Seborrheic keratosis (အဆီဖုကဲ့သို့ အသားပိုများ) ဆိုသည်မှာ အဖြစ်များသော်လည်း ကင်ဆာမဟုတ်သော အရေပြားအဖုအကျိတ်တစ်ခုဖြစ်သည်။ ၎င်းသည် မှဲ့နှင့်ဆင်တူပြီး လူအများစုတွင် သက်တမ်းတစ်လျှောက် အနည်းဆုံးတစ်ခုခန့် ထွက်လေ့ရှိသည်။ အသက် (၄၀) ကျော်၊ (၅၀) ဝန်းကျင်တွင် စတင်တွေ့ရတတ်ပြီး အသက်ကြီးလာသည်နှင့်အမျှ အရေအတွက် ပိုများလာတတ်သည်။ ထိုအသားပိုများသည် အန္တရာယ်မရှိသလို တစ်ဦးမှတစ်ဦး ကူးစက်တတ်သော ရောဂါမဟုတ်ပါ။ များသောအားဖြင့် ကုသရန် မလိုအပ်သော်လည်း ရုပ်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ အဝတ်အစားများနှင့် ပွတ်တိုက်မိခြင်းစသည့် အခြေအနေများတွင် ထိုအကျိတ်များကို ခွဲစိတ်ဖယ်ရှားနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
တိကျသောအကြောင်းရင်းကို မသိရသေးသော်လည်း မိသားစုဝင်များတွင် ထိုအသားပိုများရှိပါက ပိုဖြစ်တတ်သည်ကို တွေ့ရသဖြင့် မျိုးရိုးလိုက်နိုင်ခြေရှိသည်ဟု ကောက်ချက်ချကြသည်။ အသားပိုတစ်ခု ပေါက်လာပါက နောက်ထပ်အသားပိုများ ထပ်ဖြစ်နိုင်ခြေလည်း များလာသည်ကို တွေ့ရသည်။
ရောဂါဖြစ်နိုင်ခြေများသော အချက်များ
အောက်ပါအချက်များသည် ရောဂါဖြစ်နိုင်ခြေ များစေသည်။
- အသက် ၅၀ နှင့်အထက်ရှိသူများ
- အသားပိုများသည် များသောအားဖြင့် လူလတ်ပိုင်းအရွယ်တွင် စတင်ပေါ်ပေါက်လာတတ်ပြီး လူငယ်များတွင် ဖြစ်ခဲသည်
- အသက် (၄၀) အရွယ် လူဦးရေ၏ ၃၀% ခန့်နှင့် အသက် (၇၀) အရွယ် လူဦးရေ၏ ၇၅% ခန့်တွင် အနည်းဆုံး အသားပိုတစ်ခုစီ ရှိတတ်ကြသည်
- မျိုးရိုးရှိသူများ
- အသားပို အမြောက်အမြား ထွက်လေ့ရှိသူများ၏ ထက်ဝက်ခန့်မှာ မိသားစုမျိုးရိုးကြောင့် ဖြစ်ပွါးသည်ဟု ယူဆရသည်
- နေရောင်ခြည်
- နေရောင်ခြည်နှင့် ထိတွေ့မှုများခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု အချို့လေ့လာမှုများက ဆိုသည်
- ၎င်းသည် ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားကြောင့် ဖြစ်ခြင်းမဟုတ်သကဲ့သို့ အခြားသူထံသို့လည်း မကူးစက်နိုင်ပါ။
- အသားအရေ လတ်သူ သို့မဟုတ် အသားဖြူသူများ
ရောဂါလက္ခဏာများ
- အရေပြားပေါ်တွင် ကပ်နေသော ဖယောင်းဖုကဲ့သို့ သို့မဟုတ် အကြေးခွံကဲ့သို့ အဖုများအနေဖြင့် တွေ့မြင်ရလေ့ရှိပြီး အရေပြားပေါ်မှ အနည်းငယ် ဖောင်းကြွတက်နေတတ်သည်
- အညိုရောင်၊ အမည်းရောင် သို့မဟုတ် အသားရောင် ရှိတတ်သည်။
- ရုတ်တရက်ထွက်လာခြင်း မဟုတ်ဘဲ တဖြည်းဖြည်းချင်း ပေါ်လာလေ့ရှိပြီး များသောအားဖြင့် မျက်နှာ၊ လည်ပင်း၊ ရင်ဘတ် သို့မဟုတ် ကျောကုန်း တို့တွင် တွေ့ရတတ်သည်
- အဝိုင်း သို့မဟုတ် ဘဲဥပုံစံရှိပြီး လက်ဖြင့် ကိုင်ကြည့်လျှင် အရေပြားပေါ်တွင် အနည်းငယ် ဖောင်းကြွနေသော အဖုပုံစံ စမ်းမိနိုင်သည်
- အသားပိုများသည် တစ်ခုချင်းစီ သော်လည်းကောင်း သို့မဟုတ် အပြုံလိုက် (အစုလိုက်) သော်လည်းကောင်း ဖြစ်ပေါ်လာနိုင်သည်။
- အရွယ်အစားအနေဖြင့် အလွန်သေးငယ်သော အစက်အပြောက်အရွယ် အဖုငယ်များမှသည် ၁ လက်မ (၂.၅ စင်တီမီတာ) ကျော်အထိ အမျိုးမျိုး ရှိနိုင်သည်။
- ယားယံခြင်း သို့မဟုတ် အဝတ်အစားနှင့် ပွတ်တိုက်မိပါက သွေးထွက်ခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းတို့ ရှိနိုင်သည်
နောက်ဆက်တွဲပြဿနာများ
- ယားယံခြင်း၊ နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်း
- အရေပြားပေါ်ရှိ အဖုအကျိတ်များသည် ယားယံခြင်း၊ နီမြန်းခြင်း သို့မဟုတ် နာကျင်ခြင်းများ ဖြစ်နိုင်သည်။ အထူးသဖြင့် ပွတ်တိုက်မှုများသော နေရာများ (ဥပမာ _ အရေပြားတွန့်သည့်နေရာများ၊ လည်ပင်း နှင့် ခါးပတ်လိုင်း) တွင် ဖြစ်ပေါ်ပါက အဆိုပါလက္ခဏာများကို ပို၍ ခံစားရတတ်သည်။
- သွေးထွက်ခြင်းနှင့် အနာဖေးတက်ခြင်း
၎င်းတို့သည် အဝတ်အစားနှင့် ငြိမိခြင်း သို့မဟုတ် ထိခိုက်မိခြင်းကြောင့် သွေးထွက်ခြင်းနှင့် နောက်ဆက်တွဲ အနာဖေးတက်ခြင်းများ ဖြစ်နိုင်သည်။ - ရုပ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှု
အဆိုပါ အဖုအကျိတ်များသည် မျက်နှာနှင့် လည်ပင်းတို့တွင် ဖြစ်ပေါ်တတ်သောကြောင့် ရုပ်ပိုင်းဆိုင်ရာ အလှအပအတွက် စိုးရိမ်ပူပန်ခြင်း သို့မဟုတ် ရှက်ခြင်း၊ စိတ်မလုံခြုံခြင်းတို့ကို ဖြစ်စေနိုင်သည်။ - အခြားရောဂါများနှင့် မှားယွင်းနိုင်ခြင်း
အလွန်ညိုမည်းသော သို့မဟုတ် ပုံသဏ္ဌာန်မမှန်သော Seborrheic Keratosis တစ်ခုသည် တစ်ခါတစ်ရံတွင် Melanoma (မှဲ့ကင်ဆာ) သို့မဟုတ် အခြားသော အရေပြားကင်ဆာများနှင့် ဆင်တူနေတတ်သည်။ ထို့ကြောင့် အသားစယူ စစ်ဆေးခြင်း (Biopsy) မပြုလုပ်ဘဲ ခွဲခြားရန် ခက်ခဲတတ်သည်။ - အဖုအကျိတ်ထဲသို့ ပိုးဝင်ခြင်း
ရောင်ရမ်းနေသော၊ ပျက်စီးနေသော သို့မဟုတ် ကုတ်ခြစ်မိထားသော အဖုအကျိတ်များတွင် ဘက်တီးရီးယား ပိုးဝင်ခြင်းများ ဖြစ်ပွါးနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
Seborrheic keratosis အများစုသည် ကုသမှုခံယူရန် မလိုအပ်ပါ။ သို့သော် အဖုအကျိတ်များသည် အောက်ပါအတိုင်း ဖြစ်လာပါက အရေပြားအထူးကုဆရာဝန်နှင့် ပြသသင့်သည်။
- အလွန်မြန်ဆန်စွာ ကြီးထွားလာခြင်း၊ အမည်းရောင်သို့ ပြောင်းသွားခြင်း၊ အလွန်အမင်း ယားယံခြင်း သို့မဟုတ် သွေးထွက်လာခြင်း (အရေပြားကင်ဆာ ဖြစ်နိုင်ခြေရှိသော လက္ခဏာများဖြစ်သည်)
- ရုတ်တရက်ထွက်ပေါ်လာပြီး အခြားအသားပိုအသစ်များစွာနှင့်အတူ တစ်ပြိုင်နက် ပေါ်လာခြင်း (ခန္ဓာကိုယ်အတွင်းပိုင်း၌ ကင်ဆာရှိနေနိုင်သည့် လက္ခဏာဖြစ်နိုင်သည်)
- သာမန်မြင်တွေ့နေကျ အသားဖုပုံစံနှင့် ကွဲပြားခြားနားခြင်း
- မုတ်ဆိတ်ရိတ်ခြင်း သို့မဟုတ် အဝတ်အစားနှင့် ပွတ်တိုက်မိခြင်းကြောင့် အလွယ်တကူ ရောင်ရမ်းနာကျင်ခြင်း
- ရုပ်ပိုင်းဆိုင်ရာ မနှစ်သက်သဖြင့် ဖယ်ရှားပစ်လိုခြင်း
သတိပြုရန်အချက်မှာ Seborrheic keratosis ကို မိမိဘာသာ ဖယ်ရှားခြင်း လုံးဝမပြုလုပ်သင့်ပါ။ ပိုးဝင်နိုင်ခြေ အန္တရာယ်ရှိသောကြောင့်ဖြစ်သည်။ ထိုအသားပိုများသည် အန္တရာယ်မရှိသော်လည်း၊ အခြားအရေပြားကင်ဆာ၊ မှဲ့ကင်ဆာများနှင့် မှားယွင်းတတ်သောကြောင့် ဆရာဝန်နှင့် အနည်းဆုံး တစ်ကြိမ်ပြသ၍ ရောဂါအမည် အတည်ပြုခြင်းသည် အကောင်းဆုံးဖြစ်သည်။
ရောဂါရှာဖွေခြင်း
အရေပြားဆရာဝန်များသည် အပြင်ပန်း ကြည့်ရှုရုံဖြင့် ထိုအသားပိုများကို ခွဲခြားနိုင်သည်။ အကယ်၍ ကင်ဆာဟု သံသယရှိပါက_
- Dermoscopy – မှန်ဘီလူးဖြင့် အရေပြားကို သေချာကြည့်ရှုခြင်း
- Biopsy – အသားစယူ၍ ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်းတို့ကို ဆက်လက်ပြုလုပ်မည်ဖြစ်သည်။
ကုသခြင်း
ယေဘုယျအားဖြင့် ထိုအသားပို အဖုအကျိတ်များသည် အန္တရာယ်မရှိသောကြောင့် ကုသရန် မလိုအပ်ပါ။ သို့ရာတွင် အကြောင်းတစ်ခုခုကြောင့် အကျိတ်ကို ဖယ်ရှားလိုပါက အောက်ပါနည်းလမ်းများ သုံးနိုင်သည်။
- Cryotherapy – နိုက်ထရိုဂျင်အရည်ဖြင့် အသားပိုကို အေးခဲစေပြီး ဖယ်ရှားခြင်း
- Electrodessication/Curettage – အသားပိုအကျိတ်ကို လျှပ်စစ်ဓာတ်ဖြင့်တို့၍ ခြစ်ထုတ်ခြင်း
- Shave Excision – အသားပိုကျိတ်ကို ခွဲစိတ်ဓားငယ်ဖြင့် ရိတ်၍ ခြစ်ထုတ်ခြင်း (အသားစ စစ်ဆေးရန် လိုအပ်ပါက သုံးနိုင်သည်)
- Laser Therapy – လေဆာဖြင့် ဖယ်ရှားခြင်း
- Topical Solution – ပြင်းအားမြင့် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် (၄၀%) ဆေးရည် သို့မဟုတ် နိုက်ထရစ်-ဇင့် ဆေးရည်ကို အသုံးပြု၍ အသားပိုအကျိတ်ကို ဖယ်ရှားခြင်း (ဆရာဝန်ညွှန်ကြားချက် အတိုင်း ပြုလုပ်ရန် လိုအပ်သည်)
ကာကွယ်ခြင်း
အဓိကအားဖြင့် မျိုးဗီဇနှင့် အသက်အရွယ်ကြီးရင့်မှုအပေါ်တွင် မူတည်နေသောကြောင့် ယင်းတို့ကို လုံးဝမဖြစ်အောင် ကာကွယ်တားဆီးနိုင်သည့် နည်းလမ်းဟူ၍ မရှိသေးပါ။ သို့သော် နေလောင်ကာခရင်မ် (SPF 15 နှင့်အထက်) အသုံးပြုခြင်းနှင့် အကာအကွယ်အဝတ်အစားများ ဝတ်ဆင်ခြင်းဖြင့် နေရောင်ခြည်နှင့် ထိတွေ့မှုကို လျှော့ချခြင်းသည် နေရောင်ခြည် တိုက်ရိုက်ထိတွေ့သော အရေပြားနေရာများတွင် အကျိတ်အသစ်များ ထပ်မံထွက်ရှိလာခြင်းကို လျော့နည်းစေရန် အထောက်အကူပြုနိုင်သည်။
References:
- American Academy of Dermatology Association. (n.d.). Seborrheic keratoses: Overview. Retrieved March 24, 2026, from https://www.aad.org/public/diseases/a-z/seborrheic-keratoses-overview
- Mayo Clinic. (2022). Seborrheic keratosis: Symptoms and causes. Retrieved March 24, 2026, from https://www.mayoclinic.org/diseases-conditions/seborrheic-keratosis/symptoms-causes/syc-20353878
- Rojek, N. W., & Worswick, S. (2026). Seborrheic keratoses. In Current medical diagnosis & treatment 2026. McGraw Hill. Retrieved March 24, 2026, from https://accessmedicine.mhmedical.com/content.aspx?bookid=3594§ionid=299400342
- High, W. A., et al. (Eds.). (2021). Special considerations in skin of color. In Dermatology secrets (6th ed.). Elsevier.
- Goldstein, B. G., & Goldstein, A. O. (n.d.). Overview of benign lesions of the skin. UpToDate. Retrieved March 24, 2026, from https://www.uptodate.com/contents/overview-of-benign-lesions-of-the-skin
- Greco, M. J., & Bhutta, B. S. (2024). Seborrheic keratosis. In StatPearls. StatPearls Publishing. Retrieved March 24, 2026, from https://www.ncbi.nlm.nih.gov/books/NBK545285/
- Hafner, C., & Vogt, T. (2008). Seborrheic keratosis. Journal of the European Academy of Dermatology and Venereology, 22(12), 1467–1472. https://doi.org/10.1111/j.1610-0387.2008.06788.x
- Smith, M. A., & Usatine, R. P. (2021). Seborrheic keratosis. In The color atlas and synopsis of family medicine (3rd ed.). McGraw Hill. Retrieved March 24, 2026, from https://accessmedicine.mhmedical.com/Content.Aspx?bookid=2547§ionid=206798820
Published: 22 April 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.