း
သန္ဓေသားတွင် ဖြစ်ပေါ်နိုင်သော ပြဿနာများ
  • မိခင်သောက်သုံးရသော အတက်ကျဆေးများ၏ သက်ရောက်မှုကြောင့် မွေးရာပါချို့ယွင်းချက်များပါနိုင်ခြင်း (နှုတ်ခမ်းကွဲ အာခေါင်ကွဲခြင်းများ၊ အာရုံကြောစနစ်၊ အရိုးအကြောစနစ်၊ နှလုံးဖွဲ့စည်းမှုစနစ်နှင့် ဆီးလမ်းကြောင်းနှင့် ကျောက်ကပ်တို့တွင် ပုံမမှန်ခြင်းများ ရှိနိုင်ခြင်း)
  • မိခင် မကြာခဏတက်ခြင်းကြောင့် သန္ဓေသားဆီသို့ အောက်ဆီဂျင်လုံလောက်စွာ မရခြင်း
  • သန္ဓေသား၏နှလုံးခုန်နှုန်း နှေးစေခြင်း
  • အချိန်မတိုင်မီမွေးဖွားခြင်း
  • ပုံမှန်ထက် ကိုယ်အလေးချိန် လျော့နည်းသောကလေး မွေးဖွားခြင်း
မွေးကင်းစကလေးနှင့် နောက်ဆက်တွဲပြဿနာများ
  • ဖွံ့ဖြိုးမှုနောက်ကျခြင်း
  • အသိဉာဏ်ဖွံ့ဖြိုးမှု အားနည်းခြင်း
  • စကားပြောဆိုဆက်သွယ်မှုဆိုင်ရာ ပြဿနာများ (Speech and language disorders)
  • အမူအကျင့်ဆိုင်ရာ ပြဿနာများ (Behavior disorders)
  • အိပ်မပျော်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း
  • အတက်ကျဆေးများ၏ ဘေးထွက်ဆိုးကျိုးများ ခံစားရခြင်း
  • မိခင်၏အတက်ရောဂါသည် မျိုးဗီဇနှင့်ဆိုင်သော ရောဂါဖြစ်ပါက ကလေးတွင်ပါ အတက်ရောဂါ ဆက်ဖြစ်နိုင်ခြင်း
‌ဆေးရုံ၊ ဆေးခန်းပြသရန်

အတက်ရောဂါရှိသော ကိုယ်ဝန်ဆောင်မိခင်များသည် သာမန်ကိုယ်ဝန်ဆောင်များထက်စာလျှင် သွေးစစ်ဆေးမှုများနှင့် အာထရာဆောင်း ရိုက်ခြင်းတို့ကို မကြာခဏ သို့မဟုတ် ရက်ချိန်းများကြားတွင် ပို၍နီးကပ်စွာ စစ်ဆေးရန် လိုအပ်နိုင်သည်။

အရေးပေါ် ပြသရန် လိုအပ်သည့် အခြေအနေများ

အောက်ပါအခြေအနေများတွင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်း သွားရောက်ပြသရန် လိုအပ်သည်။

  • တက်သည့်အကြိမ်ရေ ပို၍များလာခြင်း သို့မဟုတ် တစ်ကြိမ်နှင့်တစ်ကြိမ်ကြား သတိပြန်မရခြင်း
  • ယခင်က မဖြစ်ဖူးသော အတက်လက္ခဏာအသစ်များ ပေါ်လာခြင်း
  • အတက်ကျဆေးများကို စနစ်တကျ သောက်သုံးနေသော်လည်း အတက်ကို မထိန်းချုပ်နိုင်ခြင်း
  • ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် စတင်တက်ခြင်း
  • တက်နေစဉ်အတွင်း ချော်လဲခြင်း သို့မဟုတ် ဝမ်းဗိုက်ကို ထိခိုက်မိခြင်း

အတက်ရောဂါရှိသော်လည်း ကျန်းမာသော ကလေးငယ်ကို မွေးဖွားနိုင်ရန် အောက်ပါအတိုင်း ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ရမည်။

  • ပုံမှန်ပြသခြင်း – သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် ပုံမှန်ပြသ၍ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု (ANC) ကို အကြိမ်ပြည့် ခံယူရမည်၊ ၎င်းသည် ကိုယ်ဝန်ဆိပ်တက်ခြင်းကဲ့သို့သော အခြားနောက်ဆက်တွဲပြဿနာများကို စောစီးစွာ သိရှိနိုင်ရန် အထောက်အကူပြုသည်
  • အထူးကုများနှင့် ပူးပေါင်းကုသခြင်း – ဦးနှောက်နှင့် အာရုံကြောအထူးကု ဆရာဝန်နှင့်လည်း ပုံမှန်ပြသရန် လိုအပ်သည်၊ ကိုယ်ဝန်ဆောင်ချိန်တွင် ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများကြောင့် သွေးထဲရှိ ဆေးပမာဏ ကျဆင်းသွားနိုင်သဖြင့် ဆရာဝန်မှ ဆေးချိန်ညှိမှုများကို အခါအားလျော်စွာ ပြုလုပ်ပေးလိမ့်မည်
  • သန္ဓေသားဖွံ့ဖြိုးမှု စောင့်ကြည့်ခြင်း – အတက်ကျဆေးများ၏ သက်ရောက်မှုကြောင့် သန္ဓေသားတွင် မွေးရာပါ ချို့ယွင်းချက် ရှိမရှိ သိရှိနိုင်ရန် အသေးစိတ် အာထရာဆောင်း (Detailed Ultrasound) ရိုက်ခြင်းများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း ပြုလုပ်ရမည်
ရောဂါရှာဖွေခြင်း

အတက်ရောဂါကို ရှာဖွေအတည်ပြုရာတွင် အတက်၏ သဘာဝကို သိရှိရန်နှင့် ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်ပွါးတတ်သော အခြားပြဿနာများ (ဥပမာ _ ကိုယ်ဝန်ဆိပ်တက်ခြင်းကြောင့် တက်ခြင်း) နှင့် ခွဲခြားနိုင်ရန် အောက်ပါအတိုင်း စစ်ဆေးရမည်။

  1. ရောဂါရာဇဝင်နှင့် စမ်းသပ်စစ်ဆေးခြင်း
    • အတက်၏ ပုံစံကို မေးမြန်းခြင်း – အတက်မစမီ မည်သို့ခံစားရသည်၊ တက်နေစဉ် မည်သို့ဖြစ်သည် (တုန်ခြင်း၊ တောင့်ခြင်း) နှင့် ကြာချိန်တို့ကို အသေးစိတ် မေးမြန်းမည်
    • ကိုယ်ဝန်ဆောင်မှတ်တမ်း – သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်း (Eclampsia) လက္ခဏာများ ရှိမရှိကို စစ်ဆေး၍ သာမန်အတက်ရောဂါနှင့် ခွဲခြားမည်
    • ဆေးသောက်သည့် မှတ်တမ်း – လက်ရှိသောက်သုံးနေသော အတက်ကျဆေးများ၊ ဆေးပမာဏနှင့် ဆေးကို ပုံမှန်သောက်မသောက် စစ်ဆေးမည်
  2. အီးအီးဂျီ စမ်းသပ်ခြင်း (EEG)
    • ဦးနှောက်လှိုင်းပုံဖော်စက် (EEG) ကို အသုံးပြု၍ ဦးနှောက်အတွင်း လျှပ်စစ်စီးကြောင်း မမှန်ကန်မှုများကို စစ်ဆေးမည်၊ သို့သော် အတက်ရောဂါရှိသူအချို့တွင် အတက်မရှိသည့်အချိန်၌ စစ်ဆေးပါက EEG အဖြေ ပုံမှန်ဖြစ်နေနိုင်သည်ကို သတိပြုရန်လိုသည်
  3. အခြားသောစစ်ဆေးမှုများ
    • သွေးစစ်ဆေးခြင်း – သွေးထဲရှိ အတက်ကျဆေး ပမာဏကို တိုင်းတာခြင်း၊ ခန္ဓာကိုယ်တွင်း ဓာတ်ဆားဓာတ် မမျှတမှု ရှိမရှိနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်းအတွက် လိုအပ်သော သွေးစစ်ဆေးမှုများ ပြုလုပ်မည်
    • ပုံရိပ်ဖော်စစ်ဆေးခြင်း – လိုအပ်ပါက ဦးနှောက်အတွင်း အကျိတ် သို့မဟုတ် သွေးကြောဆိုင်ရာ ပြဿနာများကို သိရှိနိုင်ရန် သံလိုက်ဓာတ်မှန် (MRI) သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT Scan) တို့ကို ပြုလုပ်နိုင်သည်၊ ကိုယ်ဝန်ဆောင်ချိန်တွင် ဓာတ်ရောင်ခြည်အန္တရာယ် နည်းပါးသော MRI ကို ပိုမိုဦးစားပေးလေ့ရှိသည်
    • မျိုးဗီဇစစ်ဆေးခြင်း – အချို့သောအတက်ရောဂါများသည် မျိုးဗီဇနှင့် ဆက်စပ်နေသဖြင့် လိုအပ်ပါက မျိုးဗီဇဆိုင်ရာ စစ်ဆေးမှုများကိုပါ ပြုလုပ်နိုင်ပြီဖြစ်သည်
ကုသခြင်း

အတက်ရောဂါရှိသော ကိုယ်ဝန်ဆောင်မိခင်များအတွက် ကုသမှု၏ အဓိကရည်ရွယ်ချက်မှာ မိခင်ရော သန္ဓေသားပါ ဘေးကင်းစေရန်နှင့် အတက်လက္ခဏာများကို အထိရောက်ဆုံး ထိန်းချုပ်ရန်ဖြစ်သည်။

  • ဆေးဝါးသောက်သုံးမှု – ဆရာဝန် ညွှန်ကြားထားသော အတက်ကျဆေးများကို ပမာဏအတိအကျဖြင့် မှန်မှန်ကန်ကန် သောက်သုံးရန် အလွန်အရေးကြီးသည်၊ ဆရာဝန်သည် သန္ဓေသားအပေါ် ဆိုးကျိုးအနည်းဆုံးဖြစ်စေမည့် ဆေးအမျိုးအစားနှင့် အထိရောက်ဆုံးသော အနည်းဆုံးပမာဏကိုသာ ရွေးချယ်ပေးလိမ့်မည်
  • ကိုယ်တိုင်ဆေးဖြတ်ခြင်းကို ရှောင်ကြဉ်ပါ – သန္ဓေသားကို ထိခိုက်မည်စိုး၍ မိမိသဘောဖြင့် ဆေးကို ရပ်ပစ်ခြင်း သို့မဟုတ် ဆေးလျှော့ခြင်း လုံးဝမပြုလုပ်ရပါ၊ ဆေးမသောက်ဘဲ တက်ခြင်းကြောင့် မိခင်ရော ကလေးပါ အောက်ဆီဂျင်ပြတ်တောက်ခြင်းနှင့် အသက်အန္တရာယ်ရှိသော ပြဿနာများ ရရှိနိုင်သည်
  • ဖောလစ်အက်ဆစ် (Folic Acid) သောက်သုံးခြင်း – အတက်ကျဆေးများကြောင့် သန္ဓေသားတွင် ဖြစ်ပေါ်နိုင်သော ဦးနှောက်နှင့် အာရုံကြောစနစ်ဆိုင်ရာ မွေးရာပါချို့ယွင်းချက်များကို ကာကွယ်ရန် ဆရာဝန်ညွှန်ကြားသည့်အတိုင်း Folic Acid 5 mg ကို ပုံမှန်ဖြည့်စွက်သောက်သုံးရမည်
ရှေးဦးပြုစုခြင်း (First Aid for Seizures)

ကိုယ်ဝန်ဆောင်မိခင်တစ်ဦး တက်နေသည်ကို တွေ့ရှိပါက အောက်ပါအတိုင်း စနစ်တကျ ကူညီပေးရမည်။ တက်ခြင်းအများစုသည် (၅) မိနစ်အတွင်း အလိုအလျောက် ပြန်လည်တည်ငြိမ်သွားတတ်သည်။

  1. ဘေးကင်းအောင် ပြုလုပ်ပါ – လူနာကို ဘေးကင်းသောနေရာသို့ ရွှေ့ပြောင်းပေးပါ သို့မဟုတ် လူနာအနီးရှိ ထိခိုက်ဒဏ်ရာရစေနိုင်သော ပစ္စည်းများကို ဖယ်ရှားပေးပါ
  2. အနေအထား ပြင်ပေးပါ – လူနာကို ဘေးတစောင်း (Recovery Position) အနေအထားဖြင့် ထားပေးပါ၊ ၎င်းသည် ချွဲ သို့မဟုတ် အန်ဖတ်များကြောင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းမှ ကာကွယ်ပေးသည်
  3. ခေါင်းကို ကာကွယ်ပါ – လူနာ၏ ဦးခေါင်းအောက်တွင် ခေါင်းအုံး သို့မဟုတ် ပျော့ပျောင်းသော အဝတ်တစ်ခုခုကို ခုပေးထားပါ
  4. အဝတ်အစား ဖြေလျော့ပါ – လည်ပင်း သို့မဟုတ် ရင်ဘတ်တွင် ကျပ်နေသော အဝတ်အစားများကို ဖြေလျော့ပေးပါ
  5. ပါးစပ်ထဲသို့ ဘာမျှမထည့်ပါနှင့် – လူနာ၏ ပါးစပ်အတွင်းသို့ သစ်သားချောင်း၊ ဇွန်း သို့မဟုတ် မည်သည့်အရာကိုမျှ အတင်းထိုးထည့်ခြင်း လုံးဝမပြုလုပ်ရပါ၊ ၎င်းသည် သွားကျိုးခြင်း သို့မဟုတ် အသက်ရှူလမ်းကြောင်း ပိတ်ခြင်းကိုသာ ဖြစ်စေနိုင်သည်
  6. စောင့်ကြည့်ပါ – လူနာသတိပြန်ရလာသည်အထိ ဘေးနားတွင် အဖော်လုပ်ပေးပြီး အချိန်ကို မှတ်ထားပါ

အရေးကြီးသောအချက် – အကယ်၍ တက်သည့်အချိန်သည် (၅) မိနစ်ထက် ကျော်လွန်နေပါက သို့မဟုတ် တစ်ကြိမ်နှင့်တစ်ကြိမ်ကြား သတိပြန်မရပါက အရေးပေါ်လူနာတင်ယာဉ်ကို ချက်ချင်းခေါ်ယူရန် လိုအပ်သည်

ကလေးမွေးဖွားမည့်နည်းလမ်းကို ရွေးချယ်ခြင်း

အတက်ရောဂါရှိနေခြင်း တစ်ခုတည်းကြောင့် ခွဲစိတ်မွေးဖွားရန် မလိုအပ်ပါ။ အမျိုးသမီးအများစုသည် သဘာဝအတိုင်း ရိုးရိုးလမ်းကြောင်းမှ အောင်မြင်စွာ မွေးဖွားနိုင်ကြသည်။ မွေးဖွားမည့်နည်းလမ်းကို အောက်ပါအချက်များပေါ်မူတည်၍ ဆုံးဖြတ်သည်။

ရိုးရိုးလမ်းကြောင်းမှ မွေးဖွားခြင်း (Vaginal Delivery)

အတက်ရောဂါရှိသော်လည်း အတက်လက္ခဏာများကို ဆေးဝါးဖြင့် ကောင်းစွာထိန်းချုပ်ထားနိုင်ပါက ဆေးပညာအရ ရိုးရိုးမွေးရန်သာ ဦးစားပေး တိုက်တွန်းသည်။

  • သတိပြုရန် – မီးဖွားခြင်းလုပ်ငန်းစဉ်အတွင်း နာကျင်မှုကြောင့် စိတ်ဖိစီးခြင်းနှင့် အသက်ရှူမြန်ခြင်းတို့သည် အတက်ကို လှုံ့ဆော်နိုင်သဖြင့် နာကျင်မှုဝေဒနာ သက်သာစေရန် Epidural (ခါးထုံဆေး) အသုံးပြုခြင်းကို ဆရာဝန်နှင့် တိုင်ပင်နိုင်သည်
  • ဆေးသောက်ရန် – မီးဖွားမည့်နေ့တွင်လည်း မိမိသောက်နေကျ အတက်ကျဆေးများကို ပုံမှန်အတိုင်း သောက်သုံးရမည်
ခွဲစိတ်မွေးဖွားခြင်း (Caesarean Section)

အောက်ပါအခြေအနေများရှိမှသာ အတက်ရောဂါနှင့် ဆက်စပ်၍ ခွဲစိတ်မွေးဖွားရန် လိုအပ်သည်။

  • အတက်ကို မထိန်းချုပ်နိုင်ခြင်း – ကိုယ်ဝန်ဆောင်ကာလ နောက်ဆုံးပတ်များတွင် ခဏခဏတက်နေခြင်း သို့မဟုတ် အတက်ကြိမ်ရေ များလာခြင်း
  • မီးဖွားနေစဉ်အတွင်း တက်ခြင်း – ကလေးမွေးနေစဉ်အတွင်း အတက်လက္ခဏာ ပြင်းထန်စွာ ပေါ်ပေါက်လာပြီး မိခင်နှင့် ကလေးအတွက် အန္တရာယ်ရှိလာခြင်း
  • အခြားသော သားဖွားမီးယပ် အကြောင်းရင်းများရှိခြင်း – ကလေးအနေအထား မမှန်ခြင်း သို့မဟုတ် အချင်းရှေ့ရောက်နေခြင်း စသည့်အတက်ရောဂါနှင့် မဆိုင်သော အကြောင်းရင်းများကြောင့်လည်း ခွဲစိတ်ရနိုင်သည်။
မီးဖွားစဉ်အတွင်း စောင့်ရှောက်မှု
  • စောင့်ကြည့်ခြင်း – မီးဖွားနေစဉ်အတွင်း မိခင်၏ အခြေအနေနှင့် သန္ဓေသား၏ နှလုံးခုန်နှုန်းကို စက်ကိရိယာများဖြင့် အနီးကပ် စောင့်ကြည့်စစ်ဆေးရမည်
  • အရေးပေါ်ဆေးဝါး – အကယ်၍ မီးဖွားနေစဉ် တက်လာပါက အမြန်ဆုံး ထိန်းချုပ်နိုင်ရန် အကြောမှထိုးရသော အတက်ကျဆေးများကို အသင့်ပြင်ဆင်ထားရမည်
ကာကွယ်ခြင်း
  • အတက်ရောဂါနှင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန်တွင် ကိုယ်ဝန်မဆောင်မီ ဆွေးနွေးအကြံပေးမှုကို ဦးစွာခံယူခြင်းမှာ အရေးကြီးသည်
  • အတက်ကျဆေး သေချာစွာသောက်သုံးပြီး ကိုယ်ဝန်မဆောင်မီ (၁) နှစ်အတွင်း တက်ခြင်းမရှိပါက ကိုယ်ဝန်ဆောင်နေစဉ်တွင် တက်ခြင်းဖြစ်နိုင်ခြေ နည်းသည်၊ ယေဘုယျအားဖြင့် (၂) နှစ်မှ (၄) နှစ်အတွင်းအထိ တက်ခြင်းမရှိပါက သက်ဆိုင်ရာဆရာဝန်၏ ညွှန်ကြားချက်အတိုင်း အတက်ကျဆေးများကို ဖြည်းဖြည်းချင်းလျော့ပြီးနောက် ရပ်တန့်နိုင်သည်၊ ထို့ကြောင့် အတက်ကျဆေးကို သေချာစွာသောက်သုံးရန် အရေးကြီးသည်
  • အတက်ကျဆေးများ သောက်သုံးနေသော်လည်း မကြာခဏတက်ခြင်းရှိပါက ကိုယ်ဝန်ဆောင်ရန် မသင့်တော်သောကြောင့် သင့်လျော်သော သန္ဓေတားဆေးများကို အတက်ရောဂါထိန်းနိုင်သည်အထိ သောက်သုံးရန် လိုအပ်သည်
  • ကိုယ်ဝန်မဆောင်မီတွင် Folic acid 5mg ပါသောဆေးကို သန္ဓေသားတွင် ဖြစ်လာနိုင်ခြေရှိသော ဦးနှောက်နှင့်အာရုံကြောစနစ်ဆိုင်ရာ မွေးရာပါပြဿနာများမှ ကာကွယ်ရန် သောက်သုံးရမည်ဖြစ်သည်
  • အတက်ရောဂါကောင်းစွာ မထိန်းနိုင်ချိန်တွင် ကိုယ်ဝန်ဆောင်မိပါကလည်း စောစီးစွာ ကိုယ်ဝန်စောင့်ရှောက်မှုခံယူရန်၊ သက်ဆိုင်ရာ ဦးနှောက်နှင့် အာရုံကြောအထူးကုဆရာဝန်နှင့် ချက်ခြင်းပြသရန် လိုအပ်သည်၊ သို့မှသာ သန္ဓေသားကို ထိခိုက်နိုင်မှုအနည်းဆုံးနှင့် အသင့်တော်ဆုံးဆေးကို ချိန်ညှိပေးနိုင်မည်ဖြစ်သည်
  • ကိုယ်ဝန်တစ်လျှောက် စောင့်‌ရှောက်မှုကို သေချာစွာခံယူရန်၊ မိခင်နှင့် သန္ဓေသားအပေါ် အတက်ကျဆေး‌ကြောင့် ဖြစ်နိုင်ခြေရှိသော ဆိုးကျိုးများနှင့် အတက်ရောဂါကြောင့် ဖြစ်လာနိုင်သော ဆိုးကျိုးများကို စောစီးစွာ သိရှိကာကွယ်နိုင်ရန် လိုအပ်သည်
  • မီးဖွားစဉ်တွင် တက်ခြင်းဖြစ်နိုင်သောကြောင့် ဆေးရုံဆေးခန်းများတွင်သာ မွေးဖွားသင့်သည်
  • မီးဖွားပြီးချိန်တွင် မိခင်နို့တိုက်ကျွေးနိုင်သည်၊ သို့သော် အမြင့်တွင်ထိုင်၍ နို့တိုက်ခြင်းကို ‌ရှောင်ကြဉ်ရမည်၊ မိခင်နို့တွင်းတွင် အတက်ကျဆေးပမာဏပါဝင်မှု အလွန်နည်းပါးသော်လည်း မွေးကင်းစကလေးတွင် ဆေး၏အာနိသင်များ သက်ရောက်မှု ရှိနိုင်သည်၊ ကလေးကို မိခင်နို့ အရင်တိုက်ပြီးမှ အတက်ကျဆေးသောက်သုံးခြင်းဖြင့် အဆိုပါသက်ရောက်မှုကို လျော့နည်းစေနိုင်သည်

အဓိကအားဖြင့် အတက်ရောဂါနှင့် နောက်ဆက်တွဲပြဿနာများမှ ကာကွယ်ထိန်းချုပ်နိုင်ရန်

  • ဆေးကို မှန်ကန်စွာ သောက်သုံးပါ
  • အိပ်ရေးဝအောင် အနားယူပါ
  • စိတ်ဖိစီးမှုကို လျော့ချပါ
  • ကိုယ်ဝန်မဆောင်မီ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ
  • အာဟာရပြည့်ဝသော အစားအစာများကို စားသုံးပါ

အတက်ရောဂါရှိသူများအတွက် ကိုယ်ဝန်ဆောင်ခြင်းသည် စိုးရိမ်ဖွယ်ရာများ ရှိနိုင်သော်လည်း စနစ်တကျ ကုသစောင့်ရှောက်မှု ခံယူခြင်း၊ ဆေးဝါးများ မှန်ကန်စွာ သောက်သုံးခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်းတို့ဖြင့် ကျန်းမာသော မိခင်နှင့်ကလေးကို ရရှိနိုင်မည်ဖြစ်သည်။

References:

  1. Royal College of Obstetricians and Gynaecologists. (2016). Epilepsy in pregnancy (Green-top Guideline No. 68). Retrieved April 9, 2026, from https://www.rcog.org.uk/guidance/browse-all-guidance/green-top-guidelines/epilepsy-in-pregnancy-green-top-guideline-no-68/
  2. Mayo Clinic. (2025). Epilepsy and pregnancy: What you need to know. Retrieved April 9, 2026, from https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/in-depth/pregnancy/art-20048417
  3. Cleveland Clinic Abu Dhabi. (n.d.). Women and epilepsy. Retrieved April 9, 2026, from https://www.clevelandclinicabudhabi.ae/en/health-library/health-resources/diseases-and-conditions/women-and-epilepsy
  4. Li, Y., & Meador, K. J. (2022). Epilepsy and pregnancy. Continuum (Minneapolis, Minn.), 28(1), 34–54. https://doi.org/10.1212/CON.0000000000001056
  5. Cleveland Clinic Journal of Medicine. (2004). Epilepsy and pregnancy. Cleveland Clinic Journal of Medicine, 71(Suppl 2), S25. Retrieved April 9, 2026, from https://www.ccjm.org/content/71/2_suppl_2/S25

Published: 24 April 2026

Share

24 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.