Oesophageal varices (အစာရေမျိုပြွန် သွေးကြောထုံးများ)

Oesophageal varices (အစာရေမျိုပြွန် သွေးကြောထုံးများ)

အစာရေမျိုပြွန် (Oesophagus) ဆိုသည်မှာ အစားအစာများကို လည်ချောင်းမှ အစာအိမ်သို့ ပို့ဆောင်ပေးသည့် ကြွက်သားဖြင့် ဖွဲ့စည်းထားသော ရှည်လျားသည့် ပြွန်တစ်ခုဖြစ်သည်။

အစာရေမျိုပြွန် သွေးကြောထုံးခြင်း (Esophageal Varices) ဆိုသည်မှာ အစာရေမျိုပြွန်၏ အောက်ပိုင်းရှိ သွေးပြန်ကြောများ ပုံမှန်ထက် ဖောင်းကြွလာခြင်းကို ဆိုလိုသည်။ များသောအားဖြင့် သွေးကြောထုံးခြင်းသည် ပြင်းထန်သော အသည်းရောဂါများကြောင့် ဖြစ်ပွါးလေ့ရှိသည်။ အဆိုပါ သွေးကြောထုံးများ ပေါက်ပြဲထွက်ပါက သွေးအန်ခြင်းဖြစ်ပေါ်ပြီး အသက်အန္တရာယ်ရှိနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အစာရေမျိုပြွန် သွေးကြောထုံးခြင်းသည် အသည်းသို့ သွေးစီးဆင်းမှု နှေးကွေးခြင်း သို့မဟုတ် ပိတ်ဆို့သွားခြင်းတို့ကြောင့် ဖြစ်ပေါ်နိုင်သည်။ အသည်းသို့ သွေးစီးဆင်းမှု အနှောင့်အယှက်ဖြစ်သည့်အခါ အသည်းသို့သွားသော Portal Vein ခေါ် သွေးပြန်ကြောမကြီးထဲတွင် သွေးဖိအား မြင့်တက်လာသည်။ ထိုအခါ သွေးပြန်ကြောမကြီးအတွင်းမှ သွေးများသည် အနီးရှိ အစာရေမျိုပြွန်မှ သွေးကြောငယ်များထဲသို့ လမ်းကြောင်းပြောင်းလဲ၍ အတင်းတိုးဝင် စီးဆင်းရာမှ အစာရေမျိုပြွန်အတွင်း သွေးကြောများ ပုံမှန်ထက် ဖောင်းကြွလာခြင်းဖြစ်သည်။

အဓိကဖြစ်စေသော အကြောင်းရင်းမှာ အသည်းခြောက်ခြင်း (Cirrhosis) ကြောင့် ဖြစ်ပွါးပြီး၊ အဖြစ်များသော အသည်းခြောက်စေသည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့် အသည်းရောင်ခြင်း
  • ဇီဝကမ္မဖြစ်စဥ် မူမမှန်ခြင်းကြောင့် ဖြစ်ပေါ်သော အသည်းအဆီဖုံးရောဂါ (Metabolic dysfunction–Associated Steatohepatitis)
  • နာတာရှည် အသည်းရောင် အသားဝါ ဗိုင်းရပ်စ် ကူးစက်ခံရခြင်း (Hepatitis B, C)
  • ကိုယ်ခံအားစနစ် မူမမှန်မှုကြောင့်ဖြစ်သော အသည်းရောင်ခြင်း (Autoimmune Hepatitis)

အခြားဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများမှာ_

  • အသည်းသို့သွားသော သွေးပြန်ကြောမကြီးထဲတွင် သွေးခဲပိတ်ခြင်း (Thrombosis)
  • ကပ်ပါးပိုးများကြောင့် အသည်းကို ထိခိုက်ခြင်း (Parasitic Infection)
  • နှလုံးနှင့်ပတ်သက်သော ရောဂါများ (Right sided heart failure, constrictive pericarditis) ဖြစ်ခြင်းတို့ဖြစ်သည်။
ရောဂါလက္ခဏာများ

သွေးကြောထုံးရုံမျှဖြင့် သိသာသော လက္ခဏာများ မပြတတ်သော်လည်း အောက်ပါအချက်များကို တွေ့ရှိရပါက အစာရေမျိုပြွန် သွေးကြောထုံးခြင်း ရှိနေနိုင်သည်။

  • မျက်လုံးနှင့် အသားဝါခြင်း (Jaundice)
  • ဝမ်းဗိုက်အတွင်း အရည်များစုလာပြီး ရေဖျဉ်းစွဲခြင်း (Ascites)
  • ခြေထောက်နှင့် ခြေဖမိုးများ ရောင်ရမ်းခြင်း (Edema)
  • အသည်း သို့မဟုတ် သရက်ရွက် ကြီးလာခြင်းကြောင့် ဝမ်းဗိုက်အပေါ်ပိုင်း နာကျင်ခြင်း
  • အင်ပျဉ်ထွက်ခြင်းမျိုး မဟုတ်ဘဲ အသားအရေ ယားယံခြင်း
  • အသည်းလုပ်ငန်းဆောင်တာများ ပျက်စီး၍ ဦးနှောက်ကို ထိခိုက်စေသဖြင့် ကယောင်ကတမ်းဖြစ်ခြင်း၊ စကားများ ဗလုံးဗထွေးဖြစ်ခြင်း၊ သတိလစ်ခြင်းနှင့် တက်ခြင်း (Hepatic Encephalopathy)

အကယ်၍ သွေးကြောထုံး ပေါက်ထွက်ပြီး သွေးယိုစီးမှု ဖြစ်ပေါ်ပါက အောက်ပါလက္ခဏာများကို ပြင်းထန်စွာ ခံစားရနိုင်သည်။

  • သွေးအန်ခြင်း (အနီရောင် သို့မဟုတ် ကော်ဖီရောင်ကဲ့သို့ အန်ခြင်း)
  • ကတ္တရာစေးကဲ့သို့ မည်းနက်ပြီး စေးကပ်သောဝမ်းများ သွားခြင်း
  • မူးဝေခြင်း သို့မဟုတ် သွေးပေါင်ချိန် ရုတ်တရက် ကျဆင်းခြင်း
  • နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမြန်ခြင်း၊ အသားအရေ အေးစက်လာခြင်း၊ ချွေးစေးများ ထွက်ခြင်းနှင့် သတိလစ်ခြင်း
နောက်ဆက်တွဲပြဿနာများ

အစာရေမျိုပြွန် သွေးကြောထုံးခြင်း၏ အကြီးမားဆုံးသော နောက်ဆက်တွဲပြဿနာမှာ ပြင်းထန်စွာ သွေးယိုစီးခြင်းဖြစ်သည်။ သွေးအလွန်အကျွံထွက်ခြင်းကြောင့် သွေးလန့်ခြင်း သို့မဟုတ် ရှော့ခ် (Shock) ရခြင်း၊ ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး၊ အချိန်မီ မကုသပါက အသက်သေဆုံးသည်အထိ ဖြစ်နိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခု ခံစားနေရခြင်း သို့မဟုတ် အသည်းရောဂါအခံ ရှိနေခြင်းမျိုး ဖြစ်ပါက မိသားစုဆရာဝန်နှင့် ဦးစွာ ဆွေးနွေးတိုင်ပင်သင့်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှတစ်ဆင့် သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများထံ လွှဲပြောင်းကုသခြင်းနှင့် ပူးပေါင်းတိုင်ပင် ကုသခြင်းများကို လုပ်ဆောင်ပေးမည်ဖြစ်သည်။

ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရာတွင် လူနာ၏ ရောဂါရာဇဝင်ကို အသေးစိတ် မေးမြန်းခြင်း၊ ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးခြင်းတို့အပြင် လိုအပ်သော စစ်ဆေးမှုများကိုပါ ပေါင်းစပ်လုပ်ဆောင်ရသည်။ အဓိကပြုလုပ်ရမည့် စစ်ဆေးမှုများမှာ_

  • အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း (Endoscopy)
    ကင်မရာပါရှိသော ပျော့ပျောင်းသည့် ပြွန်ငယ်ကို ပါးစပ်မှတစ်ဆင့် ထည့်သွင်း၍ အစာရေမျိုပြွန်အတွင်းပိုင်းကို ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။ သွေးကြောများ၏ အခြေအနေကို တိုက်ရိုက်မြင်တွေ့နိုင်သဖြင့် လိုအပ်ပါက ကုသမှုများကိုပါ ချက်ချင်း ဆောင်ရွက်နိုင်သည်။
  • Baveno VII Criteria (စစ်ဆေးမှု စံနှုန်းသစ်များ)
    ဤစံနှုန်းသစ်အရ သွေးအတွင်းရှိ Platelet (သွေးဥမွှား) အရေအတွက်နှင့် FibroScan မှရရှိသော အသည်းမာကျောမှု တိုင်းတာချက် (Liver Stiffness Measurement) ကို အသုံးပြု၍ သွေးကြောထုံး ရှိနိုင်ခြေကို ကြိုတင်တွက်ချက်လာကြသည်။
  • ပုံရိပ်ဖော်စစ်ဆေးခြင်းများ
    အသည်း၏ ပျက်စီးမှုအခြေအနေကို သိရှိနိုင်ရန် အာထရာဆောင်း (USG) ရိုက်ခြင်း၊ အသည်း မာကျောတောင့်တင်းမှုကို တိုင်းတာသည့် FibroScan ပြုလုပ်ခြင်း၊ လိုအပ်ပါက ကွန်ပျူတာဓာတ်မှန် (CT scan) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်းတို့ ပြုလုပ်နိုင်သည်။ ထို့ပြင် သွေးကြောများ၏ စီးဆင်းမှုကို Doppler Ultrasound ရိုက်၍ စစ်ဆေးနိုင်သည်။
  • အာထရာဆောင်း မှန်ပြောင်း (Endoscopic Ultrasound)
    အဆင့်မြင့် အာထရာဆောင်း မှန်ပြောင်းနည်းပညာကို အသုံးပြု၍ ပုံမှန်မှန်ပြောင်းဖြင့် မမြင်နိုင်သော သွေးကြောများ၏ အခြေအနေနှင့် သွေးစီးဆင်းမှု အသေးစိတ်ကို တိကျစွာ တိုင်းတာစစ်ဆေးလာနိုင်ပြီ ဖြစ်သည်။
  • သွေးစစ်ဆေးခြင်း (Blood tests)
    သွေးစစ်ခြင်းသည် သွေးကြောထုံးကို တိုက်ရိုက်ရှာဖွေခြင်း မဟုတ်သော်လည်း အသည်းရောင် အသားဝါပိုး ရှိမရှိ၊ အသည်း၏ လုပ်ဆောင်နိုင်စွမ်း မည်မျှရှိသည်ကို သိရှိရန်၊ သွေးအားနည်းခြင်းနှင့် သွေးခဲစနစ်များ၏ အခြေအနေကို သိရှိရန်နှင့် အခြားသော အကြောင်းရင်းများကို ရှာဖွေရာတွင် အထောက်အကူပြုသည်။
ကုသခြင်း

ရှေးဦးပြုစုခြင်း (Emergency First Aid)
သွေးအန်ခြင်း သို့မဟုတ် ဝမ်းမည်းမည်းသွားခြင်းသည် အိမ်တွင် ကုသ၍မရသော အသက်အန္တရာယ်ရှိသည့် အရေးပေါ်အခြေအနေဖြစ်သည်။ ထို့ကြောင့် အောက်ပါတို့ကို ချက်ချင်းလုပ်ဆောင်ရမည်။

  • လူနာကို ဘေးစောင်းအနေအထားဖြင့် ထားရှိရမည်
  • ပါးစပ်မှတစ်ဆင့် မည်သည့်အစားအစာနှင့် ဆေးဝါးကိုမျှ မတိုက်ရပါ
  • သွေးသွင်းကုသရန် လိုအပ်နိုင်သောကြောင့် လူနာအား နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းအရေးပေါ်ဌာနသို့ အမြန်ဆုံးပို့ဆောင်ရမည်
  • သွေးကြောထုံးခြင်းကို အပြီးတိုင် ပျောက်ကင်းအောင် ကုသ၍ မရနိုင်သော်လည်း သွေးမထွက်အောင် ကြိုတင်ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်သည်

အဓိကကုသမှုနည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. သွေးထွက်နေချိန်တွင် အရေးပေါ် ကုသခြင်း
    • ဆေးရုံသို့ ချက်ချင်းတက်ရောက်၍ လိုအပ်သော ဆေးရည် (Drip) သွင်းခြင်းနှင့် သွေးသွင်းခြင်းများ
    • သွေးထွက်နေသော သွေးကြောများကို မှန်ပြောင်းမှတစ်ဆင့် သားရေကွင်းငယ်များဖြင့် ချည်နှောင်ကာ သွေးတိတ်စေခြင်း (Variceal Band Ligation) နည်းလမ်း၊ သေးငယ်သော သွေးကြောထုံးများတွင် ဆေးရည်တစ်မျိုးထိုးသွင်း၍ သွေးတိတ်စေခြင်း (Sclerotherapy) နည်းလမ်းများဖြင့် ကုသရမည်
  2. သွေးမထွက်အောင် ကြိုတင်ကာကွယ်ခြင်း
    • သွေးပြန်ကြောအတွင်း သွေးဖိအားကို လျှော့ချပေးသော ဆေးဝါးများ (ဥပမာ – Beta Blockers) ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးရမည်
    • ဆေးသောက်ရန် မသင့်တော်သော လူနာများတွင် သွေးမထွက်မီ မှန်ပြောင်းအသုံးပြု၍ သွေးကြောများကို ကြိုတင်ချည်နှောင်ခြင်းများ ပြုလုပ်နိုင်သည်
  3. သွေးဖိအားလျှော့ချသည့် ခွဲစိတ်မှုများနှင့် အဆင့်မြင့်ကုသမှုများ
    • TIPS (Transjugular intrahepatic portosystemic shunt) – အသည်းအတွင်း သွေးကြောအသစ်တစ်ခု ဖန်တီးပေးခြင်းဖြင့် သွေးပြန်ကြောမကြီး၏ ဖိအားကို လျှော့ချပေးသော နည်းလမ်းဖြစ်သည်
    • DSRS (Distal splenorenal shunt) – ခွဲစိတ်မှုဖြင့် သွေးကြောလမ်းကြောင်း လွှဲပေးသည့် နည်းလမ်းဖြစ်သည်
    • အသည်းအစားထိုး ကုသခြင်း (Liver Transplant) – ရောဂါအခြေအနေ အလွန်ပြင်းထန်သော လူနာများတွင် နောက်ဆုံးအဆင့်အနေဖြင့် လုပ်ဆောင်ရသော ကုသမှုဖြစ်သည်
ကုသမှုဆိုင်ရာ ပြောင်းလဲတိုးတက်မှုများ
  • Carvedilol ဆေးအား အသုံးပြုခြင်း
    • သွေးကြောထုံးရှိသော်လည်း သွေးကြောပေါက်ပြဲခြင်းမရှိသည့် လူနာများတွင် သွေးဖိအားချရန်အတွက် ယခင်အသုံးပြုသည့် Propranolol ထက် Carvedilol သည် ပိုမိုထိရောက်ကြောင်း တွေ့ရှိသည်။
  • Hemospray (သွေးတိတ်စပရေး)
    • မှန်ပြောင်းကြည့်စဉ် သွေးအလွန်အကျွံ ထွက်နေပါက သားရေကွင်းဖြင့် ချည်ရန် ခက်ခဲတတ်သည်။ ထိုအခါ သွေးထွက်နေသော နေရာကို သွေးတိတ်စေသည့် Hemospray များ ဖြန်းပေးခြင်းဖြင့် အရေးပေါ် အသက်ကယ်နိုင်သည့် နည်းပညာများ ပိုမိုတွင်ကျယ်လာသည်။
  • Pre-emptive TIPS (စောစီးစွာ TIPS လုပ်ခြင်း)
    • သွေးယိုစီးမှု အန္တရာယ် အလွန်မြင့်မားသော လူနာများတွင် သွေးပြန်ထွက်ခြင်းကို ကာကွယ်ရန် သွေးတိတ်ပြီး (၇၂) နာရီအတွင်း TIPS ခွဲစိတ်မှုကို စောစီးစွာ လုပ်ဆောင်ခြင်းသည် အသက်ရှင်နှုန်းကို ပိုမိုမြင့်မားစေသည်။
  • EUS-guided Coil and Glue
    • အစာအိမ်အတွင်းရှိ ကုသရန်ခက်ခဲသော သွေးကြောထုံးများအတွက် အာထရာဆောင်း မှန်ပြောင်းအကူအညီဖြင့် သွေးကြောအတွင်း Coil (နန်းကြိုးခွေ) ထည့်ခြင်း သို့မဟုတ် ဆေးထိုး၍ ပိတ်ခြင်း (Glue injection) နည်းပညာများ ပိုမိုတိကျလာသည်။
  • Self-expanding Metal Stents (SEMS)
    • မှန်ပြောင်းဖြင့် သွေးတိတ်အောင် မလုပ်နိုင်သော အခြေအနေများတွင် အစာရေမျိုပြွန်အတွင်း သတ္တုပိုက် (Stent) ထည့်သွင်း၍ သွေးကြောများကို ဖိကပ်ကာ သွေးတိတ်စေသည့် နည်းလမ်းများကို အရေးပေါ် အခြေအနေများတွင် အသုံးပြုလာကြသည်။
ကာကွယ်ခြင်း

အစာရေမျိုပြွန် သွေးကြောထုံးခြင်းသည် အဓိကအားဖြင့် အသည်းထိခိုက်မှုကြောင့် ဖြစ်ရသဖြင့် အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်သည်။

  • အရက်သောက်သုံးမှုကို အပြတ်ဖြတ်ခြင်း သို့မဟုတ် လျှော့ချခြင်း
    အရက်သည် အသည်းဆဲလ်များကို တိုက်ရိုက်ပျက်စီးစေသဖြင့် အရက်ကို လုံးဝရှောင်ကြဉ်ခြင်း သို့မဟုတ် အတတ်နိုင်ဆုံး လျှော့ချခြင်းသည် အထိရောက်ဆုံး ကာကွယ်နည်းဖြစ်သည်။
  • ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
    ကိုယ်အလေးချိန် အလွန်အကျွံများခြင်းသည် အသည်းအဆီဖုံးခြင်းကို ဖြစ်စေပြီး ရေရှည်တွင် အသည်းခြောက်ခြင်းအထိ ဖြစ်ပွားနိုင်သဖြင့် ကိုယ်အလေးချိန် မတက်အောင် ဂရုစိုက်ရမည်။
  • အသည်းအဆီဖုံးခြင်းကို စောစီးစွာ စစ်ဆေးခြင်း
    ယခုအခါတွင် ဆီးချိုနှင့် သွေးတိုးရောဂါ ရှိသူများတွင် အသည်းအဆီဖုံးခြင်းမှတစ်ဆင့် အသည်းခြောက်ခြင်း မဖြစ်စေရန် FibroScan ကဲ့သို့သော စစ်ဆေးမှုများဖြင့် စောစီးစွာ စစ်ဆေးကာကွယ်ရန် တိုက်တွန်းလာကြသည်။
  • ဇီဝကမ္မကျန်းမာရေး (Metabolic Health) ကို အလေးထားခြင်း
    အစာရေမျိုပြွန် သွေးကြောထုံးခြင်းကို ကာကွယ်ရန်အတွက် အသည်းတစ်ခုတည်းတင်မကဘဲ ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်တစ်ခုလုံး (ဥပမာ _ သွေးချို ထိန်းညှိခြင်း) ကို ကောင်းမွန်အောင် ထိန်းသိမ်းခြင်းသည်လည်း အရေးကြီးကြောင်း တွေ့ရှိရသည်။
  • အာဟာရပြည့်ဝသော အစားအစာများ စားသုံးခြင်း
    သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် အမျိုးမျိုးပါဝင်သော ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများကို ရွေးချယ်စားသုံးသင့်သည်။ လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များကို ဖြည့်စွက်စာများထက် သဘာဝအစားအစာများမှ ရယူခြင်းက ပိုမိုကောင်းမွန်သည်။
  • အသည်းရောင် အသားဝါပိုးများအတွက် ကြိုတင်ကာကွယ်ခြင်း
    အသည်းရောင် အသားဝါ ဘီပိုး (Hepatitis B) ကာကွယ်ဆေး ထိုးထားခြင်းနှင့် စီပိုး (Hepatitis C) ကူးစက်မှုမရှိအောင် သတိပြုနေထိုင်ခြင်းဖြင့် အသည်းထိခိုက်မှုကို ကာကွယ်နိုင်သည်။
  • ဓာတုပစ္စည်းများနှင့် ထိတွေ့မှု လျှော့ချခြင်း
    အိမ်သုံးသန့်ရှင်းရေး ပစ္စည်းများ သို့မဟုတ် ပိုးသတ်ဆေးများရှိ ဓာတုပစ္စည်းများကို ကိုင်တွယ်ရာတွင် အသည်းအဆိပ်အတောက်များ မဖြစ်စေရန် ဂရုပြုရမည်။

အထက်တွင် ဖော်ပြခဲ့သော အသည်းခြောက်ခြင်းကြောင့် မဟုတ်သည့် အခြားသော ရောဂါအခံများ (ဥပမာ _ သွေးခဲပိတ်ခြင်း သို့မဟုတ် ကပ်ပါးပိုးကြောင့် ဖြစ်ခြင်း) ရှိသူများအနေဖြင့်လည်း သက်ဆိုင်ရာ ဆရာဝန်နှင့် သေချာစွာပြသ၍ ကုသမှုခံယူခြင်းဖြင့် အစာရေမျိုပြွန် သွေးကြောထုံးခြင်း ဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။

References:

  1. Cleveland Clinic. (2023). Esophageal varices: Causes, symptoms, diagnosis, and treatment. Retrieved January 20, 2026, from https://my.clevelandclinic.org/health/diseases/15429-esophageal-varices
  2. Mayo Clinic. (2019). Esophageal varices: Diagnosis and treatment. Retrieved January 20, 2026, from https://www.mayoclinic.org/diseases-conditions/esophageal-varices/diagnosis-treatment/drc-20351544
  3. Mayo Clinic. (2023). Esophageal varices: Symptoms and causes. Retrieved January 20, 2026, from https://www.mayoclinic.org/diseases-conditions/esophageal-varices/symptoms-causes/syc-20351538
  4. Meseeha, M., & Attia, M. (2023). Esophageal varices. In StatPearls. StatPearls Publishing. Retrieved January 20, 2026, from https://www.ncbi.nlm.nih.gov/books/NBK448078/
  5. de Franchis, R., Bosch, J., Garcia-Tsao, G., Reiberger, T., & Ripoll, C., on behalf of the Baveno VII Faculty. (2022). Baveno VII – Renewing consensus in portal hypertension: Report of the Baveno VII consensus workshop: Personalized care in portal hypertension. Journal of Hepatology, 76(4), 959–974.
  6. Garcia-Tsao, G. (2023). Current management of gastroesophageal varices. Medical Clinics of North America, 107(3), 493–505.
  7. Gralnek, I. M., Camus Duboc, M., Garcia-Pagán, J. C., Laine, L., Saunders, M. D., & Jensen, D. M. (2022). Endoscopic diagnosis and management of esophagogastric variceal hemorrhage: European Society of Gastrointestinal Endoscopy (ESGE) guideline. Endoscopy, 54(10), 1094–1120.
  8. Rincón, D., Lo Iacono, O., & Garcia-Tsao, G. (2023). Recent advances in the management of portal hypertension. Gastroenterología y Hepatología, 46(10), 770–782.
  9. Villanova, G., & Garcia-Tsao, G. (2024). Management of portal hypertension in 2024. Clinical Liver Disease, 28(1), 1–15.

Published: 29 January 2026

Share

29 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.