ကလေးများတွင်ဖြစ်သော အရေပြားနှင့် ကြွက်သားရောင်ရမ်းခြင်းရောဂါ (Juvenile Dermatomyositis – JDM) ဆိုသည်မှာ ကလေးများ၏ ခန္ဓာကိုယ်ရှိ လှုပ်ရှားမှုပြုလုပ်ပေးသော ကြွက်သားများ (Skeletal muscles) ရောင်ရမ်းအားနည်းခြင်းနှင့်အတူ ထူးခြားသော အရေပြားလက္ခဏာများ၊ အနီကွက်များ (Skin rashes) ထွက်ခြင်းတို့ တွဲလျက်ဖြစ်ပေါ်သည့် ရှားပါးသည့် ကိုယ်ခံအားမူမမှန်တုံ့ပြန်မှု ရောဂါတစ်ခုဖြစ်သည်။ ၎င်းသည် ကလေးများတွင် အဖြစ်အများဆုံးသော ကြွက်သားရောင်ရမ်းမှုဆိုင်ရာရောဂါ (Myositis) ဖြစ်ပြီး အချိန်မီ ကုသမှုခံယူပါက ကလေးအများစုသည် ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
JDM ဖြစ်ပွါးရသည့် တိကျသော အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးသော်လည်း မျိုးဗီဇအရ ရောဂါဖြစ်နိုင်ခြေရှိသူများတွင် ပတ်ဝန်းကျင်ဆိုင်ရာ လှုံ့ဆော်မှုများကြောင့် ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်ကာ မိမိခန္ဓာကိုယ်ကို ပြန်လည်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ယူဆကြသည်။ JDM ရောဂါ၏အခြေခံမှာ ခန္ဓာကိုယ်ရှိ သွေးကြောငယ်များ ရောင်ရမ်းပျက်စီးခြင်း (Systemic Vasculopathy) ဖြစ်ပြီး ၎င်းမှတစ်ဆင့် ကြွက်သားမျှင်များ အာဟာရပြတ်တောက်ကာ အားနည်းလာခြင်းဖြစ်သည်။
၎င်းကို ဖြစ်ပေါ်စေရန် လှုံ့ဆော်ပေးသော အချက်များမှာ_
- မျိုးဗီဇဆိုင်ရာအချက်များ (Genetic Susceptibility)
- အချို့သော သွေးဖြူဥ ပဋိပစ္စည်း (HLA) အမျိုးအစားများ ရှိနေခြင်းက ရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေသည်
- မိသားစုဝင်များထဲတွင် အခြားကိုယ်ခံအားမူမမှန်တုံ့ပြန်သော ရောဂါများ (ဥပမာ – SLE သို့မဟုတ် အမျိုးအစား-၁ ဆီးချိုရောဂါ) ရှိနေပါက JDM ဖြစ်နိုင်ခြေ ပိုများတတ်သည်
- ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြနမှု (Immunologic Mechanisms)
- သွေးကြောငယ်များ ထိခိုက်ခြင်း – ကိုယ်ခံအားစနစ်မှ သွေးကြောငယ်များ၏ နံရံများကို တိုက်ခိုက်သဖြင့် သွေးကြောငယ်များ ဆုံးရှုံးပြီး ကြွက်သားများဆီသို့ သွေးစီးဆင်းမှု လျော့နည်းသွားသည်
- ပဋိပစ္စည်းများ (Autoantibodies) – လူနာများ၏ သွေးထဲတွင် မိမိဆဲလ်ကို ပြန်တိုက်ခိုက်သည့် ပဋိပစ္စည်းများကို တွေ့ရတတ်သည်၊ ၎င်းတို့သည် ရောဂါလက္ခဏာများနှင့် တိုက်ရိုက်ဆက်စပ်နေသည် (ဥပမာ – Anti-NXP-2 ပဋိပစ္စည်းသည် အစာမျိုရခက်ခြင်းနှင့် ဆက်စပ်ပြီး Anti-MDA5 ပဋိပစ္စည်းသည် အဆုတ်ထိခိုက်ခြင်းနှင့် ဆက်စပ်သည်)
- Interferon (IFN) – ရောဂါရှိသူများ၏ ကြွက်သားနှင့် သွေးထဲတွင် Interferon ဟုခေါ်သော ပရိုတင်းဓာတ် မြင့်မားနေခြင်းကလည်း ရောင်ရမ်းမှုကို ပိုမိုဆိုးရွားစေသည်
- ရောဂါပိုးဝင်ခြင်း (Infection)
- ဗိုင်းရပ်စ် (ဥပမာ – Coxsackie B virus) သို့မဟုတ် ဘက်တီးရီးယား (ဥပမာ – Streptococcus) ကဲ့သို့သော ရောဂါပိုးများ ဝင်ရောက်ပြီးနောက် ကိုယ်ခံအားစနစ်မှ ရောဂါပိုးကို တိုက်ခိုက်ရင်း မိမိကြွက်သားဆဲလ်များကိုပါ မှားယွင်းတိုက်ခိုက်မိခြင်း (Molecular mimicry) ကြောင့် ဖြစ်နိုင်သည်ဟု ယူဆကြသည်
- ပတ်ဝန်းကျင်ဆိုင်ရာ လှုံ့ဆော်မှုများ
- ခရမ်းလွန်ရောင်ခြည် (UV rays) နှင့် ထိတွေ့မှု
- ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆေးလိပ်ငွေ့ သို့မဟုတ် လေထုညစ်ညမ်းမှုများနှင့် ထိတွေ့မိခြင်း
- မိုက်တိုကွန်ဒရီးယား ချို့ယွင်းမှု (Mitochondrial Pathology)
- ဆဲလ်များ၏ စွမ်းအင်ထုတ်ပေးသော မိုက်တိုကွန်ဒရီးယားများ ပျက်စီးခြင်းကလည်း ရောင်ရမ်းမှုကို ဖြစ်စေပြီး ကယ်လ်ဆီယမ်ဓာတ်များ စုပုံခြင်း (Calcinosis) ကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းတစ်ခု ဖြစ်နိုင်သည်
လူကြီးများနှင့်မတူဘဲ ကလေးများတွင် ဤရောဂါသည် ကင်ဆာရောဂါများနှင့် ဆက်စပ်မှု မရှိသလောက် ရှားပါးပြီး ကိုယ်တွင်းအင်္ဂါများရှိ သွေးကြောငယ်များ ရောင်ရမ်းခြင်းသည် ပိုမိုသိသာထင်ရှားသည်။
ရောဂါဖြစ်နိုင်ခြေများသူများ
JDM သည် ကလေးများတွင် အဖြစ်အများဆုံးသော ကိုယ်ခံအားမူမမှန် ကြွက်သားရောင်ရမ်းသည့်ရောဂါဖြစ်ပြီး ကလေးများတွင်ဖြစ်ပွါးသော ကြွက်သားရောင်ရမ်းမှု အားလုံး၏ (၈၅) ရာခိုင်နှုန်းခန့်ရှိသည်။ ရောဂါဖြစ်ပွားမှုနှုန်းမှာ ကလေးတစ်သန်းတွင် (၂)ဦး မှ (၄)ဦးခန့်ရှိပြီး အောက်ပါအခြေအနေများတွင် ပိုမိုတွေ့ရှိရသည်။
- အသက်အရွယ် – အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း အသက် (၅)နှစ် မှ (၁၀)နှစ်ကြား ကလေးများတွင် အဖြစ်အများဆုံးဖြစ်သည်
- ကျား/မ – မိန်းကလေးများတွင် ယောကျ်ားလေးများထက် (၂)ဆ မှ (၅)ဆအထိ ပိုမိုအဖြစ်များသည်
- မျိုးဗီဇ – မိသားစုဝင်များထဲတွင် SLE ကဲ့သို့သော အခြားကိုယ်ခံအားမူမမှန်ရောဂါ ရာဇဝင်ရှိခြင်းနှင့် ဆက်စပ်သည်
ရောဂါလက္ခဏာများ
JDM ၏ လက္ခဏာများသည် ကလေးတစ်ဦးနှင့်တစ်ဦး မတူညီနိုင်ဘဲ ရုတ်တရက် သို့မဟုတ် တဖြည်းဖြည်းချင်း ပေါ်လာတတ်သည်။ ကလေးအများစုတွင် ကြွက်သားအားနည်းခြင်းထက် အရေပြားလက္ခဏာများ ဦးစွာပေါ်ပေါက်လေ့ရှိသည်။
- အရေပြားလက္ခဏာများ
အရေပြားလက္ခဏာများသည် JDM ကို အခြားကြွက်သားရောဂါများမှ ခွဲခြားနိုင်သည့် အဓိကအချက်ဖြစ်သည်။- Heliotrope rash – မျက်ခွံအပေါ်ပိုင်းတွင် ခရမ်းရောင် သို့မဟုတ် အနီရောင်သန်းသော အနီပြင်လေးများဖြစ်ပြီး မျက်လုံးတစ်ဝိုက် ဖောင်းအစ်ခြင်းနှင့်အတူ တွဲတွေ့ရတတ်သည်
- Gottron papules – လက်ဆစ်များ၊ တံတောင်ဆစ်နှင့် ဒူးဆစ်များပေါ်တွင် နီမြန်းပြီး အကြေးခွံကဲ့သို့ ကြမ်းတမ်းသော အဖုအပိမ့်များ ထွက်ခြင်းဖြစ်သည်
- Shawl sign – နေရောင်နှင့် ထိတွေ့တတ်သော ပခုံး၊ လည်ပင်းနှင့် ရင်ဘတ်အပေါ်ပိုင်းတို့တွင် နီမြန်းနေခြင်းဖြစ်သည်
- လက်သည်းခြေသည်း ဘေးပတ်လည် ပြောင်းလဲခြင်း (Nailfold capillary changes) – လက်သည်းခြေသည်း ဘေးရှိ သွေးကြောငယ်များ ပုံမှန်မဟုတ်ဘဲ ဖောင်းကားနီရဲလာခြင်း သို့မဟုတ် ပျောက်ကွယ်သွားခြင်းတို့ ဖြစ်တတ်သည်
- အရေပြားအနာများ (Skin Ulcers) – သွေးကြောရောင်ရမ်းမှု ပြင်းထန်ပါက အရေပြားတွင် အနာများ ဖြစ်ပေါ်တတ်ပြီး ၎င်းသည် ရောဂါအခြေအနေ ပြင်းထန်မှုကို ပြသသည်
- Calcinosis – အရေပြားအောက်နှင့် ကြွက်သားများကြားတွင် ကယ်လ်ဆီယမ်အခဲများ စုပုံလာကာ နာကျင်သောအဖုများ ဖြစ်လာသည်။
- ကြွက်သားလက္ခဏာများ
- ကြွက်သားများ အားနည်းခြင်း (Proximal weakness) – ပခုံး၊ လက်မောင်း၊ ပေါင်နှင့် တင်ပါးဆုံရှိ ကြွက်သားများ အားနည်းလာသဖြင့် ကြမ်းပြင်မှ ထခြင်း၊ ကားပေါ်မှ အတက်အဆင်းလုပ်ခြင်း၊ လှေကားတက်ခြင်း၊ အဝတ်အစားလဲခြင်းနှင့် ဆံပင်ဖြီးခြင်းတို့တွင် ခက်ခဲလာသည်
- Gower’s sign – ထိုသို့အားနည်းသောကြောင့် ကြမ်းပြင်မှ ထသည့်အခါ လက်နှစ်ဖက်ဖြင့် မိမိခြေထောက်ကို ပြန်တွန်း၍ ထရခြင်းဖြစ်သည်
- နေ့စဉ်လှုပ်ရှားမှု ထိခိုက်ခြင်း – ကလေးသည် အလွယ်တကူ လဲကျခြင်း၊ ပစ္စည်းများ မ ရန် ခက်ခဲခြင်း သို့မဟုတ် အမြဲတမ်း ပင်ပန်းနွမ်းနယ်နေခြင်းတို့ ခံစားလာရသည်
- အခြားတွဲဖက်လက္ခဏာများ
- အစာမျိုရခက်ခြင်း (Dysphagia) နှင့် အသံပြောင်းခြင်း – လည်ချောင်းကြွက်သားများ အားနည်းလာပါက အစာသီးခြင်း၊ စကားပြောသံတွင် နှာသံပေါက်ခြင်း သို့မဟုတ် စကားပြောလေးလံခြင်းတို့ ဖြစ်နိုင်သည်
- အဆစ်အမြစ်များ နာကျင်ခြင်း – အဆစ်များ ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းတို့ ဖြစ်ပွါးတတ်သည်
- ဗိုက်နာခြင်း – အူလမ်းကြောင်းရှိ သွေးကြောများ ရောင်ရမ်းခြင်း (Vasculopathy) ကြောင့် ဗိုက်နာခြင်း၊ အစာအိမ်သွေးထွက်ခြင်းတို့ ဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိသော အရေးပေါ်အခြေအနေ ဖြစ်နိုင်သည်
- အဆီလွှာများ လျော့နည်းသွားခြင်း (Lipodystrophy) – အရေပြားအောက်ရှိ အဆီလွှာများ ပျောက်ကွယ်သွားပြီး ဆီးချိုရောဂါ သို့မဟုတ် သွေးတွင်းအဆီများခြင်းတို့နှင့် တွဲတွေ့ရတတ်သည်
- ကိုယ်အင်္ဂါတစ်ခုလုံး ဖောရောင်ခြင်း (Anasarca) – ရှားရှားပါးပါး အခြေအနေများတွင် တစ်ကိုယ်လုံး ဖောရောင်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး ၎င်းသည် ရောဂါရလဒ် မကောင်းနိုင်သည့် လက္ခဏာဖြစ်သည်
- အထွေထွေလက္ခဏာများ – ဖျားခြင်း၊ ကိုယ်အလေးချိန်ကျခြင်းနှင့် အစားအသောက်ပျက်ခြင်းတို့ တွဲ၍ တွေ့ရတတ်သည်
နောက်ဆက်တွဲပြဿနာများ
ရောဂါသက်တမ်းကြာလာသောအခါ အချို့တွင် အောက်ပါနောက်ဆက်တွဲပြဿနာများ တွေ့ရနိုင်သည်။
- အဆုတ်ထိခိုက်ခြင်း – အဆုတ်တစ်ရှူးများ အမာရွတ်ဖြစ်ခြင်းကြောင့် ချောင်းခြောက်ဆိုးခြင်းနှင့် အသက်ရှူမဝခြင်း
- အစာအိမ်နှင့် အူလမ်းကြောင်း ပေါက်ခြင်း – သွေးကြောရောင်ရမ်းမှုကြောင့် အူလမ်းကြောင်းအနာဖြစ်ခြင်း၊ သွေးယိုခြင်းနှင့် ပေါက်ခြင်း
- ကြီးထွားမှု နှောင့်နှေးခြင်း – ရောဂါကြောင့်သော်လည်းကောင်း၊ စတီးရွိုက်ဆေး ကြာရှည်သောက်ခြင်းကြောင့်သော်လည်းကောင်း ဖြစ်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါလက္ခဏာများကို သတိပြုမိသည်နှင့် မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် ပြသတိုင်ပင်သင့်သည်။ ဆရာဝန်များမှ အခြေအနေကို စစ်ဆေးပြီး လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များထံသို့ ဆက်လက်လွှဲပြောင်းပေးမည်။
ရောဂါရှာဖွေခြင်း
အထက်တွင်ဖော်ပြခဲ့သော အရေပြားလက္ခဏာများကိုရှာဖွေတွေ့ရှိလျှင် JDM ဖြစ်နိုင်ခြေအလွန်များသည်။ JDM ကို အတည်ပြုရန် ဆရာဝန်သည် လူနာ၏ ရောဂါရာဇဝင်နှင့် အရေပြားလက္ခဏာများ၊ ကြွက်သားအားနည်းခြင်းများကို စမ်းသပ်သည့်အပြင် အောက်ပါ စစ်ဆေးမှုများကို ပြုလုပ်မည်။
- သွေးစစ်ဆေးခြင်း (Blood Tests)
- ကြွက်သားအင်ဇိုင်းများ (Muscle Enzymes) – ကြွက်သားထိခိုက်ပျက်စီးမှုကို ပြသသော Creatine Kinase (CK), LDH, Aldolase နှင့် အသည်းအင်ဇိုင်းများ (ALT, AST) မြင့်တက်နေခြင်း ရှိမရှိ စစ်ဆေးသည်
- ပဋိပစ္စည်းများ (Myositis-specific Antibodies) – JDM ၏ အမျိုးအစားနှင့် ပြင်းထန်မှုကို ခွဲခြားရန် စစ်ဆေးသည် (ဥပမာ – Anti-p155/140, Anti-NXP-2, Anti-MDA5)
- အထွေထွေ စစ်ဆေးမှုများ – သွေးဖြူဥအရေအတွက် နည်းပါးခြင်း (Lymphopenia) နှင့် ရောင်ရမ်းမှုပြလက္ခဏာများ (ESR, CRP) မြင့်တက်နေခြင်းတို့ကို တွေ့ရနိုင်သော်လည်း ၎င်းတို့သည် ရောဂါအတည်ပြုရန်အတွက် တိုက်ရိုက်အသုံးမဝင်ဘဲ ခန္ဓာကိုယ်၏ ယေဘုယျအခြေအနေကို သိရှိရန်သာ အသုံးပြုသည်
- von Willebrand factor (vWF) – သွေးကြောငယ်များ ထိခိုက်မှုကို သိရှိရန် စစ်ဆေးနိုင်ပြီး JDM လူနာများတွင် မြင့်တက်နေတတ်သည်။
- သံလိုက်ဓာတ်မှန် (MRI)
ကြွက်သားများအတွင်း ရောင်ရမ်းမှု၊ ရေဝင်မှု (Edema) နှင့် အလွှာများ ရောင်ရမ်းမှုကို အသေးစိတ် ပုံရိပ်ဖော်နိုင်သည်။ ၎င်းသည် နာကျင်မှုမရှိဘဲ ရောဂါကို ရှာဖွေနိုင်ပြီး မည်သည့်နေရာမှ အသားစယူစစ်ဆေးရမည်ကို ဆုံးဖြတ်ရာတွင်လည်း အလွန်အသုံးဝင်သည်။ - ကြွက်သားများ၏ လုပ်ဆောင်မှု၊ တုံ့ပြန်မှုများကို စစ်ဆေးခြင်း (EMG)
ကြွက်သားအတွင်းသို့ အပ်ငယ်များ ထည့်သွင်း၍ လျှပ်စီးဓာတ်ဖြတ်သန်းချိန်တွင် မူမမှန်မှုများ ရှိမရှိကို တိုင်းတာသည်။ ရောင်ရမ်းအားနည်းနေသော ကြွက်သားများ၏ ထူးခြားသော လျှပ်စစ်လှိုင်းပုံစံများကို စစ်ဆေးနိုင်သည်။ - ကြွက်သားနေရာမှ အသားစယူ၍ စစ်ဆေးခြင်း (Muscle Biopsy)
JDM ရောဂါကို အသေအချာ အတည်ပြုနိုင်သည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။- Perifascicular atrophy – JDM ၏ ထူးခြားသော လက္ခဏာဖြစ်သည့် ကြွက်သားမျှင်စုများ၏ ဘေးပတ်လည်တွင် ကြွက်သားများ သိမ်လှီသွားခြင်းကို အဏုကြည့်မှန်ပြောင်းဖြင့် တွေ့ရနိုင်သည်
- သွေးကြောရောင်ရမ်းမှု – သွေးကြောငယ်များ ဘေးတွင် ရောင်ရမ်းမှုဆိုင်ရာ သွေးဆဲလ်များ (T-cells, Monocytes) စုပုံနေခြင်းနှင့် MHC class I ပဋိလှုံ့ပစ္စည်းများ ကြွက်သားဆဲလ်ပေါ်တွင် ပုံမှန်မဟုတ်ဘဲ ပေါ်နေခြင်းတို့ကို စစ်ဆေးတွေ့ရှိနိုင်သည်။
ကုသခြင်း
JDM ကုသမှု၏ အဓိကရည်ရွယ်ချက်မှာ ကြွက်သားရောင်ရမ်းမှုကို ထိန်းချုပ်ရန်၊ အင်္ဂါအစိတ်အပိုင်းများ ပျက်စီးမှုကို ကာကွယ်ရန်နှင့် ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကို လျှော့ချရန် ဖြစ်သည်။ ကုသမှုမစတင်မီ တီဘီရောဂါနှင့် အသည်းရောင်အသားဝါပိုးများ ရှိမရှိကို ဦးစွာ စစ်ဆေးလေ့ရှိသည်။
- အဓိကအသုံးပြုသော ဆေးဝါးများ
ရောဂါပြင်းထန်မှုအပေါ် မူတည်၍ ဆေးဝါးများကို ပေါင်းစပ်အသုံးပြုသည်။- စတီးရွိုက်ဆေးများ (Corticosteroids)
ရောင်ရမ်းမှုကို လျှော့ချရန် အခြေခံအကျဆုံး ဆေးဖြစ်သည်။ ရောဂါအသင့်အတင့်ရှိသူများကို Prednisolone သောက်ဆေးပေးပြီး၊ အသက်အန္တရာယ်ရှိနိုင်သော ပြင်းထန်လူနာများကို Methylprednisolone သွေးကြောသွင်းထိုးဆေး (Pulse therapy) ဖြင့် အမြန်ဆုံး ကုသရသည်။ ရောဂါသက်သာလာပါက ဆေးပမာဏကို ၁၂ လအတွင်း တဖြည်းဖြည်း လျှော့ချသွားရမည်။ - Methotrexate (MTX)
စတီးရွိုက်ဆေးပမာဏကို လျှော့ချနိုင်ရန်နှင့် ရောဂါကို ထိန်းချုပ်ရန်အတွက် အသုံးအများဆုံး ကိုယ်ခံအားနှိမ့်ချဆေးဖြစ်သည်။ တစ်ပတ်လျှင် တစ်ကြိမ်သာ သောက်ရန် သို့မဟုတ် ထိုးရန် လိုအပ်ပြီး၊ ဘေးထွက်ဆိုးကျိုး လျော့နည်းစေရန် Folic acid သို့မဟုတ် Folinic acid နှင့် တွဲဖက်ပေးရသည်။ - IVIG (Intravenous Immunoglobulin)
သွေးကြောမှတစ်ဆင့် သွင်းရသော ပဋိပစ္စည်းဖြစ်ပြီး အရေပြားအနာများရှိခြင်း သို့မဟုတ် အခြားဆေးဝါးများနှင့် မသက်သာခြင်းတို့အတွက် အလွန်ထိရောက်သည်။ - အထက်ပါဆေးဝါးများနှင့် မသက်သာသော (Refractory) လူနာများအတွက်
- Cyclophosphamide (CYC) – အဆုတ်ထိခိုက်ခြင်း သို့မဟုတ် အူလမ်းကြောင်း သွေးကြောရောင်ခြင်းကဲ့သို့ အလွန်ပြင်းထန်သော အခြေအနေများတွင် အသုံးပြုသည်
- Mycophenolate Mofetil (MMF) – အရေပြားလက္ခဏာများအတွက် အသုံးပြုသည်
- စတီးရွိုက်ဆေးများ (Corticosteroids)
- အခြားကုထုံးအသစ်များ
- JAK Inhibitors (ဥပမာ – Baricitinib, Tofacitinib)
၎င်းသည် နောက်ဆုံးပေါ် ကုထုံးဖြစ်ပြီး ကိုယ်ခံအားစနစ်မှ Interferon ထုတ်လုပ်မှုကို ပိတ်ဆို့ပေးသည်။ ဆေးမတိုးသော လူနာများနှင့် ကယ်လ်ဆီယမ်ခဲခြင်း (Calcinosis) ပြဿနာများတွင် သိသာစွာ အကျိုးရှိကြောင်း တွေ့ရှိရသည်။ - Biologics (ဥပမာ – Rituximab, Abatacept)
အခြားကုထုံးများ အဆင်မပြေပါက အသုံးပြုနိုင်သော ပစ်မှတ်ထားကုထုံးများဖြစ်သည်။
- JAK Inhibitors (ဥပမာ – Baricitinib, Tofacitinib)
- အခြားတွဲဖက်ကုထုံးများ
- နေရောင်ခြည်ကာကွယ်ခြင်း
JDM လူနာများသည် နေရောင်ခြည်နှင့် ဓာတ်မတည့်သဖြင့် အပြင်ထွက်လျှင် Sunscreen များလိမ်းသင့်သည့်အပြင် အကာအကွယ်အဝတ်အစားများ အမြဲဝတ်ဆင်ရမည်။ - လေ့ကျင့်ခန်းကုထုံး (Physical & Occupational Therapy)
ကြွက်သားများ သန်မာစေရန်နှင့် အဆစ်များ မာတောင့်မသွားစေရန် အလွန်အရေးကြီးသည်။ လေ့ကျင့်ခန်းလုပ်ခြင်းသည် ရောင်ရမ်းမှု ပိုမိုဆိုးဝါးခြင်း မဖြစ်စေဘဲ ကလေး၏ လှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေသည်။ - လိမ်းဆေးများ
အရေပြားနေရာကွက်၍ ဖြစ်ခြင်းအတွက် စတီးရွိုက်လိမ်းဆေး သို့မဟုတ် Tacrolimus လိမ်းဆေးများကို အသုံးပြုနိုင်သည်။
- နေရောင်ခြည်ကာကွယ်ခြင်း
ရောဂါရလဒ်ခန့်မှန်းချက်
JDM ဖြစ်သော ကလေးအများစုသည် စနစ်တကျ ကုသမှုခံယူပါက ရောဂါလက္ခဏာများ ပျောက်သွားသည်အထိ ကောင်းမွန်နိုင်သည်။ သို့သော် ရောဂါပြန်ထခြင်း (Relapse) ရှိနိုင်သဖြင့် ဆရာဝန်နှင့် ပုံမှန်ပြသရန်နှင့် ဆေးကို မိမိသဘောဖြင့် မဖြတ်ရန် အလွန်အရေးကြီးသည်။
ကာကွယ်ခြင်း
ကလေးများတွင်ဖြစ်သော အရေပြားနှင့် ကြွက်သားရောင်ရမ်းခြင်းရောဂါ (JDM) သည် ကိုယ်ခံအားစနစ် မူမမှန်မှုကြောင့် ဖြစ်ရခြင်းဖြစ်ပြီး ရောဂါဖြစ်စေသည့် အကြောင်းရင်းကို တိကျစွာ မသိရသေးသဖြင့် လုံးဝမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းမရှိသေးပါ။ သို့သော် ရောဂါရှိနေသည့် ကလေးများတွင် လက္ခဏာများ ပိုမဆိုးလာစေရန်နှင့် နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ရန်အတွက် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင်သည်။
- နေရောင်ခြည်ဒဏ်မှ ကာကွယ်ခြင်း (Photoprotection)
JDM လူနာများတွင် ခရမ်းလွန်ရောင်ခြည် (UV rays) သည် အရေပြားလက္ခဏာများကိုသာမက ကြွက်သားရောင်ရမ်းမှုကိုပါ ပိုမိုဆိုးရွားစေနိုင်သည်။- နေပူထဲထွက်လျှင် SPF 30 နှင့်အထက်ရှိသော နေလောင်ကာခရင်မ် (Sunscreen) ကို နေ့စဉ်အသုံးပြုရမည်
- နေရောင်ခြည်တိုက်ရိုက်မထိစေရန် လက်ရှည်၊ ဘောင်းဘီရှည်နှင့် ဦးထုပ်များ ဝတ်ဆင်ပေးရမည်
- ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်း (Physical Therapy)
ကြွက်သားများ အားနည်းသွားပြီးနောက် အဆစ်များ တောင့်တင်းသွားခြင်းနှင့် ကြွက်သားများ သိမ်လှီသွားခြင်းကို ကာကွယ်ရန်ဖြစ်သည်။- တတ်ကျွမ်းသော ပညာရှင်နှင့်တိုင်ပင်၍ သင့်တော်သော ကြွက်သားသန်မာစေသည့် လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးရမည်
- လေ့ကျင့်ခန်းလုပ်ခြင်းသည် ကလေး၏ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး စိတ်ပိုင်းဆိုင်ရာကိုလည်း အထောက်အကူပြုသည်
- စနစ်တကျ ကုသမှုခံယူခြင်း
နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ရောဂါစဖြစ်ချိန်တွင် ထိရောက်သော ကုသမှုကို အမြန်ဆုံးခံယူရန်ဖြစ်သည်။- ဆရာဝန်ညွှန်ကြားသည့် ဆေးဝါးများကို အချိန်မှန်သောက်သုံးပြီး မိမိသဘောဖြင့် ဆေးဖြတ်ခြင်း၊ လျှော့ခြင်း လုံးဝမပြုလုပ်ရပါ
- အာဟာရနှင့် ကျန်းမာရေးစောင့်ရှောက်မှု
- စတီးရွိုက်ဆေးများကြောင့် အရိုးပွခြင်းကို ကာကွယ်ရန် ကယ်လ်ဆီယမ်နှင့် ဗီတာမင် ဒီ (Vitamin D) ကြွယ်ဝသော အစားအစာများကို စားသောက်ရမည်
- ကိုယ်ခံအားနှိမ့်ချဆေးများ သောက်နေရသဖြင့် ကလေးကို ရောဂါပိုးကူးစက်မှုများမှ ကာကွယ်ရန် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ရမည်၊ ကာကွယ်ဆေးများ ထိုးနှံရမည်
References:
- Mayo Clinic. (n.d.). Dermatomyositis: Symptoms and causes. Retrieved December 20, 2025, from https://www.mayoclinic.org/diseases-conditions/dermatomyositis/symptoms-causes/syc-20353188
- Cleveland Clinic. (n.d.). Juvenile dermatomyositis. Retrieved December 20, 2025, from https://my.clevelandclinic.org/health/diseases/14808-juvenile-dermatomyositis
- Feldman, B. M., Rider, L. G., Reed, A. M., & Pachman, L. M. (2008). Juvenile dermatomyositis and other idiopathic inflammatory myopathies of childhood. Lancet, 371(9631), 2201–2212. https://doi.org/10.1016/S0140-6736(08)60955-1
- Kim, S., & Reed, A. M. (2025). Juvenile dermatomyositis: Epidemiology, pathogenesis, and clinical manifestations. In T. W. Post (Ed.), UpToDate. Accessed December 20, 2025, from https://www.uptodate.com/contents/juvenile-dermatomyositis-epidemiology-pathogenesis-and-clinical-manifestations
- Kim, S., & Reed, A. M. (2025). Juvenile dermatomyositis and other idiopathic inflammatory myopathies: Diagnosis. In T. W. Post (Ed.), UpToDate. Accessed December 20, 2025, from https://www.uptodate.com/contents/juvenile-dermatomyositis-and-other-idiopathic-inflammatory-myopathies-diagnosis
Published: 24 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
