ခြေမဆစ်ရိုးငေါထွက်ခြင်း သို့မဟုတ် ခြေမစောင်းခြင်း (Hallux valgus / Bunion) ဆိုသည်မှာ ခြေမ၏အောက်ခြေရှိ အဆစ်နေရာတွင် ဖြစ်ပေါ်လာသော အရိုးအဖုတစ်ခုဖြစ်သည်။ ၎င်းသည် ခြေဖဝါးအရှေ့ပိုင်းရှိ အရိုးအချို့ နေရာရွေ့သွားခြင်း သို့မဟုတ် ပုံစံပြောင်းသွားခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ ဤသို့ဖြစ်ရခြင်းကြောင့် ခြေမကို ကျန်ခြေချောင်းလေးများဘက်သို့ စောင်းသွားစေပြီး၊ ခြေမအရင်းအဆစ်ကို အပြင်ဘက်သို့ ငေါထွက်လာစေသည်။ ထိုအချိန်တွင် အရိုးအဖုကို သိသာစွာ စတင်သတိထားမိလာမည်ဖြစ်သည်။
ကျဉ်းမြောင်းလွန်းသော ဖိနပ်များကို စီးခြင်းကြောင့် ခြေမစောင်းခြင်းကို ဖြစ်စေနိုင်သကဲ့သို့ ပို၍လည်း ဆိုးရွားစေနိုင်သည်။ ထို့အပြင် ခြေဖဝါးပုံသဏ္ဌာန်၊ ခြေထောက်ပုံစံမမှန်ခြင်း သို့မဟုတ် အဆစ်အမြစ်ရောင်ရောဂါ (Arthritis) စသည့် ကျန်းမာရေးအခြေအနေများကြောင့်လည်း ခြေမစောင်းခြင်း ဖြစ်ပွါးနိုင်သည်။
ကမ္ဘာ့လူဦးရေ၏ (၃၀) ရာခိုင်နှုန်းခန့်သည် ခြေမဆစ်ရိုးငေါထွက်ခြင်းကို ခံစားရနိုင်သည်ဟု ခန့်မှန်းရသည်။ သို့သော် ခြေမဆစ်ရိုးငေါထွက်သမျှ လူတိုင်းသည် လမ်းလျှောက်ရာတွင် အခက်အခဲရှိခြင်း သို့မဟုတ် ဆေးကုသမှုခံယူရန် လိုအပ်ခြင်းမျိုး အမြဲတမ်းမရှိကြပေ။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ခြေမဆစ်ရိုးငေါထွက်ခြင်း မည်သို့ဖြစ်ပေါ်လာသနည်းဟူသော အချက်နှင့်ပတ်သက်၍ ဆေးပညာရှင်များအကြား ယူဆချက်အမျိုးမျိုး ရှိသော်လည်း တိကျသော အကြောင်းရင်းကိုမူ ရှင်းလင်းစွာ မသိရသေးပေ။ သို့ရာတွင် အောက်ပါအချက်များသည် အဓိကဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများဖြစ်သည်။
- မျိုးရိုးလိုက်သော ခြေဖဝါးပုံသဏ္ဌာန် (ဥပမာ – ခြေဖဝါးပြားခြင်း၊ ခြေထောက်အရွတ်များ ပျော့လွန်းခြင်း)
- ခြေထောက်အပေါ် အမြဲတမ်း ဒဏ်ပိနေခြင်း သို့မဟုတ် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခြင်း
- မွေးရာပါ ခြေထောက်ပုံစံမမှန်ခြင်း
ဤရောဂါဖြစ်ပေါ်မှုတွင် ဖိနပ်များ၏ ပါဝင်ပတ်သက်မှုအပေါ် ပညာရှင်များအကြား သဘောထားကွဲလွဲမှုများ ရှိကြသည်။ အချို့က ကျဉ်းမြောင်းလွန်းသော၊ ဒေါက်မြင့်သော သို့မဟုတ် ဦးချွန်ဖိနပ်များ စီးခြင်းကြောင့် တိုက်ရိုက်ဖြစ်ရသည်ဟု ဆိုကြသော်လည်း အချို့ကမူ ထိုကဲ့သို့သော ဖိနပ်များသည် ရောဂါကို တိုက်ရိုက်မဖြစ်စေဘဲ ရှိရင်းစွဲ ခြေမစောင်းခြင်းကို ပိုမိုမြန်ဆန်ဆိုးရွားလာစေရန် တွန်းအားပေးရုံသာ ဖြစ်သည်ဟု ယူဆကြသည်။
ဖြစ်ပွါးနိုင်ခြေများသူများ
အောက်ပါအချက်များ ရှိနေပါက ခြေမဆစ်ရိုးငေါထွက်ခြင်း ဖြစ်ပွါးရန် အခွင့်အလမ်း ပိုမိုများပြားသည်။
- အမျိုးသမီးများ – အမျိုးသမီးများသည် အမျိုးသားများထက် ခြေမဆစ်ရိုးငေါထွက်ခြင်းကို ပိုမိုခံစားရလေ့ရှိသည်၊ ဤသည်မှာ ခြေထောက်အရွတ်များ ပိုမိုပျော့ပြောင်းခြင်းနှင့် ဒေါက်မြင့်ဖိနပ်စီးသည့် အလေ့အထများကြောင့် ဖြစ်နိုင်သည်
- ဒေါက်မြင့်ဖိနပ်များ စီးခြင်း – ဒေါက်မြင့်ဖိနပ်စီးခြင်းက ခြေချောင်းများကို ဖိနပ်၏အရှေ့ပိုင်းသို့ အတင်းတွန်းပို့သလို ဖြစ်စေသည်၊ ထိုအခါ ခြေချောင်းများမှာ တစ်ခုနှင့်တစ်ခု ပူးကပ်ကာ ကျပ်ညပ်သွားတတ်သည်
- မိမိနှင့်မတော်သော ဖိနပ်များစီးခြင်း – ကျဉ်းလွန်းသော၊ ကျပ်လွန်းသော သို့မဟုတ် ထိပ်ချွန်လွန်းသော ဖိနပ်များကို အမြဲတစေ စီးလေ့ရှိသူများတွင် ခြေမစောင်းခြင်း ပိုမိုဖြစ်ပွါးနိုင်သည်
- မျိုးဗီဇ – ခြေမစောင်းခြင်းမှာ မိမိ၏ ခြေဖဝါးတည်ဆောက်ပုံ သို့မဟုတ် ဖွဲ့စည်းပုံဆိုင်ရာ မျိုးရိုးလိုက်သော ပြဿနာများကြောင့်လည်း အဓိကဖြစ်နိုင်သည်၊ လေ့လာမှုများအရ လူနာများ၏ (၇၀) ရာခိုင်နှုန်းခန့်တွင် မိဘမျိုးရိုး၌ ဖြစ်ပွါးဖူးသော ရာဇဝင်ရှိသည်ကို တွေ့ရသည်
- အဆစ်အမြစ်ရောင်ရောဂါများ – ရူမတွိုက် အဆစ်ရောင်ရောဂါ (Rheumatoid arthritis) ကဲ့သို့သော ရောဂါအခြေအနေ ရှိနေခြင်းက အရိုးအဆစ်များကို ပျက်စီးစေသဖြင့် ခြေမစောင်းခြင်း ဖြစ်ပေါ်လာရန် ပိုမိုနီးစပ်စေသည်
ရောဂါလက္ခဏာများ
အချို့သော ခြေမဆစ်ရိုးငေါထွက်ခြင်းများသည် အစပိုင်းတွင် မည်သည့်ပြဿနာမှ မပေးသော်လည်း အချို့မှာမူ ခြေမရင်းအဆစ်တစ်ဝိုက်တွင် ရောင်ရမ်းခြင်း၊ နီမြန်းခြင်းနှင့် နာကျင်ကိုက်ခဲခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။ ထို့ပြင် အောက်ပါရောဂါလက္ခဏာများကိုလည်း ခံစားရနိုင်သည်။
- အရိုးဖုထွက်ခြင်း – ခြေမအောက်ခြေဆစ်တွင် သိသာထင်ရှားသော အရိုးအဖုတစ်ခု ရှိနေခြင်း
- အသားမာတက်ခြင်း – ၎င်းတို့သည် များသောအားဖြင့် ပထမနှင့် ဒုတိယ ခြေချောင်းများ တစ်ခုနှင့်တစ်ခု ပူးကပ်ပွတ်တိုက်မိသော နေရာများတွင် ဖြစ်ပေါ်လေ့ရှိသည်
- တောင့်တင်းခြင်း – ခြေမမှာ တောင့်တင်းနေခြင်း သို့မဟုတ် လှုပ်ရှားရ ခက်ခဲခြင်းဖြစ်ပြီး ဤအခြေအနေသည် လမ်းလျှောက်ရာတွင် များစွာအခက်အခဲ ဖြစ်စေနိုင်သည်
- နာကျင်ခြင်း – နာကျင်မှုသည် တစ်ခါတစ်ရံမှသာနာတတ်သလို အမြဲတမ်း ဆက်တိုက် နာကျင်နေခြင်းမျိုးလည်း ရှိနိုင်သည်
- အရေပြားမာကျောခြင်း – ခြေဖဝါးအောက်ခြေတွင် အရေပြားများ မာကျောလာခြင်း
- ဖိနပ်စီးရခက်ခဲခြင်း – ခြေမစောင်းနေခြင်းကြောင့် မိမိနှင့် အံဝင်ခွင်ကျဖြစ်မည့် သာမန်ဖိနပ်များ ရှာဖွေရာတွင် အခက်အခဲရှိခြင်း
- ထုံကျဥ်ခြင်း – အရိုးငေါထွက်လာမှုကြောင့် အာရုံကြောများ ဖိမိပါက ခြေမတစ်ဝိုက်တွင် ထုံကျဥ်ခြင်း သို့မဟုတ် ပူစပ်ပူလောင်ဖြစ်ခြင်းတို့ကိုပါ ခံစားရနိုင်သည်
နောက်ဆက်တွဲပြဿနာများ
ခြေမဆစ်ရိုးငေါထွက်ခြင်းကို အချိန်ကြာမြင့်စွာ မကုသဘဲထားပါက အောက်ပါကျန်းမာရေးပြဿနာများ ဖြစ်ပွါးလာနိုင်သည်။
- အဆစ်အိတ် ရောင်ရမ်းခြင်း (Bursitis)
- အရိုးအဆစ်များအကြား ပွတ်တိုက်မှုကို လျော့နည်းစေရန် ခုခံပေးထားသော အရည်ကြည်အိတ်ကလေးများ ရောင်ရမ်းလာခြင်းဖြစ်သည်
- ဤအခြေအနေတွင် ပြင်းထန်သောနာကျင်မှုကို ဖြစ်စေနိုင်သည်
- ခြေချောင်းကွေးသွားခြင်း (Hammertoe)
- ခြေချောင်း၏ အလယ်ဆစ်တွင် ပုံမှန်မဟုတ်ဘဲ ကွေးသွားခြင်းဖြစ်သည်
- များသောအားဖြင့် ခြေမနှင့် ကပ်လျက်ရှိသော ခြေညှိုးတွင် ဖြစ်ပွါးလေ့ရှိပြီး နာကျင်ခြင်းနှင့် ဖိအားဒဏ် ခံစားရခြင်းတို့ကို ဖြစ်စေသည်
- ခြေဖဝါးရှေ့ပိုင်း နာကျင်ရောင်ရမ်းခြင်း (Metatarsalgia)
- ဤဝေဒနာသည် ခြေဖဝါး၏ အရှေ့ဘက် အသားထူသောနေရာတွင် နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းကို ဖြစ်စေသည်
- ခြေမအဆစ်ရောင်ခြင်း (Osteoarthritis)
- ရေရှည်တွင် ခြေမဆစ်ရှိ အရိုးနုများ ပျက်စီးသွားပြီး နာတာရှည် အရိုးအဆစ်ရောင်ရောဂါကိုပါ နောက်ဆက်တွဲအနေဖြင့် ဖြစ်ပေါ်စေနိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
ခြေမစောင်းခြင်း/ခြေမအရိုးထွက်ခြင်း အများစုသည် ဆေးကုသမှုခံယူရန် မလိုအပ်တတ်ပါ။ သို့သော် အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ လိုအပ်ပါက ခြေမဆစ်အရိုးငေါထွက်ခြင်းကို စစ်ဆေးရန်နှင့် သင့်တော်သောကုသမှုကို ဆုံးဖြတ်ပေးရန် ခြေထောက်ဝေဒနာများကို အထူးပြုကုသသည့် ခြေထောက်အထူးကုဆရာဝန် (Podiatrist) သို့မဟုတ် အရိုးအထူးကုဆရာဝန်များဖြင့် ပြသနိုင်သည်။
အရေးပေါ်ပြသရန်
ခြေမ သို့မဟုတ် ခြေဖဝါးတွင် အဆက်မပြတ် နာကျင်နေပြီး လှုပ်ရှားသွားလာရန် ခက်ခဲလာပါက အရေးပေါ်ကုသရန် လိုအပ်သဖြင့် ဆေးရုံ၊ ဆေးခန်းသို့ အမြန်သွားရောက်ပြသသင့်သည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်မှ လူနာ၏ ရောဂါရာဇဝင်ကို အသေးစိတ်မေးမြန်းပြီး စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ကာ ရောဂါအတည်ပြုမည်ဖြစ်သည်။ ထို့ပြင် လူနာ၏ခြေထောက်ကို အသေးစိတ်စစ်ဆေးခြင်း၊ ခြေမဆစ်၏ လှုပ်ရှားနိုင်စွမ်းကို စမ်းသပ်ခြင်းနှင့် လူနာ နေ့စဉ်စီးလေ့ရှိသော ဖိနပ်များကိုပါ လေ့လာစစ်ဆေးမည်ဖြစ်သည်။
ရောဂါအခြေအနေကို ပိုမိုတိကျစွာ သိရှိနိုင်ရန် အောက်ပါစစ်ဆေးမှုများကိုပါ ဆက်လက်လုပ်ဆောင်ရနိုင်သည်။
- ဓာတ်မှန်ရိုက်ခြင်း (X-ray)
- အရိုးအဆစ် ပျက်ယွင်းမှုအခြေအနေနှင့် ခြေမစောင်းနေသည့် ထောင့်အကျယ်အဝန်းကို တိကျစွာ သိရှိဆန်းစစ်နိုင်ရန် ခြေထောက်ကို ဓာတ်မှန်ရိုက်ရမည်ဖြစ်သည်
- ပိုမိုတိကျသော အဖြေရရှိရန်အတွက် လူနာအား မတ်တတ်ရပ်လျက် ကိုယ်အလေးချိန် ပေးထားသည့်အနေအထား (Weight-bearing X-ray) တွင် ဓာတ်မှန်ရိုက်လေ့ရှိသည်
- သွေးစစ်ဆေးခြင်း (Blood tests)
- အကယ်၍ လေးဘက်နာ အဆစ်အမြစ်ရောင်ရောဂါ (Rheumatoid arthritis) သို့မဟုတ် ဂေါက်ရောဂါ (Gout) ကဲ့သို့သော အခြားရောဂါများကြောင့် ခြေမဆစ်ရောင်ရမ်းခြင်းဖြစ်သည်ဟု ဆရာဝန်မှ သံသယရှိပါက သွေးစစ်ဆေးမှုများကိုပါ ထပ်မံလုပ်ဆောင်ရမည်ဖြစ်သည်
ကုသခြင်း
ခြေမဆစ်ရိုးငေါထွက်ခြင်းအတွက် ကုသမှုပုံစံများသည် အမျိုးမျိုးရှိနိုင်သည်။ ၎င်းမှာ ခြေမစောင်းမှု မည်မျှဆိုးရွားသနည်းနှင့် မည်မျှအထိ နာကျင်မှုဝေဒနာ ခံစားရသနည်းအပေါ်တွင် အဓိကမူတည်သည်။ ခြေမဆစ်ရိုးငေါထွက်ခြင်းကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုနှင့် ဖိအားများကို သက်သာစေရန်အတွက် ခွဲစိတ်မှုမလိုသော အောက်ပါနည်းလမ်းများကို အကြံပြုနိုင်သည်။
ခွဲစိတ်ရန်မလိုသော ကုသမှုနည်းလမ်းများ
ခြေမဆစ်ရိုးငေါထွက်ခြင်းအတွက် ပထမဦးဆုံး ကုသမှုအဆင့်မှာ များသောအားဖြင့် ခွဲစိတ်ရန်မလိုသော နည်းလမ်းများ ဖြစ်ကြသည်။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်သည်။
- ဖိနပ်အမျိုးအစား ပြောင်းလဲခြင်း
- ခြေချောင်းလေးများအတွက် နေရာလွတ် အလုံအလောက်ရှိပြီး သက်သောင့်သက်သာရှိသော ဖိနပ်ထိပ်ကျယ်ကျယ်များကို ပြောင်းလဲစီးပေးခြင်းဖြင့် ခြေမအရိုးအဖုအကျိတ်ပေါ်ရှိ ဖိအားကို လျော့နည်းစေပြီး နာကျင်မှုကို သိသာစွာ သက်သာစေနိုင်သည်
- ဖိနပ်အတွင်းခံ အခုအခံများ (Padded Inserts)
- ဖိနပ်အတွင်း၌ အခုအခံများ သို့မဟုတ် မိမိခြေဖဝါးနှင့် အံဝင်ခွင်ကျဖြစ်အောင် အထူးပြုလုပ်ထားသော အခုအခံများ (Custom orthotics) ကို ထည့်ပေးခြင်းသည် ခြေလှမ်းတိုင်းတွင် ဖိအားကို ညီညာစွာ ပျံ့နှံ့စေပြီး နာကျင်မှုကို လျှော့ချပေးနိုင်သည်
- အရိုးဖု အခုအခံနှင့် အထိန်းများ (Bunion Pads, Braces)
- ၎င်းတို့ကို အသုံးပြု၍ အရိုးအဖုပေါ်ရှိ ဖိအားကို လျှော့ချနိုင်သည်
- သို့ရာတွင် ဤအရာများသည် နာကျင်မှုကို ယာယီ သက်သာစေရုံသာဖြစ်ပြီး ပုံပျက်နေသောအရိုးကို အမြဲတမ်း ပြန်လည်ကောင်းမွန်အောင် မပြုပြင်ပေးနိုင်သည်ကို သတိပြုရမည်
- ရေခဲကပ်ခြင်း
- လမ်းအကြာကြီးလျှောက်ပြီးချိန် သို့မဟုတ် ခြေမဆစ် ရောင်ရမ်းလာချိန်တွင် ရေခဲကပ်ပေးနိုင်သည်
- အအေးဓာတ်သည် နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းကို များစွာသက်သာစေသည်
- နာကျင်မှုပျောက်ဆေးများ သောက်သုံးခြင်း
- ဆရာဝန်လက်မှတ်မလိုဘဲ ဝယ်ယူနိုင်သော ပါရာစီတမော (Acetaminophen)၊ အိုင်ဗျူပရိုဖဲင် (Ibuprofen) သို့မဟုတ် နက်ပရိုဇန် (Naproxen sodium) စသည့် အကိုက်အခဲပျောက်ဆေးများသည်လည်း နာကျင်ကိုက်ခဲမှုကို သက်သာစေရန် အသုံးဝင်နိုင်သည်
- စတီးရွိုက်ထိုးဆေး (Cortisone)
- အချို့သော အလွန်အမင်း နာကျင်နေသည့် အခြေအနေများတွင် အဆစ်ရောင်ရမ်းခြင်းကို လျှော့ချရန်အတွက် ဆရာဝန်က ခြေမဆစ်အတွင်းသို့ စတီးရွိုက်ထိုးဆေးထိုးရန် အကြံပြုနိုင်သည်
ရုပ်ပိုင်းဆိုင်ရာကုထုံး (Physical Therapy)
ခြေထောက်ကြွက်သားများကို သန်မာစေရန် ရုပ်ပိုင်းဆိုင်ရာကုထုံးပညာရှင်နှင့် တိုင်ပင်ဆွေးနွေးရန် လိုအပ်နိုင်သည်။ ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး ပညာရှင်မှ ခြေချောင်းများ ပိုမိုကောင်းမွန်စွာ ဟန်ချက်ညီနေစေရန်နှင့် အဆစ်များ တောင့်တင်းမှုမရှိစေရန် ကူညီပေးနိုင်သည့် လေ့ကျင့်ခန်းများ၊ အကြောလျှော့ခြင်း ကုထုံးများဖြင့် စနစ်တကျ ကုသပေးမည်ဖြစ်သည်။
ခွဲစိတ်ကုသခြင်း
အထက်တွင် ဖော်ပြခဲ့သော ခွဲစိတ်ရန်မလိုသည့် နည်းလမ်းများဖြင့် ကုသသော်လည်း နာကျင်မှု ဆက်လက်ရှိနေလျှင် သို့မဟုတ် နေ့စဉ်လှုပ်ရှားမှုများကို မလုပ်ဆောင်နိုင်တော့လျှင် ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နိုင်သည်။ ဤခွဲစိတ်မှုသည် ခြေဖဝါးပုံပျက်နေခြင်းကို ပြုပြင်ရန်၊ ခြေထောက်၏ လုပ်ဆောင်ချက်ကို မြှင့်တင်ရန်နှင့် နာကျင်မှုကို လျှော့ချရန် အဓိကရည်ရွယ်သည်။ ခွဲစိတ်မည့် နည်းလမ်းအတိအကျမှာ လူနာ၏ အခြေအနေပေါ်တွင် မူတည်သည်။
ပုံမှန်အားဖြင့် ခြေထောက်ပုံပန်းသဏ္ဌာန် လှပစေရန် သက်သက်အတွက်မူ ခွဲစိတ်လေ့မရှိကြောင်း သတိပြုရမည်။
ခြေမဆစ်ရိုးငေါထွက်ခြင်းအတွက် ခွဲစိတ်မှုပုံစံ အမျိုးမျိုးရှိသည်။ မည်သည့်နည်းလမ်းသည် အကောင်းဆုံးဖြစ်သည်ဟူ၍ ပုံသေသတ်မှတ်ထားခြင်း မရှိဘဲ လူနာတစ်ဦးချင်းစီ၏ အရိုးအဆစ် ပျက်ယွင်းမှုအခြေအနေပေါ်တွင်သာ မူတည်သည်။ ခွဲစိတ်မှုများကို နည်းလမ်းတစ်ခုတည်း သို့မဟုတ် နည်းလမ်းများ ပေါင်းစပ်၍ ပြုလုပ်နိုင်ပြီး ၎င်းတို့တွင် အောက်ပါတို့ ပါဝင်သည်။
- ခြေမခြေရင်းဆစ်တစ်ဝိုက်ရှိ ရောင်ရမ်းနေသော တစ်ရှူးများကို ဖယ်ရှားခြင်း
- ခြေမအရိုး၏ အစိတ်အပိုင်းအချို့ကို ဖြတ်ထုတ်ဖယ်ရှားပြီး ခြေမကို ပြန်လည်ဖြောင့်တန်းစေခြင်း
- ခြေမခြေရင်းဆစ်၏ ပုံမှန်မဟုတ်သော ထောင့်စောင်းနေမှုကို ပြုပြင်ရန်အတွက် ခြေဖဝါးအရှေ့ပိုင်းရှိ အရိုးတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အရိုးများကို နေရာပြန်လည်ချထားခြင်း
- ထိခိုက်ပျက်စီးနေသော အဆစ်ရှိ အရိုးမျက်နှာပြင်များကို ဖယ်ရှားပြီး အရိုးနှစ်ခုကို တစ်ခုတည်းဖြစ်သွားစေရန် အမြဲတမ်းအတွက် ပေါင်းစပ်လိုက်ခြင်း
ခွဲစိတ်ပြီးသည်နှင့် ချက်ချင်းလမ်းလျှောက်နိုင်ခြင်း ရှိမရှိသည် ပြုလုပ်ခဲ့သော ခွဲစိတ်မှုအမျိုးအစားပေါ် မူတည်သည်။ ယခုခေတ်တွင် ခွဲကြောင်းအလွန်သေးငယ်သော နည်းပညာများ (Minimally invasive surgery) ဖြင့် ကုသနိုင်ပြီဖြစ်သဖြင့် အချိန်တိုအတွင်း ပြန်လည်လမ်းလျှောက်နိုင်ပြီဖြစ်သည်။ သို့သော် အလုံးစုံ ပြန်လည်ကျန်းမာလာစေရန်အတွက်မူ ခြောက်လခန့်အထိ အချိန်ကြာမြင့်နိုင်သည်။ နောက်ထပ်တစ်ကြိမ် ခြေမပြန်လည်မစောင်းစေရန်အတွက် ခွဲစိတ်ပြီးနောက်ပိုင်းတွင် သင့်တော်သော ဖိနပ်များကိုသာ ဂရုတစိုက် ရွေးချယ်စီးရန် လိုအပ်မည်ဖြစ်သည်။
ကာကွယ်ခြင်း
ခြေမဆစ်ရိုးငေါထွက်ခြင်းသည် မတူညီသောအကြောင်းရင်းများစွာကြောင့် ဖြစ်ပွါးသောကြောင့် ကြိုတင်ကာကွယ်ရန် ခက်ခဲနိုင်သည်။ သို့သော် သင့်တော်သော ဖိနပ်များကိုသာ ဂရုတစိုက် ရွေးချယ်စီစဥ်ခြင်းသည် ရောဂါမဖြစ်ပွါးစေရန်နှင့် ရောဂါပိုမိုဆိုးရွား တိုးတက်လာမှုကို လျှော့ချရန် များစွာကူညီပေးနိုင်သည်။
ဖိနပ်များသည် ခြေထောက်ကို ကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်ရမည့်အပြင် ခြေချောင်းများ လွတ်လပ်စွာ လှုပ်ရှားနိုင်သော ကျယ်ပြန့်သည့် ထိပ်ပိုင်း (Wide toe box) ရှိရမည်။ ထို့ကြောင့် ခြေချောင်းများကို ကျပ်ညပ်စေသော ကျဉ်းမြောင်းပြီး အဖျားချွန်ထက်သော ဖိနပ်များ၊ ဒေါက်အလွန်မြင့်သော ဖိနပ်များကို အထူးရှောင်ကြဉ်သင့်သည်။
References:
- Mayo Clinic. (2025). Bunions: Symptoms and causes. Retrieved March 25, 2026, from https://www.mayoclinic.org/diseases-conditions/bunions/symptoms-causes/syc-20354799
- Mayo Clinic . (2025). Bunions: Diagnosis and treatment. Retrieved March 25, 2026, from https://www.mayoclinic.org/diseases-conditions/bunions/diagnosis-treatment/drc-20354805
- Mayo Clinic Health System. (2023). How to step up to manage bunions. Retrieved March 25, 2026, from https://www.mayoclinichealthsystem.org/hometown-health/speaking-of-health/how-to-step-up-to-manage-bunions
- Cleveland Clinic. (2023). Bunions (hallux valgus). Retrieved March 25, 2026, from https://my.clevelandclinic.org/health/diseases/14386-bunions-hallux-valgus
Published: 22 April 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.