Imperforate anus (မွေးရာပါ စအိုပေါက်မပါခြင်း)

Imperforate anus (မွေးရာပါ စအိုပေါက်မပါခြင်း)

မွေးရာပါ စအိုပေါက်မပါခြင်း (Imperforate anus) သည် စအိုပေါက်မပါရှိခြင်း သို့မဟုတ် ပုံမှန်ရှိသင့်သည့်နေရာတွင် စအိုပေါက်မရှိခြင်းစသည့် မွေးရာပါအခြေအနေတစ်ခုဖြစ်ပြီး အစာ‌‌ဟောင်းအိမ်နှင့် စအိုလမ်းကြောင်းတစ်လျှောက် မူမမှန်ဖြစ်ခြင်း (Anorectal Malformation) အမျိုးအစားတွင် ပါဝင်သော ရှားပါးချို့ယွင်းချက်တစ်ခုဖြစ်သည်။ မွေးရာပါ စအိုပေါက်မပါခြင်းကို မွေးဖွားပြီးပြီးချင်း မကြာမီ၌ မွေးကင်းစကလေးအား ပုံမှန်ကိုယ်ခန္ဓာစစ်ဆေးခြင်းဖြင့် ရှာဖွေတွေ့ရှိနိုင်ပြီး ချက်ချင်းခွဲစိတ်ကုသမှု ခံယူရန် လိုအပ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

မွေးရာပါ စအိုပေါက်မပါခြင်းကို ဖြစ်စေသော အကြောင်းရင်း အတိအကျကို မသိရသော်လည်း အချို့တွင် ရှားပါးစွာ မျိုးရိုးလိုက်သည်ကို တွေ့ရသည်။ ယောက်ျားလေးများတွင် မိန်းကလေးများထက် အထက်ပါအခြေအနေ ဖြစ်နိုင်ခြေ အနည်းငယ်ပိုများသည်။ ခန့်မှန်းခြေ ကလေး အယောက် (၅၀၀၀) တွင် (၁) ယောက်ဖြစ်ပွါးကြောင်း တွေ့ရှိရသည်။

မွေးရာပါ စအိုပေါက်မပါခြင်းသည် သန္ဓေသားဘဝတွင် အူလမ်းကြောင်းတစ်ရှူးများ ဖွံ့ဖြိုးမှု ပုံမမှန်ခြင်းကြောင့် အဓိကဖြစ်ပေါ်သည်။ ကိုယ်ဝန်ဆောင် အစောပိုင်းကာလ သန္ဓေသားဖွံ့ဖြိုးမှုတွင် ပုံမှန်အားဖြင့် အူလမ်းကြောင်းနောက်ပိုင်း (Hindgut) ၏အဆုံး၌ Cloaca ဟုခေါ်သော နေရာတစ်ခုရှိသည်။ ထိုနေရာမှ အစာဟောင်းအိမ် (Rectum) နှင့် စအိုလမ်းကြောင်း (Anal canal) ဖြစ်ပေါ်လာမည့် အစိတ်အပိုင်း၊ ဆီးလမ်းကြောင်း (Urinary tract) အစိတ်အပိုင်းတို့ခွဲထွက်ပြီး လမ်းကြောင်းနှစ်ခု သီးခြားဖြစ်ပေါ်လာရသည်။ အစာ‌ဟောင်းအိမ်နှင့် စအိုလမ်းကြောင်းအဆုံးသည် စအိုပေါက် (Anus) ဖြစ်လာပြီး ဆီးလမ်းကြောင်း၏ အဆုံးသည် ဆီးစွန့်ပြွန် (Urethra) ဖြစ်လာသည်။ ထိုသို့ ပုံမှန်လမ်းကြောင်းများအတိုင်း မဖြစ်ပေါ်ဘဲ တစ်ခါတစ်ရံ စအိုလမ်းကြောင်းနှင့် အစာဟောင်းအိမ်၏ တစ်ရှူးများသည် ဖွံ့ဖြိုးမှုမူမမှန်ခြင်းများ ဖြစ်တတ်သည်။ ထိုအခါ မွေးရာပါ စအိုပေါက်မပါခြင်း သို့မဟုတ် စအိုလမ်းကြောင်း ကျဉ်းမြောင်းခြင်း (Anal stenosis) ကို ဖြစ်ပွါးစေသည့်အပြင် အစာဟောင်းအိမ်သည်လည်း ကောင်းစွာ မဖွံ့ဖြိုးဘဲ အူမကြီး (Colon) အဆုံးတွင် အိတ်ကဲ့သို့ ဖြစ်ခြင်း (Blind pouch)၊ အစာဟောင်းအိမ်သည် ဆီးလမ်းကြောင်းတစ်လျှောက် သို့မဟုတ် မျိုးပွါးအင်္ဂါများနှင့် ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်းများ ဖြစ်ပေါ်ခြင်းတို့ကို တွေ့ရနိုင်သည်။

မွေးရာပါ စအိုပေါက်မပါခြင်း၏ ပြင်းထန်မှုနှင့် အစာဟောင်းအိမ်၏ တည်နေရာ အနိမ့်အမြင့်ပေါ် မူတည်၍ အဓိကအားဖြင့် အောက်ပါအတိုင်း သုံးမျိုး ခွဲခြားနိုင်သည်။

  1. အနိမ့်ပိုင်း အမျိုးအစား (Low Type)
    များသောအားဖြင့် စအိုပေါက်နေရာ ပါရှိသော်လည်း ၎င်းသည် ပုံမှန်မဟုတ်သောနေရာတွင် ရှိနေခြင်း သို့မဟုတ် အပေါ်မှအမြှေးပါးဖြင့် ဖုံးအုပ်ထားခြင်းစသည့် လက္ခဏာများကို တွေ့နိုင်သည်။ အဆိုပါ အမျိုးအစားတွင် အစာဟောင်းအိမ်သည် တင်ပါးဆုံကွင်းအောက်ခြေရှိ ကြွက်သားများကိုကျော်၍ အနိမ့်ဆုံးနေရာအထိ ဖွံ့ဖြိုးမှုရှိနိုင်ပြီး အဆုံးသတ်တွင် စအိုလမ်းကြောင်း ရှိနေနိုင်သည်။
  2. အလယ်အလတ် အမျိုးအစား (Intermediate Type)
    အစာဟောင်းအိမ်အဆုံးနှင့် စအိုလမ်းကြောင်းတို့သည် အနည်းငယ်မြင့်မားသောနေရာတွင် ရောက်နေပြီး တင်ပါးဆုံကွင်းအောက်ခြေရှိ ကြွက်သားများနှင့် နေရာတစ်တန်းတည်းတွင် တည်ရှိနေသည်။ စအိုပေါက် ကောင်းစွာဖြစ်ပေါ်ခြင်းမရှိဘဲ ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်းများလည်း တစ်ခါတစ်ရံ ရှိနေနိုင်သည်။
  3. အမြင့်ပိုင်းအမျိုးအစား (High Type)
    အစာ‌ဟောင်းအိမ်သည် ပုံမှန်ရှိသင့်သည့်နေရာထက် ပို၍မြင့်မားသောနေရာတွင် ရှိနေပြီး၊ ဖွံ့ဖြိုးမှုသည် တင်ပါးဆုံအောက်ခြေရှိ ကြွက်သားများအပေါ်တွင် အဆုံးသတ်သည်။ အစာဟောင်းအိမ်နှင့် စအိုလမ်းကြောင်း ဖွံ့ဖြိုးမှုများ အလွန်ထိခိုက်သော အမျိုးအစားဖြစ်သည်။ ထို့ကြောင့် စအိုပေါက်မပါခြင်းအပြင် အစာဟောင်းအိမ်သည် ဆီးလမ်းကြောင်း သို့မဟုတ် မျိုးပွါးအင်္ဂါများနှင့် ပုံမှန်မဟုတ်သော ပြွန်လမ်းကြောင်းများ (Fistula) ရှိနေနိုင်သည်။ ဥပမာအားဖြင့် အစာဟောင်းအိမ်နှင့် ဆီးစွန့်ပြွန် သို့မဟုတ် ဆီးအိမ် အကြား၊ ယောက်ျားလေးများတွင် လိင်တံ သို့မဟုတ် ဝှေးစေ့အောက်ခြေ၊ မိန်းကလေးများတွင် မိန်းမကိုယ်လမ်းကြောင်း စသည်တို့တွင် ပုံမှန်မဟုတ်သော ပြွန်လမ်း‌ကြောင်းများကို တွေ့ရှိရသည်။
ယှဥ်တွဲတွေ့ရှိနိုင်သော ရောဂါအခြေအနေများ

မွေးရာပါ စအိုပေါက်မပါခြင်း သို့မဟုတ် အခြားသော စအိုလမ်းကြောင်း မူမမှန်မှုများကို မျိုးဗီဇဆိုင်ရာ ရောဂါလက္ခဏာစုများ၊ ခရိုမိုဆုန်း မူမမှန်မှုများ သို့မဟုတ် အခြား မွေးရာပါချို့ယွင်းချက်များ ရှိသည့် ကလေးငယ်များ၏ သုံးပုံတစ်ပုံခန့်တွင် တွဲ၍တွေ့ရှိရတတ်သည်။ ၎င်းအခြေအနေများမှာ_

  • VACTERL ရောဂါလက္ခဏာစု
    ကိုယ်ခန္ဓာအတွင်းရှိ ကိုယ်တွင်းအင်္ဂါစနစ်များစွာကို ထိခိုက်စေသော ရောဂါလက္ခဏာစုဖြစ်သည်။ တွေ့ရှိနိုင်သော ချို့ယွင်းချက်များတွင်_
    • V (Vertebral defects) – ကျောရိုးချို့ယွင်းချက်များ
    • A (Anorectal malformation) – အစာ‌‌ဟောင်းအိမ်နှင့် စအိုလမ်းကြောင်းတစ်လျှောက် မူမမှန်ဖြစ်ခြင်း
    • C (Cardiac anomalies) – နှလုံးတွင် မူမမှန်ဖြစ်ခြင်းများ
    • T (Tracheoesophageal fistula) – လေပြွန်နှင့် အစာရေမျိုပြွန်အကြားတွင် ပုံမမှန်မပြွန်လမ်းကြောင်းဖြစ်ပေါ် ခြင်း
    • E (Esophageal atresia) – အစာရေမျိုပြွန် ပိတ်နေခြင်း
    • R (Renal anomalies) – ကျောက်ကပ် မူမမှန်ဖြစ်ခြင်းများ
    • L (Limb anomalies) – ခြေလက်များ မူမမှန်ဖြစ်ခြင်းများ စသည်တို့ပါဝင်သည်။
  • ဒေါင်းဆင်ဒရုန်း (Down syndrome)
  • အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများ (GI diseases)
  • ကျောရိုးမကြီးဆိုင်ရာရောဂါများ (Spinal problems)
  • ဆီးလမ်းကြောင်းဆိုင်ရာရောဂါများ (Urinary tract problems) စသည်တို့ဖြစ်သည်။
ရောဂါလက္ခဏာများ

အများအားဖြင့် မွေးရာပါ စအိုပေါက်မပါခြင်းကို မွေးကင်းစကလေးများ၏ မွေးပြီးပြီးချင်း ပြုလုပ်သော ပုံမှန်စစ်ဆေးမှု၌ တွေ့ရှိနိုင်သည်။ အဓိကတွေ့ရှိရသော လက္ခဏာများမှာ_

  1. စအိုပေါက်မပါခြင်း သို့မဟုတ် နေရာလွဲခြင်း
    မွေးကင်းစကလေးအား ပုံမှန်စစ်ဆေးရာတွင် စအိုပေါက်မရှိခြင်း သို့မဟုတ် စအိုပေါက်သည် ပုံမှန်နေရာတွင် မရှိဘဲ မိန်းမကိုယ် သို့မဟုတ် ကပ်ပယ်အိတ်အနီးတွင် ရှိနေသည်ကို တွေ့ရသည်။
  2. ငယ်ချေး မသွားနိုင်ခြင်း
    မွေးကင်းစကလေးသည် မွေးပြီး (၂၄)နာရီ မှ (၄၈)နာရီအတွင်း ငယ်ချေးမသွားနိုင်သည်ကို တွေ့ရသည်။
  3. ဝမ်းဗိုက်ဖောင်း၍ တင်းမာလာခြင်း
    အူလမ်းကြောင်းအတွင်း ဝမ်းများစုပုံလာပြီး ထွက်ပေါက်မရှိခြင်းကြောင့် ဝမ်းဗိုက်ဖောင်း၍ တင်းမာလာသည်။
  4. ပုံမှန်မဟုတ်သော နေရာမှ ဝမ်းသွားခြင်း
    အစာဟောင်းအိမ်နှင့် အခြားကိုယ်တွင်းအင်္ဂါများအကြားတွင် ပုံမမှန် ပြွန်လမ်းကြောင်းများ ဖြစ်ပေါ်နေခြင်းကြောင့် ဆီးစွန့်ပြွန်၊ လိင်တံအောက်ခြေ၊ ကပ်ပယ်အိတ် သို့မဟုတ် မိန်းမကိုယ်လမ်းကြောင်းမှ ဝမ်းများထွက်လာသည်ကို တွေ့ရသည်။
  5. အခြားရောဂါလက္ခဏာစုများ၏ လက္ခဏာများရှိခြင်း
    အခြားတွဲ၍ တွေ့ရနိုင်သော ရောဂါလက္ခဏာစုများ၏ လက္ခဏာများကို တွေ့ရနိုင်သည်။
နောက်ဆက်တွဲပြဿနာများ

မွေးရာပါ စအိုပေါက်မပါသော ကလေးများကို မွေးပြီး မကြာမီအချိန်အတွင်း ရောဂါရှာဖွေပြီး ကုသမှု မပေးနိုင်ပါက ကလေးသည် အူလမ်းကြောင်းပိတ်ဆို့ခြင်း လက္ခဏာများ ခံစားရနိုင်သည်။ အူလမ်းကြောင်း ပိတ်ဆို့ခြင်း၏ လက္ခဏာများမှာ_

  • အန်ခြင်း
  • ဝမ်းဗိုက်ဖောင်း၍ တင်းမာလာခြင်း သို့မဟုတ် ဝမ်းဗိုက် သိသိသာသာ ရောင်ရမ်းလာခြင်း
  • ဝမ်းမသွားနိုင်ခြင်း စသည်တို့ဖြစ်သည်။

စအိုပေါက်မပါသော ကလေးများ ခွဲစိတ်ကုသမှုခံယူပြီးနောက်တွင်လည်း အချို့တွင် နောက်ဆက်တွဲပြဿနာများ ခံစားရနိုင်ခြေရှိသည်။ ဥပမာအားဖြင့်_

  • ဝမ်းထိန်းချုပ်မှုဆိုင်ရာ ပြဿနာများ (နာတာရှည်ဝမ်းချုပ်ခြင်း၊ ဝမ်းမထိန်းနိုင်ဘဲ ထွက်ကျခြင်း)
  • အိမ်သာအိုးထိုင်ကျင့်ရာတွင် နှောင့်နှေးခြင်း
  • ဆီးထိန်းချုပ်မှုဆိုင်ရာ ပြဿနာများ
  • လူကြီးဘဝရောက်ချိန်တွင် လိင်မှုဆိုင်ရာ လုပ်‌ဆောင်ချက် ပြဿနာများ ရှိနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

များသောအားဖြင့် မွေးကင်းစကလေးများတွင် မွေးပြီးမကြာမီအချိန်၌ မွေးရာပါ စအိုပေါက်မပါခြင်းကို သတိပြုစစ်ဆေးတွေ့ရှိနိုင်သည်။ အဆိုပါ ကလေးများသည် အချိန်မီ ချက်ချင်းခွဲစိတ်ကုသမှု ပြုလုပ်ရန် လိုအပ်သောကြောင့် မွေးပြီးပြီးချင်းတွင် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

မွေးရာပါ စအိုပေါက်မပါခြင်းကို မွေးပြီး မကြာမီ ပုံမှန်မွေးကင်းစကလေး ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခြင်းဖြင့် အလွယ်တကူ ရှာဖွေနိုင်သည်။ မွေးကင်းစ ကလေးအထူးကု ဆရာဝန်မှ စအိုပေါက် မပါခြင်း၊ နေရာလွဲခြင်း၊ ပုံမှန်မဟုတ်သော နေရာများမှ ဝမ်းသွားခြင်း စသည်တို့ကို စစ်ဆေးတွေ့ရှိနိုင်သည်။ ပုံမှန်အားဖြင့် ရောဂါရှာဖွေရာတွင် မွေးကင်းစကလေး၏ စအိုပေါက်ကို ပျော့ပျောင်းသော ရာဘာပိုက်ငယ်ဖြင့် ထိုးကြည့်ခြင်း နည်းလမ်းကို အသုံးပြုခဲ့ကြပြီး၊ ရောဂါအမျိုးအစား၊ ပြင်းထန်မှုတို့ကို ပိုမိုတိကျစွာသိရှိရန်နှင့် နောက်ဆက်တွဲပြဿနာများ (ဥပမာ _ ဆီးလမ်းကြောင်းနှင့် အခြားအင်္ဂါများသို့ ပုံမှန်မဟုတ်သော ဆက်သွယ်မှု ရှိမရှိ) ကို ရှာဖွေရန်အတွက် ပုံရိပ်ဖော်စစ်ဆေးမှုများကို ပိုမိုအသုံးပြုလာကြသည်။ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများမှာ_

  1. ဝမ်းဗိုက်ဓာတ်မှန်ရိုက်ခြင်း
    စအိုလမ်းကြောင်း မူမမှန်ခြင်း၏ အတိုင်းအတာနှင့် တည်နေရာကို ရှာဖွေရန် ရိုက်ကူးနိုင်သည်။ အစာဟောင်းအိမ်အတွင်းရှိ “လေ” ၏တည်နေရာကို ကြည့်၍ အမျိုးအစားခန့်မှန်းနိုင်သည်။ ဝမ်းဗိုက်ဓာတ်မှန်မှတစ်ဆင့် ကျောရိုးနှင့် တင်ပါးဆုံရိုးကွင်း ပုံမမှန်မှုများကိုလည်း သိရှိနိုင်သည်။
  2. ဝမ်းဗိုက်အာထရာဆောင်း (USG) ရိုက်ခြင်း
    ကျောက်ကပ်၊ ဆီးအိမ်၊ ဆီးလမ်းကြောင်းနှင့် မျိုးပွါးအင်္ဂါတို့၏ ပုံမမှန်သော အခြေအနေများ ရှိမရှိကို ရှာဖွေရန် အသုံးပြုသည်။
  3. သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)
    ကျောရိုးနှင့် ကျောရိုးအာရုံကြောမကြီးကို အသေးစိတ် ကြည့်ရှုစစ်ဆေးရန် အသုံးပြုသည်။ ထို့ပြင် တင်ပါးဆုံရိုးကွင်းအတွင်းရှိ ကိုယ်တွင်းအင်္ဂါများ၏ အခြေအနေကိုလည်း အသေးစိတ်စစ်ဆေး သိရှိနိုင်သည်။
  4. အသံလှိုင်းသုံးနှလုံးပုံရိပ်​ဖော်စက်ဖြင့်စစ်​ဆေးခြင်း (Echocardiogram)
    စအိုပေါက် မပါခြင်းနှင့်အတူ ယှဥ်တွဲတွေ့ရနိုင်သော နှလုံးချို့ယွင်းချက်များကို ရှာဖွေစစ်ဆေးနိုင်သည်။
ကုသခြင်း

မွေးရာပါ စအိုပေါက်မပါသော ကလေးများသည် အမျိုးအစား၊ ရောဂါလက္ခဏာစုများ ရှိမရှိနှင့် ကျန်းမာရေး အခြေအနေပေါ်မူတည်၍ သင့်လျော်သော ကုသမှုများ လိုအပ်သည်။ အများစုသော မွေးရာပါ စအိုပေါက်မပါသော ကလေးများသည် ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်သည်။ ကုသမှုတွင် ကလေးခွဲစိတ် အထူးကုဆရာဝန်နှင့်အတူ အခြားအထူးကုဆရာဝန်များ ပူးပေါင်းပါဝင်သည်။

မွေးဖွားပြီးပြီးချင်း ချက်ချင်းပြုလုပ်သော ကုသမှုများတွင် အောက်ပါအချက်များ ပါဝင်သည်။

  • ကလေး၏ နှာခေါင်းမှတစ်ဆင့် အစာအိမ်ထဲသို့ နှာခေါင်းပိုက်ထည့်ကာ အစာအိမ်အူလမ်းကြောင်းမှ အရည်များကို ထုတ်ထားခြင်းဖြင့် ဗိုက်ဖောင်းလာခြင်းကို ကာကွယ်ခြင်း
  • သွေးကြောမှတစ်ဆင့် အရည်နှင့် အာဟာရများ သွင်းပေးခြင်း
  • ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း
  • ကလေး၏ စအိုနှင့် အခြားကိုယ်အင်္ဂါအစိတ်အပိုင်းများ ဖွဲ့စည်းထားသည့်အပေါ် မူတည်၍ သက်ဆိုင်ရာ ခွဲစိတ်ကုသမှုများ ပြုလုပ်ခြင်း

မွေးရာပါ စအိုပေါက်မပါခြင်းကို ကုသရန်အတွက် ဝမ်းသွားနိုင်မည့် လမ်းကြောင်းတစ်ခု ဖြစ်စေရန် ဦးစွာ ပြုလုပ်သည်။ ထိုပြုလုပ်မှုသည် အစာဟောင်းအိမ်၏ တည်နေရာပေါ် မူတည်၍ ကွဲပြားသည်။

  1. အလယ်အလတ်နှင့် အမြင့်ပိုင်းအမျိုးအစား မွေးရာပါ စအိုပေါက်မပါခြင်းအတွက် ကုသမှု
    အလယ်အလတ်နှင့် အမြင့်ပိုင်းအမျိုးအစား မွေးရာပါ စအိုပေါက်မပါသော ကလေးများအတွက်မူ ကုသမှုအဆင့်ဆင့် လိုအပ်နိုင်သည်။
    • ဝမ်းဗိုက်အရေပြားတွင် အပေါက်ဖောက်၍ ပြင်ပသို့ အူလမ်းကြောင်းလွှဲခြင်း (Formation of stoma)
      ကလေး၏ကျန်းမာရေးအခြေအနေပေါ်မူတည်၍ အူလမ်းကြောင်းလွှဲခြင်းကို ဦးစွာပြုလုပ်ရသည်လည်းရှိသည်။ ထိုခွဲစိတ်မှုတွင် ဝမ်းဗိုက်တွင် သေးငယ်သောအပေါက် ဖောက်ပြီး ကောင်းမွန်သောအူ၏ အစိတ်အပိုင်းကိုဖြတ်၍ အပြင်သို့ ထုတ်ထားကာ ဝမ်းများကို ထိုအပေါက်မှ ထွက်စေသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် ရောင်ရမ်းနေသော အူအစိတ်အပိုင်းများကို သက်သာစေရန်နှင့် နောက်ပိုင်းအဓိကခွဲစိတ်မှု (Posterior Sagittal Anorectoplasty – PSARP) မပြုလုပ်မီတွင် ကလေးကို ကိုယ်အလေးချိန်တက်၍ ကောင်းစွာဖွံ့ဖြိုးလာစေရန် လအနည်းငယ်ခန့် ခေတ္တအချိန်ယူရသည်။ ကလေးအများစုတွင် အူလမ်းကြောင်းလွှဲခြင်းသည် ယာယီသာဖြစ်သည်။
    • အစာ‌ဟောင်းအိမ်နှင့် စအိုကို ခွဲစိတ်ပြုပြင်၍ ဆက်ခြင်း (Posterior Sagittal Anorectoplasty – PSARP)
      ထိုခွဲစိတ်မှုကို မှန်ပြောင်းအသုံးပြု၍ ခွဲစိတ်နိုင်သကဲ့သို့ သမားရိုးကျ စအိုနေရာတွင် ခွဲကြောင်းပေး၍လည်း ခွဲစိတ်နိုင်သည်။ ခွဲစိတ်ရန်အသင့်တော်ဆုံးနည်းလမ်းကို က‌လေးအခြေအနေပေါ်မူတည်၍ ခွဲစိတ်အထူးကုဆရာဝန်မှ ဆုံးဖြတ်မည်ဖြစ်သည်။ အဆိုပါ ခွဲစိတ်ပြုပြင်မှုကို ကလေး၏ စအိုအသစ်နေရာ ကောင်းမွန်စွာ ပြုလုပ်နိုင်ရန်အတွက် အူလမ်းကြောင်းလွှဲပြီးနောက် လအနည်းငယ်အကြာတွင် ပြုလုပ်နိုင်သည်။ ခွဲစိတ်မှုတွင် အစာ‌ဟောင်းအိမ်ကို အောက်သို့ဆွဲချ၍ စအိုနေရာတွင် စအိုပေါက်အသစ်တစ်ခုကို ဖန်တီးပေးခြင်းဖြစ်သည်။ အကယ်၍ ကလေးတွင် ပုံမှန်မဟုတ်သော ပြွန်လမ်း‌ကြောင်းများကို ပါရှိပါက ထိုလမ်းကြောင်းများကို တစ်ပါတည်း ပိတ်ပေးမည်ဖြစ်သည်။
      ခွဲစိတ်မှုပြီးသည့်နောက်တွင် ကလေး၏အခြေအနေပေါ်မူတည်၍ (၇)ရက် မှ (၁၀)ရက်ခန့်အထိ ဆေးရုံတက်ရောက်ရနိုင်သည်။ ဆေးရုံတက်ရောက်နေစဥ်အတွင်း အနာသက်သာစေရန် ဆေးများပေးခြင်း၊ ခွဲစိတ်ဒဏ်ရာအခြေအနေများကို စစ်ဆေးခြင်း၊ အူလမ်းကြောင်းအခြေအနေများကို စောင့်ကြည့်ခြင်း၊ စားသောက်ပုံနည်းလမ်းများကို စီမံခန့်ခွဲခြင်းများ ပြုလုပ်ရမည်။
    • စအိုပေါက်ချဲ့ခြင်း (Anal dilatation)
      ခွဲစိတ်မှုပြီးသည့်နောက်တွင် အနာကျက်သည့်ဖြစ်စဥ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အစာဟောင်းအိမ်နှင့် စအိုဆက်ထားသည့်နေရာမှ ဒဏ်ရာများကြောင့် လမ်းကြောင်းကျဥ်းသွားစေသည့်အတွက် စအိုပေါက်ပြန်မပိတ်စေရန် ကုသမှုများပြုလုပ်ရမည်။ သင့်တော်သည့် စအိုလမ်းကြောင်း အနေအထားတွင် ရှိနေစေရန်အတွက် စအိုပေါက်ချဲ့ခြင်းကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း မှန်မှန်ပြုလုပ်ရန်လိုသည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ကလေး၏ အသက်အရွယ်နှင့် ကိုက်ညီ‌သော စအိုလမ်းကြောင်းကို ရရှိစေနိုင်သည်။
    • အူလမ်းကြောင်းလွှဲသည့်နေရာကို ပြန်ပိတ်ခြင်း (Closure of stoma)
      အဓိကခွဲစိတ်မှုဖြစ်သော Posterior Sagittal Anorectoplasty (PSARP) ပြုလုပ်ပြီးနောက် သုံးလ မှ လေးလအကြာတွင် အူလမ်းကြောင်းလွှဲထားသည့် အပေါက်ကို ပြန်ပိတ်နိုင်သည်။ ထိုခွဲစိတ်မှုတွင် အပြင်သို့ထုတ်ထားသော အူအစိတ်အပိုင်းနှစ်ခုကို ပြန်ဆက်ကာ ဝမ်းဗိုက်အတွင်းသို့ ပြန်ထည့်ပြီး အပေါက်ကိုပိတ်ခြင်းဖြစ်သည်။ ထိုခွဲစိတ်မှုပြီးသည့်နောက်တွင် ကလေးဝမ်းကောင်းစွာသွားသည်အထိ ဆေးရုံတွင် စောင့်ကြည့်ရမည်။
  2. အနိမ့်ပိုင်း အမျိုးအစား မွေးရာပါ စအိုပေါက်မပါခြင်းအတွက် ကုသမှု
    အစာဟောင်းအိမ်သည် တင်ပါးဆုံအောက်ခြေရှိ ကြွက်သားများအောက်တွင် ရှိသောကြောင့် ခွဲစိတ်မှုတစ်ကြိမ်တည်းဖြင့် စအိုပေါက်ကို ပြုလုပ်ပေးနိုင်သည်။ မှန်ပြောင်းကို အသုံးပြု၍လည်း စအိုပေါက် ဖောက်ပေးနိုင်သည်။ စအိုပေါက်သည် ပုံမှန်မဟုတ်သောနေရာတွင် ဖြစ်နေပါက ပုံမှန်နေရာသို့ ရွှေ့ပြောင်းပြုပြင်ပေးမည်ဖြစ်သည်။ အဆိုပါအမျိုးအစားတွင် ဝမ်းဗိုက်ပေါ်သို့ အူလမ်းကြောင်းလွှဲခြင်း ပြုလုပ်ရန် မလိုအပ်ပါ။
ခွဲစိတ်မှုပြီးသည့်နောက် အိမ်တွင်ပြုစုစောင့်ရှောက်မှုများ
  • ဆီးပူ၊ ဝမ်းပူလောင် အနာများကို သက်သာစေရန် ပြုလုပ်ခြင်း
    • ဆီးပူလောင်၊ ဝမ်းပူလောင်အနာများကို မဖြစ်စေရန်၊ ပိုဆိုးမလာစေရန် ကြိုတင်ကာကွယ်ရန် အရေးကြီးသည်
  • အိမ်သာတက်ရန် လေ့ကျင့်ပေးခြင်း
    • မွေးရာပါ စအိုပေါက်မပါသော ကလေးများသည် ခွဲစိတ်ကုသမှု ပြုလုပ်ပြီးပါက ဝမ်းသွားခြင်းကို ထိန်းချုပ်ရန် လိုအပ်သော အာရုံကြောနှင့် ကြွက်သား ထိန်းချုပ်နိုင်မှုများ အားနည်းသောကြောင့် ပုံမှန်ကလေးများထက် ဝမ်းထိန်းချုပ်နိုင်မှု ရရှိရန် အချိန်ပို၍ လိုအပ်နိုင်သည်
  • အူလမ်းကြောင်းအခြေအနေများကို ကုသခြင်း
    • မွေးရာပါ စအိုပေါက်မပါသော ကလေးများသည် ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းမထိန်းနိုင်ဘဲဖြစ်ခြင်းစသည့် အခြေအနေမျိုးစုံ ရှိသည့်အတွက် ဝမ်းပုံမှန်သွားစေရန် စီမံဆောင်ရွက်ပေးရမည်၊ ထိုသို့ပြုလုပ်မှုများတွင် အစားအစာ၊ ဆေးဝါးများ၊ ဝမ်းပျော့ဆေးများပေးခြင်း၊ လိုအပ်ပါက ဝမ်းချူပေးခြင်း စသည်တို့ပါဝင်သည်
    • အမျှင်ဓာတ်ပါသော အစားအစာများ စားခြင်း _ ဝမ်းချုပ်သည့်ကလေးများတွင် အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပဲ၊ အစေ့အဆန်များကဲ့သို့သော အမျှင်ဓာတ်ကြွယ်ဝသည့် အစားအစာများကို ကျွေးပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းကို သက်သာစေသည်
    • အရည်ကိုပို၍သောက်ခြင်း _ အရည်ပိုသောက်ပေးခြင်းအားဖြင့် ရေဓာတ်လုံလောက်စွာ ရရှိစေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေသည်
    • နေ့စဥ် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများ ပြုလုပ်စေခြင်း
    • ဝမ်းပျော့ဆေးများပေးခြင်း _ အနိမ့်ပိုင်း အမျိုးအစား မွေးရာပါ စအိုပေါက်မပါသော ကလေးများသည် အထက်ပါလူနေမှုပုံစံပြောင်းလဲခြင်းဖြင့် ဝမ်းချုပ်ခြင်းမသက်သာပါက ဆရာဝန်နှင့်တိုင်ပင်၍ လိုအပ်ပါက ဝမ်းပျော့ဆေးများ ပေးနိုင်သည်
    • တစ်ခါတစ်ရံတွင် စအိုထဲသို့ ဆေးတောင့်ထည့်ခြင်း၊ ဝမ်းချူ‌ဘောလုံးဖြင့် ဝမ်းချူပေးခြင်းနှင့် လိုအပ်ပါက ဆေးရုံတက်၍ ဝမ်းချူရခြင်းများလည်း ရှိနိုင်သည်
    • အာရုံကြော လှုံ့ဆော်ကိရိယာ အသုံးပြုခြင်း _ အမြင့်ပိုင်း အမျိုးအစား မွေးရာပါ စအိုပေါက်မပါခြင်းနှင့် ကျောရိုးပြဿနာနှင့် တွဲနေသော ကလေးများတွင် တင်ပါးဆုံရှိ အာရုံကြောများသို့ လျှပ်စစ်လှိုင်းများ ပေးပို့ခြင်းဖြင့် ဝမ်းမထိန်းနိုင်ခြင်းနှင့် ဝမ်းချုပ်ခြင်းကို ကုသရန် အသုံးပြုသည်။
ကာကွယ်ခြင်း

မွေးရာပါ စအိုပေါက်မပါခြင်းကို ဖြစ်စေသောအကြောင်းရင်းကို သေချာမသိရှိရသောကြောင့် အတိအကျကာကွယ်ရန် နည်းလမ်းမရှိပါ။ သို့သော် မိသားစုမျိုးရိုးထဲတွင် အဆိုပါအခြေအနေ ရှိပါက သို့မဟုတ် အခြားသော ရောဂါလက္ခဏာစုများ၏ လက္ခဏာများရှိနေပါက ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ပြီး မျိုးဗီဇစစ်ဆေးခြင်းနှင့် အခြားစစ်ဆေးမှုများကို ကြိုတင်ပြုလုပ်ထားရန် လိုအပ်သည်။

References

  1. Childrens Hospital Los Angeles. (n.d.). Anorectal malformation. Retrieved December 3, 2025, from https://www.childrenshospital.org/conditions/anorectal-malformation
  2. Cincinnati Children’s. (n.d.). Anorectal malformations. Retrieved December 3, 2025, from https://www.cincinnatichildrens.org/health/a/anorectal-malformations
  3. Cleveland Clinic. (n.d.). Anorectal malformation. Retrieved December 3, 2025, from https://my.clevelandclinic.org/health/diseases/24541-anorectal-malformation
  4. KidsHealth. (n.d.). Imperforate anus. Retrieved December 3, 2025, from https://kidshealth.org/en/parents/imperforate-anus.html
  5. Nationwide Children’s Hospital. (n.d.). Posterior sagittal anorectoplasty (PSARP) / pull-through. Retrieved December 3, 2025, from https://www.nationwidechildrens.org/specialties/colorectal-and-pelvic-reconstruction-ccpr/services/surgical-repair/posterior-sagittal-anorectoplasty-psarp-pull-through
  6. NIDDK (National Institute of Diabetes and Digestive and Kidney Diseases). (n.d.). Anorectal malformations. Retrieved December 3, 2025, from https://www.niddk.nih.gov/health-information/digestive-diseases/anatomic-problems-lower-gi-tract/anorectal-malformations
  7. Physio-pedia. (n.d.). Imperforate anus. Retrieved December 3, 2025, from https://www.physio-pedia.com/Imperforate_Anus
  8. Royal Children’s Hospital Melbourne. (n.d.). Anorectal malformations booklet. Retrieved December 3, 2025, from https://www.rch.org.au/uploadedFiles/Main/Content/cprs/CPRS%20Booklet%20-%20Anorectal%20Malformations.pdf
  9. UCSF Benioff Children’s Hospitals. (n.d.). Imperforate anus. Retrieved December 3, 2025, from https://www.ucsfbenioffchildrens.org/conditions/imperforate-anus
  10. The Children’s Hospital of Philadelphia. (n.d.). Imperforate anus / anorectal malformation. Retrieved December 3, 2025, from https://www.chop.edu/conditions-diseases/imperforate-anus-anorectal-malformation

Published: 26 December 2025

Share

26 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Intestinal Malrotation and Volvulus (မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်းနှင့် အူခေါက်ခြင်း)
Jan 26, 2026
Diseases and Conditions

Intestinal Malrotation and Volvulus (မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်းနှင့် အူခေါက်ခြင်း)

မွေးရာပါ အူလမ်းကြောင်း ပုံမမှန်လည်ပတ်ခြင်းသည် သန္ဓေသားဖွံ့ဖြိုးစဉ်...

Sacrococcygeal Teratoma – SCT (မွေးရာပါမြီးညှောင့်ရိုးအကျိတ်)
Jan 26, 2026
Diseases and Conditions

Sacrococcygeal Teratoma – SCT (မွေးရာပါမြီးညှောင့်ရိုးအကျိတ်)

မွေးကင်းစကလေးငယ်များတွင် အတွေ့ရအများဆုံးဖြစ်သည့် ကျောရိုး၏အောက်ခြေ၊...

Nipah virus infection (နီပါးဗိုင်းရပ်စ်ကူးစက်ရောဂါ)
Jan 26, 2026
Diseases and Conditions

Nipah virus infection (နီပါးဗိုင်းရပ်စ်ကူးစက်ရောဂါ)

နီပါးဗိုင်းရပ်စ်သည် တိရစ္ဆာန်မှတစ်ဆင့် လူကို ကူးစက်စေသော ကူးစက်ရောဂါ...