Atrial Septal Defect (ASD) သည် မွေးရာပါ နှလုံးရောဂါတစ်မျိုးဖြစ်ပြီး နှုတ်ခမ်း၊ လျှာ၊ လက်သည်း ပြာခြင်းမရှိသော အုပ်စု (Acyanotic CHD) တွင် ပါဝင်သည်။ ASD ပါရှိသည့် တချို့ကလေးများတွင် ရောဂါလက္ခဏာ တစ်စုံတစ်ရာပြခြင်းမရှိဘဲ ကလေးအသက်ကြီးလာ၍ နှလုံးဆက်လက်ဖွံ့ဖြိုးလာသည်နှင့်အမျှ ပျောက်ကင်းသွားတတ်သည်။ သို့သော် အချို့တွင်မူ ပျောက်ကင်းခြင်းမရှိဘဲ အသက်အန္တရာယ်ရှိနိုင်သောကြောင့် ခွဲစိတ်ကုသမှုများ ခံယူရန် လိုအပ်တတ်သည်။
ပုံမှန်နှလုံး၏ ဖွဲ့စည်းတည်ဆောက်ထားပုံ
နှလုံးတွင် ဘယ် ညာ နှစ်ခြမ်းရှိပြီး အလယ်တွင် Septum ဟုခေါ်သော ကြွက်သားနံရံဖြင့် ပိုင်းခြားထားသည်။ ဘယ် ညာ တစ်ခြမ်းစီတွင် အပေါ်ခန်း (သွေးဝင်ခန်း) နှင့် အောက်ခန်း (သွေးလွှတ်ခန်း) ဟူ၍ အခန်း (၂) ခန်းစီရှိပြီး၊ စုစုပေါင်းအခန်း (၄) ခန်းပါရှိသည်။ နှလုံးသည် ပုံမှန်အားဖြင့် သွေးများကို လုံလောက်စွာ လက်ခံရရှိရန်နှင့် ညှစ်ထုတ်ပေးနိုင်ရန် တာဝန်ယူသည်။ နှလုံးမှ ညှစ်ထုတ်လိုက်သော သွေးသည် ခန္ဓာကိုယ်ရှိ တစ်ရှူးများအတွက် လိုအပ်သော အာဟာရဓာတ်များ (အောက်ဆီဂျင်နှင့် ဂလူးကို့စ်) ကို သယ်ယူပို့ဆောင်ပေးပြီး၊ စွန့်ပစ်ပစ္စည်းများ (ကာဗွန်ဒိုင်အောက်ဆိုဒ်) ကို ပြန်လည်သယ်ယူကာ အဆုတ်သို့ ပို့ဆောင်ဖယ်ရှားပေးသောကြောင့် ခန္ဓာကိုယ်အတွင်း မှန်ကန်သော သွေးလှည့်ပတ်မှုရှိခြင်းသည် ကျန်းမာရေးအတွက် အလွန်အရေးကြီးသည်။
ပုံမှန်အခြေအနေတွင် နှလုံးနှင့် သွေးကြောအဖွဲ့အစည်းတွင် သွေးပြန်ကြောစနစ် (ညာဘက်) နှင့် သွေးလွှတ်ကြောစနစ် (ဘယ်ဘက်) ဟူ၍ နှစ်ပိုင်းရှိသည်။ သွေးပြန်ကြောစနစ်သည် ခန္ဓာကိုယ်အနှံ့အပြားမှ သွေးညစ်များကို သယ်ဆောင်၍ နှလုံး၏ ညာဘက်အခြမ်းသို့ ပြန်လည်ဝင်ရောက်လာသည်။ ညာဘက်သွေးဝင်ခန်းမှတစ်ဆင့် သွေးလွှတ်ခန်းသို့ရောက်ရှိပြီး ထိုမှတစ်ဆင့် သွေးညစ်များသည် အဆုတ်သွေးကြောမကြီးတစ်လျှောက်စီးဆင်းကာ အဆုတ်တွင်းသို့ ရောက်ရှိသည်။ အဆုတ်တွင်း၌ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အောက်ဆီဂျင် လဲလှယ်မှု (Gaseous exchange) ဖြစ်ပေါ်ပြီး အောက်ဆီဂျင်ပြည့်ဝသော သွေးသန့်များသည် နှလုံး၏ ဘယ်ဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်လာသည်။ သွေးသန့်များသည် ဘယ်ဘက်သွေးဝင်ခန်း၊ သွေးလွှတ်ခန်းတို့ကို ဖြတ်သန်းပြီး နှလုံးသွေးလွှတ်ကြောမကြီးတစ်လျှောက် စီးဆင်းကာ ခန္ဓာကိုယ်တစ်ခုလုံးသို့ အောက်ဆီဂျင်နှင့် အာဟာရဓာတ်များ ပြန်လည်ပို့ဆောင်ပေးသည်။
Atrial Septal Defect (ASD) ဖြစ်ပေါ်ပုံ
Atrial Septal Defect (ASD) သည် နှလုံး၏ အပေါ်ခန်းများ (သွေးဝင်ခန်းနှစ်ခု) ၏ နံရံတွင် အပေါက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ထိုအပေါက်သည် အရွယ်အစားမျိုးစုံရှိနိုင်ပြီး အလိုအလျောက် ပိတ်သွားနိုင်သကဲ့သို့ ခွဲစိတ်ကုသမှုများ လိုအပ်သည်လည်း ရှိနိုင်သည်။ ပုံမှန်အားဖြင့်လည်း ကိုယ်ဝန်ဆောင်ကာလ ကလေးနှလုံးစတင်ဖွံ့ဖြိုးချိန်တွင် နှလုံး၏အပေါ်ခန်းများကို ပိုင်းခြားထားသည့်နံရံတွင် အပေါက်များစွာ (e.g., Ostium primum, Ostium secundum, Foramen ovale) ဖြစ်ပေါ်လာရသည်။ ထိုအပေါက်များသည် ကိုယ်ဝန်ဆောင်ကာလအတွင်း သို့မဟုတ် မွေးပြီး မကြာမီတွင် ပိတ်သွားလေ့ရှိသည်။ အကယ်၍ ထိုအပေါက်များသည် မပိတ်ဘဲ ကျန်နေပါက နှလုံး ဘယ်၊ ညာ သွေးဝင်ခန်းနံရံတွင် အပေါက်ပါခြင်းဖြစ်စဥ် ဖြစ်လာသည်။ ထိုသို့အပေါက်ပါနေခြင်းကြောင့် ဘယ်ဘက်သွေးဝင်ခန်းသို့လာသော သွေးသန့်များသည် အပေါက်မှတစ်ဆင့် ညာဘက်သွေးဝင်ခန်းကို ဖြတ်သွားပြီး သွေးညစ်များနှင့် ရောနှောသွားခြင်းကို ဖြစ်စေသည်။ ထိုသို့ဖြစ်ခြင်းကြောင့် ညာဘက်နှလုံးဘက်အခြမ်းနှင့် အဆုတ်များအတွင်း သွေးစီးဆင်းမှုများလာခြင်းကို ဖြစ်စေပြီး နှလုံးလုပ်ငန်းပျက်စီးခြင်း၊ နှလုံးစည်းချက်မမှန်ခြင်းများ ဖြစ်လာစေသည်။ အဖြစ်များသော မွေးရာပါနှလုံးရောဂါတစ်မျိုးဖြစ်ပြီး ကလေးများ၏ (၂၅) ရာခိုင်နှုန်းခန့်တွင် ဖြစ်ပေါ်နိုင်သည်။
Atrial Septal Defect (ASD) အမျိုးအစားများ
- Secundum ASD – ၎င်းသည် အဖြစ်အများဆုံး ASD အမျိုးအစားဖြစ်သည်၊ နှလုံး၏ အပေါ်ဘက် သွေးဝင်ခန်းနှစ်ခုကို ပိုင်းခြားထားသော နံရံ (Atrial septum) ၏ အလယ်ဗဟိုတွင် ရှိသောအပေါက် (Ostium secundum) မပိတ်ခြင်းကြောင့် ဖြစ်သောအမျိုးအစားဖြစ်သည်
- Primum ASD – ဤအမျိုးအစားသည် အပေါ်ဘက် သွေးဝင်ခန်းနှစ်ခုကြားရှိ နံရံ၏အောက်ပိုင်းတွင်ရှိသော အပေါက် (Ostium primum) မပိတ်ခြင်းကြောင့် ဖြစ်သောအမျိုးအစားဖြစ်သည်၊ ဤအမျိုးအစားသည် မွေးရာပါ အခြားနှလုံးရောဂါများနှင့်လည်း တွဲဖက်၍ ဖြစ်ပွါးတတ်သည်
- Sinus venosus ASD – အဖြစ်နည်းသောအမျိုးအစားဖြစ်သည်၊ အပေါ်ဘက် သွေးဝင်ခန်းနှစ်ခုကြား အနောက်ပိုင်းနံရံနေရာတွင် ဖြစ်လေ့ရှိသည်၊ နံရံတွင် အပေါက်ဖြစ်ပေါ်ခြင်းနှင့်အတူ ညာဘက်အပေါ် သွေးဝင်ခန်းအတွင်းသို့ ချိတ်ဆက်သော သွေးပြန်ကြောမကြီး နှစ်ခု (SVC and IVC) တွင်လည်း မွေးရာပါ ဖွဲ့စည်းပုံဆိုင်ရာ မူမမှန်ပြောင်းလဲမှုများ တွဲလျက်တွေ့ရနိုင်သည်
- Coronary sinus ASD – Coronary sinus သည် နှလုံး၏ သွေးပြန်ကြောစနစ်တွင် ပါဝင်ပြီး ညာဘက်အပေါ် သွေးဝင်ခန်းအနီးတွင် ရှိသည်၊ ဤရှားပါးသည့်အမျိုးအစားတွင် Coronary sinus နှင့် ဘယ်ဘက်အပေါ် နှလုံးအခန်းများကြားရှိ နံရံအစိတ်အပိုင်းတစ်ခု ပျောက်ဆုံးနေခြင်း သို့မဟုတ် အပေါက်ဖြစ်နေခြင်းဖြစ်သည်
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မွေးရာပါ နှလုံး ဘယ်၊ ညာ သွေးဝင်ခန်းနံရံတွင် အပေါက်ပါခြင်း အကြောင်းရင်းများကို အတိအကျမသိနိုင်သော်လည်း အချို့သောမျိုးဗီဇပြောင်းလဲမှုများနှင့် ဆက်စပ်သည်ဟု ယူဆသည်။ နှလုံး ဘယ်၊ ညာ အပေါ်ခန်းနံရံတွင် အပေါက်ပါခြင်းနှင့် NKX2.5/CSX, GATA4 and TBX5 မျိုးဗီဇများတွင် ပြောင်းလဲမှုများဖြင့် ဆက်စပ်မှုရှိသည်ကို တွေ့ရသည်။ ထို့ပြင် ဒေါင်းဆင်ဒရုန်း (Down syndrome)၊ တာနာဆင်ဒရုန်း (Turner syndrome)၊ နူနန်ဆင်ဒရုန်း (Noonan syndrome) စသည့် မွေးရာပါရောဂါလက္ခဏာစု ပါရှိသည့်ကလေးငယ်များတွင်လည်း တွေ့ရှိနိုင်သည်။ အခြားသော မွေးရာပါနှလုံးရောဂါများ အထူးသဖြင့် နှလုံး သွေးလွှတ်ခန်း ဘယ် ညာ အပေါက်ပါခြင်း (VSD) နှင့်လည်း တွဲ၍တွေ့နိုင်သည်။
ဖြစ်နိုင်ခြေများသော အခြေအနေများ
အောက်ပါအခြေအနေများကြောင့် မွေးရာပါနှလုံးရောဂါ ဖြစ်ပွါးမှုရာခိုင်နှုန်း များပြားစေနိုင်သည်။
- မိသားစုအတွင်း မွေးရာပါနှလုံးရောဂါ ဖြစ်သူရှိခြင်း
- ကလေးတွင် မျိုးဗီဇဆိုင်ရာ ပုံမမှန်သည့် ရောဂါအခြေအနေများရှိခြင်း [ဥပမာ_ဒေါင်းဆင်ဒရုန်း (Down syndrome)]
- ကိုယ်ဝန်ဆောင်စဉ် မိခင်၌ ဂျိုက်သိုးရောဂါ (Rubella) ဖြစ်ခဲ့ခြင်း
- ကိုယ်ဝန်ဆောင်မိခင်တွင် ဆီးချိုရောဂါအခံရှိပြီး ကိုယ်ဝန်မဆောင်မီနှင့် ကိုယ်ဝန်ဆောင်စဉ် ကာလများအတွင်း သွေးတွင်းသကြားဓာတ် ပမာဏ ပုံမှန်ဖြစ်အောင် မထိန်းနိုင်ခြင်း
- သန္ဓေသားကို ထိခိုက်စေသော ဆေးဝါးများ သောက်သုံးမိခြင်း [ဥပမာ_သာလီဒိုမိုက် (Thalidomide)၊ အဆီကျဆေး (Statins)၊ ဝက်ခြံပျောက်ဆေးများနှင့် အချို့သောအတက်ကျဆေး၊ စိတ်ရောဂါကုဆေးများ]
- ကိုယ်ဝန်ဆောင်မိခင်သည် အရက်၊ မူးယစ်ဆေးနှင့် ဆေးလိပ်များ သောက်သုံးခြင်း
ရောဂါလက္ခဏာများ
ASD သည် မွေးရာပါပြဿနာတစ်ခုဖြစ်သော်လည်း အများစုသည် လူကြီးဘဝရောက်သည်အထိ လက္ခဏာများ ပြလေ့မရှိပါ။ နှလုံးအပေါက်သေးငယ်ပါက (အရွယ်အစား ၅ မီလီမီတာအောက်သာဖြစ်ပါက) နှလုံးနှင့်အဆုတ်တွင် ဝန်ပိစေခြင်းမရှိသောကြောင့် လက္ခဏာများ ဖြစ်ပေါ်လေ့မရှိပါ။ အတွေ့ရအများဆုံးသည် နှလုံးအခြေခံစမ်းသပ်စစ်ဆေးရာတွင် နှလုံးခုန်ချိန်၌ အသံပိုတစ်ခုပါနေသည်ကို ကြားရခြင်းသာဖြစ်သည်။ တွေ့နိုင်သော အခြားလက္ခဏာများမှာ_
- မကြာခဏ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း
- ဆော့ကစားသည့်အချိန်တွင် မောပန်းလွယ်ခြင်း၊ အသက်ရှူခက်ခြင်း
- နို့စို့သည့်အချိန်တွင် မောခြင်း၊ ချွေးပြန်လာခြင်း
- ကိုယ်အလေးချိန်သေးခြင်း
- ကြီးထွားမှုနှေးခြင်း စသည်တို့ဖြစ်သည်။
ASD သည် မွေးရာပါအခြေအနေဖြစ်သော်လည်း ငယ်စဥ်ကလေးတွင် လက္ခဏာမပေါ်သော သို့မဟုတ် ကုသမှုမယူထားသောသူများသည် လူကြီးဘဝ အသက် (၄၀) ဝန်းကျင်တွင် လက္ခဏာများ စတင်ပြလေ့ရှိသည်။ လက္ခဏာများသည် နှလုံးနှင့်အဆုတ်အပေါ်တွင် ဖြစ်ပေါ်နေသည့် ဝန်ပိခြင်းပေါ် မူတည်၍ ကွာခြားမှုရှိသည်။ ဖြစ်နိုင်သောလက္ခဏာများမှာ_
- နုံးချည့်ခြင်း
- ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ချိန်တွင် အသက်ရှူမဝခြင်း
- ရင်တုန်ခြင်း
- နှလုံးခုန်နှုန်းမြန်ခြင်း
- ခြေ လက်များ ဖောရောင်ခြင်း
- ပြာခြင်းတို့ဖြစ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
နှလုံးအပေါက်သည် သေးငယ်၍ အရွယ်အစားအားဖြင့် (၅) မီလီမီတာအောက်သာရှိပါက ကလေးငယ်စဥ်၌ပင် အလိုအလျောက် ပြန်ပိတ်သွားနိုင်ပြီး ပြဿနာဖြစ်ပေါ်လေ့မရှိပါ။ သို့သော် နှလုံးအပေါက်သည် ကြီးနေပါက အောက်ပါပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။
- နှလုံးညာဘက်အခြမ်း လုပ်ငန်းပျက်စီးခြင်း (Right-sided heart failure)
- နှလုံးခုန်နှုန်း မမှန်ခြင်း (Arrhythmia)
- လေဖြန်းခြင်း (Transient Ischaemic Attack) သို့မဟုတ် လေဖြတ်ခြင်း
- အဆုတ်အတွင်း သွေးဖိအားများခြင်း (Pulmonary hypertension)
- နှလုံးအပေါက် ဖြစ်နေခြင်းကြောင့် အဆုတ်သွေးဖိအားတက်လာပြီး သွေးစီးဆင်းမှုလမ်းကြောင်း ပြောင်းပြန်ဖြစ်သွားခြင်း (Eisenmenger Syndrome)
- အဆုတ်ပျက်စီးခြင်း
အထက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာခြင်းမှ ကာကွယ်နိုင်ရန်မှာ ASD ကို စောစီးစွာသိရှိ၍ အချိန်မီကုသမှု ပေးနိုင်ခြင်းပင်ဖြစ်သည်။ ကြီးမားသော နှလုံးအပေါက်များကို အချိန်မီပိတ်ခြင်းအားဖြင့် ရေရှည်တွင်ဖြစ်ပေါ်လာနိုင်သော နှလုံးနှင့်သွေးကြောဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာမှုကို လျှော့ချပေးနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန် (X Ray) ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အကယ်၍ ပြင်းထန်မွေးရာပါနှလုံးရောဂါ ရောဂါလက္ခဏာများ တွေ့ရှိရပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး၊ အသက်အန္တရာယ်ရှိနိုင်သဖြင့် အရေးပေါ်ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
မွေးရာပါ ASD နှလုံးရောဂါရှိသည်ဟု သံသယရှိပါက အောက်ပါနည်းလမ်းများဖြင့် ရောဂါရှာဖွေနိုင်သည်။
- သွေးတွင်းအောက်ဆီဂျင်တိုင်းစက်ဖြင့် တိုင်းတာခြင်း
- အီးစီဂျီ (ECG) ဆွဲခြင်း – နှလုံးစီးချက်အခြေအနေကို သိရှိနိုင်သည်
- ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း – နှလုံးနှင့်သွေးကြောပုံရိပ်များကို ကြည့်ကာ ရောဂါခန့်မှန်းခြင်း၊ နှလုံးနှင့် အဆုတ်အခြေအနေများကို ကြည့်ရှူခြင်း
- အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စမ်းသပ်ခြင်း (Echocardiogram)
- ရောဂါရှာဖွေရာတွင် အသုံးပြုသည့် အဓိကစစ်ဆေးမှုတစ်ခုဖြစ်သည်
- အသံလှိုင်းများကို အသုံးပြု၍ နှလုံးပုံရိပ်များကိုဖမ်းယူပြီး နှလုံးအခန်းများနှင့် နှလုံးအဆို့ရှင်အခြေအနေများ၊ နှလုံးအတွင်း သွေးစီးဆင်းမှုများကိုလည်း ကြည့်ရှုနိုင်သည်
- နှလုံးနှင့်သွေးကြော ပိုက်သွင်းစမ်းသပ်ခြင်း (Cardiac catheterization)
- သံလိုက်ဓာတ်မှန်ဖြင့် နှလုံးစမ်းသပ်ခြင်း (Cardiac MRI) – သံလိုက်စက်ကွင်းနှင့် ရေဒီယိုလှိုင်းများကို အသုံးပြု၍ နှလုံးပုံရိပ်များကို အသေးစိတ်ပုံဖော်ကြည့်ရှုနိုင်သည်။
မိခင်၏ဝမ်းတွင်း သန္ဓေသားလောင်းဘဝ (၁၈)ပတ် မှ (၂၂)ပတ်အတွင်း သန္ဓေသားလောင်း ကိုယ်လက်အင်္ဂါပြည့်စုံခြင်း ရှိမရှိ သိရှိရန် ရိုက်ကူးနိုင်သော သန္ဓေသားအာထရာဆောင်း (Fetal Anomalies Scan) ဖြင့်လည်း သန္ဓေသားလောင်း၏ နှလုံးဖွဲ့စည်းပုံ၊ သွေးလှည့်ပတ်မှုစသည်တို့ကို ကြည့်ရှုစစ်ဆေးပြီး အချို့သော မွေးရာပါနှလုံးရောဂါများကို ကြိုတင်သိရှိနိုင်သည်။
ကုသခြင်း
ကုသမှုသည်
- ရောဂါသိရှိသည့် အသက်အရွယ်
- နှလုံးအပေါက်၏ အရွယ်အစား
- ရောဂါလက္ခဏာများ၏ ပြင်းထန်မှုနှင့်
- မွေးရာပါ အခြားသောနှလုံးပြဿနာများ ရှိမရှိပေါ် မူတည်သည်
- နှလုံးအပေါက်သည် (၅) မီလီမီတာအောက်သာ ဖြစ်ပါက အသက် (၁) နှစ်အတွင်းတွင် အလိုအလျောက် ပိတ်သွားနိုင်သည်အလိုအလျောက်မပိတ်သော်လည်း သေးငယ်သောအပေါက်များတွင်လည်း ပုံမှန်စောင့်ကြည့်ရန်သာ လိုအပ်သည်များလည်း ရှိသည်
- နှလုံးအပေါက်သည် အရွယ်အစားအားဖြင့် (၁) စင်တီမီတာထက် ကြီးပါက သို့မဟုတ် သေးငယ်သော်လည်း အသက် (၃) နှစ်ကျော်သည်အထိ မပိတ်ပါက သို့မဟုတ် ရောဂါလက္ခဏာများ ပြင်းထန်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများ ရှိလာပါက ခွဲစိတ်ကုသမှုပြုလုပ်၍ အပေါက်ပိတ်ခြင်းကို ပြုလုပ်ရန် လိုအပ်သည်။
ဆေးဝါးများဖြင့် ကုသခြင်း
ဆေးဝါးများအသုံးပြုခြင်းသည် နှလုံးအပေါက်ကို ပြုပြင်ခြင်း မလုပ်နိုင်သော်လည်း လက္ခဏာများကို အတန်အသင့် သက်သာစေနိုင်သည်။ အသုံးပြုသည့်ဆေးဝါးများတွင်
- နှလုံးခုန်နှုန်းကို ထိန်းချုပ်နိုင်ရန် ပေးသော Beta blockers ဆေးများ
- သွေးခဲသည့်အခြေအနေများကို လျှော့ချနိုင်ရန် သွေးမခဲဆေးများ (Anticoagulants)
- အဆုတ်နှင့် ခန္ဓာကိုယ်ရှိအခြားအစိတ်အပိုင်းများတွင် အရည်များစုဝေးလာခြင်းကို လျှော့ချရန် ဆီးဆေးများ (Diuretics) ပါဝင်သည်။
ခွဲစိတ်ကုသခြင်း
အလယ်အလတ်အရွယ်မှ ကြီးမားသောအပေါက်များကို ပြုပြင်၍ နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန် ခွဲစိတ်မှုပြုလုပ်နိုင်သည်။ ခွဲစိတ်ကုသခြင်းကို အောက်ဖော်ပြပါ နည်းလမ်းနှစ်မျိုးဖြင့် ပြုလုပ်နိုင်သည်။
- ပိုက်ထည့်၍ ပြုပြင်ခြင်း (Catheter-based repair)
- အများစုတွင် ပိုက်ထည့်၍ ပြုပြင်ခြင်းကို အသုံးပြုနိုင်သည်
- Secundum ASD အမျိုးအစားအတွက် အဓိကပြုလုပ်သည်
- သေးငယ်၍ ပျော့ပျောင်းသည့် ပိုက်ကို ပေါင်ခြံရှိသွေးကြောမှတစ်ဆင့် နှလုံးဆီသို့ ရောက်အောင် ထည့်သည်
- ထို့နောက်တွင် ပိုက်မှတစ်ဆင့် တိရစ္ဆာန် သို့မဟုတ် လူမှ ရသော နှလုံးအမြှေးပါးကို ပြုပြင်ထုတ်လုပ်ထားသည့် စကာ သို့မဟုတ် ဓာတ်ခွဲခန်းတွင် တီထွင်ထုတ်လုပ်ထားသော စကာ သို့မဟုတ် ပစ္စည်း (ဝါယာ သို့မဟုတ် ချပ်ပြား) ကို ထည့်၍ အပေါက်ကိုပိတ်သည်
- နှလုံးတစ်ရှူးများသည် ထိုစကာပတ်လည်တွင် ကြီးထွားလာပြီး အပေါက်ကို အပြီးတိုင်ပိတ်သွားစေသည်
- သို့သော် ASD အပေါက်သည် အရွယ်အစား အလွန်ကြီးမားပါက နှလုံးဖွင့်၍ ခွဲစိတ်မှု ပြုလုပ်ရနိုင်သည်
- နှလုံးဖွင့်၍ ခွဲစိတ်ပြုပြင်ခြင်း (Open heart surgery)
- နှလုံးအပေါက်သည် အလွန်ကြီးပါက သို့မဟုတ် နှလုံးဖွဲ့စည်းပုံသည် ရှုပ်ထွေးပါက သို့မဟုတ် ပိုက်ထည့်ပြုပြင်ရန် မသင့်တော်ပါက ခွဲစိတ်ပြုပြင်ရန် လိုအပ်သည်
- ခွဲစိတ်ရာတွင် ရင်ဘတ်မှတစ်ဆင့် ခွဲကြောင်းပြုလုပ်ကာ ရင်ညွန့်ရိုးကို ဖြတ်၍ နှလုံးကိုဖွင့်သည်
- ထို့နောက်တွင် အပေါက်ကို ချုပ်ကြိုးဖြင့် ချုပ်ခြင်း သို့မဟုတ် စကာကို အသုံးပြု၍ အပေါက်ကိုပိတ်ခြင်း ပြုလုပ်သည်
ယခင်သမားရိုးကျ နှလုံးဖွင့်၍ ခွဲစိတ်ကုသမှုအပြင် ယခုနောက်ပိုင်း အချိန်ကုန်သက်သာ၍ နာလန်ထမြန်စေသော မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Minimally invasive surgery)၊ စက်ရုပ်အသုံးပြု၍ ခွဲစိတ်ခြင်း (Robot-assisted heart surgery) စသည့် နည်းလမ်းများဖြင့်လည်း ကုသမှုများ ပြုလုပ်လာကြသည်။
ကာကွယ်ခြင်း
မွေးရာပါနှလုံးရောဂါ ဖြစ်ပွါးစေသည့် အဓိကအကြောင်းရင်းများကို သေချာစွာ မသိရှိသေးသောကြောင့် ကာကွယ်နိုင်သည့် နည်းလမ်းအတိအကျ မရှိပါ။ သို့သော် အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် နောက်ဆက်တွဲပြဿနာများကို လျော့နည်းစေနိုင်သည်။
- ကိုယ်ဝန်ရှိသည်ဟု သိရှိရသည့်အချိန်မှစ၍ ဆရာဝန် သို့မဟုတ် သားဖွားဆရာမများထံ၌ ကိုယ်ဝန်အပ်နှံ၍ ပုံမှန်စစ်ဆေးမှု ခံယူခြင်း
- သင့်တော်သော ကိုယ်ဝန်ဆောင်အားဆေးများနှင့် ဖောလစ်အက်ဆစ် နေ့စဉ်ပုံမှန်သောက်သုံးခြင်း
- အရက်၊ မူးယစ်ဆေးများနှင့် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း (ဆေးလိပ်ရှောင်ကြဉ်ရာတွင် အိမ်ရှိ အတူနေမိသားစုဝင်များပါ ရှောင်ကြဉ်ရန် လိုအပ်သည်)
- မိခင်လောင်းတွင် ဂျိုက်သိုးရောဂါဖြစ်ပွါးခဲ့ဖူးခြင်း သို့မဟုတ် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးနှံခဲ့ဖူးခြင်းမရှိပါက ကိုယ်ဝန်မဆောင်မီ တစ်လအလို၌ ကာကွယ်ဆေးထိုးနှံခြင်း (ငယ်စဉ်မှစ၍ ကာကွယ်ဆေးများအားလုံး ထိုးနှံသင့်သည်)
- သွေးတိုး၊ ဆီးချိုစသည့် အခံရောဂါများရှိပါက ကိုယ်ဝန်ဆောင်ကာလ မတိုင်မီကပင် သေချာစွာ ကုသမှုခံယူခြင်း
- လုပ်ငန်းခွင် သို့မဟုတ် ပတ်ဝန်းကျင်မှ ကိုယ်ဝန်ကို ထိခိုက်စေသော ပစ္စည်းများ (ဓာတ်ရောင်ခြည်များ၊ အချို့ဓာတုဗေဒပစ္စည်းများ၊ အိမ်သုတ်ဆေးများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေးများ) နှင့် ထိတွေ့မှုမရှိအောင် ရှောင်ကြဉ်ခြင်း
- ဆရာဝန်ညွှန်ကြားချက်မရှိပဲ ဆေးဝါးများသောက်သုံးခြင်းမှ ရှောင်ကြဉ်ခြင်းတို့ဖြစ်သည်။
References:
- Cincinnati Children’s Hospital Medical Center. (n.d.). Atrial septal defect (ASD). Retrieved March 9, 2026, from https://www.cincinnatichildrens.org/health/a/asd
- Cleveland Clinic. (n.d.). Atrial septal defect (ASD). Retrieved March 9, 2026, from https://my.clevelandclinic.org/health/diseases/11622-atrial-septal-defect-asd
- Mayo Clinic. (n.d.). Atrial septal defect – Symptoms and causes. Retrieved March 9, 2026, from https://www.mayoclinic.org/diseases-conditions/atrial-septal-defect/symptoms-causes/syc-20369715
- National Center for Biotechnology Information. (n.d.). Atrial septal defect. Retrieved March 9, 2026, from https://www.ncbi.nlm.nih.gov/books/NBK535440/
- Nationwide Children’s Hospital. (n.d.). Atrial septal defect. Retrieved March 9, 2026, from https://www.nationwidechildrens.org/conditions/atrial-septal-defect
- Penn Medicine. (n.d.). Atrial septal defect. Retrieved March 9, 2026, from https://www.pennmedicine.org/conditions/atrial-septal-defect
- The Children’s Hospital of Philadelphia. (n.d.). Atrial septal defect. Retrieved March 9, 2026, from https://www.chop.edu/conditions-diseases/atrial-septal-defect
- U.S. Centers for Disease Control and Prevention. (n.d.). Atrial septal defect. Retrieved March 9, 2026, from https://www.cdc.gov/heart-defects/about/atrial-septal-defect.html
- American Heart Association. (n.d.). Atrial septal defect (ASD). Retrieved March 9, 2026, from https://www.heart.org/en/health-topics/congenital-heart-defects/about-congenital-heart-defects/atrial-septal-defect-asd
Published: 28 March 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.