ကိုယ်ဝန်ဆောင်ကာလ သွေးအားနည်းရောဂါ (Anaemia in Pregnancy) ဆိုသည်မှာ ကိုယ်ဝန်ဆောင်မိခင်တွင် သွေးအတွင်းသွေးနီဥ နည်းနေခြင်း သို့မဟုတ် အောက်ဆီဂျင်သယ်ဆောင်ပေးသော ဟေမိုဂလိုဘင် မလုံလောက်ခြင်းကို ဆိုလိုသည်။
ကမ္ဘာပေါ်ရှိ ကိုယ်ဝန်ဆောင်မိခင်များ၏ (၃၇) ရာခိုင်နှုန်းခန့်သည် ကိုယ်ဝန်ဆောင်ကာလ သွေးအားနည်းရောဂါ ခံစားနေရသည်။ အကြောင်းရင်းမှာ ကိုယ်ဝန်ဆောင်မိခင်၏ ပုံမှန်လိုအပ်ချက်အပြင် သန္ဓေသားဖွံ့ဖြိုးမှုအတွက်ပါ သွေးနီဥများကို (၂၀ မှ ၃၀) ရာခိုင်နှုန်းထိ ပိုမိုထုတ်လုပ်ရန် လိုအပ်ပြီး၊ ထိုသို့ထုတ်လုပ်ရန်အတွက် လုံလောက်သော သံဓာတ်နှင့် အခြားအာဟာရဓာတ်များ မရရှိသောအခါ သွေးအားနည်းရောဂါ ဖြစ်ပွါးနိုင်သည်။
သွေးအားနည်းရောဂါ အမျိုးအစား များပြားစွာ ရှိသော်လည်း ကိုယ်ဝန်ဆောင်ကာလတွင် အဖြစ်များသော သွေးအားနည်းရောဂါများမှာ_
- သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ (Iron-deficiency Anaemia)
- ဖောလိတ်ချို့တဲ့ သွေးအားနည်းရောဂါ (Folate-deficiency Anaemia)
- B12 ချို့တဲ့ သွေးအားနည်းရောဂါ (B12-deficiency Anaemia) တို့ဖြစ်ကြသည်။
ဖြစ်ပေါ်ရသော အကြောင်းရင်းများ
အောက်ဖော်ပြပါအချက်များသည် ကိုယ်ဝန်ဆောင်ကာလ သွေးအားနည်းရောဂါကို ဖြစ်ပွါးစေနိုင်သည်။
- သံဓာတ်ကြွယ်ဝသော အာဟာရများ လုံလောက်စွာ မစားသောက်ခြင်း
- ကိုယ်ဝန်ဆောင်ချိန် တစ်ကြိမ်နှင့်တစ်ကြိမ် နီးကပ်လွန်းခြင်း
- အမွှာကိုယ်ဝန်ဆောင်ဖြစ်ခြင်း
- ကိုယ်ဝန်ဆောင်စဉ် ပျို့အန်မှု ကြာရှည်ပြင်းထန်စွာဖြစ်ပွါးခြင်း
- ကိုယ်ဝန်ဆောင်စဉ် သွေးဆင်းခြင်း၊ သွေးသွန်ခြင်း
- သန်ကောင်ရောဂါ၊ ငှက်ဖျားရောဂါ ဖြစ်ပွါးခြင်း
- ကိုယ်ဝန်မဆောင်မီ ဓမ္မတာသွေး ဆုံးရှုံးမှုများခဲ့ခြင်း
- ဖောလိတ်၊ ဗီတာမင် B12၊ ဗီတာမင် အေ ချို့တဲ့ခြင်း စသည်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ
ကိုယ်ဝန်ဆောင်မိခင်တွင် သွေးအားနည်းရောဂါ ဖြစ်ပေါ်နေပါက
- မောပန်းနွမ်းနယ်ခြင်း၊ နုံးချိအားနည်းခြင်းနှင့် မူးဝေခြင်း
- အသားအရည်ဖြူဖျော့ခြင်း
- အသက်ရှူမဝခြင်း၊ ရင်တုန်ခြင်း
- ခေါင်းကိုက်ခြင်း
- ခြေဖျားလက်ဖျားအေးစက်ခြင်း
- အာရုံစုစည်းနိုင်မှု မရှိခြင်းစသည့် လက္ခဏာများ ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ကိုယ်ဝန်ဆောင်ကာလ သွေးအားနည်းရောဂါကို ထိရောက်သော ကာကွယ်ကုသခြင်းများ မပြုလုပ်နိုင်ခဲ့ပါက အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။
- သန္ဓေသားဖွံ့ဖြိုးမှု နှေးကွေးခြင်း
- လမစေ့၊ ပေါင်မပြည့်သော ကလေးမွေးဖွားခြင်း
- မီးဖွားချိန်တွင် သွေးသွန်ခြင်း
- မိခင်နှင့် ကလေးအတွက် ရောဂါပိုး ဝင်ရောက်ရန် လွယ်ကူခြင်း
- ကလေးဖွံ့ဖြိုးမှု နှောင့်နှေးခြင်း
- မီးဖွားပြီးနောက် စိတ်ကျရောဂါ ခံစားရနိုင်ခြင်း
- မိခင်၌ သွေးအားနည်းရာမှ နှလုံးလုပ်ငန်း ဖောက်ပြန်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
ကိုယ်ဝန်ဆောင်ကာလ သွေးအားနည်းရောဂါသည် အဖြစ်များသော်လည်း ကြိုတင်ကာကွယ်နိုင်သော ရောဂါဖြစ်သည့်အတွက် ကိုယ်ဝန်ရှိကြောင်း သိရှိသည်နှင့်တစ်ပြိုင်နက် နီးစပ်ရာ ကျန်းမာရေးဌာနများတွင် ကိုယ်ဝန်အပ်နှံ၍ စမ်းသပ်စစ်ဆေးမှုများနှင့် ပုံမှန်စောင့်ရှောက်မှုများကို စနစ်တကျ ခံယူရမည်ဖြစ်ပြီး၊ အကယ်၍ မောပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း သို့မဟုတ် ဖြူဖျော့လာခြင်းစသည့် လက္ခဏာများ ခံစားရပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ ချက်ချင်းသွားရောက်ပြသရန် အထူးလိုအပ်သည်။
ရောဂါရှာဖွေခြင်း
ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်စစ်ဆေးသည့် သွေးစစ်ဆေးမှုများတွင် ပါဝင်သည့် Complete blood count (CBC) စစ်ဆေးခြင်းဖြင့် ကိုယ်ဝန်ဆောင်သွေးအားနည်းရောဂါ ရှိမရှိ၊ သွေးအားနည်းရောဂါ အမျိုးအစားနှင့် ပြင်းထန်မှုအဆင့်ကိုပါ သိရှိနိုင်သည်။ ကိုယ်ဝန်ဆောင်ကာလ သွေးအားနည်းရောဂါအပြင် အခြားသွေးရောဂါများကို သံသယရှိပါက လိုအပ်သော စစ်ဆေးမှုများကို ထပ်မံဆောင်ရွက်ရန် လိုအပ်နိုင်သည်။
ကုသခြင်း
ကိုယ်ဝန်ဆောင်ကာလ သွေးအားနည်းရောဂါကို ကုသရာတွင် ချို့တဲ့နေသော ဓာတ်များကို ပြန်လည်ဖြည့်တင်းပေးခြင်းနှင့်အတူ အရင်းခံအကြောင်းရင်းကို ရှာဖွေကုသရန် လိုအပ်သည်။
- သံဓာတ်ဖြည့်တင်းခြင်း (Iron Supplementation)
သွေးအားနည်းမှု အခြေအနေပေါ်မူတည်၍ သံဓာတ်အားဆေးကို သောက်ဆေး (Oral Iron) သို့မဟုတ် အကြောသွင်းဆေး (Intravenous Iron) အဖြစ် ပေးနိုင်သည်။ သောက်ဆေး သောက်သုံးရာတွင် ဗီတာမင်စီ (Vitamin C) ကြွယ်ဝသော ဖျော်ရည်များနှင့် တွဲဖက်သောက်သုံးခြင်းက စုပ်ယူမှုကို အားကောင်းစေသည်။ - ဖောလိတ်နှင့် ဗီတာမင် B12 ဖြည့်စွက်ခြင်း (Folate and Vitamin B12)
အဆိုပါဓာတ်များသည် သွေးအားနည်းခြင်းအတွက်သာမက ဆဲလ်အသစ်များ ဖြစ်ပေါ်ရန်နှင့် သန္ဓေသားအာရုံကြော ဖွံ့ဖြိုးရန်အတွက်လည်း လိုအပ်သည်။ - သွေးသွင်းကုသခြင်း (Blood Transfusion)
ဟေမိုဂလိုဘင် (Hb) အလွန်အမင်း နည်းပါးခြင်း သို့မဟုတ် မီးဖွားခါနီးအချိန်တွင် သွေးအားနည်းမှု အလွန်ပြင်းထန်ပါက သွေးသွင်းကုသရန် လိုအပ်သည်။ - စောင့်ကြည့်စစ်ဆေးခြင်း ( Monitoring)
သွေးအားနည်းရောဂါ ပြင်းထန်ပါက မိသားစုဆရာဝန်၊ သွေးရောဂါအထူးကု၊ မီးယပ်အထူးကုများ ပူးပေါင်း၍ သန္ဓေသား၏ နှလုံးခုန်နှုန်းနှင့် ဖွံ့ဖြိုးမှု၊ မိခင်၏ကျန်းမာရေးတို့ကို အနီးကပ် စောင့်ကြည့်စစ်ဆေးသည်။
ကာကွယ်ခြင်း
- ဆရာဝန်၊ ဆရာမများ၏ ညွှန်ကြားချက်အတိုင်း သန်ချဆေး သောက်သုံးပါ
- သံဓာတ်နှင့် ဖောလစ်အက်ဆစ် ပါဝင်သော အားဆေးများကို မှန်မှန်သောက်ပါ
- သံဓာတ်အားဆေးကို အမည်းရောင်ပုလင်းအတွင်းထည့်၍ အဖုံးလုံအောင်ပိတ်ပြီး နေရောင်တိုက်ရိုက်မထိတွေ့သောနေရာတွင် ထားပါ
- ရေနွေးကြမ်း၊ လက်ဘက်ရည်၊ ကော်ဖီနှင့် ကယ်လ်စီယမ်ဓာတ် မြင့်မားသော အစားအစာများသည် ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူမှုကို လျော့နည်းစေသည့်အတွက် ၄င်းတို့ကို သံဓာတ်အားဆေးနှင့် အနည်းဆုံး (၂) နာရီခန့် ခြား၍ စားသုံးပါ
- သံဓာတ်စုပ်ယူမှု အားကောင်းစေရန် ဗီတာမင်စီ ကြွယ်ဝသော အသီး၊ ဖျော်ရည် သောက်သုံးပါ။
သွေးအားကောင်းစေရန်
- သံဓာတ်ကြွယ်ဝသော အသား၊ ငါး၊ ကြက်ဥ၊ ပဲအမျိုးမျိုး၊ ပန်းပွင့်စိမ်းကဲ့သို့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ နှင့် အစေ့အဆန်များ စုံလင်အောင် စားပါ
- ဖောလိတ်ကြွယ်ဝသော ပဲအမျိုးမျိုး၊ အစိမ်းရောင်အသီးအရွက်များ၊ ချဉ်သောအသီးများ၊ အသည်း၊ ပင်လယ်စာ၊ အသားများကို စားသုံးပါ
- ဗီတာမင် B12 ကြွယ်ဝသော အမဲအသည်း၊ ငါး၊ နို့ နှင့် ဒိန်ခဲ၊ ကြက်ဥတို့ကို စားသုံးပါ
ကိုယ်ဝန်ဆောင်ကာလ သွေးအားနည်းရောဂါသည် အဖြစ်များသောရောဂါဖြစ်ပြီး ကြိုတင်ကာကွယ်နိုင်သော ရောဂါတစ်မျိုးဖြစ်သည်။ ကုသရန် လွယ်ကူသော်လည်း ထိရောက်စွာ ကုသမှုမပြုခဲ့ပါက ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည့်အတွက် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ဆောလျင်စွာ ကိုယ်ဝန်အပ်နှံပြီး ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် အထူးလိုအပ်သည်။
References:
- American Society of Hematology. (2021). Identifying and treating iron deficiency anemia in pregnancy. Retrieved January 7, 2026, from https://ashpublications.org/hematology/article/2023/1/223/506437/Identifying-and-treating-iron-deficiency-anemia-in-pregnancy
- Cleveland Clinic. (2022). Anaemia during pregnancy. Retrieved January 7, 2026, from https://my.clevelandclinic.org/health/diseases/23112-anemia-during-pregnancy
- World Health Organization. (n.d.). Anaemia in pregnancy poster [PDF]. Retrieved January 7, 2026, from https://cdn.who.int/media/docs/default-source/searo/myanmar/documents/anemia-in-pregnancy-poster.pdf?sfvrsn=5a7c8b13_2
- World Health Organization. (2025). Anaemia [Fact sheet]. Retrieved January 7, 2025, from https://www.who.int/news-room/fact-sheets/detail/anaemia
Published: 27 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
