လမစေ့ဘဲမွေးသောကလေးများတွင် မြင်လွှာပျက်စီးခြင်း (Retinopathy of Prematurity – ROP) ဆိုသည်မှာ ကိုယ်ဝန်ပတ် (၃၂) ပတ်မတိုင်မီ စောစီးစွာမွေးဖွားလာသော ကလေးငယ်အချို့တွင် ဖြစ်ပွါးတတ်သည့် ပြင်းထန်သော မျက်စိရောဂါတစ်မျိုးဖြစ်သည်။ ၎င်းရောဂါသည် မျက်လုံး၏အနောက်ဘက်ရှိ အလင်းအာရုံခံအလွှာဖြစ်သော မြင်လွှာ (Retina) ကို ထိခိုက်ပျက်စီးစေသည့် အခြေအနေဖြစ်သည်။
မြင်လွှာသည် မျက်လုံးအတွင်းပိုင်း အနောက်ဘက်ဆုံးတွင်ရှိသော အလွန်နုနယ်သည့် တစ်ရှူးအလွှာတစ်ခုဖြစ်သည်။ ၎င်းသည် မျက်လုံးထဲသို့ ဝင်ရောက်လာသော အလင်းတန်းများကို လျှပ်စစ်အချက်ပြမှု (Electrical signals) များအဖြစ်သို့ ပြောင်းလဲပေးသည်။ ထိုမှတစ်ဆင့် အမြင်အာရုံကြောမကြီး (Optic nerve) ကို အသုံးပြု၍ ဦးနှောက်သို့ သတင်းအချက်အလက်များ ပေးပို့ကာ ပုံရိပ်များ မြင်တွေ့နိုင်စေရန် ဖော်ဆောင်ပေးသည်။
ROP ရောဂါရှိသော အချို့ကလေးများတွင် အသက်ကြီးလာသည်နှင့်အမျှ ရောဂါအခြေအနေမှာ အလိုအလျောက် ပြန်လည်ကောင်းမွန်သွားနိုင်သော်လည်း ကလေး၏ အမြင်အာရုံကို ထိန်းသိမ်းရန်အတွက် မျက်စိအထူးကုဆရာဝန်နှင့် ပုံမှန်ပြသစစ်ဆေးရန် အလွန်အရေးကြီးသည်။ အချို့သော ပြင်းထန်သည့်အခြေအနေများတွင် အမြင်အာရုံဆုံးရှုံးခြင်းမှ ကာကွယ်ရန် အရေးပေါ်ကုသမှုများ ခံယူရတတ်သည်။ အကယ်၍ ရောဂါကို အချိန်မီ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိပါက သို့မဟုတ် သင့်လျော်သော ကုသမှုများ မရရှိပါက တစ်သက်တာ အမြင်အာရုံဆုံးရှုံးသည်အထိ ဆိုးရွားသွားနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကလေးငယ်တစ်ဦး ပတ်ဝန်းကျင်ကို ကြည်လင်ပြတ်သားစွာ မြင်နိုင်ရန်အတွက် ကျန်းမာသော မြင်လွှာ (Retina) နှင့် စနစ်ကျသော သွေးလှည့်ပတ်မှု လိုအပ်သည်။ သန္ဓေသား၏ မြင်လွှာရှိ သွေးကြောများသည် မိခင်ဝမ်းဗိုက်အတွင်းရှိစဉ် ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး တဖြည်းဖြည်းချင်း ဖွံ့ဖြိုးလာခြင်းဖြစ်ပြီး၊ နေ့စေ့လစေ့ မွေးဖွားခါနီး ကိုယ်ဝန် (၄၀) ပတ်ခန့်ရောက်မှသာ အပြည့်အဝ ဖွံ့ဖြိုးပြီးစီးသည်။
လမစေ့ဘဲ စောစီးစွာ မွေးဖွားလာသောအခါတွင် အောက်ပါအခြေအနေများကြောင့် မြင်လွှာဖွံ့ဖြိုးမှု ဖြစ်စဉ်မှာ ပုံမမှန်ဖြစ်ပေါ်သွားတတ်သည်။
- ဖွံ့ဖြိုးမှု ရပ်တန့်ခြင်း – မိခင်ဝမ်းတွင်းရှိ အကာအကွယ်အပြည့်ရှိသော ပတ်ဝန်းကျင်မှ ပြင်ပလောကသို့ စောစီးစွာ ရောက်ရှိလာခြင်းကြောင့် မြင်လွှာရှိ သွေးကြောများ၏ ပုံမှန်ဖွံ့ဖြိုးမှုသည် ရုတ်တရက် ရပ်တန့်သွားသည်
- သွေးကြောသစ်များ ပုံမှန်မဟုတ်ဘဲ ပွါးများလာခြင်း – ပြင်ပလေထုထဲရှိ အောက်ဆီဂျင်ပမာဏ၊ အလင်းရောင်နှင့် အပူချိန် အပြောင်းအလဲများကြောင့် မြင်လွှာသို့ သွေးလုံလောက်စွာ ပေးပို့ရန် ကြိုးပမ်းသည့်အနေဖြင့် ပုံမှန်မဟုတ်သော သွေးကြောအသစ်များ ပွါးများလာတတ်သည်
- မြင်လွှာပျက်စီးခြင်း – ဤကဲ့သို့ ပုံမှန်မဟုတ်ဘဲ ပွါးများလာသော သွေးကြောများသည် အလွန်နုနယ်ပြီး ပေါက်ထွက်လွယ်သောကြောင့် မြင်လွှာပေါ်တွင် အမာရွတ်တစ်ရှူးများကို ဖြစ်ပေါ်စေသည်၊ ထိုအမာရွတ်များ မြင်လွှာကို စုပ်ဆွဲလိုက်သောအခါ မြင်လွှာကွာကျခြင်းနှင့် အမြင်အာရုံ ချို့ယွင်းခြင်းတို့ကို ဖြစ်စေသည်
ပို၍ဖြစ်နိုင်ခြေများသော အခြေအနေများ
မည်သည့်ကလေးတွင် မြင်လွှာပျက်စီးခြင်း (ROP) ဖြစ်မည်ကို အတိအကျ ကြိုတင်ပြောရန် မလွယ်ကူသော်လည်း အောက်ပါအချက်များရှိသော ကလေးငယ်များတွင် ရောဂါဖြစ်နိုင်ခြေပိုများကြောင်း တွေ့ရှိရသည်။
- ကိုယ်ဝန် (၃၂) ပတ်မတိုင်မီ မွေးဖွားခြင်း (ကလေးစောစီးစွာ မွေးလေလေ ROP ဖြစ်နိုင်ခြေ ပိုများလေလေ ဖြစ်သည်)
- မွေးကင်းစကလေး မွေးဖွားပြီး ကိုယ်အလေးချိန် (၃.၃) ပေါင် (၁,၅၀၀ ဂရမ်) အောက် လျော့နည်းခြင်း
- မွေးကင်းစကလေး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ (Respiratory distress syndrome) ရှိခြင်း
- ကလေးသည် အောက်ဆီဂျင်အကူအညီ အထောက်အပံ့များ ကြာရှည်စွာ ရရှိခဲ့ခြင်း
- ကလေးသည် အသက်ရှူကူစက် (Mechanical ventilation) ကို အချိန်ကြာမြင့်စွာ အသုံးပြုခဲ့ရခြင်း
- ကလေး၏ ကိုယ်ခန္ဓာအတွင်း၌ အောက်ဆီဂျင်ပမာဏ မကြာခဏ ပြောင်းလဲနေခြင်း (အောက်ဆီဂျင် လွန်ကဲခြင်းနှင့် ပြတ်လပ်ခြင်း အခြေအနေ အလှည့်ကျဖြစ်ပေါ်ခြင်း)
- မွေးကင်းစကလေးတွင် ရောဂါပိုးဝင်ခြင်း
ရောဂါအဆင့်များ
မြင်လွှာပျက်စီးခြင်း (ROP) ရောဂါကို ပြင်းထန်မှုအပေါ် မူတည်၍ အဆင့် (၅) ဆင့် ခွဲခြားထားသည်။
- အဆင့် (၁) နှင့် (၂)
ဤအဆင့်များသည် ရောဂါအပျော့စားအဆင့်ဖြစ်ပြီး အများအားဖြင့် ကုသမှုခံယူရန် မလိုအပ်ဘဲ အလိုအလျောက် ပြန်လည်ကောင်းမွန်သွားနိုင်သည်။ - အဆင့် (၃)
ဤအဆင့်သည် မြင်လွှာတွင် ပုံမှန်မဟုတ်သော သွေးကြောသစ်များ စတင်ဖြစ်ပေါ်လာသော အဆင့်ဖြစ်သည်။ ဤအဆင့်၌ ကလေးအများစုသည် လေဆာဖြင့် ကုသခြင်း (Laser therapy) သို့မဟုတ် ဆေးထိုးကုသခြင်း (Injections) များ ခံယူရန် လိုအပ်နိုင်သည်။ အချို့ကလေးများတွင် ကုသမှု မလိုအပ်ဘဲ အနီးကပ် ပုံမှန်စောင့်ကြည့်စစ်ဆေးရမည့် အခြေအနေများလည်းရှိသည်။ - အဆင့် (၄)
ဤအဆင့်သည် ရောဂါပြင်းထန်သည့် အဆင့်ဖြစ်ပြီး မြင်လွှာ တစ်စိတ်တစ်ပိုင်း ကွာကျခြင်း (Partial retinal detachment) အခြေအနေကို တွေ့ရသည်။ ထို့ကြောင့် ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်ပြီး တစ်ခါတစ်ရံ ခွဲစိတ်မှု ပြုလုပ်သော်လည်း နောက်ဆက်တွဲအနေဖြင့် အမြင်အာရုံ အနည်းငယ် ချို့ယွင်းမှု ရှိနိုင်သည်။ - အဆင့် (၅)
ဤအဆင့်သည် အလွန်ပြင်းထန်သော အဆင့်ဖြစ်ပြီး မြင်လွှာတစ်ခုလုံး ကွာကျခြင်း (Complete retinal detachment) အခြေအနေကို တွေ့ရသည်။ ဤအဆင့်သို့ ရောက်ရှိသွားသော ကလေးငယ်များသည် အရေးပေါ် ခွဲစိတ်ကုသမှု သို့မဟုတ် အခြားကုသမှု နည်းလမ်းများ ခံယူသော်လည်း မျက်စိကွယ်သည်အထိ အခြေအနေဆိုးရွားသွားနိုင်သည်။
မြင်လွှာပျက်စီးခြင်း (ROP) ၏ ရောဂါအဆင့်များအပြင် ပြင်းထန်မှုကို ဖော်ပြနိုင်သည့် အခြားအခြေအနေများလည်း ရှိသည်။ ၎င်းတို့မှာ_
- Aggressive retinopathy of prematurity (AROP)
အလွန်ပြင်းထန်ပြီး အချိန်တိုအတွင်း အခြေအနေ အလျင်အမြန် ဆိုးရွားလာတတ်သည့် မြင်လွှာပျက်စီးခြင်း (ROP) အမျိုးအစားဖြစ်သည်။ - Plus disease
မြင်လွှာရှိ သွေးကြောများသည် ပုံမှန်မဟုတ်ဘဲ ပွါးများလာသည့်အပြင် သွေးကြောများ ပုံမှန်ထက် ပို၍ဖောင်းလာပြီး တွန့်ခေါက်ကောက်ကွေ့လာသည့် အခြေအနေ (Abnormal dilatation and tortuosity) ကို တွေ့ရပါက Plus disease ဟုသတ်မှတ်သည်။ ပြင်းထန်သည့် မြင်လွှာပျက်စီးခြင်း အမျိုးအစားဖြစ်သည်။
ရောဂါလက္ခဏာများ
မြင်လွှာပျက်စီးခြင်းအခြေအနေသည် အပြင်ပန်းကြည့်ရုံဖြင့် သိရှိနိုင်သော ရောဂါလက္ခဏာများ မရှိပါ။ ရောဂါအဆင့် ရင့်လာပါက မြင်လွှာသည် မျက်လုံး၏အနောက်ဘက်ရှိ ပုံမှန်ရှိနေရမည့်နေရာမှ တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံး ကွာထွက်သွားတတ်သည်။ ထိုအခြေအနေကို မြင်လွှာကွာကျခြင်း (Retinal detachment) ဟုခေါ်ဆိုပြီး ၎င်းသည်အမြင်အာရုံ ချို့ယွင်းခြင်းနှင့် မျက်စိကွယ်ခြင်းအထိ ဖြစ်စေနိုင်သည်။
ကလေးငယ်များတွင် အောက်ပါလက္ခဏာများကို သတိထားမိပါက မြင်လွှာပျက်စီးခြင်းအခြေအနေကို သံသယရှိသင့်သည်။
- မျက်စိစွေခြင်း
- အရာဝတ္ထုများ ရွေ့လျားမှုကို မျက်စိမှ လိုက်မကြည့်နိုင်ခြင်း
- ဓာတ်မီးဖြင့် မျက်လုံးအား စမ်းသပ်ကြည့်ပါက မျက်လုံးသူငယ်အိမ်မှ အလင်းပြန်ချိန်တွင် ပုံမှန် အနီရောင်မဟုတ်ဘဲ အဖြူရောင်သဏ္ဌာန် အလင်းရောင်ပြန်ဟပ်ခြင်း (Leukocoria)
- မျက်နှာများကို မှတ်မိရန် ခက်ခဲခြင်း
နောက်ဆက်တွဲပြဿနာများ
မြင်လွှာပျက်စီးခြင်း ဖြစ်ပွါးခဲ့ဖူးသော ကလေးငယ်များသည် အသက်ကြီးပြင်းလာသည့်အခါ မြင်လွှာကွာကျခြင်းအပြင် အောက်ပါ နောက်ဆက်တွဲမျက်စိပြဿနာများ ဖြစ်ပွါးနိုင်ခြေ ပိုများသည်။
- အနီးမှုန်ခြင်း
- မျက်စိအာရုံကြောသေရောဂါ
- မျက်စိစွေခြင်း
- မျက်စိရေတိမ်ရောဂါ
- အတွင်းတိမ်ရောဂါ စသည်တို့ဖြစ်သည်။
အကယ်၍ ကလေးငယ်သည် မွေးကင်းစအရွယ်တွင် မြင်လွှာပျက်စီးခြင်း ဖြစ်ခဲ့ဖူးပါက ဘဝတစ်လျှောက်လုံး မျက်စိပုံမှန် စစ်ဆေးမှုများကို မပျက်မကွက် ခံယူရန် လိုအပ်သည်။ ထို့ကြောင့် မျက်စိပြဿနာများကို စောစီးစွာ ရှာဖွေကုသခြင်းသည် ကလေး၏ အမြင်အာရုံကို ရေရှည်ကောင်းမွန်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
လမစေ့ဘဲ မွေးဖွားလာသော ကလေးငယ်များနှင့် မွေးကင်းစကိုယ်အလေးချိန် အလွန်နည်းသော ကလေးတိုင်းကို ROP ရောဂါ ရှိမရှိ စနစ်တကျ စစ်ဆေးရန် လိုအပ်သည်။ ထို့အပြင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးရမည်။ လိုအပ်ပါက ဆရာဝန်မှ သင့်တော်သော စစ်ဆေးမှုများ ပြုလုပ်ပေးမည်ဖြစ်ပြီး၊ သက်ဆိုင်ရာ မျက်စိအထူးကုဆရာဝန်ထံသို့ လွှဲပြောင်းပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ROP ရောဂါသည် အပြင်ပန်းကြည့်ရုံဖြင့် သိသာထင်ရှားသော လက္ခဏာရပ်များ မရှိသောကြောင့် ကိုယ်ဝန် (၃၂) ပတ်မပြည့်မီ မွေးဖွားလာသော သို့မဟုတ် မွေးကင်းစကိုယ်အလေးချိန် အလွန်နည်းသော ကလေးငယ်များကို မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင် (NICU) တွင် ပြုစုကုသမှု ပြုလုပ်စဥ် ကာလတွင် ROP ရှိမရှိ မျက်စိအထူးကုဆရာဝန်နှင့် စနစ်တကျ စစ်ဆေးရန် လိုအပ်သည်။ မျက်စိဆရာဝန်မှ သူငယ်အိမ်ချဲ့ပေးသော မျက်စဥ်းဆေးရည်များထည့်ပြီး မြင်လွှာတွင် ထိခိုက်ပျက်စီးမှုများနှင့် ပုံမှန်မဟုတ်သော သွေးကြောများပေါက်ဖွားမှု ရှိမရှိကို အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။ တစ်ခါတစ်ရံ အထူးပြုလုပ်ထားသော ကင်မရာများဖြင့် မြင်လွှာကို ဓာတ်ပုံရိုက်၍ မှတ်တမ်းနိုင်သည်။ အဆိုပါစစ်ဆေးမှုကို များသောအားဖြင့် ကလေးမွေးဖွားပြီး (၄)ပတ် မှ (၆) ပတ်အကြာတွင် ပြုလုပ်လေ့ရှိသည်။
ကုသခြင်း
လမစေ့ဘဲ မွေးဖွားသောကလေးများတွင် ဖြစ်ပွါးတတ်သော မြင်လွှာပျက်စီးခြင်း (ROP) ကို စောစီးစွာ သိရှိခြင်းအားဖြင့် ရောဂါအခြေအနေကို အနီးကပ်စောင့်ကြည့်နိုင်ပြီး၊ အချိန်မီ ကုသမှုပေးနိုင်ပါက မျက်စိအတွက် အကောင်းဆုံးရလဒ် ရရှိနိုင်သည်။ ရောဂါအပျော့စား မြင်လွှာပျက်စီးခြင်း (ROP) အဆင့် (၁) သို့မဟုတ် (၂) ဖြစ်ပါက ပုံမှန်မဟုတ်သော မြင်လွှာသွေးကြောများသည် ပထမ (၄) လတွင် အလိုအလျောက် ပြန်လည်ကောင်းမွန်လေ့ရှိသော်လည်း ROP အဆင့် ပို၍ဆိုးလာပါက ကုသမှုခံယူရန် လိုအပ်သည်။
ကုသမှု၏ ရည်ရွယ်ချက်သည် မျက်စိအတွင်း ပုံမှန်မဟုတ်သော သွေးကြောများ ကြီးထွားလာမှုကို ရပ်တန့်စေရန်၊ အမာရွတ်ဖြစ်ခြင်း သို့မဟုတ် မြင်လွှာကွာကျခြင်းကဲ့သို့သော အခြေအနေများ မဖြစ်စေရန်နှင့် ပုံမှန်သွေးကြောများ ပြန်လည်ကြီးထွားစေရန်ဖြစ်သည်။ ကုသမှုနည်းလမ်းများမှာ_
- မျက်လုံးအတွင်းသို့ ဆေးထိုး၍ ကုသခြင်း (Intravitreal Anti-VEGF injections)
- ROP ဖြစ်နေသော မျက်လုံးများတွင် သွေးကြောပေါက်ဖွားမှုကို အားပေးသော ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သည့် (VEGF) သည် အလွန်အမင်း များပြားနေသောကြောင့် ၎င်းဓာတ်ပစ္စည်းကို တားဆီးနိုင်သည့် ဆေးဝါးများကို မျက်လုံးထဲသို့ ထိုးသွင်းကုသခြင်းဖြစ်သည်
- ဤကုသမှု၏ အားသာချက်သည် ထိရောက်မှု မြန်ဆန်သောကြောင့် အလျင်အမြန်ဆိုးရွားသော ရောဂါအခြေအနေရှိသည့် ကလေးများအတွက် ပို၍သင့်လျော်သည်
- ကလေးကို နာကျင်မှုမရှိစေဘဲ ထုံဆေးပါသော မျက်စဥ်းဆေးကို အသုံးပြု၍ ပြုလုပ်ပေးနိုင်သည်
- လေဆာဖြင့် ကုသခြင်း (Laser Photocoagulation)
- လေဆာဖြင့် ကုသခြင်းသည် ROP အတွက် အသင့်တော်ဆုံး စံပြကုသနည်းဖြစ်ပြီး အထူးသဖြင့် ရောဂါအခြေအနေ မပြင်းထန်သေးသော အခြေအနေများတွင် အသုံးပြုသည်
- အဆိုပါကုသမှုပေးရာတွင် အချိန်ပိုမိုကြာသည့်အပြင် ကလေးငြိမ်နေရန်လည်း လိုအပ်သောကြောင့် မွေးကင်းစကလေး အထူးကြပ်မတ် ကုသဆောင်တွင် အိပ်ဆေးပေးခြင်း သို့မဟုတ် ခွဲစိတ်ခန်းထဲတွင် မေ့ဆေးပေးခြင်းတို့ဖြင့် ကုသမှုပေးရသည်
- မျက်စိအထူးကုဆရာဝန်မှ လေဆာစက်ကို အသုံးပြုပြီး မြင်လွှာ၏ အစွန်းပတ်ပတ်လည်တွင် အန္တရာယ်နည်း၍ သေးငယ်သော လေဆာရောင်ခြည်တန်းများ ပြုလုပ်ပေးခြင်းဖြင့် ပုံမှန်မဟုတ်သော သွေးကြောသစ်များ ထပ်မံ မကြီးထွားစေရန် တားဆီးပေးသည်
- လေဆာဖြင့် ကုသခြင်းသည် ROP ရောဂါကို (၉၀) ရာခိုင်နှုန်းခန့်အထိ အောင်မြင်စွာ ကုသနိုင်သည်
- အအေးပေး၍ ကုသခြင်း (Cryopexy or cryotherapy)
- အအေးပေး ကုသခြင်းသည် မျက်လုံးအပြင်ဘက်မှ ကိရိယာတစ်ခုကို အသုံးပြုပြီး မြင်လွှာ ဘေးဘက်အပိုင်းများကို အေးခဲစေသော ကုသနည်းဖြစ်သည်
- လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်တွင် အဆိုပါနည်းလမ်းကို အဓိကသုံးခဲ့ကြသော်လည်း ယခုအချိန်တွင် လေဆာ သို့မဟုတ် ဆေးထိုးကုသနည်းများဖြင့် အစားထိုးကုသလာကြသည်
- မျက်စိခွဲစိတ်ကုသခြင်း (Eye surgery)
မြင်လွှာသည် တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံး ကွာကျသွားသော အခြေအနေ အဆင့် (၄) သို့မဟုတ် (၅) ဖြစ်ပါက အောက်ပါကုသနည်းလမ်း (၂) မျိုးကို အဓိကအသုံးပြုသည်။- Scleral buckling (မျက်ဖြူသားနှင့် မြင်လွှာကို တွဲပေးခြင်း)
- မျက်လုံး၏ မျက်ဖြူသား (Sclera) ပတ်လည်တွင် ဆီလီကွန်ကြိုး (Band) ကို ပတ်ထားပေးခြင်းဖြစ်သည်
- ထိုကြိုးကြောင့် ကွာကျနိုင်ခြေရှိသည့် မြင်လွှာကို မျက်လုံးအနောက်ဘက်နံရံနှင့် ပြန်လည်ထိကပ်သွားစေပြီး တင်းသွားအောင် ပြုလုပ်ပေးခြင်းဖြစ်သည်
- ကလေးများ မျက်လုံးကြီးထွားမှု ရှိလာသည်နှင့်အမျှ မြင်လွှာပိုမိုထိကပ်စေပြီး နောက်ပိုင်းတွင် မလိုအပ်တော့ပါက ကြိုးကို ပြန်ဖြုတ်ပေးမည်ဖြစ်သည်
- Vitrectomy (မျက်လုံးအတွင်းရှိ ဂျယ်လီအလွှာကို ဖယ်ထုတ်ခြင်း)
- မျက်လုံးအနောက်ဘက်အခန်းအတွင်း ပြည့်နေသော ဂျယ်လီအလွှာ (Vitreous) ကို ဖယ်ထုတ်ပြီး ပိုးသတ်ထားသော ဆားရည် သို့မဟုတ် ဆီတစ်မျိုးမျိုးဖြင့် အစားထိုး ကုသသည့် နည်းလမ်းဖြစ်သည်
- ထို့အပြင် ခွဲစိတ်မှုအတွင်း မြင်လွှာရှိ အမာရွတ်တစ်ရှူးများကိုပါ ဖယ်ရှားပေးနိုင်သည့်အပြင် လေဆာကိုအသုံးပြု၍ မြင်လွှာကို မျက်လုံးနံရံပေါ်တွင် နေရာတကျ ပြန်၍ကပ်ပေးနိုင်သည်
- Scleral buckling (မျက်ဖြူသားနှင့် မြင်လွှာကို တွဲပေးခြင်း)
- နောက်ဆက်တွဲ စောင့်ကြည့်ခြင်း
မျက်စိအထူးကုဆရာဝန်သည် ကုသမှု၏ တုံ့ပြန်ခြင်းကို သိရှိစေရန် အစောပိုင်းကာလများတွင် တစ်ပတ် သို့မဟုတ် နှစ်ပတ် တစ်ကြိမ် ရက်ချိန်း ပြန်လည်ခေါ်ယူစစ်ဆေးရန် စီစဥ်မည်ဖြစ်သည်။ အကယ်၍ ROP သည် ဆက်လက်ဆိုးရွားနေပါက လေဆာဖြင့် ထပ်မံကုသခြင်း၊ ဆေးထပ်မံထိုးပေးခြင်း သို့မဟုတ် လိုအပ်ပါက ခွဲစိတ်ခြင်းများကို ပြုလုပ်ရနိုင်သည်။
ကာကွယ်ခြင်း
မွေးကင်းစကလေး မြင်လွှာပျက်စီးခြင်းရောဂါကို အမြဲတမ်း ရာနှုန်းပြည့် မတားဆီးနိုင်သော်လည်း လမစေ့ဘဲမွေးဖွားလာသည့် ကလေးငယ်များကို စနစ်တကျ ပြုစုစောင့်ရှောက်ခြင်းဖြင့် ဖြစ်ပွါးနိုင်ခြေကို လျှော့ချနိုင်သည်။ လမစေ့ဘဲ မွေးဖွားလာသည့် ကလေးငယ်တိုင်းကို မွေးဖွားပြီးနောက် အနည်းဆုံး (၄)ပတ် မှ (၆)ပတ်အတွင်း မျက်စိအထူးကုဆရာဝန်နှင့် ပုံမှန်ပြသ၍ စစ်ဆေးမှု ခံယူရမည်။ ရောဂါရှာဖွေစစ်ဆေးမှုများကို များသောအားဖြင့် မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင် (NICU) တွင် ကုသမှု ပြုလုပ်လေ့ရှိသော်လည်း ဆေးရုံမှ ဆင်းပြီးနောက်တွင်လည်း ရောဂါ၏ ပြင်းထန်မှုနှင့် အခြေအနေတိုးတက်မှုအပေါ်တွင် မူတည်၍ ထပ်မံစစ်ဆေးမှုများ လိုအပ်နိုင်သည်။ ထို့ကြောင့် ဆေးရုံမှဆင်းသော်လည်း ဆက်လက်၍ မျက်စိစစ်ဆေးမှုများ ခံယူရန် လိုအပ်နိုင်သောကြောင့် ဆရာဝန်နှင့် ရက်ချိန်းပြသရန်လိုသည်။ ထို့ပြင် လမစေ့ကလေးမွေးဖွားခြင်း လျော့နည်းစေရန် ပြုလုပ်ခြင်းဖြင့် လမစေ့ကလေးများတွင် ဖြစ်လေ့ရှိသော နောက်ဆက်တွဲပြဿနာများကို ဖြစ်ပေါ်မှုကိုပါ လျှော့ချနိုင်သည်။
- ကောင်းမွန်သော ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု
ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ပုံမှန်ကိုယ်ဝန်ဆောင် ဆေးစစ်မှုခံယူခြင်းသည် ROP ဖြစ်ပွါးရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သော လမစေ့ဘဲမွေးဖွားခြင်းကို လျှော့ချပေးနိုင်သည်။ - အောက်ဆီဂျင်ပမာဏကို ဂရုတစိုက် ထိန်းညှိခြင်း
လမစေ့ဘဲမွေးသောကလေးများသည် အောက်ဆီဂျင်ပေးရန် လိုအပ်လေ့ရှိသော်လည်း အောက်ဆီဂျင်ပမာဏ များလွန်းပါက ROP ဖြစ်နိုင်ခြေ ပိုများစေသောကြောင့် ကုသမှုတွင် အောက်ဆီဂျင်ပမာဏကို သေချာစွာ စောင့်ကြည့်ထိန်းညှိပေးရန်လိုသည်။ - ပုံမှန် မျက်စိစစ်ဆေးမှု ခံယူခြင်း
လမစေ့ဘဲမွေးသောကလေးများကို စောစီးစွာ မျက်စိစစ်ဆေးခြင်းဖြင့် ROP ရောဂါကို စောစီးစွာ သိရှိနိုင်ပြီး ရောဂါအခြေအနေ မပြင်းထန်မီ ကြိုတင်ကုသမှု ပေးနိုင်သည်။ - မွေးကင်းစကလေး ပြုစုစောင့်ရှောက်ခြင်း
မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင် (NICU) တွင် ပြုစုကုသနေစဉ်အတွင်း အာဟာရပြည့်စေရန် ကုသခြင်းနှင့် ပိုးဝင်ခြင်းကို ကောင်းစွာကုသခြင်း အပါအဝင် ကောင်းမွန်သော ပြုစုစောင့်ရှောက်မှုများသည် ROP ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။ - နောက်ဆက်တွဲစောင့်ရှောက်ခြင်း
ဆေးရုံမှဆင်းပြီးနောက်တွင်လည်း ရက်ချိန်းအတိုင်း ပုံမှန်ပြသခြင်းဖြင့် လိုအပ်ပါက အချိန်မီကုသမှု ခံယူနိုင်သည်။
References:
- National Eye Institute. (2025). Retinopathy of prematurity. Retrieved March 23, 2026, from https://www.nei.nih.gov/learn-about-eye-health/eye-conditions-and-diseases/retinopathy-prematurity
- American Academy of Ophthalmology. (2025). Retinopathy of prematurity. EyeWiki. Retrieved March 23, 2026, from https://eyewiki.org/Retinopathy_of_Prematurity
- American Academy of Ophthalmology. (n.d.). What is retinopathy of prematurity? Retrieved March 23, 2026, from https://www.aao.org/eye-health/diseases/what-is-retinopathy-prematurity
- Cleveland Clinic. (2026). Retinopathy of prematurity. Retrieved March 23, 2026, from https://my.clevelandclinic.org/health/diseases/17430-retinopathy-of-prematurity
- Elsevier. (2024). Retinopathy of prematurity. ScienceDirect. Retrieved March 23, 2026, from https://www.sciencedirect.com/science/article/pii/S2667009724000277
- Nemours KidsHealth. (n.d.). Retinopathy of prematurity (ROP). Retrieved March 23, 2026, from https://kidshealth.org/en/parents/rop.html
- Johns Hopkins Medicine. (n.d.). Retinopathy of prematurity. Retrieved March 23, 2026, from https://www.hopkinsmedicine.org/health/conditions-and-diseases/retinopathy-of-prematurity
- American Society of Retina Specialists. (n.d.). Retinopathy of prematurity. Retrieved March 23, 2026, from https://www.asrs.org/patients/retinal-diseases/17/retinopathy-of-prematurity
- The Royal Children’s Hospital Melbourne. (n.d.). What is retinopathy of prematurity (ROP)? Retrieved March 23, 2026, from https://www.rch.org.au/ophthal/patient_information/what_is_rop/
- Boston Children’s Hospital. (n.d.). Retinopathy of prematurity (ROP). Retrieved March 23, 2026, from https://www.childrenshospital.org/conditions/retinopathy-prematurity-rop
- MedlinePlus. (2024). Retinopathy of prematurity. Retrieved March 23, 2026, from https://medlineplus.gov/ency/article/001618.htm
Published: 23 April 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.