မျက်နှာတစ်ခြမ်း အာရုံကြောနာကျင်ခြင်း (Trigeminal neuralgia) ဆိုသည်မှာ မျက်နှာတစ်ခြမ်းတွင် ပြင်းထန်စွာ စူး၍ကျဥ်သော နာကျင်မှု ခံစားရခြင်းကို ဆိုလိုသည်။ ဦးနှောက်မှ မျက်နှာသို့ ဆက်သွယ်ထားပြီး မျက်နှာ၏ အာရုံခံစားသိရှိမှုကို လုပ်ဆောင်ပေးသော ဦးခေါင်းပိုင်းဆိုင်ရာအာရုံကြော နံပါတ် (၅) (Fifth Cranial Nerve- Trigeminal nerve) ရောင်ရမ်းခြင်း သို့မဟုတ် ထိခိုက်ခြင်းကြောင့်ဖြစ်သည်။
ရောဂါအခြေအနေတစ်ခုခုကြောင့် အာရုံကြောထိခိုက်မှု ဖြစ်ပွါးပြီး၊ မျက်နှာကို ထိတွေ့ကိုင်တွယ်ချိန်၊ မေးရိုးလှုပ်ရှားချိန်တို့တွင် ဓာတ်လိုက်သကဲ့သို့ ပြင်းထန်စွာ စူး၍ကျဥ်သော နာကျင်မှုကို ခံစားရနိုင်သည်။ လက္ခဏာများသည် အစပိုင်းတွင် မပြင်းထန်ဘဲ ခေတ္တမျှဖြစ်ပြီး ပြန်ပျောက်သွားနိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပို၍ပြင်းထန်ကာ နာတာရှည်နာကျင်မှုကြောင့် နေ့စဥ်လှုပ်ရှားသွားလာမှုများအထိ ထိခိုက်စေနိုင်သဖြင့် နာကျင်မှုကို တတ်နိုင်သမျှ သက်သာစေရန် ကုသမှု လိုအပ်သည်။
မျက်နှာအာရုံကြော နာကျင်ခြင်းကို tic douloureux ဟုလည်း ခေါ်ဆိုပြီး အသက် (၅၀) အထက် လူကြီးများ၊ အထူးသဖြင့် အမျိုးသမီးများတွင် ပို၍ အဖြစ်များသည်ကို တွေ့ရသည်။ ကလေးငယ်များတွင် ဖြစ်ပွါးမှု ရှားပါးသည်။ အမေရိကန်နိုင်ငံတွင် နှစ်စဥ် လူတစ်သိန်းခွဲခန့်တွင် ထိုရောဂါဖြစ်ပွါးသည်ကို တွေ့ရသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ရောဂါအခြေအနေတစ်ခုခုကြောင့် မျက်နှာအာရုံကြောကို (Trigeminal nerve) ထိခိုက်ခြင်း သို့မဟုတ် ဖိမိခြင်းတို့သည် အဓိကဖြစ်ပွါးရသော အကြောင်းရင်းဖြစ်သည်။
ဖြစ်စေသောအကြောင်းရင်းများပေါ် မူတည်၍ အောက်ပါအတိုင်း ခွဲခြားနိုင်သည်။
- Primary – ဦးနှောက်အောက်ခြေနားရှိ သွေးလွှတ်ကြော သို့မဟုတ် သွေးပြန်ကြောမှ မျက်နှာအာရုံကြော တစ်စိတ်တစ်ပိုင်းကို ဖိထားသောကြောင့် နာကျင်ခြင်းဖြစ်သည်၊ အဖြစ်အများဆုံး အဓိကအကြောင်းရင်းဖြစ်သည်
- Secondary – သွေးကြောဖြင့်ဖိမိခြင်းကြောင့် မဟုတ်ဘဲ အာရုံကြောကို ပျက်စီးထိခိုက်စေသော အခြားအကြောင်းရင်းများကြောင့်ဖြစ်သည်၊ အာရုံကြောဖုံး အဆီလွှာပျက်စီးသော Multiple sclerosis ရောဂါ၊ ဦးနှောက်တွင်း အကျိတ်များ (Tumors) သို့မဟုတ် သွေးကြောထုံးများ (AV malformations)၊ လေဖြတ်ခြင်း၊ မျက်နှာထိခိုက်ဒဏ်ရာရခြင်း၊ ခွဲစိတ်ခြင်း စသည်တို့ကြောင့် အာရုံကြောထိခိုက်ပြီး နာကျင်ခြင်းဖြစ်သည်၊ အသက်ငယ်သူများတွင် ပိုတွေ့ရတတ်ပြီး မျက်နှာ (၂) ဖက်စလုံးတွင် လက္ခဏာဖြစ်နိုင်သည်
- Idiopathic – အချို့လူနာများတွင် ဖြစ်စေသော အကြောင်းရင်းရှာမတွေ့ဘဲ လက္ခဏာများ ဖြစ်ပေါ်သည်ကို တွေ့ရသည်
ရောဂါဖြစ်နိုင်ခြေများစေသော အချက်များ
- အသက် (၅၀) နှစ်နှင့်အထက်
- အမျိုးသမီးများ
- သွေးတိုးရောဂါရှိခြင်း
- ဆေးလိပ်သောက်ခြင်း
- မိသားစုတွင် အာရုံကြောရောင်သော ရောဂါရာဇဝင်ရှိခြင်း
- အာရုံကြောဖုံးအဆီလွှာ ပျက်စီးသောရောဂါရှိခြင်း
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများသည် လူတစ်ဦးနှင့်တစ်ဦး ကွာခြားနိုင်သည်။ ခံစားရသော လက္ခဏာအမျိုးမျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။
- ရုတ်တရက် ပြင်းပြင်းထန်ထန် နာကျင်မှုဖြစ်ပေါ်တတ်ပြီး ဓာတ်လိုက်သကဲ့သို့ ပြင်းထန်စွာ စူးကျဥ်၍ ထိုးကိုက်ခြင်း၊ မီးစနှင့် ထိုးသကဲ့သို့ ပူ၍နာခြင်း၊ ကျဥ်ခြင်းကို ခံစားရသည်
- များသောအားဖြင့် မျက်နှာတစ်ခြမ်းတွင် ဖြစ်ပေါ်တတ်ပြီး တစ်ခါနာလျှင် စက္ကန့်အနည်းငယ်မှ မိနစ်အနည်းငယ် ကြာမြင့်သည်၊ အချို့လူများတွင် ဖြစ်လိုက်ပျောက်လိုက် ဖြစ်တတ်ပြီး အချို့တွင် လက္ခဏာသက်သာချိန်မရှိဘဲ ဆက်တိုက်နာကျင်ခြင်းကို ခံစားရနိုင်သည်
- မျက်နှာတစ်ခြမ်းရှိ ပါး၊ မေးရိုး၊ သွားဖုံးနှင့် သွားများ၊ နှုတ်ခမ်းတို့တွင် စူးကျဥ်ကျဥ်ဖြစ်ခြင်းကို ခံစားရပြီး တစ်ခါတစ်ရံ မျက်လုံးနှင့် နဖူးများလည်း နာကျင်နိုင်သည်၊ မျက်နှာကြွက်သားများ အလိုအလျောက် ကျုံ့ခြင်း၊ လှုပ်ရှားခြင်းတို့ကိုလည်းတွဲ၍ တွေ့ရတတ်သည်၊ မျက်နှာနှစ်ဖက်စလုံးတွင် ဖြစ်ပေါ်နိုင်သော်လည်း တစ်ပြိုင်နက်တည်းဖြစ်ခြင်းမှာမူ ရှားပါးသည်
- မုတ်ဆိတ်ရိတ်ခြင်း၊ မျက်နှာသစ်ခြင်း၊ မျက်နှာကို ထိကိုင်ခြင်း၊ မျက်နှာပေါ်တွင် မိတ်ကပ်လိမ်းခြင်း၊ မျက်နှာကို လေဖြင့် မှုတ်ခြင်း၊ အစားဝါးခြင်း၊ ရေသောက်ခြင်း၊ စကားပြောခြင်း၊ ပြုံးရယ်ခြင်း၊ သွားတိုက်ခြင်း စသည်တို့ကို ပြုလုပ်ချိန်၌ ရုတ်တရက်စူး၍ နာကျင်ခြင်းကို ခံစားရနိုင်သည်
- အိပ်ပျော်နေချိန်၌ နာကျင်မှု ဖြစ်ပေါ်ခြင်း ရှားပါးသည်
- ရုတ်တရက် ထိုးကိုက်ခြင်း သက်သာသွားသော်လည်း မျက်နှာတွင် ပူနေခြင်း၊ တဆစ်ဆစ်ကိုက်ခြင်း၊ ထုံကျဥ်နေခြင်း စသည်တို့ ကျန်နေတတ်သည်
နောက်ဆက်တွဲပြဿနာများ
ပြင်းထန်ဆိုးဝါးသော နာကျင်မှုကြောင့် နေ့စဥ် ပုံမှန်လှုပ်ရှားသွားလာမှုများကို အနှောင့်အယှက်ဖြစ်စေသကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကိုလည်း ဖြစ်စေနိုင်သည်။ အပြင်ထွက်၍ သွားလာရန် စိုးရိမ်ပူပန်ခြင်း၊ စိတ်မတည်ငြိမ်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကို ခံစားရနိုင်သည်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအပြင် ကုသသော ဆေးဝါးများနှင့် ခွဲစိတ်မှုများကြောင့်လည်း နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါလက္ခဏာများ ပြင်းထန်စွာ ခံစားရခြင်း၊ နာတာရှည် ခံစားနေရခြင်း၊ အကိုက်အခဲပျောက်ဆေးများ သောက်သော်လည်း မသက်သာပါက မိသားစုဆရာဝန်နှင့် တိုင်ပင်၍ ကုသမှု ခံယူသင့်သည်။
ရောဂါရှာဖွေခြင်း
မျက်နှာအာရုံကြောနာကျင်ခြင်း၏ လက္ခဏာများဖြစ်သော ရုတ်တရက် ပြင်းပြင်းထန်ထန် စူး၍နာကျင်ခြင်း၊ နာလိုက်ပျောက်လိုက်ဖြစ်ခြင်း၊ မျက်နှာတစ်ခြမ်း နာကျင်ခြင်း၊ မျက်နှာကို ထိတွေ့ခြင်းနှင့် မျက်နှာလှုပ်ရှားမှုများ ပြုလုပ်ချိန်၌ ရုတ်တရက် နာကျင်မှုဖြစ်ပေါ်ခြင်း စသည့်အချက်များကို ဆရာဝန်မှ မေးမြန်းခြင်းဖြင့် ရောဂါကို အလွယ်တကူ သိရှိနိုင်သည်။ ထို့နောက် ရောဂါဖြစ်စေသော အကြောင်းရင်းများကို ရှာဖွေရန် ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးခြင်း၊ အာရုံကြောစနစ်ဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်မည်ဖြစ်သည်။ မျက်နှာနာကျင်မှုဖြစ်စေသော အခြားရောဂါများဖြစ်သည့် ပြင်းထန်ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ ရေယုန်နောက်ဆက်တွဲ အာရုံကြောနာကျင်ခြင်း၊ မေးရိုးအဆစ်နှင့် ပတ်သက်သောရောဂါများ စသည်တို့မှ ခွဲခြားရန် လိုအပ်သည်။ လိုအပ်ပါက ဦးနှောက်သံလိုက်ဓာတ်မှန် (Brain MRI) ရိုက်ခြင်းဖြင့် အာရုံကြောကို ဖိနေသော သွေးကြောပြဿနာများ၊ အကျိတ်များနှင့် အာရုံကြောဖုံးအဆီလွှာ ပျက်စီးခြင်းရောဂါတို့ကို ရှာဖွေနိုင်သည်။
ကုသခြင်း
မျက်နှာအာရုံကြောနာကျင်ခြင်းကို ကုသရာတွင် ရှေးဦးစွာ အနာသက်သာစေသော ဆေးဝါးများဖြင့် ကုသမှုပေးသည်။ လူနာအများစုသည် ဆေးဝါးများဖြင့် သက်သာကြပြီး အခြားကုသမှုများ မလိုအပ်ပါ။ သို့သော် အချို့လူနာများတွင် အချိန်ကြာလာသည်နှင့်အမျှ ဆေးဝါးများဖြင့် မသက်သာတော့ဘဲ တစ်ခါတစ်ရံ ဆေးများ၏ ဘေးထွက်ဆိုးကျိုးများကိုပါ ခံစားလာရသည်။ ထိုလူနာများတွင် ဆေးထိုးခြင်းနှင့် ခွဲစိတ်ကုသခြင်းစသော အခြားကုထုံးများ လိုအပ်နိုင်သည်။ အာရုံကြောနာကျင်ခြင်းကို ဖြစ်စေသော အကြောင်းရင်းခံရောဂါများ ရှိပါက ကုသရန်လိုသည်။ ဥပမာအားဖြင့် _ အကျိတ်၊ သွေးကြောထုံးများကို ခွဲစိတ်ခြင်း၊ အာရုံကြောဖုံး အဆီလွှာပျက်စီးသောရောဂါကို ဆေးဝါးများဖြင့် ကုသခြင်းတို့ဖြစ်သည်။
- အသုံးပြုသော ဆေးဝါးများ
- အတက်ကျဆေးများ (Anti Seizure medications)
အတက်ကျဆေးများသည် အာရုံကြောနာကျင်မှုကို လျှော့ချပေးနိုင်သော အာနိသင်ရှိသောကြောင့် အနာသက်သာစေရန် အသုံးပြုသည်။ အနာသက်သာစေရန် ပေးသော အတက်ကျဆေးများတွင် Carbamazepine, Oxcarbazepine, Lamotrigine, Topiramate, Pregabalin, Gabapentin, Phenytoin, Lacosamide စသည်တို့ပါဝင်သည်။ လူတစ်ဦးနှင့်တစ်ဦး ဆေးအာနိသင်ပြပုံ ကွာခြားနိုင်ပြီး၊ လက်ရှိဆေးပမာဏနှင့် မသက်သာပါက ဆေးပမာဏတိုးခြင်း၊ အခြားဆေးတစ်မျိုး ပြောင်းပေးခြင်းတို့ကို မိသားစုဆရာဝန်မှ ပြုလုပ်ပေးမည်ဖြစ်သည်။ အတက်ကျဆေးများကို ကြာကြာသုံးစွဲပါက ငိုက်မျဥ်းခြင်း၊ ခေါင်းမူးခြင်း၊ အာရုံစူးစိုက်မှု ခက်ခဲခြင်းနှင့် ခြေထောက်အမ်းခြင်းစသည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်သည်။ Carbamazepine ဆေးသည် ပြင်းထန်ဓာတ်မတည့်ခြင်းဖြစ်စေနိုင်သောကြောင့် ထိုဆေးမပေးမှီ လိုအပ်သော မျိုးရိုးဗီဇစစ်ဆေးခြင်း (HLA-B*15:02) ကို ပြုလုပ်ရန်လိုနိုင်သည်။ - ကြွက်သားတောင့်တင်းခြင်းကို သက်သာစေသောဆေးများ
Baclofen ဆေးကို တစ်မျိုးတည်းဖြစ်စေ၊ အတက်ကျဆေးများနှင့် ပေါင်းစပ်၍ဖြစ်စေ ကုသမှုပေးနိုင်သည်။
- အတက်ကျဆေးများ (Anti Seizure medications)
- ခွဲစိတ်ကုသခြင်း
ယေဘုယျအားဖြင့် ဆေးဝါးများဖြင့် ကုသသော်လည်း မသက်သာသူများနှင့် သွေးကြောထုံးများ ဖိထားသောကြောင့် အာရုံကြောနာကျင်မှု ခံစားရသူများတွင် ခွဲစိတ်မှုများ ပြုလုပ်ရန် လိုအပ်သည်။ ခွဲစိတ်မှု နည်းလမ်းအမျိုးမျိုးရှိသကဲ့သို့ ခွဲစိတ်မှု၏ နောက်ဆက်တွဲအန္တရာယ်များလည်း ဖြစ်ပေါ်နိုင်သည်။- သွေးကြောဖိအားကို ဖယ်ရှားပေးခြင်း (Microvascular decompression)
မျက်နှာအာရုံကြောပတ်လည်တွင် ဖိအားသက်ရောက်နေသော သွေးလွှတ်ကြော သို့မဟုတ် သွေးပြန်ကြောကို နေရာအနည်းငယ်ရွှေ့ရန် သို့မဟုတ် ဖယ်ရှားရန် ပြုလုပ်သော ခွဲစိတ်မှုဖြစ်သည်။ အာရုံကြောနာသည့်ဘက်၏ နားအနောက်ဘက်တွင် အသေးစားခွဲစိတ်ရာပေး၍ ပြုလုပ်ခြင်းဖြစ်သည်။ ခွဲစိတ်ပြီးနောက် လူအများစုတွင် နာကျင်မှု ပျောက်ကင်းပြီး လူအနည်းစုတွင်သာ (၅) နှစ်နောက်ပိုင်း ပြန်နာသည်ကို တွေ့ရသည်။ ခွဲစိတ်မှု၏ နောက်ဆက်တွဲ ဖြစ်ပေါ်နိုင်သော အန္တရာယ်များမှာ _ အကြားအာရုံချို့ယွင်းခြင်း၊ မျက်နှာတစ်ခြမ်း မလှုပ်ရှားခြင်း၊ မျက်နှာတစ်ခြမ်း ထုံခြင်း၊ လေဖြတ်ခြင်း စသည်တို့ဖြစ်သည်။ - ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Brain Stereotactic radiosurgery – Gamma Knife)
ခွဲစိတ်စရာ မလိုအပ်သော ကုသနည်းဖြစ်ပြီး အာရုံကြောရင်းနေရာကို တိုက်ရိုက်ထိနိုင်အောင် ချိန်ဆ၍ ဓာတ်ရောင်ခြည် ပစ်လွှတ်ကုသခြင်းဖြစ်သည်။ အာရုံကြောကို ပျက်စီးစေခြင်းဖြင့် နာကျင်မှုကို လျော့နည်းစေခြင်း သို့မဟုတ် ပျောက်ကင်းစေခြင်းဖြစ်သည်။ ကုသမှု ခံယူပြီးနောက် လူနာအများစုတွင် တစ်လအတွင်း အနာတဖြည်းဖြည်း သက်သာလာနိုင်သည်။ လူနာအနည်းစုတွင် နှစ်အနည်းငယ်ကြာပြီးနောက် ပြန်နာနိုင်သည်။ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် မျက်နှာတစ်ခြမ်းထုံခြင်း ဖြစ်နိုင်သည်။ - အာရုံကြောအရင်းကို ဖျက်ဆီးခြင်း (Rhizotomy)
အာရုံကြောအရင်းနေရာကို ဖျက်ဆီးခြင်းဖြင့် နာကျင်မှုလျော့နည်းအောင် ပြုလုပ်ခြင်းဖြစ်သည်။ အာရုံကြောပျက်စီးစေရန်အတွက် အာရုံကြောပတ်လည်တွင် ဆေးထိုးခြင်း (Glycerol injection)၊ ဘောလုံးအသေးဖြင့် ဖိထားခြင်း (Balloon compression)၊ လျှပ်စီးကြောင်းအသေးဖြင့် ဖျက်ဆီးခြင်း (Radiofrequency thermal lesioning) စသည့် နည်းလမ်းများ အသုံးပြုနိုင်သည်။ နာကျင်မှု သက်သာစေသော်လည်း ရေရှည်တွင် နာကျင်မှု ပြန်လည်ပေါ်လာနိုင်သည်။ - အာရုံကြောအမျှင်များကို ဖြတ်ခြင်း (Peripheral neurectomy)
အာရုံကြောမကြီးမှ ဖြာထွက်သော အာရုံကြောအခွဲငယ်များကို ဖျက်စီးခြင်းဖြစ်သည်။ အာရုံကြောအနီးသို့ အယ်လ်ကိုဟောထိုးခြင်း၊ အသေးစားခွဲစိတ်မှုလုပ်ခြင်း၊ ရေဒီယိုလှိုင်းအသုံးပြုခြင်း စသည့်နည်းလမ်းတို့ဖြင့် ပြုလုပ်သည်။
- သွေးကြောဖိအားကို ဖယ်ရှားပေးခြင်း (Microvascular decompression)
- အနာသက်သာစေသော အစားထိုးကုသမှုများ
နာကျင်မှု ရေတိုသက်သာစေရန် အောက်ပါအစားထိုးကုသမှုများကို ပြုလုပ်နိုင်သည်။ မိမိလက်ရှိ ခံယူနေသော ကုသမှုများကို သက်ရောက်မှု ရှိမရှိ ဆရာဝန်နှင့် တိုင်ပင်ရန် လိုအပ်သည်။- ဘိုတောက်စ်ထိုးခြင်း
- အပ်စိုက်ကုသခြင်း
- အာရုံကြောအနီး ထုံဆေးထိုးခြင်း
- စိတ်ကျန်းမာရေးကုထုံးများ ပေးခြင်း
- နာကျင်မှုကို တုံ့ပြန်ခြင်းနည်းလမ်းများ လမ်းညွှန်ပေးခြင်း
- ယောဂ
- တရားထိုင်ခြင်း
- ရနံ့ကုထုံး စသည့်နည်းလမ်းများဖြင့် အနာသက်သာအောင် ကူညီပေးနိုင်သည်။
ကာကွယ်ခြင်း
ရောဂါဖြစ်စေနိုင်သော အကြောင်းရင်းများ ရှိသော်လည်း ထိုအကြောင်းရင်းများ လုံးဝမဖြစ်အောင် မကာကွယ်နိုင်ပါ။
References:
- American Association of Neurological Surgeons. (n.d.). Trigeminal neuralgia. Retrieved November 24, 2025, from https://www.aans.org/patients/conditions-treatments/trigeminal-neuralgia
- Cleveland Clinic. (n.d.). Trigeminal neuralgia (TN). Retrieved November 24, 2025, from https://my.clevelandclinic.org/health/diseases/15671-trigeminal-neuralgia-tn
- Hopkins Medicine. (n.d.). Trigeminal neuralgia. Retrieved November 24, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/trigeminal-neuralgia
- Mayo Clinic. (n.d.). Trigeminal neuralgia: Symptoms & causes. Retrieved November 24, 2025, from https://www.mayoclinic.org/diseases-conditions/trigeminal-neuralgia/symptoms-causes/syc-20353344
- Mayo Clinic. (n.d.). Trigeminal neuralgia: Diagnosis & treatment. Retrieved November 24, 2025, from https://www.mayoclinic.org/diseases-conditions/trigeminal-neuralgia/diagnosis-treatment/drc-20353347
- MSD Manuals Professional Edition. (n.d.). Trigeminal neuralgia. Retrieved November 24, 2025, from https://www.msdmanuals.com/professional/neurologic-disorders/neuro-ophthalmologic-and-cranial-nerve-disorders/trigeminal-neuralgia
Published: 25 December 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
