ဂန်ဂလီယံအရည်အိတ် (Ganglion Cyst) သည် အဆစ်နှင့် အရွတ်များ၏ အမြှေးပါးမှ ဖြစ်ပေါ်လာသော ကင်ဆာမဟုတ်သည့် အရည်ကြည်အိတ်များဖြစ်သည်။ အဆစ် သို့မဟုတ် အရွတ်ကြောကို ဖုံးအုပ်ထားသော အမြှေးပါးတွင် ထိခိုက်ဒဏ်ရာကြောင့် စုတ်ပြဲမှုဖြစ်ပေါ်သည့်အခါ ထိုအမြှေးပါးမှာ ဖောင်းကြွလာပြီး အရည်အိတ်အဖြစ် ပေါ်ထွက်လာခြင်း ဖြစ်သည်။ အဆစ်များနှင့် အရွတ်ကြောများပေါ်မှ ဖုံးအုပ်ထားသော အမြှေးပါးနှင့် ဆက်စပ်ဖြစ်ပေါ်နေသည့် ဤအရည်အိတ်များကို ခန္ဓာကိုယ်ပေါ်တွင် အဖုအကျိတ်ပုံစံဖြင့် တွေ့ရလေ့ရှိသည်။ ထိုအဖုအကျိတ် အရည်အိတ်တို့သည် များသောအားဖြင့် မည်သည့်ဝေဒနာမှ မခံစားရဘဲ သူ့အလိုလို ပြန်လည်ပျောက်ကင်းသွားတတ်သည်။ သို့သော် အာရုံကြောကို ဖိမိ၍ နာကျင်ထုံကျဉ်မှုများ ရှိလာပါက စနစ်တကျ ကုသမှုခံယူရန် လိုအပ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အဆစ်နှင့်အရွတ်ကြော အမြှေးပါးအရည်အိတ် (Ganglion Cyst) ဖြစ်ပေါ်စေသည့် အကြောင်းရင်းအတိအကျကို မသိရှိသော်လည်း အချို့သော ယူဆချက်များအရ အဆစ် သို့မဟုတ် အရွတ်ကြောတစ်ခုခုတွင် ထိခိုက်ဒဏ်ရာ ရရှိပြီးနောက် အမြှေးပါးစုတ်ပြဲကာ အရည်များ ယိုစိမ့်ထွက်လာပြီး အရည်အိတ် ဖြစ်လာသည်ဟု ယူဆကြသည်။ အရည်အိတ်၏ အတွင်းပိုင်းတွင် အဆစ်များ သို့မဟုတ် အရွတ်ကြောပတ်လည်တွင် တွေ့ရတတ်သော စေးပျစ်သည့်အရည်များဖြင့် ပြည့်နေသည်။
အချို့သော ဂန်ဂလီယံအရည်အိတ်များသည် အလွန်သေးငယ်သဖြင့် အရေပြားအောက်တွင် အဖုအကျိတ်အဖြစ် သိသိသာသာ မမြင်ရသော်လည်း နာကျင်မှုကို ခံစားရနိုင်သည်။ ထိုကဲ့သို့သော အရည်အိတ်များကို တွင်းအောင်းဂန်ဂလီယံအရည်အိတ် (Occult ganglion) ဟု ခေါ်ဆိုကြသည်။
ဖြစ်ပွါးနိုင်ခြေများသူများ
- အမျိုးသမီးများသည် အမျိုးသားများထက် ပိုမိုဖြစ်ပွါးနိုင်ခြေ (၃) ဆရှိသည်
- အသက် (၂၀-၅၀) နှစ် အရွယ်
- အဆစ်နှင့်အရွတ်ကြော ဒဏ်ရာဟောင်းရှိသူများ
- လက်ကောက်ဝတ် လှုပ်ရှားအသုံးပြုမှုများသူများ
- အဆစ်ရောင်ရောဂါရှိသူများ
ရောဂါလက္ခဏာများ
ဂန်ဂလီယံအရည်အိတ်များ၏ ရောဂါလက္ခဏာများမှာ_
- ဖြစ်ပွါးရာနေရာ (Location)
- ဂန်ဂလီယံအရည်အိတ်များသည် လက်ကောက်ဝတ် သို့မဟုတ် လက်ဖဝါးရှိ အရွတ်များနှင့် အဆစ်များတစ်လျှောက်တွင် အဖြစ်အများဆုံးဖြစ်သည်
- ဒုတိယအဖြစ်အများဆုံးနေရာများမှာ ခြေချင်းဝတ်နှင့် ခြေထောက်တို့ဖြစ်သည်
- ဤအရည်အိတ်အဖုအကျိတ်များသည် အခြားအဆစ်များအနီးတွင်လည်း ဖြစ်ပွါးနိုင်သည်
- ပုံသဏ္ဌာန်နှင့် အရွယ်အစား (Shape and size)
- ဂန်ဂလီယံအရည်အိတ်များသည် အဝိုင်း သို့မဟုတ် ဘဲဥပုံစံရှိသည်
- အချို့မှာ စမ်းသပ်၍မရနိုင်လောက်အောင် အလွန်သေးငယ်သည်
- အရည်အိတ်များ၏အရွယ်အစားမှာ ပြောင်းလဲနိုင်ပြီး အဆစ်ကို လှုပ်ရှားအသုံးပြုမှုများလာပါက အချိန်ကြာလာသည်နှင့်အမျှ ပို၍ကြီးလာလေ့ရှိသည်
- နာကျင်မှု (Pain)
- ဂန်ဂလီယံအရည်အိတ်များသည် များသောအားဖြင့် နာကျင်မှုမရှိပါ
- သို့သော် အရည်အိတ်သည် အာရုံကြော သို့မဟုတ် အခြားသော တစ်ရှူးများကို ဖိမိနေပါက နာကျင်ခြင်း၊ ထုံကျဉ်ခြင်း သို့မဟုတ် ကြွက်သားအားနည်းခြင်းတို့ကို ဖြစ်စေနိုင်သည်
နောက်ဆက်တွဲပြဿနာများ
- နာကျင်မှုခံစားရခြင်း _ အထူးသဖြင့် အဆစ် လှုပ်ရှားသည့်အခါ သို့မဟုတ် ပတ်ဝန်းကျင်ရှိ တစ်ရှူးများပေါ်သို့ ဖိအားသက်ရောက်သည့်အခါမျိုးတွင် နာကျင်မှုခံစားရနိုင်သည်
- အဆစ်လှုပ်ရှားမှု လျော့နည်းခြင်း _ အရည်အိတ် ကြီးမားနေလျှင် သို့မဟုတ် အဆစ်လှုပ်ရှားမှုကို အဟန့်အတားဖြစ်စေသော နေရာတွင် ရှိနေလျှင် အဆစ်အပြည့်အဝ လှုပ်ရှား၍မရဘဲ ဖြစ်တတ်သည်
- အာရုံကြောကို ဖိမိခြင်း _ အရည်အိတ်မှ အနီးအနားရှိ အာရုံကြောကို ဖိမိပါက ထုံကျဉ်ခြင်း သို့မဟုတ် ကြွက်သားအားနည်းခြင်းတို့ ဖြစ်စေနိုင်သည်
- လက်ဆုပ်နိုင်စွမ်း အားနည်းခြင်း _ လက်နှင့် လက်ကောက်ဝတ်တွင်ဖြစ်သော အရည်အိတ်များကြောင့် အရာဝတ္ထုများကို ကိုင်တွယ်ရာတွင် အားမရှိခြင်း သို့မဟုတ် လုပ်ငန်းဆောင်တာများ လုပ်ကိုင်ရာတွင် ခက်ခဲခြင်းတို့ ဖြစ်နိုင်သည်
- အမြင်မတင့်တယ်ခြင်း _ အဖုအကျိတ်မှာ သိသိသာသာ ဖောင်းကြွနေသဖြင့် အမြင်မလှဖြစ်ခြင်းအပေါ် စိုးရိမ်ပူပန်မှုများ ရှိနိုင်သည်
- အရည်အိတ်ပြန်လည်ဖြစ်ပွါးခြင်း _ အပ်ဖြင့် အရည်စုပ်ထုတ်ခြင်း သို့မဟုတ် ခွဲစိတ်ဖယ်ရှားခြင်းများ ပြုလုပ်ပြီးနောက်တွင် အရည်အိတ် ပြန်လည်ဖြစ်ပွါးနိုင်ခြေရှိသည်
- အရည်အိတ် ပေါက်ထွက်ခြင်း _ အရည်အိတ်မှာ အကြောင်းတစ်ခုခုကြောင့် ပေါက်ထွက်သွားပါက ရုတ်တရက် ပြင်းထန်စွာ နာကျင်ခြင်းနှင့် ထိုနေရာတစ်ဝိုက် ရောင်ရမ်းခြင်းတို့ ဖြစ်ပွါးနိုင်သည်
- ပိုးဝင်ခြင်း _ ၎င်းမှာ အလွန်ဖြစ်ခဲသော်လည်း အပ်ဖြင့် အရည်စုပ်ထုတ်ပြီးနောက် သို့မဟုတ် ထိခိုက်ဒဏ်ရာရပြီးနောက်တွင် ပိုးဝင်ခြင်း ဖြစ်နိုင်သည်
- သွေးကြောကို ဖိမိခြင်း_ ဖြစ်နိုင်ခြေနည်းသော်လည်း အထူးသဖြင့် လက်ကောက်ဝတ်၏ ရှေ့ဘက်ရှိ သွေးလွှတ်ကြောနှင့် နီးသောနေရာတွင် ဖြစ်သည့် အရည်အိတ်များတွင် သွေးကြောကို ဖိမိခြင်းမျိုး တွေ့ရတတ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
လက်ကောက်ဝတ်၊ လက်ဖဝါး၊ ခြေချင်းဝတ် သို့မဟုတ် ခြေထောက်တို့တွင် အဖုအကျိတ် သို့မဟုတ် နာကျင်မှုတစ်ခုခုကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသသင့်သည်။ ထိုသို့ပြသခြင်းဖြင့် ရောဂါအမည်ကို တိကျစွာသိရှိနိုင်ပြီး ကုသမှုခံယူရန် လိုအပ်ခြင်း ရှိမရှိကိုလည်း ဆုံးဖြတ်နိုင်မည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အရိုးအထူးကုဆရာဝန်နှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အရေးပေါ်ပြသရန်
နာကျင်မှုပြင်းထန်ခြင်း၊ အဆစ် မလှုပ်ရှားနိုင်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်းတို့ရှိပါက ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ၍ ကုသမှုခံယူရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
ရောဂါရာဇဝင်မေးမြန်းခြင်းနှင့် လူနာအား စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ပြီးပါက ဂန်ကလီယံအရည်အိတ် ဖြစ်ပွါးမှုကို သိရှိနိုင်ပြီး အတည်ပြုနိုင်ရန်အောက်ပါစမ်းသပ်မှုများ လုပ်ဆောင်နိုင်သည်
- အရည်အိတ်အတွင်းရှိ အရည်များကို စုပ်ယူစစ်ဆေးခြင်း (Needle aspiration)
- အာထရာဆောင်း (Ultrasound) ရိုက်ခြင်း _ အဖုအကျိတ်အတွင်း၌ အရည်များ ပြည့်နေခြင်း (Cystic) သို့မဟုတ် အသားခဲ (Solid) ဖြစ်နေခြင်းကို ခွဲခြားပေးနိုင်သည်၊ သွေးကြောမှဖြစ်သည့် အရည်အိတ် ဟုတ်မဟုတ်ကိုလည်း သိရှိနိုင်သည်
- သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) _ ဂန်ဂလီယံအရည်အိတ် သို့မဟုတ် ကင်ဆာအဖုအကျိတ်တို့ကို တိကျစွာ ခွဲခြားနိုင်ပြီး သွေးကြော၊ အာရုံကြော၊ အဆစ်နှင့် အရွတ်ကြောအခြေအနေတို့ကို သိရှိနိုင်သည်
- ဓာတ်မှန်ရိုက်ခြင်း (X-ray) _ ဂန်ဂလီယံအရည်အိတ်များကို ဓာတ်မှန်တွင် မတွေ့နိုင်သော်လည်း အကျိတ် (Tumour) သို့မဟုတ် အဆစ်ရောင်ရောဂါ (Arthritis) ကဲ့သို့သော အခြားပြဿနာများ မရှိကြောင်း အတည်ပြုနိုင်သည်။
ကုသခြင်း
ဂန်ဂလီယံအရည်အိတ်များ (Ganglion cyst) သည် ပြင်းထန်သော ထိခိုက်ဒဏ်ရာကြောင့် မဟုတ်ပါက အရေးပေါ်ကုသမှု ခံယူရန် မလိုအပ်ပေ။ မိသားစုဆရာဝန် သို့မဟုတ် အရိုးအထူးကုဆရာဝန်ထံတွင် ပုံမှန်စစ်ဆေးမှု ခံယူရုံဖြင့် လုံလောက်သည်။
မိမိကိုယ်တိုင် ကုသမှုနည်းလမ်း
နာကျင်မှုနှင့် အခြားလက္ခဏာများ မရှိပါက ဂန်ဂလီယံအရည်အိတ်၏ သိသာသော အပြောင်းအလဲများ ရှိမရှိ စောင့်ကြည့်ရန်သာ လိုအပ်သည်။ အရည်အိတ်အများစုသည် ကုသမှုခံယူရန် မလိုဘဲ ပျောက်ကင်းသွားတတ်ပြီး ကြီးမားသော ပြဿနာများကိုမဖြစ်စေပါ။ ယခင်က အချို့လူများသည် ထိုအရည်အိတ်များကို ပေါက်ထွက်သွားစေရန် အလေးချိန်စီးသည့် စာအုပ်အထူကြီးများဖြင့် ရိုက်လေ့ရှိကြသည်။ ဤသို့ပြုလုပ်ခြင်းသည် အရည်အိတ်ပြန်မဖြစ်အောင် မတားဆီးနိုင်သည့်အပြင် နောက်ထပ် ထိခိုက်ဒဏ်ရာများပါ ရရှိစေနိုင်သောကြောင့် ဆရာဝန်များက ထိုနည်းလမ်းကို အသုံးမပြုရန် အလေးအနက် အကြံပြုထားသည်။
မခွဲစိတ်ဘဲကုသသည့်နည်းလမ်း
- ဆေးဝါးဖြင့်ကုသခြင်း
- ဂန်ဂလီယံအရည်အိတ် ရောင်ရမ်းနာကျင်ခြင်းအတွက် အကိုက်အခဲပျောက်ဆေးနှင့် အရောင်ကျဆေးများပေးခြင်း – Paracetamol, Ibuprofen, Diclofenac စသည့် နာကျင်မှုသက်သာစေမည့် ဆေးဝါးများ သောက်နိုင်သည်
- အဆစ်အထိန်း (Brace or splint) ဝတ်ဆင်ခြင်း
- လက်ကောက်ဝတ်ဆစ်နှင့် လက်ချောင်းဆစ်တို့တွင် အထိန်းဝတ်ဆင်ခြင်းကြောင့် အရည်အိတ်ဖြစ်နေသော နေရာကို မလှုပ်ရှားအောင် ထိန်းပေးထားခြင်းဖြင့် ရောင်ရမ်းမှုနှင့် နာကျင်မှုကို လျှော့ချပေးသည်
- အရည်စုပ်ထုတ်ခြင်း (Aspiration)
- ဆရာဝန်မှ အပ်ကိုအသုံးပြု၍ အရည်အိတ်အတွင်းရှိ အရည်များကို ဖယ်ရှားပေးသော ကုသမှုဖြစ်သည်
- ဆရာဝန်များသည် များသောအားဖြင့် ဤကုသမှုကို ဆေးခန်း၌ပင် ပြုလုပ်ပေးလေ့ရှိပြီး ကုသပြီးသည်နှင့် ချက်ချင်းသက်သာသွားသည်ဟု ခံစားရနိုင်သည်
- သို့သော် ဤနည်းလမ်းသည် အရည်ကို ဖယ်ရှားခြင်းသာဖြစ်ပြီး အရည်အိတ်တစ်ခုလုံးကို အလုံးစုံဖယ်ရှားခြင်း မဟုတ်သောကြောင့် ရောဂါလက္ခဏာများ ပြန်လည်ဖြစ်ပွါးနိုင်သည်
- စတီးရွိုက် (Steroid)ဆေးထိုးခြင်း
- အရည်ကိုစုပ်ထုတ်ဖယ်ရှားပြီးနောက် အရည်အိတ်ရှိသော နေရာထဲသို့ စတီးရွိုက် (Steroid) ပါဝင်သည့် အရောင်ကျဆေးကို ထိုးထည့်ပေးပြီး ထိုနေရာကို မလှုပ်ရှားနိုင်စေရန် အထိန်း (Splint) စည်းပေးသည်
- ဤနည်းလမ်းတွင်လည်း အရည်အိတ်နှင့် အဆစ်၊ အရွတ်ကြောအမြှေးပါးအကြား ဆက်သွယ်နေမှုကို ဖယ်ရှားပေးနိုင်ခြင်း မရှိသောကြောင့် အရည်အိတ်မှာ ပြန်လည်ဖြစ်ပွါးလာနိုင်ခြေ ရှိသည်
ခွဲစိတ်ကုသသည့်နည်းလမ်း
အောက်ပါအချက်များရှိပါက ခွဲစိတ်ကုသသည့်နည်းလမ်းကို အသုံးပြုသင့်သည်။
- အခြားကုသမှုနည်းလမ်းများဖြင့် မသက်သာခြင်း
- ဂန်ဂလီယံအရည်အိတ် ထပ်ခါတလဲလဲ ပြန်ဖြစ်နေခြင်း
- နာကျင်မှုကြောင့် နေ့စဉ်ဘဝနှင့် အလုပ်အကိုင်ကို အနှောင့်အယှက်ဖြစ်စေခြင်း
- အာရုံကြော သို့မဟုတ် သွေးကြောကို ဖိမိနေခြင်း
ခွဲစိတ်ကုသမှု နည်းလမ်းများမှာ ပုံမှန်ခွဲစိတ်နည်း (Open surgery) နှင့် မှန်ပြောင်းဖြင့် ခွဲစိတ်နည်း (Arthroscopy) ဟူ၍ရှိသည်။ ခွဲစိတ်ကုသရာတွင် အရည်အိတ်တစ်ခုလုံးနှင့် ဆက်စပ်နေသော အဆစ်နှင့်အရွတ်ကြော၏ အမြှေးပါးတစ်စိတ်တစ်ပိုင်းကို ဖယ်ရှားခြင်းပြုလုပ်သည်။
ခွဲစိတ်ကုသမှုကို ပြင်ပလူနာအနေဖြင့်သာ ပြုလုပ်သဖြင့် ခွဲစိတ်သည့်နေ့တွင်ပင် အိမ်ပြန်နိုင်သည်။ လူနာအများစုတွင် ခွဲစိတ်ပြီးနောက် နာကျင်မှုသက်သာလာနိုင်သည်။ အပြည့်အဝပြန်လည်ကောင်းမွန်ရန် (၂) ပတ်မှ (၆) ပတ်အထိ ကြာမြင့်နိုင်သည်။ ခွဲစိတ်ကုသခြင်းဖြင့် ဂန်ဂလီယံအရည်အိတ် ပြန်ဖြစ်နိုင်ခြေကို များစွာလျှော့ချပေးသော်လည်း (၅-၁၅) ရာခိုင်နှုန်းခန့်မှာ ပြန်ဖြစ်နိုင်သေးသည်။
ကာကွယ်ခြင်း
ဂန်ဂလီယံအရည်အိတ် (Ganglion cyst) ကို ဖြစ်စေသည့် အကြောင်းရင်းကို အတိအကျ မသိရှိကြသေးသည့်အတွက် မည်သို့ ကာကွယ်ရမည်ကိုလည်း တိကျစွာ မသိနိုင်သေးပါ။ ထို့ကြောင့် မိမိ၏ ခန္ဓာကိုယ်တွင် ပုံမှန်မဟုတ်သော အဖုအကျိတ်ကို သတိထားမိပါက စောစီးစွာ ရောဂါအမည် ဖော်ထုတ်နိုင်ရန်နှင့် အချိန်မီ ကုသမှုခံယူနိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်သင့်သည်။
References:
- Cleveland Clinic. (n.d.). Ganglion cyst. Retrieved December 18, 2025, from https://my.clevelandclinic.org/health/diseases/ganglion-cyst
- Mayo Clinic. (n.d.). Ganglion cyst: Symptoms & causes. Retrieved December 18, 2025, from https://www.mayoclinic.org/diseases-conditions/ganglion-cyst/symptoms-causes/syc-20351156
- WebMD. (n.d.). Ganglion cyst. Retrieved December 18, 2025, from https://www.webmd.com/a-to-z-guides/ganglion-cyst
Published: 31 December 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
