Keloid (ဖောင်းကြွအမာရွတ်တစ်ရှူး)

Keloid (ဖောင်းကြွအမာရွတ်တစ်ရှူး)

Keloid အမာရွတ်ဆိုသည်မှာ မူလဒဏ်ရာထက် ကျော်လွန်၍ ကြီးထွားလာသော ဖောင်းကြွအမာရွတ်တစ်ရှူးများဖြစ်သည်။ ဤအမာရွတ်များသည် အရေပြားဒဏ်ရာရပြီးနောက် လအနည်းငယ်အတွင်း ဖြစ်ပေါ်လာနိုင်သလို နှစ်အနည်းငယ်အထိ ကြာမှလည်း ပေါ်လာတတ်သည်။ ထိုအမာရွတ်များသည် တဖြည်းဖြည်း ကြီးထွားလာသလို အရောင်ဖျော့သွားခြင်း မရှိဘဲ အချိန်ကြာကြာ ဖြစ်ပေါ်နေသောကြောင့် ရုပ်ပိုင်းသွင်ပြင်ဆိုင်ရာ ထိခိုက်နိုင်သကဲ့သို့ မိမိကိုယ်ကို ယုံကြည်မှုလည်း ကျစေနိုင်သည်။ ထိုအမာရွတ်များကို ကုသရာတွင် အမာရွတ်အရောင် ဖျော့စေရန် ဆေးဝါးများဖြင့် ကုသနိုင်သည်။

ဖြစ်ပေါ်ရသောအအကြောင်းရင်းများ

အရေပြားအနာကျက်ခြင်း (wound healing) ဆိုသည်မှာ ဒဏ်ရာရရှိပြီးနောက် အရေပြား၏ ခိုင်ခံ့မှုနှင့် လုပ်ဆောင်ချက်များကို ပြန်လည်ကောင်းမွန်လာစေရန် အရေပြားဆဲလ်များ၏ လုပ်ဆောင်ချက်များ (Cellular processes) အချင်းချင်း အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်သည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။ ပုံမှန်အားဖြင့် ဒဏ်ရာတစ်ခု ရရှိသောအခါ ခန္ဓာကိုယ်၏ အမျှင်ဆဲလ်များ (Fibroblasts) သည် Collagen နှင့် Proteoglycan ပရိုတင်းဓာတ်များကို ထုတ်လုပ်ပေးသည်။ Collagen သည် အနာ၏ အနားသတ်များကို ဆွဲကပ်ပေးခြင်းဖြင့် ဒဏ်ရာကျက်အောင် ကူညီထောက်ပံ့ပေးသည်။ ပုံမှန်ဖြစ်စဥ်တွင် ဒဏ်ရာတစ်ခု ကျက်သောအခါ ထိုနေရာ၌ အမာရွတ် (Scar) တစ်ခု ဖြစ်ပေါ်လာသည်။

Keloid ဖြစ်ပေါ်ရခြင်းမှာ အရေပြားအနာကျက်ခြင်းဖြစ်စဥ်တွင် အမျှင်ဆဲလ်များသည် ပုံမှန်ထက် ပိုများလာပြီး၊ ၎င်းတို့၏ ဇီဝကမ္မဖြစ်စဥ်များလည်း ပိုမြင့်တက်လာခြင်းကြောင့်ဖြစ်သည်။ ထိုမှတစ်ဆင့် Collagen နှင့် Proteoglycan ဓာတ်များ ထုတ်လုပ်မှု ပိုများလာသဖြင့် အနာကျက်နေစဥ်အတွင်း အမာရွတ်တစ်ရှူးများသည် လိုအပ်သည်ထက် ပိုထွက်ရှိလာပြီး မူလဒဏ်ရာ၏ အနားသတ်များကို ကျော်လွန်၍ ပျံ့နှံ့ကြီးထွားလာကာ ဖောင်းကြွအမာရွတ်တစ်ရှူးများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

Keloid အမာရွတ်များသည် လူတိုင်း၌ ဖြစ်နိုင်သော်လည်း ရောဂါဖြစ်ရန် အလားအလာရှိသူများ (Predisposed individuals) တွင် အရေပြားထိခိုက်ဒဏ်ရာရချိန်၌ ပိုမိုဖြစ်ပွါးသည်ကို တွေ့ရသည်။

ဖြစ်နိုင်ခြေများသောအချက်များ

Keloid အမာရွတ် ဖြစ်ပေါ်ခြင်းသည် လူတစ်ဦးချင်းစီ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ပြင်ပအကြောင်းအရာများအပေါ် မူတည်သည်။

အဓိကအချက်များ (Primary Risk Factors)

  • မျိုးဗီဇ (Genetic Predisposition) – မိသားစုဝင်များတွင် Keloid ဖြစ်ဖူးခြင်း သို့မဟုတ် မိမိကိုယ်တိုင် ယခင်က Keloid ဖြစ်ဖူးခြင်းသည် အဓိကအချက်ဖြစ်သည်
  • အသားအရေ (Skin Tone) – အသားညိုသူ သို့မဟုတ် အသားမည်းသူများ (အာဖရိက၊ အာရှ၊ စပိန်နွယ်ဖွား သို့မဟုတ် ကာရစ်ဘီယံ နွယ်ဖွားများ) တွင် ပို၍အဖြစ်များသည်
  • အသက်အရွယ် (Age) – ငယ်ရွယ်သူများတွင် ပိုဖြစ်တတ်ပြီး ပုံမှန်အားဖြင့် အသက် (၁၀)နှစ် မှ (၃၀)နှစ်ကြားတွင် ဖြစ်ပွါးတတ်သည်
  • အရေပြား ထိခိုက်ဒဏ်ရာများ (Skin Trauma) – မည်သည့်ဒဏ်ရာမဆို Keloid ကို ဖြစ်ပေါ်စေနိုင်သည်၊ ဥပမာအားဖြင့် အောက်ပါဒဏ်ရာများ ပါဝင်သည်
    • ဝက်ခြံ (Acne)
    • မွေးညင်းအိတ် ရောင်ရမ်းခြင်း (Folliculitis)
    • နား၊ နှာခေါင်း သို့မဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် အပေါက်ဖောက်ခြင်း (Body piercings)
    • အပူလောင်ခြင်း (Burns)
    • ပြတ်ရှဒဏ်ရာများ (Lacerations)
    • ခွဲစိတ်ဒဏ်ရာများ (Surgical wounds)
    • တက်တူးထိုးခြင်း (Tattoos)
    • ကာကွယ်ဆေးထိုးခြင်း
    • ပိုးမွှားကိုက်ခြင်း
  • ခန္ဓာကိုယ်ပေါ်တွင် တည်ရှိသည့်နေရာ (Location) – အရေပြားတင်းအားများသော နေရာများ (High-tension areas) ဖြစ်သည့် ရင်ဘတ်၊ ပခုံး၊ ကျောကုန်း၊ လည်ပင်းနှင့် နားရွက်တို့သည် အဖြစ်အများဆုံး နေရာများဖြစ်သည်။

အထက်ဖော်ပြပါ အဓိကအကြောင်းရင်းများအပြင် ခန္ဓာကိုယ်၏ ဇီဝကမ္မပြောင်းလဲမှုများနှင့် ပြင်ပပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများသည်လည်း အမာရွတ်ပိုမိုကြီးထွားလာစေရန် အားပေးတတ်သည်။ Keloid ဖြစ်ပွါးမှုကို သွယ်ဝိုက်၍ ပံ့ပိုးပေးသော အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ဟော်မုန်းအပြောင်းအလဲများ (Hormonal Changes) – လူပျိုဖော်၊ အပျိုဖော်ဝင်ချိန် သို့မဟုတ် ကိုယ်ဝန်ဆောင်ချိန်များတွင် Keloid ဖြစ်နိုင်ခြေပိုများသည်
  • အရေပြားတင်းအား မြင့်မားခြင်း (High Tension) – အရေပြားတင်းအားများသော နေရာများတွင် ရရှိသည့်ဒဏ်ရာများသည် Keloid ကို ပိုဖြစ်စေတတ်သည်
  • ပိုးဝင်ခြင်း (Infection) – ဒဏ်ရာရရှိထားသည့်နေရာများတွင် ပိုးဝင်ပါက Keloid ဖြစ်ပေါ်လာစေရန် ပိုမိုအားပေးသည်
  • သွေးအုပ်စု (Blood Group) – အချို့သော လေ့လာမှုများအရ သွေးအုပ်စု (A) ရှိသူများတွင် Keloid ဖြစ်ပွါးမှုနှင့် ပိုမိုဆက်စပ်နေကြောင်း တွေ့ရှိရသည်။
ရောဂါလက္ခဏာများ

များသောအားဖြင့် Keloid အများစုသည် ဒဏ်ရာရပြီး ၃ လအတွင်း စတင်ဖြစ်ပေါ်လေ့ရှိသည်။ သို့ရာတွင် အချို့သောသူများတွင် အရေပြားဒဏ်ရာရပြီး ၁ နှစ်ခန့်အထိ ကြာပြီးမှ Keloid စတင်ပေါ်ပေါက်လာခြင်းလည်း ရှိနိုင်သည်။ အရေပြား၏ မည်သည့်နေရာတွင်မဆို ဖြစ်နိုင်သော်လည်း အဖြစ်များဆုံးနေရာများမှာ အရေပြားတင်းအားများသည့် ဝမ်းဗိုက်၊ ကျောကုန်း၊ ရင်ဘတ်၊ နားရွက်၊ မေးရိုး၊ ပခုံး စသည်တို့ဖြစ်သည်။ တွေ့ရှိရသော လက္ခဏာများမှာ_

  • ရင်ဘတ်၊ နားရွက်၊ ပခုံးနေရာတို့တွင် မူလဒဏ်ရာထက် ပိုကြီးသော ဖောင်းကြွအမာရွတ်တစ်ရှူးများ ဖြစ်ပေါ်ခြင်း
  • အမာရွတ်၏ အပေါ်ယံအရေပြားသည် ပြောင်လက်နေခြင်း၊ အမွေးအမှင်မရှိခြင်း
  • မူလဒဏ်ရာ အရွယ်အစားပေါ် မူတည်၍ အရွယ်အမျိုးမျိုး ဖြစ်နိုင်ခြင်း
  • အသားအရောင်ပေါ် မူတည်၍ အနီရောင်၊ အညိုရောင် သို့မဟုတ် ခရမ်းရောင် ဖြစ်နိုင်ခြင်း
  • အမာရွတ်ကို ထိကိုင်ကြည့်ပါက ပျော့စိစိဖြစ်နိုင်သလို မာကျောခြင်း ရှိနိုင်ခြင်း
  • ယားယံခြင်း
  • အမာရွတ်ကြီးထွားနေစဉ်အတွင်း နာကျင်ခြင်း၊ ထိလျှင်နာခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
  • ရုပ်ပိုင်းဆိုင်ရာ မသက်မသာဖြစ်ခြင်း (Physical Discomfort)
    အမာရွတ် ကြီးထွားနေစဉ်အတွင်း အလွန်အမင်း ယားယံခြင်း (Pruritus)၊ နာကျင်ခြင်းနှင့် ထိလျှင်နာကျင်ခြင်းတို့ ခံစားရနိုင်သည်။
  • လှုပ်ရှားမှုကို အဟန့်အတားဖြစ်ခြင်း (Functional Limitations)
    ကြီးမားသော သို့မဟုတ် ထူထဲသော Keloid များသည် အထူးသဖြင့် ရင်ဘတ်၊ ပခုံး သို့မဟုတ် အဆစ်အမြစ်များပေါ်တွင် ရှိနေပါက ခန္ဓာကိုယ်လှုပ်ရှားမှုကို အဟန့်အတား ဖြစ်စေနိုင်သည်။
  • ရုပ်ရည်နှင့် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု (Cosmetic and Psychological Impact)
    သိသာထင်ရှားသော အမာရွတ်ကြီးများကြောင့် မိမိကိုယ်မိမိ သိမ်ငယ်ခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် လူမှုဘဝ အရည်အသွေး (Quality of life) ကျဆင်းခြင်းတို့ ဖြစ်စေနိုင်သည်။
  • ပြည်တည်ခြင်းနှင့် ရောင်ရမ်းခြင်း (Suppuration)
    အချို့သော Keloid များအတွင်း၌ အရည်အိတ် အခေါင်းပေါက်ငယ်များ (Cystic cavities) ဖြစ်ပေါ်လာနိုင်ပြီး၊ ထိုမှတစ်ဆင့် ပိုးဝင်ကာ နာကျင်ခြင်း၊ နီရဲခြင်းနှင့် ပြည်ထွက်ခြင်းတို့ ဖြစ်ပွါးနိုင်သည်။
  • ပြန်လည်ဖြစ်ပွါးခြင်း (Recurrence)
    Keloid ကို ခွဲစိတ်ဖယ်ရှားပြီးနောက်တွင်လည်း ပြန်လည်ပေါ်ပေါက်လာနိုင်ခြေ အလွန်မြင့်မားသည်။
  • အရေပြား အရောင်ပြောင်းလဲခြင်း (Long-term Skin Changes)
    အမာရွတ်ရှိသောနေရာတွင် အရေပြားအရောင် အမြဲတမ်း ပြောင်းလဲသွားခြင်း (ပိုရင့်လာခြင်း သို့မဟုတ် ပိုဖျော့သွားခြင်း) များ ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အကယ်၍ အောက်ပါအချက်များ ဖြစ်ပေါ်လာပါက ကျွမ်းကျင်သော ဆရာဝန်နှင့် ပြသရန် လိုအပ်သည်။

  • လျင်မြန်စွာ ကြီးထွားလာခြင်း (Rapid Growth) – အမာရွတ်သည် အချိန်တိုအတွင်း သိသိသာသာ ကြီးထွားလာခြင်း သို့မဟုတ် ပိုမိုကျယ်ပြန့်လာခြင်း
  • ပိုးဝင်သည့် လက္ခဏာများ (Signs of Infection) – အမာရွတ်နေရာတွင် ပိုမိုနီရဲလာခြင်း၊ ပူနွေးလာခြင်း၊ နာကျင်လာခြင်း သို့မဟုတ် ပြည်တည်ခြင်း၊ အရည်ထွက်ခြင်း
  • နာကျင်ခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်း (Pain or Discomfort) – Keloid နေရာတွင် နာကျင်ခြင်း၊ ထိလျှင်နာခြင်း သို့မဟုတ် ပူစပ်ပူလောင်ဖြစ်ခြင်း
  • လှုပ်ရှားမှုကို အဟန့်အတားဖြစ်ခြင်း (Functional Limitations) – အထူးသဖြင့် အဆစ်အမြစ်များပေါ်တွင် ဖြစ်ပေါ်နေသော အမာရွတ်များကြောင့် လှုပ်ရှားရခက်ခဲခြင်း
ရောဂါရှာဖွေခြင်း

Keloid များကို အမာရွတ်အရွယ်အစား၊ ပုံစံနှင့် ဖြစ်ပေါ်သောနေရာများကို ကြည့်ရှုစစ်ဆေးခြင်းအားဖြင့် အလွယ်တကူ သိရှိနိုင်သည်။ များသောအားဖြင့် အခြားစစ်ဆေးမှုများ ပြုလုပ်ရန် မလိုအပ်ပါ။ အကယ်၍ အခြားအရေပြားဆိုင်ရာရောဂါများ (အထူးသဖြင့် အရေပြားကင်ဆာ) ဖြစ်နိုင်ခြေကို သံသယရှိပါက ဆရာဝန်မှ ထိုအမာရွတ်မှ အရေပြားအသားစယူခြင်း (Skin biopsy) ယူ၍ စစ်ဆေးရန် ညွှန်ကြားနိုင်သည်။

ကုသခြင်း
ကုသမှုနည်းလမ်းများ

Keloid ကို ကုသရာတွင် အောက်ပါ ကုသမှုနည်းလမ်းများကို တစ်မျိုးတည်း သို့မဟုတ် ပေါင်းစပ်၍ အသုံးပြုနိုင်သည်။ သို့ရာတွင် Keloid အမာရွတ်များသည် လုံးဝပြားသွားရန် ခဲယဉ်းသလို ခွဲစိတ်ဖယ်ရှားပြီးသည့် တိုင်အောင် မူလထက် ပိုမိုကြီးမားသော အမာရွတ်များ ပြန်ဖြစ်လာနိုင်ခြင်း သို့မဟုတ် အသစ်များ ထပ်မံပေါ်ပေါက်လာနိုင်ခြင်းတို့ ရှိနိုင်သည်။

  1. Keloid အမာရွတ်အသစ်များကို ဖိအားပေးကုသခြင်း
    • ဖိအားပေးပတ်တီး (Compression dressings)
      လတ်တလော ဖြစ်ပေါ်လာသော Keloid အမာရွတ်အသစ်များကို ကုသရန် ကျုံ့နိုင်ဆံ့နိုင်သော ပိတ်စ သို့မဟုတ် အခြားပစ္စည်းများဖြင့် ပြုလုပ်ထားသည့် ဖိအားပေးပတ်တီးများကို ဦးစွာအသုံးပြုသည်
    • အသုံးပြုပုံ
      • အနာကျက်နေစဉ်အတွင်း ဖိအားပေးခြင်းဖြင့် အမာရွတ်မဖြစ်အောင် သို့မဟုတ် လျော့နည်းသွားအောင် ပြုလုပ်ခြင်းဖြစ်သည်
      • ထိရောက်မှုရှိရန် တစ်နေ့လျှင် (၁၂)နာရီ မှ (၂၄)နာရီအထိ၊ (၄)လ မှ (၆)လကြာအောင် ဝတ်ဆင်ရန် လိုအပ်သည်
      • ခွဲစိတ်မှုများ ပြုလုပ်ပြီးနောက် Keloid ပြန်မဖြစ်အောင် ကာကွယ်ရာတွင်လည်း သုံးနိုင်သည်
    • သတိပြုရန်
      • တစ်ခါတစ်ရံ ဖိအားပေးပတ်တီးများသည် တင်းကြပ်လွန်းသဖြင့် အလွန်မသက်မသာ ဖြစ်နိုင်သည်။
  2. ဆေးဝါးများဖြင့် ကုသခြင်း
    • စတီးရွိုက်လိမ်းဆေး (Topical Steroids)
      အမာရွတ် ယားယံမှုကို သက်သာစေရန် ဆရာဝန်မှ ညွှန်ကြားပေးမည်ဖြစ်သည်။
    • အမာရွတ်အတွင်းသို့ စတီးရွိုက်ဆေးထိုးခြင်း (Intralesional Steroid Injections)
      သေးငယ်သော Keloid များအတွက် Cortisone သို့မဟုတ် အခြားစတီးရွိုက်ဆေးများကို အမာရွတ်အတွင်းသို့ တိုက်ရိုက်ထိုးသွင်းခြင်းဖြင့် အမာရွတ်အထူကို လျှော့ချနိုင်သည်၊ အမာရွတ်ပြားသွားစေရန် တစ်လ တစ်ကြိမ်နှုန်းဖြင့် (၆) လခန့် ဆေးထိုးရန် လိုအပ်သည်။
    • ဘေးထွက်ဆိုးကျိုး – အရေပြားပါးလာခြင်း၊ သွေးကြောမျှင်များ ပေါ်လာခြင်းနှင့် အရေပြားအရောင် ပြောင်းလဲသွားခြင်း (ဖြူသွားခြင်း သို့မဟုတ် မည်းသွားခြင်း) တို့ ဖြစ်နိုင်သည်။
  3. အဆင့်မြင့်နည်းပညာသုံး ကုသမှုများ
    • အအေးဓာတ်အသုံးပြု၍ ကုသခြင်း (Cryotherapy)
      • သေးငယ်သော Keloid များကို နိုက်ထရိုဂျင်အရည် (Liquid nitrogen) ဖြင့် အေးခဲစေပြီး ဖယ်ရှားခြင်းဖြစ်သည်
      • ထပ်ခါတလဲလဲ ကုသမှုခံယူရန် လိုအပ်နိုင်ပြီး ဘေးထွက်ဆိုးကျိုးအနေဖြင့် အရည်ကြည်ဖုထွက်ခြင်း၊ နာကျင်ခြင်းနှင့် အရေပြားအရောင် ဖျော့သွားခြင်းတို့ ဖြစ်နိုင်သည်
    • လေဆာဖြင့် ကုသခြင်း (Laser Treatment)
      အရွယ်ကြီးမားသော Keloid များကို Pulsed-dye laser အသုံးပြု၍ ပြားသွားအောင် ပြုလုပ်နိုင်သည်။
      • ဤနည်းလမ်းသည် ယားယံခြင်းကို သက်သာစေပြီး အမာရွတ်အရောင်ကို မှေးမှိန်သွားစေသည်
      • တစ်ခါတစ်ရံ စတီးရွိုက်ဆေးထိုးခြင်းနှင့် တွဲဖက်လုပ်ဆောင်လေ့ရှိသည်
      • ကုသမှုကို (၄)ပတ် မှ (၈)ပတ်ခြား၍ အကြိမ်ပေါင်းများစွာ ပြုလုပ်ရလေ့ရှိသည်
      • တစ်ခါတစ်ရံ လေဆာဖြင့် ကုသခြင်းကို စတီးရွိုက်ဆေးထိုးခြင်းဖြင့် အတူတွဲ၍ ပြုလုပ်လေ့ရှိသည်
      • ဘေးထွက်ဆိုးကျိုး – အထူးသဖြင့် အသားညိုသူများတွင် အရေပြား အရောင်ပြောင်းခြင်း၊ အရည်ကြည်ဖုထွက်ခြင်းနှင့် အနာဖေးတက်ခြင်းတို့ ပိုမိုဖြစ်ပွါးတတ်သည်
    • ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation Therapy)
      • အားပျော့သော X-ray ကို အသုံးပြု၍ အမာရွတ်တစ်ရှူးများကို ကျုံ့သွားစေရန် ပြုလုပ်ခြင်း ဖြစ်သည်
      • ခွဲစိတ်ဖယ်ရှားပြီးနောက်တွင် ပြန်မဖြစ်အောင် ကာကွယ်ရန်အတွက်လည်း အသုံးပြုသည်
      • ရှားပါးသော ဘေးထွက်ဆိုးကျိုးအနေဖြင့် ရေရှည်တွင် ကင်ဆာဖြစ်နိုင်ခြေ အနည်းငယ် ရှိနိုင်သည်
  4. ခွဲစိတ်ဖယ်ရှားခြင်း (Surgical Removal)
    အထက်ဖော်ပြပါ ကုသမှုများဖြင့် မသက်သာပါက ခွဲစိတ်ဖယ်ရှားရန် လိုအပ်နိုင်သည်။ သို့သော် ခွဲစိတ်မှုတစ်ခုတည်း ပြုလုပ်ခြင်းသည် ပြန်လည်ဖြစ်ပွါးနိုင်ခြေ ၄၅% မှ ၁၀၀%အထိ ရှိသောကြောင့် အခြားနည်းလမ်းများ (ဥပမာ _ ဆေးထိုးခြင်း၊ ဓာတ်ရောင်ခြည်ပေးခြင်း) နှင့် မဖြစ်မနေ တွဲဖက်ကုသရန် လိုအပ်သည်။
  5. သုတေသနပြုနေဆဲ ကုထုံးသစ်များ
    လက်ရှိတွင် Keloid ကုသမှုအတွက် ပိုမိုထိရောက်သော နည်းလမ်းများကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။
    • Keloid အမာရွတ် ကြီးထွားမှုကို တားဆီးပေးသော လိမ်းဆေးနှင့် ထိုးဆေးအသစ်များ
    • အနာကျက်ခြင်းကို ပုံမှန်ဖြစ်စေရန် ဘိုတောက် (Botox) ဆေးထိုးခြင်း
    • ပင်မဆဲလ်အစားထိုးခြင်း ကုထုံး (Stem cell therapy)
    • Keloid တစ်ရှူးများအတွင်းရှိ မျိုးဗီဇဆိုင်ရာ ထူးခြားမှုများကို လေ့လာ၍ ကုသခြင်းစသည်တို့ဖြစ်သည်။
ကာကွယ်ခြင်း

အကယ်၍ Keloid ဖြစ်လွယ်သော အသားအရေရှိပါက အောက်ပါ ကြိုတင်ကာကွယ်မှုများကို လုပ်ဆောင်နိုင်သည်။

  1. ဒဏ်ရာရပါက စနစ်တကျ ဂရုစိုက်ပါ
    • သန့်ရှင်းစေပြီး အစိုဓာတ်ကို ထိန်းသိမ်းပါ
      • ဒဏ်ရာကို သန့်ရှင်းအောင်ထားပြီး အစိုဓာတ်ရရှိအောင် ထားပါ
      • ဒဏ်ရာရှိသောနေရာကို နူးညံ့သောဆပ်ပြာနှင့် ရေတို့ဖြင့် ညင်သာစွာ ဆေးကြောပါ
    • လိမ်းဆေးအသုံးပြုပါ
      • Petrolatum jelly (Vaseline, Aquaphor) စသော လိမ်းဆေးများကို ပါးပါးလိမ်းပေးပါ
      • လိုအပ်ပါက တစ်နေ့တာလုံးတွင် အကြိမ်ကြိမ် ပြန်လည်လိမ်းပေးနိုင်သည်
    • ဖိအားပေးပစ္စည်းများ
      • ဆရာဝန်က ဒဏ်ရာကျက်နေစဉ်အတွင်း ဖိအားပေးသောပတ်တီး (Pressure pad) သို့မဟုတ် Silicone gel pad တစ်ခုခုကို အသုံးပြုရန် အကြံပြုနိုင်သည်
    • ကြာမြင့်ချိန်
      • လူကြီးများအနေဖြင့် အရေပြားဒဏ်ရာရပြီးနောက် (၆) လခန့်အထိ ဤကာကွယ်မှုများကို ပြုလုပ်ရန်လိုအပ်ပြီး ကလေးများတွင်မူ (၁၈) လအထိ ကြာမြင့်နိုင်သည်
  2. နားဖောက်ပြီးနောက် ဂရုစိုက်မှု
    • နားပေါက်ဖောက်ပြီးနောက်တွင် Keloid မဖြစ်စေရန် ဖိအားပေးနိုင်သော နားကပ် (Pressure earrings) များကို ဝတ်ဆင်နိုင်သည်
  3. အရေပြား ထိခိုက်ဒဏ်ရာမရအောင် ကာကွယ်ပါ
    • အရေပြားကို မထိခိုက်မိစေရန် အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ
    • နား၊ နှာခေါင်း ဖောက်ခြင်း၊ တက်တူးထိုးခြင်းနှင့် မလိုအပ်သော ခွဲစိတ်မှု (ဥပမာ _ အလှအပဆိုင်ရာ ခွဲစိတ်မှု) များကို တတ်နိုင်သမျှ ရှောင်ကြဥ်သင့်သည်
    • အမွေးအမှင် အရေပြားထဲဝင်ခြင်း (Ingrown hairs)၊ ပြတ်ရှခြင်းနှင့် ပွတ်တိုက်မိခြင်းကဲ့သို့သော သေးငယ်သည့် ဒဏ်ရာများမှပင် Keloid စတင်ဖြစ်ပေါ်နိုင်သောကြောင့် ကိုယ်ခန္ဓာကို ပုံမှန်စစ်ဆေးပါ
  4. ခွဲစိတ်မှုခံယူရန်ရှိပါက တိုင်ပင်ပါ
    • အကယ်၍ ခွဲစိတ်မှုခံယူရန် အစီအစဥ်ရှိပါက Keloid ဖြစ်လွယ်သည့် အလေ့အထရှိကြောင်း ဆရာဝန်ကို ကြိုတင်ပြောပြပါ
    • ထိုသို့ပြောပြထားခြင်းဖြင့် ဆရာဝန်သည် ခွဲစိတ်သည့်နေရာတွင် Keloid ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည့် အထူးခွဲစိတ်မှုနည်းစနစ်များကို အသုံးပြုနိုင်သည်
    • ခွဲစိတ်ပြီးနောက်တွင်လည်း ဆရာဝန်ညွှန်ကြားသည့် အနာဂရုစိုက်မှု (Postoperative care) လမ်းညွှန်ချက်များကို သေချာစွာ လိုက်နာပါ

References:

  1. Cleveland Clinic. (n.d.). Keloid scar. Retrieved March 9, 2026, from https://my.clevelandclinic.org/health/diseases/keloid-scar
  2. Mayo Clinic. (n.d.). Keloid scar: Symptoms and causes. Retrieved March 9, 2026, from https://www.mayoclinic.org/diseases-conditions/keloid-scar/symptoms-causes/syc-20520901
  3. Betarbet, U., & Blalock, T. W. (2020). Keloids: A review of etiology, prevention, and treatment. Journal of Clinical and Aesthetic Dermatology, 13(2), 33–43.
  4. Ekstein, S. F., Wyles, S. P., Moran, S. L., & Meves, A. (2021). Keloids: A review of therapeutic management. International Journal of Dermatology, 60(6), 661–671. https://doi.org/10.1111/ijd.15159
  5. American Academy of Dermatology Association. (n.d.). Keloids: Overview. Retrieved March 9, 2026, from https://www.aad.org/public/diseases/a-z/keloids-overview
  6. Ojeh, N., Bharatha, A., Gaur, U., & Forde, A. L. (2020). Keloids: Current and emerging therapies. Scars, Burns & Healing, 6. https://doi.org/10.1177/2059513120940499
  7. Mascharak, S., desJardins-Park, H. E., Davitt, M. F., Griffin, M., Borrelli, M. R., Moore, A. L., Chen, K., Duoto, B., Chinta, M., Foster, D. S., Shen, A. H., Januszyk, M., Kwon, S. H., Wernig, G., Wan, D. C., Lorenz, H. P., Gurtner, G. C., & Longaker, M. T. (2021). Preventing Engrailed-1 activation in fibroblasts yields wound regeneration without scarring. Science, 372(6540), eaba2374. https://doi.org/10.1126/science.aba2374

Published: 28 March 2026

Share

28 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.