Tennis Elbow (Lateral Epicondylitis) (တင်းနစ်တံတောင်ဆစ် သို့မဟုတ် တံတောင်ဆစ် အပြင်ဘက်အရွတ်ကြော ရောင်ရမ်းခြင်း)

Tennis Elbow (Lateral Epicondylitis) (တင်းနစ်တံတောင်ဆစ် သို့မဟုတ် တံတောင်ဆစ် အပြင်ဘက်အရွတ်ကြော ရောင်ရမ်းခြင်း)

တံတောင်ဆစ် အပြင်ဘက်အရွတ်ကြောရောင်ရမ်းခြင်းကြောင့် တံတောင်ဆစ်နာကျင်မှုခံစားရခြင်းကို တင်းနစ်ကစားသမားများတွင် တွေ့ရလေ့ရှိသဖြင့် “တင်းနစ်တံတောင်ဆစ်” (Tennis Elbow) ဟုလည်း ခေါ်ဆိုသည်။ တင်းနစ်ကစားသမားများအပြင် လက်ကောက်ဝတ်နှင့် လက်ဖျံကို မကြာခဏ ထပ်ခါတလဲလဲ လှည့်ခြင်း၊ လွှဲခြင်းတို့ကို ပြုလုပ်ရသည့် အလုပ်အကိုင်နှင့် အပြုအမူများကြောင့်လည်း တံတောင်ဆစ်အပြင်ဘက် အရွတ်ကြောရောင်ရမ်းကာ နာကျင်မှု ခံစားရနိုင်သည်။ လူအများစုမှာ မခွဲစိတ်ဘဲကုသသည့်နည်းလမ်းနှင့် အနားယူခြင်းဖြင့် လအနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်လာကြသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

တံတောင်ဆစ်အရိုးနှင့် ချိတ်ဆက်နေသော လက်ဖျံကြွက်သားများကို အသုံးပြုမှုများသောကြောင့် တံတောင်ဆစ် အပြင်ဘက်အရွတ်ကြော ရောင်ရမ်းကာ နာကျင်မှုဖြစ်စေသည်။ တံတောင်ဆစ်နာကျင်မှုများတွင် တံတောင်ဆစ် အပြင်ဘက်အရွတ်ကြော ရောင်ရမ်းမှုသည် အဖြစ်အများဆုံး အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။ အသုံးများသည့်ဘက်ခြမ်းတွင် အဖြစ်များသော်လည်း လက်နှစ်ဖက်ဖြင့် စက်ကိရိယာ ကိုင်တွယ်အသုံးပြုခြင်း၊ ဥယျာဉ်ခြံလုပ်ငန်းများလုပ်ကိုင်ခြင်းတို့တွင် လက်နှစ်ဖက်စလုံး ဖြစ်ပွါးနိုင်သည်။ “တင်းနစ်တံတောင်ဆစ်” ဟု နာမည်ပေးထားသော်လည်း တင်းနစ်ကစားခြင်းသည် အဖြစ်အများဆုံး အကြောင်းရင်းမဟုတ်ပေ။ ကျွမ်းကျင်သူများက လူ (၁၀) ဦးတွင် (၉) ဦးကျော်သည် အခြားအကြောင်းများကြောင့် ဖြစ်ပွါးသည်ဟု ခန့်မှန်းထားသည်။

ဖြစ်နိုင်ခြေများသူများ
  • (၄၅) ပေါင် (၂၂ ကီလိုဂရမ်) ထက်ပိုသော အရာဝတ္ထုများကို ပုံမှန် မကြာခဏ မ လေ့ရှိသူများ
  • အသက် (၄၀) ကျော်သူများ
  • ဆေးလိပ်သောက်သူများ
  • အဝလွန်သူများ
  • တံတောင်ဆစ်အပေါ် ဖိအားသက်ရောက်စေနိုင်သည့် စက်ကိရိယာအသုံးပြုမှုများသူများ သို့မဟုတ် လက်အသုံးပြုမှုများသူများ
  • လက်ကောက်ဝတ်နှင့် လက်ဖျံကို လွှဲခြင်း၊ လှည့်ခြင်း ပြုလုပ်ရလေ့ရှိသည့် အားကစားများကို လေ့ကျင့်သူများ
  • လက်မောင်းနှင့် တံတောင်ဆစ် ရုတ်တရက် ထိခိုက်ဒဏ်ရာရသူများ
ရောဂါလက္ခဏာများ

အဖြစ်များဆုံး ရောဂါလက္ခဏာများမှာ_

  • တံတောင်ဆစ် အပြင်ဘက်ခြမ်း နာကျင်ခြင်း
  • တံတောင်ဆစ် တောင့်တင်းခြင်း
  • တံတောင်ဆစ် ရောင်ရမ်းခြင်း
  • ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ဆုပ်ကိုင်ရာတွင် အားနည်းခြင်းတို့ဖြစ်သည်။

တံတောင်ဆစ်နာကျင်မှုသည် များသောအားဖြင့် အောက်ပါအတိုင်း ခံစားရသည်

  • စူးရှခြင်း သို့မဟုတ် ပူလောင်ခြင်း
  • တံတောင်ဆစ်ကို လှည့်သည့်အခါ သို့မဟုတ် ကွေးသည့်အခါ ပိုဆိုးခြင်း
  • နာကျင်မှုသည် တံတောင်ဆစ်မှ လက်ဖျံအောက်သို့ ဆင်းကာ လက်ကောက်ဝတ်အထိ ပျံ့နှံ့သွားသကဲ့သို့ ခံစားရခြင်း၊ အထူးသဖြင့် ညဘက်တွင် ပိုဖြစ်ခြင်း

သာမန်လှုပ်ရှားမှုများတွင် တံတောင်ဆစ်ကို အသုံးပြုသည့်အခါ နာကျင်မှုကို ပို၍ သတိပြုမိနိုင်သည်။ တံခါးလက်ကိုင်ဘုကို လှည့်သည့်အခါ၊ အိုးအဖုံးကို ဖွင့်သည့်အခါ သို့မဟုတ် တစ်စုံတစ်ဦးနှင့် လက်ဆွဲနှုတ်ဆက်သည့်အခါ နာကျင်နိုင်သည်။ ထိုလှုပ်ရှားမှုများတွင် အင်အားအများအပြား အသုံးမပြုရသည့်တိုင် လက်သီးဆုပ်အား (grip) အားနည်းနေသည်ဟု ခံစားရနိုင်သည်။

နောက်ဆက်တွဲပြဿနာများ

တင်းနစ်တံတောင်ဆစ် နာကျင်မှုတွင် များသောအားဖြင့် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ မရှိပါ။ သို့သော် အရွတ်ကြော ရောင်ရမ်းနာကျင်နေသော တံတောင်ဆစ်ကို ဆက်လက်အသုံးပြုနေပါက အရွတ် ပြတ်တောက်သွားနိုင်ခြေ သို့မဟုတ် စုတ်ပြဲသွားနိုင်ခြေရှိသည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို တစ်ပတ်ကျော် ခံစားနေရပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အရိုးအထူးကုဆရာဝန်နှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

အရေးပေါ်ပြသရန်

နာကျင်မှု ပြင်းထန်ခြင်း၊ တံတောင်ဆစ် မလှုပ်ရှားနိုင်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း တို့ရှိပါက ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ၍ ကုသမှုခံယူရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

ရောဂါရာဇဝင်ကို မေးမြန်းခြင်းနှင့် လူနာအား စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ပြီးနောက် တံတောင်ဆစ် အပြင်ဘက်အရွတ်ကြော ရောင်ရမ်းခြင်းကို သိရှိနိုင်သည်။ အခြားရောဂါများ တွဲဖက်ရှိမရှိကို ဆန်းစစ်နိုင်ရန် အောက်ပါစမ်းသပ်မှုများ လုပ်ဆောင်နိုင်သည်။

  • သွေးစစ်ဆေးခြင်း (CP, ESR, CRP,Uric Acid, RA) _ အခြားအကြောင်းအရင်းများကြောင့် အဆစ်နှင့် အရွတ်ကြောရောင်ရမ်းခြင်းကို သိနိုင်သည်
  • တံတောင်ဆစ် ဓာတ်မှန်ရိုက်ခြင်း (X-ray) _ တံတောင်ဆစ်ရှိ အရိုးများကို ကြည့်ရှုစစ်ဆေး၍ အဆစ်ရောင်ရမ်းခြင်း ရှိမရှိ တွေ့နိုင်သည်
  • သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) _ တံတောင်ဆစ်ရှိ အရွတ်ကြောများ ပျက်စီးမှု၏ ပြင်းထန်မှုကိုသိရှိနိုင်သည်၊ ထို့အပြင် လည်ပင်းကျီးပေါင်းတက်ခြင်းကြောင့် တံတောင်နာကျင်မှု ဖြစ်နိုင်ခြေ ရှိမရှိကိုလည်း သိရှိနိုင်သည်
  • အာရုံကြောနှင့် ကြွက်သားများ၏ လုပ်ဆောင်မှု၊ တုံ့ပြန်မှုများကို စစ်ဆေးခြင်း (Electromyography) _ ကြွက်သားများ ပုံမှန်အလုပ်လုပ်နေခြင်း ရှိမရှိ၊ အာရုံကြောပျက်စီးမှု ရှိမရှိကို သိရှိနိုင်သည်။
ကုသခြင်း

တင်းနစ်တံတောင်ဆစ်နာကျင်မှုသည် များသောအားဖြင့် သူ့အလိုလို သက်သာပျောက်ကင်းလေ့ရှိသည်။ သို့သော် မိမိကိုယ်တိုင် ကုသမှုနည်းလမ်းများနှင့် ဆေးဝါးအသုံးပြုကုသခြင်းများဖြင့် မသက်သာပါက ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများဖြင့် ကုသမှုပေးသည်။ အခြားနည်းလမ်းများမှာ ဆေးထိုးကုသခြင်းနှင့် ခွဲစိတ်ကုသခြင်းတို့ဖြစ်သည်။

မိမိကိုယ်တိုင် ကုသမှုနည်းလမ်း
ခံစားရသည့်လက္ခဏာများသည် တင်းနစ်ကစားခြင်းကြောင့်ဖြစ်စေ၊ အလုပ်အကိုင်တစ်ခုခုကြောင့်ဖြစ်စေ ဖြစ်ပွါးသည်ဟု သတိပြုမိပါက တံတောင်ဆစ်ဒဏ်ဖြစ်စေသည့် အကြောင်းရင်းများကို လျှော့ချခြင်း၊ ရပ်ဆိုင်းခြင်း ပြုလုပ်ရမည်။

အိမ်တွင်းကုသမှုနည်းလမ်း
တင်းနစ်တံတောင်ဆစ်နာကျင်မှုကို RICE (Rest, Ice, Compression, Elevation) နည်းလမ်းဖြင့် အိမ်တွင် ကုသနိုင်သည်။

  • အနားယူခြင်း (Rest) _ နာကျင်ခြင်းပိုဆိုးမလာစေရန် အနားယူပါ၊ နာကျင်မှုဖြစ်စေသော ကိုယ်လက်လှုပ်ရှားမှုကို ရပ်တန့်ပါ
  • ရေခဲကပ်ခြင်း (Ice) _ ရေခဲအိတ် သို့မဟုတ် အအေးကပ်ပတ်တီးကို တစ်ကြိမ်လျှင် (၁၅) မိနစ်ခန့် တစ်နေ့ (၃-၄) ကြိမ် ကပ်နိုင်သည်၊ ရေခဲကို အရေပြားပေါ် တိုက်ရိုက်မကပ်ပါနှင့် [ရေခဲအိတ်ကို မျက်နှာသုတ်ပဝါ (သို့မဟုတ်) အဝတ်စဖြင့် ပတ်၍အသုံးပြုပါ]
  • ဖိအားပေးခြင်း (Compression) _ ဆွဲဆန့်နိုင်သော မျှော့ပတ်တီး (Elastic Bandage) ဖြင့် တံတောင်ဆစ်နေရာကို စည်းနှောင်ကာ ဖိအားပေးနိုင်သည်၊ ဖိအားပေးခြင်းဖြင့် နာနေသော နေရာသို့ သွေးစီးဆင်းမှုကို လျှော့ချပေးပြီး ရောင်ရမ်းမှုကို လျှော့ချပေးသည်
  • မြှောက်ထားခြင်း (Elevation) _ တံတောင်ဆစ်ကို နှလုံးရှိသည့်နေရာထက် ပိုမြင့်နေစေရန် မြှင့်ထားပေးပါ။ ခေါင်းအုံးများ၊ ကူရှင်များဖြင့် ခုခံထားနိုင်သည်

မခွဲစိတ်ဘဲကုသသည့် အခြားနည်းလမ်းများ

  • ဆေးဝါးဖြင့်ကုသခြင်း
    • တံတောင်ဆစ် အရွတ်ကြော ရောင်ရမ်းနာကျင်ခြင်းအတွက် အကိုက်အခဲပျောက်ဆေးနှင့် အရောင်ကျဆေးများပေးခြင်း – Paracetamol, Ibuprofen, Diclofenac စသည့် နာကျင်မှုသက်သာစေမည့် ဆေးဝါးများ သောက်နိုင်သည်
  • ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများဖြင့် ကုသမှုပေးခြင်း (Physical Therapy)
    • ကြွက်သားသန်မာစေရန်နှင့် တံတောင်ဆစ်လှုပ်ရှားမှုကောင်းစေရန် ကုသမှုပေးသည်
  • အဆစ်အထိန်း (Brace or splint) ဝတ်ဆင်ခြင်း
    • လက်ကောက်ဝတ်ဆစ်နှင့် တံတောင်ဆစ်တို့တွင် အထိန်းဝတ်ဆင်ခြင်းဖြင့် အဆစ်ကိုတည်ငြိမ်စေပြီး အရွတ်ကြောရောင်ရမ်းမှုကို သက်သာစေသည်
  • ဇီဝကုထုံး
    • သွေးရည်ကြည် (Platelet rich plasma PRP) ကို နာကျင်နေသည့် တံတောင်ဆစ်အရွတ်အတွင်းသို့ အပ်ဖြင့် ထိုးသွင်းပေးခြင်းဖြစ်သည်၊ ဤနည်းလမ်းသည် အရွတ်အတွင်းရှိ ဆဲလ်အသစ်များကို ဖြစ်ပေါ်စေပြီး ပျက်စီးနေသော တစ်ရှူးများကို ပြန်လည် ပြုပြင်ပေးသည်
  • စတီးရွိုက် (Corticosteroid) ထိုးဆေးထိုးခြင်း
    • တံတောင်ဆစ် နာကျင်မှု (၆) ပတ်အတွင်း အသုံးပြုနိုင်သည်၊ (၆) ပတ်ထက် ကျော်လွန်သွားပါက ရောင်ရမ်းမှု (Inflammation) မရှိတော့ဘဲ အရွတ်များ ပျက်စီးယိုယွင်းခြင်း (Degeneration/Tendinosis) သို့ ပြောင်းလဲသွားတတ်သည်၊ စတီးရွိုက်သည် ရောင်ရမ်းမှုကိုသာ ကုသပေးနိုင်သောကြောင့် နာတာရှည်ဖြစ်သွားသော အရွတ်ပျက်စီးမှုကို မကုသနိုင်ပါ
  • အခြားထိုးဆေးများ
    • ဘိုတောက်စ် (Botox: botulinum toxin A ) သို့မဟုတ် ပရိုလိုကုထုံး (prolotherapy) ဟုသိကြသော သကြားရည် သို့မဟုတ် ဆားရည်ကဲ့သို့သော ထိုးဆေးများမှာ အသုံးပြုလေ့နည်းပါးသည်
  • အပ်ဖြင့် အပေါက်ဖောက်ကုသခြင်း (Needle fenestration)
    • အာထရာဆောင်း (Ultrasound) ကို အသုံးပြု၍ အရွတ်ကြောအတွင်းသို့ထုံဆေးထိုးကာ အပ်ဖြင့် အကြိမ်ကြိမ် ထိုးဖောက်ခြင်းဖြင့် အရွတ်ကြောပျက်စီးမှုအား အသစ်ပြန်လည် ကုစားသည့် လုပ်ငန်းစဉ်ကို စတင်ပေးသည်
  • အသံလှိုင်းအသုံးပြု၍ အရွတ်ကြောခွဲစိတ်ကုသခြင်း (Ultrasonic tenotomy: TENEX)
    • ဤကုသမှုသည် အပ်ဖြင့် အပေါက်ဖောက်ကုသခြင်း (Needle fenestration) နှင့် ဆင်တူသည်
    • ဤနည်းလမ်းတွင် အထူးပြုလုပ်ထားသော အပ်ကို အရေပြားမှတစ်ဆင့် ပျက်စီးနေသော အရွတ်ကြောအပိုင်းသို့ တိကျစွာရောက်ရှိစေရန် အာထရာဆောင်း (ultrasound) ကို အသုံးပြု၍ ထိုးသွင်းသည်
    • အသံလှိုင်းစွမ်းအင်သည် အပ်ကို အလွန်မြန်သောနှုန်းဖြင့် တုန်ခါစေပြီး ပျက်စီးနေသော တစ်ရှူးများကို အရည်အဖြစ် ပြောင်းလဲသွားစေသည်၊ ထို့နောက် ၎င်းအရည်များကို စုပ်ထုတ်ယူနိုင်သည်
  • လျှပ်စီးလှိုင်းဖြင့် ပျက်စီးနေသော တစ်ရှူးများကို ခြေမွစုပ်ယူသည့်နည်း (Extracorporeal shock wave therapy)
    • ဤကုသမှုသည် နာကျင်မှုကို သက်သာစေရန်နှင့် တစ်ရှူးများ ပြန်လည်ကျန်းမာလာစေရန်အတွက် ထိခိုက်ဒဏ်ရာရနေသော တစ်ရှူးများဆီသို့ လျှပ်စီးလှိုင်း (shock waves) များ ပေးပို့ခြင်း ဖြစ်သည်၊ အရေပြားပေါ်တွင် တင်ထားသော ကရိယာတစ်ခုမှတစ်ဆင့် ၎င်းလျှပ်စီးလှိုင်းများကို ထုတ်လွှတ်ပေးသည်

ခွဲစိတ်ကုသသည့်နည်းလမ်း
အခြားနည်းလမ်းများဖြင့် (၆)လ မှ (၁၂)လအထိ ကုသသော်လည်း ရောဂါလက္ခဏာများ သက်သာလာခြင်း မရှိပါက ပျက်စီးနေသော တစ်ရှူးများကို ဖယ်ရှားရန် ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်။ ခွဲစိတ်ရာတွင် ပုံမှန်သမားရိုးကျ ခွဲစိတ်သည့် နည်းလမ်း (Open surgery) ဖြင့်ဖြစ်စေ၊ သို့မဟုတ် အပေါက်ငယ်လေးများဖြင့် ခွဲစိတ်သည့် မှန်ပြောင်းကြည့် (Arthroscopic) နည်းလမ်းဖြင့်ဖြစ်စေ ပြုလုပ်နိုင်သည်။

မည်သည့်ကုသမှုနည်းလမ်းကိုပင် အသုံးပြုသည်ဖြစ်စေ၊ တံတောင်ဆစ်၏ အားအင် ပြန်လည်ပြည့်ဝလာစေရန်နှင့် လုပ်ဆောင်ချက်များ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ရန်အတွက် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် အလွန်အရေးကြီးသည်။

ကာကွယ်ခြင်း

အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် တံတောင်ဆစ် အပြင်ဘက်အရွတ်ကြော ရောင်ရမ်းနာကျင်ခြင်း ဖြစ်ပွါးမှုကို လျှော့ချနိုင်သည်။

  • တံတောင်ဆစ်နှင့် လက်ကောက်ဝတ် အလွန်အကျွံ အသုံးပြုမှုကို လျှော့ချပါ
  • လုပ်ငန်းခွင်အတွင်းရှိ ပစ္စည်းကိရိယာများကို နည်းစနစ်ကျစွာကိုင်တွယ်အသုံးပြုပါ၊ လိုအပ်ပါက အကာအကွယ်ပစ္စည်းများ သုံးပါ
  • အားကစားလှုပ်ရှားမှုများတွင် သင့်တော်သည့် အထောက်အကူပစ္စည်းများဖြင့် နည်းစနစ်မှန်ကန်စွာ လေ့ကျင့်ကစားပါ
  • အလုပ်ကြောင့်ဖြစ်စေ၊ အားကစားကြောင့်ဖြစ်စေ တံတောင်ဆစ်အပြင်ဘက်ခြမ်းတွင် နာကျင်မှု ခံစားရပါက ထိုလှုပ်ရှားမှုကို ချက်ချင်းရပ်ပြီး အနားယူပါ
  • ထပ်တလဲလဲ လှုပ်ရှားရသည့် အလုပ်များ လုပ်နေစဉ် မကြာခဏ အနားယူပါ
  • လက်ဖျံနှင့် လက်ကောက်ဝတ် ကြွက်သားများသန်မာစေရန်နှင့် အဆစ်လှုပ်ရှားမှုများ ကောင်းမွန်စေရန် လေ့ကျင့်ခန်းလုပ်ပါ
  • အားကစားလှုပ်ရှားမှုများ မပြုလုပ်မီ သွေးပူလေ့ကျင့်ခန်းများ လုပ်ဆောင်ပါ
  • ဆေးလိပ်ဖြတ်ပါ
  • နာကျင်မှုစတင်ခံစားရချိန်တွင် အိမ်တွင်းကုသမှုနည်းလမ်းများဖြင့် စတင်ကုသပြီး မသက်သာပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

References:

  1. Cleveland Clinic. (n.d.). Tennis elbow (lateral epicondylitis). Retrieved December 14, 2025, from https://my.clevelandclinic.org/health/diseases/7049-tennis-elbow-lateral-epicondylitis
  2. Mayo Clinic. (n.d.). Tennis elbow: Symptoms & causes. Retrieved December 14, 2025, from https://www.mayoclinic.org/diseases-conditions/tennis-elbow/symptoms-causes/syc-20351987
  3. WebMD. (n.d.). Tennis elbow (lateral epicondylitis). Retrieved December 14, 2025, from https://www.webmd.com/fitness-exercise/tennis-elbow-lateral-epicondylitis

Published: 31 December 2025

.indent-top{padding-top: 30px;} .indent-bottom{padding-bottom: 30px;}

Share

31 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Night Terrors (ညအိပ်နေစဥ် ရုတ်တရက် ထိတ်လန့်ခြင်း)
Feb 25, 2026
Diseases and Conditions

Night Terrors (ညအိပ်နေစဥ် ရုတ်တရက် ထိတ်လန့်ခြင်း)

ညအိပ်နေစဉ် ရုတ်တရက် ထိတ်လန့်ခြင်း (Night Terrors) သည် အချိန်တန်လျှင်...

Respiratory failure (အသက်ရှူခြင်းလုပ်ငန်းစွမ်းရည် ထိခိုက်ပျက်စီးခြင်း)
Feb 25, 2026
Diseases and Conditions

Respiratory failure (အသက်ရှူခြင်းလုပ်ငန်းစွမ်းရည် ထိခိုက်ပျက်စီးခြင်း)

ပုံမှန်အသက်ရှူခြင်းလုပ်ငန်းစဥ် ချို့ယွင်းခြင်းကြောင့်...

Rosacea (ရိုဆေးရှား အရေပြားရောဂါ)
Feb 21, 2026
Diseases and Conditions

Rosacea (ရိုဆေးရှား အရေပြားရောဂါ)

ရိုဆေးရှားအရေပြားရောဂါသည် ပျောက်ကင်းအောင် ကုသရန် ခက်ခဲသော နာတာရှည်ရောဂါ...