ကြွက်သားအာရုံကြောသည် ဦးနှောက်၊ ကျောရိုးအာရုံကြောမကြီးတို့နှင့် ကြွက်သားများကို ဆက်သွယ်ပေးသည်။ ထိုအာရုံကြောသည် ဦးနှောက်မှပေးပို့သော သတင်းအချက်အလက်များကို ကျောရိုးအာရုံကြောမကြီးမှတစ်ဆင့် ကြွက်သားများဆီသို့ ပို့ဆောင်ပေးပြီး လမ်းလျှောက်ခြင်း၊ အစာမျိုခြင်း၊ စကားပြောခြင်း၊ အသက်ရှူခြင်း အစရှိသော ကြွက်သားလှုပ်ရှားမှုများကို လုပ်ဆောင်ပေးသည်။ ကြွက်သားအာရုံကြော ထိခိုက်ပျက်စီးလာသောအခါ ကြွက်သားအားနည်းသောရောဂါ စတင်ဖြစ်ပေါ်လာသည်။
ရောဂါဆိုးရွားပြင်းထန်နှုန်းသည် တစ်ဦးနှင့်တစ်ဦး ကွာခြားသကဲ့သို့ အသက်ရှင်သန်နိုင်မှုကာလများလည်း မတူညီကြပါ။ ဤရောဂါသည် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပြီး လက်ရှိအချိန်ထိ လုံးဝပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိသေးပါ။ သို့သော် ဆေးပညာရှင်များ စုပေါင်းညှိနှိုင်းကုသခြင်း (Multidisciplinary Team – MDT) ဖြင့် ပိုမိုကောင်းမွန်သော လူနေမှုဘဝဖြင့် နေထိုင်နိုင်ရန်နှင့် အသက်ပိုရှည်နိုင်စေရန် အထောက်အကူပြုနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
MND ရောဂါအများစုတွင် ဖြစ်ပေါ်ရသော အကြောင်းရင်းကို အတိအကျ မသိရှိသေးပါ။ သို့သော် (၁၅) ရာခိုင်နှုန်းခန့်သည် မျိုးဗီဇပြောင်းလဲမှုကြောင့် ဖြစ်ပေါ် သည်ဟု ထင်မြင်ယူဆကြသည်။ အခြားဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများမှာ_
- ပတ်ဝန်းကျင်ရှိ အဆိပ်အတောက်များ၊ ဓာတုပစ္စည်းများနှင့် ထိတွေ့မှုရှိခြင်း
- ဗိုင်းရပ်စ်ရောဂါပိုးဝင်ခြင်း
- ကိုယ်ခံအားစနစ်နှင့် ဆက်စပ်သော ထိခိုက်ပျက်စီးမှု
- အာရုံကြောဆဲလ်များ၏ အရွယ်မတိုင်ခင် အိုမင်းလာခြင်း
- မျိုးဗီဇပြောင်းလဲလာခြင်း စသည်တို့ဖြစ်သည်။
အဆိုပါအချက်များ တစ်ခုချင်းစီကြောင့်သော်လည်းကောင်း၊ ပေါင်းစု၍သော်လည်းကောင်း ရောဂါဖြစ်နိုင်ခြေရှိသည်ဟု ထင်မြင်ယူဆကြသည်။ နောက်ဆုံးလေ့လာတွေ့ရှိချက်များအရ မျိုးဗီဇ၊ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များနှင့် အသက်အရွယ်ကြီးရင့်မှုတို့ အားလုံးပေါင်းစပ်ပါဝင်နေသည်ဟု ယူဆလာကြသည်။
MND သည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပေါ်နိုင်သော်လည်း အသက် (၅၀) နှစ်နှင့်အထက်တွင် ဖြစ်ပေါ်လေ့ရှိသည်။ မိသားစုမျိုးရိုးတွင် MND ရောဂါရှိသူ သို့မဟုတ် ဦးနှောက်အစိတ်အပိုင်းများတွင် အဆက်အသွယ်ပြတ်တောက်သောကြောင့် ဖြစ်ပေါ်သည့် အသိမှတ်ဉာဏ်ထိခိုက်ချို့ယွင်းခြင်း (frontotemporal dementia) ရှိသူဖြစ်ပါက MND ရောဂါဖြစ်နိုင်ခြေ ပို၍များသည်။
MND ရောဂါအမျိုးအစားများ
အဓိကအားဖြင့် အမျိုးအစား (၄)မျိုး ခွဲခြားထားသည်။
- လက်မောင်းနှင့် ခြေထောက်များရှိ ကြွက်သားများ အားနည်းခြင်းကို အဓိကဖြစ်ပေါ်သော အမျိုးအစား (Amyotrophic Lateral Sclerosis – ALS) – ချော်လဲခြင်း၊ ပစ္စည်းများလွတ်ကျခြင်းတို့ ဖြစ်ပေါ်နိုင်သည်
- မျက်နှာ၊ လည်ပင်း၊ လျှာရှိ ကြွက်သားများ အားနည်းခြင်း အဓိကဖြစ်ပေါ်သော အမျိုးအစား (Progressive Bulbar Palsy – PBP) – စကားပြော မပီသခြင်း၊ လုံးထွေးခြင်းနှင့် အစာမျိုချရခက်ခဲခြင်းတို့ ဖြစ်ပေါ်နိုင်သည်
- လက်များတွင် အဓိက အားနည်းသော အမျိုးအစား (Progressive Muscular Atrophy – PMA)
- ခြေထောက်အားနည်းခြင်းကို အဓိကဖြစ်ပေါ်သော အမျိုးအစား (Primary Lateral Sclerosis – PLS) – တစ်ခါတစ်ရံတွင် စကားပြောခြင်းဆိုင်ရာ ပြဿနာများနှင့်တွဲ၍ တွေ့ရတတ်သည်
ရောဂါလက္ခဏာများ
အစောပိုင်းတွင် ဖြစ်ပေါ်သော ရောဂါလက္ခဏာများမှာ သာမန်မျှသာဖြစ်နိုင်သော်လည်း တစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်သည်။ ကြွက်သားအားနည်းမှုစတင်ဖြစ်ပေါ်သည့်နေရာသည် ပထမဆုံးထိခိုက်မှုစတင်သည့် အာရုံကြောများအပေါ်တွင် မူတည်၍ ဖြစ်ပေါ်သည်။
အစောပိုင်းတွင် တွေ့ရှိရနိုင်သော ရောဂါလက္ခဏာများမှာ_
- လက်များ အားနည်းခြင်း သို့မဟုတ် တောင့်တင်းခြင်း _ အရာဝတ္ထုများ ကိုင်တွယ်ခြင်း သို့မဟုတ် ဆုပ်ကိုင်ခြင်းတို့တွင် အခက်အခဲများ ဖြစ်ပေါ်စေသည်
- ခြေထာက်နှင့် ခြေဖဝါးများ အားနည်းခြင်း _ လှေခါးတက်ရန်ခက်ခဲခြင်း၊ မကြာခဏ ချော်လဲခြင်းနှင့် ခြေဖဝါးကို မြှောက်၍ လှုပ်ရှားရန် ခက်ခဲခြင်း (ခြေဖဝါးတွဲကျခြင်း – foot drop) တို့ဖြစ်ပေါ်နိုင်သည်
- ကြွက်သားတုန်ခါခြင်း၊ ကြွက်တက်ခြင်း သို့မဟုတ် ကြွက်သား နာကျင်စွာ တောင့်တင်းလာခြင်းတို့ ဖြစ်ပေါ်တတ်သည်။
ရောဂါပိုမိုဆိုးရွားလာသောအခါ ဖြစ်ပေါ်နိုင်သော လက္ခဏာများမှာ_
- အသက်ရှူခြင်း၊ အစာမျိုခြင်း၊ စကားပြောခြင်းဆိုင်ရာ ပြဿနာများ
- တံတွေးများများထွက်ပြီး စီးကျလာခြင်း
- စိတ်အခြေအနေနှင့် ပင်ကိုယ်စရိုက်လက္ခဏာများ ပြောင်းလဲလာခြင်း
- လမ်းမလျှောက်နိုင်ခြင်း သို့မဟုတ် မလှုပ်ရှားနိုင်တော့ခြင်းတို့ ဖြစ်ကြသည်။
နောက်ဆက်တွဲပြဿနာများ
အရေးကြီးသော ကြွက်သားအုပ်စုများ အားနည်းခြင်းကြောင့် ဖြစ်ပေါ်စေနိုင်သည့် နောက်ဆက်တွဲပြဿနာများမှာ အောက်ပါအတိုင်းဖြစ်သည်။
- အသက်ရှူရာတွင် အသုံးပြုသည့် ကြွက်သားများ အားနည်းခြင်းကြောင့် အသက်ရှူရခက်ခဲပြီး အသက်ရှူလုပ်ငန်းများ ထိခိုက်ပျက်စီးခြင်း (Respiratory failure)
- အစာမျိုချရာတွင် အသုံးပြုသော ကြွက်သားများ အားနည်းခြင်းကြောင့် အစာနှင့်အရည်များကို ကောင်းစွာမျိုချနိုင်ခြင်း မရှိသဖြင့် အာဟာရချို့တဲ့ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ အစာနှင့်အရည်များ အဆုတ်ထဲဝင်ပြီး အဆုတ်အအေးမိခြင်း (Aspiration pneumonia)
- လမ်းမလျှောက်နိုင်ခြင်း၊ လှုပ်ရှားမှု မပြုလုပ်နိုင်ခြင်းတို့ကြောင့် ဝှီးချဲဖြင့်သာ သွားလာရခြင်း၊ အိပ်ရာထဲတွင်သာ အနေများသဖြင့် အိပ်ရာနာများ ဖြစ်ပေါ်ခြင်း
- စကားပြောရန် အခက်အခဲရှိသဖြင့် အဆက်အသွယ်ပြတ်တောက်ခြင်း
- စိတ်ခံစားမှုကို မထိန်းချုပ်နိုင်ခြင်း၊ စိတ်ဓာတ်ကျခြင်း
- မိသားစုဝင်များအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေခြင်း အစရှိသည့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း
အထက်တွင်ဖော်ပြထားသော အစောပိုင်း ရောဂါလက္ခဏာများဖြစ်သည့် အရာဝတ္ထုပစ္စည်းများ ကိုင်တွယ်ရန်ခက်ခဲခြင်း၊ ခြေထောက်နှင့် ခြေဖဝါးများ အားနည်းခြင်း၊ ကြွက်သားများ တုန်ခါခြင်း၊ အချိန်ကာလကြာမြင့်စွာ မကြာခဏကြွက်တက်ခြင်းတို့ ခံစားရပါက မိသားစုဆရာဝန်များနှင့် တိုင်ပင်၍ ရောဂါရှာဖွေကုသရန် လိုအပ်သည်။ မိသားစုဆရာဝန်များမှ လိုအပ်လျှင် အထူးကုဆရာဝန်များထံသို့ လွှဲပြောင်းကုသခြင်း ဆက်လက်ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
MND ရောဂါရှာဖွေနိုင်ရန် မိသားစုဆရာဝန်များမှ ရောဂါလက္ခဏာများကို သေချာစွာ မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းတို့ကို ဦးစွာပြုလုပ်ရန် လိုအပ်သည်။ စမ်းသပ်တွေ့ရှိချက်များအရ MND ရောဂါ ဖြစ်နိုင်သည်ဟု သံသယရှိပါက ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်များထံသို့ လွှဲပြောင်းပေး၍ ရောဂါဆက်လက်ရှာဖွေရန် လိုအပ်သည်။ MND အစောပိုင်းအဆင့်တွင် ရောဂါရှာဖွေတွေ့ရှိရန် ခက်ခဲပြီး ရောဂါပိုမိုဆိုးရွားလာသည့်အချိန်မှသာ ရောဂါရှာတွေ့လေ့ရှိသည်။ MND တွင် ခံစားရသော ရောဂါလက္ခဏာများ (အထူးသဖြင့် အစောပိုင်းအဆင့်တွင်) သည် အခြားသော ဦးနှောက်အာရုံကြောရောဂါများ၏ လက္ခဏာများနှင့် ဆင်တူသောကြောင့် သွေးစစ်ဆေးခြင်း၊ ဆီးစစ်ဆေးခြင်း၊ လိုအပ်လျှင် ခါးရိုးဆစ်ကြားမှ အရည်ထုတ်ယူစစ်ဆေးခြင်း (Lumbar puncture)၊ သံလိုက်ဓာတ်မှန် ရိုက်ခြင်း (MRI) အစရှိသော စစ်ဆေးမှုများ ပြုလုပ်၍ အခြားရောဂါများ မဟုတ်ကြောင်း သက်သေပြရန် လိုအပ်သည်။ MND ရောဂါရှာဖွေရာတွင် အထောက်အကူပြုသော အဓိက စမ်းသပ်စစ်ဆေးမှု (၂) မျိုးမှာ_
- အာရုံကြော လှုံ့ဆော်စမ်းသပ်ခြင်း (Nerve conduction studies)
အာရုံကြောဆဲလ်များကို လျှပ်စစ်ဖြင့် လှုံ့ဆော်၍ ကြွက်သားလှုပ်ရှားမှုများကို မှတ်သားထားပြီး အာရုံကြောစနစ် အလုပ်လုပ်ပုံကို ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။ - လျှပ်စစ်ဖြင့် ကြွက်သားစစ်ဆေးခြင်း (Electromyography)
လျှပ်ကူးပြားတပ်ထားသော အပ်ချောင်းကို ကြွက်သားအမျိုးမျိုးထဲသို့ ထိုးသွင်းပြီး ကြွက်သားများ၏ လျှပ်စစ်လှုပ်ရှားမှုများကို တိုင်းတာခြင်းဖြစ်သည်။ ထိုစစ်ဆေးမှုကို အာရုံကြော လှုံ့ဆော်စမ်းသပ်ခြင်းနှင့် အတူတွဲ၍ပြုလုပ်လေ့ရှိပြီး အာရုံကြောများနှင့် ကြွက်သားများ ထိခိုက်ပျက်စီးမှုကို ရှာဖွေဖော်ထုတ်ရာတွင် အထောက်အကူပြုသည်။
ကုသခြင်း
MND ရောဂါကို လတ်တလောတွင် ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိသေးသော်လည်း ရောဂါလက္ခဏာများကို သက်သာစေရန်နှင့် ကောင်းမွန်သော လူနေမှုဘဝကို ရရှိအောင် ပြုလုပ်ပေးနိုင်သော နည်းလမ်းများဖြင့် ကုသမှုခံယူနိုင်သည်။ ကုသမှုနည်းလမ်းများသည် ခံစားရသော ရောဂါလက္ခဏာများနှင့် MND ရောဂါအမျိုးအစားများအပေါ် မူတည်သည်။ အချိန်ကြာလာသည်နှင့်အမျှ ကုသမှုနည်းလမ်း အမျိုးမျိုးကို ပေါင်းစပ်ကုသရန် လိုအပ်လာနိုင်သည်။ ထို့ကြောင့် ဦးနှောက်အာရုံကြော အထူးကုဆရာဝန်၊ ကျွမ်းကျင်သူနာပြုများ၊ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ရေးပညာရှင်၊ နေ့စဥ်လှုပ်ရှားမှု စွမ်းရည်ကုထုံးပညာရှင် အစရှိသော ဆေးပညာရှင်များမှ အောက်ဖော်ပြပါ စုပေါင်းညှိနှိုင်းကုသမှုများပေးရန် လိုအပ်သည်။
- ဆေးဝါးများဖြင့် ကုသခြင်း
- ရောဂါလက္ခဏာများကို သက်သာစေရန် ဆေးဝါးများပေးခြင်း
- ကြွက်သားတောင့်တင်းခြင်းနှင့် ကြွက်တက်ခြင်း သက်သာစေသော ဆေးဝါးများ (Baclofen၊ Phenytoin၊ Quinine)
- တံတွေးအထွက်များပြီး စီးကျခြင်း လျော့နည်းစေသော ဆေးဝါး (Glycopyrrolate)
- စိတ်ကျခြင်းဝေဒနာကို အထောက်အကူပြုသော ဆေးဝါးများ (anti-depressant)
- ရောဂါပိုမိုဆိုးရွားလာသောကြောင့် နာကျင်မှုကို သက်သာစေနိုင်သော ဆေးဝါးများ (Benzodiazepines)
- လက်မောင်းနှင့် ခြေထောက်များရှိ ကြွက်သားများ အားနည်းခြင်းကို အဓိကဖြစ်ပေါ်သော အမျိုးအစား (Amyolateral Lateral Sclerosis – ALS) တွင် အသက်ရှည်စေရန်နှင့် ခန္ဓာကိုယ်လုပ်ငန်းစွမ်းဆောင်ရည် ကျဆင်းခြင်းကို နှေးကွေးစေရန် အထောက်အကူပြုသော ဆေးဝါးများပေးခြင်း (Riluzole and edaravone)
- ရောဂါလက္ခဏာများကို သက်သာစေရန် ဆေးဝါးများပေးခြင်း
- ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းကုထုံး (Physiotherapy) နှင့် နေ့စဥ်လှုပ်ရှားမှု စွမ်းရည်ကုထုံး (Occupational therapy)
- ကြွက်သားများ အားနည်းခြင်းနှင့် တောင့်တင်းခြင်းကို သက်သာစေရန်၊ အဆစ်များ အကွေးအဆန့် ကောင်းမွန်စွာ ပြုလုပ်နိုင်စေရန် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ခြင်း
- လှုပ်ရှားမှုကို အထောက်အကူပြုသော ပစ္စည်းများကို အသုံးပြုခြင်း (ဥပမာ _ လေးချောင်းထောက်များ အသုံးပြုခြင်း၊ ဝှီးချဲအသုံးပြုခြင်း)
- သွားလာလှုပ်ရှားမှုကို လွယ်ကူစေရန် အိမ်တွင် ပြင်ဆင်မှုများ ပြုလုပ်ပေးခြင်း (ဥပမာ _ အိမ်တွင် လက်ကိုင်တန်းများ တပ်ဆင်ပေးခြင်း၊ လှေခါးအတက်အဆင်းအတွက် ဓာတ်လှေခါးများ တပ်ဆင်ပေးခြင်း)
- အသိအမြင်အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံး (Cognitive Behavioural Therapy)
- စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း အစရှိသော စိတ်ပိုင်းဆိုင်ရာ ခံစားချက်များနှင့် ပတ်သတ်၍ ခံနိုင်ရည်ရှိလာစေရန် အထောက်အကူပြုနိုင်သည်။
- အစာပိုက်ထည့်ခြင်း (Gastrostomy tube)
- အစာမျိုချရန် အခက်အခဲရှိပါက အာဟာရလုံလောက်အောင် ရရှိနိုင်စေရန် ဝမ်းဗိုက်တွင် အပေါက်ဖောက်၍ အစာအိမ်ထဲသို့ အစာများထည့်ပေးနိုင်သည့် ပိုက်ချောင်းထည့်ခြင်း
- နေ့စဥ်လုပ်ငန်းဆောင်တာများ (ဥပမာ _ ရေချိုးခြင်း၊ အဝတ်အစားလဲခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု ပြုလုပ်ခြင်း) လုပ်ဆောင်နိုင်ရန် ကူညီထောက်ပံ့ပေးခြင်း
- ဝေဒနာသက်သာစေရေး ပြုစုကုသခြင်း (Palliative care)
- လူနာ၏ ရောဂါလက္ခဏာများ သက်သာ၍ သက်သောင့်သက်သာ ရှိစေရန်၊ လိုအပ်သော ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များ ပေးနိုင်ရန်၊ လူနာ၏ နေထိုင်မှုဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ ကုသမှုပေးခြင်း
- ဘဝနောက်ဆုံးချိန် ပြုစုစောင့်ရှောက်ခြင်း (End of life care)
- ဤရောဂါသည် တဖြည်းဖြည်းချင်း ပိုမိုဆိုးရွားလာမည် ဖြစ်သဖြင့် လူနာ၏ ဘဝနောက်ဆုံးအချိန်များတွင် လိုအပ်သော ဆေးဘက်ဆိုင်ရာ ကုသမှုများအပြင် ကိုယ်ရောစိတ်ပါ သက်သောင့်သက်သာ ဖြစ်စေသော ပြုစုပံ့ပိုးမှုများ ပေးခြင်း
ရောဂါရလဒ်ခန့်မှန်းချက်
MND ရောဂါသည် လျင်မြန်စွာ ဆိုးရွားလာနိုင်ပြီး အသက်အန္တရာယ် စိုးရိမ်ရသော ရောဂါတစ်ခုဖြစ်သည်။ အသက်ရှင်သန်နိုင်မှု ပျမ်းမျှကာလသည် အများအားဖြင့် (၂)နှစ် မှ (၄)နှစ်ခန့်သာ ဖြစ်လေ့ရှိသည်။ (၅) ရာခိုင်နှုန်း မှ (၁၀) ရာခိုင်နှုန်းခန့်သော လူနာများတွင်မူ ဆယ်စုနှစ် တစ်ခု သို့မဟုတ် ထို့ထက်ပို၍ ရှင်သန်နိုင်ကြောင်း လေ့လာတွေ့ရှိရသည်။ ထိုရောဂါဝေဒနာရှင်အများစုသည် အသက်ရှူလုပ်ငန်းများ ထိခိုက်ပျက်စီးခြင်းကြောင့် ရုတ်တရက်အသက်ရှူရပ်ခြင်း၊ လည်ပင်းလေပြွန်ပိတ်ဆို့ အသက်ရှူကျပ်ခြင်းတို့ကြောင့် သေဆုံးလေ့ရှိသည်။ ရောဂါစတင်သိရှိချိန်တွင် အောက်ဖော်ပြပါ အချက်များရှိပါက အသက်ရှင်သန်နိုင်မှုကာလ ပိုမိုတိုတောင်းနိုင်သည်။
- စကားပြောခြင်းနှင့် အစာမျိုခြင်းဆိုင်ရာ ပြဿနာရှိခြင်း
- ကိုယ်အလေးချိန်ကျခြင်း
- အသက်ရှူလုပ်ငန်း အားနည်းခြင်း
- အသက်အရွယ်ကြီးခြင်း
- ALS အမျိုးအစားတွင် ကြွက်သားများ၏ လုပ်ဆောင်နိုင်စွမ်းရမှတ် နိမ့်ကျခြင်း
- ရောဂါလက္ခဏာ စတင်ပေါ်ပေါက်ချိန်မှ ရောဂါရှာဖွေတွေ့ရှိချိန်အထိ အချိန်ကာလ တိုတောင်းခြင်းတို့ ဖြစ်ကြသည်။
ကာကွယ်ခြင်း
MND ရောဂါကို ကာကွယ်၍ ရနိုင်သော နည်းလမ်းများ ယနေ့ထိ မရှိသေးပါ။
References:
- Cleveland Clinic. (n.d.). Motor neuron disease (MND). Retrieved October 25, 2025, from https://my.clevelandclinic.org/health/diseases/motor-neuron-disease-mnd
- NHS. (n.d.). Motor neurone disease. Retrieved October 25, 2025, from https://www.nhs.uk/conditions/motor-neurone-disease/
- Motor Neurone Disease Australia. (n.d.). What is motor neurone disease (MND)? Retrieved October 25, 2025, from https://www.mndaustralia.org.au/mnd-connect/what-is-mnd/what-is-motor-neurone-disease-mnd
- News-Medical. (n.d.). Motor neurone disease complications. Retrieved October 25, 2025, from https://www.news-medical.net/health/Motor-Neurone-Disease-Complications.aspx
- Oxford Medical Education. (n.d.). Motor neurone disease. Retrieved October 25, 2025, from https://oxfordmedicaleducation.com/neurology/motor-neurone-disease/
- Patient.info. (n.d.). Motor neurone disease (MND) – Neurology. Retrieved October 25, 2025, from https://patient.info/doctor/neurology/motor-neurone-disease-pro
Published: 23 December 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
