Hirsutism (အမျိုးသမီးများ အမွေးအမှင်ထူလာခြင်း)

Hirsutism (အမျိုးသမီးများ အမွေးအမှင်ထူလာခြင်း)

အမွေးအမှင်ထူလာခြင်း (Hirsutism) သည် အရွယ်ရောက်ပြီးသူ အမျိုးသမီးများတွင် ပုံမှန်အားဖြင့် မွေးညင်းနုများသာ ပေါက်သည့်နေရာများ၌ အမျိုးသားများကဲ့သို့ ထူထဲကြမ်းတမ်းသည့် အမွေးရင့်များ ပေါက်လာခြင်းဖြစ်သည်။ အမျိုးသမီးများတွင် အန်ဒရိုဂျင်ဟော်မုန်းကို ပုံမှန်အားဖြင့် သားဥအိမ်နှင့် အက်ဒရီနယ်ဂလင်းမှ အနည်းငယ်ထုတ်ပေးသည်။ ထိုအန်ဒရိုဂျင်ဟော်မုန်းများ ပုံမှန်ထက် များလာသောအခါ အမျိုးသမီးများတွင် ထူထဲသော အမွေးရင့်များ ပိုပေါက်လာသည်။ သို့ရာတွင် အန်ဒရိုဂျင်ဟော်မုန်းကြောင့်သာ မဟုတ်ဘဲ အခြားအကြောင်းများကြောင့်လည်း အမွေးအမှင်ထူခြင်း ဖြစ်နိုင်သည်။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ အမွေးအမှင်များ ထူထဲစွာပေါက်လာခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ အလှအပကို ထိခိုက်စေနိုင်သကဲ့သို့ စိတ်ပိုင်းဆိုင်ရာအရလည်း စိတ်ဖိစီးမှု၊ စိတ်မလုံခြုံမှု၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျမှုတို့ကို ဖြစ်စေနိုင်သည်။ ဖြစ်စေသည့် အကြောင်းရင်းများအလိုက် ကုသမှုပြုလုပ်နိုင်ပြီး၊ ကုသမှုများတွင် လူနေမှုပုံစံပြောင်းလဲခြင်း၊ ဆေးဝါးများဖြင့် ကုသခြင်းနှင့် ခွဲစိတ်ပြုပြင်ခြင်းတို့ ပါဝင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အမွေးအမှင်များ ထူထဲစွာပေါက်ခြင်းသည် အန်ဒရိုဂျင်ဟော်မုန်း ထုတ်လုပ်မှုများခြင်း၊ အရေပြားမှ အန်ဒရိုဂျင်‌ဟော်မုန်းကို တုံ့ပြန်မှုများခြင်း သို့မဟုတ် ထိုအချက် (၂) မျိုးစလုံးကြောင့် ဖြစ်နိုင်သည်။

  1. အန်ဒရိုဂျင်ဟော်မုန်း ထုတ်လုပ်မှုများခြင်းကြောင့် အမွေးအမှင်ထူခြင်း
    အမွေးအမှင်ထူခြင်းသည် အမျိုးသမီးများ၏ သားဥအိမ် သို့မဟုတ် အက်ဒရီနယ်ဂလင်းမှ အန်ဒရိုဂျင်ဟော်မုန်းကို ပုံမှန်ပမာဏထက်ပို၍ ထုတ်လုပ်မှုများခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် ဟော်မုန်းထုတ်သည့် အကျိတ်များကြောင့်လည်း ဖြစ်နိုင်သည်။
    • သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု (PCOS)
      အတွေ့ရများသော ဟော်မုန်းပြဿနာတစ်ခုဖြစ်ပြီး အမျိုးသမီးများတွင် အန်ဒရိုဂျင်‌ဟော်မုန်း ပုံမှန်ထက်ပို၍ ထုတ်လုပ်မှု များသောကြောင့်ဖြစ်သည်။ မျိုးပွါးနိုင်သည့် အသက်အရွယ်အတွင်းရှိ အမျိုးသမီးများ၏ (၁၀) ရာခိုင်နှုန်းခန့်တွင် ဖြစ်နိုင်ပြီး၊ ဆယ်ကျော်သက်များတွင် (၂၅) ရာခိုင်နှုန်းအထိ ဖြစ်နိုင်သည်။ အပျိုဖော်ဝင်စအရွယ်တွင် ဖြစ်နိုင်ပြီး အမွေးအမှင်ထူခြင်းအပြင် ရာသီစက်ဝန်း မမှန်ခြင်း၊ ကိုယ်အလေးချိန်တိုးလာခြင်း၊ သွေးတွင်းအဆီများခြင်း၊ အင်ဆူလင်ဟော်မုန်း ပုံမှန်အလုပ်လုပ်ခြင်းကို ဟန့်တားခြင်းကြောင့် သွေးချိုဓာတ်များခြင်း၊ ဝက်ခြံပိုထွက်ခြင်းနှင့် အရေပြားသည် သာမန်ထက်ပို၍ အရောင်ရင့်လာခြင်း စသည့်လက္ခဏာများကို တွဲ၍တွေ့နိုင်သည်။
    • အန်ဒရိုဂျင်ဟော်မုန်းထုတ်သည့် အကျိတ်များ
      သားဥအိမ် သို့မဟုတ် အက်ဒရီနယ်ဂလင်းတွင် ဖြစ်သောအကျိတ်များကြောင့် အန်ဒရိုဂျင်ဟော်မုန်း များခြင်းဖြစ်ပြီး ရှားပါးသောအခြေအနေတစ်ခုဖြစ်သည်။ ထိုအကျိတ်များ၏ (၅၀) ရာခိုင်နှုန်းခန့်သည် ကင်ဆာကျိတ်များဖြစ်ပြီး ထိုအခြေအနေတွင် သွေးတွင်းရှိ အန်ဒရိုဂျင်ပမာဏကို တိုင်းတာပါက အလွန်များနေသည်ကို တွေ့ရသည်။ ထိုအကျိတ်များ၏ လက္ခဏာများတွင် အချိန်တိုအတွင်း အမျိုးသားများကဲ့သို့ အသံများသြလာခြင်း၊ ဆံပင်ထိပ်ပြောင်လာခြင်း၊ ကြွက်သားများ ကြီးထွားလာခြင်းနှင့် အမွေးအမှင်ထူခြင်းတို့အပြင် ဝမ်းဗိုက် သို့မဟုတ် ဝမ်းဗိုက်အောက်ပိုင်း ဆီးစပ်နေရာတွင် အလုံးအကျိတ်များ လက်ဖြင့်စမ်းမိခြင်း စသည်တို့ပါဝင်သည်။
    • မွေးရာပါအက်ဒရီနယ်ဂလင်းကြီးထွားခြင်း (Congenital Adrenal Hyperplasia)
      မျိုးဗီဇများကို မိဘများမှ သားသမီးများထံသို့ လက်ဆင့်ကမ်းခြင်းကြောင့် ဖြစ်ပွါးသော မွေးရာပါ အခြေအနေတစ်ခုဖြစ်သည်။ စတီးရွိုက်ဟော်မုန်းများနှင့် အန်ဒရိုဂျင်ဟော်မုန်းများကို အက်ဒရီနယ်ဂလင်းမှ အများအပြား ထုတ်ပေးသောရောဂါဖြစ်ပြီး၊ PCOS ကဲ့သို့ပင် အပျိုဖော်ဝင်စအချိန်တွင် အမွေးအမှင်ထူခြင်း၊ ဓမ္မတာမမှန်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဝက်ခြံထွက်ခြင်း၊ သားသမီးမရခြင်းစသည့် လက္ခဏာများ တွေ့ရသည်။
  2. အန်ဒရိုဂျင်ဟော်မုန်းများခြင်းကြောင့်မဟုတ်သော အမွေးအမှင်ထူခြင်း
    • ဆေးဝါးများ
      အန်ဒရိုဂျင်ပါဝင်သော သို့မဟုတ် အမျိုးသမီးဟော်မုန်း အီစတိုဂျင်ကို ဆန့်ကျင်သော စတီးရွုက်နှင့် အချို့ဆေးဝါးများ (ဥပမာ – Minoxidil, Danazol, Testosterone, Dehydroepiandrosterone, Phenytoin, Clomiphene, Tamoxifen) ကို သုံးစွဲပါက အမွေးအမှင်ထူခြင်း ဖြစ်စေသည်။ ဆေးဝါးများကို ကိုယ်တိုင်အသုံးမပြုသည့်တိုင် အတူနေထိုင်သူများသည် အန်ဒရိုဂျင်ပါသော လိမ်းဆေးများကို အသုံးပြုနေပါက အရေပြားချင်း ထိတွေ့မှုများမှတစ်ဆင့် ဟော်မုန်းအာနိသင်များ သက်ရောက်နိုင်သည်။
    • အခြားဟော်မုန်းရောဂါများ
      အမွေးအမှင်ထူခြင်းနှင့် ဆက်စပ်မှုရှိသော အခြားဟော်မုန်းရောဂါများမှာ ကော်တီစော‌ဟော်မုန်းများ အများအပြားထွက်သည့် ကူးရှင်းရောဂါစု (Cushing syndrome)၊ သိုင်းရွိုက်ဟော်မုန်းနည်းခြင်း သို့မဟုတ် များခြင်း၊ ပရိုလက်တင်ဟော်မုန်းများခြင်း၊ ကြီးထွားမှုဟော်မုန်းများခြင်း စသည်တို့ဖြစ်သည်။ အမွေးအမှင်များ ထူလာခြင်းကိုတွေ့နိုင်သလို ရောဂါအသီးသီး၏ လက္ခဏာများကိုလည်း တွဲ၍ တွေ့ရတတ်သည်။ ဥပမာ- ကူးရှင်းရောဂါစုတွင် ခန္ဓာကိုယ်ထဲတွင် ကော်တီစောဟော်မုန်းများလာခြင်းကြောင့် ဆံပင်၊ အရေပြား၊ လက်သည်း၊ ခြေသည်း၊ ဂလင်းများနှင့် အာရုံကြောများကို ထိခိုက်စေပြီး၊ လဝန်းသဏ္ဌာန် လုံးဝန်းသော မျက်နှာ၊ အရေပြားပါးလာခြင်း၊ သွေးခြည်ဥဖြစ်လွယ်ခြင်း၊ အရေပြားပေါ်တွင် အကြောပြတ်သောအရာများ ဖြစ်ပေါ်ခြင်း၊ အနာကျက်နှေးခြင်းတို့ကို တွေ့ရပြီး သွေးတိုးခြင်း၊ ဆီးချိုရောဂါတို့နှင့် တွဲ၍ဖြစ်တတ်သည်။ အက်ဒရီနယ်ဂလင်းမှ ကော်တီစောထုတ်လုပ်မှုများခြင်း သို့မဟုတ် စတီးရွိုက်ဆေးဝါးများကို ကြာရှည်စွာသုံးစွဲခြင်းကြောင့် ဖြစ်လေ့ရှိသည်။ ပရိုလက်တင်ဟော်မုန်း ပုံမှန်ထက်များနေပါက ဓမ္မတာမပေါ်ခြင်း၊ နို့တိုက်မိခင်မဟုတ်ဘဲ နို့ရည်များထွက်ခြင်း၊ သားသမီးမရနိုင်ခြင်းစသည့် လက္ခဏာများကို တွေ့ရသည်။
    • အခြားအကြောင်းရင်းများ
      ကိုယ်ဝန်ဆောင်ချိန်၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် ပုံမှန်ဇီဝကမ္မဖြစ်စဥ်အရ ပရိုလက်တင်ဟော်မုန်း ထုတ်လုပ်မှုများခြင်းကြောင့်လည်းကောင်း၊ သွေးဆုံးပြီးနောက် အီစတိုဂျင်‌ဟော်မုန်းထုတ်လုပ်မှု ရပ်တန့်သွားပြီး အန်ဒရိုဂျင်‌‌ဟော်မုန်း များလာသကဲ့သို့ ဖြစ်ခြင်းကြောင့်လည်းကောင်း အမွေးအမှင်များ အနည်းငယ်ထူလာသည်ကို တွေ့ရတတ်သည်။
    • အကြောင်းရင်းမရှိသော အမွေးအမှင်ထူခြင်း
      အကြောင်းရင်းမရှိသော အမွေးအမှင်ထူခြင်းဆိုသည်မှာ အမွေးများထူလာသော်လည်း ဓမ္မတာ ပုံမှန်ပေါ် ခြင်း၊ သားဥအိမ်အနေအထား ပုံမှန်ရှိခြင်းနှင့် သွေးတွင်း အန်ဒရိုဂျင်ပမာဏ ပုံမှန်ရှိခြင်းကို ဆိုလိုသည်။ ထိုကဲ့သို့ အခြေအနေများသည် အရေပြားမှ အမွေးအမှင်အိတ်များနှင့် အဆီထုတ်သောဂလင်းများက ပုံမှန်ပမာဏရှိသော အန်ဒရိုဂျင်ဟော်မုန်းကို လွန်ကဲစွာတုံ့ပြန်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုကြသည်။
ဖြစ်နိုင်ခြေများသောအခြေအနေများ
  • မိသားစုမျိုးရိုး ရှိခြင်း – အမွေးအမှင်ထူခြင်းကိုဖြစ်စေသည့် အချို့အခြေအနေများသည် မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်နိုင်သည်
  • မျိုးနွယ်စု – မြေထဲပင်လယ်၊ အရှေ့အလယ်ပိုင်းနှင့် တောင်အာရှရှိ လူမျိုးစုများသည် ပိုဖြစ်လေ့ရှိသည်
  • အဝလွန်ခြင်း – အဝလွန်ခြင်းကြောင့် ခန္ဓာကိုယ်မှ အန်ဒရိုဂျင်‌‌‌ဟော်မုန်းများကို ပိုထုတ်သဖြင့် အမွေးအမှင်ထူခြင်းကို ဖြစ်စေသည်
ရောဂါလက္ခဏာများ

အဓိကတွေ့ရသော လက္ခဏာသည် နှုတ်ခမ်းအပေါ်၊ မေးစေ့၊ ရင်ဘတ်၊ ဝမ်းဗိုက်အောက်ပိုင်း၊ နောက်ကျော၊ လက်မောင်း သို့မဟုတ် ခြေထောက်တွင် ပုံမှန်အမွေးနုများအစား ကြမ်းတမ်း၍ အရောင်ရင့်သည့် အမွေးများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် အန်ဒရိုဂျင်ဟော်မုန်းပမာဏ များလာခြင်းကြောင့် အချိန်ကြာလာသည်နှင့်အမျှ ယောက်ျားလေးများတွင် တွေ့ရသော အောက်ပါလက္ခဏာများကဲ့သို့လည်း ဖြစ်ပေါ်လာနိုင်သည်။

  • အသံသြလာခြင်း
  • ဆံပင်များ ကျွတ်လာခြင်း
  • ဝက်ခြံများ ပုံမှန်ထက်များလာခြင်း
  • ရင်သားသေးလာခြင်း
  • ကြွက်သားထုထည် များလာခြင်း
  • မအင်္ဂါစေ့ ကြီးလာခြင်း
နောက်ဆက်တွဲပြဿနာများ

အမွေးအမှင်များ ထူလာခြင်းသည် ရုပ်ပိုင်းဆိုင်ရာအားဖြင့် ပြဿနာအနည်းငယ်သာ ဖြစ်နိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများစွာကို ဖြစ်စေသည်။ အချို့သူများတွင် စိတ်ဓာတ်ကျခြင်းအထိ ဖြစ်နိုင်သည်။ ဟော်မုန်းမညီမျှခြင်းကို ဖြစ်စေသည့် နောက်ခံကျန်းမာရေးအခြေအနေများကြောင့်ဖြစ်ပါက သက်ဆိုင်ရာကျန်းမာရေးပြဿနာများကို ဖြစ်စေသည်။ ဥပမာ _ သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစုရှိပါက ရာသီမမှန်ခြင်းကြောင့် မျိုးမပွါးနိုင်ခြင်းကို ဖြစ်စေသည်။ ထို့အပြင် အမွေးအမှင်ထူခြင်းအား ကုသရာ၌ အသုံးပြုသော အန်ဒရိုဂျင်ဆန့်ကျင်ဆေးများကို သောက်သုံးနေရသူများသည် ကိုယ်ဝန်ဆောင်မိပါက သန္ဓေသားတွင် မွေးရာပါချို့ယွင်းချက်များကို ဖြစ်စေနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုပါသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့်စစ်ဆေးစမ်းသပ်မှုများပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာအထူးကုဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ပြီးနောက် လိုအပ်ပါက အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုင်သည်။

  • သွေးစစ်ဆေးခြင်း _ တက်စတိုစတီရုန်း ဟော်မုန်းပမာဏ တိုင်းတာစစ်ဆေးခြင်းကိုပြုလုပ်နိုင်သည်
  • ပုံရိပ်ဖော်စစ်ဆေးခြင်း _ သားဥအိမ်နှင့် သားအိမ်အခြေအနေများကို စစ်ဆေးရန်၊ တင်ပါးဆုံရိုးကွင်းရှိအကျိတ်များ၊ အက်ဒရီနယ်ဂလင်းအကျိတ်များကို စစ်ဆေးရန် အာထရာဆောင်းရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်းတို့ကို လိုအပ်သလိုပြုလုပ်နိုင်သည်။
ကုသခြင်း

ဟော်မုန်းဆိုင်ရာပြဿနာ မရှိသောအခြေအနေများတွင် အမွေးအမှင်ထူခြင်းကို မဖြစ်မနေ ကုသမှုခံယူရန် မလိုအပ်ပါ။ သို့သော် ဖြစ်စေသည့် အကြောင်းရင်း၊ ရောဂါများရှိခြင်း၊ ဟော်မုန်းဆိုင်ရာ ပြဿနာများရှိခြင်း သို့မဟုတ် အမွေးအမှင်များကို လျော့နည်းစေလိုခြင်း စသည့်အခြေအနေများတွင်မူ ကုသမှုပေးနိုင်သည်။

  1. ဆေးဝါးများဖြင့်ကုသခြင်း
    • သန္ဓေတားဆေးများ
      အမွေးအမှင်ထူခြင်းကို ကုသရာတွင် အမျိုးသမီးဟော်မုန်း အီစတိုဂျင်နှင့် ပရိုဂျက်စတင် ပါဝင်သော သန္ဓေတားဆေးများပေး၍ ကုသသည်။ တားဆေးများသည် အန်ဒရိုဂျင်ပမာဏကို လျော့ကျစေခြင်းဖြင့် ရာသီစက်ဝန်းကို မှန်စေပြီး ကိုယ်ဝန်မရစေရန် ကာကွယ်ပေးသဖြင့် အန်ဒရိုဂျင်များသော လူနာများအတွက် သုံးနိုင်သည်။ နောက်ဆက်တွဲ ဆိုးကျိုးများအနေဖြင့် ရင်သားတင်းခြင်း၊ ရာသီသွေးပုံမမှန်ခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်းများ ဖြစ်နိုင်သည်။
    • အန်ဒရိုဂျင်ဆန့်ကျင်ဆေးများ
      အသုံးများသည့်ဆေးသည် Spironolactone ဖြစ်ပြီး၊ ခန္ဓာကိုယ်အတွင်းရှိ အန်ဒရိုဂျင်‌ ဟော်မုန်းပမာဏကို လျော့ကျစေခြင်းဖြင့် မပြင်းထန်သော အမွေးအမှင်ထူခြင်း အခြေအနေတွင် အသုံးပြုသည်။ နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် အသားခြောက်ခြင်း၊ ရင်ပူခြင်း၊ ခေါင်းမူးခြင်း၊ နုံးနယ်ခြင်း၊ ရာသီပုံမမှန်ခြင်းကို ဖြစ်စေသည်။ ထို့ပြင် သန္ဓေသားတွင် မွေးရာပါချို့ယွင်းချက်များကို ဖြစ်စေသည့်အတွက် ထိုဆေးများကို ကိုယ်ဝန်ဆောင်ကာလတွင် မသောက်သုံးသင့်သလို သောက်သုံးနေစဥ်တွင် ကိုယ်ဝန်မဆောင်သင့်ပါ။
    • စတီးရွိုက်ဆေးများ
      အက်ဒရီနယ်ဂလင်းကြီး၍ ‌ဟော်မုန်းများသော အခြေအနေတွင် ပြင်းအားနည်းသော စတီးရွိုက်ဆေးများကို အသုံးပြု၍ ကုသနိုင်သည်။ နောက်ဆက်တွဲဆိုးကျိုးများ အနေဖြင့် အစာစားလိုစိတ်များခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း၊ မျက်စိအမြင်ဝါးခြင်းတို့ကို ဖြစ်စေသည်။
    • အရေပြားလိမ်းဆေးများ
      • Eflornithine ပါဝင်သော အရေပြားလိမ်းဆေးကို အသုံးပြုလိုသည့်နေရာတွင် ပွတ်လိမ်းပေးရမည်
      • အမွေးအမှင်များကို အလုံးစုံ မဖယ်ရှားနိုင်သော်လည်း ပေါက်သည့်နှုန်းကို နှေးစေခြင်းဖြစ်သည်
      • သိသာသောရလဒ် ရစေရန် (၆)ပတ် မှ (၈)ပတ်အထိ ကြာနိုင်သည်
      • နောက်ဆက်တွဲပြဿနာများအနေဖြင့် ဓာတ်မတည့်ခြင်းများ၊ အမွေးထုံးများ၊ အရေပြားအရောင်ပြောင်းခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်းတို့ ဖြစ်စေသည်
    • အခြားဆေးဝါးများ
      သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစုနှင့် ဆက်စပ်သည့် အမွေးအမှင်ထူခြင်းတွင် Metformin, pioglitazone ကဲ့သို့ ဆီးချိုဆေးများကို အသုံးပြုနိုင်သည်။
  2. စက်ကိုအသုံးပြု၍ အမွေးဖယ်ရှားခြင်း
    • လျှပ်စစ်ဖြင့် အမွေးဖယ်ရှားခြင်း
      သေးငယ်သောအပ်နှင့် လျှပ်စစ်ဓာတ်ကို အသုံးပြု၍ အမွေးအမြစ်များကို တစ်ခုချင်းစီ ဖျက်ဆီးခြင်းဖြစ်သည်။ နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် အရေပြားအရောင် ပြောင်းလာခြင်း၊ အမည်းစက်ဖြစ်ပေါ်ခြင်းနှင့် အနည်းငယ်ထုံကျဥ်ခြင်းတို့ဖြစ်နိုင်သည်။
    • လေဆာကို အသုံးပြု၍ အမွေးဖယ်ရှားခြင်း
      လေဆာမှအပူသည် ရောင်ခြယ်ပစ္စည်း အများအပြား ပါရှိသော ဆဲလ်များကို ဖျက်ဆီးသည်။ အမည်းရောင်အမွေးများသည် ရောင်ခြယ်အများအပြား ရှိသောကြောင့် အပူကိုအများဆုံး စုပ်ယူသည်။ ထိုအပူများကို အမွေးအမြစ်များသို့ရောက်စေပြီး ဖျက်ဆီးခြင်းဖြင့် ပြန်မပေါက်စေရန် ပြုလုပ်သည်။ ဖြစ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများမှာ အပူလောင်ခြင်း၊ အရည်ကြည်ဖုဖြစ်ခြင်း၊ အမာရွတ်ဖြစ်ခြင်း၊ အရေပြားအရောင်ပြောင်းခြင်းတို့ ဖြစ်သည်။
  3. အမွေးအမှင်ဖယ်ရှားရန် အိမ်တွင်အသုံးပြုနိုင်သည့် နည်းလမ်းများ
    • အမွေးနှုတ်ခြင်း
      အမွေးအနည်းငယ်သာရှိပါက အသုံးပြုရန် သင့်တော်သော်လည်း များပါက အသုံးပြုရန် မသင့်ပါ။ ထို့ပြင် နှုတ်ထားသောအမွေးများသည် မကြာခဏ ပြန်ပေါက်လေ့ရှိသည်။
    • အမွေးရိတ်ခြင်း
      အသုံးအများဆုံး နည်းလမ်းဖြစ်သည်။ လွယ်ကူ၍ အန္တရာယ်ကင်းသော်လည်း ပုံမှန်ပြုလုပ်ပေးရန် လိုအပ်သည်။
    • ဖယောင်းကပ်၍အမွေးနှုတ်ခြင်း
      ဖယ်ရှားလိုသော အမွေးများနေရာတွင် ဖယောင်းကပ်၍ ပြုလုပ်ခြင်းဖြစ်သည်။ ဖယောင်းများ မာကျောလာပါက အရေပြားမှ ခွာလိုက်ခြင်းဖြင့် အမွေးဖယ်ရှားသည်။ အနည်းငယ် စပ်ဖျဥ်းဖျဥ်းဖြစ်နိုင်ပြီး အရေပြားဓာတ်မတည့်ခြင်းလည်း ဖြစ်နိုင်သည်။
    • အမွေးချွတ်ဆေး
      ၄င်းပစ္စည်းများတွင် အသုံးပြုလိုသည့်နေရာရှိ အမွေးပေါ်တွင် လိမ်းလိုက်သောအခါ အမွေးများကို ပျော်ဝင်စေသည့် ဓာတုပစ္စည်းများ ပါဝင်သည်။ ဂျယ်လ်၊ ခရင်မ်နှင့် လိုးရှင်းပုံစံများဖြင့် တွေ့နိုင်ပြီး ပုံမှန်အသုံးပြုရန် လိုအပ်သည်။ တစ်ခါတစ်ရံတွင် အရေပြားဓာတ်မတည့်ခြင်းကို ဖြစ်စေသည်။
    • အမွေးအရောင်ချွတ်ခြင်း
      အရောင်ချွတ်ခြင်းသည် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ပါဝင်သည့် ပစ္စည်းများကို အသုံးပြု၍ အမွေးအရောင်များကို ဖျော့စေခြင်းဖြစ်သည်။
ကာကွယ်ခြင်း

အဓိကကာကွယ်နိုင်သော နည်းလမ်းမှာ အမွေးအမှင်ထူခြင်းကိုဖြစ်စေသည့် အခြေအနေများကို မဖြစ်အောင် လျှော့ချခြင်းသာဖြစ်သည်။ ဥပမာ _ သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု (PCOS) ကြောင့်ဖြစ်ပါက ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများ စားခြင်း၊ ကိုယ်အလေးချိန်ကျစေရန် လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဖြင့် ရောဂါကို သက်သာစေသကဲ့သို့ အမွေးအမှင်ထူခြင်း ဖြစ်စေသည့်အခြေအနေကို လျော့ကျစေသည်။ အကယ်၍ သုံးစွဲနေသော ဆေးဝါးများကြောင့်ဖြစ်ပါက ဆရာဝန်၏လမ်းညွှန်ချက်အတိုင်း ဆေးပြောင်းခြင်း၊ ဆေးပမာဏပြောင်းခြင်းတို့ဖြင့် ဖြစ်စေသည့်အခြေအနေကို လျော့ကျစေသည်။

References:

  1. Endocrine Society. (2022). Hirsutism. Retrieved December 4, 2025, from https://www.endocrine.org/patient-engagement/endocrine-library/hirsutism endocrine.org
  2. Mayo Clinic. (2025). Hirsutism: Diagnosis & treatment. Retrieved December 4, 2025, from https://www.mayoclinic.org/diseases-conditions/hirsutism/diagnosis-treatment/drc-20354941 Mayo Clinic
  3. MyClevelandClinic. (n.d.). Hirsutism. Retrieved December 4, 2025, from https://my.clevelandclinic.org/health/diseases/14523-hirsutism Cleveland Clinic
  4. National Library of Medicine. (2025). Hirsutism [in StatPearls]. Retrieved December 4, 2025, from https://www.ncbi.nlm.nih.gov/books/NBK470417/
  5. Skin Health Info. (n.d.). Hirsutism. Retrieved December 4, 2025, from https://www.skinhealthinfo.org.uk/condition/hirsutism/

Published: 27 December 2025

Share

27 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Otitis externa (အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်း)
Dec 28, 2025
Diseases and Conditions

Otitis externa (အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်း)

အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်းသည် ရေဝင်ခြင်းနှင့်...

Dental trauma or injuries (သွားထိခိုက်ဒဏ်ရာရခြင်း)
Dec 27, 2025
Diseases and Conditions

Dental trauma or injuries (သွားထိခိုက်ဒဏ်ရာရခြင်း)

သွားထိခိုက်ဒဏ်ရာရခြင်းသည် အဖြစ်များပြီး ကုသရန် လွယ်ကူသော...

Nasopharyngeal cancers (နှာခေါင်းနောက်ပိုင်း လည်ချောင်းကင်ဆာ)
Dec 27, 2025
Diseases and Conditions

Nasopharyngeal cancers (နှာခေါင်းနောက်ပိုင်း လည်ချောင်းကင်ဆာ)

နှာခေါင်းနောက်ပိုင်း လည်ချောင်းကင်ဆာသည် ရှားပါးသော ဦးခေါင်းနှင့်...