တိုနာ (Koro syndrome) သည် မြန်မာနိုင်ငံအပါအဝင် အရှေ့အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် အတွေ့ရများသည့် ရိုးရာယုံကြည်မှုနှင့်ဆက်စပ်သည့် လိင်ပိုင်းဆိုင်ရာစိုးရိမ်စိတ်လွန်ကဲသည့်ရောဂါ (Culture-bound psychosexual disorder) တစ်မျိုးဖြစ်သည်။ တိုနာခံစားရသည့်လူနာသည် ခန္ဓာကိုယ်အတွင်းသို့ မိမိ၏ လိင်အင်္ဂါတိုဝင်သွားပြီး လိင်အင်္ဂါပျောက်သွားပါက အသက်သေဆုံးသွားလိမ့်မည်ဟု ထင်မြင်မှတ်မှားလာပြီး စိုးရိမ်စိတ်လွန်ကဲလာခြင်းဖြစ်သည်။ အမျိုးသားများတွင် အတွေ့ရများသည်။ တစ်ခါတစ်ရံ လူအမြောက်အများတစ်ပြိုင်နက် တိုနာ ခံစားရသည့် အဖြစ်အပျက်မျိုးပင် ကြုံတွေ့ရသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်း
တိုနာရောဂါဖြစ်ပွါးရသည့် အကြောင်းရင်းကို တိတိကျကျမသိရှိပါ။ သို့သော် လိင်မှုဆိုင်ရာ ကျန်းမာရေးနှင့် မျိုးပွားအင်္ဂါဆိုင်ရာ သိပ္ပံနည်းကျ အချက်အလက်များကို လေ့လာမှတ်သားခွင့် မရကြသည့် လူမှုအဖွဲ့အစည်းရှိ လူငယ်များတွင် တိုနာရောဂါကို ပိုမိုတွေ့ရသည်။ အထူးသဖြင့်၊ အောက်ပါအခြေအနေများနှင့်တွဲ၍ တိုနာကို တွေ့ရှိရသည်။
- လိင်မှုဆိုင်ရာ ကောလာဟလများ ကြားသိနေခြင်း
- စိုးရိမ်စိတ်လွန်ကဲခြင်း၊ စိတ်ကျခြင်းနှင့် စိတ်မမှန်ခြင်း စသည့် အခြားသော စိတ်ရောဂါများ ရှိနေခြင်း
- လိင်အင်္ဂါတိုသည်၊ သေးသည်ဟု မိမိကိုယ်ကို ယူဆခြင်း သို့မဟုတ် လိင်အင်္ဂါပုံပျက်နေခြင်း
- ကလေးရရန်ခက်ခဲခြင်း သို့မဟုတ် အခြားရောဂါတစ်ခုခုကြောင့် လိင်အင်္ဂါနာကျင်နေခြင်း စသည်တို့ဖြစ်သည်။
အမျိုးသမီးများတွင် ရှားရှားပါးပါး နို့သီးခေါင်း တိုဝင်သည် သို့မဟုတ် လိင်အင်္ဂါကျုံ့ဝင်သွားသည်ဟု ထင်မှတ်မှားခြင်းလည်း ရှိတတ်သည်။
ရောဂါလက္ခဏာများ
လူနာသည် မိမိ လိင်အင်္ဂါကိုကြည့်ရင်း တိုဝင်သွားသည်ဟု ရုတ်တရက် ခံစားရလာပြီး စိုးရိမ်စိတ်မြင့်တက်လာသည်။ လိင်တံပျောက်ဆုံးသွားပါက မိမိအသက်ပါ သေဆုံးမည်ဟု ထင်မှတ်မှားပြီး စိုးရိမ်စိတ်ပိုမိုပြင်းထန်လာသည်။ ဤစိုးရိမ်စိတ်လွန်ကဲခြင်းနှင့်အတူ အောက်ပါ ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ ခံစားရတတ်သည်။
- အသက်ရှူမြန်လာခြင်း၊ လေရှူမရဟု ခံစားရခြင်း
- ရင်တုန်ခြင်း၊ တလှပ်လှပ်ဖြစ်ခြင်း
- ခေါင်းမူးလာခြင်း၊ မျက်လုံးပြာလာခြင်း
ထိုသို့ဖြစ်ခြင်းသည် နာရီပိုင်းမှ တစ်ခါတစ်ရံ (၂) ရက်ခန့်အထိ ကြာနိုင်ပြီး လူနာသည် ရုပ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုများ (ဥပမာ – မိမိကိုယ်တိုင် သို့မဟုတ် အခြားသူက လိင်အင်္ဂါကို ဆွဲကိုင်ထားခြင်း) ကို ပြုလုပ်၍ တိုဝင်ခြင်းမှ ကာကွယ်ရန် ကြိုးပမ်းတတ်သည်။
နောက်ဆက်တွဲပြဿနာများ
တိုနာရောဂါသည် အသက်အန္တရာယ်မပေးသော်လည်း ခံစားရသူ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Self-confidence) နှင့် လူမှုဘဝ (Social life) ကို ပြင်းထန်စွာ ထိခိုက်စေသည်။ အဓိက နောက်ဆက်တွဲ ပြဿနာများမှာ_
ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများ (Physical Injury)
အချို့လူများတွင် မိမိ လိင်တံကျုံ့ဝင်သွားမည်ကို အလွန်ကြောက်ရွံ၍ ဆွဲထုတ်ခြင်း၊ ကြိုးဖြင့်ချည်ထားခြင်း သို့မဟုတ် အခြားသော ကိရိယာများဖြင့် ညှပ်ထားခြင်းတို့ ပြုလုပ်ကြသည်။ ဤသို့သော ပြုမူမှုများမှတစ်ဆင့် လိင်အင်္ဂါကို ထိခိုက်ဒဏ်ရာရစေခြင်း၊ ရောင်ရမ်းနာကျင်ခြင်း သို့မဟုတ် သွေးလည်ပတ်မှု ပြတ်တောက်ခြင်းစသည့် ပြင်းထန်သော ပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။
စိတ်ကျန်းမာရေး ထိခိုက်ခြင်း (Mental Health Issues)
နာတာရှည် တိုနာခံစားရသည့်လူနာများတွင် ၎င်းတို့၏ အတွေးသည် လူနာကို အမြဲနှောက်ယှက်နေပြီး အခြားသူများကို ဖွင့်ပြောရန် ရှက်ရွံ့နေခြင်းကြောင့် စိတ်ဖိစီးမှုများလာသည်။ ၎င်းဖိစီးမှုများသည် နောက်ဆက်တွဲအနေဖြင့် စိတ်ကျဝေဒနာ (Depression)၊ စိုးရိမ်စိတ်လွန်ကဲသည့်ရောဂါများ သို့မဟုတ် အခြားသော စိတ်ရောဂါများ ဖြစ်ပွါးလာနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
တိုနာခံစားရသည်ဟု လူနာမှ ထင်မြင်ပါက မိမိ၏ မိသားစုဆရာဝန်ကို ရှက်ကြောက်စရာမလိုဘဲ တိုင်ပင်နိုင်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည်များကို စမ်းသပ်စစ်ဆေးပြီး ကုသပေးလိမ့်မည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်သည် ရောဂါဖြစ်စဉ်ရာဇဝင်ကို လူနာထံမှ နားထောင်ပြီး လူနာ၏ လိင်အင်္ဂါအပါအဝင် မျိုးပွားစနစ်ကို စမ်းသပ်လိမ့်မည်။ တိုနာရောဂါဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ ပျက်ယွင်းမှုမဟုတ်ဘဲ စိုးရိမ်စိတ်လွန်ကဲသည့် ထင်မှတ်မှားမှု (Delusional anxiety) ဖြစ်သည်။ ဆရာဝန်မှ ရုပ်ပိုင်းဆိုင်ရာ ရောဂါ (Physical disorder) မဟုတ်ကြောင်း သေချာသည့်အခါတွင် တိုနာရောဂါဖြစ်ကြောင်းကို အတည်ပြုလိမ့်မည်။
ကုသခြင်း
- မှားယွင်းသည့် ကုထုံးများ ရှောင်ကြဉ်ခြင်း
- အရပ်ထဲတွင် မှားယွင်းမှတ်သားထားကြသော နည်းဖြစ်သည့် တိုနာရောဂါကို ကုသရန် အမျိုးသမီးဆီးခုံမွှေးကို မီးရှို့၍ လူနာမှရှူခြင်းသည် အကျိုးတစ်စုံတစ်ရာမရှိပါ
- ဆေးဝါးကုထုံး
- စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုဖြစ်သည့်အတွက် ဆရာဝန်မှ စိတ်ငြိမ်ဆေးများ (Anxiolytics) ဖြင့် စိုးရိမ်စိတ်ကို ထိန်းချုပ်ရန် ကုသပေးလိမ့်မည်
- ပညာပေးဆွေးနွေးခြင်းနှင့် စိတ်ကုထုံး
- ထို့အပြင် လူနာအား မျိုးပွားအင်္ဂါဆိုင်ရာ သိပ္ပံနည်းကျ ပညာပေးဆွေးနွေးခြင်း (Sex Education) ကို စနစ်တကျ လုပ်ဆောင်လိမ့်မည်
မိသားစုဆရာဝန် (Family doctor) အနေနှင့် ပျောက်ကင်းသက်သာစေရန် ကုသရခက်ခဲသူများ၊ သို့မဟုတ် စိတ်ရောဂါရှိသူများကို စိတ်ကျန်းမာရေးအထူးကုဆရာဝန်များ (Psychiatrists) နှင့် ဆက်လက်ကုသမှုခံယူနိုင်ရန် လွှဲပြောင်းပေးလိမ့်မည်။
ကာကွယ်ခြင်း
တိုနာရောဂါကို ကာကွယ်ရန် သီးသန့်ဆေးဝါး သို့မဟုတ် နည်းလမ်းမရှိပါ။ သို့သော် မျိုးပွားအင်္ဂါဆိုင်ရာ သိပ္ပံနည်းကျ ပညာပေးမျှဝေခြင်းသည် ကောင်းမွန်သော သင်ကြားမှုဖြစ်ပြီး လူငယ်များကြားတွင် ပျံ့နှံ့နေသော လိင်မှုဆိုင်ရာ ကောလာဟလများနှင့် ယုံတမ်းစကားများကို ချေဖျက်ပေးနိုင်သဖြင့် တိုနာရောဂါဖြစ်ပွားမှုကို လျော့နည်းစေနိုင်သည်ဟု ယူဆသည်။
References:
- Strong, Y. N. (2023). Koro syndrome: Epidemiology, psychiatric and physical risk factors, clinical presentation, diagnosis, and treatment options. Health Psychology Research. https://doi.org/10.47626/1983-822X-2023-14175-PMC9946797
- Psychology Today. (n.d.). Koro. Retrieved November 8, 2025, from https://www.psychologytoday.com/us/basics/koro
- Cohen, S., Tennenbaum, S. Y., Teitelbaum, A., & Durst, R. (1995). The Koro (genital retraction) syndrome and its association with infertility: A case report. The Journal of Urology, 153(2), 427–428. https://doi.org/10.1097/00005392-199502000-00044
Published: 3 December 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
