Otitis externa (အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်း)

Otitis externa (အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်း)

နားစည်မြှေး အပြင်ဖက်နားလမ်းကြောင်းသည် နား၏ အပြင်ဘက်ပိုင်း (နားရွက်) မှစ၍ နားစည်မြှေးတို့ကြား၌ တည်ရှိနေသော လမ်းကြောင်းဖြစ်ပြီး အပြင်နားလမ်းကြောင်း (Outer ear canal) ဟုလည်းခေါ်သည်။ ထိုလမ်းကြောင်းတစ်လျှောက် ပိုးဝင်ရောင်ရမ်းခြင်းသည် အတွေ့ရများသော နားရောဂါဆိုင်ရာ အခြေအနေတစ်ခုဖြစ်သည်။ ၎င်းသည် ဘက်တီးရီးယားပိုးများနှင့် မှိုပိုးများကြောင့် အများဆုံးဖြစ်ပေါ်နိုင်ပြီး ရေကူးသောသူများတွင် ပို၍တွေ့ရသောကြောင့် Swimmer’s ear ဟုလည်း လူသိများသည်။ အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်းသည် ယေဘုယျအားဖြင့် ကုသမှုခံယူပါက တစ်ပတ်အတွင်း သက်သာပျောက်ကင်းနိုင်သော်လည်း ကုသမှုမခံယူပါက နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်ပြီး အရေးပေါ် ဆေးရုံပြသရန် လိုအပ်နိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

နားလမ်းကြောင်း၏ သဘာဝအကာအကွယ်များ ကောင်းမွန်စွာ အလုပ်မလုပ်နိုင်ပါက အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်းကို ဖြစ်စေသည်။ အပြင်နားလမ်းကြောင်း သန့်ရှင်းနေစေရန်နှင့် ပိုးမဝင်စေရန် ခန္ဓာကိုယ်တွင် သဘာဝနည်းလမ်းများစွာဖြင့် ကာကွယ်ထားသည်။ အပြင်နားလမ်းကြောင်း၏ နံရံများကို ပါးလွှာသောအလွှာတစ်ခုဖြင့် ဖုံးအုပ်ထားပြီး ၎င်းသည် အပြင်မှ ရေမဝင်စေရန်နှင့် ဘက်တီးရီးယားပိုးများ ဝင်ရောက်ကြီးထွားခြင်း မရှိစေရန် ကာကွယ်ပေးသည်။ နားဖာချေး (Cerumen) နှင့် နားအတွင်းရှိ အရေပြားဆဲလ်အသေများသည် နားစည်မှ အပြင်နားလမ်းကြောင်းဝသို့ တဖြည်းဖြည်း ရွေ့လျားလာသည်။ အစာဝါးခြင်းနှင့် မေးရိုးလှုပ်ရှားခြင်းများ ပြုလုပ်သည့်အခါ ထိုအညစ်အကြေးများ နားအပြင်သို့ ထွက်ကျသွားခြင်းဖြင့် နားကို သဘာဝအတိုင်း သန့်ရှင်းစေပြီး ပြင်ပအရာဝတ္ထုများ မဝင်ရောက်စေရန် ကူညီပေးသည်။

အထက်ပါနား၏ သဘာဝအကာအကွယ်များ ကောင်းမွန်စွာ အလုပ်မလုပ်နိုင်ပါက အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်းကို ဖြစ်စေသည်။ ဖြစ်စေသော အကြောင်းရင်းများစွာ ရှိသော်လည်း နားလမ်းကြောင်းအတွင်း ရေများပိတ်မိစေသော အခြေအနေများသည် အဖြစ်အများဆုံးဖြစ်သည်။ ထိုသို့ ရေစုနေခြင်းသည် နားလမ်းကြောင်းထဲတွင် ပူနွေးစိုထိုင်းမှုဖြစ်စေပြီး ဘက်တီးရီးယားနှင့် မှိုများ ပိုမိုပေါက်ဖွားရန် လွယ်ကူသောကြောင့် ရောဂါပိုးဝင်ရောက်ရန် အကောင်းဆုံး ပတ်ဝန်းကျင် ဖြစ်လာသည်။ ဖြစ်စေနိုင်သော ဘက်တီးရီးယားများတွင် Pseudomonas aeruginosa နှင့် Staphylococcus aureus တို့ ပါဝင်ပြီး မှိုပိုးများတွင် Candida နှင့် Aspergillus တို့ ပါဝင်သည်။

ရောင်ရမ်းခြင်း ပို၍ဖြစ်နိုင်ခြေများသော အခြေအနေများ
  • အချို့သော အရေပြားပြဿနာများရှိခြင်း
    အပြင်နားလမ်းကြောင်း ပတ်ဝန်းကျင်တွင် နှင်းခူရောဂါဖြစ်ခြင်း၊ ဆိုရီယားစစ်ရောဂါဖြစ်ခြင်းနှင့် အရေပြား ဓာတ်မတည့်ခြင်းများရှိပါက ရောင်ရမ်းခြင်းကို ပို၍ ဖြစ်စေနိုင်သည်။
  • ရေကူးခြင်း
    ရေကူးခြင်းသည် အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်းကို ဖြစ်စေသော အချက်များအနက် တစ်ခုဖြစ်ပြီး၊ အခြားရေမကူးသူများနှင့် နှိုင်းယှဉ်လျှင် ဖြစ်ပွါးမှုသည် ငါးဆ ပို၍များသည်။ သို့သော် ရေချို သို့မဟုတ် ရေငန်များတွင် ရေကူးခြင်း (ဥပမာ _ ရေကန်များ၊ မြစ်များ၊ ချောင်းများနှင့် ပင်လယ်များ) သည် ဘက်တီးရီးယား ပါဝင်မှု ပိုမိုများပြားနိုင်သောကြောင့် ရေကူးကန်တွင် ရေကူးခြင်းထက် ရောင်ရမ်းခြင်း ပို၍ဖြစ်စေနိုင်သည်။
  • နားထိခိုက်ဒဏ်ရာရခြင်း
    နားဖာချေးဖယ်ထုတ်ရန် နားအတွင်းသို့ ပြင်ပပစ္စည်းများ (ဥပမာ _ ဂွမ်းစ၊ ဘောပင်၊ ဆံညှပ် သို့မဟုတ် စက္ကူညှပ်) ဖြင့် ထိုးနှိုက်ခြင်းကြောင့် အပြင်နားလမ်းကြောင်း ခြစ်မိနိုင်ပြီး ထိခိုက်နိုင်သည်။
  • အပူပိုင်းဒေသတွင် နေထိုင်ခြင်း
    စိုထိုင်းသော ပတ်ဝန်းကျင်များသည် အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်း ဖြစ်ပွါးနိုင်ခြေကို တိုးစေနိုင်သည်။
  • ပုံမှန်ရှိသင့်သော နားဖာချေးများ မရှိခြင်း
    နားဖာချေးသည် အပြင်နားလမ်းကြောင်းကို ဘက်တီးရီးယားနှင့် မှိုပိုးများ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးသည်။ နားထဲတွင် ရေများလွန်းခြင်း သို့မဟုတ် နားသန့်ရှင်းရေးလုပ်စဉ် မတော်တဆ နားဖာချေးများ များပြားစွာ ဖယ်ရှားမိခြင်းကြောင့် ပိုးဝင်နိုင်သည်။
  • နားကြပ် သို့မဟုတ် နားကြားကိရိယာများ သုံးစွဲခြင်း
    ဖုန်မှုန့်နှင့် အညစ်အကြေးများသည် နားကြပ် သို့မဟုတ် နားကြားကိရိယာများ သုံးစွဲခြင်းမှတစ်ဆင့် နားအပြင်လမ်းကြောင်း ရောင်ရမ်းခြင်းကို ဖြစ်စေသည်။
  • အခြားအကြောင်းရင်းများ
    • အပြင်နားလမ်းကြောင်း ကျဉ်းမြောင်းခြင်း
    • ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း သို့မဟုတ် ကင်ဆာဆေးသွင်း ကုသခြင်း
    • စိတ်ဖိစီးမှုများခြင်း
    • ကိုယ်ခံအားစနစ် အားနည်းသော လူနာများ (ဥပမာ _ ဆီးချိုရောဂါရှိသူများ၊ HIV ရှိသူများ)
ရောဂါလက္ခဏာများ

နားအပြင်လမ်းကြောင်း ရောင်ရမ်းခြင်း၏ ရောဂါလက္ခဏာများသည် အစပိုင်းတွင် မပြင်းထန်သော်လည်း ပိုးဝင်ခြင်းကို စောစီးစွာ မကုသပါက သို့မဟုတ် ရောဂါပိုး ကူးစက်ပျံ့နှံ့သွားပါက ပိုမိုဆိုးရွားလာနိုင်သည်။ နားစည်အပြင်ပိုင်း ရောင်ရမ်းခြင်းကို ရောဂါလက္ခဏာများပေါ်မူတည်၍ သာမန်၊ အလယ်အလတ်ပြင်းထန်နှင့် အလွန်ပြင်းထန်အဆင့် ဟူ၍ ခွဲခြားနိုင်သည်။

  1. မပြင်းထန်သော သာမန်လက္ခဏာများ
    • အပြင်နားလမ်းကြောင်း ယားယံခြင်း
    • နားအတွင်းပိုင်းနီရဲခြင်း
    • နားရွက်၏ အစိတ်အပိုင်းများကို ဖိမိ၊ ထိမိပါက နာကျင်မှု အနည်းငယ် ခံစားရခြင်း
    • နားမှ အရည်များ ထွက်ခြင်း
  2. အလယ်အလတ်ပြင်းထန်သော လက္ခဏာများ
    • အပြင်နားလမ်းကြောင်း ပို၍ ယားယံလာခြင်း
    • နာကျင်မှု ပိုမို ခံစားလာရခြင်း
    • ရောင်ရမ်းခြင်း၊ အရည်များစုပုံခြင်းနှင့် အညစ်အကြေးများကြောင့် နားအတွင်းပိုင်းတွင် ပြည့်တင်းနေသကဲ့သို့ ခံစားရခြင်း
    • အကြားအာရုံ လျော့နည်းလာခြင်း သို့မဟုတ် အသံတိုး၍ ကြားရခြင်း
  3. အလွန်ပြင်းထန်သော လက္ခဏာများ
    • နာကျင်မှု ပို၍ပြင်းထန်လာပြီး မျက်နှာ၊ လည်ပင်းနှင့် ဦးခေါင်းသို့ နာကျင်မှု ကူးစက်ပျံ့နှံ့ခြင်း
    • နားမှ အနံ့ဆိုးသော အရည်များ ထွက်လာခြင်း
    • အပြင်နားလမ်းကြောင်း လုံးဝပိတ်သွားခြင်း
    • နား၏ အပြင်ဘက် အစိတ်အပိုင်းများ နီရဲရောင်ရမ်းခြင်း
    • အလွန်အမင်း နာကျင်ကိုက်ခဲခြင်း (အကိုက်အခဲပျောက်ဆေးများ သောက်သော်လည်း မသက်သာခြင်း)
    • လည်ပင်းပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း
    • မျက်နှာကြွက်သားများ အားနည်းလာခြင်း သို့မဟုတ် လှုပ်ရှားရခက်ခဲလာခြင်း
    • ဖျားခြင်း
    • အကြားအာရုံ ဆုံးရှုံးခြင်း
နောက်ဆက်တွဲပြဿနာများ

အပြင်ပိုင်းနားလမ်းကြောင်း ရောင်ရမ်းခြင်းသည် လျင်မြန်စွာ ကုသမှုခံယူပါက နောက်ဆက်တွဲပြဿနာ ဖြစ်ပွါးမှု ရှားပါးသည်။ သို့သော် ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲပြဿနာများမှာ_

  1. ယာယီအကြားအာရုံ ဆုံးရှုံးခြင်း
    အသံများကို တိုးညှင်းစွာ ကြားရခြင်းဖြစ်သည်။ သို့သော် ရောဂါသက်သာသွားပါက ပုံမှန်အတိုင်း ပြန်ကြားနိုင်သည်။
  2. နာတာရှည် နားအလယ်ပိုင်း ရောင်ရမ်းခြင်း
    အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်း၏ ရောဂါလက္ခဏာများသည် အချိန် (၃) လထက် ကြာနေပါက နာတာရှည် နားအလယ်ပိုင်း ရောင်ရမ်းခြင်းနှင့် နားစည်ရောင်ရမ်းခြင်းကို ဆက်လက်ဖြစ်စေသည်။ ဘက်တီးရီးယားနှင့် မှိုပိုး (၂) မျိုးလုံးကြောင့် ပိုးဝင်ခြင်းနှင့် အရေပြားပြဿနာရှိခြင်းစသည့် အခြေအနေများတွင် ပို၍ဖြစ်နိုင်သည်။
  3. အရေပြားရောင်ရမ်းခြင်း (Cellulitis)
    အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်းမှတစ်ဆင့် မျက်နှာအရေပြား အတွင်းအလွှာများအထိ ပျံ့နှံ့သွားနိုင်သည်။
  4. အရိုး သို့မဟုတ် အရိုးနု ပိုးဝင်ရောင်ရမ်းခြင်း (Osteomyelitis)
    ရှားပါးသော နောက်ဆက်တွဲ ပြဿနာတစ်ခုဖြစ်ပြီး အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်းမှ နားအတွင်းသို့‌ရောက်ရှိကာ အနီးတွင်ရှိသော အရိုးနှင့်အရိုးနုများကို ပိုးဝင်ရောင်ရမ်းနိုင်သည်။ ကိုယ်ခံအားစနစ် အားနည်းသောသူများတွင် ပို၍ အဖြစ်များသည်။ (ဥပမာ _ ဆီးချိုရောဂါရှိသူများ)
  5. ဦးခေါင်းခွံအောက်ခြေရိုး ပိုးဝင်ရောင်ရမ်းခြင်း
    Necrotizing/ Malignant Otitis Externa ဟုခေါ် သော အလွန်ပြင်းထန်သည့် အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်း အခြေအနေတစ်ခုဖြစ်သည်။ နားရောင်ရမ်းခြင်းမှတစ်ဆင့် ဦးခေါင်းခွံအောက်‌ခြေရိုးများသို့ ဆက်လက်ပျံ့နှံ့လာပြီး ပတ်ဝန်းကျင်ရှိ အာရုံကြောများ၊ ဦးနှောက်နှင့် အခြားသော အစိတ်အပိုင်းများကို ထိခိုက်နိုင်သည်။ ထို့ပြင် ပိုမိုဆိုးရွားလာပါက နားအနောက်ဘက်ရှိ အရိုး (Mastoid bone) သို့မဟုတ် ဦးခေါင်းခွံဘေးဘက်ရှိ အရိုး (Temporal bone) များအထိ ပိုးဝင်‌ရောက် ကူးစက်ပျံ့နှံ့သွားနိုင်သည်။ ဦးခေါင်းခွံအောက်ခြေရိုး ပိုးဝင်ရောင်ရမ်းခြင်း ဖြစ်ပွါးမှုမှာ အလွန်ရှားပါးသော်လည်း ဖြစ်ပွါးပါက အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်သောကြောင့် အရေးပေါ် ကုသမှု ခံယူရန် လိုအပ်သည်။ အဆိုပါအခြေအနေသည် ဆီးချိုရောဂါရှိသူများ (အထူးသဖြင့် ဆီးချို မထိန်းနိုင်သူများ)၊ ကိုယ်ခံအား ကျဆင်းနေသူများ (ဥပမာ _ ကင်ဆာဆေးသွင်းနေသူ သို့မဟုတ် HIV ရှိသူများ) နှင့် သက်ကြီးရွယ်အိုများတွင် အဖြစ်များသည်။
ရောဂါရှာဖွေခြင်း

ဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်၍ ရောဂါရှာဖွေနိုင်သည်။ စမ်းသပ်စစ်ဆေးမှုများတွင် အောက်ပါတို့ပါဝင်သည်။

  • နားအတွင်းကြည့်ကိရိယာ (Otoscope) ဖြင့် စမ်းသပ်စစ်ဆေးခြင်း
    အပြင်နားလမ်းကြောင်း နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ အရေပြားအဖတ်များ ကွာကျခြင်းနှင့် အညစ်အကြေးများကို စစ်ဆေးသိရှိနိုင်သည်။ ထို့ပြင် နားစည်ပေါက်ခြင်း သို့မဟုတ် ပျက်စီးခြင်းစသည်တို့ ရှိမရှိကို စစ်ဆေးသိရှိနိုင်သည်။
  • နားတို့ဖတ်ယူ၍ ပိုးစစ်ဆေးခြင်း (Ear Swab and Culture)
    ရောဂါပိုးဝင်ခြင်းမှာ ထပ်ခါတလဲလဲ ဖြစ်နေပါက သို့မဟုတ် ကုသမှုပေးသော်လည်း မသက်သာပါက နားအတွင်းရှိ အရည် သို့မဟုတ် အညစ်အကြေးကို တို့ဖတ်ယူ၍ ဓာတ်ခွဲခန်းတွင် စစ်ဆေးရမည်။ ဤနည်းဖြင့် ဖြစ်ပွါးစေသော ပိုးမွှားအမျိုးအစား (ဘက်တီးရီးယား သို့မဟုတ် မှိုပိုး) ကို တိကျစွာ သိရှိနိုင်ပြီး မည်သည့်ပဋိဇီဝဆေးနှင့် တိုက်ဖျက်နိုင်သည်ကိုလည်း စစ်ဆေးနိုင်သည်။
  • ဆီးချိုရောဂါ ရှိမရှိ စစ်ဆေးခြင်း
    အပြင်နားလမ်းကြောင်း ရောင်ရမ်းမှုမှာ ပြင်းထန်ပါက သို့မဟုတ် သက်ကြီးရွယ်အိုများတွင် ဖြစ်ပွါးပါက နောက်ခံရောဂါအဖြစ် ဆီးချိုရောဂါ ရှိနေနိုင်သဖြင့် သွေးတွင်းသကြားဓာတ်ကို စစ်ဆေးရန် လိုအပ်သည်။
  • ပုံရိပ်ဖော်စစ်ဆေးခြင်း (CT scan or MRI)
    ရောဂါပိုးသည် အပြင်နားလမ်းကြောင်းမှတစ်ဆင့် ဘေးပတ်ဝန်းကျင်ရှိ အရိုးများနှင့် ဦးခေါင်းခွံအောက်ခြေရိုးများဆီသို့ ပျံ့နှံ့သွားသည်ဟု သံသယရှိပါက ကွန်ပျူတာဓာတ်မှန် သို့မဟုတ် သံလိုက်ဓာတ်မှန်ရိုက်၍ စစ်ဆေးရမည်။
  • နားကြားမှု စစ်ဆေးခြင်း (Audiometry)
    နားရောင်ရမ်းမှုကြောင့် အကြားအာရုံ သိသိသာသာ လျော့နည်းသွားသည်ဟု ခံစားရပါက အကြားအာရုံစွမ်းရည်ကို စမ်းသပ်စစ်ဆေးနိုင်သည်။
ကုသခြင်း

မပြင်းထန်သော သာမန်လက္ခဏာများအတွက် အဓိကအားဖြင့် နားအတွင်းထည့်သည့် ဆေးရည်ကို အသုံးပြုနိုင်သည်။ ရောဂါ၏ ပြင်းထန်မှု၊ ဖြစ်စေသော အကြောင်းရင်း (ဘက်တီးရီးယား သို့မဟုတ် မှိုပိုး) နှင့် နားစည်ပေါက်ခြင်း ရှိမရှိပေါ် မူတည်၍ ကုသမှုများ ကွာခြားနိုင်သောကြောင့် သင့်လျော်သော ကုသမှုရရှိရန် အရေးကြီးသည်။

  1. နားအစက်ချ ဆေးရည်များ (Ear Drops)
    • မပြင်းထန်သော သာမန်လက္ခဏာများအတွက် ပိုးဝင်သည့်နေရာသို့ ဆေးတိုက်ရိုက် ထိတွေ့စေခြင်းသည် ပထမဦးစားပေး ကုသမှုဖြစ်သည်
      • နားအစက်ချ ပဋိဇီဝပိုးသတ်ဆေးရည်များ (Antibiotic ear drops) – ဘက်တီးရီးယား ပိုးဝင်ခြင်းကို ကုသရန် အသုံးပြုသည် (ဥပမာ – Ciprofloxacin သို့မဟုတ် Ofloxacin ပါသော ဆေးရည်များဖြစ်သည်)
      • ပေါင်းစပ်ဆေးရည်များ – ရောင်ရမ်းမှုနှင့် နာကျင်မှုကို လျှော့ချရန် ပဋိဇီဝဆေးနှင့် စတီးရွိုက် (Steroid) ကို ပေါင်းစပ်ထားသော ဆေးရည်များကို အသုံးပြုနိုင်သည်
      • အက်ဆစ်ဓာတ်ပါသော ဆေးရည်များ (Acetic acid) – နားလမ်းကြောင်း၏ သဘာဝ အက်ဆစ်ဓာတ်ကို ပြန်လည်ထိန်းညှိပေးကာ ပိုးမွှားဝင်ရောက်မှုကို ဟန့်တားပေးသည်
      • မှိုပိုးသတ်ဆေးရည်များ (Antifungal ear drops) – ပိုးဝင်ခြင်းသည် မှိုကြောင့်ဖြစ်ပါက အသုံးပြုရသည်
    • သတိပြုရန်မှာ နားစည်ပေါက်သော လက္ခဏာရှိပါက နားအတွင်းပိုင်းကို ထိခိုက်စေနိုင်သောကြောင့် နားအစက်ချဆေး မသုံးစွဲမီ ဆရာဝန်နှင့် မဖြစ်မနေ တိုင်ပင်ရမည်
    • နားအစက်ချဆေး ထည့်သည့်အခါ ပိုမိုထိရောက်မှု ရှိစေရန် အောက်ပါတို့ကို လိုက်နာရန် လိုအပ်သည်
      • ဆေးပုလင်းကို လက်ထဲတွင် မိနစ်အနည်းငယ်ခန့် ဆုပ်ကိုင်ထား၍ နွေးအောင်ပြုလုပ်ခြင်းဖြင့် ဆေးရည်အပူချိန်သည် ခန္ဓာကိုယ်အပူချိန်နှင့် နီးစပ်သွားမည်ဖြစ်သည်
      • နားထဲသို့ ဆေးထည့်ချိန်တွင် တခြားလူတစ်ဦးကို အကူအညီတောင်းပြီး ထည့်ခိုင်းခြင်းသည် နားအတွင်းသို့ ဆေးကို ပိုမိုတိကျစွာ ဝင်ရောက်စေနိုင်သည်၊ ဆေးရည် ပိုမိုဝင်ရောက်စေရန် နားရွက်ကို အောက်ဘက်သို့ ညင်သာစွာဆွဲ၍ ထည့်ပေးရန်လိုသည်
  2. အကိုက်အခဲပျောက်ဆေးများဖြင့် ကုသခြင်း
    Paracetamol သို့မဟုတ် Ibuprofen ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများသည် အပျော့စား မှ အလယ်အလတ် နာကျင်မှုများကို ကုသရာတွင် အသုံးဝင်သည်။ ပြင်းထန်သောနာကျင်မှုအတွက်မူ ဆရာဝန် ညွှန်ကြားသည့်အတိုင်း ပိုမိုအစွမ်းထက်သော အကိုက်အခဲပျောက်ဆေးများ သောက်သုံးနိုင်သည်။
  3. အပြင်နားလမ်းကြောင်း သန့်ရှင်းရေးလုပ်ခြင်း (Aural Toilet)
    သက်ဆိုင်ရာ အထူးကုဆရာဝန်မှ အရည်များ၊ ပြည်များ၊ အညစ်အကြေးများနှင့် နားဖာချေးများကို ဖယ်ရှားရန် စုပ်စက် သို့မဟုတ် အထူးပြုကိရိယာများကို အသုံးပြု၍ ညင်သာစွာ သန့်ရှင်းရေး ပြုလုပ်ပေးနိုင်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် နားအစက်ချဆေးရည်များ၏ အာနိသင်ကို ပိုမိုထိရောက်စေသည်။
  4. နားဂွမ်းတံ (Ear Wick) အသုံးပြုခြင်း
    အပြင်နားလမ်းကြောင်းသည် အလွန်ပြင်းထန်စွာ ရောင်ရမ်းပြီး ပိတ်ဆို့နေပါက ဆေးရည်များ နားအတွင်းသို့ ရောက်ရှိနိုင်ရန် သေးငယ်သော နားဂွမ်းတံ (Ear Wick) ကို ထည့်သွင်းပေးနိုင်သည်။ ၎င်းသည် ဆေးရည်ကို စုပ်ယူထားပြီး နားလမ်းကြောင်းအတွင်းသို့ တဖြည်းဖြည်း ပျံ့နှံ့ရောက်ရှိစေရန် ကူညီပေးသည်။
  5. ပဋိဇီဝပိုးသတ်ဆေး သောက်ဆေးများ (Oral Antibiotics)
    အောက်ပါ အခြေအနေများတွင် သောက်ဆေးများကို အသုံးပြုရန် လိုအပ်သည်။
    • ပိုးဝင်ရောင်ရမ်းမှုသည် နားလမ်းကြောင်းအပြင်ဘက် အရေပြားများသို့ ပျံ့နှံ့သွားခြင်း (Cellulitis)
    • ဆီးချိုရောဂါရှိသူများ သို့မဟုတ် ကိုယ်ခံအားစနစ် အားနည်းသောသူများ
    • နားအစက်ချဆေးများဖြင့် ကုသသော်လည်း မသက်သာသော အခြေအနေများ
ကာကွယ်ခြင်း

နားကို ခြောက်သွေ့အောင် အမြဲထားရှိခြင်းသည် အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်း ဖြစ်ပွါးမှုကို ကာကွယ်ရန် အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်သည်။ အောက်ပါတို့ကို လိုက်နာခြင်းဖြင့် ဖြစ်နိုင်ခြေကို ပိုမိုလျှော့ချနိုင်သည်။

  1. နားကို ခြောက်သွေ့အောင် ထားရန်
    • ရေကူးပြီးနောက် သို့မဟုတ် ရေချိုးပြီးနောက် နားကို သေချာခြောက်အောင် လုပ်ပါ
    • ခေါင်းကို ဘေးတစ်စောင်း အနေအထားဖြင့် နားထဲမှ ရေများ ထွက်သွားစေရန် ပြုလုပ်ပါ
    • နားအပြင်ဘက်ကို တဘက်ဖြင့် ညင်သာစွာ သုတ်ပေးပါ
    • ဆံပင်အခြောက်ခံစက် (Hair dryer) ကို အနိမ့်ဆုံးအပူချိန်တွင်ထားပြီး အကွာအဝေးတစ်ခုမှ မှုတ်၍ ‌ခြောက်သွေ့စေရန် ပြုလုပ်နိုင်သည်
    • ဆံပင်ဖျန်းဆေးများ၊ ဆိုးဆေးများနှင့် ခေါင်းလျှော်ရည်များ နားထဲမဝင်အောင် သတိထားပါ
  2. နားထဲသို့ ပြင်ပပစ္စည်းများ ထည့်ခြင်းကို ရှောင်ကြဉ်ရန်
    • ဂွမ်းတံ (Cotton swabs)၊ ဆံပင်ညှပ်ကလစ်များ သို့မဟုတ် လက်ချောင်းများဖြင့် နားထဲသို့ ထိုးထည့်ခြင်း၊ နှိုက်ခြင်းများ မပြုလုပ်ရပါ
    • ထိုသို့ပြုလုပ်ခြင်းဖြင့် နားအတွင်းပိုင်း အရေပြားကို ထိခိုက်စေနိုင်ပြီး ပိုးဝင်နိုင်ခြေကို မြင့်တက်စေသည်
  3. ရေကူးနေစဉ် နားကိုကာကွယ်ရန်
    • နားနှင့် အံကိုက်ဖြစ်သော နားကြပ် (Earplugs) သို့မဟုတ် ရေကူးဦးထုပ်များကို အသုံးပြုပါ
    • မသန့်ရှင်းသော ရေထဲတွင် ရေကူးခြင်းကို ရှောင်ကြဉ်ပါ
  4. အရေပြားပြဿနာများကို ကုသရန်
    • နားအနီးတစ်ဝိုက်တွင် ဖြစ်တတ်သော နှင်းခူ (Eczema)၊ ဆိုရီယားစစ်ရောဂါ (Psoriasis) သို့မဟုတ် ဓာတ်မတည့်ခြင်းများကို ကုသမှုခံယူပါ
    • နားယားသည့်အခါ အလွန်အမင်း ကုတ်ဖဲ့ခြင်းကို ရှောင်ကြဉ်ပါ
  5. စောစီးစွာ ကုသမှုခံယူရန်
    • နားထဲတွင် နာကျင်ခြင်း၊ ယားယံခြင်း သို့မဟုတ် အရည်များထွက်ခြင်းစသည့် လက္ခဏာများ ခံစားရပါက မိသားစုဆရာဝန်နှင့် စောစီးစွာ ပြသပါ။

References:

  1. Cleveland Clinic. (n.d.). Swimmer’s ear (otitis externa). Retrieved December 20, 2025, from https://my.clevelandclinic.org/health/diseases/8381-swimmers-ear-otitis-externa
  2. eMedicine/Medscape. (n.d.). Otitis externa overview. Retrieved December 20, 2025, from https://emedicine.medscape.com/article/994550-overview
  3. Mayo Clinic. (n.d.). Swimmer’s ear: Symptoms & causes. Retrieved December 20, 2025, from https://www.mayoclinic.org/diseases-conditions/swimmers-ear/symptoms-causes/syc-20351682
  4. National Center for Biotechnology Information. (n.d.). Otitis externa [in StatPearls]. Retrieved December 20, 2025, from https://www.ncbi.nlm.nih.gov/books/NBK556055/
  5. Nationwide Children’s Hospital. (n.d.). Otitis externa (swimmer’s ear). Retrieved December 20, 2025, from https://www.nationwidechildrens.org/conditions/otitis-externa-swimmers-ear
  6. NHS Inform. (n.d.). Otitis externa. Retrieved December 20, 2025, from https://www.nhsinform.scot/illnesses-and-conditions/ears-nose-and-throat/otitis-externa/

Published: 28 December 2025

Share

28 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Dental trauma or injuries (သွားထိခိုက်ဒဏ်ရာရခြင်း)
Dec 27, 2025
Diseases and Conditions

Dental trauma or injuries (သွားထိခိုက်ဒဏ်ရာရခြင်း)

သွားထိခိုက်ဒဏ်ရာရခြင်းသည် အဖြစ်များပြီး ကုသရန် လွယ်ကူသော...

Hirsutism (အမျိုးသမီးများ အမွေးအမှင်ထူလာခြင်း)
Dec 27, 2025
Diseases and Conditions

Hirsutism (အမျိုးသမီးများ အမွေးအမှင်ထူလာခြင်း)

အမျိုးသမီးများအမွေးအမှင်ထူလာခြင်းသည် အန်ဒရိုဂျင်ဟော်မုန်းများစေသော...

Nasopharyngeal cancers (နှာခေါင်းနောက်ပိုင်း လည်ချောင်းကင်ဆာ)
Dec 27, 2025
Diseases and Conditions

Nasopharyngeal cancers (နှာခေါင်းနောက်ပိုင်း လည်ချောင်းကင်ဆာ)

နှာခေါင်းနောက်ပိုင်း လည်ချောင်းကင်ဆာသည် ရှားပါးသော ဦးခေါင်းနှင့်...