ရေယုန်နောက်ဆက်တွဲ အာရုံကြောနာကျင်ခြင်း (Postherpetic neuralgia) ဆိုသည်မှာ ဆင်ရေယုန် (Shingles) ရောဂါ၏ အဖြစ်အများဆုံး နောက်ဆက်တွဲပြဿနာဖြစ်ပြီး ဆင်ရေယုန် အရည်ကြည်ဖုများနှင့် အနီကွက်များ ဖြစ်ပေါ်ခဲ့သော အရေပြားနေရာ၌ အရည်ကြည်ဖုများ၊ အကွက်များ ပျောက်ကင်းသွားသော်လည်း အာရုံကြောနာကျင်မှု ဆက်တိုက်ခံစားနေရခြင်းကို ဆိုလိုသည်။ ဆင်ရေယုန်ပေါက်ဖူးသော လူ (၅) ဦးတွင် (၁) ဦးသည် ထိုသို့အာရုံကြောနာကျင်မှုကို ခံစားရနိုင်သည်။ အသက် (၅၀) နှင့်အထက်ရှိသူများတွင် ပို၍တွေ့ရပြီး နာတာရှည် အာရုံကြောနာကျင်ခြင်းကြောင့် နောက်ပိုင်းတွင် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ဖြစ်ပေါ် နိုင်သည်။ နာကျင်မှုကို လုံးဝပျောက်ကင်းစေသော ကုသဆေးမရှိသော်လည်း အနာသက်သာစေရန် ဆေးဝါးများနှင့် ထိန်းချုပ်ကုသနိုင်သည်။ လူနာအများစုတွင် နာကျင်မှုလက္ခဏာများသည် လပိုင်းအတွင်း တဖြည်းဖြည်း သက်သာလာသည်ကို တွေ့ရသော်လည်း အချို့သူများတွင် အာရုံကြောနာကျင်မှုသည် နှစ်အနည်းငယ်ကြာထိ ဆက်လက်ဖြစ်နေတတ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဆင်ရေယုန်ရောဂါသည် ရေကျောက်ရောဂါကို ဖြစ်စေသော ရေယုန်ဗိုင်းရပ်စ်ပိုး (Varicella-zoster virus) ကြောင့် ဖြစ်ပွါးပြီး ဗိုင်းရပ်စ်ပိုးကြောင့် အရေပြားအောက်ရှိ အာရုံကြောများ ရောင်ရမ်းပျက်စီးသောအခါ အာရုံကြောနာကျင်ခြင်းကို ဖြစ်စေသည်။ သို့ရာတွင် ရေယုန်ပျောက်သွားသော်လည်း အာရုံကြောနာကျင်ခြင်း ဆက်လက်ဖြစ်ပေါ်နေသည့် အကြောင်းရင်းကို အတိအကျ မသိရှိပါ။ အာရုံကြောများ ပျက်စီးသွားပြီး အရေပြားမှ အာရုံကြောအချက်ပြမှုများကို ပုံမှန်မထုတ်နိုင်တော့သောကြောင့် ထိုသို့နာကျင်မှုကို ဆက်တိုက်ကြာရှည်စွာ ခံစားရခြင်းဖြစ်နိုင်သည်ဟု ယူဆသည်။
ရောဂါဖြစ်နိုင်ခြေများသူများ
အောက်ပါအချက်များရှိပါက ရေယုန်ပေါက်ပြီးနောက် အာရုံကြောနာကျင်မှု ဆက်တိုက်ခံစားရနိုင်ခြေ များသည်။
- အသက် (၅၀) အထက် လူကြီးများ
- ဆင်ရေယုန်ပေါက်ချိန်တွင် အနီကွက်များ ပြင်းထန်ခြင်း၊ မျက်လုံးအနားတွင် ဖြစ်ပေါ်ခြင်းနှင့် ရေယုန်အရည်ကြည်ဖုများ နာကျင်မှု ပြင်းထန်ခြင်း
- ရေယုန်ပေါက်ချိန်တွင် ဗိုင်းရပ်စ်ပိုးသတ်ဆေးကို အနီကွက်စတင်ဖြစ်ပေါ်ပြီး (၇၂) နာရီအတွင်း မသောက်သုံးခဲ့ခြင်း
- ရေယုန်ကာကွယ်ဆေး မထိုးနှံထားခြင်း
- ဆီးချိုရောဂါရှိခြင်း
- ကိုယ်ခံအား ကျဆင်းအားနည်းခြင်း
ရောဂါလက္ခဏာများ
ယေဘုယျအားဖြင့် ဆင်ရေယုန်ပေါက်ခဲ့သည့် အရေပြားနေရာ၌ ခံစားရလေ့ရှိပြီး ဖြစ်ပေါ်လာသော အာရုံကြောနာကျင်မှု လက္ခဏာများသည် တစ်ဦးနှင့်တစ်ဦး ကွာခြားနိုင်သည်။ ကိုယ်ခန္ဓာ၏ တစ်ဖက်ခြမ်း အထူးသဖြင့် ရင်ဘတ်နှင့် ကျောဘက် နံရိုးတစ်လျှောက်တွင် ပို၍ နာတတ်သည်။ ဆင်ရေယုန်အနီကွက်များ ဖြစ်ပေါ်ချိန်၌ နာကျင်ခြင်းကို ခံစားရနိုင်သလို အနီကွက်များ ပျောက်ကင်းသွားပြီး ရက်သတ္တပတ် သို့မဟုတ် လ အနည်းငယ်ကြာပြီးမှ နာကျင်မှု ပြန်လည်ဖြစ်ပေါ်လာနိုင်သည်။ ဖြစ်ပေါ်လေ့ရှိသော လက္ခဏာများမှာ_
- စူး၍ နာခြင်း၊ ကိုက်ခြင်း၊ မီးစနှင့်ထိုးသကဲ့သို့ ပူ၍နာခြင်း၊ ကျဥ်ခြင်းတို့ ခံစားရပြီး ထိုလက္ခဏာများသည် ဆက်တိုက်ဖြစ်ပေါ်နိုင်သကဲ့သို့ တစ်ခါတစ်ရံ ဖြစ်လိုက်ပျောက်လိုက် ဖြစ်နိုင်သည်
- အထိမခံနိုင်အောင်နာခြင်း _ အချို့လူများတွင် နာနေသည့်အရေပြားနေရာကို အဝတ်အစားဖြင့် အသာအယာပွတ်တိုက်မိခြင်း၊ လက်ဖြင့် ထိကိုင်မိခြင်း၊ ဖိမိခြင်း၊ ပတ်ဝန်းကျင်အပူချိန် ပြောင်းလဲခြင်း စသည့်အချိန်များတွင် မခံမရပ်နိုင်အောင် နာကျင်ခြင်းကို ခံစားရသည်
- အရေပြားယားယံခြင်း
- အရေပြားထုံကျဥ်ခြင်း (တွေ့ရနည်းသည်) စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
နာကျင်ခြင်းကို ခံစားရသော အချိန်ကာလနှင့် ပြင်းထန်မှုပေါ် မူတည်၍ နောက်ဆက်တွဲပြဿနာအမျိုးမျိုး ခံစားရနိုင်သည်။ နာတာရှည် ဆက်တိုက်နာကျင်မှုများကြောင့်
- စိတ်မသက်မသာဖြစ်ခြင်း
- ကောင်းစွာ အိပ်မပျော်ခြင်း
- စိတ်ဓာတ်ကျခြင်း
- အမြဲတမ်း ပင်ပန်းနွမ်းနယ်ခြင်း
- အစားအသောက်ပျက်ခြင်း
- နာကျင်မှုကြောင့် အလုပ်လုပ်ရာတွင် အာရုံမစူးစိုက်နိုင်ခြင်းစသည်တို့ ဖြစ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ဆင်ရေယုန်၏ လက္ခဏာများ ဖြစ်ပေါ်ပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ ဆင်ရေယုန် အနီကွက်များ စတင်ဖြစ်ပေါ်ချိန်မှ (၇၂) နာရီအတွင်း ဗိုင်းရပ်စ်ပိုးသတ်ဆေးကို သောက်သုံးပါက အာရုံကြောနာကျင်မှု ဖြစ်နိုင်ခြေ ကျဆင်းစေသောကြောင့် ဆောလျင်စွာ ဆေးသောက်ရန် လိုအပ်သည်။ ရေယုန်အနာများ သက်သာပျောက်ကင်းပြီးသော်လည်း နာကျင်မှု ဆက်လက်ခံစားနေရပါက ဆရာဝန်နှင့်တိုင်ပင်၍ လိုအပ်သော ကုသမှုများ ခံယူသင့်သည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်မှ ရောဂါလက္ခဏာများ မေးမြန်းခြင်း၊ ယခင်ရေယုန်ပေါက်ဖူးခြင်း ရာဇဝင် ရှိမရှိ မေးမြန်းခြင်း၊ အရေပြားနာကျင်သောနေရာကို စမ်းသပ်စစ်ဆေးခြင်းတို့ဖြင့် အာရုံကြောနာကျင်ခြင်းရောဂါကို အလွယ်တကူ သိရှိနိုင်သည်။ များသောအားဖြင့် အခြားဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ရန် မလိုအပ်ပါ။
ကုသခြင်း
ရေယုန်နောက်ဆက်တွဲ အာရုံကြောနာကျင်ခြင်းကို သက်သာစေရန် ပေးနိုင်သော ဆေးဝါးအမျိုးအစား များစွာရှိသည်။ ဆေးဝါးတစ်မျိုးတည်းဖြင့် သက်သာသော လူနာများရှိသကဲ့သို့ တစ်ခါတစ်ရံ ဆေးဝါးများကို ပေါင်းစပ်ကုသရန် လိုအပ်နိုင်သည်။ ဆေးဝါးများအပြင် အရေပြားနာကျင်မှုကို သက်သာစေရန်အတွက် သက်သောင့်သက်သာဖြစ်စေသော အဝတ်အစားများဝတ်ခြင်း၊ နာကျင်သောနေရာကို အဝတ်ထူပတ်၍ ရေခဲကပ်ပေးခြင်းများ ပြုလုပ်နိုင်သည်။ စိတ်ပိုင်းဆိုင်ရာ ခံစားရသော စိတ်ဓာတ်ကျခြင်း၊ အိပ်မပျော်ခြင်း၊ စိုးရိမ်ပူပန်မှုများခြင်းတို့အတွက် လိုအပ်ပါက စိတ်ကျန်းမာရေး အထူးကုဆရာဝန်နှင့် တိုင်ပင်၍ ကုသမှုခံယူသင့်သည်။
အနာသက်သာစေသော ဆေးဝါးများဖြင့် ကုသခြင်း
- မပြင်းထန်သော နာကျင်မှုများအတွက် Paracetamol, Ibuprofen ကဲ့သို့ အနာသက်သာဆေးများ ပေးနိုင်သည်
- အကိုက်အခဲပျောက်ဆေး ကပ်ခွာများ (Lidocaine skin patch, Capsaicin skin patch) – အနာသက်သာဆေးများ ပါဝင်သည့် ဆေးကပ်ခွာများကို နာနေသောအရေပြားနေရာ၌ ကပ်ပေးခြင်းဖြင့် အနာသက်သာစေသည်
- အတက်ကျဆေးများ (Anticonvulsants – Gabapentin, Pregabalin)
အတက်ကျဆေးများသည် အာရုံကြောနာကျင်မှုကို လျှော့ချပေးနိုင်သော အာနိသင်ရှိသောကြောင့် အနာသက်သာစေရန် ပေးနိုင်သည်။ ကြာကြာသုံးစွဲပါက ငိုက်မျဥ်းခြင်း၊ ခေါင်းမူးခြင်း၊ အာရုံစူးစိုက်မှု ခက်ခဲခြင်းနှင့် ခြေထောက်အမ်းခြင်းစသည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်သည်။ - စိတ်ကျရောဂါကုဆေးများ (Antidepressants – Nortriptyline, Amitriptyline, Duloxetine, Venlafaxine, Escitalopram, Quetiapine)
စိတ်ကျဆေးများသည် စိတ်ကျရောဂါကို သက်သာစေသလို ဦးနှောက်မှ နာကျင်မှု ခံစားသိရှိခြင်းကိုလည်း လျှော့ချပေးနိုင်သောကြောင့် စိတ်ကျရောဂါမရှိသူများတွင်လည်း အနာသက်သာအောင် ကုသရာတွင် အသုံးပြုနိုင်သည်။ ဘေးထွက်ဆိုးကျိုးအနေဖြင့် ငိုက်မျဥ်းခြင်း၊ အာခေါင်ခြောက်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ မိုက်ခနဲ မူးဝေခြင်းတို့ ဖြစ်နိုင်သည်။ - ဘိန်းပါဝင်သော အနာသက်သာဆေးများ (Opioid analgesics – Tramadol, Oxycodone, Morphine)
အာနိသင်အလွန်ပြင်းထန်သည့် အနာသက်သာဆေးများဖြစ်ပြီး ဆေးစွဲနိုင်သော အန္တရာယ်ရှိသောကြောင့် ဆရာဝန်များ၏ ညွှန်ကြားချက်ဖြင့်သာ သုံးစွဲရသော ဆေးဝါးများဖြစ်သည်။ ဆရာဝန်များမှ လူနာအခြေအနေပေါ် မူတည်၍ လိုအပ်လျှင် သုံးစွဲရန် လမ်းညွှန်မည်ဖြစ်ပြီး ထိုအတိုင်း လိုက်နာသောက်သုံးရန် လိုအပ်သည်။ ခေါင်းမူးခြင်း၊ ငိုက်မျဥ်းခြင်း၊ ဝမ်းချုပ်ခြင်း စသော နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သည်။
အခြားကုသမှု နည်းလမ်းများ
အထက်ပါ ဆေးဝါးများဖြင့် မသက်သာသော လူနာများတွင် နာတာရှည်နာကျင်မှုကို သက်သာစေရန်_
- ကျောရိုးထဲသို့ စတီးရွိုက်ဆေးများ ထိုးပေးခြင်း (Steroid shots)
- အာရုံကြောအနီးသို့ ထုံဆေးထိုးပေးခြင်းဖြင့် အာရုံကြောမှ ဦးနှောက်သို့ ပို့သော နာကျင်မှု အချက်ပြခြင်းကို လျှော့ချပေး၍ အနာသက်သာစေခြင်း (Nerve blocks)
- အာရုံကြောအနီးတွင် Botox ထိုးခြင်း (Botulinum toxin injection)
- ခါးရိုးထုံဆေးထိုးခြင်း (Epidural anesthesia)
- ကျောရိုးအာရုံကြောမကြီးကို လှုံ့ဆော်ပေးသော စက်ပစ္စည်းထည့်ခြင်းဖြင့် အနာသက်သာစေခြင်း (Spinal cord stimulation)
- နံရိုးအကြားရှိ အာရုံကြောများကို အအေးဓာတ်ဖြင့် အေးခဲစေပြီး နာကျင်မှုအချက်ပြခြင်းကို လျော့ကျစေခြင်း (Cryoablation of intercostal nerves) စသည့် ကုသမှုများကိုလည်း ပြုလုပ်နိုင်သည်။
ကာကွယ်ခြင်း
ရေယုန်နောက်ဆက်တွဲ အာရုံကြောနာကျင်ခြင်းကို အထိရောက်ဆုံး ကာကွယ်နိုင်သည့် နည်းလမ်းမှာ ဆင်ရေယုန် ကာကွယ်ဆေး (Shingles vaccine) ထိုးနှံခြင်းဖြစ်သည်။ ကာကွယ်ဆေးထိုးထားခြင်းဖြင့် ဆင်ရေယုန်ဖြစ်ပွါးခြင်းမှ ကာကွယ်နိုင်သလို နောက်ဆက်တွဲ နာတာရှည်အာရုံကြောနာကျင်ခြင်းကိုလည်း မဖြစ်အောင် တားဆီးပေးသည်။ အရွယ်ရောက်ပြီးသူများ၊ အထူးသဖြင့် အသက် (၅၀) နှစ်နှင့်အထက် လူကြီးများသည် ဆင်ရေယုန်ကာကွယ်ဆေးကို ထိုးနှံထားရန် အကြံပြုထားသည်။ လက်ရှိတွင် အမေရိကန်၏ ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဌာန (CDC) မှ Shingrix vaccine တံဆိပ် ဆင်ရေယုန်ကာကွယ်ဆေးကို (၂) ကြိမ်ထိုးနှံရန် အကြံပြုထားသည်။ Shingrix ကာကွယ်ဆေးထိုးနှံရန် ညွှန်ကြားချက်များမှာ_
- အသက် (၅၀) နှစ်နှင့်အထက် လူကြီးများတွင် ကာကွယ်ဆေးထိုးနှံသင့်ကြောင်း အကြံပြုထားသည်၊ (၂) ကြိမ်ထိုးရန် လိုအပ်ပြီး၊ ပထမအကြိမ် ဆေးထိုးပြီးနောက် (၂)လ မှ (၆)လအတွင်း ဒုတိယအကြိမ် ထိုးနှံနိုင်သည်
- အသက် (၁၉)နှစ် မှ (၄၉)နှစ်အတွင်းရှိ လူများတွင် ရောဂါတစ်မျိုးမျိုး သို့မဟုတ် ဆေးကုသမှုများကြောင့် ကိုယ်ခံအားကျဆင်းသော အခြေအနေရှိပါက ဆင်ရေယုန်ကာကွယ်ဆေး
- ထိုးနှံထားရန် လိုအပ်သည်၊ ပထမအကြိမ်နှင့် (၁)လ မှ (၂)လခြား၍ ဒုတိယအကြိမ် ဆေးထိုးနိုင်သည်
- ယခင် ရေကျောက်ပေါက်ဖူးခြင်း၊ ရေကျောက်ကာကွယ်ဆေး ထိုးဖူးခြင်း၊ ဆင်ရေယုန် ပေါက်ဖူးခြင်း၊ ဆင်ရေယုန် ကာကွယ်ဆေး အခြားအမျိုးအစားကို ထိုးနှံဖူးခြင်း စသည့်အခြေအနေများရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ ကာကွယ်ဆေးထိုးနှံနိုင်သည်ဟု ဆိုသည်
ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးမှာ_ ဆေးထိုးသည့်နေရာတွင် ၂-၃ ရက်မျှ နာကျင်ခြင်း၊ ရောင်ရမ်းခြင်းတို့ကို ခံစားရနိုင်သည်။ ဆင်ရေယုန်ဖြစ်နိုင်မှုကို (၉၀) % နီးပါး ကာကွယ်ပေးနိုင်သကဲ့သို ရောဂါဖြစ်ပွါးပါကလည်း ရောဂါပြင်းထန်မှုနှင့် နောက်ဆက်တွဲဆိုးကျိုးများကို သိသိသာသာ လျှော့ချပေးနိုင်သည်။
References:
- Cleveland Clinic. (n.d.). Postherpetic neuralgia. Retrieved November 20, 2025, from https://my.clevelandclinic.org/health/diseases/12093-postherpetic-neuralgia
- Mayo Clinic. (n.d.). Postherpetic neuralgia: Symptoms & causes. Retrieved November 20, 2025, from https://www.mayoclinic.org/diseases-conditions/postherpetic-neuralgia/symptoms-causes/syc-20376588
- Mayo Clinic. (n.d.). Postherpetic neuralgia: Diagnosis & treatment. Retrieved November 20, 2025, from https://www.mayoclinic.org/diseases-conditions/postherpetic-neuralgia/diagnosis-treatment/drc-20376593
- MSD Manuals. (n.d.). Postherpetic neuralgia. Retrieved November 20, 2025, from https://www.msdmanuals.com/home/infections/herpesvirus-infections/postherpetic-neuralgia
- NHS. (n.d.). Post‑herpetic neuralgia: Treatment. Retrieved November 20, 2025, from https://www.nhs.uk/conditions/post-herpetic-neuralgia/treatment/
Published: 23 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
