Lumbar Disc Herniation (Prolapsed Intervertebral Disc) (ခါးရိုးဆစ်အရိုးနုပြား ကျွံထွက်ခြင်း)

Lumbar Disc Herniation (Prolapsed Intervertebral Disc) (ခါးရိုးဆစ်အရိုးနုပြား ကျွံထွက်ခြင်း)

“ခါးရိုးဆစ် အရိုးနုပြား ကျွံထွက်ခြင်း” (Lumbar disc herniation) သည် အများအားဖြင့် “Prolapsed Intervertebral Disc” (PID) ဟူသော အမည်ဖြင့် လူသိများသည်။ အမှန်မှာ PID သည် အရိုးနုပြား ကျွံထွက်ခြင်း (Disc Herniation) ၏ အစောပိုင်းအဆင့်တစ်ခုသာဖြစ်သည်။ ၎င်းသည် ကျောရိုးမတစ်လျှောက် ဖြစ်ပွားနိုင်သော်လည်း ခါးရိုးဆစ် (Lumbar Vertebrae) များတွင် အဖြစ်များဆုံးဖြစ်သည်။ ထို့ကြောင့် ဆေးပညာအရ ယင်းရောဂါအခြေအနေကို “Lumbar Disc Herniation” (LDH) ဟု တိတိကျကျ ခေါ်ဆိုသည်။

Lumbar Disc Herniation ဆိုသည်မှာ ခါးရိုးဆစ်များအကြားရှိ ကူရှင်သဖွယ် အရိုးနုပြား (Disc) ၏ အတွင်းပိုင်း ဂျယ်လီဝတ်ဆံ (Nucleus Pulposus) သည် အပြင်ဘက်အကွင်း (Annulus Fibrosus) ကို ဖောက်ထွက်ကာ အာရုံကြောလမ်းကြောင်းထဲသို့ တိုးထွက်လာခြင်းဖြစ်သည်။ ၎င်းကျွံထွက်လာသော အစိတ်အပိုင်းသည် ကပ်လျက်ရှိသော အာရုံကြောများကို ဖိမိစေခြင်းကြောင့် နာကျင်ခြင်း၊ ထုံကျင်ခြင်းနှင့် ကြွက်သားအားနည်းခြင်း စသည့် ပြင်းထန်သော လက္ခဏာများကို ဖြစ်ပေါ်စေနိုင်သည့် ရောဂါအခြေအနေ ဖြစ်သည်။ အများစုမှာ သူ့အလိုလို သက်သာလေ့ရှိသော်လည်း ပြင်းထန်ပါက ဆေးကုသမှုနှင့် ခွဲစိတ်မှုပါ လိုအပ်နိုင်သည်။

ခါးရိုးဆစ်အရိုးနုပြားဖွဲ့စည်းပုံနှင့် ပျက်စီးခြင်း

ခါးရိုးဆစ် တစ်ခုနှင့်တစ်ခုကြားတွင် ကူရှင်သဖွယ်လုပ်ဆောင်သော အရိုးနုပြား (Disc) သည် ပျော့ပျောင်းသော ဂျယ်လီသဏ္ဌာန်ဝတ်ဆံ (Nucleus Pulposus) နှင့် ၎င်းကို ဝန်းရံထားသည့် အပြင်ကွင်း (Annulus Fibrosus) တို့ဖြင့် ဖွဲ့စည်းထားသည်။

အသက်အရွယ်ကြီးသောကြောင့်ဖြစ်စေ၊ ခါးရိုးပေါ်သို့ ဒဏ်ဖြစ်စေသော အပြုအမူများ ထပ်ခါထပ်ခါ ပြုလုပ်လျှင်ဖြစ်စေ အရိုးနုပြား၏ အလယ်ဗဟိုတွင် ရေဓာတ်ခန်းခြောက်လာကာ အရိုးနုပြား၏ နှုတ်ခမ်းသားသည် ကျုံ့နိုင်ဆန့်နိုင်သော စွမ်းအားလျော့နည်းလာပြီး ဒဏ်ဖြစ်လာသည်။

အရိုးနုပြား၏အလယ်ဗဟိုမှ Nucleus Pulposus သည် အားနည်းနေသော အပြင်ကွင်း Annulus Fibrosus အတွင်းသို့ တိုးဝင်သဖြင့် အာရုံကြောလမ်းကြောင်းအတွင်း အရိုးနုပြားသည် ဖောင်းတင်းလာသည်။ အပြင်ကွင်း စုတ်ပြဲသွားပါက ဆက်လက်တိုးထွက်လာသော အရိုးနုပြား၏ အလယ်ဗဟိုဝတ်ဆံနှင့် စုတ်ပြဲနေသော အပြင်ကွင်းသည် ကပ်လျက်ရှိသော အာရုံ​ကြောများကို ပိမိစေနိုင်သည်။ ပိမိသည့် ပြင်းထန်မှုနှင့် အာရုံကြောတည်နေရာအတိုင်း အဆိုပါအာရုံကြောမှ ထိန်းချုပ်ထောက်ပံ့သည့် ခန္ဓာကိုယ်အစိတ်အပိုင်းတွင် နာကျင်ခြင်း၊ ထုံကျဉ်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ ဆီးနှင့်ဝမ်း မထိန်းနိုင်ခြင်းတို့ကို ခံစားရမည်။

ခါးရိုးဆစ်အရိုးနုပြား ကျွံထွက်ခြင်း ပြင်းထန်မှုအဆင့်ကို အောက်ပါအတိုင်းခွဲခြားနိုင်သည်။

  1. အရိုးနုပြားဖေါင်းတင်းခြင်း(Disc Bulging) _ အပြင်ကွင်းလျော့ရဲရဲဖြစ်လာသော်လည်း စုတ်ပြဲခြင်းမရှိသေးပေ
  2. အရိုးနုပြားဖေါင်းထွက်ခြင်း(Disc prolapse/ PID) _ အပြင်ကွင်း အနည်းငယ် စုတ်ပြဲပြီး အရိုးနုပြား၏ အလယ်ဗဟိုဝတ်ဆံသည် အပြင်ဘက်သို့ တိုးထွက်လာသည်
  3. အရိုးနုပြားအပြင်ထွက်ခြင်း (Disc extrusion) _ အပြင်ကွင်း လုံးဝစုတ်ပြဲပြီး အလယ်ဗဟိုဝတ်ဆံသည် အပြင်ဘက်သို့ ရောက်ရှိလာသည်
  4. အရိုးနုပြားပြုတ်ထွက်ခြင်း (Disc sequestration)_ အရိုးနုပြား၏ အလယ်ဗဟို ဝတ်ဆံသည် မူလနေရာမှ ပြုတ်ထွက်ပြီး အာရုံကြောလမ်းကြောင်းအတွင်း ရောက်ရှိသွားခြင်းဖြစ်သည်

ခါးရိုးဆစ် အရိုးနုပြား ကျွံထွက်ခြင်းသည် အာရုံကြောလမ်းကြောင်း၏ အလယ်တည့်တည့်သို့ ကျွံထွက်ခြင်း (Central Herniation) ဖြစ်ပါက၊ ခါးရိုးမကြီးအောက်ခြေရှိ အာရုံကြောအစု (Cauda Equina) ကို ပြင်းထန်စွာ ဖိမိနိုင်ပြီး Cauda Equina Syndrome (CES) ရောဂါစု ဖြစ်ပွါးနိုင်သည်။ Cauda Equina Syndrome (CES) သည် ဆီးအိမ်နှင့် အူလမ်းကြောင်း လုပ်ငန်းဆောင်တာများကို ထိန်းချုပ်သည့် အာရုံကြောများ ပိမိသောကြောင့် ဖြစ်သော အရေးပေါ်အခြေအနေဖြစ်သည်။ ၎င်း၏ အဓိကလက္ခဏာများမှာ ဆီးနှင့်ဝမ်း မထိန်းနိုင်ခြင်း၊ တင်ပါးဝန်းကျင် ထုံကျင်ခြင်း နှင့် ခြေထောက်အားနည်းခြင်းတို့ဖြစ်ပြီး၊ အမြဲတမ်း အာရုံကြောပျက်စီးမှု မဖြစ်စေရန် ချက်ချင်း ခွဲစိတ်ကုသမှု လိုအပ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ခါးရိုးဆစ်အရိုးနုပြား ကျွံထွက်ခြင်း ဖြစ်စေသော အကြောင်းရင်းများမှာ_

  • အသက်အရွယ်ကြီးရင့်လာခြင်း
  • ခါးကုန်းခြင်း၊ ခါးလှည့်ခြင်းအပြုအမူများ ထပ်ခါထပ်ခါပြုလုပ်မှုများ
  • လေးလံသည့် အရာဝတ္ထုများကို နည်းစနစ်မမှန်ကန်ဘဲ မခြင်း
  • အမြင့်မှပြုတ်ကျခြင်းကဲ့သို့ ထိခိုက်ဒဏ်ရာရခြင်း စသည်တို့ဖြစ်သည်။
ဖြစ်ပွါးနိုင်ခြေများသူများ

အသက် (၃၀-၅၀) နှစ်အတွင်း ခါးရိုးဆစ် အရိုးနုပြားကျွံခြင်း အဖြစ်များလေ့ရှိသည်။ အမျိုးသားများသည် အမျိုးသမီးများထက် နှစ်ဆခန့် ဖြစ်နိုင်ခြေပိုမိုများနိုင်သည်။ မိသားစုမျိုးရိုးထဲတွင် ခါးရိုးဆစ်အရိုးနုပြား ကျွံခြင်း ခံစားရသူများရှိပါက ပိုမိုဖြစ်နိုင်ခြေရှိသည်။

  • ဆေးလိပ်သောက်သုံးသူများ
  • ပုံစံတစ်ခုတည်းတွင် အချိန်ကြာမြင့်စွာထိုင်ခြင်း
  • ကိုယ်အလေးချိန်များသူများနှင့် အဝလွန်သူများ
  • တွယ်ဆက်တစ်ရှူးဆိုင်ရာရောဂါ (Connective tissue disorder) ခံစားနေသူတို့တွင် ဖြစ်နိုင်ခြေပိုများသည်။
ရောဂါလက္ခဏာများ

ခါးရိုးဆစ်အရိုးနုပြား ကျွံထွက်ခြင်းတွင် ပြင်းထန်မှုအဆင့်ပေါ် မူတည်၍ အောက်ပါ ခါးကြောညှပ် ခြေထောက်ထုံကျဉ်နာကျင်ခြင်း (Sciatica) ဝေဒနာများကို ခံစားရသည်။

  • အာရုံကြောပိမိမှု၊ ထိခိုက်မှု အနည်းအများပေါ် မူတည်ပြီး သာမန် သို့မဟုတ် အပြင်းအထန် နာကျင်မှု၊ ထုံကျဉ်မှုအထိ ဖြစ်နိုင်သည်
  • အာရုံကြောထိခိုက်သည့်နေရာပေါ် မူတည်ပြီး ထုံကျဉ်နာကျင်ခြင်းသည် ခါးရိုးနေရာ၊ တင်ပါး၊ ပေါင်နှင့် ခြေသလုံး စသည်ဖြင့် နေရာကွဲပြားစွာ ခံစားရနိုင်သည်
  • ချောင်းဆိုးခြင်းနှင့် နှာချေခြင်းတို့ကြောင့် နာကျင်မှု ပိုဆိုးစေသည်
  • ပက်လက်အိပ်၍ ခြေထောက်ကို ဒူးဆန့်ပြီး တစ်ဖြောင့်တည်းထားကာ အပေါ်မြှောက်ကြည့်ပါက နာကျင်မှုခံစားရနိုင်သည်
နောက်ဆက်တွဲပြဿနာများ

ခါးရိုးဆစ် အရိုးနုပြား ကျွံထွက်ခြင်းကို အချိန်မီ မကုသပါက သို့မဟုတ် ပြင်းထန်ပါက အောက်ပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပွါးနိုင်သည်။

  • အာရုံကြောစု ပိမိခြင်း (Cauda Equina Syndrome)
    • ဆီး၊ ဝမ်း မထိန်းနိုင်ခြင်း သို့မဟုတ် ဆီးမသွားနိုင်ခြင်း
    • ပေါင်ခြံအတွင်းပိုင်းနှင့် တင်ပါးပတ်လည်တွင် ထုံကျဉ်ခြင်း (Saddle Anesthesia)
    • တချို့ပြင်းထန်လူနာများတွင် ခြေထောက်ကြွက်သားများ အားနည်းခြင်းတို့ ပါဝင်သည်
  • နာတာရှည် အာရုံကြော နာကျင်မှုခံစားရခြင်း (Chronic Neuropathic Pain)
    • အရိုးနုပြား ကျွံထွက်ခြင်း ပြန်ကောင်းသွားပြီးနောက်တွင်ပင် နာတာရှည် အာရုံကြောရောင်ရမ်းမှု သို့မဟုတ် အာရုံကြောပျက်စီးမှုကြောင့် ဆက်လက်နာကျင်နေတတ်သည်
  • ခါးရိုးဆစ် အရိုးနုပြား ထပ်မံ ကျွံထွက်ခြင်း (Recurrent Disc Herniation)
    • ခွဲစိတ်ကုသပြီးနောက် သို့မဟုတ် ပြန်ကောင်းသွားပြီးနောက် မူလနေရာ၌ ပြန်လည်ဖြစ်ပွားနိုင်ခြေ (၅-၁၅) ရာခိုင်နှုန်းခန့် ရှိသည်
  • ခါးဆစ်ရိုး မတည်ငြိမ်ခြင်း (Spinal Instability)
    • ထပ်ခါထပ်ခါ အရိုးနုပြား ကျွံထွက်ခြင်းကြောင့် အရိုးနုပြား ပျက်စီးခြင်း ပြင်းထန်လာကာ ခါးဆစ်ရိုး မတည်ငြိမ်ခြင်း ဖြစ်နိုင်ပြီး လှုပ်ရှားသွားလာမှု ခက်ခဲခြင်းတို့ ကြုံတွေ့နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

အရေးပေါ်ပြသရန်

စအိုဝ ထုံခြင်း၊ ဆီးနှင့် ဝမ်း မထိန်းနိုင်ခြင်းတို့ ခံစားရပါက အရေးပေါ် ခွဲစိတ်ကုသမှု လိုအပ်နိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီ ပြသကုသမှု ခံယူရန် လိုအပ်သည်။

ရောဂါရှာဖွေခြင်း

ခါးရိုးဆစ် အရိုးနုပြား ကျွံထွက်ခြင်းကို ရောဂါရှာဖွေရာတွင် လူနာ၏ ရောဂါရာဇဝင်ကို မေးမြန်းပြီး ပိုမိုတိကျစွာ သိရှိနိုင်ရန်၊ အရိုးနုပြား၏ အနေအထားကို စစ်ဆေးရန်နှင့် အခြားရောဂါများ တွဲဖက်ရှိနေခြင်းကို ဆန်းစစ်ရန် အောက်ပါ စမ်းသပ်စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နိုင်သည်။

  1. ပုံရိပ်ဖော်စစ်ဆေးမှုများ (Imaging Tests)
    • ခါးရိုးဓာတ်မှန်ရိုက်ခြင်း (X−ray Lumbar spine) – ကျောရိုးဆစ်များ၏ အရိုးဖွဲ့စည်းပုံ အခြေအနေကို စစ်ဆေးသည်
    • ခါးရိုးကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT Scan) – ကျောရိုးဆစ်အခြေအနေကို ရှုထောင့်အမျိုးမျိုးမှ ပိုမိုအသေးစိတ် စစ်ဆေးသည်
    • ခါးရိုးသံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) – ဤစစ်ဆေးမှုသည် အလွန်အရေးကြီးပြီး ကျောရိုးဆစ်ကြားရှိ အရိုးနုပြား ကျွံထွက်မှု အနေအထား၊ အရိုးနုပျက်စီးမှုနှင့် အာရုံကြောများ ပိမိမှု အခြေအနေကို အတိအကျ သိရှိနိုင်သည်
  2. ဓာတ်ခွဲခန်းစစ်ဆေးမှုများ (Laboratory Tests)
    • သွေးစစ်ဆေးခြင်း (CP,ESR,CRP) – ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှု သို့မဟုတ် ကူးစက်ပိုးဝင်မှု ရှိမရှိ စစ်ဆေးခြင်းဖြင့် အခြားရောဂါပြဿနာများ မရှိကြောင်း သက်သေပြနိုင်သည်
  3. အာရုံကြောနှင့် ကြွက်သားဆိုင်ရာ စစ်ဆေးမှုများ
    • အာရုံကြောစမ်းသပ်ခြင်း (Nerve Conduction Velocity Studies) – အာရုံကြောများအတွင်း လျှပ်စစ်စီးဆင်းမှုနှုန်းကို တိုင်းတာခြင်းဖြင့် အာရုံကြောထိခိုက်မှုကို ဆုံးဖြတ်သည်
    • ကြွက်သားအခြေအနေစစ်ဆေးခြင်း (Electromyography – EMG) – အာရုံကြော ထိခိုက်မှုကြောင့် ကြွက်သားများ၏ တုံ့ပြန်ပုံနှင့် လုပ်ဆောင်ပုံကို စစ်ဆေးခြင်းဖြစ်သည်။

ဤစစ်ဆေးမှုများ၏ ရလဒ်များအပေါ် မူတည်၍ ဆရာဝန်မှ အသင့်တော်ဆုံး ကုသမှုနည်းလမ်းကို ရွေးချယ်ပေးမည်ဖြစ်သည်။

ကုသခြင်း

ခါးရိုးဆစ် အရိုးနုပြား ကျွံထွက်ခြင်း ခံစားရသူ အများစုမှာ အချိန်ကာလတစ်ခုအတွင်း သက်သာပျောက်ကင်းသွားလေ့ရှိသည်။ နာကျင်မှု ပြင်းထန်ပါက (၁-၃) ရက်ခန့် အနားယူရန် လိုအပ်သော်လည်း၊ ကာလကြာရှည် အိပ်ရာထဲ အနားယူခြင်းကိုမူ မပြုလုပ်သင့်ပေ။

  1. မိမိကိုယ်တိုင် ကုသမှုနည်းလမ်း (Self-Care)
    သာမန် နာကျင်ထုံကျဉ်မှု ခံစားရပါက မိမိကိုယ်တိုင် ပြုလုပ်နိုင်သော ကုသမှုနည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
    • အပူ/အအေး ကပ်ခြင်း
      • နာကျင်မှုခံစားရသည့်နေရာကို ပထမရက်များအတွင်း ရေခဲကပ်ပါ၊ တစ်ကြိမ်လျှင် မိနစ် (၂၀) ကြာ တစ်နေ့ (၄-၅) ကြိမ် ကပ်ပါက ရောင်ရမ်းမှု လျော့ကျကာ နာကျင်မှု သက်သာစေနိုင်သည်
      • ရက်အနည်းငယ်ကြာပြီးနောက် နာကျင်သည့်နေရာအား ရေနွေးအိတ်ကပ်ခြင်းကို တစ်ကြိမ်လျှင် မိနစ် (၂၀) ခန့် ပြုလုပ်နိုင်သည် (သို့မဟုတ်) နာကျင်မှုသက်သာခြင်းအပေါ်မူတည်၍ ရေခဲကပ်ခြင်းနှင့် ရေနွေးအိတ်ကပ်ခြင်းများကို တစ်လှည့်စီ ဆောင်ရွက်နိုင်သည်
    • ဆေးဝါးသုံးစွဲခြင်း – ရောင်ရမ်းနာကျင်မှု သက်သာစေရန် အကိုက်အခဲပျောက်ဆေးဝါးများ (NSAID) ကို ဆရာဝန်ညွှန်ကြားချက်များအတိုင်း သောက်သုံးနိုင်သည်
    • လေ့ကျင့်ခန်းများ – တတ်ကျွမ်းနားလည်သူများ၏ အကူအညီဖြင့် အကြောလျှော့လေ့ကျင့်ခန်းများ၊ ကြွက်သားပိုမိုသန်မာစေမည့် လေ့ကျင့်ခန်းများ ပြုလုပ်နိုင်သည်
      မိမိကိုယ်တိုင်ကုသခြင်းဖြင့် ရက်သတ္တပတ် အနည်းငယ်အတွင်း သက်သာမှု မရှိပါက ဆေးရုံ၊ ဆေးခန်းများသို့ ပြသသင့်သည်။
  2. မခွဲစိတ်ဘဲ ကုသသည့်နည်းလမ်း (Non-Surgical Treatments)
    • ဆေးဝါးဖြင့်ကုသခြင်း
      • အကိုက်အခဲပျောက်ဆေးများ၊ ကြွက်သားပျော့ဆေးများ အသုံးပြုနိုင်သည်
      • ရောဂါကြာမြင့်မှု၊ အာရုံကြောနာကျင်မှုအပေါ် မူတည်ပြီး အာရုံကြောအားဆေးများစိတ်ကျရောဂါပျောက်ဆေးများ (အာရုံကြောနာကျင်မှုကို သက်သာစေရန်) အသုံးပြုနိုင်သည်။
    • ကာယကုထုံး (Physiotherapy) – လေ့ကျင့်ခန်းကုထုံးများ၊ ကြွက်သားသန်မာရေး ကုထုံးများဖြင့် ကုသသည်
    • ခါးရိုးအတွင်းသို့ ဆေးထိုးခြင်း (Injection) – ခါးရိုးဆစ်ကြားရှိ ရောင်နေသော အာရုံကြောတစ်ဝိုက်သို့ စတီးရွိုက်ဆေးကို ထိုးခြင်းဖြင့် နာကျင်မှုကို ထိရောက်စွာ သက်သာစေနိုင်သည်
  3. ခွဲစိတ်ကုသသည့်နည်းလမ်း (Surgical Treatments)
    ခါးရိုးဆစ် အရိုးနုပြားကျွံထွက်ခြင်း ခံစားနေရသူများအနက် (၁၀) ရာခိုင်နှုန်းခန့်သာ ခွဲစိတ်ကုသမှု လိုအပ်လေ့ရှိသည်။
    • အဓိကရည်ရွယ်ချက် _ အာရုံကြောအပေါ်သို့ ပိမိနေသည့် ကျွံထွက်နေသော အရိုးနုပြားကို ဖယ်ရှားခြင်းဖြင့် ဖိအားလျော့နည်းစေကာ ရောဂါလက္ခဏာ ခံစားရမှုကို သက်သာစေသည်
    • အရေးပေါ်ခွဲစိတ်မှု _ ဆီးနှင့်ဝမ်း မထိန်းနိုင်သည့် အာရုံကြောစု ဖိမိခြင်း (Cauda Equina Syndrome) ကဲ့သို့သော အခြေအနေများတွင် အရေးပေါ် ခွဲစိတ်မှု လိုအပ်သည်

အများဆုံး အသုံးပြုသည့် ခွဲစိတ်နည်းများ

  • ခါးရိုးဆစ် အရိုးနုပြား ခွဲစိတ်ဖယ်ထုတ်ခြင်း (Discectomy)
  • ပုံမှန်ခွဲစိတ်လမ်းကြောင်းပေးကာ ခွဲစိတ်မှု (Open Surgery)
  • ခွဲစိတ်ဒဏ်ရာ အသေးလေးများပေးကာ မိုက်ခရိုစကုပ်နှင့် မှန်ပြောင်းများ အသုံးပြုခွဲစိတ်မှု (Minimally Invasive Surgery) ဟူ၍ နည်းလမ်း (၂) မျိုးရှိသည်

အခြားခွဲစိတ်ကုသသည့်နည်းလမ်းများ

  • ခါးရိုးဆစ် အရိုးနုပြား အစားထိုးထည့်သွင်းခြင်း (Disc Replacement)
  • ခါးရိုးတစ်ခုနှင့်တစ်ခု ပူးဆက်၍ တည့်မတ်စေရန် ခွဲစိတ်ခြင်း (Spinal Fusion) တို့ဖြစ်သည်။
ကာကွယ်ခြင်း

ကျောရိုးဆစ် အရိုးနုပြား ကျွံထွက်ခြင်းကို အမြဲတမ်းကာကွယ်မှု မပြုလုပ်နိုင်သော်လည်း အောက်ပါ လူနေမှုပုံစံနှင့် အလေ့အကျင့်များကို လိုက်နာခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်သည်။

  • မှန်ကန်သည့် ပစ္စည်း ‘မ’ သည့် နည်းလမ်းကို အသုံးပြုခြင်း
    အလေးအပင်များကို ကုန်း၍ မခြင်းထက် ဒူးကွေးပြီး ခါးကို တည့်တည့်ထား၍ မခြင်း (အလေးကို ခန္ဓာကိုယ်နှင့် နီးကပ်စွာထားပါ)။
  • သင့်တော်သည့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
    ကိုယ်အလေးချိန် ပိုများခြင်းသည် ခါးရိုးဆစ်များပေါ်သို့ ဖိအားပိုဖြစ်စေသည်။
  • ပုံစံမှန်သည့် ကိုယ်ဟန်အနေအထားဖြင့် ပြုမူနေထိုင်ခြင်း
    ထိုင်သည့်အခါ၊ မတ်တပ်ရပ်သည့်အခါနှင့် အိပ်စက်သည့်အခါ ခါးရိုးတည့်မတ်မှုကို ဂရုစိုက်ပါ။
  • ပုံမှန် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်း
    • ကျောနှင့် ဝမ်းဗိုက်ကြွက်သားများကို သန်မာစေပြီး ကျောရိုးအား အထောက်အကူပြုနိုင်သည့် လေ့ကျင့်ခန်းများကို အာရုံစိုက်လုပ်သင့်သည်
    • တာရှည်ထိုင်သည့် အချိန်များတွင် ခဏတာ မတ်တပ်ရပ်ခြင်း သို့မဟုတ် ကျောရိုးကြွက်သား ဆန့်ထုတ်သည့် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း
  • ဒေါက်မြင့်ဖိနပ်စီးခြင်းကို ရှောင်ကျဉ်ခြင်း
    • ဒေါက်မြင့်ဖိနပ်များသည် ခန္ဓာကိုယ်အလေးချိန်ကို မညီမညာဖြစ်စေပြီး ခါးရိုးပေါ် ဖိအားတိုးစေသည်။
  • ဆေးလိပ်ဖြတ်ခြင်း
    • ဆေးလိပ်သောက်ခြင်းသည် အရိုးနုပြားများသို့ အာဟာရနှင့် အောက်ဆီဂျင် ရောက်ရှိမှုကို လျော့နည်းစေကာ ပျက်စီးနိုင်ခြေကို မြင့်တက်စေသည်

References:

  1. Cleveland Clinic. (n.d.). Herniated disk. Retrieved November 19, 2025, from https://my.clevelandclinic.org/health/diseases/12768-herniated-disk
  2. Mayo Clinic. (n.d.). Herniated disk: Symptoms and causes. Retrieved November 19, 2025, from https://www.mayoclinic.org/diseases-conditions/herniated-disk/symptoms-causes/syc-20354095
  3. WebMD. (n.d.). Treatments for herniated disk. Retrieved November 19, 2025, from https://www.webmd.com/pain-management/treatments-for-herniated-disk

Published: 3 December 2025

Share

3 December 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Oesophageal varices (အစာရေမျိုပြွန် သွေးကြောထုံးများ)
Jan 29, 2026
Diseases and Conditions

Oesophageal varices (အစာရေမျိုပြွန် သွေးကြောထုံးများ)

အစာရေမျိုပြွန် သွေးကြောထုံးခြင်းသည် အသည်းခြောက်ခြင်း၏ ပြင်းထန်သော...

Carpal Tunnel Syndrome (လက်ကောက်ဝတ်၌ အာရုံကြောပိခြင်း)
Jan 29, 2026
Diseases and Conditions

Carpal Tunnel Syndrome (လက်ကောက်ဝတ်၌ အာရုံကြောပိခြင်း)

လက်ကောက်ဝတ်အတွင်းရှိ အာရုံကြောသွားရာလမ်းကြောင်းအတွင်း...

Sensitive Teeth (သွားကျဥ်ခြင်း)
Jan 28, 2026
Diseases and Conditions

Sensitive Teeth (သွားကျဥ်ခြင်း)

သွားကျဥ်ခြင်းဝေဒနာသည် သွား၏အကာအကွယ် ကြွေလွှာ ပါးလွှာခြင်းကြောင့်...