Anal cancer (စအိုကင်ဆာ)

Anal cancer (စအိုကင်ဆာ)

စအိုဝသည် ခြေဖျက်ပြီးသော အစားအစာများကို အစာ‌‌ဟောင်းအိမ်မှတစ်ဆင့် ကိုယ်ခန္ဓာအပြင်ဘက်သို့ စွန့်ထုတ်သော အူလမ်းကြောင်း၏ နောက်ဆုံးအစိတ်အပိုင်းဖြစ်သည်။ စအိုကင်ဆာ (Anal cancer) သည် စအိုလမ်းကြောင်း (Anal Canal) သို့မဟုတ် စအိုဝ (Anus) အနီးရှိ တစ်ရှူးများတွင် ကင်ဆာဆဲလ်များ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အူမကြီးကင်ဆာ (Colon Cancer) သို့မဟုတ် အစာဟောင်းအိမ် (Rectal Cancer) ကင်ဆာကဲ့သို့ အဖြစ်မများသော်လည်း စောစီးစွာသိရှိပြီး ကုသပါက ရောဂါပျောက်ကင်းနိုင်ခြေ မြင့်မားသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

စအိုကင်ဆာ ဖြစ်ပေါ်ရခြင်း၏ အဓိကအကြောင်းရင်းကို တိကျစွာ မသိရသေးသော်လည်း (၉၀%) ခန့်မှာ ကြွက်နို့ရောဂါဗိုင်းရပ်စ်ပိုး (Human Papillomavirus – HPV) ကြောင့်ဖြစ်သည်။ ထိုကြွက်နို့ရောဂါဗိုင်းရပ်စ်ပိုးသည် လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်တတ်ပြီး အများစုမှာ ပျောက်ကင်းသော်လည်း၊ အချို့တွင် မူမမှန်ဆဲလ်ပွါးခြင်းများ ဖြစ်ပေါ်ကာ ကင်ဆာရောဂါကို ဖြစ်စေသည်။ သားအိမ်ကင်ဆာ (cervical cancer) ဖြစ်စေတတ်သည့် အမျိုးတူ မျိုးကွဲ strain များ (ဥပမာ – HPV 16, 18) နှင့် ဆက်စပ်လေ့ရှိသည်။

ဖြစ်နိုင်ခြေများသောအခြေအနေများ
  • လိင်ဆက်ဆံဖော် များခြင်း – လိင်ဆက်ဆံဖော် များခြင်းသည် ကြွက်နို့ရောဂါဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေ များစေသည်
  • စအိုမှ လိင်ဆက်ဆံခြင်း – စအိုမှ လိင်ဆက်ဆံမှု ပြုသူများသည် စအိုကင်ဆာ ဖြစ်နိုင်ခြေ ပိုများသည်
  • ဆေးလိပ်သောက်ခြင်း – ဆေးလိပ်သောက်သူများသည် စအိုကင်ဆာ ဖြစ်နိုင်ခြေ မြင့်မားသည်
  • ကိုယ်ခံအားစနစ် အားနည်းခြင်း – ကိုယ်တွင်းအင်္ဂါ အစားထိုးကုသပြီးနောက် ကိုယ်ခံအားစနစ်ကို ချပေးသည့်ဆေး သောက်သုံးနေရသူများ၊ HIV ပိုး ကူးစက်ခံထားရသူများသည် ကိုယ်ခံအား နည်းသောကြောင့် စအိုကင်ဆာ ဖြစ်နိုင်ခြေ ပိုများသည်
  • ကင်ဆာရောဂါ ရာဇဝင်ရှိခြင်း – သားအိမ်ခေါင်း (Cervix) သို့မဟုတ် မိန်းမကိုယ် (Vagina) သို့မဟုတ် မိန်းမကိုယ်အပြင် (Vulva) တို့တွင် ကင်ဆာ ရာဇဝင်ရှိသူများတွင် စအိုကင်ဆာ ဖြစ်နိုင်ခြေ ပိုများသည်
  • အသက်အရွယ် – အသက် ၅၅ နှစ်နှင့်အထက် လူများတွင် ပို၍ ဖြစ်ပွါးတတ်သည်
ရောဂါလက္ခဏာများ

စအိုကင်ဆာ၏ အစောပိုင်းလက္ခဏာများသည် လိပ်ခေါင်း (Hemorrhoids) သို့မဟုတ် စအိုကွဲခြင်း (Anal fissures) ကဲ့သို့သော အခြားရောဂါများနှင့် ဆင်တူနိုင်သည်။ သတိပြုသင့်သော လက္ခဏာများမှာ_

  • စအို သို့မဟုတ် စအိုလမ်းကြောင်းမှ သွေးထွက်ခြင်း (Rectal Bleeding) – ဝမ်းသွားစဉ် သို့မဟုတ် ဝမ်းသွားပြီးနောက် သွေးပါခြင်း (အဖြစ်အများဆုံး လက္ခဏာဖြစ်သည်)
  • စအိုပတ်လည်တွင် အဖု သို့မဟုတ် အလုံးတစ်ခု စမ်းမိခြင်း (သို့မဟုတ် စအိုလမ်းကြောင်းအတွင်း အဖုအကျိတ်ရှိခြင်း)
  • စအိုပတ်လည်တွင် နာကျင်ခြင်း၊ မသက်မသာ ခံစားရခြင်း သို့မဟုတ် ယားယံခြင်း
  • စအိုမှ ပြည် သို့မဟုတ် အချွဲများ ဆင်းခြင်း
  • ဝမ်းသွားသည့် အမူအကျင့်များ ပြောင်းလဲခြင်း ဝမ်းသွားသည့် အကြိမ်ရေ၊ ပုံစံ သို့မဟုတ် မစင်အရွယ်အစား ပြောင်းလဲခြင်း
နောက်ဆက်တွဲပြဿနာများ

စအိုကင်ဆာ၏ နောက်ဆက်တွဲပြဿနာများတွင် အောက်ပါတို့ ပါဝင်နိုင်သည်။

  • သွေးယိုစီးမှု ဖြစ်ပွါးခြင်း – ကင်ဆာအကျိတ်မှ သွေးဆက်တိုက်ယိုစီးမှုကြောင့် သွေးအားနည်းခြင်း ဖြစ်နိုင်သည်
  • ကင်ဆာ ပြန့်ပွါးခြင်း (Metastasis) – စောစီးစွာ မကုသပါက ကင်ဆာဆဲလ်များသည် သွေးကြော သို့မဟုတ် ပြန်ရည်ပြွန်များမှတစ်ဆင့် အနီးအနားရှိ ပြန်ရည်ကျိတ်များ (Lymph Nodes) သို့မဟုတ် အသည်း၊ အဆုတ် စသည့် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်သည်
  • ကုသမှု၏ ဘေးထွက်ဆိုးကျိုးများ – ကင်ဆာဆေးသွင်း ကုထုံး (Chemotherapy) နှင့် ဓာတ်ရောင်ခြည်ကုထုံး (Radiation Therapy) များကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အရေပြားနီမြန်းခြင်းနှင့် ယားယံခြင်းစသည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်

စအိုကင်ဆာ ဖြစ်နိုင်ခြေများသည့် အထက်ပါ​ရောဂါအခြေအနေများ ရှိပါက မိသားစုဆရာဝန်နှင့် ချက်ချင်းဆွေးနွေးတိုင်ပင်သင့်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရန်အတွက် ဆရာဝန်သည် လူနာ၏ ရောဂါရာဇဝင် (အူမကြီးကင်ဆာ သံသယလက္ခဏာများနှင့် ကင်ဆာပိုမိုဖြစ်ပွါးနိုင်သော အချက်များစသည်) ကို မေးမြန်းပြီး၊ ဝမ်းဗိုက်စမ်းသပ်ခြင်း၊ လက်ချောင်းဖြင့် စအိုအတွင်း စစ်ဆေးခြင်း (Digital rectal examination) စသည်တို့ကို ပြုလုပ်မည်။

ထို့နောက် အောက်ဖော်ပြပါ စစ်ဆေးမှုများကို လိုအပ်သလို ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

  • စအိုလမ်းကြောင်းကြည့်မှန်ပြောင်းဖြင့် စစ်ဆေးခြင်း (Anoscopy/Proctoscopy)
    ပြွန်ချောင်းအသေးတစ်ခုကို စအိုအတွင်းသို့ ထည့်သွင်း၍ စအိုလမ်းကြောင်းကို ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။
  • အသားစယူ စစ်ဆေးခြင်း (Biopsy)
    သံသယရှိသော တစ်ရှူးနမူနာအနည်းငယ်ကိုယူ၍ ဓာတ်ခွဲခန်းသို့ ပို့၍ ကင်ဆာဆဲလ်များနှင့် ဆဲလ်ကြီးထွားနှုန်းကို စစ်ဆေးနိုင်သည်။ ထို့အပြင် ကင်ဆာဆဲလ်များနှင့်ပတ်သက်သော အခြားစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နိုင်သည်။ ယင်းစစ်ဆေးမှုရလဒ်များအရ ရောဂါအခြေအနေနှင့် ကုသနည်းများကို ဆုံးဖြတ်သည်။
  • သွေးစစ်ဆေးမှုများ(Blood tests)
    သွေးစစ်ဆေးမှုများသည် စအိုကင်ဆာကို တိုက်ရိုက်ရှာဖွေရန် အသုံးမပြုသော်လည်း စအိုကင်ဆာ၏ လက္ခဏာများနှင့် ကျောက်ကပ်၊ အသည်းကဲ့သို့သော ကိုယ်တွင်းအင်္ဂါများ၏ လုပ်ဆောင်နိုင်စွမ်းကို သိရှိရန် အထောက်အကူပြုသည်။

ကင်ဆာအဆင့်သတ်မှတ်ခြင်း (Staging)
ကင်ဆာ ပျံ့နှံ့မှုအတိုင်းအတာကို သိရှိရန် ပုံရိပ်ဖော် စစ်ဆေးခြင်း (Imaging scan) များ ပြုလုပ်သည်။ ယင်းလုပ်ငန်းစဉ်ကို ကင်ဆာအဆင့်သတ်မှတ်ခြင်း (Staging) ဟုခေါ်သည်။ ကင်ဆာရောဂါကုထုံးများ ရွေးချယ်ရာတွင်လည်းကောင်း၊ ခွဲစိတ်ကုသရာတွင်လည်းကောင်း၊ ကင်ဆာပျောက်ကင်းနိုင်ခြေ သို့မဟုတ် သက်သာနိုင်ခြေ (remission) နှင့် နောက်ထပ် သက်တမ်းမည်မျှရှည်နိုင်သည် (life expectancy) တို့ ခန့်မှန်းရာတွင် လွန်စွာအထောက်အကူပြုသည်။

ပုံရိပ်ဖော် စစ်ဆေးခြင်း (Imaging scan)
ကင်ဆာအဆင့် သို့မဟုတ် ပျံ့နှံ့မှုကို သိရှိရန်အတွက်

  • ကွန်ပျူတာဓာတ်မှန် (CT scan)
  • သံလိုက်ဓာတ်မှန် (MRI)
  • ပီအီးတီစကင်န် (PET scan)
  • စအိုလမ်းကြောင်း အာထရာဆောင်း (Endorectal Ultrasound) စသည်တို့ကို အလျဥ်းသင့်သလို အသုံးပြု၍ ကင်ဆာအကျိတ်၏ အရွယ်အစား၊ တည်နေရာနှင့် ပျံ့နှံ့မှုများကို ရှာဖွေစစ်ဆေးသည်။

ကင်ဆာအဆင့်များ
စအိုကင်ဆာ အဆင့်များကို အောက်ပါအတိုင်း အဆင့်(၁) မှ အဆင့်(၄)အထိ သတ်မှတ်ထားသည်။

  • အဆင့် (၁) _ အကျိတ်သည် (၂) စင်တီမီတာနှင့် ၄င်းထက်သေးငယ်သော အရွယ်အစားရှိ အဆင့်
  • အဆင့် (၂) _ အကျိတ်သည် (၂) စင်တီမီတာထက် ပိုကြီးသော်လည်း အနီးအနားရှိ ကိုယ်တွင်းအင်္ဂါများ နှင့် ပြန်ရည်ကျိတ်များဆီသို့ ကင်ဆာမပျံ့နှံ့သေးသောအဆင့်
  • အဆင့် (၃) _ အကျိတ်သည် အနီးအနားရှိ ကိုယ်တွင်းအင်္ဂါများ သို့မဟုတ် ပြန်ရည်ကျိတ်များဆီသို့ ပျံ့နှံ့သွားသောအဆင့် (ဤအဆင့်တွင် ခန္ဓာကိုယ်၏ အခြားနေရာများသို့ စတင်ပျံ့နှံ့နိုင်ခြေရှိသည်)
  • အဆင့် (၄) _ ကင်ဆာဆဲလ်များသည် အသည်း၊ အဆုတ်စသည့် ခန္ဓာကိုယ် အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားသည့်အဆင့်
ကုသခြင်း

စအိုကင်ဆာ ကုသမှုသည် အများအားဖြင့် ကင်ဆာ၏ တည်နေရာ၊ အဆင့်၊ လူနာ၏ ကျန်းမာရေးအခြေအနေနှင့် ရွေးချယ်မှုအပေါ် မူတည်၍ လူနာအတွက် အသင့်တော်ဆုံး ကုထုံးများကို ရွေးချယ်သည်။ အဓိကကုသမှုနည်းလမ်းများမှာ_

  • ကင်ဆာ​ဆေးသွင်းကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံး ပေါင်းစပ်ကုသခြင်း (Chemoradiation)
    စအိုကင်ဆာအတွက် အသုံးအများဆုံး ကုသနည်းလမ်းဖြစ်သည်။ ဓာတ်ရောင်ခြည်ကုထုံးနှင့် ကင်ဆာ​ဆေးသွင်းကုထုံး နှစ်မျိုးလုံးကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ်များကို ပိုမိုထိရောက်စွာ သေစေနိုင်သည်။ နှစ်မျိုးပေါင်းကုသမှုသည် စအိုကင်ဆာကို များသောအားဖြင့် ဖယ်ရှားပေးနိုင်သောကြောင့် ခွဲစိတ်ရန် လိုအပ်လေ့မရှိပါ။
  • ခွဲစိတ်ကုသခြင်း (Surgery)
    • အကျိတ်သေးငယ်ပြီး အစောပိုင်းအဆင့်တွင် ရှိပါက ကင်ဆာအကျိတ်နှင့် အနီးတစ်ဝိုက်ရှိ ကျန်းမာသော တစ်ရှူးအနည်းငယ်ကို ဖယ်ရှားနိုင်သည်။ ထိုသို့ ခွဲစိတ်ဖယ်ရှားခြင်းမှာ ဓာတ်ရောင်ခြည်နှင့် ကင်ဆာဆေး ပေါင်းစပ်ကုသခြင်းထက် အသုံးပြုမှု နည်းပါးသည်
    • စအိုနှင့် စအိုလမ်းကြောင်းကို ဖယ်ရှားခြင်း (Abdominoperineal Resection – APR)
      ကင်ဆာသည် ကြီးမားနေလျှင် သို့မဟုတ် ဓာတုကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံး ပေါင်းစပ်ကုသမှုကို မတုံ့ပြန်ပါက စအို၊ အူမကြီးအောက်ပိုင်း (rectum) နှင့် အူမကြီး၏ တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားရသည်။ ထိုသို့ခွဲစိတ်မှုကို ပြုလုပ်ပါက ဝမ်းကို ခန္ဓာကိုယ်အပြင်ဘက်သို့ စွန့်ထုတ်နိုင်ရန် ဝမ်းဗိုက်ပေါ်သို့ အမြဲတမ်း ဝမ်းလမ်းကြောင်းလွှဲခြင်း (permanent colostomy) ကိုပါ ပြုလုပ်ရပြီး၊ ထိုနေရာတွင် ဝမ်းခံအိတ် (bag or pouch) ကို တပ်ဆင်ထားရသည်။
  • အဆင့်မြင့်ကင်ဆာ ဆေးဝါးကုထုံး (Chemotherapy and Immunotherapy for Advanced Cancer)
    • ဓာတ်ရောင်ခြည်နှင့် ကင်ဆာဆေး ပေါင်းစပ်ကုသမှု မပြုနိုင်တော့သော သို့မဟုတ် ခွဲစိတ်ဖယ်ရှား၍ မရနိုင်သော စအိုကင်ဆာအဆင့်မြင့်သူများအတွက် အကောင်းဆုံးကုသနည်းမှာ ကင်ဆာဆေးသွင်းခြင်းနှင့် ကိုယ်ခံအားကုထုံး ပေါင်းစပ်ခြင်းဖြစ်သည်
    • ဤကုသမှုများသည် ကင်ဆာကို အပြီးတိုင် ပျောက်ကင်းစေခြင်း မရှိနိုင်သော်လည်း ပိုမိုကြာရှည်စွာ အသက်ရှင်နေထိုင်နိုင်စေရန်နှင့် ပိုမိုကောင်းမွန်စေရန် အထောက်အကူပြုသည်
  • ခံစားနေရသောဝေဒနာများ ညင်သာစေရန် ဘက်စုံပြုစုကုသမှု (Palliative care)
    • ပြင်းထန်သော ကင်ဆာနာကျင်မှုနှင့် အခြားခံစားရသော ဝေဒနာများ သက်သာစေရန် ပြုစုကုသပေးခြင်းဖြင့် ကင်ဆာဝေဒနာရှင်များ၏ ဘဝနေထိုင်မှု အရည်အသွေး ပိုမိုကောင်းမွန်စေသည်
ကာကွယ်ခြင်း

စအိုကင်ဆာကို အပြည့်အဝ ကာကွယ်နိုင်မည့် နည်းလမ်းမရှိသေးသော်လည်း အောက်ဖော်ပြပါအချက်များကို လိုက်နာခြင်းဖြင့် ဖြစ်ပွါးနိုင်ခြေကို လျှော့ချနိုင်သည်။

  • ကြွက်နို့ရောဂါဗိုင်းရပ်စ်ပိုးကာကွယ်ဆေး (HPV vaccine) ထိုးနှံခြင်း
    • HPV ကာကွယ်ဆေးသည် စအိုကင်ဆာနှင့် အခြားသော HPV နှင့် ဆက်စပ်သည့် ကင်ဆာများ ဖြစ်ပွါးနိုင်ခြေကို လျှော့ချပေးနိုင်သည့်အတွက် မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ
  • လုံခြုံသော လိင်ဆက်ဆံမှု ပြုခြင်း
    • လိင်မှတစ်ဆင့် ကူးစက်သောရောဂါများကို ကာကွယ်ရန် ကွန်ဒုံးအသုံးပြုခြင်းနှင့် လိင်ဆက်ဆံဖော် အနည်းငယ်သာ ထားရှိခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
    • ဆေးလိပ်သောက်ခြင်းသည် စအိုကင်ဆာ ဖြစ်နိုင်ခြေကို တိုးမြင့်စေသောကြောင့် ဆေးလိပ်သောက်ခြင်းကို‌ ရှောင်ရှားခြင်း
စအိုကင်ဆာ အကြိုစစ်ဆေးခြင်း (Anal cancer screening)

အောက်ပါ စအိုကင်ဆာ ဖြစ်ပွါးနိုင်ခြေ မြင့်မားသူများတွင် စအိုကင်ဆာအကြိုစစ်ဆေးမှု (Anal cancer screening) ပြုလုပ်ရသည်။

  • HIV ရောဂါပိုး ရှိသူများ
  • ကိုယ်အင်္ဂါအစားထိုးကုသမှု ခံယူပြီးနောက် ကိုယ်ခံအားစနစ်ကို ထိန်းချုပ်ရန် ဆေးဝါး သောက်သုံးနေရသူများ
  • လိင်အင်္ဂါ (Penis)၊ ဝှေးစေ့ (Scrotum)၊ သားအိမ်ခေါင်း (Cervix)၊ မိန်းမကိုယ် (Vagina) သို့မဟုတ် မိန်းမကိုယ်အပြင် (Vulva) တို့တွင် ကင်ဆာအကြို ဆဲလ်များ သို့မဟုတ် အခြေအနေများ (Precancerous conditions) ရှိနေကြောင်း တွေ့ရှိထားသူများ

မိမိကျန်းမာရေးအခြေအနေနှင့် မိသားစုရာဇဝင်ပေါ် မူတည်၍ သင့်တော်သော စစ်ဆေးမှုကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကာ ရွေးချယ်ရသည်။ စအိုကင်ဆာ အကြိုစစ်ဆေးမှုအတွက် အသုံးပြုသော စစ်ဆေးနည်းများမှာ_

  • စအိုအချွဲမြှေးစစ်ဆေးခြင်း (Anal Pap Test)
    စအိုလမ်းကြောင်းအတွင်းရှိ ဆဲလ်များကို အမွှေးနုနုပါသော အတံဖြင့် တို့ယူ၍ ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်းဖြစ်သည်
  • စအိုမှ ကြွက်နို့ရောဂါဗိုင်းရပ်စ်ပိုး (HPV) စစ်ဆေးခြင်း (Anal HPV Test)
    စအိုလမ်းကြောင်းတွင် ကြွက်နို့ရောဂါဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ဆေးခြင်းဖြစ်သည်
  • လက်ချောင်းဖြင့် စအိုအတွင်းစစ်ဆေးခြင်း (Digital Rectal Exam – DRE)
    စအိုအတွင်းသို့ လက်ချောင်းထည့်သွင်း၍ စအိုလမ်းကြောင်းနှင့် အူမကြီးနောက်ဆုံးပိုင်း အစာ‌ဟောင်းအိမ် (Rectum) တွင် အဖုအကျိတ်များ သို့မဟုတ် ကင်ဆာ လက္ခဏာများ ရှိမရှိကို စမ်းသပ်စစ်ဆေးခြင်းဖြစ်သည်။

References:

  1. Cleveland Clinic. (n.d.). Anal cancer. Retrieved December 9, 2025, from https://my.clevelandclinic.org/health/diseases/6151-anal-cancer
  2. Mayo Clinic. (n.d.). Anal cancer: Symptoms & causes. Retrieved December 9, 2025, from https://www.mayoclinic.org/diseases-conditions/anal-cancer/symptoms-causes/syc-20354140
  3. Mayo Clinic. (n.d.). Anal cancer: Diagnosis & treatment. Retrieved December 9, 2025, from https://www.mayoclinic.org/diseases-conditions/anal-cancer/diagnosis-treatment/drc-20354146
  4. National Cancer Institute. (n.d.). Anal cancer treatment (PDQ®): Patient version. Retrieved December 9, 2025, from https://www.cancer.gov/types/anal/patient/anal-treatment-pdq

Published: 29 December 2025

.indent-top{padding-top: 30px;} .indent-bottom{padding-bottom: 30px;}

Share

29 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Ganglion Cyst (ဂန်ဂလီယံအရည်အိတ်)
Dec 31, 2025
Diseases and Conditions

Ganglion Cyst (ဂန်ဂလီယံအရည်အိတ်)

ဂန်ဂလီယံအရည်အိတ်သည် အဆစ်နှင့် အရွတ်များတွင် ဖြစ်ပေါ်တတ်သော ကင်ဆာမဟုတ်သည့်...

Tennis Elbow (Lateral Epicondylitis) (တင်းနစ်တံတောင်ဆစ် သို့မဟုတ် တံတောင်ဆစ် အပြင်ဘက်အရွတ်ကြော ရောင်ရမ်းခြင်း)
Dec 31, 2025
Diseases and Conditions

Tennis Elbow (Lateral Epicondylitis) (တင်းနစ်တံတောင်ဆစ် သို့မဟုတ် တံတောင်ဆစ် အပြင်ဘက်အရွတ်ကြော ရောင်ရမ်းခြင်း)

တံတောင်ဆစ်နာကျင်မှုများတွင် တံတောင်ဆစ် အပြင်ဘက်အရွတ်ကြော...

Chorioamnionitis (ရေမြွှာရည်နှင့် အချင်းအမြှေးပါး ပိုးဝင်ခြင်း)
Dec 30, 2025
Diseases and Conditions

Chorioamnionitis (ရေမြွှာရည်နှင့် အချင်းအမြှေးပါး ပိုးဝင်ခြင်း)

ရေမြွှာရည်နှင့် အချင်းအမြှေးပါး ပိုးဝင်ခြင်းသည် မိခင်ရောကလေးပါ...