Rosacea (ရိုဆေးရှား အရေပြားရောဂါ)

Rosacea (ရိုဆေးရှား အရေပြားရောဂါ)

ရိုဆေးရှား (Rosacea) သည် မျက်နှာ၏ အလယ်ဗဟိုတစ်ဝိုက်ကို အဓိကထိခိုက်စေသော နာတာရှည် ရောင်ရမ်းမှုဆိုင်ရာ အရေပြားရောဂါတစ်မျိုးဖြစ်သည်။ ပါး၊ နှာခေါင်း၊ မေးစေ့နှင့် နဖူးတို့တွင် အနီကွက်များ ပေါ်လာခြင်း၊ သွေးကြောမျှင်များ ထင်ရှားလာခြင်းနှင့် ဝက်ခြံကဲ့သို့ အဖုအပိန့်များ ထွက်လာခြင်းတို့မှာ သိသာသော လက္ခဏာများဖြစ်သည်။ ဤရောဂါသည် အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်သော်လည်း အများအားဖြင့် အသက် (၃၀) ကျော်သူများတွင် ပိုမိုတွေ့ရှိရလေ့ရှိသည်။ ရိုဆေးရှား၏ ထူးခြားချက်မှာ ရောဂါလက္ခဏာများ ရုတ်တရက် ပြင်းထန်လာခြင်း (Flare-ups) နှင့် ပြန်လည်သက်သာသွားခြင်း (Remissions) တို့ အလှည့်ကျ ဖြစ်ပေါ်တတ်ခြင်းပင်ဖြစ်သည်။ လက်ရှိတွင် အမြစ်ပြတ်ပျောက်ကင်းအောင် မကုသနိုင်သေးသော်လည်း နေထိုင်မှုပုံစံ ပြောင်းလဲခြင်းနှင့် စနစ်တကျ ကုသခြင်းတို့ဖြင့် လက္ခဏာများကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ရိုဆေးရှားရောဂါ ဖြစ်ပွားရသည့် တိကျသော အကြောင်းရင်းကို ယခုထက်ထိ ရှင်းလင်းစွာ မသိရှိရသေးသော်လည်း အောက်ပါအချက်များ ပေါင်းစပ်မှုကြောင့် ဖြစ်နိုင်သည်ဟု ပညာရှင်များက ယူဆကြသည်။

  • ကိုယ်ခံအားစနစ် မူမမှန်ခြင်း _ ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်မှ မူမမှန်သော တုံ့ပြန်မှုများကြောင့် အရေပြားအောက်ရှိ သွေးကြောများနှင့် တစ်ရှူးများ ရောင်ရမ်းလာခြင်းဖြစ်သည်
  • Cathelicidin ပရိုတင်းချို့ယွင်းခြင်း _ အရေပြားကို ပိုးမွှားများရန်မှ ကာကွယ်ပေးသော Cathelicidin ဟုခေါ်သည့် ပရိုတင်းတစ်မျိုး ပုံမှန်မဟုတ်ဘဲ အလုပ်လုပ်ခြင်းကြောင့် အရေပြားနီမြန်းခြင်းနှင့် ရောင်ရမ်းခြင်းကို ဖြစ်စေသည်
  • မျိုးရိုးလိုက်ခြင်း _ မိသားစုအတွင်း ရိုဆေးရှားရောဂါ ခံစားရဖူးသူ ရှိပါက အခြားသူများတွင်လည်း ဖြစ်နိုင်ခြေ ပိုများသည်
  • အရေပြားပေါ်ရှိ သန်းများ (Demodex Folliculorum) _ လူ့အရေပြားပေါ်တွင် သဘာဝအလျောက် ရှိနေတတ်သော အလွန်သေးငယ်သည့် သန်းကောင်များ (Demodex Mites) သည် ရိုဆေးရှား လူနာများ၏ မျက်နှာပေါ်တွင် ပုံမှန်ထက် အဆပေါင်းများစွာ ပိုမိုများပြားနေတတ်ပြီး အရေပြားကို ယားယံ၊ ရောင်ရမ်းစေသည်
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ဘက်တီးရီးယား _ H. pylori ဟုခေါ်သော ဘက်တီးရီးယားပိုး ကူးစက်ခံရသူများတွင် အရေပြားဆီသို့ သွေးစီးဆင်းမှု ပြောင်းလဲသွားပြီး ရိုဆေးရှားလက္ခဏာများ ပိုမိုဆိုးဝါးလာနိုင်ကြောင်း တွေ့ရှိရသည်
  • ပတ်ဝန်းကျင်ဆိုင်ရာ အချက်များ _ သွေးကြောများကို ကျယ်စေတတ်သော အရာများ (ဥပမာ _ ပြင်းထန်သော နေရောင်ခြည်၊ အပူရှိန်) နှင့် ထိတွေ့မှုများသည်လည်း ရောဂါဖြစ်ပွါးမှုတွင် အရေးပါသောကဏ္ဍမှ ပါဝင်နေသည်။
ဖြစ်နိုင်ခြေများသူများ

ရိုဆေးရှားရောဂါသည် မည်သူမဆို ဖြစ်ပွားနိုင်သော်လည်း အောက်ပါအချက်များရှိသူများတွင် ပိုမိုအဖြစ်များကြောင်း တွေ့ရှိရသည်။

  • အသက်အရွယ် – အသက် (၃၀) မှ (၅၀) ကြား လူကြီးများတွင် အဖြစ်အများဆုံးဖြစ်သည်
  • အသားအရေနှင့် မျိုးရိုး – အသားဖြူပြီး နေလောင်လွယ်သူများ၊ မျက်လုံးပြာသူများ၊ မြောက်ဥရောပ သို့မဟုတ် အရှေ့ဥရောပ မျိုးရိုးရှိသူများတွင် ပိုမိုတွေ့ရတတ်သည်
  • အသားညိုသူများအတွက် သတိပြုရန် – အသားညိုသူများတွင် ဖြစ်ပွားနိုင်သော်လည်း အရေပြားနီမြန်းမှုသည် အသားအရောင်ကြောင့် သိသာထင်ရှားခြင်း မရှိသဖြင့် ရောဂါရှာဖွေရန် ခက်ခဲတတ်ပြီး ရောဂါသိရှိချိန် နောက်ကျတတ်သည်
  • ကျား/မ ကွဲပြားမှု – အမျိုးသမီးများတွင် ပိုမိုအဖြစ်များသော်လည်း အမျိုးသားများတွင် ဖြစ်ပွားပါက ရောဂါလက္ခဏာ ပိုမိုပြင်းထန်တတ်သည်
  • မျိုးဗီဇ – မိသားစုဝင်များ (မိဘ၊ မောင်နှမ) ထဲတွင် ရိုဆေးရှားရောဂါရှိပါက မိမိတွင်လည်း ဖြစ်နိုင်ခြေ ပိုများသည်
ဆက်စပ်နေသော ကျန်းမာရေးအခြေအနေများ

လေ့လာမှုအချို့အရ ရိုဆေးရှားရောဂါသည် အောက်ပါရောဂါအချို့နှင့် ဆက်စပ်မှုရှိနေတတ်ကြောင်း တွေ့ရသည်။

  • စိတ်ကျရောဂါ (Depression) နှင့် စိုးရိမ်ပူပန်မှု လွန်ကဲခြင်း
  • သွေးတိုးရောဂါနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါများ
  • ဆီးချိုရောဂါ
  • ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine)
  • အဆစ်အမြစ်ရောင်ရောဂါ (Rheumatoid Arthritis)
ရောဂါလက္ခဏာများ

ရိုဆေးရှားလက္ခဏာများကို နှာခေါင်း၊ ပါး၊ မေးစေ့နှင့် နဖူးတို့တွင် အဓိကတွေ့ရသော်လည်း မျက်လုံးတစ်ဝိုက်၊ နား၊ လည်ပင်းနှင့် ရင်ဘတ်တို့တွင်လည်း ဖြစ်ပွါးနိုင်သည်။ အရေပြားလက္ခဏာများပေါ် မူတည်၍ အဓိကအားဖြင့် အမျိုးအစား (၄) မျိုး ခွဲခြားနိုင်သည်။

  1. သွေးကြောမျှင်များစွာ တွေ့ရသော အမျိုးအစား (Erythematotelangiectatic Rosacea)
    မျက်နှာတွင် အနီကွက်များ အမြဲတမ်းလိုလို ရှိနေတတ်ပြီး အရေပြားအောက်ရှိ သွေးကြောမျှင်များ နီရဲကာ သိသာထင်ရှားစွာ မြင်တွေ့ရသည်။ ဤအမျိုးအစားသည် မကြာခဏ ပြန်လည်ထကြွတတ်သည်။
  2. ပြည်ဖုနှင့် အရည်ကြည်ဖုများ ထွက်သော အမျိုးအစား (Papulopustular Rosacea)
    အရေပြားပေါ်တွင် ပြည်ဖု သို့မဟုတ် အရည်ကြည်ဖုများ ထွက်ပေါ်လာသည်။ ဝက်ခြံနှင့် ဆင်တူသော်လည်း ဝက်ခြံကဲ့သို့ အဆီဖု (Blackheads/Whiteheads) များ မတွေ့ရဘဲ အရေပြားတစ်ခုလုံး နီရဲဖောင်းကြွနေတတ်သည်။
  3. အရေပြားထူ၍ အဖုအထစ်များ ဖြစ်သော အမျိုးအစား (Phymatous Rosacea)
    အရေပြားများ ရောင်ရမ်းကာ တဖြည်းဖြည်း ထူထဲလာပြီး အဖုအထစ်များ ဖြစ်ပေါ်လာသည်။ အထူးသဖြင့် နှာခေါင်းတွင် ပိုအဖြစ်များပြီး နှာခေါင်းအရွယ်အစား သိသိသာသာကြီးလာသည်။
  4. မျက်စိကို ထိခိုက်စေသော အမျိုးအစား (Ocular Rosacea)
    မျက်စိအတွင်းမှ ယားယံခြင်း၊ စူးခြင်း၊ နီရဲခြင်းနှင့် မျက်ရည်ပူကျခြင်းတို့ ဖြစ်တတ်သည်။ အလင်းရောင်မခံနိုင်ခြင်းနှင့် မျက်ခွံတွင် နာကျင်သော အဖုလေးများပါ တွဲဖြစ်နိုင်သည်။ ရိုဆေးရှားလူနာများ၏ (၅၀%) ခန့်တွင် မျက်စိထိခိုက်မှုကို တွေ့ရတတ်သည်။

ရိုဆေးရှား အရေပြားရောဂါဟု အတည်ပြုရန် သတ်မှတ်ချက်များ
ရိုဆေးရှားသည် အခြားအရေပြားရောဂါများနှင့် ဆင်တူသဖြင့် မှန်ကန်စွာအတည်ပြုနိုင်ရန် အောက်ပါလက္ခဏာများ ရှိမရှိ စစ်ဆေးရသည်။

  • အဓိကပင်မလက္ခဏာကြီးများ (Diagnostic Signs)
    အောက်ပါအချက်များအနက် တစ်ခု ရှိပါက ရိုဆေးရှားဟု သတ်မှတ်နိုင်သည်။
    • မျက်နှာ အမြဲတမ်းနီရဲနေခြင်း (Persistent facial redness) – နေလောင်ထားသကဲ့သို့ အနီကွက်များ မပျောက်ဘဲ တောက်လျှောက် ဖြစ်နေခြင်း
    • အရေပြားထူလာခြင်း (Skin Thickening) – အထူးသဖြင့် နှာခေါင်းနေရာတွင် အဖုအထစ်များဖြင့် ထူလာခြင်း (Rhinophyma) နှင့် ပြင်းထန်ပါက အသက်ရှူလမ်းကြောင်းကိုပါ ထိခိုက်နိုင်ခြင်း
  • ထင်ရှားသော လက္ခဏာများ (Major Signs)
    အောက်ပါအချက်များအနက် နှစ်ခု ရှိပါကလည်း ရိုဆေးရှားဟု သတ်မှတ်နိုင်သည်။
    • မကြာခဏ မျက်နှာနီရဲခြင်း (Flushing) – မျက်နှာခဏခဏ နီမြန်းလာပြီး ပြန်ပျောက်သွားခြင်း၊ ပူနွေးခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း
    • ပြည်ဖုနှင့် အရည်ကြည်ဖုများထွက်ခြင်း (Bumps and Pimples) – နာကျင်ကိုက်ခဲသော အဖုများ ထွက်လာခြင်း
    • သွေးကြောမျှင်များစွာ မြင်ရခြင်း (Visible Blood Vessels) – ပါးနှင့် နှာခေါင်းနားတွင် သွေးကြောမျှင်လေးများ (Telangiectasia) ထင်ရှားနေခြင်း
    • မျက်စိယားယံခြင်း (Eye Irritation) – မျက်စိနီခြင်း၊ မျက်ခွံဖောခြင်းနှင့် မျက်ကြည်လွှာ ထိခိုက်ခြင်း
  • ဆင့်ပွါးလက္ခဏာများ (Secondary Signs and Symptoms)
    ဤလက္ခဏာများသည် တွဲဖက်ပါရှိနိုင်သော်လည်း ရောဂါအတည်ပြုရန်အတွက်မူ မလုံလောက်ပါ။
    • မျက်နှာတွင် ပူလောင်၊ စူးရှမှု ခံစားရခြင်း (Burning or Stinging)
    • မျက်နှာဖောခြင်း (Oedema)
    • အသားအရေခြောက်သွေ့၍ အရေခွံကွာကျခြင်း (Dryness)

ရိုဆေးရှား အရေပြားရောဂါ၏ လက္ခဏာများကို ပိုမိုဆိုးဝါးစေသော အချက်များ (Triggers)
Rosacea ရှိသူ တစ်ဦးချင်းစီတွင် ရောဂါလက္ခဏာများကို ရုတ်တရက် ကြွလာစေသည့် (Flare-up) အကြောင်းရင်းများစွာ ရှိသော်လည်း တစ်ဦးနှင့်တစ်ဦး ထပ်တူမကျနိုင်ပါ။ ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများမှာ_

  • နေရောင်ခြည်နှင့် ထိတွေ့ခြင်း
  • ပူလွန်း၊ အေးလွန်းသော အပူချိန်များနှင့် ထိတွေ့ခြင်း
  • စိတ်ဖိစီးမှုများခြင်း
  • အရက်နှင့် ဆေးလိပ်သောက်သုံးခြင်း
  • ပူလွန်း၊ စပ်လွန်းသော အစားအစာများ စားခြင်း
  • အရေပြား သို့မဟုတ် ဆံပင်အတွက် သုံးသော အလှကုန်ပစ္စည်းများ (ဥပမာ _ လိုးရှင်း၊ ဆံပင်ဖြန်းစပရေး) အသုံးပြုခြင်း
  • စတီးရွိုက်ဆေးများ သုံးစွဲခြင်း
  • ဟော်မုန်းအပြောင်းအလဲများ ရှိခြင်း စသည်တို့ကြောင့်ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ

ရိုဆေးရှား အရေပြားရောဂါသည် အသက်အန္တရာယ်ရှိသော ရောဂါမဟုတ်သော်လည်း နာတာရှည်ရောဂါ ဖြစ်သောကြောင့် ကုသမှုမခံယူပါက အောက်ပါ နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်သည်။

  • အရေပြားထူထဲ၍ ပုံစံပျက်ခြင်း (Phymatous Rosacea)
    ရေရှည်ရောင်ရမ်းမှုကြောင့် အရေပြားတစ်ရှူးများ ထူထဲလာပြီး အထူးသဖြင့် နှာခေါင်းတွင် အဖုအထစ်များ ဖြစ်ပေါ်ကာ နှာခေါင်းပုံစံ ပျက်သွားခြင်း (Rhinophyma) ဖြစ်တတ်သည်။
  • ပြင်းထန်သော မျက်စိရောင်ရမ်းမှုများ (Inflammatory Eye Complications)
    မျက်စိအစိတ်အပိုင်းများ ရောင်ရမ်းခြင်းကြောင့် အမြင်အာရုံကို ထိခိုက်စေနိုင်သည်။ ဥပမာ _
    • မျက်ခွံ၊ မျက်ကြည်လွှာနှင့် မျက်သား အမြှေးပါးများ တပြိုင်နက် ရောင်ရမ်းခြင်း (Blepharokeratoconjunctivitis)
    • မျက်လုံး၏အကာ (Sclera) နှင့် မျက်ကြည်လွှာ (Cornea) တို့ ရောင်ရမ်းခြင်း (Sclerokeratitis)
  • နေ့စဉ်ဘဝတွင် နေထိုင်ရခက်ခဲခြင်း (Physical Discomfort)
    မျက်စိစပ်ခြင်း၊ တစ်ခုခု ခိုးလိုးခုလု ဖြစ်နေခြင်းနှင့် အရေပြားပူလောင်ခြင်းတို့ကြောင့် အလုပ်အကိုင်နှင့် နေ့စဉ်ဘဝ လှုပ်ရှားမှုများတွင် စိတ်မသက်မသာ ဖြစ်ရသည်။
  • စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ဆိုးကျိုးများ (Negative Psychosocial Effects)
    မျက်နှာတွင် သိသာထင်ရှားသော အနီကွက်များနှင့် အဖုအပိန့်များကြောင့်_
    • မိမိကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းခြင်း (Low self-esteem)
    • စိုးရိမ်ပူပန်မှုလွန်ကဲခြင်း (Anxiety) နှင့် စိတ်ဓာတ်ကျခြင်း (Depression)
    • လူမှုပတ်ဝန်းကျင်သို့ မထွက်ရဲခြင်း သို့မဟုတ် ဖယ်ကြဉ်နေခြင်း (Social isolation) တို့ ဖြစ်ပေါ်လာနိုင်သည်။
  • နေထိုင်မှုဘဝတွင် ကန့်သတ်ချက်များရှိခြင်း (Lifestyle Limitations)
    ရောဂါကြွစေမည့် အချက်များ (Triggers) ဖြစ်သော နေရောင်ခြည်၊ အပူ၊ အစပ်နှင့် အရက်တို့ကို အလွန်အမင်း ရှောင်ကြဉ်နေရခြင်းကြောင့် မိမိနှစ်သက်သော လူနေမှုပုံစံနှင့် လှုပ်ရှားမှုများကို မလုပ်နိုင်တော့ဘဲ ဘဝတွင် ကန့်သတ်ချက်များစွာ ဖြစ်လာစေသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ပင်မလက္ခဏာများနှင့် ထင်ရှားသော လက္ခဏာများကို မိမိတွင် သတိပြုမိပါက မိသားစုဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်သည်။ ဆရာဝန်မှ လိုအပ်သော စမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းများဖြင့် ရောဂါရှာဖွေပေးလိမ့်မည်။ ရောဂါအခြေအနေအပေါ် မူတည်၍ မိသားစုဆရာဝန်မှတစ်ဆင့် အရေပြားအထူးကု သို့မဟုတ် မျက်စိထိခိုက်မှုရှိပါက မျက်စိအထူးကုတို့ထံ လွှဲပြောင်းပေးမည်။

ရောဂါရှာဖွေခြင်း

အများအားဖြင့် ရိုဆေးရှားကို ရှာဖွေရန်အတွက် သီးသန့်စစ်ဆေးမှုများ (ဥပမာ _ အသားစယူခြင်း) မလိုအပ်ဘဲ ဆရာဝန်မှ အရေပြားနှင့် မျက်လုံး၏ လက္ခဏာများကို ကြည့်ရှုစစ်ဆေးရုံဖြင့် အတည်ပြုနိုင်သည်။

လက္ခဏာဆင်တူသော အခြားရောဂါများအတွက်စစ်ဆေးခြင်း
ရိုဆေးရှားသည် Lupus (SLE)၊ ဆိုရီးယားစစ် (Psoriasis) သို့မဟုတ် နှင်းခူ (Eczema) ကဲ့သို့သော အခြားအရေပြားရောဂါများနှင့် လက္ခဏာဆင်တူတတ်သဖြင့် ထိုရောဂါများ မဟုတ်ကြောင်း သေချာစေရန် ဆရာဝန်မှ သွေးစစ်ခြင်း သို့မဟုတ် အခြားစစ်ဆေးမှုများ ပြုလုပ်နိုင်သည်။

ကုသခြင်း

ရိုဆေးရှား အရေပြားရောဂါသည် ပျောက်ကင်းသွားအောင် ကုသ၍ မရသော်လည်း လူတစ်ဦးချင်းစီ၏ လက္ခဏာအလိုက် သင့်တော်သော ကုသမှုကို ဆရာဝန်နှင့် တိုင်ပင်၍ ရွေးချယ်နိုင်သည်။ ကုသမှုပုံစံများကို အဓိကအားဖြင့် ကဏ္ဍ (၃) ခု ခွဲခြားနိုင်သည်။

  1. အိမ်တွင်းကုထုံးများနှင့် အရေပြားကျန်းမာရေး ထိန်းသိမ်းခြင်း
    နေ့စဉ် အရေပြားဂရုစိုက်မှုပုံစံ ပြောင်းလဲခြင်းသည် လက္ခဏာများကို သိသာစွာ သက်သာစေသည်။
    • နူးညံ့စွာ သန့်စင်ပါ
      • ပြင်းအားပျော့သော မျက်နှာသန့်စင်ဆေး (Mild cleanser) ကိုသာ သုံးပါ
      • ဆပ်ပြာအပြင်းများ၊ အယ်လ်ကိုဟောပါသော ပစ္စည်းများနှင့် Scrub တိုက်ခြင်းများကို ရှောင်ကြဉ်ပါ
    • ညင်သာစွာ ကိုင်တွယ်ပါ
      • ရေနွေးနွေးဖြင့် ဆေးကြောပြီး ပျော့ပြောင်းသော သုတ်ပဝါဖြင့် ညင်သာစွာ တို့သုတ်ပါ (ပွတ်ဆွဲ၍ မသုတ်ပါနှင့်)
    • နေရောင်ကာကွယ်ပါ
      • SPF 30 နှင့်အထက်ရှိသော၊ Zinc oxide သို့မဟုတ် Titanium dioxide ပါဝင်သည့် Mineral-based sunscreen များကို ဦးစားပေး အသုံးပြုပါ
    • အလှကုန် ရွေးချယ်မှု
      • အရေပြားကို လောင်စေ၊ ယားစေသော အလှကုန်များကို ရှောင်ပါ
      • နီမြန်းခြင်းကို ဖုံးဖိရန် အစိမ်းရောင်ရှိသော မိတ်ကပ်အခံ (Green-tinted makeup) ကို သုံးနိုင်သည်
  2. နေထိုင်မှုစနစ်ပုံစံကို ပြောင်းလဲခြင်း (Lifestyle Management)
    ရောဂါပြန်လည် ကြွလာစေသည့် လှုံ့ဆော်မှုများ (Triggers) ကို ရှောင်ရှားခြင်းသည် အကောင်းဆုံး ကုသမှုပင်ဖြစ်သည်။
    • အစာအာဟာရ – ပူလွန်း၊ စပ်လွန်းသော အစားအစာများနှင့် အရက်ကို ရှောင်ပါ
    • စိတ်ဖိစီးမှု ထိန်းချုပ်ခြင်း – အသက်ပြင်းပြင်းရှူခြင်းနှင့် တရားထိုင်ခြင်းတို့ဖြင့် စိတ်ဖိစီးမှုကို လျှော့ချပါ
    • မျက်နှာနှိပ်နယ်ခြင်း (Alternative Medicine) – မျက်နှာအလယ်မှ နားရွက်ဆီသို့ စက်ဝိုင်းပုံစံ အသာအယာ နေ့စဉ်နှိပ်ပေးခြင်းသည် ရောင်ရမ်းမှုကို သက်သာစေနိုင်သည်
  3. ဆေးဝါးများနှင့် လေဆာကုထုံးများ
    အိမ်တွင်းကုထုံးများနှင့် မသက်သာပါက ဆရာဝန်မှ အောက်ပါတို့ကို ညွှန်ကြားနိုင်သည်။
    • အရေပြားလိမ်းဆေးများ (Topical Products)
      • နီရဲခြင်းအတွက် – Brimonidine သို့မဟုတ် Oxymetazoline (သွေးကြောများကို ကျုံ့စေပြီး ယာယီသက်သာစေသည်)
      • ပြည်ဖုများအတွက် – Azelaic acid, Metronidazole နှင့် Ivermectin (ပိုးသတ်ခြင်းနှင့် ရောင်ရမ်းမှု လျှော့ချခြင်းအတွက် သုံးသည်)
    • သောက်ဆေးများ (Oral Medicines)
      • ပဋိဇီဝဆေး – အဖုအပိမ့် ပြင်းထန်ပါက Doxycycline ကဲ့သို့ ပိုးသတ်ဆေးများကို ဆရာဝန်မှ ညွှန်ကြားနိုင်သည်
      • ဝက်ခြံအတွက် သုံးသောဆေး – အခြားဆေးများနှင့် မသက်သာပါက Isotretinoin ကို သုံးနိုင်သည် (သတိပြုရန်မှာ ဤဆေးသည် ပြင်းထန်ပြီး ကလေးအင်္ဂါမစုံဘဲ မွေးဖွားခြင်းကို ဖြစ်စေနိုင်သဖြင့် ကိုယ်ဝန်ဆောင်စဉ် လုံးဝမသောက်ရပါ)
    • မျက်လုံးအတွက် ကုသမှု
      • Omega-3 သောက်ခြင်း၊ မျက်လုံးကို အပူပေး အုပ်ပေးခြင်းနှင့် ဆရာဝန်ညွှန်ကြားသော မျက်စဉ်းဆေးများ ခတ်ခြင်း
    • လေဆာဖြင့် ကုသခြင်း (Laser Treatment)
      • သိသာနေသော သွေးကြောမျှင်များ၊ နာတာရှည် နီမြန်းခြင်းနှင့် နှာခေါင်းပုံပျက်ခြင်း (Rhinophyma) တို့အတွက် အလွန်ထိရောက်သည်
      • ဘေးထွက်ဆိုးကျိုး
        • ယာယီ နီရဲခြင်း၊ အညိုအမည်းစွဲခြင်းတို့ ဖြစ်နိုင်သည်
        • အသားညိုသူများတွင် အရေပြားအရောင် ပြောင်းလဲနိုင်သဖြင့် ကျွမ်းကျင်သူနှင့် သေချာတိုင်ပင်ပါ
ကာကွယ်ခြင်း

ရိုဆေးရှား အရေပြားရောဂါသည် လုံးဝပျောက်ကင်းအောင် ကုသ၍မရနိုင်သည့်အပြင် ဖြစ်မလာအောင် ကြိုတင်ကာကွယ်ရန်လည်း ခက်ခဲသည်။ သို့သော် ရောဂါလက္ခဏာများ မကြာခဏ ပြန်မကြွလာစေရန်နှင့် ပိုမိုမပြင်းထန်လာစေရန် အောက်ပါအတိုင်း ပြုမူနေထိုင်နိုင်သည်။

  • စောစီးစွာ ကုသမှုခံယူပါ
    ရောဂါဖြစ်နိုင်ခြေရှိသော လက္ခဏာများကို သတိပြုမိသည်နှင့် ဆရာဝန်နှင့် ပြသတိုင်ပင်ခြင်းသည် နောက်ဆက်တွဲ ဆိုးကျိုးများ (ဥပမာ _ နှာခေါင်းပုံပျက်ခြင်း၊ မျက်စိထိခိုက်ခြင်း) မဖြစ်အောင် အထိရောက်ဆုံး ကာကွယ်နည်း ဖြစ်သည်။
  • ပိုဆိုးစေသောအကြောင်းရင်းကို ရှာဖွေပါ
    မည်သည့်အရာများကြောင့် မိမိအရေပြား နီမြန်းလာတတ်သည်ကို နေ့စဉ်မှတ်တမ်း (Rosacea Diary) ထားရှိကာ သတိပြုမှတ်သားပြီး ရှောင်ကြဉ်ပါ။
  • အရေပြားကို အကာအကွယ်ပေးပါ
    နေပူထဲထွက်လျှင် ထီး၊ ဦးထုပ် သုံးခြင်းနှင့် နေရောင်ကာခရင်မ် (Sunscreen) ကို ပုံမှန်လိမ်းပေးခြင်းဖြင့် အရေပြားရောင်ရမ်းမှုကို လျှော့ချပါ။
  • စနစ်တကျ နေထိုင်ပါ
    ဆရာဝန်ညွှန်ကြားထားသော ဆောင်ရန်၊ ရှောင်ရန်များကို တိတိကျကျ လိုက်နာခြင်းဖြင့် ရောဂါပြန်ကြွခြင်း (Flare-ups) ကို ထိန်းချုပ်ကာကွယ်နိုင်မည်ဖြစ်သည်။

References:

  1. Cleveland Clinic. (n.d.). Rosacea. Retrieved January 27, 2026, from https://my.clevelandclinic.org/health/diseases/12174-rosacea
  2. DermNet NZ. (n.d.). Rosacea. Retrieved January 27, 2026, from https://dermnetnz.org/topics/rosacea
  3. Mayo Clinic. (n.d.). Rosacea: Symptoms and causes. Retrieved January 27, 2026, from https://www.mayoclinic.org/diseases-conditions/rosacea/symptoms-causes/syc-20353815
  4. Mayo Clinic. (n.d.). Rosacea: Diagnosis and treatment. Retrieved January 27, 2026, from https://www.mayoclinic.org/diseases-conditions/rosacea/diagnosis-treatment/drc-20353820
  5. National Health Service. (n.d.). Rosacea. Retrieved January 27, 2026, from https://www.nhs.uk/conditions/rosacea/
  6. The National Rosacea Society. (n.d.). All about rosacea. Retrieved January 27, 2026, from https://www.rosacea.org/patients/all-about-rosacea

Published: 21 February 2026

Share

21 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.