ဦးခေါင်းခွံရိုး စောစီးစွာဆက်ခြင်း (Craniosynostosis) ဆိုသည်မှာ ကလေးငယ်တစ်ဦး၏ ဦးနှောက်အပြည့်အဝ မဖွံ့ဖြိုးမီ ဦးခေါင်းခွံကို ဖွဲ့စည်းထားသည့် အရိုးပြားများကြားရှိ ဆက်ကြောင်းများ (Sutures) အချိန်မတိုင်မီ စောစီးစွာ ပိတ်သွားသည့် ပုံမှန်မဟုတ်သော အခြေအနေတစ်ခုဖြစ်သည်။
ပုံမှန်အားဖြင့် မွေးကင်းစကလေးငယ်၏ ဦးခေါင်းခွံတွင် နဖူးရိုး (Frontal)၊ ဦးခေါင်းထိပ်ရိုး (Parietal)၊ နားထင်ရိုး (Temporal)၊ မျက်လုံးနောက်ရိုး (Sphenoid)၊ နောက်စေ့ရိုး (Occipital) စသည့် အရိုးပြား (၅) ခုကြား၌ ကျုံ့နိုင်ဆန့်နိုင်သော အမျှင်တစ်ရှူးဆက်ကြောင်းများ ရှိနေရမည်ဖြစ်သည်။ ၎င်းတို့သည် ကလေးအသက် (၂) နှစ်ခန့်မှသာ ပိတ်သွားလေ့ရှိသည်။ ဤဆက်ကြောင်းများသည် မွေးဖွားစဉ် မွေးလမ်းကြောင်းအတွင်း ဦးခေါင်းပုံသဏ္ဌာန် ပြောင်းလဲ၍ အလွယ်တကူ ဖြတ်သန်းနိုင်စေရန်နှင့် မွေးဖွားပြီးနောက် ဦးနှောက်ကြီးထွားမှုနှင့်အညီ ဦးခေါင်းခွံပါ လိုက်ပါကြီးထွားနိုင်စေရန် အရေးပါသည့်အခန်းကဏ္ဍမှ ဆောင်ရွက်ပေးသည်။
သို့ရာတွင် ဦးနှောက်ကြီးထွားမှု မပြီးဆုံးမီ အရိုးဆက်ကြောင်းများ စောစီးစွာ ပိတ်သွားပါက ဦးခေါင်းပုံသဏ္ဌာန် မမှန်ခြင်းကို ဖြစ်ပေါ်စေသည်။ အကယ်၍ အရိုးဆက်ကြောင်း တစ်ခုထက်မက စောစီးစွာ ပိတ်သွားပါက ဦးနှောက်ကြီးထွားမှုကို ကန့်သတ်လိုက်သကဲ့သို့ ဖြစ်သွားပြီး၊ ဦးခေါင်းခွံအတွင်း ဖိအားများ မြင့်တက်လာခြင်းနှင့် ဦးခေါင်းသေးခြင်းတို့ကို ဖြစ်စေကာ ကလေး၏ ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်သည်။ ဤရောဂါသည် ပျမ်းမျှအားဖြင့် အရှင်မွေးကလေး (၂၅၀၀) လျှင် (၁) ယောက်နှုန်း ဖြစ်ပွါးနိုင်ပြီး၊ မိန်းကလေးများထက် ယောက်ျားလေးများတွင် ပိုမိုတွေ့ရှိရသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကလေးအများစုတွင် ဦးခေါင်းခွံရိုး စောစီးစွာဆက်ခြင်း ဖြစ်စေသည့် အကြောင်းရင်းအတိအကျကို မသိရှိနိုင်ပါ။ အချို့အခြေအနေများတွင် ဦးခွံရိုးစောစီးစွာဆက်ခြင်းသည် မျိုးဗီဇဆိုင်ရာရောဂါများကြောင့် ဖြစ်ပေါ်နိုင်ပြီး ခန္ဓာကိုယ်၏ အခြားသောအစိတ်အပိုင်းများတွင်ပါ ထိခိုက်မှုဖြစ်စေသည်။ အများစုတွင်မူ မျိုးဗီဇနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ ပေါင်းစပ်၍ဖြစ်ပေါ်သည်ဟု ယူဆသည်။
ဦးခေါင်းခွံရိုး စောစီးစွာဆက်ခြင်း အမျိုးအစားများ (Types of Craniosynostosis)
ဦးခေါင်းခွံရိုး စောစီးစွာဆက်ခြင်းကို ပိတ်သွားသည့် အရိုးဆက်ကြောင်း (Suture) ပေါ်မူတည်၍ အောက်ပါအတိုင်း ခွဲခြားနိုင်သည်။
- ဦးခေါင်းအလယ်တည့်တည့် (ရှေ့မှနောက်) ဆက်ကြောင်း ပိတ်ခြင်း (Sagittal Craniosynostosis)
- ဦးခေါင်းသည် ဘေးတိုက်ကျဉ်းမြောင်းပြီး ရှေ့နောက်သို့ ပိုရှည်ထွက်နေတတ်သည်၊ Scaphocephaly ဟုခေါ်သည်
- အဖြစ်အများဆုံး အမျိုးအစားဖြစ်သည်
- နားတစ်ဖက်မှ ဦးခေါင်းထိပ်သို့ ကန့်လန့်ဖြတ်ဆက်ကြောင်း ပိတ်ခြင်း (Coronal Craniosynostosis)
- နှဖူးရိုးနှင့် မျက်ခုံးရိုးများ ကြီးထွားမှု ရပ်တန့်သွားစေပြီး ဒုတိယအဖြစ်အများဆုံး အမျိုးအစားဖြစ်သည်
- ဘယ်ညာနှစ်ဖက်လုံးပိတ်ခြင်း (Bicoronal) – ဦးခေါင်းရှေ့နောက်တိုပြီး ဘေးသို့ကျယ်ကာ အပေါ်သို့မြင့်တက်သွားသည်၊ Brachycephaly ဟုခေါ်သည်
- တစ်ဖက်တည်းပိတ်ခြင်း (Unicoronal) – ပိတ်သွားသည့်ဘက်ရှိ နဖူးနှင့် မျက်ခုံးရိုးပြားသွားပြီး မျက်လုံးပုံစံပြောင်းလဲတတ်သည်၊ Anterior plagiocephaly ဟုခေါ်သည်
- နဖူးအလယ်တည့်တည့် ဆက်ကြောင်း ပိတ်ခြင်း (Metopic Craniosynostosis)
- နဖူးအလယ်တွင် အရိုးအမြောင်းတစ်ခု ဖြစ်ပေါ်လာပြီး ဦးခေါင်းပုံသဏ္ဌာန်မှာ တြိဂံပုံစံ ဖြစ်သွားတတ်သည်၊ ဤအခြေအနေကို Trigonocephaly ဟုခေါ်သည်
- ရှားပါးသော အခြေအနေများတွင် မျက်လုံးနှစ်လုံးမှာလည်း အလွန်နီးကပ်နေတတ်သည်
- ဦးခေါင်းခွံအနောက်ဘက်အကျဆုံး ဆက်ကြောင်း ပိတ်ခြင်း (Lambdoid Craniosynostosis)
- အဖြစ်အနည်းဆုံး အမျိုးအစား (၁% ခန့်) ဖြစ်ပြီး၊ ခေါင်းနောက်စေ့ပြားခြင်းနှင့် နားရွက်တည်နေရာလွဲခြင်းတို့ ဖြစ်တတ်သည်
- တစ်ဖက်တည်းပိတ်ခြင်း (Unilambdoid) – Synostotic posterior plagiocephaly ဟုခေါ်သည်
- နှစ်ဖက်လုံးပိတ်ခြင်း (Bilambdoid) – ဦးခေါင်းခွံကို ပုံမှန်ထက် ပိုမိုကျယ်ပြန့်စေပြီး Posterior brachycephaly ဟုခေါ်သည်
ဖြစ်နိုင်ခြေများသော အခြေအနေများ
အောက်ပါအခြေအနေများရှိပါက ဦးခေါင်းခွံရိုး စောစီးစွာဆက်ခြင်းကို ပို၍ဖြစ်စေနိုင်သည်ဟု ယူဆသည်။
- မိခင်နှင့် ပတ်သက်သော အခြေအနေများ
- မိခင်အသက်ကြီးခြင်း
- ကိုယ်ဝန်ဆောင်မိခင် ဆေးလိပ်သောက်ခြင်း
- ဖန်ပြွန်သန္ဓေသားနည်းပညာဖြင့် ကိုယ်ဝန်ဆောင်ခြင်း
- ကိုယ်ဝန်ဆောင်ကာလတွင် သိုင်းရွိုက်ဂလင်း ၏လုပ်ဆောင်ချက် မူမမှန်ခြင်းကြောင့် သိုင်းရွိုက်ဟော်မုန်းနည်းခြင်း သို့မဟုတ် များခြင်း
- သားအိမ်အတွင်း နေရာကျပ်ခြင်း (ဥပမာ _ အမြွှာကိုယ်ဝန်ဆောင်ခြင်း၊ သားအိမ်နှစ်ခွဖြစ်နေခြင်း) စသည်တို့ကြောင့် ဖြစ်နိုင်သည်။
- ဆေးဝါးများ
- ကိုယ်ဝန်မဆောင်မီနှင့် ကိုယ်ဝန်အစောပိုင်းကာလများတွင် သားဥကြွေခြင်းကို လှုံ့ဆော်ပေးသော ဆေးဝါးများ (clomiphene) သောက်သုံးခြင်း
- ကိုယ်ဝန်ဆောင်ကာလတွင် သိုင်းရွိုက်ဟော်မုန်း နည်းခြင်း သို့မဟုတ် များခြင်းကြောင့် ကုသမှုခံယူထားသူများ
- ကိုယ်ဝန်ဆောင်ကာလအတွင်း အချို့သောဆေးဝါးများ (Valproic acid, nitrofurantoin, sertraline) သောက်သုံးခြင်း
- မျိုးဗီဇဆိုင်ရာအခြားရောဂါများ
- မိသားစုတွင် ရောဂါဖြစ်ဖူးသော ရာဇဝင်ရှိသူများ
- အရိုးပျော့ရောဂါနှင့် မျိုးဗီဇဆိုင်ရာ အရိုးရောဂါများ (Mucopolysaccharidosis) ရှိသူများတွင် နောက်ဆက်တွဲအနေဖြင့် ဦးခေါင်းခွံရိုး စောစီးစွာဆက်ခြင်း ဖြစ်စေနိုင်သည်။
သတိပြုရန်အချက်မှာ မွေးဖွားစဉ် ပြင်းထန်သောအောက်ဆီဂျင်ပြတ်လပ်ခြင်း (Severe Birth Asphyxia) ကြောင့် ဦးနှောက်ကြီးထွားမှု ထိခိုက်ပျက်စီးသွားသည့် အခြေအနေမျိုးတွင် ဦးနှောက်၏ အရွယ်အစားမှာ ပုံမှန်ထက်များစွာ သေးငယ်သွားတတ်သည်။ ထိုအခါ ဦးခေါင်းခွံရိုး ဆက်ကြောင်းများသည် သေးငယ်သော ဦးနှောက်အရွယ်အစားနှင့်အညီ အလိုအလျောက် စောစီးစွာ ပိတ်သွားတတ်သည်။ ဤအခြေအနေသည် ဦးခွံရိုးကြောင့်ဖြစ်သော Craniosynostosis နှင့် မတူဘဲ ဦးနှောက်ဖွံ့ဖြိုးမှု ချို့ယွင်းခြင်း၏ နောက်ဆက်တွဲရလဒ်သာဖြစ်သည်။
ရောဂါလက္ခဏာများ
ဦးခွံရိုးစောစီးစွာဆက်ခြင်း၏ လက္ခဏာများကို မွေးစမှစ၍ အစောပိုင်းလများအတွင်း စတင်တွေ့ရှိနိုင်သည်။ တွေ့ရှိနိုင်သော လက္ခဏာများမှာ_
- ဦးခေါင်းပုံစံ ပုံမှန်မဟုတ်ခြင်း
- မည်သည့်အရိုးဆက်ကြောင်း ပိတ်သွားသည်ပေါ်မူတည်၍ ဦးခေါင်းသည် ရှည်မျောမျော (Oblong)၊ တြိဂံပုံစံ (Triangular) သို့မဟုတ် တစ်ဖက်ပြား (Flat) နေတတ်သည်
- မျက်နှာနှင့် နားများ မညီမညာဖြစ်ခြင်း
- ဥပမာ _ မျက်လုံးတစ်ဖက်သည် အခြားတစ်ဖက်ထက် ပိုမြင့်နေခြင်း
- အရိုးအမြောင်းရာများ ဖြစ်ပေါ်ခြင်း
- ပိတ်သွားသော ဆက်ကြောင်းတစ်လျှောက်တွင် မာကျော၍ မြင့်တက်နေသော အမြောင်းရာများ (Ridges) ကို စမ်းသပ်တွေ့ရှိနိုင်သည်
အချို့သော မျိုးဗီဇရောဂါစုများနှင့် တွဲဖြစ်ပါက တွေ့ရမည့်လက္ခဏာများမှာ_
- အတက်ရောဂါ (Seizures)
- အမြင်အာရုံ၊ အကြားအာရုံ ချို့ယွင်းခြင်း
- သင်ယူမှုနှင့် မှတ်ဉာဏ်ပိုင်းဆိုင်ရာ ပြဿနာရှိလာခြင်းများဖြစ်သည်။
Craniosynostosis နှင့် ဆက်စပ်နေသော ရောဂါစုများ (Syndromes)
အချို့သော ကလေးငယ်များတွင် ဦးခေါင်းခွံရိုးစောစီးစွာဆက်ခြင်းသည် အခြားသော ကိုယ်ခန္ဓာအစိတ်အပိုင်း မူမမှန်မှုများနှင့် တွဲဖက်၍ မျိုးဗီဇဆိုင်ရာရောဂါစုများ (Syndromes) အဖြစ် တွေ့ရှိရတတ်သည်။
- Crouzon’s Syndrome
- အဖြစ်အများဆုံး ရောဂါစုဖြစ်ပြီး Coronal sutures နှစ်ဖက်လုံး ပိတ်ခြင်းနှင့် ဆက်စပ်သည်
- လက္ခဏာများ – မျက်နှာအလယ်ပိုင်း ဖွံ့ဖြိုးမှုနည်းခြင်း၊ မျက်လုံးပြူးခြင်း၊ နှာခေါင်းပုံစံမှာ ငှက်နှုတ်သီးကဲ့သို့ ကောက်နေခြင်း
- ခြေလက်အင်္ဂါများနှင့် ဉာဏ်ရည်မှာ ပုံမှန်ပင်ဖြစ်သည်၊ (၃၀%) ခန့်တွင် ဦးနှောက်အတွင်း အရည်စုခြင်း (Hydrocephalus) ဖြစ်နိုင်သည်
- Apert’s Syndrome
- Coronal sutures နှစ်ဖက်လုံး ပိတ်ခြင်းကြောင့် ဦးခေါင်းအပေါ်သို့ မြင့်တက်ကာ ရှေ့နောက်တိုနေတတ်သည်
- လက္ခဏာများ _ အာခေါင်ကွဲခြင်း၊ လက်ချောင်း ခြေချောင်းများ တစ်ခုနှင့်တစ်ခု ပူးနေခြင်း (Syndactyly)
- လူနာအများစုတွင် ဉာဏ်ရည်နှင့် ကြီးထွားဖွံ့ဖြိုးမှု နောက်ကျတတ်သည်
- Pfeiffer’s Syndrome
- Coronal suture တစ်ဖက်တည်းပိတ်ခြင်း ပိုအဖြစ်များသည်
- လက္ခဏာများ _ မျက်လုံးပြူးခြင်း၊ အကြားအာရုံချို့ယွင်းခြင်း၊ ခြေလက်အင်္ဂါ မူမမှန်မှုများနှင့် တွဲ၍တွေ့ရသည်
- ဦးနှောက်အတွင်း အရည်စုခြင်း (Hydrocephalus) အဖြစ်များသည်
- Saethre-Chotzen Syndrome
- Coronal suture တစ်ဖက်တည်း ပိတ်ခြင်းနှင့်အတူ မျက်နှာဘယ်ညာမညီခြင်းကို တွေ့ရတတ်သည်
- လက္ခဏာများ _ ဆံပင်အရစ်လိုင်း အောက်သို့ ရောက်နေခြင်း၊ မျက်ခွံပုံမမှန်ခြင်း၊ ကြီးထွားမှုနောက်ကျခြင်း
- Carpenter’s Syndrome
- Lambdoid နှင့် Sagittal sutures များ စောစီးစွာ ဆက်ခြင်းနှင့် ဆက်စပ်သည်
- လက္ခဏာများ _ ခြေချောင်း လက်ချောင်းများ ပိုနေခြင်း (Polydactyly) နှင့် မွေးရာပါ နှလုံးရောဂါများနှင့် တွဲ၍တွေ့ရတတ်သည်
နောက်ဆက်တွဲပြဿနာများ
စောစီးစွာ ကုသမှုမခံယူပါက အောက်ပါပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
- ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု _ ဦးခေါင်းနှင့် မျက်နှာအစိတ်အပိုင်းများ အမြဲတမ်း ပုံပျက်သွားနိုင်သည်
- စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု _ မိမိကိုယ်ကို ယုံကြည်မှုမရှိခြင်း ခံစားရနိုင်သည်
- ဦးခေါင်းခွံအတွင်း ဖိအားမြင့်တက်ခြင်း (Intracranial Pressure) _ ဤအခြေအနေသည် အန္တရာယ်ရှိပြီး အောက်ပါလက္ခဏာများဖြင့် သိရှိနိုင်သည်
- ငယ်ထိပ်ဖောင်းခြင်းနှင့် ဦးရေပြားသွေးကြောများ ဖောင်းခြင်း
- အသံစူးစူးဖြင့် ငိုခြင်းနှင့် နို့ကောင်းစွာ မစို့နိုင်ခြင်း
- အရှိန်ဖြင့် ထိုးအန်ခြင်း
- ပုံမှန်ထက်ပို၍ အိပ်ငိုက်ခြင်း သို့မဟုတ် ဖွံ့ဖြိုးမှု နောက်ကျခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းစသည်တို့ဖြင့် ရောဂါရှာဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာအထူးကုဆရာဝန်မှ ကိုယ်ဝန်ဆောင်ကာလအပါအဝင် ကလေးမွေးဖွားသည့်ရာဇဝင်၊ ကြီးထွားဖွံဖြိုးမှုဆိုင်ရာ ရာဇဝင်တို့ကို အသေးစိတ်မေးမြန်းခြင်း၊ ဦးခွံရိုး စမ်းသပ်စစ်ဆေးခြင်း၊ မျက်နှာသွင်ပြင်နှင့် ဦးခေါင်းပုံသဏ္ဌာန် စစ်ဆေးခြင်းတို့ကို အသေးစိတ်ပြုလုပ်မည်ဖြစ်သည်။ ထို့နောက်တွင် ရောဂါအခြေအနေကို အသေးစိတ်သိရှိနိုင်ရန် အောက်ပါစစ်ဆေးမှုများကို ထပ်မံပြုလုပ်နိုင်သည်။
- ပုံရိပ်ဖော်စစ်ဆေးမှုများ
- ဓာတ်မှန်ရိုက်ခြင်း (X-ray) ဖြင့် သိသာထင်ရှားသော ဦးခွံရိုးဆက်ခြင်းများကို တွေ့ရှိနိုင်သည်
- အချို့သောအခြေအနေများတွင် ဦးခေါင်းအာထရာဆောင်း (Cranial USG) ရိုက်ခြင်းဖြင့်လည်း စစ်ဆေးနိုင်သည်
- အရိုးဆက်ကြောင်းများ စောစီးစွာဆက်ခြင်းကို အသေးစိတ်သိရှိရန် ဦးခေါင်းကို ကွန်ပျူတာဓာတ်မှန် (CT scan) သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ရိုက်ကူးနိုင်သည်၊ ထိုအဆင့်မြင့်ဓာတ်မှန်များမှတစ်ဆင့် ဦးခွံရိုးဆက်ကြောင်း (Sutures) များ မည်မျှဆက်၍ ထပ်နေသည်ကို အသေးစိတ်သိရှိနိုင်သည့်အပြင် လိုအပ်သော ဦးခေါင်းခွံခွဲစိတ်မှုများ ဆက်လက်ပြုလုပ်ရန် ဦးခွံရိုးကို ကြိုတင်တိုင်းတာခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်
- မျိုးဗီဇစစ်ဆေးမှုများ
- မျိုးဗီဇပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သည်ဟု ယူဆပါက မျိုးဗီဇစစ်ဆေးခြင်းဖြင့် ဖြစ်ပေါ်စေသော ရောဂါလက္ခဏာစုကို သိရှိနိုင်သည်
ကုသခြင်း
အောင်မြင်စွာ ကုသနိုင်ရန် ရောဂါကို စောစီးစွာ သိရှိရန်နှင့် ကျွမ်းကျင်သည့် အထူးကုဆရာဝန်နှင့် အချိန်မီတိုင်ပင်ရန် အလွန်အရေးကြီးသည်။ ကလေး၏ အသက်၊ ရောဂါအမျိုးအစားနှင့် ပြင်းထန်မှုပေါ်မူတည်၍ အောက်ပါအတိုင်း ကုသနိုင်သည်။
- ခွဲစိတ်ကုသခြင်း (Surgery)
အဓိကကုသမှုဖြစ်ပြီး ဦးခေါင်းပုံသဏ္ဌာန် ပြုပြင်ရန်နှင့် ဦးနှောက်ကြီးထွားရန် နေရာဖန်တီးပေးရေးအတွက် ရည်ရွယ်သည်။- မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Endoscopic surgery)
အသက် (၆) လအောက် ကလေးများအတွက် သင့်လျော်သည်။- ခွဲကြောင်း သေးငယ်ခြင်း၊ သွေးထွက်နည်းခြင်းနှင့် ပြန်လည်နာလန်ထူမှု မြန်ဆန်ခြင်း စသည့် အကျိုးကျေးဇူးများရှိသည်
- ဦးခွံရိုးဖွင့်၍ ခွဲစိတ်ခြင်း (Open surgery)
ယေဘုယျအားဖြင့် အသက် (၆) လအထက် ကလေးများတွင် ပြုလုပ်သည်။- ဦးခွံရိုးကို ပြန်လည်ပုံသွင်းကာ ပျော်ဝင်နိုင်သော ပလိပ်ပြား၊ ဝက်အူများဖြင့် တွဲ၍ နေရာချသည်။ ရှုပ်ထွေးသော အခြေအနေများအတွက် ပိုမိုသင့်လျော်သည်
- မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်း (Endoscopic surgery)
- စပရင်ထည့်၍ ကုသခြင်း (Spring-mediated cranioplasty)
- ခွဲစိတ်မှုအတွင်း ဦးခွံရိုးများကြား နေရာလွတ်ပိုရစေရန် စပရင် (Springs) များ ထည့်သွင်းခြင်းဖြစ်သည်
- ကာလတစ်ခုအကြာတွင် ထိုစပရင်များကို ခွဲစိတ်၍ ပြန်လည်ဖယ်ရှားရန် လိုအပ်သည်
- ဦးထုပ်ဖြင့် ကုသခြင်း (Helmet therapy)
- ရောဂါမပြင်းထန်သူများနှင့် မှန်ပြောင်းဖြင့် ခွဲစိတ်မှု ပြုလုပ်ထားသူများတွင် ဦးခေါင်းပုံစံ မှန်ကန်စေရန် အထူးပြုလုပ်ထားသော ဦးထုပ် (Helmet) ဆောင်းရန် လိုအပ်သည်
- တစ်နေ့လျှင် (၂၃) နာရီခန့်ဖြင့် တစ်နှစ်ခန့်ကြာအောင် ဆောင်းရလေ့ရှိသည်
- နောက်ဆက်တွဲ ပြန်လည်သန်စွမ်းရေးကုထုံးများ
ခွဲစိတ်မှုအပြင် ကလေး၏ ဖွံ့ဖြိုးမှုမှတ်တိုင်များ ပြည့်မီစေရန်- နေ့စဉ်လှုပ်ရှားမှု စွမ်းရည်ကုထုံး (Occupational Therapy)
- ပြန်လည်သန်စွမ်းရေး ကုထုံး (Physical Therapy)
- စကားပြောခြင်းဆိုင်ရာ ကုထုံး (Speech Therapy) တို့ လိုအပ်နိုင်သည်။
အထူးသတိပြုရန်မှာ အထက်တွင်ဖော်ပြခဲ့သည့် မွေးဖွားစဉ် ပြင်းထန်သောအောက်ဆီဂျင်ပြတ်လပ်မှုကြောင့် ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်ကာ ဦးခွံရိုးဆက်ကြောင်းများ အလိုအလျောက် စောစီးစွာ ပိတ်သွားသည့် ကလေးများတွင်မူ ခွဲစိတ်ကုသမှု ပြုလုပ်ရန် မလိုအပ်ပါ။ ထိုကလေးများကို ခွဲစိတ်ကုသခြင်းဖြင့် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အကျိုးကျေးဇူး မရှိနိုင်သည့်အပြင် ကလေးအတွက် မလိုအပ်ဘဲ အန္တရာယ်ပါ ဖြစ်စေနိုင်သောကြောင့် ကျွမ်းကျင်သည့် ဆရာဝန်များက သေချာစွာ စစ်ဆေးခွဲခြားရန် အလွန်အရေးကြီးသည်။
ကာကွယ်ခြင်း
မွေးရာပါ အခြေအနေဖြစ်သောကြောင့် ဖြစ်စေသည့်အကြောင်းရင်း အတိအကျကို မသိရှိနိုင်သဖြင့် အတိအကျကာကွယ်ရန် နည်းလမ်းမရှိပါ။
References:
- Centers for Disease Control and Prevention. (n.d.). Craniosynostosis. U.S. Department of Health & Human Services. Retrieved January 12, 2026, from https://www.cdc.gov/birth-defects/about/craniosynostosis.html
- Children’s Minnesota. (n.d.). Craniosynostosis. Retrieved January 12, 2026, from https://www.childrensmn.org/services/care-specialties-departments/cleft-craniofacial-program/conditions-and-services/craniosynostosis/
- Cincinnati Children’s Hospital Medical Center. (n.d.). Craniosynostosis. Retrieved January 12, 2026, from https://www.cincinnatichildrens.org/health/c/craniosynostosis
- Cleveland Clinic. (n.d.). Craniosynostosis. Retrieved January 12, 2026, from https://my.clevelandclinic.org/health/diseases/6000-craniosynostosis
- Johns Hopkins Medicine. (n.d.). Craniosynostosis. Retrieved January 12, 2026, from https://www.hopkinsmedicine.org/health/conditions-and-diseases/craniosynostosis
- Mayo Clinic. (n.d.). Craniosynostosis: Diagnosis & treatment. Retrieved January 12, 2026, from https://www.mayoclinic.org/diseases-conditions/craniosynostosis/diagnosis-treatment/drc-20354517
- National Center for Biotechnology Information. (2019). Craniosynostosis. In StatPearls. Retrieved January 12, 2026, from https://www.ncbi.nlm.nih.gov/books/NBK544366/
Published: 28 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.