ပုံမှန်အားဖြင့် လူတိုင်းသည် သေးငယ်သော ရင်သားတစ်ရှူးပမာဏဖြင့် မွေးဖွားလာကြသည်။ အမျိုးသမီးများသည် ပုံမှန်အားဖြင့် အပျိုဖော်ဝင်ချိန်တွင် ရင်သားတစ်ရှူးများ ပိုမိုကြီးထွားလေ့ ရှိသော်လည်း အမျိုးသားများမှာမူ ယေဘုယျအားဖြင့် ရင်သားတစ်ရှူးများ ပိုမိုကြီးထွားလာခြင်း မရှိပါ။ သို့သော် အမျိုးသမီးများနည်းတူ အမျိုးသားများတွင်လည်း ရင်သားတစ်ရှူးများရှိသောကြောင့် ကင်ဆာဖြစ်နိုင်သည်။ ရင်သားတစ်ရှူးတွင် နို့ထွက်ဂလင်းများ၊ နို့ရည်ပို့ဆောင်ပေးသော ပြွန်များ (ducts) နှင့် အဆီများ ပါဝင်သည်။ အမျိုးသား ရင်သားကင်ဆာ (Male breast cancer) သည် ရင်သားတစ်ရှူးများတွင်ရှိသော ဆဲလ်များ ပုံမှန်မဟုတ်သော ကြီးထွားမှုမှ စတင်သည့် ရှားပါးကင်ဆာတစ်မျိုးဖြစ်သည်။
အမျိုးသားရင်သားကင်ဆာ အမျိုးအစားများ
အဖြစ်များသော ရင်သားကင်ဆာ အမျိုးအစားများမှာ_
- နို့ရည်ပြွန်များမှ ဖြစ်ပွါးပျံ့နှံ့သော ရင်သားကင်ဆာ (Invasive Ductal Carcinoma)
နို့ရည်ပြွန်များတွင် စတင်ဖြစ်ပွါးကာ အနီးအနားရှိ ရင်သားတစ်ရှူးများသို့ ပျံ့နှံ့သွားတတ်သည်။ နို့ရည်ပြွန်မှဖြစ်သော ရင်သားကင်ဆာသည် အမျိုးသား ရင်သားကင်ဆာများတွင် အတွေ့ရအများဆုံး အမျိုးအစားဖြစ်သည်။ - နို့ရည်ထုတ်လုပ်သော ဂလင်းများမှ ဖြစ်ပွါးပျံ့နှံ့သော ရင်သားကင်ဆာ (Lobular breast cancer)
နို့ရည်ထုတ်လုပ်ပေးသော ရင်သားဂလင်းတစ်ရှူးများတွင် စတင်ဖြစ်ပွါးကာ အနီးအနားရှိ ရင်သားတစ်ရှူးများသို့ ပျံ့နှံ့သွားတတ်သည်။ ထိုကင်ဆာအမျိုးအစားသည် အမျိုးသားများတွင် တွေ့ရမှု အလွန်နည်းပါးသည်။ - အခြားသော ကင်ဆာအမျိုးအစားများ
အမျိုးသား ရင်သားကင်ဆာ၏ အခြားရှားပါးသော အမျိုးအစားများမှာ နို့သီးခေါင်းနှင့် နို့သီးခေါင်းပတ်လည်ရှိ အရေပြားတွင် ဖြစ်သော ရင်သားကင်ဆာ (Paget’s disease of the breast) နှင့် ရောင်ရမ်းသော ရင်သားကင်ဆာ (inflammatory breast cancer) တို့ဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ယေဘုယျအားဖြင့် ဆဲလ်များ ပုံမှန်ပွါးများခြင်း၊ ကြီးထွားခြင်းနှင့် သေဆုံးခြင်းများကို ဆဲလ်အတွင်းရှိ ဒီအန်အေမှ ထိန်းချုပ်ထားသည်။ ပုံမှန်ဆဲလ်များ၏ ဒီအင်န်အေတွင် ပုံမမှန်ပြောင်းလဲမှုများ ဖြစ်ပေါ်လာသောအခါ ထိုမူလပုံမှန်ဆဲလ်များသည် ကင်ဆာဆဲလ်အဖြစ်ပြောင်းသွားသည်။ ထိုကင်ဆာဆဲလ်များသည် ထိန်းချုပ်၍ မရနိုင်အောင် ပွါးများစုစည်းလာသောအခါ အလုံးအကျိတ် (Tumour) ဖြစ်လာသည်။
အမျိုးသားများတွင် ရင်သားကင်ဆာ ဖြစ်ပေါ်ရသည့် အကြောင်းရင်းကို အတိအကျ ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း သုတေသနပြုချက်များအရ ရင်သားကင်ဆာ ဖြစ်ပွါးနိုင်ခြေကို မြင့်တက်စေနိုင်သော အန္တရာယ်အချက် များစွာရှိကြောင်း တွေ့ရှိရသည်။
ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို များစေသော အချက်များ
- အသက်အရွယ်ကြီးခြင်း
ရင်သားကင်ဆာဖြစ်နိုင်ခြေသည် အသက်ကြီးလာသည်နှင့်အမျှ တိုးလာပြီး၊ ကင်ဆာအများစုကို အသက် (၆၀) ဝန်းကျင်တွင် ရှာဖွေတွေ့ရှိရသည်။ - အီစထရိုဂျင် (Estrogen) ဟော်မုန်းပမာဏ မြင့်မားခြင်း
အချို့သော ဆေးဝါးများ (ဥပမာ _ ဆီးကျိတ်ကင်ဆာ ကုသရန် ဟော်မုန်းကုထုံး)၊ အဝလွန်ခြင်း၊ အသည်းရောဂါ (ဥပမာ _ အသည်းခြောက်ခြင်း) နှင့် Klinefelter syndrome (မျိုးဗီဇဆိုင်ရာ ရောဂါရှိသူ) စသည်တို့ကြောင့် ခန္ဓာကိုယ်ထဲတွင် အီစတိုဂျင်ပမာဏ ပိုများလာပြီး ရင်သားကင်ဆာ ဖြစ်နိုင်ခြေများသည်။ - မိသားစုတွင် ရင်သားကင်ဆာ ရာဇဝင်ရှိခြင်း
မိဘ၊ မောင်နှမ သို့မဟုတ် သားသမီးတစ်ဦးဦးတွင် အသက်ငယ်ရွယ်စဉ် ရင်သားကင်ဆာ ဖြစ်ပွါးခဲ့သော မိသားစုဝင်ရှိလျှင် သို့မဟုတ် မည်သည့်အသက်အရွယ်မဆို ရင်သားကင်ဆာ ဖြစ်ပွါးခဲ့သော မိသားစုဝင်များစွာရှိလျှင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေပိုများသည်။ - မျိုးဗီဇ
ရင်သားကင်ဆာ ဖြစ်ပွါးသူများ၏ (၁၅) ရာခိုင်နှုန်းသည် မျိုးရိုးလိုက်သော မျိုးဗီဇပြောင်းလဲမှုများကြောင့်ဖြစ်သည်၊ BRCA1 နှင့် BRCA2 မျိုးဗီဇ ပြောင်းလဲမှုသည် အဖြစ်အများဆုံးဖြစ်သည်။ - ဝှေးစေ့ရောင်ရမ်းခြင်း (orchitis) သို့မဟုတ် ဝှေးစေ့ကို ဖယ်ရှားသည့် ခွဲစိတ်ကုသမှု (orchiectomy) ပြုလုပ်ခြင်း – ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေသည်
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများ သိသာထင်ရှားစွာ မပြသဘဲ ရင်သားကင်ဆာ ရှိနေနိုင်သည်။ ကင်ဆာအဆင့်အလိုက် ကွဲပြားခြားနားသော လက္ခဏာများစွာ ရှိသည်။ ရင်သားကင်ဆာ လက္ခဏာများမှာ_
- ရင်သား၏ အရွယ်အစား၊ ပုံသဏ္ဌာန် သို့မဟုတ် အသွင်အပြင် ပြောင်းလဲခြင်း
- ရင်သားအကျိတ်ပေါ်ခြင်း (အလွန်သေးငယ်သော ပဲစေ့အရွယ်အစားမျှသာ ရှိနေနိုင်သည်)
- ရင်သားအတွင်း သို့မဟုတ် ချိုင်းကြားတွင် အကျိတ်စမ်းမိခြင်း
- ရင်သား သို့မဟုတ် နို့သီးခေါင်းရှိ အရေပြား၏ အသွင်အပြင် အရောင် သို့မဟုတ် ခံစားမှုပြောင်းလဲခြင်း
- အရေပြား ချိုင့်ဝင်နေခြင်း၊ လိမ္မော်ခွံကဲ့သို့ ဖြစ်ခြင်း၊ အကြေးခွံများကဲ့သို့ အဖတ်များ ဖြစ်ပေါ်ခြင်း သို့မဟုတ် ရင်သား ရောင်ရမ်းနေခြင်း
- ရင်သားအရေပြား သို့မဟုတ် နို့သီးခေါင်းအောက်တွင် ကျောက်ပြားကဲ့သို့ မာကျောသော အရာတစ်ခုစမ်းမိခြင်း
- နို့သီးခေါင်းမှ သွေးရည်ကြည် သို့မဟုတ် အရည်ကြည်ထွက်ခြင်း
- နို့သီးခေါင်း ချိုင့်ဝင်သွားခြင်း စသည်တို့ဖြစ်သည်။
နောက်ဆက်တွဲပြဿနာများ
အမျိုးသားရင်သားကင်ဆာ၏ အဓိက နောက်ဆက်တွဲပြဿနာမှာ ကင်ဆာပြန့်ပွါးခြင်း (Metastasis) ဖြစ်ပြီး၊ ကင်ဆာဆဲလ်များသည် ပြန်ရည်ကျိတ်များ (lymph nodes) နှင့် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများ (ဥပမာ _ ဦးနှောက်၊ အဆုတ်၊ အသည်း၊ အရိုး) သို့ ပျံ့နှံ့သွားခြင်းဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရင်သားကင်ဆာ လက္ခဏာများ ခံစားရပါက သို့မဟုတ် မိမိရင်သားတစ်ရှူးနှင့် နို့သီးခေါင်းဧရိယာတွင် ပုံမှန်မဟုတ်သော ပြောင်းလဲမှုတစ်စုံတစ်ရာ သတိပြုမိပါက အချိန်မဆိုင်းဘဲ မိသားစုဆရာဝန်နှင့် အမြန်ဆုံး ပြသစစ်ဆေးရန် အရေးကြီးသည်။
ရောဂါရှာဖွေခြင်း
ရင်သားကင်ဆာလက္ခဏာများ၊ ရင်သားကင်ဆာ ပိုမိုဖြစ်နိုင်သော အချက်များ ရှိမရှိ စသည့် ရောဂါရာဇဝင်ကို ဆရာဝန်မှ အသေးစိတ်မေးမြန်းပြီး အောက်ဖော်ပြပါ စစ်ဆေးခြင်း အဆင့် (၃) ဆင့်ကို ပြုလုပ်မည်ဖြစ်သည်။
- ဆရာဝန်မှ ရင်သား စမ်းသပ်စစ်ဆေးခြင်း (Breast examination)
- ရင်သားဓာတ်မှန် (Mammogram) သို့မဟုတ် ရင်သား အာထရာဆောင်းရိုက် စစ်ဆေးခြင်း (Breast imaging)
- အသားစယူ စစ်ဆေးခြင်း (Biopsy) တို့ဖြစ်သည်။
- ဆရာဝန်မှ စမ်းသပ်စစ်ဆေးခြင်း
ရိုးရိုးအကျိတ် သို့မဟုတ် ကင်ဆာအကျိတ် ဖြစ်သည်ကို ကွဲပြားစွာသိရှိနိုင်ရန် ဆရာဝန်မှ စမ်းသပ်မည်။ ရင်သား (၂) ဖက်၊ ချိုင်း၊ ရင်ဘတ်နှင့် လည်ပင်းများကို ထိုင်လျက် တစ်ကြိမ်၊ လဲလျောင်းလျက် တစ်ကြိမ် စမ်းသပ်မည်ဖြစ်သည်။ - ရင်သားဓာတ်မှန် သို့မဟုတ် အာထရာဆောင်းရိုက်ခြင်း
ရင်သားဓာတ်မှန်ဖြစ်စေ၊ ရင်သား အာထရာဆောင်းဖြစ်စေ၊ (၂) မျိုးလုံးဖြစ်စေ ရိုက်ရန်လိုအပ်နိုင်သည်။ လိုအပ်ပါက သံလိုက်ဓာတ်မှန် (MRI) ရိုက်ရန် ညွှန်ကြားနိုင်သည်။ - အသားစယူစစ်ဆေးခြင်း
အသားစယူ စစ်ဆေးနည်း အမျိုးမျိုးရှိသည်။- ဆေးထိုးအပ်ဖြင့် အသားစယူခြင်း
- အထူးပြုလုပ်ထားသော အပ်ဖြင့် အသားစယူခြင်း
- အလုံးတစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်း ခွဲစိတ်ထုတ်ယူ စစ်ဆေးခြင်းတို့ဖြစ်သည်။
ရရှိလာသောအသားစကို ဓာတ်ခွဲခန်းသို့ပို့၍ ကင်ဆာဆဲလ်များ ရှိမရှိ စစ်ဆေးအတည်ပြုမည်ဖြစ်သည်။ အသားစတွင် ကင်ဆာဆဲလ်များ တွေ့ရှိပါက ရင်သားကင်ဆာရောဂါ ဖြစ်ပွါးနေကြောင်း ဆရာဝန်မှ ရှင်းပြမည်။
ထို့နောက် ရင်သားကင်ဆာ အဆင့်သတ်မှတ်ရန် (Breast cancer staging) နှင့် သင့်လျော်သော ကုထုံးများ သိရှိနိုင်ရန် အောက်ဖော်ပြပါ စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန် ညွှန်ကြားမည်။
ရင်သားကင်ဆာ အဆင့်သတ်မှတ်ခြင်း (Breast Cancer Staging)
ရင်သားကင်ဆာအဆင့် သတ်မှတ်ခြင်းသည် ရင်သားကင်ဆာ အမျိုးအစား၊ အကျိတ်၏ အရွယ်အစားနှင့် တည်နေရာ၊ ကင်ဆာသည် အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းများသို့ ပျံ့နှံ့သွားခြင်း ရှိမရှိ စသည့်အချက်များပေါ်တွင် မူတည်သည်။
အောက်ဖော်ပြပါ စစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် ကင်ဆာအဆင့် သိရှိနိုင်သည်။
- ရင်ခေါင်းနှင့် ဝမ်းဗိုက်အတွင်း ကင်ဆာပျံ့နှံ့မှုအား သိရှိနိုင်ရန် ကွန်ပျူတာဓာတ်မှန်ရိုက်စစ်ဆေးခြင်း (Chest and Abdominal CT scan)
- တစ်ကိုယ်လုံးရှိ အရိုးများတွင် ကင်ဆာပျံ့နှံ့မှုအား သိရှိနိုင်ရန် ဆေးသွင်းအရိုးဓာတ်မှန်ရိုက်ခြင်း (Bone scan)
- ကင်ဆာဆဲလ်ရောက်ရှိနေနိုင်သော ကိုယ်ခန္ဓာအပိုင်းများအား သိရှိနိုင်ရန် ပီအီးတီစကင်န်ရိုက်ခြင်း Positron emission tomography scan (PET scan) စသည်တို့ဖြစ်သည်။
ရင်သားကင်ဆာ အဆင့်များ
ရင်သားကင်ဆာအဆင့်များသည် (၀) မှ (၄) အထိရှိသည်။ အဆင့် နံပါတ် နည်းလေလေ ကင်ဆာအဆင့် နိမ့်လေလေဖြစ်ပြီး ပျောက်ကင်းနိုင်ခြေ ပိုများလေလေဖြစ်သည်။
| ရင်သားကင်ဆာအဆင့် | သတ်မှတ်ချက် |
|---|---|
| အဆင့် (၀) | နို့ရည်ပြွန်များအတွင်း၌သာ တည်ရှိနေပြီး ရင်သား၏ အခြားအစိတ်အပိုင်းများသို့ ထိုးဖောက်ဝင်ရောက်ခြင်း မရှိသေးသောအဆင့် |
| အဆင့် (၁) | ကင်ဆာအကျိတ် အရွယ်အစား (၂) စင်တီမီတာထက် သေးငယ်ပြီး၊ ရင်သားတစ်ရှူးအတွင်းသာ တည်ရှိသည့်အဆင့် |
| အဆင့် (၂) | ကင်ဆာအကျိတ် အရွယ်အစား (၂) စင်တီမီတာထက် သေးငယ်သော်လည်း ချိုင်းပြန်ရည်ကြောအကျိတ် (တစ်လုံး မှ သုံးလုံးအထိ) တွင်ပါ ကင်ဆာဆဲလ်များ ပျံ့နှံ့ရောက်ရှိနေသောအဆင့် သို့မဟုတ် ကင်ဆာအကျိတ် (၂)စင်တီမီတာ မှ (၅)စင်တီမီတာကြား အရွယ်အစားရှိပြီး ချိုင်းပြန်ရည်ကြောအကျိတ်များသို့ ကင်ဆာဆဲလ်များ မရောက်သေးသောအဆင့် |
| အဆင့် (၃) | ကင်ဆာအကျိတ်သည် (၅) စင်တီမီတာထက် ကြီးပြီး ချိုင်းပြန်ရည်ကြောအကျိတ် (တစ်လုံးမှ သုံးလုံးအထိ) တွင်ပါ ကင်ဆာဆဲလ်များ ပျံ့နှံ့ရောက်ရှိနေသောအဆင့် သို့မဟုတ် ချိုင်းပြန်ရည်ကြောအကျိတ် (၄) လုံးနှင့်အထက်တွင် ကင်ဆာဆဲလ်များ ရောက်ရှိနေသောအဆင့် သို့မဟုတ် ရင်ဘတ်ကြွက်သားများ သို့မဟုတ် ရင်သားအရေပြားသို့ ကင်ဆာဆဲလ်များ ရောက်ရှိနေသောအဆင့် |
| အဆင့် (၄) | ကင်ဆာဆဲလ်များသည် ရင်သားမှ အဆုတ်၊ အသည်း၊ ဦးနှောက်၊ အရိုး စသည့် အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ပျံ့နှံ့ရောက်ရှိသွားသောအဆင့် |
အမျိုးသားရင်သားကင်ဆာ အဆင့်သတ်မှတ်ချက်သည် အမျိူးသမီးရင်သားကင်ဆာအဆင့် သတ်မှတ်ချက်နှင့် တူညီသော်လည်း အမျိုးသားရင်သားသည် သေးငယ်သောကြောင့် ရင်ဘတ်ကြွက်သားများနှင့် အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ပို၍လျင်မြန်စွာ ပျံ့နှံ့ရောက်ရှိသည်။
ထို့အပြင် ရင်သားကင်ဆာကုထုံးများ ရွေးချယ်ရာတွင် အထောက်အကူပြုသည့် အောက်ပါစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။
- ရင်သားကင်ဆာကို ဖြစ်စေသော မျိုးရိုးဗီဇ စစ်ဆေးခြင်း (Genetic tests)
- ဟော်မုန်းလက်ခံမော်လီကျူးများ ရှိမရှိ စစ်ဆေးခြင်း (Immunohistochemistry)
ကုသခြင်း
အမျိုးသားရင်သားကင်ဆာအတွက် ကုသမှုသည် အမျိုးသမီးရင်သားကင်ဆာ ကုသမှုနှင့် များသောအားဖြင့် ဆင်တူသည်။ ကင်ဆာ၏ အဆင့်၊ အမျိုးအစား၊ ကျန်းမာရေး အခြေအနေနှင့် လူနာ၏ ရွေးချယ်မှုပေါ် မူတည်၍ ကုသမှုပေးသည်။ အဓိကကုသမှုနည်းလမ်းများမှာ_
- ခွဲစိတ်ကုသခြင်း (Breast Cancer Surgery)
- ကင်ဆာအကျိတ်ရှိသော ရင်သားအစိတ်အပိုင်းကိုသာ ခွဲစိတ်ဖယ်ရှားခြင်း (Lumpectomy)
- ရင်သားတစ်ခုလုံး ခွဲစိတ်ဖယ်ရှားခြင်း (Mastectomy) ဟူ၍ (၂) မျိုးရှိသည်
ထို့အပြင် အောက်ပါ ခွဲစိတ်မှုများကို လိုအပ်သကဲ့သို့ ဆက်လက်ပြုလုပ်သည်။- နမူနာ ပြန်ရည်ကျိတ် ခွဲစိတ်ထုတ်ယူခြင်း (Sentinel Node Biopsy)
- ချိုင်းကြားရှိ ကင်ဆာဆဲလ်များ ပျံ့နှံ့ရောက်ရှိနေနိုင်သော ပြန်ရည်ကျိတ်များ ခွဲစိတ်ထုတ်ခြင်း (Lymphadenectomy)
- ခွဲစိတ်မှုနှင့် ပေါင်းစပ်၍ တွဲဖက်ကုသမှုများ (Adjuvant therapy)
- ကင်ဆာဆေးဝါးများဖြင့် ကုသခြင်း (Chemotherapy)
- ကင်ဆာဆဲလ်များကို သေစေရန် သို့မဟုတ် ကြီးထွားမှုကို ထိန်းချုပ်ရန် ဆေးဝါးများ အသုံးပြုခြင်း (တစ်ခါတစ်ရံတွင် ဓာတ်ရောင်ခြည်ကုထုံးနှင့် ပေါင်းစပ်၍ အသုံးပြုသည်)
- ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)
- ကင်ဆာဆဲလ်များကို သေစေရန် စွမ်းအားမြင့် ဓာတ်ရောင်ခြည်များကို အသုံးပြုခြင်း
- ဟော်မုန်းထိန်းညှိဆေးဝါးများဖြင့် ကုသခြင်း (Hormonal therapy)
- ကင်ဆာဆဲလ်များ ကြီးထွားရန် လိုအပ်သော ဟော်မုန်းများကို တားဆီးခြင်း
- ကင်ဆာဆဲလ်သီးသန့် ပစ်မှတ်ထားကုသခြင်း (Targeted therapy)
- ကင်ဆာဆဲလ်များတွင်သာ ရှိသော ဓာတုမော်လီကျူး၊ ပဋိပစ္စည်း သို့မဟုတ် ပရိုတင်းမော်လီကျူးများကို ပစ်မှတ်ထား ရှာဖွေတိုက်ခိုက်သော ဆေးများ အသုံးပြုကုသခြင်း
- ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ကုသခြင်း (Immunotherapy)
- ကင်ဆာဆဲလ်များကို တိုက်ခိုက်ရန် ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးသော ဆေးဝါးများကို အသုံးပြုခြင်း
- ခံစားရသော ဝေဒနာများ ညင်သာစေရန် ဘက်စုံပြုစုကုသမှု (Palliative care)
- ပြင်းထန်သော ကင်ဆာနာကျင်မှုနှင့် အခြားခံစားရသော ဝေဒနာများ သက်သာစေရန် ပြုစုကုသပေးခြင်း
- ကင်ဆာဆေးဝါးများဖြင့် ကုသခြင်း (Chemotherapy)
ကာကွယ်ခြင်း
အမျိုးသားရင်သားကင်ဆာကို အတိအကျ ကာကွယ်နိုင်သော နည်းလမ်းမရှိသော်လည်း အောက်ဖော်ပြပါအချက်များကို လိုက်နာခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပွါးနိုင်ခြေကို လျှော့ချနိုင်သည်။
- ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း _ အဝလွန်ခြင်းကို ရှောင်ကြဉ်ခြင်း
- အရက်သောက်သုံးမှုကို လျှော့ချခြင်း သို့မဟုတ် ရှောင်ကြဉ်ခြင်း
- ဆေးလိပ်ဖြတ်ခြင်း သို့မဟုတ် သောက်သုံးမှု လျှော့ချခြင်း
- တစ်ပတ်လျှင် အနည်းဆုံး ငါးရက်ခန့်၊ တစ်ရက်လျှင် မိနစ် (၃၀) ခန့် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း
- ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
- မိမိရင်သားအခြေအနေကို သတိပြုမိစေရန် ကိုယ်တိုင်စမ်းသပ်ခြင်း (Breast awareness)
မိမိရင်သား၏ ပုံမှန်အခြေအနေကိုသိရှိစေရန် မိမိကိုယ်တိုင်စမ်းသပ်ပါ။ အကယ်၍ ရင်သားတွင် အဖုအကျိတ်အသစ်များ သို့မဟုတ် ပုံမှန်မဟုတ်သော ပြောင်းလဲမှုတစ်ခုခုကို တွေ့ရှိပါက မိသားစုဆရာဝန်နှင့် ချက်ချင်းပြသပါ။ မိမိရင်သားနှင့် ပြောင်းလဲမှုများကို သိရှိထားခြင်းသည် ရင်သားကင်ဆာကို ကာကွယ်နိုင်ခြင်းမရှိသော်လည်း ပုံမှန်မဟုတ်သည့် ပြောင်းလဲမှုများကို ဆောလျင်စွာ သိရှိနိုင်သောကြောင့် ရင်သားကင်ဆာ ဖြစ်ပွါးပါက ချက်ချင်းကုသမှု ခံယူနိုင်သည်။
References:
- Cleveland Clinic. (n.d.). Male breast cancer. Retrieved December 11, 2025, from https://my.clevelandclinic.org/health/diseases/9011-male-breast-cancer
- Cleveland Clinic. (n.d.). Breast cancer in men treatment. Retrieved December 11, 2025, from https://my.clevelandclinic.org/services/breast-cancer-in-men-treatment
- Mayo Clinic. (n.d.). Male breast cancer: Symptoms & causes. Retrieved December 11, 2025, from https://www.mayoclinic.org/diseases-conditions/male-breast-cancer/symptoms-causes/syc-20374740
- Mayo Clinic. (n.d.). Male breast cancer: Diagnosis & treatment. Retrieved December 11, 2025, from https://www.mayoclinic.org/diseases-conditions/male-breast-cancer/diagnosis-treatment/drc-20374745
- National Cancer Institute. (n.d.). Male breast cancer. Retrieved December 11, 2025, from https://www.cancer.gov/types/breast/male-breast-cancer
Published: 29 December 2025
.indent-top{padding-top: 30px;} .indent-bottom{padding-bottom: 30px;}Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
