Respiratory Syncytial Virus (RSV) infection (RSV ဗိုင်းရပ်စ်ကူးစက်ရောဂါ)

Respiratory Syncytial Virus (RSV) infection (RSV ဗိုင်းရပ်စ်ကူးစက်ရောဂါ)

Respiratory Syncytial Virus (RSV) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွါးသော RSV ဗိုင်းရပ်စ်ကူးစက်ရောဂါသည် ကမ္ဘာတစ်ဝှမ်းရှိ ကလေးများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများကို ဖြစ်စေသော အကြောင်းရင်းများအနက် အဖြစ်အများဆုံးရောဂါဖြစ်သည်။ ရောဂါမပြင်းထန်သော သာမန်အအေးမိလက္ခဏာများမှစ၍ အသက်အန္တရာယ်ရှိနိုင်သော ပြင်းထန်သည့် အဆုတ်နှင့် အသက်ရှူလမ်းကြောင်းရောဂါအထိ ဖြစ်ပွါးနိုင်သည်။ ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများကို အသက် (၆) လအောက် ကလေးငယ်များတွင်သာမက အသက်ကြီးသူများနှင့် ကိုယ်ခံအားနည်းနေသူများတွင်လည်း တွေ့နိုင်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ မှတ်တမ်းများအရ RSV ဗိုင်းရပ်ပိုးကြောင့် အသက် (၅) နှစ်အောက် ကလေးများတွင် နှစ်စဥ်ဆေးရုံတက်ရောက်ကုသရသော လူဦးရေသည် ၃.၆ သန်းကျော် ရှိပြီး သေဆုံးသူဦးရေသည် ၁၀၀,၀၀၀ ခန့် ရှိသည်ဟု ဖော်ပြထားသည်။ ကလေးသေဆုံးမှုများ၏ ထက်ဝက်ခန့်သည် အသက် (၆) လအောက် အသက်အရွယ်များတွင် တွေ့ရပြီး စုစုပေါင်း၏ ၉၇% သည် ဆေးပစ္စည်း အထောက်အပံ့နှင့် ဆေးဝါးကုသမှုများ မပြည့်စုံသော နိုင်ငံများ၊ အထူးသဖြင့် ဝင်ငွေနည်းသော သို့မဟုတ် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများ၊ ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများတွင် ပိုမိုဖြစ်ပွါးသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်း

RSV ဗိုင်းရပ်စ်သည် Pneumoviridae မျိုးနွယ်အတွင်းရှိ Orthopneumovirus မျိုးစုဝင် RNA ဗိုင်းရပ်စ် အမျိုးအစားဖြစ်သည်။ RSV ဗိုင်းရပ်စ်ကို Genotype A နှင့် B ဟူ၍ မျိုးစိတ်နှစ်မျိုးထပ်မံခွဲခြားထားသည်။

RSV ဗိုင်းရပ်စ်သည် ကူးစက်မှုနှုန်း မြန်ဆန်သော ရောဂါအမျိုးအစားဖြစ်ပြီး လူတစ်ဦးမှတစ်ဦးသို့ လျင်မြန်စွာ ကူးစက်နိုင်သည်။ လူအချင်းချင်းကြား၌သာ ကူးစက်မှုရှိ၍ စားပွဲစသည့် မျက်နှာပြင်များပေါ်တွင် နာရီပေါင်းများစွာ အသက်ရှင်နေထိုင်နိုင်သည်။ ဗိုင်းရပ်စ်ပိုးသည် နှာခေါင်းမှစ၍ အဆုတ်အထိ အသက်ရှူလမ်းကြောင်းတစ်လျှောက် မည်သည့်နေရာ၌မဆို ရောဂါဖြစ်စေနိုင်သည်။

ရောဂါကူးစက်ပျံ့နှံ့ပုံနည်းလမ်းများ
  • လေထဲမှတစ်ဆင့်ကူးစက်ခြင်း – ရောဂါပိုးရှိသူ ချောင်းဆိုး၊ နှာချေရာမှ ထွက်လာသော အမှုန်အမွှားများမှတစ်ဆင့် ကူးစက်သည် (Airborne droplets)
  • တိုက်ရိုက်ထိတွေ့ခြင်း (Direct contact) – ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့မိခြင်း (ဥပမာ_လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်ခြင်း၊ နမ်းရှုံ့ခြင်း)
  • ဗိုင်းရပ်စ်ပိုးတင်ကျန်နေသော အရာဝတ္ထုများ၊ မျက်နှာပြင်များနှင့် ထိတွေ့ခြင်း (Fomite transmission) – ဗိုင်းရပ်စ်ပိုးကပ်ကျန်နေသော လက်ဖဝါးများ၊ ပစ္စည်းများ (ကစားစရာ၊ ဖုန်း၊ စားပွဲ စသည်) ကိုကိုင်တွယ်မိခြင်းမှတစ်ဆင့် ကူးစက်သည်။
ရောဂါလက္ခဏာများ

RSV ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့ပြီး ၄ရက် မှ ၇ရက်အတွင်း လက္ခဏာများ စတင်ပြလေ့ရှိသည်။ ကလေး၏ အသက်အရွယ်ပေါ်မူတည်၍ တွေ့ရနိုင်သော လက္ခဏာများ အနည်းငယ်ကွဲပြားသည်။ ရောဂါရှိသူသည် ရောဂါလက္ခဏာများ မပေါ်လာမီ တစ်ရက်၊ နှစ်ရက်ခန့်အလို၌ပင် အခြားလူများထံသို့ ကူးစက်နိုင်ပြီး လက္ခဏာများရှိနေသည့် အချိန်ကာလ (၃ – ၈) ရက် အတွင်း၌လည်း ကူးစက်နိုင်သည်။ ရောဂါဖြစ်ပေါ်သည့် ပထမတစ်ပတ်အတွင်း ကူးစက်မှုအမြင့်ဆုံးဖြစ်ပြီး အချို့ကလေးများနှင့် ကိုယ်ခံအားနည်းသူများတွင်မူ လက္ခဏာများပျောက်ပြီးနောက်ပိုင်း (၄) ပတ်ခန့်အထိပင် တခြားသူများသို့ ကူးစက်နိုင်သည်။

ကလေးငယ်များနှင့် လမ်းလျှောက်တတ်စကလေးများတွင် တွေ့ရသော လက္ခဏာများ
RSV ရောဂါသည် စတင်ဖြစ်ပွါးသည့်ရက်တွင် ပြင်းထန်သည့် ပုံစံမရှိသော်လည်း ရက်အနည်းငယ်ကြာလာသောအခါမှ ပိုမိုဆိုးရွားလာတတ်သည်။ ရောဂါအစောပိုင်း လက္ခဏာများအနေဖြင့်_

  • နှာစေးခြင်း
  • အစားစားချင်စိတ် လျော့နည်းလာခြင်း
  • ရေသောက်နည်းခြင်း
  • လှုပ်ရှားကစားမှု လျော့နည်းခြင်း
  • တစ်ခါတစ်ရံ အဖျားအနည်းငယ်ရှိတတ်ခြင်း
  • ချောင်းဆိုးခြင်း၊ ထိုမှတစ်ဆင့် အသက်ရှူလျှင် တရွှီရွှီအသံထွက်ခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်းများ ဖြစ်လာနိုင်သည်။

အသက်ငယ်လွန်းသော လသားကလေးများတွင် တွေ့ရသော လက္ခဏာများ
အသက် (၆) လအောက် ကလေးငယ်များတွင် တွေ့ရနိုင်သော လက္ခဏာများမှာ_

  • ဂနာမငြိမ်ဖြစ်ခြင်း၊ ဂျီကျခြင်း
  • လှုပ်ရှားမှုနည်းပါးသွားခြင်း (နုံးခွေနေခြင်း)
  • နို့စို့နှုန်း လျော့နည်းသွားခြင်း
  • ခေတ္တအသက်ရှူရပ်ခြင်း (Apnea) တို့ဖြစ်သည်။

ကလေးကြီးများနှင့် လူကြီးများတွင် တွေ့ရလေ့ရှိသော လက္ခဏာများ

  • ချောင်းဆိုးခြင်း
  • နှာစေး၊ နှာပိတ်ခြင်း
  • နှာချေခြင်း
  • လည်ချောင်းနာခြင်း
  • ခေါင်းကိုက်ခြင်း
  • မောပန်းခြင်း
  • ဖျားခြင်း
  • အစာစားချင်စိတ်မရှိခြင်း စသည်တို့ဖြစ်သည်။

အရေးပေါ် လက္ခဏာများ
အထက်ပါလက္ခဏာများအပြင် အောက်ပါလက္ခဏာများပါ တွဲ၍ ရှိလာပါက နီးစပ်ရာအရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက်၍ ကုသမှုခံယူသင့်သည်။

  • ချောင်းဆက်တိုက်ဆိုးခြင်း သို့မဟုတ် ပြင်းထန်စွာ ချောင်းဆိုးခြင်း (Severe cough)
  • အသက်ရှူအလွန်မြန်ခြင်း၊ အသက်ရှူရခက်ခဲခြင်း (Fast or difficult breathing)
  • အသက်ရှူလျှင် တရွှီရွှီ အသံကြားရခြင်း (Wheezing or noisy breathing)
  • အသက်ရှူချိန်တိုင်း နှာခေါင်းဝအ‌ရေပြား၌ ဖောင်းလိုက်ပိန်လိုက် တွေ့ရခြင်း (Flaring of nostrils)
  • အသက်ရှူချိန်တိုင်း ရင်ဘတ်ချိုင့်ဝင်ခြင်း (Retractions)
  • အရေပြား၊ နှုတ်ခမ်းနှင့် လက်သည်းများတွင် ပြာနေခြင်း (Cyanosis)
ရောဂါကူးစက်နိုင်ခြေနှင့် ပြင်းထန်နိုင်ခြေ ပိုများသူများ
  • လမစေ့ဘဲ မွေးဖွားလာသော ကလေးငယ်များ
  • အသက် (၂) နှစ်အောက် ကလေးများ (အထူးသဖြင့် အသက် (၆) လအောက်)
  • မွေးရာပါ ကိုယ်ခံအားစနစ် အားနည်းနေသူများ
  • ကင်ဆာရောဂါ၊ HIV ရောဂါစသည်တို့ကြောင့် ကိုယ်ခံအားကျဆင်းနေသူများ
  • အသက် (၆၅) နှစ်နှင့်အထက် လူကြီးများ
  • မွေးရာပါ နှလုံးရောဂါအပါအဝင် နှလုံးရောဂါအခံရှိသူများ
  • ပန်းနာရင်ကျပ်ကဲ့သို့သော နာတာရှည်အဆုတ်ရောဂါ ရှိသူများ
  • မွေးရာပါ ဦးနှောက်အာရုံကြောနှင့် ကြွက်သားဆိုင်ရာ ရောဂါရှိသူများတွင် ရောဂါပြင်းထန်နိုင်ခြေ ပိုများသည်ကို တွေ့ရသည်။
နောက်ဆက်တွဲပြဿနာများ

RSV ဗိုင်းရပ်စ်ပိုးသည် ပြင်းထန်ပါက အသက်ရှူလမ်းကြောင်းဆိုင်ရာအပြင် အခြားနေရာများတွင်လည်း နောက်ဆက်တွဲပြဿနာများစွာကို ဖြစ်ပေါ်စေနိုင်သည်။ ၎င်းတို့မှာ_

  • လေပြွန်ကြီးများရောင်ခြင်း (Bronchitis) – အဆုတ်ဆီသို့ လေယူဆောင်ပေးသော လေပြွန်ကြီးများ ရောင်ရမ်းခြင်း
  • လေပြွန်ငယ်များရောင်ခြင်း (Bronchiolitis) – အဆုတ်အတွင်းရှိ အလွန်သေးငယ်သော လေပြွန်ငယ်များ ရောင်ရမ်းခြင်း
  • အဆုတ်ရောင်ခြင်း (Pneumonia) – အဆုတ်အတွင်း ပိုးဝင်၍ ရောင်ရမ်းခြင်း
  • ရောဂါအခံများ ပိုမိုဆိုးရွားလာခြင်း – ပန်းနာရင်ကျပ် (Asthma)၊ နှလုံးလုပ်ငန်းပျက်စီးခြင်း (Congestive Heart Failure) သို့မဟုတ် နာတာရှည်လေပြွန်ကျဉ်း အဆုတ်ပွရောဂါ (COPD) ရှိသူများတွင် အခြေအနေ ပိုမိုဆိုးရွားသွားစေနိုင်ခြင်း
  • အသက်ရှူခြင်းလုပ်ငန်းစွမ်းရည် ထိခိုက်ပျက်စီးခြင်း (Respiratory Failure) – အသက်ရှူလမ်းကြောင်းနှင့် စနစ်များ ကောင်းမွန်စွာ အလုပ်မလုပ်နိုင်တော့ခြင်း
  • သွေးတွင်းအောက်ဆီဂျင်ပမာဏ နည်းပါးခြင်း (Hypoxia) – သွေးအတွင်း အောက်ဆီဂျင်ဓာတ် ကျဆင်းသွားခြင်း
  • ရေဓာတ်ခန်းခြောက်ခြင်း (Dehydration) – အစာအာဟာရနှင့် ရေကို လုံလောက်စွာ မစားသောက်နိုင်ခြင်းကြောင့် ခန္ဓာကိုယ်တွင် ရေဓာတ်ချို့တဲ့ခြင်း
  • နားအလယ်ပိုင်းတွင် ပိုးဝင်ရောင်ရမ်းခြင်း (Middle Ear Infections) – နားအတွင်း အလယ်ခန်းတွင် ဗိုင်းရပ်စ်ပိုးများကြောင့် ရောင်ရမ်းခြင်းနှင့်
  • မကြာခဏဆေးရုံတက်ရခြင်း (Repeated hospitalisation) စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ ပြင်းထန်လက္ခဏာများ ဖြစ်ပေါ်လာပါက အရေးပေါ်အခြေအနေဖြစ်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။

ရောဂါရှာဖွေခြင်း

လူနာ၏ ရောဂါရာဇဝင်မေးမြန်းခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများကို စစ်ဆေးခြင်းနှင့် အဖြစ်များသော ရာသီကာလကို ကြည့်၍ ရောဂါကို ခန့်မှန်းသိရှိနိုင်သည်။ ဓာတ်ခွဲစမ်းသပ်မှုများနှင့် ဓာတ်မှန်ကဲ့သို့သော ပုံရိပ်ဖော်စမ်းသပ်မှုများ ပြုလုပ်ရန် အများအားဖြင့် မလိုအပ်ပါ။ သို့သော် ပြင်းထန်သည့် လက္ခဏာများရှိပါက သွေးတွင်းအောက်ဆီဂျင်ပမာဏ တိုင်းတာခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်းများ ပြုလုပ်နိုင်သည်။ RSV ဗိုင်းရပ်စ်ကို သံသယရှိပါက ဂွမ်းတို့ပတ်ဖြင့် နှာခေါင်းနှင့် လည်ချောင်းမှ နမူနာများယူပြီး ဗိုင်းရပ်စ်ပိုးကို ရှာဖွေနိုင်သည်။

ကုသခြင်း

RSV ဗိုင်းရပ်စ်ပိုးအတွက် သီးသန့်ဗိုင်းရပ်စ်သတ်ဆေးမရှိပါ။ ကုသမှုများတွင် အဓိကအားဖြင့် ဖြစ်ပေါ်လာသော လက္ခဏာများအတွက် ထောက်ပံ့ပေးနိုင်သော ကုသမှုများ (Supportive care) ပေး၍ သက်သာလာချိန်အထိ စောင့်ကြည့်ရန်သာ လိုအပ်သည်။

အိမ်တွင်ပြုစုနိုင်သည့် နည်းလမ်းများ
  • အဖျားသက်သာစေရန် ပါရာစီတမော တိုက်ခြင်း
  • ရေဓာတ်လုံလောက်အောင် မကြာခဏ နို့တိုက်ခြင်း၊ အရည်များများ တိုက်ပေးခြင်း
  • အစားအစာကို ပမာဏနည်းနည်းနှင့် မကြာခဏ ကျွေးပေးခြင်း
  • နှာခေါင်းပိတ်သော ကလေးငယ်များအတွက် နှာခေါင်းအစက်ချဆေး (Normal saline nasal drop) ထည့်ပေးခြင်း
  • ရေငွေ့ထိန်းစက် (Humidifier) များ ထားရှိအသုံးပြုခြင်း စသည်တို့ကို ပြုလုပ်ပေးနိုင်သည်။
ဆေးရုံတွင် ပြုစုစောင့်ရှောက်ကုသနည်းများ

ပြင်းထန်လက္ခဏာ ရှိသူများ၊ အထူးသဖြင့် အသက် (၆) လအောက် ကလေးငယ်များတွင် ဆေးရုံတက်၍ ကုသမှုခံယူရလေ့ရှိသည်။ ဆေးရုံတက်နေစဥ်အတွင်း

  • အောက်ဆီဂျင်ပေးခြင်း (Oxygen therapy)
  • နှာခေါင်းအတွင်း ပိတ်နေသော ချွဲများကို စုပ်ထုတ်ပေးခြင်း (Suction)
  • အစာနှင့်ရေ ကောင်းစွာမစားသောက်နိုင်ပါက အကြောဆေးရည်သွင်းပေးခြင်း (IV fluid therapy) နှင့်
  • အသက်ရှူရအလွန်ခက်ခဲ‌သော အခြေအနေများတွင် အသက်ရှူကူစက် (Mechanical Ventilation or Ventilator) အသုံးပြုစေခြင်းစသည့် ကုသမှုများ ပေးနိုင်သည်။

လူနာအများစုသည် ထိုသို့ လိုအပ်သည့် ကုသမှုများ ခံယူပြီးနောက် ရက်အနည်းငယ်အတွင်း သက်သာလာနိုင်ပြီး ဆေးရုံဆင်းနိုင်လေ့ရှိသည်။

ကာကွယ်ခြင်း

RSV ဗိုင်းရပ်စ်ကူးစက်ခြင်းကို ရာနှုန်းပြည့်မကာကွယ်နိုင်သော်လည်း အောက်ပါတို့ကို လိုက်နာခြင်းဖြင့် ပျံ့နှံ့ကူးစက်မှုကို အတန်အသင့်ကာကွယ်နိုင်သည်။

နေ့စဉ်လူနေမှုဘဝတွင် ကာကွယ်ရေးနည်းလမ်းများ

အောက်ပါအလေ့အထများသည် ရောဂါပိုးကူးစက်ပြန့်ပွါးမှုကို ကာကွယ်ပေးနိုင်သည်။

  • လက်ကို စနစ်တကျ မကြာခဏဆေးပါ – ကလေးများကိုလည်း လက်ဆေးတတ်သည့် အလေ့အကျင့်ရှိအောင် သင်ကြားပေးပါ
  • ရောဂါပိုးရှိသူများနှင့် ဝေးဝေးနေပါ – ချောင်းဆိုး၊ နှာချေလျှင် နှာခေါင်းနှင့် ပါးစပ်ကို လုံအောင်ပိတ်ပါ၊ ဖျားနာနေသူများ သို့မဟုတ် အအေးမိနေသူများနှင့် အနီးကပ် မထိတွေ့ပါစေနှင့်
  • သန့်ရှင်းရေး အလေးထားပါ – မီးဖိုချောင်၊ ရေချိုးခန်း၊ စားပွဲခုံများနှင့် တံခါးလက်ကိုင်များကို သန့်ရှင်းအောင်ထားပါ၊ အသုံးပြုပြီးသား တစ်ရှူးများကို အမှိုက်ပုံးထဲသို့ ချက်ချင်းစွန့်ပစ်ပါ
  • အသုံးအဆောင် ခွက်များကို အတူတူမသုံးစွဲပါနှင့် – ဖျားနာနေချိန်တွင် တစ်ကိုယ်ရေသုံးစွဲသည့် အသုံးအဆောင်ပစ္စည်း (ပန်းကန်၊ ခွက်စသည်) တို့ကို သီးသန့်အသုံးပြုပါ
  • ဆေးလိပ်ငွေ့များကို ရှောင်ကြဥ်ပါ – ဆေးလိပ်ငွေ့နှင့် ထိတွေ့ရသော ကလေးများသည် RSV ကူးစက်ခံရနိုင်ခြေပိုများပြီး ရောဂါလက္ခဏာ ပိုမိုပြင်းထန်နိုင်သည်၊ ထို့ကြောင့် လူကြီးများအနေနှင့် အိမ်ထဲတွင် ဆေးလိပ်မသောက်သင့်ပါ၊ ဖြစ်နိုင်လျှင် ဆေးလိပ်ဖြတ်သင့်သည်
  • ကလေးကစားစရာအရုပ်များကို ပုံမှန်ဆေးကြောပါ – အထူးသဖြင့် ကလေးများ နေမကောင်းဖြစ်နေချိန်တွင် ကစားစရာများကို ပိုမိုသန့်ရှင်းအောင် ဆေးကြောပေးပါ
ရောဂါဖြစ်နိုင်ခြေများသော ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကာကွယ်ဆေးများ

ကလေးငယ်များတွင် RSV ဗိုင်းရပ်စ်ဖြစ်ပွါးမှု မပြင်းထန်စေရန် ကာကွယ်နိုင်သည့် အဓိကနည်းလမ်း (၂) မျိုးရှိသည်။ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟိုဌာန (Centers for Disease Control and Prevention – CDC) ၏ လမ်းညွှန်ချက်အရ

  1. ကလေးများကို ပဋိပစ္စည်း (RSV Monoclonal antibody) ထိုးနှံပေးခြင်းနှင့်
  2. ကိုယ်ဝန်ဆောင်မိခင်များအား RSV ကာကွယ်ဆေး ထိုးနှံပေးခြင်းသည် ကလေးမွေးဖွားချိန်မှ အသက် (၆) လအထိ ကာကွယ်ပေးသည်ဟု ဆိုသည်။
    ထိုဆေးဝါးများအားလုံးကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှလည်း ခွင့်ပြုချက်ရထားပြီး ယခုလက်ရှိတွင် သုံးစွဲလျက်ရှိသည်။
    • ပဋိပစ္စည်း (Monoclonal antibodies – Nirsevimab)
      • ထိုဆေးသည် တစ်ကြိမ်သာထိုးရန် လိုအပ်သော ပဋိပစ္စည်းဆေးဝါးဖြစ်သည်
      • အသက် (၈) လအောက် ကလေးတိုင်းတွင် RSV ဗိုင်းရပ်စ်ပိုး‌ကြောင့် ပြင်းထန်အဆုတ်လေပြွန်ရောင် ရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်ရန် RSV ရာသီမတိုင်မီ သို့မဟုတ် RSV ရာသီအတွင်း Nirsevimab ကို တစ်ကြိမ်ထိုးနိုင်သည်
      • အသက် (၈)လ မှ (၁၉)လကြား ပြင်းထန် RSV ရောဂါဖြစ်နိုင်ခြေ မြင့်မားသော ကလေးများ (High-risk infants) တွင်လည်း Nirsevimab တစ်ကြိမ်ထိုးနိုင်သည်
    • ပဋိပစ္စည်း (Monoclonal antibodies – Palivizumab)
      Nirsevimab မရရှိနိုင်သောအခြေအနေမျိုးတွင် ရောဂါဖြစ်နိုင်ခြေ မြင့်မားသည့် ကလေးများအတွက် Palivizumab ဆေးကို အသုံးပြုနိုင်သည်။ သို့သော် ထိုဆေးသည် RSV ရာသီတစ်လျှောက် လစဉ်ထိုးနှံရန် လိုအပ်သည်။ ထို့ပြင် ပုံမှန် ကျန်းမာသန်စွမ်းသော ကလေးများ သို့မဟုတ် လူကြီးများအတွက် ဤဆေးကို အသုံးပြုရန်မလိုအပ်ကြောင်း အကြံပြုထားသည်။

ကိုယ်ဝန်ဆောင်မိခင်များအတွက် ကာကွယ်ဆေး (Abrysvo)
ကိုယ်ဝန်ဆောင်မိခင်များအတွက် FDA ခွင့်ပြုချက်ရထားသော ကာကွယ်ဆေးများအနက် Abrysvo ကာကွယ်ဆေးကို အသုံးပြုနိုင်သည်။ ကိုယ်ဝန်ပတ် (၃၂)ပတ် မှ (၃၆)ပတ်အတွင်း တစ်ကြိမ်တည်း ထိုးနှံရန်လိုပြီး ထိုဆေးသည် ကလေးမွေးဖွားပြီး (၆) လအထိ ကာကွယ်ပေးသည်။ မိခင်သည် ကာကွယ်ဆေးအချိန်မီထိုးထားလျှင် မွေးလာသောကလေးတွင် Nirsevimab ပဋိပစ္စည်းကို ထိုးပေးရန် မလိုအပ်ပါ။

သက်ကြီးရွယ်အိုများအတွက် ကာကွယ်ဆေး

  • အသက် (၇၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုတိုင်းနှင့်
  • အသက် (၅၀) မှ (၇၄) နှစ်ကြားဖြစ်ပြီး ရောဂါဖြစ်နိုင်ခြေ မြင့်မားသည့်လူကြီးများ (အထူးသဖြင့် နာတာရှည်နှလုံးရောဂါ သို့မဟုတ် နာတာရှည်အဆုတ်ရောဂါအခံရှိသူများနှင့် ကိုယ်ခံအားစနစ် အားနည်းသူများ) တွင် RSV ကာကွယ်ဆေး ထိုးနှံရန် အကြံပြုထားသည်။

လူကြီးများအတွက် FDA ခွင့်ပြုချက်ရထားသော ကာကွယ်ဆေး (၃) မျိုးမှာ_

  • GSK’s Arexvy
  • Moderna’s mResvia
  • Pfizer’s Abrysvo တို့ဖြစ်ပြီး ထိုကာကွယ်ဆေးများအနက် တစ်မျိုးကိုသာ ရွေးချယ်၍ တစ်ကြိမ်သာ ထိုးနှံရမည်ဖြစ်သည်။

References:

  1. World Health Organization. (n.d.). Respiratory syncytial virus (RSV). Retrieved February 16, 2026, from https://www.who.int/news-room/fact-sheets/detail/respiratory-syncytial-virus-(rsv)
  2. Centers for Disease Control and Prevention. (n.d.). RSV in infants and young children. Retrieved February 16, 2026, from https://www.cdc.gov/rsv/infants-young-children/index.html
  3. NHS. (n.d.). Respiratory syncytial virus (RSV). Retrieved February 16, 2026, from https://www.nhs.uk/conditions/respiratory-syncytial-virus-rsv/
  4. Mayo Clinic. (n.d.). Respiratory syncytial virus (RSV): Symptoms and causes. Retrieved February 16, 2026, from https://www.mayoclinic.org/diseases-conditions/respiratory-syncytial-virus/symptoms-causes/syc-20353098
  5. Mayo Clinic. (n.d.). Respiratory syncytial virus (RSV): Diagnosis and treatment. Retrieved February 16, 2026, from https://www.mayoclinic.org/diseases-conditions/respiratory-syncytial-virus/diagnosis-treatment/drc-20353104
  6. Cleveland Clinic. (n.d.). RSV (respiratory syncytial virus). Retrieved February 16, 2026, from https://my.clevelandclinic.org/health/diseases/rsv-respiratory-syncytial-virus
  7. The Royal Children’s Hospital Melbourne. (n.d.). Respiratory syncytial virus (RSV). Retrieved February 16, 2026, from https://www.rch.org.au/kidsinfo/fact_sheets/respiratory_syncytial_virus_rsv/

Published: 22 April 2026

Share

22 April 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.