Polymyositis (ကိုယ်ခံအားစနစ်ကြောင့် ကြွက်သားများရောင်ရမ်းခြင်းရောဂါ)

Polymyositis (ကိုယ်ခံအားစနစ်ကြောင့် ကြွက်သားများရောင်ရမ်းခြင်းရောဂါ)

ကိုယ်ခံအားစနစ်ကြောင့် ကြွက်သားများရောင်ရမ်းခြင်းရောဂါ (Polymyositis) သည် ခန္ဓာကိုယ်တစ်ခုလုံးရှိ လှုပ်ရှားမှု ပြုလုပ်ပေးသော ကြွက်သားများ (Skeletal muscles) ရောင်ရမ်းအားနည်းသောရောဂါဖြစ်ပြီး ပုံမှန်သွားလာလှုပ်ရှားမှုများကို ထိခိုက်စေသည်။ ဖြစ်စေသော အကြောင်းရင်းကို အတိအကျ မသိသော်လည်း ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်မှုဖြစ်ပေါ်၍ မိမိကိုယ်ခန္ဓာကြွက်သားများကို တိုက်ခိုက်ပြီး ရောင်ရမ်းမှုနှင့် အားနည်းမှုများ ဖြစ်စေသည်ဟု ယူဆကြသည်။ အဆိုပါရောဂါသည် ဖြစ်ပွါးမှုရှားပါးသော်လည်း (နှစ်စဥ် လူတစ်သိန်းတွင် ၂၅ ယောက်ခန့် ရောဂါဖြစ်ကြောင်းတွေ့ရသည်) နောက်ဆက်တွဲပြဿနာများ ပြင်းထန်ပြီး အခြားကြွက်သားထိခိုက်သောရောဂါများနှင့် မှားနိုင်သည်။ ရောဂါပျောက်ကင်းစေသော ကုသမှုများ မရှိသေးသော်လည်း လက္ခဏာများ သက်သာစေရန်နှင့် နေ့စဥ်ဘဝ လှုပ်ရှားသွားလာမှုများ ချောမွေ့စေရန် ဆေးဝါးများနှင့် လေ့ကျင့်ခန်းကုထုံးများဖြင့် ကုသနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကြွက်သား‌ရောင်ရမ်းခြင်းရောဂါကို ဖြစ်စေသောအကြောင်းရင်း အတိအကျကို မသိရသော်လည်း သုတေသနပညာရှင်များက ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်မှုသည် ရောဂါဖြစ်စေသော အဓိကအချက်တစ်ခုဖြစ်သည်ဟု ကောက်ချက်ချသည်။ အကြောင်းရင်းမရှိဘဲ ဖြစ်နိုင်သကဲ့သို့ ရောဂါတစ်ခုခုဖြစ်ပွါးပြီးနောက် ကြွက်သားရောင်ရမ်းမှု ဖြစ်ပေါ်နိုင်ခြေလည်းရှိသည် (ဥပမာ _ အအေးမိခြင်း၊ တုပ်ကွေးဗိုင်းရပ်စ်၊ ကိုဗစ်-၁၉ နှင့် HIV ပိုးတို့သည် ရောဂါဖြစ်စေရန် လှုံ့ဆော်ပေးနိုင်သည်)။

ရောဂါဖြစ်နိုင်ခြေ များစေသောအချက်များ
  • အသက် _ အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း အသက် (၃၀) မှ (၆၀) နှစ်ကြားတွင် အဖြစ်အများဆုံးဖြစ်သည်
  • ကျား/မ _ အမျိုးသမီးများသည် အမျိုးသားများထက် ရောဂါဖြစ်နိုင်ခြေ (၂) ဆ ပိုများသည်
  • အက်စ်အယ်အီးရောဂါ (SLE)၊ ရူမတွိုက်အဆစ်ရောင်ရောဂါ (RA)၊ အရေပြားထူလေးဘက်နာရောဂါ (Systemic sclerosis) ရှိသူများတွင် ဖြစ်နိုင်ခြေ ပိုများသည်
ရောဂါလက္ခဏာများ

အဓိကတွေ့ရသော လက္ခဏာများမှာ_

  • ကြွက်သားများ ဖောင်း၍ရောင်ရမ်းခြင်း၊ နာကျင်ခြင်း
  • ကြွက်သားများ အားနည်းခြင်း
  • လမ်းလျှောက်ရန်၊ လှေကားတက်ဆင်းရန်၊ အထိုင်အထပြုလုပ်ရန် ခက်ခဲလာခြင်း
  • လက်မြှောက်ရခက်ခြင်း၊ ပစ္စည်းများကို မ ရန်ခက်ခြင်း
  • စကားပြော လေးလာခြင်း၊ အစာမျိုချရခက်ခြင်း
  • အသက်ရှူမဝခြင်း၊ မောခြင်း
  • အိပ်ယာထခါစတွင် ကြွက်သားများ တောင့်တင်းခြင်း
  • အဖျားရှိခြင်း
  • အမြဲပင်ပန်းနွမ်းနယ်ခြင်း
  • ကိုယ်အလေးချိန်ကျလာခြင်း၊ အစားအသောက်ပျက်ခြင်းတို့ဖြစ်သည်။

ကြွက်သားရောင်ရမ်းအားနည်းခြင်းကို အဓိကအားဖြင့် ကိုယ်ခန္ဓာ၏ ကိုယ်ထည်ပိုင်းနှင့် ထိစပ်နေသော တင်ပါးဆုံ၊ ပေါင်၊ ပခုံး၊ လက်မောင်း၊ လည်ပင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ ကျောဘက်ရှိ ကြွက်သားများတွင် ဖြစ်ပေါ်သည်ကို တွေ့ရသည်။ ဘယ်၊ ညာ နှစ်ဖက်လုံးရှိ ကြွက်သားများ ထိခိုက်နိုင်ပြီး လက္ခဏာများသည် တဖြည်းဖြည်း ပိုဆိုးလာနိုင်သလို ဖြစ်လိုက်၊ ပျောက်လိုက်လည်း ဖြစ်နိုင်သည်။ ကြွက်သားဆိုင်ရာ လက္ခဏာများအပြင် တွဲလျက်ဖြစ်ပေါ်တတ်သော ရောဂါများ၏လက္ခဏာများကိုလည်း တွေ့နိုင်သည်။

  • လက်ချောင်း၊ ခြေချောင်းထိပ်များ အေးလာချိန်တွင် အရောင်ပြောင်းခြင်းနှင့် နာကျင်ကိုက်ခဲခြင်း (Raynaud’s phenomenon)
  • အက်စ်အယ်အီးရောဂါ (SLE)၊ ရူမတွိုက်အဆစ်ရောင်ရောဂါ (RA)၊ အရေပြားထူလေးဘက်နာရောဂါ (Systemic sclerosis) တို့၏ လက္ခဏာများ
  • အချို့လူနာများတွင် ရှားရှားပါးပါး နှလုံးကြွက်သား ရောင်ရမ်းအားနည်းခြင်းကို ဖြစ်စေသောကြောင့် နှလုံးအားနည်းခြင်းနှင့် နှလုံးခုန်စည်းချက် မမှန်ခြင်း
  • အဆုတ်တစ်ရှူးများတွင် အမာရွတ်များ ဖြစ်စေသဖြင့် အဆုတ်ခဲပြီး ချောင်းခြောက်ဆိုးခြင်း၊ အမောမခံနိုင်ခြင်း၊ အသက်ရှူမဝခြင်း
  • အချို့သူများတွင် ပြန်ရည်ကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ ပန်ကရိယကင်ဆာများနှင့် ဆက်စပ်မှုရှိခြင်း
နောက်ဆက်တွဲပြဿနာများ

ကြွက်သားများအားနည်းခြင်းကြောင့် ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_

  • အစာမျိုချရခက်ခြင်းကြောင့် အာဟာရချို့တဲ့ခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း
  • အစာသီးခြင်းကြောင့် အစာနှင့်အရည်များ အဆုတ်ထဲ‌ရောက်ရှိပြီး အဆုတ်ရောင်ခြင်း
  • အသက်ရှူရခက်ခဲခြင်းကြောင့် မောလာခြင်း၊ ပြင်းထန်ပါက အဆုတ်အားနည်းပြီး အောက်ဆီဂျင်ကျဆင်းခြင်း
  • နှလုံးခုန် စည်းချက်မမှန်ခြင်း၊ နှလုံးညှစ်အားကျ၍ နှလုံးအမောဖောက်ခြင်း
  • အဆုတ်အနာရွတ်ဖြစ်ခြင်း
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ စသည်တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါလက္ခဏာများရှိပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ကြွက်သားအားနည်းခြင်း၊ ရောင်ရမ်းနာကျင်ခြင်းတို့အပြင် အသက်ရှူရခက်ခဲခြင်း၊ အစာမျိုချရခက်ခြင်း စသည်တို့ရှိပါက ဆေးရုံ၊ ဆေးခန်းများသို့ အ‌ရေးပေါ်ပြသရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

ရောဂါရာဇဝင် မေးမြန်းခြင်း၊ ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးခြင်း၊ ကြွက်သားရောင်ရမ်းခြင်းနှင့် လှုပ်ရှားမှုအခြေအနေများ ဆန်းစစ်ခြင်းတို့ကို ပြုလုပ်ပြီး ရောဂါအတည်ပြုရန် လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။

  1. သွေးစစ်ဆေးခြင်း
    ကြွက်သားရောင်ရမ်းပျက်စီးမှုကို ညွှန်ပြသော Creatinine Kinase အင်ဇိုင်း၊ ကြွက်သားရောင်ရမ်းခြင်းရောဂါကို ပိုမိုတိကျစွာ ညွှန်းဆိုနိုင်သော သွေးတွင်းပဋိပစ္စည်းများ (Autoantibodies)၊ ရောင်ရမ်းခြင်းပြင်းထန်မှုကို သိနိုင်ရန် ESR, CRP စစ်ဆေးခြင်းတို့ကို ပြုလုပ်နိုင်သည်။
  2. ကြွက်သားများ၏ တုံ့ပြန်မှုနှင့် လုပ်ဆောင်မှုများ စစ်ဆေးခြင်း (Electromyography)
    အရေပြားကိုဖောက်၍ ကြွက်သားထဲသို့ Electrode ဟုခေါ်သော အပ်အသေးကို စိုက်ထားပြီးနောက် ကြွက်သားကျုံ့ချိန်နှင့် ပြန်ဆန့်ထုတ်ချိန်တွင် ရောင်ရမ်းအားနည်းသော ကြွက်သားအတွင်းရှိ လျှပ်စီးဓာတ်ပြောင်းလဲမှုများကို တိုင်းတာစစ်ဆေးခြင်းဖြစ်ပြီး ကြွက်သားနေရာအမျိုးမျိုးအတွက် စစ်ဆေးနိုင်သည်။
  3. သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း
    ကြွက်သားနေရာ အများအပြားပါဝင်သော ရောင်ရမ်းခြင်းကို သိရှိနိုင်ရန် သံလိုက်ဓာတ်မှန်ရိုက်၍ စစ်ဆေးသည်။
  4. ကြွက်သားမှအသားစယူစစ်ဆေးခြင်း (Muscle Biopsy)
    ကြွက်သားတစ်ရှူးအနည်းငယ်ကို အသားစယူ၍ ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်းဖြင့် ရောင်ရမ်းခြင်း၊ ပျက်စီးခြင်း၊ ကြွက်သားတွင်း ပရိုတင်းနှင့် အင်ဇိုင်းဓာတ်များ ချို့တဲ့ခြင်းတို့ကို စစ်ဆေးနိုင်သကဲ့သို့ ကြွက်သားပျက်စီးစေသော အခြားရောဂါများကို ခွဲခြားရှာဖွေရာတွင်လည်း အထောက်အကူပြုသည်။
  5. အခြားစစ်‌ဆေးမှုများ
    • နှလုံးအတွက် အီးစီဂျီ (ECG) စစ်ဆေးခြင်း
    • အဆုတ်၏ လုပ်ဆောင်နိုင်စွမ်းကို စစ်ဆေးခြင်း (Lung function test)
    • လိုအပ်ပါက ရင်ဘတ်ဓာတ်မှန် (CXR) ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း
    • အစာရေမျိုပြွန် မျိုချခြင်းအတွက် စစ်ဆေးခြင်း
    • ကင်ဆာရောဂါအတွက် စစ်ဆေးခြင်း
ကုသခြင်း

ကိုယ်ခံအားစနစ်တုံ့ပြန်မှုကြောင့် ကြွက်သားရောင်ရမ်းသောရောဂါကို အရှင်းပျောက်ကင်းအောင် ကုသနိုင်သော နည်းလမ်းမရှိသေးသော်လည်း ကြွက်သားများ သန်မာစေရန်နှင့် လှုပ်ရှားမှုများ တိုးတက်ကောင်းမွန်စေရန် ပံ့ပိုးပေးသော ကုသမှုများရှိသည်။ ရောဂါစဖြစ်ခါစ အချိန်မှစ၍ စောစီးစွာ ထိရောက်သောကုသမှုများ ခံယူပါက လက္ခဏာများကို ထိန်းချုပ်ပေးနိုင်သကဲ့သို့ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်ခြင်းကို လျော့နည်းစေသည်။ မည်သည့်ကုသမှုမျိုးသည် လူနာနှင့်သင့်တော်ခြင်း ရှိမရှိ ဆုံးဖြတ်ရာတွင် ရောဂါလက္ခဏာပြင်းထန်ခြင်း၊ အခြားရောဂါအခံများ တွဲရှိခြင်း၊ ကုသမှုအပေါ်တုံ့ပြန်ခြင်း စသည့်အချက်များကို ထည့်သွင်းစဥ်းစားသည်။

  1. ဆေးဝါးများဖြင့် ကုသခြင်း
    • စတီးရွိုက်ဆေးများ (Steroids)
      ကြွက်သားရောင်ရမ်းခြင်း လက္ခဏာများ သက်သာစေရန် အသုံးပြုသည်။ သို့ရာတွင် ဆေးပမာဏများများကို ကြာရှည်စွဲသောက်ပါက ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သောကြောင့် ဆရာဝန်မှ ဆေးပမာဏကို တဖြည်းဖြည်းလျှော့ရန် ညွှန်ကြားမည်ဖြစ်သည်။
    • ကိုယ်ခံအားနှိမ့်ချပေးသောဆေးများ (Immunosuppressants)
      စတီးရွိုက်ဆေးများနှင့် ပေါင်းစပ်ကုသပြီး စတီးရွိုက်ဆေးပမာဏနှင့် ဘေးထွက်ဆိုးကျိုးဖြစ်ပေါ်ခြင်းကို နည်းစေသည်။ အသုံးပြုလေ့ရှိသောဆေးများမှာ – Azathioprine, Methotrexate, Mycophenolate mofetil, Tacrolimus, Cyclosporine တို့ဖြစ်သည်။
    • ဇီဝဆေးများ (Biologics)
      စတီးရွိုက်ဆေးများ၊ ကိုယ်ခံအား နှိမ့်ချသောဆေးများဖြင့် ကုသသော်လည်း လက္ခဏာ မသက်သာသူများတွင် Rituximab ကဲ့သို့ ဇီဝဆေးဖြင့် ကုသနိုင်သည်။
    • ပဋိပစ္စည်းဖြင့် ကုသခြင်း (Intravenous immunoglobulin – IVIG)
      လက္ခဏာပြင်းထန်သော လူနာများ၊ အချိန်တိုအတွင်း ရောဂါပိုဆိုးလာသူများ၊ အခြားကုသမှုများဖြင့် ကုသသော်လည်း တုံ့ပြန်မှုမရှိသူများတွင် ကိုယ်ခံအားတုံ့ပြန်မှုကို ထိန်းချုပ်ရန် ပဋိပစ္စည်းများကို အသုံးပြုနိုင်သည်။
  2. လေ့ကျင့်ခန်းကုထုံးများ
    • ကြွက်သားများ သန်မာစေရန်၊ ပျော့ပျောင်းသွက်လက်စွာ လှုပ်ရှားနိုင်ရန်အတွက် လေ့ကျင့်ခန်းကုထုံးပညာရှင်မှ သင့်တော်သော လေ့ကျင့်ခန်းများကို လမ်းညွှန်မည်ဖြစ်သည်
    • ထို့အပြင် လည်ပင်းကြွက်သား အားနည်းခြင်းကြောင့် စကားပြောခက်ခြင်း၊ အစာဝါးစားရန်နှင့် မျိုချရန် ခက်ခြင်းတို့ကို စကားပြောဆိုမှုကုထုံးများ၊ အာဟာရပြည့်ဝစွာ စားသောက်မှုကုထုံးများဖြင့် လိုအပ်သလို ကုသပေးမည်ဖြစ်သည်
  3. အခြားကုထုံးများ
    • ကြွက်သား နာကျင်တောင့်တင်းခြင်းများ သက်သာရန်အတွက် အပူဓာတ် သို့မဟုတ် အအေးဓာတ်များပေးခြင်း
    • ကြွက်သားလှုပ်ရှားမှုများကို ထောက်ပံ့ပေးသော ခါးပတ်များ၊ အကူပစ္စည်းများ အသုံးပြုခြင်း
    • ရောဂါအခံများကို ကုသခြင်း
ရောဂါရလဒ်ခန့်မှန်းချက်

ရောဂါပြင်းထန်မှုနှင့် ကုသမှုကို တုံ့ပြန်မှုတို့အပေါ် မူတည်၍ လူတစ်ဦးနှင့်တစ်ဦး ကွာခြားနိုင်သည်။ ကလေးငယ်များတွင် ဖြစ်ပါက ပြန်လည်ပျောက်ကင်းနိုင်သော်လည်း လူကြီးများတွင်မူ ကိုယ်ခံအားနှိမ့်ချဆေးဝါးများဖြင့် ရေရှည်ကုသရန် လိုအပ်နိုင်သည်။ အသက်အရွယ်ကြီးသူများတွင် နောက်ဆက်တွဲ အာဟာရချို့တဲ့ခြင်း၊ အဆုတ်ရောင်ရောဂါ၊ အဆုတ်အားနည်းခြင်းနှင့် ပြင်းထန်သော နာတာရှည် ကြွက်သားအားနည်းခြင်းတို့အပြင် ကင်ဆာရောဂါ၊ နှလုံးရောဂါတို့ကြောင့် အသက်သေဆုံးနိုင်သည်။

ကာကွယ်ခြင်း

ရောဂါဖြစ်စေသော အကြောင်းရင်းကို မသိရှိသောကြောင့် ရောဂါမဖြစ်အောင် ကြိုတင်မကာကွယ်နိုင်ပါ။ ရောဂါရှိသောလူနာများတွင်မူ အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် လက္ခဏာများကို သက်သာစေနိုင်ပြီး နေ့စဥ်ဘဝလှုပ်ရှားသွားလာမှုများအတွက် အထောက်အကူဖြစ်နိုင်သည်။

  • ဆရာဝန်များ၏ ညွှန်ကြားချက်များကို လိုက်နာခြင်း၊ လေ့ကျင့်ခန်းကုထုံးများ ပုံမှန်ခံယူခြင်း
  • မိမိ၏ ရောဂါလက္ခဏာများကို သတိထား၍ ဆရာဝန်နှင့် လိုအပ်သလို တိုင်ပင်ခြင်း
  • ကြွက်သားနာကျင်မှုများ ပြင်းထန်ပါက ကောင်းစွာအနားယူခြင်း
  • စိတ်ဖိစီးမှုများကို လက်ခံသိရှိ၍ လိုအပ်သော တိုင်ပင်ဆွေးနွေးမှုများ ခံယူခြင်း
  • မိသားစုနှင့် မိတ်ဆွေများထံမှ လိုအပ်သော အကူအညီများ ရယူခြင်း

References:

  1. Mayo Clinic. (n.d.). Polymyositis: Symptoms and causes. Retrieved November 7, 2025, from https://www.mayoclinic.org/diseases-conditions/polymyositis/symptoms-causes/syc-20353208
  2. Mayo Clinic. (n.d.). Polymyositis: Diagnosis and treatment. Retrieved November 7, 2025, from https://www.mayoclinic.org/diseases-conditions/polymyositis/diagnosis-treatment/drc-20353212
  3. Cleveland Clinic. (n.d.). Polymyositis. Retrieved November 7, 2025, from https://my.clevelandclinic.org/health/diseases/12053-polymyositis
  4. The Myositis Association. (n.d.). Polymyositis. Retrieved November 7, 2025, from https://www.myositis.org/about-myositis/types-of-myositis/polymyositis/
  5. MedlinePlus. (n.d.). Polymyositis. Retrieved November 7, 2025, from https://medlineplus.gov/ency/article/000428.htm
  6. Johns Hopkins Medicine. (n.d.). Polymyositis. Retrieved November 7, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/polymyositis

Published: 23 January 2026

Share

23 January 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Hyperacusis (နားအကြားအာရုံခံစားမှု လွန်ကဲခြင်း)
Apr 24, 2026
Diseases and Conditions

Hyperacusis (နားအကြားအာရုံခံစားမှု လွန်ကဲခြင်း)

နားအကြားအာရုံခံစားမှု လွန်ကဲခြင်း (Hyperacusis) သည် သာမန်အသံများကိုပင်...

Medial Collateral Ligament Injury (ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ် ထိခိုက်ဒဏ်ရာရခြင်း)
Apr 24, 2026
Diseases and Conditions

Medial Collateral Ligament Injury (ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ် ထိခိုက်ဒဏ်ရာရခြင်း)

ဒူးဆစ်အတွင်းဘက် ဘေးတိုက်အရွတ် ထိခိုက်ဒဏ်ရာရခြင်း (Medial Collateral...

Venous Stasis Dermatitis (သွေးပြန်ကြောပိတ်ဆို့မှုကြောင့် အရေပြားရောင်ရမ်းခြင်း)
Apr 24, 2026
Diseases and Conditions

Venous Stasis Dermatitis (သွေးပြန်ကြောပိတ်ဆို့မှုကြောင့် အရေပြားရောင်ရမ်းခြင်း)

သွေးပြန်ကြောပိတ်ဆို့မှုကြောင့် အရေပြားရောင်ရမ်းခြင်းသည်...