Meniere’s disease [အတွင်းနား၌ နားတွင်းပြန်ရည်စု၍ ဖိအားများသည့်ရောဂါ (မန်းနီးယဲစ် ရောဂါ)]

Meniere’s disease [အတွင်းနား၌ နားတွင်းပြန်ရည်စု၍ ဖိအားများသည့်ရောဂါ (မန်းနီးယဲစ် ရောဂါ)]

မန်းနီးယဲစ်ရောဂါ (Meniere’s disease) သည် အတွင်းနားတွင် ဖြစ်ပွါးသော နာတာရှည်ရောဂါတစ်ခုဖြစ်ပြီး ချာချာလည်ခေါင်းမူးခြင်း၊ နားအူခြင်းနှင့် အကြားအာရုံ ဆုံးရှုံးခြင်း စသည့်လက္ခဏာများကို ဖြစ်စေသည်။ များသောအားဖြင့် ထိုရောဂါသည် နားတစ်ဖက်တွင်သာ ဖြစ်ပွါးလေ့ရှိသည်။

ထိုရောဂါသည် အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်သော်လည်း များ‌သောအားဖြင့် အသက် (၄၀) မှ (၆၀) နှစ်အတွင်း စတင်ဖြစ်ပေါ်လေ့ရှိသည်။ နာတာရှည် အခြေအနေတစ်ခုဖြစ်သော်လည်း ဆေးကုသမှု ခံယူခြင်းဖြင့် ရောဂါလက္ခဏာများကို သက်သာစေနိုင်သလို နေ့စဥ်ဘဝ လှုပ်ရှားသွားလာမှုများ၌ အဟန့်အတားဖြစ်ခြင်းကို လျော့နည်းစေသည်။

ဖြစ်ပေါ်ရသော အကြောင်းရင်းများ

ပုံမှန်အားဖြင့် လူတစ်ဦး၏ နားကို အပြင်နား (External ear)၊ နားအလယ်ပိုင်း (Middle ear) နှင့် အတွင်းနား (Inner ear) ဟူ၍ (၃) ပိုင်း ပိုင်းခြားသတ်မှတ်ထားသည်။ အတွင်းနား၏ အဓိကလုပ်ငန်းမှာ အကြားအာရုံနှင့် ကိုယ်ခန္ဓာ၏ ဘယ်ညာဟန်ချက်ကို မျှခြေဖြစ်အောင် ထိန်းခြင်းဖြစ်သည်။ မန်းနီးယဲစ်ရောဂါတွင် အတွင်းနား (Inner ear) ထဲ၌ လှည့်ပတ်စီးဆင်းနေသော နားတွင်းပြန်ရည် (Endolymph) များ ပုံမှန်ထက်ပို၍ စုပုံများပြားလာပြီး အတွင်းနား၌ ဖိအားတက်ခြင်းကြောင့် နားအူခြင်း၊ နားအုံခြင်း၊ နားမကြားခြင်း၊ ခေါင်းချာချာလည်မူးခြင်းစသည့် လက္ခဏာများကို ခံစားရသည်။ သို့ရာတွင် ထိုသို့ နားတွင်းပြန်ရည်များ နားအတွင်း ပုံမှန်ထက်ပို၍ စုပုံလာစေသည့် အကြောင်းရင်းအတိအကျကို မသိရှိရသေးပါ။

‌အောက်ပါအချက်များ စုပေါင်း၍ ပြန်ရည်စုပုံခြင်းကို ဖြစ်စေနိုင်သည်ဟု ယူဆကြသည်။

  • မွေးရာပါ နားပုံစံမမှန်သောကြောင့် နားအတွင်းရှိ ပြန်ရည်လမ်းကြောင်းများ ပိတ်ဆို့ခြင်း
  • ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်သောရောဂါများ ရှိခြင်း
  • ဦးခေါင်းနှင့်နားတွင် ထိခိုက်ဒဏ်ရာရခြင်း
  • ဓာတ်မတည့်ခြင်း
  • ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine) ရှိခြင်း
  • ဗိုင်းရပ်စ်ပိုးများဝင်ခြင်း
  • မျိုးဗီဇဆိုင်ရာ အချက်များရှိခြင်း
ရောဂါဖြစ်နိုင်ခြေများသော အချက်များ
  • အသက် (၄၀) မှ (၆၀) နှစ်အတွင်း ရှိသူများ
  • အမျိုးသမီးဖြစ်ခြင်း (အမျိုးသားများထက် ရောဂါပိုဖြစ်နိုင်ခြေ အနည်းငယ်ပိုများသည်)
  • မိသားစုမျိုးရိုးတွင် ရောဂါဖြစ်သူရှိခြင်း
  • ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်သောရောဂါများ ရှိခြင်း
ရောဂါလက္ခဏာများ

တွေ့ရများသော လက္ခဏာများမှာ_

  • ချာချာလည်ခေါင်းမူးခြင်း (Vertigo)
    အဓိကတွေ့ရသော လက္ခဏာဖြစ်ပြီး မကြာခဏ ဖြစ်ပေါ်တတ်သည်။ ခေါင်းမူးခြင်းသည် အချိန်မရွေး ရုတ်တရက်ဖြစ်ပေါ်နိုင်ပြီး ရုတ်တရက် ပြန်ပျောက်သွားလေ့ရှိသည်။ တစ်ခါမူးလျှင် ယေဘုယျအားဖြင့် မိနစ်(၂၀) မှ (၁၂)နာရီအထိ ကြာတတ်ပြီး (၂၄)နာရီအတွင်း ပြန်ပျောက်သွားတတ်သည်။ ချာချာလည်ခေါင်းမူးခြင်း ပြင်းထန်ပါက ပျို့အန်ခြင်းပါ တွဲ၍ ဖြစ်ပေါ်စေသည်။
  • အကြားအာရုံ အားနည်းခြင်း (Trouble hearing) သို့မဟုတ် နားမကြားခြင်း (Hearing loss)
    အနိမ့်သံများကို ကောင်းစွာမကြားရခြင်း သို့မဟုတ် အကြားအာရုံ လုံးဝဆုံးရှုံးခြင်း (နားမကြားခြင်း) တို့ ခံစားရနိုင်သည်။ ရောဂါစဖြစ်ခါစတွင် ဖြစ်လိုက်၊ သက်သာလိုက် ဖြစ်တတ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ နားမကြားခြင်းသည် ပိုကြာလာတတ်ပြီး နောက်ပိုင်းတွင် ပြန်သက်သာလာချိန် မရှိတော့ဘဲ နာတာရှည် အကြားအာရုံ လျော့နည်းခြင်း၊ နားမကြားခြင်းတို့ကို ဖြစ်စေနိုင်သည်။
  • နားအူခြင်း (Tinnitus)
    တစ်ဝီဝီအသံ ကြားခြင်း၊ လေချွန်သံကဲ့သို့ တရွှီရွှီ ကြားရခြင်း၊ ဝီစီသံကဲ့သို့ စီခနဲ ကြားနေရခြင်း စသည်တို့ကို ခံစားရနိုင်သည်။
  • နားအုံ၊ နားကိုက်ခြင်း (Fullness feeling in ear)
    နားထဲတွင် ပြည့်နေသလို ခံစားရပြီး နားအတွင်း၌ ဖိထားသကဲ့သို့ တင်းကြပ်ကြပ် ဖြစ်နေသည်ကို ခံစားရသည်။

အကြားအာရုံဆိုင်ရာ လက္ခဏာများသည် ချာချာလည်ခေါင်းမူးခြင်းနှင့် အတူတွဲ၍ ဖြစ်ပေါ်တတ်ပြီး အချိန်တိုအတွင်း ပြန်လည်သက်သာသွားတတ်သည်။ အချို့တွင် လအနည်းငယ်ကြာမှ လက္ခဏာများ ပြန်ပေါ်တတ်သော်လည်း အချို့တွင်မူ ရက်ပိုင်းအတွင်း လက္ခဏာများ ပြန်ဖြစ်ခြင်း၊ နေ့စဥ် ခံစားနေရခြင်း စသည့်အခြေအနေအထိ ပြင်းထန်နိုင်သည်။ များသောအားဖြင့် ထိုလက္ခဏာများသည် နားတစ်ဖက်တွင်သာ ဖြစ်ပွါးလေ့ရှိသည်။

နောက်ဆက်တွဲပြဿနာများ

နေ့စဥ် လှုပ်ရှားသွားလာမှုများကို ခက်ခဲစေသော နောက်ဆက်တွဲပြဿနာများမှာ_

  • ရုတ်တရက် ချာချာလည်ခေါင်းမူးခြင်း နေ့စဉ်ရက်ဆက် မကြာခဏ ဖြစ်ပေါ်လာခြင်း
  • အကြားအာရုံဆုံးရှုံးခြင်းတို့ဖြစ်သည်။

ရောဂါလက္ခဏာများသည် အချိန်မရွေး ရုတ်တရက် ဖြစ်ပေါ်တတ်ခြင်းကြောင့် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို ခံစားရနိုင်သည်။ ချာချာလည် ခေါင်းမူးခြင်းကြောင့် သွားလာလှုပ်ရှားမှုများတွင် ကိုယ်ခန္ဓာဟန်ချက်ပျက်စေပြီး ချော်လဲခြင်း၊ မတော်တဆဖြစ်ခြင်းတို့ကိုလည်း ကြုံတွေ့ရနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ဖော်ပြပါ နားလက္ခဏာများရှိခြင်း၊ ချာချာလည်မူးခြင်းတို့ ခံစားရပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။ အဆိုပါလက္ခဏာများသည် အခြားအကြောင်းရင်းအမျိုးမျိုးတို့ကြောင့်လည်း ဖြစ်နိုင်သောကြောင့် ဖြစ်စေသော အကြောင်းရင်းရောဂါကို ရှာဖွေကုသရန် အရေးကြီးသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာ‌ဖွေကုသပေးမည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

မန်းနီးယဲစ်ရောဂါကို အတည်ပြုရန်အတွက် ဆရာဝန်မှ ခံစားရသည့် ရောဂါလက္ခဏာများ၏ ရာဇဝင်ကို မေးမြန်းခြင်း၊ လက်ရှိ ကျန်းမာရေးအခြေအနေနှင့် ရောဂါအခံများကို မေးမြန်းခြင်း၊ လိုအပ်သော ကိုယ်ခန္ဓာစစ်ဆေးခြင်း၊ နားကို အသေးစိတ်စစ်ဆေးခြင်း စသည်တို့ကို ပြုလုပ်မည်ဖြစ်သည်။ ထို့အပြင် ဟန်ချက်စစ်ဆေးခြင်းများ (ဥပမာ _ Romberg’s test၊ Fukuda-Unterberger test) ပြုလုပ်ခြင်းဖြင့် ကိုယ်ခန္ဓာဟန်ချက် ထိန်းနိုင်မှုကို ဆန်းစစ်နိုင်သည်။ ရောဂါရှိသူများသည် လက္ခဏာဖြစ်ပေါ်ချိန်တွင် ဟန်ချက်ထိန်းချုပ်မှု မူမမှန်ဖြစ်သည်ကို တွေ့နိုင်သော်လည်း တစ်ကြိမ်နှင့်တစ်ကြိမ်ကြား လက္ခဏာ သက်သာနေချိန်တွင် ဟန်ချက်စစ်ဆေးမှု ပုံမှန်ဖြစ်နေသည်ကို တွေ့ရသည်။

မန်းနီးယဲစ်ရောဂါဟု သတ်မှတ်နိုင်ရန် လူနာတွင်_

  • ရုတ်တရက် ချာချာလည်ခေါင်းမူးခြင်း (၂) ကြိမ်နှင့်အထက် ဖြစ်ပွါးပြီး၊ တစ်ကြိမ်ဖြစ်လျှင် မိနစ် (၂၀) မှ (၁၂) နာရီ သို့မဟုတ် (၂၄) နာရီထိ ကြာမြင့်ခြင်း (များသောအားဖြင့် ၂၄ နာရီကျော်လေ့မရှိပါ)
  • နားအကြားအာရုံစစ်ဆေးမှု ပြုလုပ်ပါက နားမကြားခြင်း (အကြားအာရုံ ဆုံးရှုံးခြင်း)
  • နားတစ်ဖက်တွင် နားအူခြင်း သို့မဟုတ် နားအတွင်း အုံနေခြင်း၊ ပြည့်နေသကဲ့သို့ သို့မဟုတ် တင်းကြပ်ကြပ်ဖြစ်သကဲ့သို့ ခံစားရခြင်း စသည့်အချက်များ ရှိရန် လိုအပ်သည်။

ထို့အပြင် နားအူခြင်း၊ နားကိုက်ခြင်း၊ ချာချာလည်ခေါင်းမူးခြင်း စသည့်လက္ခဏာများသည် အခြားရောဂါ အကြောင်းရင်း အမျိုးမျိုးကြောင့်လည်း ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် အဆိုပါရောဂါများမဟုတ်ကြောင်း သက်သေပြရန် လိုအပ်သော အခြားစမ်းသပ်ချက်များ ပြုလုပ်မည်ဖြစ်သည်။

မန်းနီးယဲစ်ရောဂါ သံသယရှိလူနာများတွင် ပြုလုပ်လေ့ရှိသော စစ်ဆေးမှုများမှာ_

  1. နားအကြားအာရုံ စစ်ဆေးခြင်း (Hearing assessment)
    နားအကြားအာရုံကို အသေးစိတ်စစ်ဆေးမှု (Hearing test or audiometry) ကို စက်ဖြင့် စစ်ဆေးနိုင်ပြီး အသံအမျိုးမျိုး၏ ကြိမ်နှုန်းအနိမ့်အမြင့်၊ အတိုးအကျယ်ကို ကြားနိုင်ခြင်း၊ အသံဆင်တူသော စကားလုံးများကို ခွဲခြားကြားနိုင်ခြင်း စသည့်အချက်များကို စစ်ဆေးနိုင်သည်။ ရောဂါရှိသူများတွင် ကြိမ်နှုန်းနိမ့်သံများ သို့မဟုတ် အမြင့်သံနှင့် အနိမ့်သံ‌ရောနေသော အသံများကို သေချာမကြားရခြင်းကို တွေ့နိုင်သည်။ သို့သော် ကြိမ်နှုန်း အလယ်အလတ်ရှိသော အသံများကိုမူ ပုံမှန်အတိုင်း ကြားနိုင်သည်ကို တွေ့ရသည်။
  2. ကိုယ်ခန္ဓာဟန်ချက်ထိန်းနိုင်မှု စစ်ဆေးခြင်း (Balance assessment)
    အောက်ပါစစ်ဆေးမှုများကို ပြုလုပ်ခြင်းဖြင့် အတွင်းနား၏ ကိုယ်ခန္ဓာဟန်ချက်ထိန်းခြင်းလုပ်ငန်း ပုံမှန်ဖြစ်မဖြစ်ကို သိနိုင်သည်။
    • မျက်လုံးအိမ်လှုပ်ရှားမှု စစ်ဆေးခြင်း (Eye movement measurement)
      • မျက်လုံးအိမ်လှုပ်ရှားမှု (Nystagmus) ကို ကြည့်ရှုတိုင်းတာ၍ ကိုယ်ခန္ဓာ၏ ဟန်ချက်ထိန်းခြင်းဆိုင်ရာ ရောဂါများကို ရှာဖွေခြင်းဖြစ်သည်
      • စမ်းသပ်မှုပြုလုပ်ရာတွင် လူနာအား အလင်းရောင်ပါသော ဖန်သားမျက်နှာပြင် (screen) ကို ကြည့်စေခြင်း၊ မျက်လုံးနှင့် ဦးခေါင်းတို့ကို ရှေ့၊ အပေါ်ဘက်၊ ဘေးဘက်သို့ ကြည့်စေခြင်း၊ နားအတွင်းကို ရေပူ၊ ရေအေးအနည်းငယ် ထည့်ခြင်း (Caloric test) စသည်တို့ကို ပြုလုပ်ပြီး ထိုအချိန်၌ ဖြစ်ပေါ်သော မျက်လုံးအိမ် တုံ့ပြန်လှုပ်ရှားမှုကို ကြည့်ရှုစစ်ဆေးခြင်း စသည်တို့ဖြစ်သည်
      • မျက်လုံးအိမ်လှုပ်ရှားမှု များကို တိုင်းတာရန် မျက်လုံးပတ်လည် အရေပြားပေါ်တွင် အာရုံခံသတ္တုပြားငယ်များ (Electrodes) ကပ်၍ မျက်လုံးအိမ်လှုပ်ရှားမှု လျှပ်စီးကြောင်းများတိုင်းခြင်း (Electronystagmography) သို့မဟုတ် အသေးစား ဗီဒီယိုကင်မရာတစ်ခု တပ်ဆင်ထားသော မျက်မှန်အကြီးကို လူနာကို တပ်စေပြီး မျက်လုံးအိမ်လှုပ်ရှားမှုကို ဗီဒီယိုဖြင့် မှတ်တမ်းတင်ခြင်း (Videonystagmography) စသည့် နည်းလမ်း (၂) ခုဖြင့် ပြုလုပ်နိုင်သည်
    • ဆုံလည်ကုလားထိုင်ဖြင့် စမ်းသပ်ခြင်း (Rotary-chair testing)
      • လူနာကို ဆုံလည်ကုလားထိုင်တွင် ထိုင်စေပြီးနောက် ထိုင်ခုံကို တဖြည်းဖြည်း ဘယ်ညာလှည့်ပေးသည်
      • ထိုသို့လှည့်ချိန်တွင် ဖြစ်ပေါ်သော မျက်လုံးအိမ်လှုပ်ရှားမှုကို စစ်ဆေးခြင်းဖြစ်သည်။
    • အသံဖြင့် စမ်းသပ်ခြင်း (Vestibular evoked myogenic potentials VEMP testing)
      • အတွင်းနား အစိတ်အပိုင်းများကို လှုံ့ဆော်ပေးသည့် အသံအမျိုးအစားကို ပေးပြီး လည်ပင်းနှင့် မျက်လုံးရှိ ကြွက်သားများက အသံကို တုံ့ပြန်၍ ဖြစ်ပေါ် သော ကြွက်သားလှုပ်ရှားမှုများကို တိုင်းတာခြင်းဖြစ်သည်
    • ဦးခေါင်းလှုပ်ရှားမှုပြုလုပ်ခြင်း (Video head impulse test – vHIT)
      • လူနာအား ရှေ့တစ်နေရာသို့ စိုက်ကြည့်စေပြီး စစ်ဆေးသူမှ လူနာ၏ ဦးခေါင်းအား ရုတ်တရက်အမြန် ဘယ်၊ ညာဘက်သို့ လှည့်လိုက်ပြီး ထိုသို့လှည့်လိုက်ချိန်တွင် ဖြစ်ပေါ်သော လူနာ၏ မျက်လုံးအိမ်လှုပ်ရှားမှုကို စစ်ဆေးခြင်းဖြစ်သည်
    • အတွင်းနားနှင့် အကြားအာရုံကြောတို့၏ လျှပ်စီးလှိုင်းများကို ပုံရိပ်ဖော်စစ်ဆေးခြင်း (Electrocochleography)
      အီးစီဂျီဆွဲခြင်းနှင့် သဘောတရားတူပြီး အတွင်းနား၌ ပြန်ရည်စုပုံနေခြင်း၊ ဖိအားများခြင်းတို့ကို ရှာဖွေရာ၌ အသုံးပြုသည်။
    • ကွန်ပျူတာစနစ်သုံး ဟန်ချက်စစ်ဆေးခြင်း (Computerized dynamic posturography)
      • ကိုယ်ခန္ဓာဟန်ချက်ထိန်းရန် လိုအပ်သော အမြင်အာရုံ၊ အတွင်းနားတို့အပြင် အရေပြား၊ ကြွက်သား၊ အဆစ်နှင့် အရွတ်များ၏ အာရုံခံနိုင်မှုတို့ကို တစ်ပြိုင်နက် စစ်ဆေးနိုင်သည်
  3. အခြားစစ်ဆေးမှုများ
    လက္ခဏာဆင်တူသော အခြားရောဂါများ (ဥပမာ_ ဦး‌နှောက်အကျိတ်များ၊ အာရုံကြောဖုံး အဆီလွှာ ပျက်စီးသောရောဂါ) ၏ ဖြစ်နိုင်ခြေကို ဖယ်နိုင်ရန်အတွက် လိုအပ်ပါက သွေးစစ်ဆေးခြင်း၊ ပုံရိပ်ဖော်စစ်ဆေးခြင်း (CT scan, MRI)၊ ခါးဆစ်ကြားမှ အရည်ထုတ်ယူစစ်ဆေးခြင်း (Lumbar puncture) စသည်တို့ကို ပြုလုပ်သည်။
ကုသခြင်း

ရောဂါ လုံးဝပျောက်ကင်းအောင် ကုသနိုင်သော ကုထုံးများ မရှိသလို နောက်ဆက်တွဲ အကြားအာရုံ လုံးဝဆုံးရှုံးခြင်းကို ကုသပေးနိုင်သော နည်းလမ်းများလည်း မရှိသေးပါ။ အဓိကအားဖြင့် ခေါင်းမူးခြင်းလက္ခဏာ ပြင်းထန်ခြင်း၊ မကြာခဏဖြစ်ပေါ်ခြင်းနှင့် အချိန်ကြာရှည်စွာ ခံစားနေရခြင်းများအတွက် လက္ခဏာသက်သာရန် ကုသမှုများပေးခြင်းဖြစ်သည်။ အောက်ဖော်ပြပါ နည်းလမ်းများဖြင့် ကုသပေးနိုင်သည်။

  1. ချာချာလည် ခေါင်းမူးခြင်းကို သက်သာစေသော ဆေးဝါးများ
    • လှုပ်ရှားမှုကြောင့် ခေါင်းမူးခြင်းကို သက်သာစေသော Meclizine, Diazepam ကဲ့သို့ ဆေးများသည် မူးဝေခြင်းနှင့် ပျို့အန်ခြင်းတို့ကို သက်သာစေသည်
    • အအန်ပျောက်ဆေး (Promethazine) – ခေါင်းမူးခြင်းကြောင့် ပျို့အန်သောလူနာများအတွက် သုံးနိုင်သည်
    • ဆီးဆေးအချို့နှင့် Betahistine ဆေးများ – တစ်မျိုးတည်း သို့မဟုတ် ဆေး ၂ မျိုးကို ပေါင်းစပ်၍ ပေးနိုင်သည်၊ ဆီးဆေးသည် အတွင်းနား၏ ပြန်ရည်ပမာဏကို လျော့စေပြီး Betahistine ဆေးသည် အတွင်းနားသို့ သွားသော သွေးကြောများကို ကျယ်စေကာ သွေးပမာဏများများ ရောက်စေခြင်းဖြင့် ချာချာလည်မူးခြင်း လက္ခဏာကို သက်သာစေသည်
  2. ခွဲစိတ်မှု မလိုအပ်သော လေ့ကျင့်ခန်းကုထုံးများနှင့် နည်းလမ်းများ
    • ဟန်ချက်ထိန်းညှိမှု ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ (Vestibular rehabilitation) – မကြာခဏ ချာချာလည်မူးသူများတွင် ထိုလေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းဖြင့် ဟန်ချက်ထိန်းနိုင်မှုကို ပိုမိုတိုးတက်လာစေနိုင်သည်
    • နားကြားကိရိယာတပ်ဆင်ခြင်း – အကြားအာရုံ ချို့တဲ့သူများတွင် နားကြားကိရိယာ တပ်ဆင်ခြင်းဖြင့် အသံပိုမိုကြားနိုင်ရန် ကူညီပေးနိုင်သည်
  3. နားအတွင်းသို့ ဆေးထိုးခြင်း
    • ဆေးဝါးများ၊ လေ့ကျင့်ခန်းများဖြင့် မသက်သာသော လူနာများအတွက် အသုံးပြုနိုင်သည်
    • နားအတွင်းသို့ Gentamicin ပိုးသတ်ဆေးကို ထိုးခြင်းဖြင့် ထိုဆေးသည် အတွင်းနား၏ ချာချာလည်မူးစေသော အစိတ်အပိုင်းကို ဖျက်ဆီးပစ်သောကြောင့် မူးဝေခြင်းလက္ခဏာကို လျှော့ချပေးသည်၊ သို့သော် အခြားနားတစ်ဖက်၏ အာရုံကြောကိုပါ ထိခိုက်နိုင်သောကြောင့် ရေရှည်တွင် နားမကြားခြင်းကို ပိုဖြစ်စေနိုင်သည်
    • အချို့သူများတွင် နားအတွင်းသို့ စတီးရွိုက်ဆေးထိုးခြင်းဖြင့် ခေါင်းမူးခြင်းကို သက်သာစေရန် ပြုလုပ်သည်၊ စတီးရွိုက်ဆေးသည် ပိုးသတ်ဆေးထိုးခြင်းနှင့် ယှဥ်လျှင် အာနိသင်နည်းနိုင်သော်လည်း ရေရှည်တွင် နားအကြားအာရုံထိခိုက်ခြင်း ပိုနည်းသည်
  4. ခွဲစိတ်ကုသခြင်း
    • အလွန်ပြင်းထန်စွာ မခံမရပ်နိုင်အောင် ခေါင်းမူးခြင်း၊ ဆေးဝါးများနှင့် အခြားကုထုံးများဖြင့် ကုသသော်လည်း မသက်သာသော လူနာများအတွက် ခွဲစိတ်ကုသမှုများ ခံယူနိုင်သည်
    • နားတွင်းပြန်ရည်အိတ်ကို ခွဲစိတ်ခြင်း (Endolymphatic sac surgery)
      နားတွင်းပြန်ရည်အိတ်ကို ခွဲစိတ်ခြင်းဖြင့် အတွင်းနားရှိ အရည်ပမာဏနှင့် ဖိအားကို လျော့စေသည်၊ တစ်ခါတစ်ရံ ပြန်ရည်အိတ်ထဲသို့ ပြွန်ငယ်တစ်ခုထည့်ထားခြင်းဖြင့် အရည်ပိုများကို ဖယ်ရှားသည်
    • အကြားအာရုံခံအင်္ဂါ အတွင်းသားကို ဖြတ်ထုတ်ဖယ်ရှားခြင်း (Labyrinthectomy)
      နားအကြားအာရုံ ပြင်းထန်စွာချို့တဲ့ခြင်း သို့မဟုတ် လုံးဝမကြား‌တော့သော လူနာများတွင် ထိုခွဲစိတ်မှုကို ပြုလုပ်နိုင်သည်၊ နား၏ အကြားအာရုံခံအင်္ဂါအတွင်းသားကို ဖယ်ထုတ်လိုက်ခြင်းဖြင့် ချာချာလည်ခေါင်းမူးခြင်းကို သက်သာစေနိုင်သည်
    • အကြားအာရုံကြောကို ဖြတ်တောက်ခြင်း (Vestibular nerve section)
      အကြားအာရုံကြောမျှင် အချို့ကို ဖြတ်တောက်ခြင်းဖြင့် ကိုယ်ခန္ဓာလှုပ်ရှားမှုနှင့် ဟန်ချက်ဆိုင်ရာ သတင်းပို့ချက်များကို နားမှတစ်ဆင့် ဦး‌နှောက်သို့ မရောက်အောင် တားဆီးပေးသည်၊ ထိုခွဲစိတ်မှုသည် ချာချာလည်မူးဝေခြင်းကို သိသိသာသာ သက်သာစေနိုင်သကဲ့သို့ အကြားအာရုံထိခိုက်ခြင်းလည်း နည်းပါးစေသည်
  5. နေထိုင်စားသောက်ပုံ ပြောင်းလဲခြင်းနှင့် မိမိကိုယ်ကို စောင့်ရှောက်ခြင်း
    • ဆားလျှော့၍ စားသောက်ခြင်းသည် ကိုယ်ခန္ဓာတွင် အရည်ဓာတ်များ စုပုံခြင်းကို သက်သာစေသည်။
    • ကဖင်းဓာတ်၊ အရက်နှင့် ဆေးလိပ်များသည် ခေါင်းမူးခြင်းကို ဖြစ်စေနိုင်သောကြောင့် ရှောင်ကြဥ်သင့်သည်
    • စိတ်ဖိစီးမှုများခြင်းသည်လည်း လက္ခဏာများကို ပိုဆိုးစေသောကြောင့် စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ချရန် လိုအပ်သည်
    • ရုတ်တရက် ချာချာလည် မူးဝေလာပါက ထိုင်ချခြင်း၊ လဲလျောင်းခြင်းပြုလုပ်ပါ၊ ခေါင်းမူးခြင်းကို ပိုဆိုးစေသော ရုတ်တရက်ခေါင်းကို လှုပ်ရှားခြင်း၊ အလင်းစူးစူးများကို ကြည့်ခြင်း၊ တီဗွီကြည့်ခြင်း၊ စာဖတ်ခြင်းစသည့် လှုပ်ရှားမှုများကို မှတ်ထားပြီး ရှောင်ကြဥ်ပါ၊ မူးဝေချိန်တွင် ငြိမ်သက်နေသော အရာဝတ္ထုတစ်ခုကို အာရုံစိုက်၍ ကြည့်ပါက မူးဝေခြင်းကို သက်သာစေသည်
    • ခေါင်းမူးနေချိန်နှင့် သက်သာခါစအချိန်တွင် အနားယူပါ။ အိပ်ရာပေါ်တွင် ခေတ္တလှဲနေခြင်း၊ ဖြေးညင်းစွာ ထထိုင်ခြင်း၊ လှုပ်ရှားခြင်း ပြုလုပ်ပါ၊ ဖြည်းဖြည်းလှုပ်ရှားခြင်းသည် ဦး‌နှောက်မှ ဟန်ချက်ထိန်းနိုင်ရန် အချိန်လုံလောက်စေသောကြောင့် ချာချာလည်မူးခြင်းကို လျော့စေသည်
    • မူးဝေသည့်အချိန် ဆောင်ထားရမည့် ဆေးဝါးများနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို မိသားစုဆရာဝန်နှင့် တိုင်ပင်၍ အစီအစဥ်ဆွဲပါ
ကာကွယ်ခြင်း

ရောဂါဖြစ်ပွါးစေသော အကြောင်းရင်းအတိအကျကို မသိရှိသောကြောင့် မဖြစ်အောင် ကြိုတင်ကာကွယ်ရန် နည်းလမ်းမရှိပါ။ ကျန်းမာအောင် နေထိုင်စားသောက်ခြင်း၊ နားကျန်းမာရေးကို ဂရုပြု၍ ပုံမှန်စစ်ဆေးခြင်း၊ ၊ နားဆိုင်ရာ လက္ခဏာများ ခံစားရပါက သေချာစစ်ဆေးကုသခြင်းတို့ဖြင့် အကြားအာရုံဆုံးရှုံးခြင်း လျော့နည်းအောင် ကာကွယ်နိုင်သည်။

References:

  1. Healthdirect Australia. (n.d.). Meniere’s disease. Retrieved January 5, 2026, from https://www.healthdirect.gov.au/menieres-disease
  2. Hopkins Medicine. (n.d.). Meniere’s disease. Retrieved January 5, 2026, from https://www.hopkinsmedicine.org/health/conditions-and-diseases/menieres-disease
  3. Mayo Clinic. (n.d.). Meniere’s disease: Diagnosis & treatment. Retrieved January 5, 2026, from https://www.mayoclinic.org/diseases-conditions/menieres-disease/diagnosis-treatment/drc-20374916
  4. Mayo Clinic. (n.d.). Meniere’s disease: Symptoms & causes. Retrieved January 5, 2026, from https://www.mayoclinic.org/diseases-conditions/menieres-disease/symptoms-causes/syc-20374910
  5. MEandVE (Ménière’s Society). (n.d.). Meniere’s disease. Retrieved January 5, 2026, from https://www.meandve.org.uk/information-and-support/symptoms-and-conditions/menieres-disease
  6. The Cleveland Clinic. (n.d.). Meniere’s disease. Retrieved January 5, 2026, from https://my.clevelandclinic.org/health/diseases/15167-menieres-disease

Published: 27 January 2026

Share

27 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.