Dental trauma or injuries (သွားထိခိုက်ဒဏ်ရာရခြင်း)

Dental trauma or injuries (သွားထိခိုက်ဒဏ်ရာရခြင်း)

သွားထိခိုက်ဒဏ်ရာရခြင်း (Dental trauma or injuries) တွင် သွားအစွန်းအနည်းငယ်ပဲ့ခြင်းကဲ့သို့ အသေးစားဒဏ်ရာများမှ မေးရိုးကျိုးခြင်းကဲ့သို့ ပြင်းထန်သော ဒဏ်ရာများအထိ ပါဝင်သည်။ ကလေးများတွင် ပို၍ အတွေ့ရများသော်လည်း အသက်အရွယ်မရွေး သွားထိခိုက်ဒဏ်ရာများ ရရှိနိုင်သည်။ အချို့ပြင်းထန်ဒဏ်ရာများသည် ချက်ချင်းကုသမှု မခံယူပါက နာကျင်မှုနှင့် နာတာရှည် ခံတွင်းကျန်းမာရေး ပြဿနာများ ဖြစ်စေနိုင်သည်။ ထို့ကြောင့် နောက်ဆက်တွဲပြဿနာများ မဖြစ်စေရန်နှင့် ဒဏ်ရာများ စနစ်တကျ ပြန်လည်ကောင်းမွန်စေရန် ချက်ချင်းကုသမှု ခံယူခြင်းသည် အရေးကြီးဆုံးဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သွားထိခိုက်ဒဏ်ရာများ၏ အဖြစ်အများဆုံး အကြောင်းရင်းများမှာ_

  • ချော်လဲကျခြင်း
  • မာကျောသောအစာများ ကိုက်ဝါးမိခြင်း
  • အားကစားလုပ်စဥ် ထိခိုက်ခြင်း
  • ရုတ်တရက် ယာဥ်မတော်တဆထိခိုက်မိခြင်း
  • ခိုက်ရန်ဖြစ်ပွါးခြင်း
  • အိမ်တွင်းအကြမ်းဖက်ခံရခြင်းစသည့် ဖြစ်စဥ်အမျိုးမျိုးကြောင့်ဖြစ်သည်။
ဖြစ်နိုင်ခြေများသော အခြေအနေများ
  • ခန္ဓာကိုယ်ထိတိုက်မှုများသော အားကစားသမားများ (Contact sports)
  • အပေါ်သွားများက အောက်သွားများထက် အပြင်သို့ ငေါထွက်နေသူများ (Overjet)
  • သွားပိုးစားခြင်းကြောင့် သွားပိုးပေါက် (Cavities) များစွာရှိသူများ
  • နှုတ်ခမ်းနှင့် လျှာတွင် အပေါက်ဖောက်၍ ကွင်းများ (Piercings) တပ်ဆင်ထားသူများ
  • အသက် (၂၀) နှစ်အောက်ရှိသူများ (သွားဒဏ်ရာများသည် ကလေးများနှင့် ဆယ်ကျော်သက်များတွင် အဖြစ်အများဆုံးဖြစ်သည်)
အဖြစ်အများဆုံး သွားထိခိုက်ဒဏ်ရာရမှု အမျိုးအစားများ
  1. သွားပဲ့ခြင်း သို့မဟုတ် သွားကျိုးခြင်း (Chipped or Fractured Teeth)
  2. သွားအက်ကွဲခြင်း (Cracked Teeth)
  3. သွားများ နေရာရွေ့သွားခြင်း (Dislodged Teeth or Luxation)
  4. အမြစ်မှစ၍ သွားကျွတ်ထွက်သွားခြင်း (Knocked-Out Teeth or Avulsed tooth)
  5. သွားအမြစ်ကျိုးခြင်း (Root Fractures)
  6. မေးရိုးအတွင်းထိ သွားများ နစ်ဝင်သွားခြင်း (Intruded Teeth)
  7. သွားနဲ့ခြင်း သို့မဟုတ် သွားလှုပ်ခြင်း (Tooth Concussion) နှင့်
  8. သွားဖုံးနှင့် ပါးစပ်အတွင်းရှိ ပျော့ပြောင်းသောနေရာများမှ တစ်ရှူးများ ထိခိုက်ဒဏ်ရာရခြင်း (Soft Tissue Injuries) တို့သည် အဖြစ်များသော သွားထိခိုက်ဒဏ်ရာများဖြစ်သည်။
  1. သွားပဲ့ခြင်း သို့မဟုတ် သွားကျိုးခြင်း (Chipped or Fractured Teeth)
    သွားပဲ့ခြင်းသည် သွားထိခိုက်ဒဏ်ရာများအနက် အဖြစ်အများဆုံးဖြစ်သည်။ အလွန်မာကျောသော အစားအစာတစ်ခုခုကို ကိုက်မိခြင်း သို့မဟုတ် ရုတ်တရက် ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် သွား၏ အပေါ်ယံကြွေသွားလွှာ (Enamel) တစ်စိတ်တစ်ပိုင်း ပဲ့ကျသွားခြင်းဖြစ်သည်။ သွားပဲ့ခြင်းသည် အလွန်သေးငယ်ပါက နာကျင်မှု မရှိနိုင်သော်လည်း သွား၏အတွင်းပိုင်း အာရုံကြောများရှိသော အလွှာအထိ ပဲ့ခြင်းဖြစ်ပေါ်ပါက နာကျင်ခြင်းနှင့် ပိုးဝင်နိုင်ခြေ ပိုများစေသည်။
  2. သွားအက်ကွဲခြင်း (Cracked Teeth)
    သွားတွင်ရှိသော အက်ကြောင်းများသည် ပုံမှန်အားဖြင့် သေးငယ်သော်လည်း ထိုအက်ကြောင်းများသည် တစ်ခါတစ်ရံ သွားအမြစ်ရှိရာနေရာအထိ ပို၍နက်ရှိုင်းစွာ ကွဲအက်နိုင်သည်။ ဤသို့အက်ကွဲကြောင်းကြီးမားသော သွားနေရာတွင် အစာဝါးသောအခါ နာကျင်ခြင်း သို့မဟုတ် ပူသော၊ အေးသော အစားအစာများကို ခံနိုင်ရည်မရှိခြင်းတို့ကို ဖြစ်စေနိုင်သည်။ ကုသမှုမခံယူပါက အက်ကြောင်းသည် အချိန်ကြာလာသည်နှင့်အမျှ ပိုကြီးလာနိုင်ပြီး နောက်ဆုံးတွင် သွားဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သည်။
  3. သွားများ နေရာရွေ့သွားခြင်း (Dislodged Teeth or Luxation)
    ထိခိုက်ဒဏ်ရာကြောင့် သွားသည် ၎င်း၏ တည်ရှိသော သွားအံပုံခွက်နေရာ (Socket) မှ တစ်စိတ်တစ်ပိုင်း အပြင်သို့ ထွက်လာခြင်း သို့မဟုတ် ခွက်အတွင်းသို့ ပို၍ ဖိတွန်းခံရခြင်းဖြစ်ပါက Dislodged or Luxated teeth ဟုသတ်မှတ်သည်။ ဤအခြေအနေသည် အများအားဖြင့် အားကစားနှင့်ပတ်သက်သော ထိခိုက်မှုများကြောင့် အဖြစ်များတတ်သည်။
  4. အမြစ်မှစ၍ သွားကျွတ်ထွက်သွားခြင်း (Knocked-Out Teeth or Avulsed tooth)
    သွားကျွတ်ထွက်ရာတွင် အမြစ်ပါသည်အထိ ပြင်းထန်သော အမျိုးအစားဖြစ်ပြီး ထိုသွားကို ချက်ချင်းပြန်လည် နေရာတကျ ပြန်စိုက်ရန် အလွန်အရေးကြီးသည်။ လူကြီးသွား သို့မဟုတ် အမြဲတမ်းသွား (permanent tooth) တစ်ချောင်းကျွတ်ထွက်သွားပါက သွားဘက်ဆိုင်ရာဆရာဝန်နှင့် ချက်ချင်းအရေးပေါ် ပြသရမည်ဖြစ်သည်။
  5. သွားအမြစ်ကျိုးခြင်း (Root Fractures)
    သွား၏ မျက်နှာပြင်တွင် ကျိုးပဲ့ခြင်း၊ အက်ကွဲခြင်းမဟုတ်ဘဲ သွားအမြစ်နေရာ၌ ကျိုးခြင်းများလည်း ဖြစ်ပွါးနိုင်သည်။ သွားဖုံးအောက်တွင် ဖြစ်ပွါးသည့် အမျိုးအစားဖြစ်သဖြင့သဖြင့် သွားကို ဓာတ်မှန်ရိုက်ကြည့်ခြင်းဖြင့်သာ မြင်ရနိုင်သည်။ ဤကျိုးပဲ့မှုမျိုးသည် ပြင်းထန်သော ထိခိုက်မှုများအပြီးတွင် ဖြစ်ပေါ်နိုင်ပြီး ကုသမှုမခံယူပါက ပိုးဝင်ခြင်းကို ဖြစ်စေနိုင်သည်။
  6. မေးရိုးအတွင်းထိ သွားများ နစ်ဝင်သွားခြင်း (Intruded Teeth)
    သွားသည် မေးရိုးအတွင်းသို့ အားဖြင့် တွန်းသွင်းခြင်း ခံရသည့်အခါ ဖြစ်ပွါးသော အမျိုးအစားဖြစ်သည်။ အရိုးများ ဖွံ့ဖြိုးဆဲဖြစ်သော ကလေးများတွင် ပို၍အဖြစ်များသည်။ ကလေးငယ်များတွင် နစ်ဝင်သွားသော သွားသည် အချိန်ကြာလာသည်နှင့်အမျှ အလိုအလျောက် နေရာမှန်ပြန်ရောက်နိုင်ခြေ ရှိသော်လည်း စောစီးစွာပြသတိုင်ပင်၍ ကုသသင့်သည်။
  7. သွားနဲ့ခြင်း သို့မဟုတ် သွားလှုပ်ခြင်း (Tooth Concussion)
    လှုပ်နေ၊ နဲ့နေသော သွားများသည် ရွေ့လျားခြင်း သို့မဟုတ် ကျိုးပဲ့ခြင်းမရှိသော်လည်း အတွင်းရှိ အာရုံကြောများ ထိခိုက်မှုကြောင့် အရောင်ပြောင်းသွားနိုင်သည်။ သွား၏ဖွဲ့စည်းပုံနှင့် ပြင်ပသွင်ပြင်ကို ချက်ချင်းမထိခိုက်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အပူ၊ အအေးကို အာရုံခံစားလွယ်လာခြင်းနှင့် သွားအရောင်မည်းလာခြင်းတို့ တွေ့ရနိုင်သည်။ ပုံမှန် သွားဆရာဝန်ထံ သွားရောက်ပြသခြင်းဖြင့် နောင်တွင် ဖြစ်ပေါ်လာနိုင်သော အတွင်းပိုင်းပျက်စီးမှုများကို စောင့်ကြည့်ရန် အထောက်အကူ ဖြစ်စေသည်။
  8. သွားဖုံးနှင့် ပါးစပ်အတွင်းရှိ ပျော့ပြောင်းသောနေရာများမှ တစ်ရှူးများ ထိခိုက်ဒဏ်ရာရခြင်း (Soft Tissue Injuries)
    သွားထိခိုက်ခြင်းနှင့်အတူ နှုတ်ခမ်း၊ သွားဖုံး၊ လျှာနှင့် ပါးအတွင်းဘက်ရှိ ပျော့ပြောင်းသောနေရာများတွင် ဒဏ်ရာများ တွဲ၍ဖြစ်လေ့ရှိသည်။ စုတ်ပြဲခြင်း (lacerations) သို့မဟုတ် ပွန်းပဲ့ခြင်း (bruising) စသည်တို့ကြောင့် သွေးထွက်များခြင်းနှင့် နာကျင်ခြင်း၊ မသက်မသာဖြစ်ခြင်းများကို ခံစားရနိုင်သည်။ ဆားရေနွေးဖြင့် ပလုတ်ကျင်းခြင်းနှင့် ဖိအားပေးခြင်းတို့ဖြင့် သွေးထွက်ခြင်းကို ထိန်းချုပ်ရန် ပြုလုပ်နိုင်သော်လည်း နက်သောဒဏ်ရာများအတွက် သွားဆရာဝန်မှ ချုပ်ရိုး (Stitches) သုံး ပြန်လည်ချုပ်ပေးရန် လိုအပ်သည်။
ရောဂါလက္ခဏာများ

သွားထိခိုက်ဒဏ်ရာရခြင်းကြောင့် ဖြစ်ပေါ်သော လက္ခဏာများသည် ဒဏ်ရာအမျိုးအစားပေါ် မူတည်၍ ကွဲပြားနိုင်သည်။

  • သွားကိုက် သွားနာခြင်း၊ ထုံကျဥ်ခြင်း
  • သွားအရောင်ပြောင်းခြင်း
  • ပါးစပ်နာခြင်း
  • သွားဖုံးနှင့် ပါးစပ်တစ်ဝိုက် ရောင်ရမ်းခြင်း
  • ပါးစပ်မှ သွေးထွက်ခြင်း
  • ကိုက်လိုက်သောအခါ အပေါ်အောက်သွားများ ထိစပ်ကိုက်ညီပုံ မူမမှန်ခြင်း၊ အနေအထားပြောင်းလဲခြင်း
  • မေးရိုးလှုပ်ရှားရန် သို့မဟုတ် ပါးစပ်ဖွင့်ရန် ခက်ခဲခြင်း စသည်တို့ ခံစားရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ

သွားများထိခိုက်ဒဏ်ရာရခြင်းကြောင့် အဖြစ်များသော နောက်ဆက်တွဲပြဿနာအချို့မှာ_

  • သွားပိုးစားခြင်း (Cavities)
  • သွားပြည်တည်နာဖြစ်ခြင်း (Abscessed tooth)
  • သွားဆုံးရှုံးခြင်း
  • ခံတွင်းနှင့် မေးရိုးတစ်ဝိုက် နာကျင်ခြင်း
  • အစာဝါးရခက်ခဲခြင်း
  • စကားပြောဆိုရာတွင် ခက်ခဲခြင်း
  • မျက်နှာအသွင်အပြင် ပြောင်းလဲခြင်း
  • မိမိကိုယ်ကို ယုံကြည်မှု နည်းပါးခြင်းစသည်တို့ကို ခံစားရနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ရပါက သွားဘက်ဆိုင်ရာ ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေး ပြသသင့်သည်။ အလွန်ပြင်းထန်သော၊ ချက်ချင်းကုသရန် လိုသော အခြေအနေများကို သိရှိထားခြင်းဖြင့် သွားများ မလိုအပ်ဘဲ နှုတ်ရခြင်း၊ ပျက်စီးဆုံးရှုံးခြင်းတို့ကို ကာကွယ်နိုင်မည်ဖြစ်သည်။

ရောဂါရှာဖွေခြင်း

သွားဘက်ဆိုင်ရာဆရာဝန်မှ သွားထိခိုက်ဒဏ်ရာရခြင်း ဖြစ်စဥ်ရာဇဝင်၊ ယခင်က သွားနှင့်ပတ်သက်သော ကုသမှုများ ခံယူဖူးခြင်း ရှိမရှိနှင့် ရောဂါအခံများအကြောင်း မေးမြန်းမည်ဖြစ်ပြီး သွားနှင့် သွားဖုံးများကို အသေးစိတ်စစ်ဆေးမည်ဖြစ်သည်။ ထို့နောက် ထိခိုက်ဒဏ်ရာ အမျိုးအစားနှင့် ပြင်းထန်မှုပေါ်မူတည်၍ ကုသမှုများဆက်လက် ဆောင်ရွက်မည်ဖြစ်သည်။ လိုအပ်ပါက သွားနှင့်သွားဖုံးများကို ဓာတ်မှန် (Dental X-ray) ရိုက်ခြင်း၊ တစ်ခါတစ်ရံ မျက်နှာနှင့် မေးရိုးအား ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ကူးခြင်းတို့ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။

ကုသခြင်း

သွားပဲ့ခြင်းနှင့် သွားလှုပ်နေခြင်းစသည့် အခြေအနေများတွင် သွားဘက်ဆိုင်ရာဆရာဝန်နှင့် ရက်ချိန်းစနစ်တကျယူ၍ အချိန်ယူစောင့်ဆိုင်းပြသနိုင်သည်။ သို့သော် သွားကျွတ်ထွက်ခြင်း သို့မဟုတ် မေးရိုးကျိုးခြင်းကဲ့သို့ ဒဏ်ရာအမျိုးအစားများသည် ချက်ချင်းကုသမှုခံယူရန် လိုအပ်သည်။

သွားဘက်ဆိုင်ရာဆရာဝန်ထံသို့ မသွားမီ လုပ်ဆောင်နိုင်သည့်အချက်များမှာ_

  • သွားနာကျင်နေပါက ပါရာစီတမော သို့မဟုတ် အိုင်ဗျူပရိုဖန် စသည့် အကိုက်အခဲပျောက်ဆေးများ သောက်သုံးနိုင်သည်၊ ရောင်ရမ်းခြင်းကို သက်သာစေရန် ရေခဲအိတ် (ice pack) ကပ်ထားနိုင်သည်
  • သွားကျိုးခြင်း သို့မဟုတ် သွားပဲ့ခြင်း ဖြစ်ပါက ကျိုးပဲ့သွားသောအစိတ်အပိုင်းများကို ရှာဖွေပြီး ဆေးခန်းသို့ ယူဆောင်သွားပါ၊ ချွန်ထက်သော အစွန်းများမှ လျှာကို လာ၍ထိခိုက်မိပါက ထိုချွန်နေသော နေရာကို သွားညှိရာတွင်သုံးသော ဖယောင်း (Orthodontic wax) ဖြင့် အုပ်ထားနိုင်သည်
  • သွားနှင့်အတူ သွားအမြစ်ပါ ကျွတ်ထွက်သွားသော အခြေအနေတွင် သွားကို ရေစင်စင်ဆေးပြီး သွားဖုံးရှိ နဂိုမူလခွက်နေရာတွင် ညင်သာစွာ ပြန်လည်ထည့်သွင်းကြည့်ပါ၊ ထိုသို့ပြုလုပ်စဥ် သွားအမြစ်ကို လက်ဖြင့် မထိပါစေနှင့်၊ ခွက်နေရာတွင် ပြန်ထည့်၍မရပါက ပုလင်း သို့မဟုတ် ဗူးအလွတ်တစ်ခုထဲတွင်ထည့်ပြီး သွားဆရာဝန်ထံ ချက်ချင်း ယူဆောင်သွားပါ၊ ပုံမှန်အားဖြင့် မိနစ်(၃၀) မှ (၄၀)မိနစ်အတွင်း သွားဆရာဝန်ထံ ရောက်ရှိပါက ထိုသွားကို နေရာတကျ ပြန်လည်စိုက်၍ ရနိုင်ခြေရှိသည်။

သွားဘက်ဆိုင်ရာဆရာဝန်များသည် ထိခိုက်ဒဏ်ရာရသော သွားများ၏ အနေအထား၊ အမျိုးအစားနှင့် ပြင်းထန်မှုတို့အပေါ် မူတည်၍ ကုသနည်းများစွာကို အသုံးပြုသည်။ အများဆုံးလုပ်ဆောင်လေ့ရှိသော သွားထိခိုက်ဒဏ်ရာကုသနည်းများတွင်

  • သွားဖာခြင်း (Dental fillings) နှင့် သွားများ ပြန်လည်ချိတ်ဆက်ခြင်း (Dental bonding)
  • သွားအမြစ် အကြောထုတ်ကုသခြင်း (Root canal therapy)
  • သွားကို ပြန်လည်နေရာချထားခြင်း သို့မဟုတ် ပြန်စိုက်ခြင်း (Restabilization or replantation)
  • သွားနှုတ်ခြင်း (Tooth extraction)
  • သွားအစားထိုးခြင်း (Tooth replacement) စသည်တို့ ပါဝင်သည်။
  • သွားဖာခြင်း (Dental fillings) နှင့် သွားများ ပြန်လည်ချိတ်ဆက်ခြင်း (Dental bonding)
    သွားပဲ့ခြင်းနှင့် သွားအက်ခြင်းများကို ဖုံးကွယ်ရန်နှင့် အနည်းငယ် ပျက်စီးနေသော သွားများကို ပြန်လည်တည်ဆောက်ရန်အတွက် ဤနည်းလမ်းများကို အသုံးပြုသည်။ ဤကုသမှုကို အများအားဖြင့် သေးငယ်သော သွားဒဏ်ရာများအတွက်သာ သုံးလေ့ရှိသည်။
  • သွားအမြစ် အကြောထုတ်ကုသခြင်း (Root canal therapy)
    သွားများအက်ကွဲခြင်းသည် သွား၏ အတွင်းသား (Tooth pulp) အထိ ရောက်ရှိပါက သွားအမြစ် အကြောထုတ်ကုသခြင်း လိုအပ်သည်။ သွားအတွင်းရှိ အာရုံကြောများ၊ သွေးကြောများနှင့် ဆက်စပ်တစ်ရှူးများ အားလုံးကို ဖယ်ရှားပေးသည်။ သွားများကို ကာကွယ်ရန်အတွက် သွားအစွပ် (Dental crown) များလည်း လိုအပ်နိုင်သည်။
  • သွားကို ပြန်လည်နေရာချထားခြင်း သို့မဟုတ် ပြန်စိုက်ခြင်း (Restabilization or replantation)
    နေရာရွေ့သွားသောသွားများ သို့မဟုတ် သွားအမြစ်ပါ ကျွတ်ထွက်သောသွားများအတွက် ဤနည်းလမ်းများကို ပြုလုပ်နိုင်သည်။ နေရာရွေ့သွားသောသွားကို ပြန်လည်တည်ငြိမ်စေရန်အတွက် သွားပတ်လည်ရှိ အရွတ်များနှင့် သွားများ ပြန်လည်တွယ်ကပ်သည်အထိ ထိခိုက်သောသွားကို မရွေ့စေရန် သွားပေါ်တွင် သွားထိန်းပစ္စည်း (Custom splint) ကို တပ်ဆင်ပေးသည်။ သွားအမြစ်ပါ လုံး၀ကျွတ်ထွက်သွားပါက ထိုသွားနေရာတွင် ပြန်လည်အစားထိုးစိုက်ပြီးနောက်မှ သွားထိန်းပစ္စည်းကို ဝတ်ဆင်ရန် လိုအပ်သည်။
  • သွားနှုတ်ခြင်း (Tooth extraction)
    ထိခိုက်ပျက်စီးသွားသော သွားများသည် ပြန်လည်ပြုပြင်ရန် မဖြစ်နိုင်တော့သော အခြေအနေ သို့မဟုတ် အပြင်းအထန် သွားထိခိုက်သော အခြေအနေများတွင် သွားနှုတ်ခြင်းကို ပြုလုပ်ရနိုင်သည်။ သွားနှုတ်ပြီးနောက်တွင် မေးရိုး၏ အရိုးအနေအထားကို ထိန်းသိမ်းရန်နှင့် နောင်တွင် အရိုးဆုံးရှုံးမှုကို ကာကွယ်ရန် သွားရှိခဲ့သော ခွက်နေရာတွင် အရိုးအစားထိုးခြင်း (Dental bone graft) ကိုလည်း တဆက်တည်း ပြုလုပ်နိုင်သည်။
  • သွားအစားထိုးခြင်း (Tooth replacement)
    ထိခိုက်ဒဏ်ရာများကြောင့် သွားများ လုံးဝဆုံးရှုံးသွားပါက ပြန်လည်အစားထိုးခြင်းပြုလုပ်ရန် အရေးကြီးသည်။ သွားပြန်လည်အစားမထိုးပါက သွားများအကြားရှိ နေရာလွတ်များသည် ပိုမိုကွာဟလာနိုင်ပြီး စားသောက်ရာတွင် ဖြစ်စေ၊ ပြောဆိုဆက်ဆံရာတွင် ဆိုးရွားသော သက်ရောက်မှုများ ရှိလာနိုင်သည်။ သွားအစားထိုးကုသနည်းများတွင် သွားများအကြားရှိ နေရာလွတ်တွင် သွားအစွပ်တပ်ထားသော သွားတုများဖြင့် တံတားသဖွယ် ချိတ်ဆက်အစားထိုးကုသခြင်း (Dental bridges) နှင့် တိုက်တေနီယမ်ကဲ့သို့ သတ္တုများဖြင့် ပြုလုပ်ထားသော အမြစ်ပါသွားတုများဖြင့် အစားထိုးကုသခြင်း (Dental implants) တို့ ပါဝင်သည်။
ကာကွယ်ခြင်း

သွားထိခိုက်မှုများကို အမြဲတမ်း ကြိုတင်ကာကွယ်ရန် မဖြစ်နိုင်သော်လည်း အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ထိခိုက်နိုင်ခြေ အန္တရာယ်ကို များစွာလျှော့ချနိုင်သည်။

  • မာကျောသောအရာများ ဝါးခြင်းကို ရှောင်ကြဉ်ပါ
    (ဥပမာ _ အရိုး၊ သစ်စေ့၊ ရေခဲတုံးများ ဝါးစားခြင်းနှင့် လက်သည်းကိုက်ခြင်းတို့ကို မပြုလုပ်ပါနှင့်)
  • သွားကို ကိရိယာသဖွယ် အသုံးမပြုပါနှင့်
    (ဥပမာ _ အဝတ်အစားတံဆိပ်များ ဖြုတ်ခြင်း၊ မုန့်ထုပ်များဖောက်ခြင်းနှင့် ပုလင်းအဖုံးဖွင့်ခြင်းတို့တွင် သွားများဖြင့် ကိုက်ဖြတ်ခြင်းကို လုံးဝရှောင်ကြဉ်ပါ)
  • အားကစားလုပ်စဉ် အကာအကွယ်ယူပါ
    ခန္ဓာကိုယ်ထိတိုက်မှုများသော အားကစားများ (ဥပမာ _ ဘောလုံး၊ လက်ဝှေ့) ကစားသည့်အခါ ခံတွင်းအကာအကွယ် (Protective Mouth Guard) ကို မပျက်မကွက် ဝတ်ဆင်ပါ
  • ယာဉ်အန္တရာယ် ကာကွယ်ပါ
    ယာဉ်မတော်တဆမှုကြောင့် မေးရိုးနှင့် သွားများ ပြင်းထန်စွာ ထိခိုက်မှုကို လျှော့ချနိုင်ရန် ယာဉ်မောင်းနှင်စဉ် သို့မဟုတ် စီးနင်းစဉ် ထိုင်ခုံခါးပတ် (Seatbelt) ကို အမြဲတမ်း ပတ်ထားပါ။

References:

  1. American Association of Endodontists. (2019). Trauma guidelines. Retrieved November 22, 2025, from https://www.aae.org/specialty/wp-content/uploads/sites/2/2019/02/19_TraumaGuidelines.pdf
  2. Childrens Dentistry of Abilene. (n.d.). 8 most common types of dental trauma. Retrieved November 22, 2025, from https://www.childrensdentistryofabilene.com/8-most-common-types-of-dental-trauma/
  3. Cleveland Clinic. (n.d.). Dental injuries. Retrieved November 22, 2025, from https://my.clevelandclinic.org/health/diseases/16916-dental-injuries
  4. Healthdirect Australia. (n.d.). Dental injury. Retrieved November 22, 2025, from https://www.healthdirect.gov.au/dental-injury
  5. Royal Children’s Hospital Melbourne. (n.d.). Dental injuries clinical guideline. Retrieved November 22, 2025, from https://www.rch.org.au/clinicalguide/guideline_index/dental_injuries/

Published: 27 December 2025

Share

27 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Otitis externa (အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်း)
Dec 28, 2025
Diseases and Conditions

Otitis externa (အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်း)

အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်းသည် ရေဝင်ခြင်းနှင့်...

Hirsutism (အမျိုးသမီးများ အမွေးအမှင်ထူလာခြင်း)
Dec 27, 2025
Diseases and Conditions

Hirsutism (အမျိုးသမီးများ အမွေးအမှင်ထူလာခြင်း)

အမျိုးသမီးများအမွေးအမှင်ထူလာခြင်းသည် အန်ဒရိုဂျင်ဟော်မုန်းများစေသော...

Nasopharyngeal cancers (နှာခေါင်းနောက်ပိုင်း လည်ချောင်းကင်ဆာ)
Dec 27, 2025
Diseases and Conditions

Nasopharyngeal cancers (နှာခေါင်းနောက်ပိုင်း လည်ချောင်းကင်ဆာ)

နှာခေါင်းနောက်ပိုင်း လည်ချောင်းကင်ဆာသည် ရှားပါးသော ဦးခေါင်းနှင့်...